Friday, July 21, 2017
လူဆိုတာ
ပါဠိစာပေမှာ မနုဿဆိုတဲ့ပုဒ်ရှိတယ်။
မြန်မာလိုတော့ “လူ”
မနုဿကို လူလို့ဘာသာပြန်တာက ဆင့်ပွါးအနက်အဓိပ္ပါယ်ဖြစ်ပါတယ်။
မနုဿ ဆိုတဲ့ပုဒ်ဟာ မန နဲ့ ဥဿ နှစ်လုံးပေါင်းစပ်ထားတဲ့ပုဒ်ပါ၊
မန ဆိုတာ စိတ် ဖြစ်ပြီး
ဥဿဆိုတာ မြှင့်တင်ပေးတတ်တာ။
ဒါ့ကြောင့် မနနဲ့ ဥဿ နှစ်ပုဒ်ပေါင်းထားတဲ့ မနုဿဆိုတဲ့ပါဠိပုဒ်ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က
“စိတ်ကိုမြှင့်တင်ပေးတတ်တဲ့သူ” ဖြစ်တယ်။
မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်အရဆိုရင်
သက်ရှိသတ္တ၀ါမည်သူမဆို
တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက်
မိမိရဲ့ စိတ်ကို မြင့်သထက်မြင့်အောင် မြှင့်တင်ပေးတတ်တဲ့သူကို မနုဿ = လူလို့ခေါ်ရမှာပါ။
စိတ်ကိုမြှင့်တင်ပေးတတ်တာလဲ လူသားကပဲ စိတ်ကို မြှင့်တင်ပေးတတ်တာ။
တိရိစ္ဆာန်တွေက သူတို့စိတ်ကို အဆင့်မှီအောင် မြှင့်တင် မပေးတတ်ကြပါဘူး။
ဒါ့ကြောင့် တိရိစ္ဆာန်တွေမှာ ဘာသာတရားမရှိဘူး။
ခရစ်ယာန်ဘာသာဝင်အိမ်က ခွေးတစ်ကောင်ကို
ဗုဒ္ဓဘာသာဝင်တစ်ယောက်က ၀ယ်ယူမွေးမြူပြီး
ဗုဒ္ဓဘာသာဝင်အိမ်မှာထားပေမဲ့ ဗုဒ္ဓဘာသာခွေးဖြစ်မလာပါဘူး။
အရင်ကတည်းက ခွေးမှာ ဘာသာတရားလက်ခံနိုင်လောက်အောင်
အတွေးအခေါ်အသိဥာဏ်မရှိခဲ့လို့ပါ။
ခွေးဟာ သူ့စိတ်ကို လူတွေလို အဆင့်မှီအောင် မတွေးခေါ်တတ်ပါဘူး။ မမြှင့်တင်တတ်ပါဘူး။
ဒါ့ကြောင့် သူတို့ဟာ မနုဿ = လူမဟုတ်ကြဘူး။
မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်အရ
မိမိစိတ်ကို အဆင့်အတန်းမြင့်အောင်မြှင့်တင်တတ်မှ လူဆိုရင်
လူဖြစ်လာတဲ့တချို့လူတွေ
အသက်နှစ်ဆယ်အရွယ်တုန်းကလည်း ဒီအတိုင်းပဲ။
အသက်လေးဆယ်အရွယ်တုန်းကလည်း ဒီအတိုင်းပဲ။
အသက်ခြောက်ဆယ်အရွယ်မှာလည်း ဒီအတိုင်းပဲဆိုရင်
သူတို့ကို မနုဿ = လူလို့ခေါ်လို့ရပါ့မလား။
အချို့အသက်ကြီးလာသူတွေ ငယ်စဉ်အခါကထက်
စိတ်အဆင့်အတန်းပိုနိမ့်ကျလာတယ်ဆိုရင်
သူတို့ကို မနုဿ - လူလို့ ခေါ်ဆိုနိုင်ပါ့မလား။
လောကကြီးမှာ ကိုယ့်အဆင့်အတန်း တစ်ဆင့်ထက်တစ်ဆင့်
မြင့်သထက်မြင့်အောင် ကြိုးစားနေကြတဲ့သူတွေ တပုံတပင်ကြီးပါပဲ။
သို့သော်လည်း လူဆိုတာ အကောင်းနဲ့အဆိုး၊ အတော်နဲ့အညံ့ ဒွန်တွဲနေတာပါ၊
အဆိုးသမားတွေက အကောင်းသမားတွေဖြစ်လာအောင်၊
အညံ့သမားတွေက အတော်သမားတွေဖြစ်လာအောင် လုပ်ရမှာက
လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ။
ဒီမွေးရာပါတာဝန်ကို ပျက်ကွက်ရင်
လူ့စာရင်းသွင်းဘို့ လူ့အဖွဲ့အစည်းထဲနေထိုင်ခွင့်ပြုဘို့ ခက်သွားပါပြီ။
ဗုဒ္ဓဘာသာစာပေထဲမှာဆိုရင်
ရှင်ဒေ၀ဒတ်ကြီးတို့လို အထက်တန်းကျတဲ့ ရဟန်းဘ၀ကို ရောက်လင့်ကစား
အဆင့်အတန်းအင်မတန်နိမ့်ကျတဲ့ သူ့အတွေးအခေါ်တွေကို
