Tuesday, July 25, 2017

ကွမ်း

မြန်မာလူမျိုးတွေ ကွမ်းအတော်စားကြတယ်။
ဟိုတလောက အသိဒကာတစ်ယောက်နဲ့ အညာဘက် ဇာတိမြေကို သွားဖြစ်တယ်။
ဒကာက ကားလည်းမောင်း၊ ကပ္ပိယလည်း လုပ်ပေါ့။
ဒကာက ကားမောင်းရင်း ကွမ်းအတော်ဝါးတယ်။
ရန်ကုန် မန္တလေးအမြန်လမ်းမပေါ်မှာ
ကွမ်းဝါးရင်း ကားတံခါးကိုဖွင့်၊ ကွမ်းထွေးတွေ ထွေးထုတ်နေလို့
ပြောဆိုဆုံးမဖြစ်ခဲ့တယ်။
“ကွမ်းထွေးတွေကို အဲ့လိုတွေ့ကရာနေရာမှာ မထွေးသင့်ဘူးဒကာကြီး” လို့ပြောတော့
“ဒီနားမှာဘယ်သူမှ မရှိပါဘူး။ ဘယ်သူမှ မမြင်ပါဘူးဦးဇင်းရဲ့”
“ဘယ်သူမှ မရှိရှိ၊ ဘယ်သူမှ မမြင်မြင်၊ လမ်းပေါ်မှာ ကွမ်းထွေးမထွေးရဘူးဒကာကြီးရဲ့၊
လမ်းလည်း ညစ်ပတ်တယ်၊ ကားကို အရှိန်နဲ့ မောင်းနေတော့
ကားတံခါးဖွင့်ပြီး ကွမ်းထွေးထွေးတာ အန္တရာယ်လည်းများတယ်မို့လား” လို့ရှင်းပြတော့
“အော်၊ ဟုတ်သားပဲ၊ မှန်လှပါဘုရား၊ ဆင်ခြင်ပါမည်ဘုရား” လို့ ပြန်လည်လျှောက်ကြားပါတယ်။

အချို့ကွမ်းစားသူတွေ ရန်ကုန်မြို့လယ် လမ်းတွေပေါ်မှာ
ကွမ်းထွေးတွေ ထွေးထားတာ ပေပွနေတာပဲ။
ဘတ်စ်ကားပေါ်ကလူက ထွေးချတာလည်း မြင်ဘူးတယ်။
တက္ကစီသမားတွေ ထွေးချတာလည်း မြင်ဘူးတယ်။
ကားကောင်းကြီးတွေ စီးနေတဲ့လူတွေ ထွေးချတာလည်း မြင်ဘူးတယ်။
အချို့လူတွေ ကားပေါ်မှာ ကွမ်းဝါးပြီး ကွမ်းတံတွေးတွေကို
ပလပ်စတစ်အိတ်လေးတွေ ဗူးလေးတွေထဲ ထွေးထည့်ကာ
ကွမ်းတံတွေးထုတ် ကွမ်းတံတွေးဗူးလေးတွေကို
ကြုံတဲ့နေရာ လမ်းပေါ်ကို ပစ်ချလိုက်တာကိုလည်း တွေ့ဘူးပါတယ်။

ဒီလိုလုပ်တာ ကောင်းသလား မကောင်းဘူးလား ဆိုတာ သိနိုင်စွမ်း မရှိကြတော့ဘူးလား။
သိသိနဲ့ လုပ်နေကြတာလား။
ဒါမျိုးတွေ မဖြစ်အောင် ဘယ်လိုပညာပေးသင့်သလဲ။
ဘယ်လိုမျိုး အခြေခံပညာရေးစနစ်တွေ ရှိနေသင့်သလဲ။
ဒီလိုမျိုးတွေ ဖြစ်နေတာဟာ (အနည်းနဲ့အများ) နိုင်ငံနဲ့ လူမျိုး ပုံရိပ်ကို ထိခိုက်ပါတယ်။
ဟိုတလောက သြစတြေးလျနိုင်ငံသားတစ်ယောက် ကျောင်းလာတုန်းက
ကွမ်းစားတဲ့သူ ကွမ်းစားပြီး စည်းမဲ့ကမ်းမဲ့ ကွမ်းထွေးထွေးတဲ့သူ
မြန်မာပြည်မှာ သိပ်များတာပဲလို့ ပြောပြပြီး သူ ဒီကို တက္ကစီနဲ့လာရမှာ
ကွမ်းမစားတဲ့သူမောင်းတဲ့ တက္ကစီကို ရွေးငှားလာကြောင်း ပြောပါတယ်။
သူတို့လို နိုင်ငံခြားသားတွေက ဒီလို ကွမ်းစားတဲ့သူတွေကို ဆက်ဆံခြင်းဖြင့်
ကွမ်းစားတဲ့ဦးရေ လျော့ပါးလာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆက်ရှင်းပြပါတယ်။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေပါ ဒီလို လိုက်လုပ်နိုင်ရင် ပိုအဆင်ပြေမယ်လို့ ပြန်ပြောဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ ကွမ်းစားတာဟာ ကွမ်းစားသူရဲ့ သွား ပါးစပ်တွေကို ညစ်ပတ်စေပြီး
ကွမ်းထွေးတွေကို တွေ့ရာနေရာမှာ ထွေးထုတ်တာဟာ ပတ်ဝန်းကျင်ကို ညစ်ပတ်စေပါတယ်။
ကိုယ်ထွေးတဲ့တံတွေးကို ကိုယ်ကိုယ်တိုင်လည်း ပြန်မကြည့်ချင်ပါဘူး။
ကိုယ်ကိုယ်တိုင်မကြည့်ချင်တဲ့ ကိုယ့်တံတွေးကို သူများက ဘယ်ကြည့်ချင်ပါ့မလဲဆိုတဲ့
အခြေခံအသိ အခြေခံကိုယ်ချင်းစာနာစိတ်နဲ့ ကွမ်းတံတွေးတွေကို
တွေ့ရာ ကြုံရာမှာ ထွေးမထုတ်သင့်ပါဘူး။

မလေးရှားနိုင်ငံကို သွားပြီး အလုပ်သွားလုပ်နေတဲ့ မြန်မာဒကာလေးတွေ ပြောပြချက်အရ
မြန်မာတွေ ကွမ်းစားပြီး စည်းကမ်းမဲ့ ထွေးထုတ်ထားတဲ့ ကွမ်းတံတွေးတွေကြောင့်
မြန်မာလူမျိုးတွေ အိမ်ငှားရတာတောင် အခက်တွေ့နေပြီတဲ့။
အိမ်ရှင်တွေက မြန်မာဆိုရင် အိမ်မငှားချင်တော့ဘူးတဲ့။
မြန်မာတွေကို အခန်းငှားလိုက်ရင် အိမ်ငှားတင်လိုက်ရင်
အဲ့ဒီအိမ်ရဲ့ အတက်အဆင်းလှေခါးတွေရဲ့ ဒေါင့်တွေမှာ ကွမ်းတံထွေးတွေနဲ့ ညစ်ပတ်လွန်းလို့တဲ့။
သန့်ရှင်းနေတဲ့ လှေခါးဒေါင့်တွေမှာ ကွမ်းတံထွေးမထွေးသင့်ဘူးဆိုတဲ့
အသိဥာဏ်တော့ ရှိသင့်ပါတယ်။