Friday, August 4, 2017

မိန်းမ မာယာ

ရှေးသရောအခါ တက္ကသိုလ်ဆရာကြီးမှာ တပည့်တစ်ယောက်ရှိလေသည်။
ထိုတပည့်၏မိန်းမသည် အခြားယောက်ကျားနှင့် ဖောက်ပြားလေ့ရှိ၏။
ထိုဖောက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏။
မဖောက်ပြားသောနေ့၌ကား ကျွန်ကဲ့သို့သဘောထား၍ စော်စော်ကားကားပြုလေ့ရှိ၏။
ထိုကဲ့သို့ ထူးခြားသောအမူအယာကို နားမလည်၍
စိတ်ရှုပ်လာသောတပည့်က မိမိဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ
ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံသဘောကို အမှန်အတိုင်းပြောပြလေသည်။

မှတ်ချက်
ဤ၀တ္ထုလာမိန်းမသည် အခြားယောက်ကျားနှင့်ဖောက်ပြားသောနေ့ဝယ်
မိမိအပြစ်ကို ကွယ်ကာလိုသောကြောင့်
ခင်ပွန်းအပေါ်မှာ များစွာ ကြင်နာဟန်ဆောင်လေသည်။
ထိုကြင်နာ ဟန်ဆောင်မှုသည် ဤမာယာပင်တည်း။

ဤမာယာကို တချို့အရာ၌ တင်္ခဏုပ္ပတ္တိဥာဏ် - ရုတ်တရက်အကြံကောင်းသောဥာဏ်
ဟုလည်း ခေါ်ရပြန်သည်။
(တင်္ခဏ - ထိုခဏ၌၊ ဥပ္ပတ္တိ၊ ဖြစ်ပေါ်လာသောဥာဏ်၊
ဥာဏ်ဆိုသော်လည်း ဥာဏ်အစစ်မဟုတ်၊ ဥာဏ်အတုသာဖြစ်သည်။
ဥာဏ်အစစ်ကား ကောင်းသောအရာ၌သာ ဖြစ်သည်။
 
(ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှ)

Tuesday, August 1, 2017

ဥပေက္ခာ


ဥပေက္ခာဟူသောပါဠိစကားမှာ
သဒ္ဒါနက်အားဖြင့်“သင့်တင့်အောင် ရှုခြင်း” ဟူ၍ မြန်မာပြန်ဆိုရ၏။

သင့်တင့်အောင် ရှုခြင်းဟူသည်
ဆင်းရဲမှု ချမ်းသာမှု နှစ်ပါး ကွဲပြားရာမှာ
မည်သည့်ဖက်သို့မျှ တဖက်သတ်မလိုက်ပါပဲ
ဆင်းရဲမှုနှင့်လည်း သင့်တင့်၊ ချမ်းသာမှုနှင့်လည်း သင့်တင့်လေအောင်
ရှုခြင်းဟု ဆိုလိုသည်။

ဤကဲ့သို့ ရှုခြင်းကိုပင် ရှေးပညာရှိကြီးများက
“လျစ်လျှူရှုခြင်း” ဟူ၍ မြန်မာပြန်ဆိုခဲ့ကြသည်။

ဤပညာရှိတို့၏ စကားအဓိပ္ပါယ်ကို ကောင်းစွာ မစဉ်းစားမိက
“လျစ်လျှူရှုခြင်း ဟူသည် အာရုံမပြု ဂရုမစိုက်ပဲ စွန့်ပစ်ထားလိုက်ခြင်းပင် ဖြစ်သည်” ဟု
မှတ်ထင်ပြောဆိုမိတတ်ကြ၏။

ဤသို့ အာရုံမပြုပဲ စွန့်ပစ်ထားခြင်းကို ဥပေက္ခာခေါ်သည် မဟုတ်။
ဥပေက္ခာဟူသည် အာရုံပြုရမည်သာ ဖြစ်၏။

သို့ရာတွင်
ဆင်းရဲမှု အာရုံနှင့် တွေ့လျှင် တစ်မျိုး၊ ချမ်းသာမှုအာရုံနှင့်တွေ့လျှင် တစ်မျိုး
ဤကဲ့သို့ ထူးထွေကွဲလွဲခြင်း မရှိ၊
သာမညအားဖြင့် တစားတည်းထား၍
ရှုမြင်ဆင်ခြင်ခြင်းသာ ဖြစ်၏။

မဟာဗုဒ္ဓ၀င် ပထမတွဲ၊ [ကျီ]