အကောင်အထည်ဖော်ခဲ့လို့
သူ့ကို ရဟန်းအဖွဲ့အစည်းထဲက မောင်းထုတ်ခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။
သူ့ကြောင့် မြတ်ဗုဒ္ဓသာသနာ အမဲစက်ထင်ခဲ့ရပါတယ်။
အခြားတဖက်မှာတော့
တကယ့်စိတ်ဓာတ်ရေးရာ အဆင့်အတန်းမြင့်မားတဲ့
ရှင်အာနန္ဒာကြီးတို့လိုပုဂ္ဂိုလ်ထူးကြီးတွေရှိနေတော့
မြတ်ဗုဒ္ဓသာသနာ ဂုဏ်တက်ရပြန်ပါတယ်၊
 မြတ်စွာဘုရားက သူ့တပည့်ရဟန်းတော်တွေကို
အဆင့်အတန်းသတ်မှတ်ရာမှာ
ရှင်အာနန္ဒာကို
ဗဟုဿုတအရှိဆုံးပုဂ္ဂိုလ်
မြတ်စွာဘုရားစကားတော်ကို ကြာကြာဆောင်ထားနိုင်တဲ့ သတိအရှိဆုံးပုဂ္ဂိုလ်
မြတ်စွာဘုရားဟောသည့်အတိုင်း သိစွမ်းနိုင်သည့်ပုဂ္ဂိုလ်
မြတ်စွာဘုရားစကားတော်ကို သင်အံလေ့ကျက်ခြင်းနဲ့
မြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးတဲ့နေရာမှာ ၀ီရိယအရှိဆုံးပုဂ္ဂိုလ်လို့
မိန့်ကြားခဲ့ဘူးတယ်။
ရှင်အာနန္ဒာနဲ့ပတ်သက်ပြီး သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခု ရှိသေးတယ်။
(Dr. K Sri Dhammananda ၏ VCD Dhamma talk တစ်ခုက
မနုဿ အဖွင့်ကို နားထောင်ရင်း စဉ်းစားကြည့်တာ)
Tuesday, July 18, 2017
အနေကဇာတင်တယ်ဆိုတာ (၄)
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေက ဘုရားရုပ်တုတစ်ဆူဝယ်ပြီးရင်ဖြစ်စေ၊
စေတီအသစ်တစ်ဆူတည်ပြီးရင်ဖြစ်စေ အနေကဇာတင်ပွဲကျင်းပလေ့ရှိပြီး
တခြားဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ သီဟိုဠ်လို့ခေါ်တဲ့ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ ဒီလိုမျိုးအနေကဇာတင်ပွဲ ပြုလုပ်တဲ့အစဉ်အလာကို မတွေ့ခဲ့ရဘူးလို့ ပြောခဲ့ပြီးပါပြီ။
နားလည်ထားရမှာက ရုပ်ပွါးတော် ဆင်းတုတော်ကို အနေကဇာတင်ပွဲ မပြုလုပ်လည်း
ကိုးကွယ်လို့ရတယ်၊ ပူဇော်လို့ရတယ်ဆိုတာပါ။
အနေကဇာတင်ပွဲ ပြုလုပ်ပြီးမှ ကိုးကွယ်ရမယ်ဆိုတဲ့ အစဉ်အလာ
မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲ စွဲ မနေသင့်ပါဘူး။
ဒီလို ရုပ်ပွါးဆင်းတုတော်တွေကို ကိုးကွယ်လို့
အခြားဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေကို
“ခင်ဗျားတို့တတွေက ရုပ်တုကိုးကွယ်ကြတာပဲ၊
ဗုဒ္ဓဘာသာဟာ ရုပ်တုကိုးကွယ်တဲ့ဘာသာပဲ”
လို့ ပြောဆိုကြပါတယ်။
တကယ်တော့ ရုပ်တုကို ကိုးကွယ်တာမဟုတ်ပါဘူး။
ဒီရုပ်တုကို ကြည့်ပြီး လွန်ခဲ့တဲ့ ဟိုး.. နှစ်ပေါင်း ၂၅၀၀ ကျော်က
ပွင့်ထွန်းပေါ်ပေါက်ခဲ့တဲ့ သက်ရှိထင်ရှား ဘုရားရှင်ကို ပြန်လည် သတိရစေဘို့ပါ။
ဘုရားရှင်ကို ပြန်လည်သတိရပြီး ဘုရားရှင်ရဲ့ ကိုယ်ကျိုးမဖက် အများအကျိုးအတွက်
ပြုမူဆောင်ရွက်ခဲ့တာတွေကို အားကျဘို့ပါ။
ဘုရားရှင်ရဲ့ ရုပ်ပွါးတော်ကို ကြည့်ပြီး ဘုရားရှင်ရဲ့ ဂုဏ်သိက္ခာတွေ
ဂုဏ်ကျေးဇူးတွေကို လွယ်လင့်တကူ ပြန်လည်အမှတ်ရစေဘို့ပါ။
ဘုရားရှင် ပြောပြဟောပြခဲ့လို့ ကောင်းတာ၊ မကောင်းတာတွေကို
တိတိပပသိရှိလာရတယ်၊ အနိမ့်အဆုံးအဆင့် ငါးပါးသီလ အကျိုးအပြစ်တွေကို
သိပြီး ကျင့်သုံးခွင့်ရလာတယ်၊
ဒီလို သိခွင့်ရလာပြီး ကျင့်သုံးခွင့်ရရှိခဲ့လို့ ဘုရားရှင်ကို ကျေးဇူးတင်တဲ့အနေနဲ့
ကိုးကွယ်ဆည်းကပ်ရမှာပါ။ ကိုးကွယ်ဆည်းကပ်နေတာပါ။
ဒီရုပ်ပွါးတော် ဆင်းတုတော်ကို အိမ်မှာ မထားဘဲ
မိမိရဲ့နှလုံးသားက ဘုရားရှင်ကို ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို လွယ်လင်တကူ
ပြန်လည်အမှတ်ရ အာရုံပြနိုင်တယ်ဆိုရင်
ဘုရားရှင်ရဲ့ ရုပ်ပွါးတော်ကို အိမ်မှာ ထားစရာ မလိုတော့ပါဘူး။
ဒါ့ကြောင့်ဘုရားရှင်ရဲ့ ရုပ်တုတော်တွေကို ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ
ချမ်းသာချင်လို့၊ ကျန်းမာချင်လို့၊ လိုအင်ဆန္ဒပြည့်ဝချင်လို့၊
ကျူးလွန်ထားတဲ့အပြစ်ပြေပျောက်ချင်လို့ ကိုးကွယ်တာမဟုတ်ပဲနဲ့
လူသားတွေအကျိုးအတွက် ဖြည့်ဆည်းခဲ့တဲ့ပါရမီ၊
မနားတမ်းဟောကြားလမ်းညွှန်ခဲ့တဲ့ငြိမ်းချမ်းရေးအကျင့်တရားတော်တွေကြောင့်
ကျေးဇူးတင်လွန်းလို့ ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်ဆည်းကပ်တာပါ။
ခက်တာက
မြန်မာဗုဒ္ဓဘာသာဝင်အချို့က ဘုရားရှင်ရဲ့ ရုပ်ပွါးတော်တွေကို
ပုံစံအမျိုးမျိုးထုပြီး နာမည်အမျိုးမျိုးပေးနေတာပါ။
ဘုရားရှင် ရုပ်တုတော်ပုံနှင့်ပတ်သက်ပြီး ထုလုပ်ရမည့်ပုံ (၉) မျိုးရှိတယ်လို့
မှတ်သားဘူးပါတယ်။
 ( ၁ )ဗောဓိညောင်ပင်အောက် ထိုင်နေတော်မူပုံ ၊
( ၂ ) ဓမ္မစကြာတရားဦးဟောနေတော်မူပုံ (ဓမ္မစကြာမုဒြာ)
( ၃ ) အနိမိသ၌ ရပ်တော်မူနေပုံ ( ဗျာဒိတ်ပေးနေပုံ )
( ၄ ) လက်ယာနံစောင်း လျောင်းနေတော်မူပုံ ၊
( ၅ ) မာရ်နတ်၏ အန္တရာယ်ကို ဖြေရှင်းစဉ် မြေကြီးကို ကိုင်၍သက်သေပြုနေပုံ (ဘူမိဖဿမုဒြာ)
( ၆ ) ပရိနိဗ္ဗာန်စံတော်မူပုံ ၊
( ၇ ) အာဠာရ၊ဥဒက တို. အရှုံးကြီးရှုံးလေစွ ဟု ဂရုဏာသက်ကာ
ရင်ခွင်တွင် လက်တော်တင်ထားပုံ ( မဟာဂရုဏာမုဒြာ )
(၈) ရတနာစင်္ကြန်၌ စင်္ကြန်လျှောက်တော်မူပုံ
(၉) ညီတော် အာနန္ဒာအား လက်သန်းဖြင်.မြေမှုန့်များကို ကောက်ယူပြတော်မူပုံတို့ဖြစ်ပါတယ်။
မြန်မာပြည်မှာ ထုလုပ်ကိုးကွယ်နေတဲ့ ရုပ်ပွါးတော်တွေနဲ့ပတ်သက်ပြီး
ဒက္ခိဏသာခါရုပ်ပွါးတော်ကတော့ ကြည့်ရတာ အဆင်မပြေပါဘူး။
ကြည်ညိုဖွယ်မဖြစ်ပါဘူး။
ဒက္ခိဏသာခါရုပ်ပွါးဆင်းတုတော် စတာတွေနဲ့ပတ်သက်ပြီး
ရေစကြိုအရှင်ဧသိက က ဒီလို တင်ပြခဲ့ပါတယ်။
မြန်မာပြည်၌ ဒက္ခိဏသာခါ ရုပ်ပွားတော် ကိုးကွယ်မှုလည်း ခေတ်စားလှသည်။ ဤရုပ်ပွားတော်နှင့် ပတ်သက်၍လည်း ဖြစ်ရပ်ဇာတ်လမ်းများ ထွေးယှက်နေသည်။
ဒက္ခိဏသာခါဆိုသည်မှာ မြန်မာဘာသာဖြင့် တောင်အကိုင်း ဟူ၍ အဓိပ္ပာယ် ရသည်။ ဘီစီ ၃-ရာစုတွင် ရှင်မဟိန္ဒနှင့် သင်္ဃမိတ္တာ ထေရီမယ်တို့သည် သီဟိုဠ်သို့ သာသနာပြု ကြွခဲ့ကြသည်။
သီဟိုဠ်ကျွန်းသားတို့ ကိုးကွယ်ရန် မဟာဗောဓိပင်မှ လက်ယာတောင်ကိုင်းကို ဖြတ်ယူ၍ သီဟိုဠ်ကျွန်း၌ စိုက်ပျိုးခဲ့၏။ ထိုဗောဓိပင်မှ အသားတို့ကို ရုပ်ပွားထုလုပ် ကိုးကွယ်ရာမှ ဒက္ခိဏသာခါဘုရား ပေါ်ပေါက်လာသည် ဆို၏။
မြန်မာနိုင်ငံတွင် သက္ကရာဇ် ၇၈၈-ခုနှစ်၌ နန်းတက်သော မိုးညှင်းမင်းတရားလက်ထက် သီဟိုဠ်ကျွန်းမှ ဒက္ခိဏသာခါ ရုပ်ပွားတော် အဆူရေ ၃၀၀-ကျော် ရောက်ရှိလာရာ
ရဟန်းရှင်လူ မှူးမတ်ပြည်သူတို့ အမြတ်တနိုး ကိုးကွယ်ခဲ့ကြသည်။
ထိုအချိန်မှ စ၍ ဒက္ခိဏသာခါ ရုပ်ပွားတော် ကိုးကွယ်မှု ခေတ်စားလာလေသည်။
ရှေးဦးက ဒက္ခိဏသာခါ ရုပ်ပွားများမှာ အခြားရုပ်ပွားများကဲ့သို့ပင်
အချိုးအဆစ် ပြေပြစ်စွာ ထုလုပ်ခဲ့ကြသည်။
အခြားရုပ်ပွားများနှင့် ခြားနားသည်မှာ ကြာပန်းဆောင်းခြင်းသာ ထူးသည်။
ဤသို့ ကြာပန်းဆောင်းသော ဖြစ်ရပ်မှာမူ မဟာယာနဂိုဏ်းနှင့် ယှက်နွယ်နေပြန်သည်။ မဟာယာနကျမ်းတို့၌ ဤသို့ ရေးဆိုထားသည်။
ကောသလမင်းနှင့် မလ္လိကာ မိဖုရားတို့သည် ဘုရားရှင်အထံသို့ လာကြရာ
ဘုရားရှင် မရှိခိုက်နှင့် ကြုံနေ၏။ ရှင်မောဂ္ဂလာန်သည် တန်ခိုးတော်ဖြင့် လိုက်ရှာရာ
ဘုရားရှင်သည် ကြာမျိုး ၅-ပါး ဖူပွင့်နေသည့် အနောတတ္တ အိုင်ထဲ၌
 ကြာပွင့်ကြီးတစ်ခုပေါ်မှာ ဈန်ဝင်စားနေ၏။
အိုင်စောင့်နတ်ကြီး ၉-ဦးတို့ကလည်း
ဘုရားရှင်ကို ကြာပွင့်ထီး တစ်လက်စီဖြင့် ဆောင်းမိုးပေးထားကြသည်။
ဤဖြစ်စဉ်ကို တွေ့မြင်လာခဲ့ရသဖြင့် ရှင်မောဂ္ဂလာန်သည်
ကောသလနှင့် မလ္လိကာမိဖုရားတို့အား ပြန်လည် ပြောပြ၏။
မင်းနှင့် မိဖုရားတို့သည် ဘုရားရှင် စံမြန်းနေပုံကို စိတ်ကူးဖြင့် ကြည်ညိုသွားကြသည်။ ဤပုံသဏ္ဌာန်မျိုးကို ရုပ်တုပြုလုပ်၍ ကိုးကွယ်လိုကြောင်း
ရှင်မောဂ္ဂလာန်အား လျှောက်ထားကြသည်။
ခွင့်ပြုချက် ရသဖြင့် မင်းနှင့် မိဖုရားတို့သည် ကြာပန်းဆောင်း ရုပ်ပွားကို
ကိုးကွယ်ခဲ့ကြသည်ဟု ဆိုလေသည်။
ဤအဆိုအရ ဒက္ခိဏသာခါ ရုပ်ပွားများမှာ မဟာယာနတို့ အယူအဆအရ
ထုလုပ် ကိုးကွယ်ခဲ့ကြသည်ဟု ဆိုနိုင်ပြန်ပါသည်။
နောက်ပိုင်းတွင် ဒက္ခိဏသာခါ ရုပ်ပွားပုံများကို ဂိုဏ်းဆရာလုပ်သူတို့က
အမျိုးမျိုး စိတ်ကူး၍ ချဲ့ထွင် ပြုလုပ်ကြသည်။
ရုပ်ပွားတော်တွင် မှို ၉-ချက် ရိုက်ခြင်းစသော အစီအမံများကို ထည့်သွင်းထားကြသည်။ ထိုရုပ်ပွားတော်ကို ကိုးကွယ်လျှင် လာဘ်ပေါများမည်။
အရောင်းအ၀ယ် ကောင်းမည်။ ရာထူးတိုးမည်။
အန္တရာယ် ကင်းမည်။ မီးဘေးမှ လွတ်မည်။ သိဒ္ဓိပေါင်းစုံ ပြီးစီးနိုင်သည် စသည်ဖြင့်
ဂိုဏ်းဆရာတို့၏ အသုံးချခံ ရုပ်ပွားတစ်ဆူ ဖြစ်လာလေသည်။
အဆိုးရွားဆုံး ပြုလုပ်ချက်မှာ ရုပ်ပွားတော်၏ ပုံသဏ္ဌာန် ဖြစ်သည်။
ရုပ်ပွားပုံစံကို ပန်းပုမတတ်သူ ထုလုပ်သကဲ့သို့
ပုအိုင့်သော၊ လည်ကုပ်တိုသော ပုံဆိုးများကို ထုလုပ်ကြသည်။
(အမှန်စင်စစ်)
ဗုဒ္ဓဘုရားသည် လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့ဖြင့် ပြည့်စုံသူ ဖြစ်၍
အပြစ်ပြောဖွယ် မရှိ။
တင့်တယ်သော ရူပကာယတော် ရှိပါသည်။
ဤကဲ့သို့ ဆိုးရွားသော ပုံသဏ္ဌာန် ရုပ်ပွားတို့ကို ထုလုပ် ကိုးကွယ်နေကြသည်မှာ
ဘုရားရှင်၏ ကြည်ညိုမြတ်နိုးဖွယ်ရာ ရုပ်အဆင်းကို ဖျက်ဆီးထား ခြင်းပင် ဖြစ်ပါတော့သည်။
ယနေ့ မြန်မာနိုင်ငံတော်တွင် ဗုဒ္ဓရုပ်ပွားတော်များကို
ပုံစံအမျိုးမျိုး အယူအဆ အသွယ်သွယ်တို့ဖြင့် ထုလုပ် တည်ထား ကိုးကွယ်နေကြသည်။
- နှုတ်ခမ်းမွှေးတပ်သော ရုပ်ပွားများ ၊
- မျက်မှန်တပ်သော ရုပ်ပွားများ ၊
- မှဲ့တပ်သော ရုပ်ပွားများ ၊
- နဖူး၌ အဖုတပ်သော ရုပ်ပွားများ ၊
- လက်စွပ်ဝတ်သော ရုပ်ပွားများ ၊
- မြွေပတ်သော ရုပ်ပွားများ ၊
- ဆင်စီး မြင်းရံ ရုပ်ပွားများ-
စသည်ဖြင့် အမျိုးမျိုး ပြုလုပ်နေကြသည်။
အချို့ ရုပ်ပွားများမှာ မူလတင်ပျဉ်ခွေ ရုပ်ပွား၏ ဒူးနှစ်ဖက်နှင့် ပခုံးနှစ်ဖက်ပေါ်၌ မတ်ရပ်ရုပ်ပွားလေးများကို ထည့်သွင်း ထုလုပ်ထားသည်ကို တွေ့ရသည်။
ပလပ်စတစ်ဖြင့် လောင်းထားသော ရုပ်ပွားဖြစ်သည်။
ထိုရုပ်ပွားကို ကြည့်၍ ဆပ်ကပ်ပြနေသလားဟု ထင်မှားလောက်အောင်
အရုပ်ဆိုး အကျည်းတန်နေပါသည်။
အချို့ ဘုရားရင်ပြင်ပေါ်၌ လူကြိုက်များသော ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်စသော
ဘိုးတော်ဆိုသူ စိတ္တဇရုပ်ကောင်တို့ကို ပြုလုပ်ထားရာ
ဗုဒ္ဓဘာသာအတွက် ရှက်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များ ဖြစ်ပေသည်။
ယခု ဖော်ပြခဲ့သော အကြောင်းရပ်များမှာ ထေရ၀ါဒ၌ ရောနှောနေသည့် ကိုးကွယ်မှုများ ထဲမှ ထင်ရှားသော ကိုးကွယ်မှုများ ဖြစ်ပါသည်။ မထင်မရှားဖြင့် ကိုးစားနေကြသော အသေးအမွှား ကိစ္စများလည်း အမြောက်အမြား ရှိနေချေသေး၏။
Saturday, July 15, 2017
အနေကဇာတင်တယ်ဆိုတာ (၃)
တချို့ကလည်း အနေကဇာတင်ပွဲကို ဘုရားသိဒ္ဓိတင်ပွဲတဲ့။
“ဘုရားရုပ်တုကို သိဒ္ဓိမတင်ရသေးဘူး၊ သိဒ္ဓိတင်ရအုံးမယ်” စသည်ဖြင့် ပြောဆိုကြပါတယ်။
သိဒ္ဓိတင်တယ်ဆိုတာ အစွမ်းမရှိတဲ့ အစွမ်းမထက်တဲ့အရာဝတ္ထုတစ်ခုကို
အစွမ်းရှိလာအောင် အစွမ်းထက်လာအောင် ရွတ်ဖတ်မန်းမှုတ်ပေးတာလို့ နားလည်မိပါတယ်။
မိမိတို့အိမ်ကို ပင့်ဆောင်ပြီး ကိုးကွယ်မဲ့ ဗုဒ္ဓရုပ်ပွါးတော်ကို သိဒ္ဓိတင်တယ်ဆိုတော့
ဗုဒ္ဓရုပ်ပွါးတော်က အစွမ်းမရှိလို့လား၊
အစွမ်းရှိခဲ့ရင်တောင် ဘုန်းကြီးတွေ ရွတ်ဖတ်ပေးရုံနဲ့
အစွမ်းရှိလာမှာလား၊ အစွမ်းထက်လာမှာလား။
ဘုရားကို ဘုန်းကြီးကသိဒ္ဓိတင်ပေးရတယ်ဆိုတာ အတော့်ကို ကြားလို့မကောင်းတဲ့စကားပါ။
သိဒ္ဓိတင်ဆိုတဲ့ စကားလုံးအဓိပ္ပါယ်၊ အကြောင်းအရာနဲ့ပတ်သက်လို့
ရေစကြိုအရှင်ဧသိကရေးထားတာ အတော်လေးပြည့်စုံလို့
ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။
ယနေ့ မြန်မာနိုင်ငံ၌ သိဒ္ဓိတင်သော အလုပ်ကိုလည်း
လူအတော်များများ လက်ခံ ယုံကြည်နေကြ၏။
သိဒ္ဓိတင်ခြင်း ဆိုသည်မှာ
ပါဠိဘာသာ သိဒ္ဓိဟူသော ဝေါဟာရပုဒ်နှင့် မြန်မာဘာသာ တင်ဟူသော ဝေါဟာရနှစ်ခုကို ပေါင်းစပ်၍ သိဒ္ဓိတင် ဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပေသည်။
ဤတွင် သိဒ္ဓိဟူသော ပုဒ်ကို အနက်အဓိပ္ပာယ် ရှာဖွေကြည့်ပါက
အဘိဓာန်ပါဠိ၌ သိဒ္ဓိပုဒ်၏ အဖွင့်မရှိ။ ပရိယာယ်လည်း မရှိ။
သို့သော် သာဓနသဒ္ဒါဟောနိုင်သော အနက်တို့ကို ဖော်ပြရာ၌
သိဒ္ဓိပုဒ်ကို ပြီးစီးခြင်းဟူ၍ အနက်ပေးထားကြပါသည်။
မြန်မာအဘိဓာန်ကျမ်း၌
သိဒ္ဓိ = ပြီးခြင်း၊ သိဒ္ဓိတင်၊ လက်ဖွဲ့စသည်ကို အစွမ်းထက်အောင် ဆောင်ရွက်သည်။
ချီးမွမ်းသည်။ အမွှမ်းတင်သည်။ ဟု ဖွင့်ပြထားသည်။
ထို့ကြောင့် သိဒ္ဓိတင်ခြင်းဆိုသည်မှာ
စီမံဖန်တီးထားသော ပစ္စည်းကို အစွမ်းထက်အောင် ဆောင်ရွက်သော အလုပ်ကို ဆိုလိုသည်။
သိဒ္ဓိတင်သည် ဆိုရာမှာလည်း
ဟိန္ဒူ ဗြာဟ္မဏတို့ကဲ့သို့ ဂါထာမန္တန်ဖြင့် ရွတ်ဆိုခြင်းကိုပင် ဆိုလိုပါသည်။
မြန်မာတို့က မန္တန်ဖြင့် မန်းသည်ဟု ခေါ်၏။
လက်ဖွဲ့မန်း၊ ရေမန်း၊ ဆီမန်း စသည်ဖြင့် အမျိုးမျိုးသော မန်းမှုတ်မှုတို့ကို တီထွင်ပြုလုပ်ကြသည်။ ဤသို့ မန်းလိုက်သဖြင့် ရေသည် အစွမ်း ထက်သွား၏။
ဆီသည် တန်ခိုးရှိသွား၏။ လက်ဖွဲ့စသည်တို့လည်း အစွမ်းထက်သွားကာ
လိုရာသိဒ္ဓိများ ပြီးမြောက်မည်ဟု ယုံကြည်ကြသည်။
ဤကဲ့သို့သော ယုံကြည်ချက်ဖြင့် ဂါထာမန္တန်တို့ကို
ကိုယ်တိုင် ရွတ်ဖတ် သရဇ္ဈာယ်၍ သိဒ္ဓိတင် မန်းမှုတ်ကြသည်။
မိမိတို့ မလုပ်တတ်ပါက အခြား မန်းမှုတ်တတ်သူတို့ကို မန်းမှုတ်စေ၍
အစွမ်းထက်အောင် ပြုလုပ်ကြသည်။
သိဒ္ဓိတင်သည်ဆိုသော ဂါထာမန္တန်တို့မှာလည်း
သက္ကတ၊ ပါဠိ၊ မြန်မာဘာသာတို့ဖြင့် သီကုံးထားခြင်း ဖြစ်သည်။
ဂါထာမန္တန်တို့မှာ မိမိတို့ လိုအင်ဆန္ဒကို တောင်းဆိုထားသော စာများသာ ဖြစ်သည်။
ပုံစံအားဖြင့် အောက်ပါအတိုင်း ဖြစ်သည်။
မဟိဒ္ဓိကာ ဘေးရန်ကာ၍ ကမ္ဘာမပျက် အာယုဆက်၍
အသက်ကပ်လုံး တည်စေသော် ။
ခဲဖွယ်ဘောဇဉ် ချိုချဉ်ကစ မွတ်သိပ်လှသော် တောင့်တချက်ချင်း ရောက်စေသော်။
အရေးရှိလျှင် အရိပ်ဆာယာ နတ်တကာနှင့် ၀ိဇ္ဇာအပေါင်း မစေသော် ။
ဗိုလ်လူများစွာ ရန်ပြုလာလျှင် ၀ိဇ္ဇာဗလ နတ်ကစ၍ သိဒ္ဓိဆိုင်ရာ နတ်များစွာက
ညီညာဖြဖြ ၀ိုင်းအုံကြ၍ မ စ ပြုပြင် ငါ့ရုပ်သွင် မထင်ချက်ချင်း ပျောက်စေသော် ။
ဤသို့သော မန္တန်စာဖြင့် သိဒ္ဓိတင်ကြခြင်းသာ ဖြစ်ပေသည်။
ယနေ့ခေတ်တွင် သိဒ္ဓိတင်ခြင်းကို လူကြိုက်များလာသည့်အလျောက်
သိဒ္ဒိတင်ပေးသော ပုဂ္ဂိုလ်ကြီးများလည်း ပေါ်ပေါက်နေ၏။
ထိုပုဂ္ဂိုလ်များမှာ အများအားဖြင့် ဂိုဏ်းဆန်ဆန်အလုပ်ကို ပြုလုပ်နေသူများ ဖြစ်သည်။
ဂိုဏ်းပုဂ္ဂိုလ်ကြီးတို့သည် ပုတီး၊ လက်ဖွဲ့၊ ဓာတ်လုံး စသည်တို့ကို
ဥုံ အောင်းဂါထာ အဖြာဖြာတို့ဖြင့် ရွတ်ဆို၍ သိဒ္ဓိတင်ပေးကြသည်။
လူတွေကလည်း နာမည်ကြီး ဂိုဏ်းပုဂ္ဂိုလ်ကြီး က ရွတ်ဆိုပေးသမျှကို
ကွန်ပျူတာဂဏန်းစက်ကဲ့သို့ အချက်ကျမှန်မည်ဟု ဧကန်ယုံကြည်မှုဖြင့်
လက်ဝါးလှန်၍ တောင်ခံနေကြကုန်၏။
ယနေ့ခေတ်တွင် ငွေစက္ကူကိုပင် သိဒ္ဓိတင် ပေးသူများ ရှိနေသည်။
ထိုပုဂ္ဂိုလ်ကြီးက တစ်ကျပ်တန် ငွေစက္ကူကို သိဒ္ဓိတင်၍ လက်ဆောင်ပေးသည်။
ထိုငွေစက္ကူရသူမှာ အားရ၀မ်းသာဖြင့် လက်ကိုင်အိတ်ထဲ သွင်းကာ
သပ်ရပ်စွာ သိမ်းဆည်းထားလိုက်သည်။
ပြီးနောက် လက်ကိုင်အိတ် တွင်းမှ ၂၀၀ိ/- တန် ငွေစက္ကူကို ထုတ်၍ ပူဇော်ကန်တော့လိုက်သည်။ လက်တွေ့မှာမူ သိဒ္ဓိတင် ပေးသော ပုဂ္ဂိုလ်အတွက် ၁၉၉-ကျပ် အမြတ်ရသွားပြီ။ တစ်ကျပ်အရင်းဖြင့် ၁၉၉-ကျပ် မြတ်သော အလုပ်မှာ ဘယ်ဖက်စပ် ကုမ္ပဏီလုပ်ငန်းမှ မရှိချေ။
လူတို့သည် ဘ၀နှင့် ဘ၀ခံစားမှုအတွက် အာသာရမ္မက်ပြင်းစွာ လုပ်ကိုင်နေကြသည်။ အာသာရမ္မက်အတွက် ကိုးကွယ်ရာကို ရှာဖွေဆည်းကပ်နေကြသည်။
ယုံကြည်စရာကို ရှာဖွေ လက်ခံနေကြသည်။
ယုတ္တိရှိ မရှိကို အသိဥာဏ်ဖြင့် အမြင်မှန် မရနိုင်ခဲ့ကြပေ။
Friday, July 14, 2017
အနေကဇာတင်တယ်ဆိုတာ (၂)
မြန်မာပြည်ပရိယတ္တိပညာရေး လို့ခေါ်တဲ့ ဘုန်းကြီးပညာရေးမှာ
ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းလို့
အခြေခံအဆင့်မှာ သုံးတန်းရှိတယ်။
ပထမကြီးတန်းအောင်ပြီးရင်
သာသနာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဦးစီးပြီး ကျင်းပတဲ့
သာသနဓဇဓမ္မာစရိယဘွဲ့အတွက် ဓမ္မာစရိယစာမေးပွဲကို ၀င်ရောက်ဖြေဆိုခွင့်ရှိသွားပြီ။
ဒီနေရာမှာ ဘွဲ့ဆိုလို့ ပြောရအုံးမယ်။
မြန်မာပြည်က ဗုဒ္ဓဘာသာဒကာတွေ ဒကာမတွေ အတော်လေး
ဘာသာရေးဝေါဟာရတွေနဲ့ စိမ်းနေတာ တွေ့ရပါတယ်။
ဒီကိုအလည်လာတဲ့ဆရာတော်တစ်ပါးက
သူပြန်ရင် သယ်ဆောင်သွားမည့် အိပ်ကြီးမှာ
သူ့နာမည်နဲ့ လိပ်စာကပ်သွားလိုကြောင်း၊
ဒီအတွက် စာရိုက် ပရင့်ထုတ်ပေးစေလိုကြောင်း၊
ဒီလို စာရိုက်ရာမှာ သူ့နာမည်ရှေ့မှာ ဦး၊ အရှင် လို့မရေးဘဲ
ဘဒ္ဒန္တဆိုတဲ့ စာလုံးရေးပေးစေလိုကြောင်း၊
(ဥပမာ - ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တဂုဏ စသည်)
ဒီလိုဘဒ္ဒန္တစာလုံးရေးတပ်ထားရင် မြန်မာပြည်က လေဆိပ်ဝန်ထမ်းတွေအပါအ၀င်
အားလုံးက လေးစားသမှု ပိုပြုကြကြောင်း၊
ဒီဘဒ္ဒန္တဆိုတဲ့ စာလုံးကို သူတို့က ဘွဲ့ကြီးတစ်ခုလို့ ယူဆကြကြောင်း ပြောပြပါတယ်။
သူ့ဆန္ဒအတိုင်း ဆောင်ရွက်ပေးလိုက်ပါတယ်။
တကယ်တော့ ဒီဘဒ္ဒန္တဆိုတာ ဘွဲ့ထူးဂုဏ်ထူး မဟုတ်ပါဘူး။
မြန်မာလိုတော့ အရှင် လို့ အဓိပ္ပါယ်ရပါတယ်။
ရဟန်းဖြစ်ပြီးတဲ့ ဘယ်လိုဦးဇင်းမဆို သူ့တို့ရဲ့ ဘွဲ့နာမည်ရှေ့မှာ ရေးလို့ရပါတယ်။
ဒါ့ကြောင့်မို့ ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တဂုဏ ဆိုတာ
အရှင်ပညာဇောတ၊ အရှင်ဂုဏဆိုတာနဲ့ အတူတူပါဘဲ။
ဘဒ္ဒန္တဆိုတာ သီးခြားဖြေဆိုယူရတဲ့၊ ဒါမှမဟုတ် အစိုးရက သီးခြားကပ်ထားတဲ့
ဘွဲ့ထူး ဂုဏ်ထူးမဟုတ်ပါဘူး။ စကားစပ်မိလို့ ပြောဖြစ်တာပါ။
ထား။
အထက်ကပြောခဲ့တဲ့ ပထမကြီးတန်း အောင်ပြီးပြီဆိုရင်
ဓမ္မာစရိယစာမေးပွဲထက်ကြီးကျယ်တဲ့ တိပိဋကစာမေးပွဲကိုလဲ
ဒါတင်မကပါဘူး။
ရန်ကုန်၊ မန္တလေးတို့မှာရှိတဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွေမှာ
ပညာသင်ယူချင်တယ်ဆိုရင်လည်း ဒီပထမကြီးအောင်ပြီးတဲ့ ဦးဇင်း၊ ကိုရင်တွေဟာ
ဝင်ခွင့်ဖြေဆိုကာ ၀င်ခွင့်အောင်တယ်ဆိုရင် ပညာသင်ခွင့်ရပါတယ်။
ပထမကြီးတန်းအောင်မြင်ပြီးတဲ့ မိမိကတော့
မန္တလေးမှာရှိတဲ့ ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ
ဝင်ခွင့်ဝင်ရောက်ဖြေဆိုကာ ပညာသင့်ခွင့်ရပါတယ်။
ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ လေးနှစ်ပညာသင်ယူပြီး
သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့ရပါတယ်။
မဟာတန်းတက်ခွင့်ရလို့ မဟာတန်း (၂) နှစ် ဆက်တက်ဖြစ်ပါတယ်။
မဟာဘွဲ့ (M.A) အတွက် ကျမ်းပြုရမယ်ဆိုလို့ ကျမ်းကြီးကြပ်မဲ့ Supervisor နဲ့ညှိနှိုင်းရင်း
ကျမ်းခေါင်းစဉ်စောင့်ရင်း အထက်ကပြောခဲ့တဲ့
သာသနာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃမဟာနာယကတိုးပူးပေါင်းကျင်းပတဲ့
အစိုးရဓမ္မာစရိယစာမေးပွဲကို (ဘွဲ့လောဘကြီးတဲ့ မိမိလည်း အလကားမနေပဲ) ၀င်ရောက်ဖြေဆိုဖြစ်ပါတယ်။
အောင်လို့ သာသနဓဇဓမ္မာစရိယဘွဲ့ရလိုက်ပါတယ်။
ဒီအစိုးရဓမ္မာစရိယစာမေးပွဲ အောင်လိုက်တဲ့အချိန်၊ အောင်ပြီလို့ သိလိုက်တဲ့အချိန်မှာ
“ဒါမှ ဣန္ဒက ကွ” လို့ မိမိနာမည်ကို မိမိခေါ်ကာ အော်ဟစ်လိုက်ဖူးပါတယ်။
ဝမ်းသာလွန်းအားကြီးလို့ ရင်ထဲ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ အသံပါ၊ စကားပါ။
ဒါကို ဘာသာရေးအသုံးမှာ ဥဒါန်းစကားလို့ ခေါ်ပါတယ်။
ဘုရားရှင်လည်း ဘုရားဖြစ်ဖို့ ဘ၀ပေါင်းမြောက်များစွာ ကျင့်ကြံခဲ့ရပါတယ်။
နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀မှာ လောကီအာရုံ လောကီစည်းစိမ်ကို ငြီးငွေ့ပြီး
တောထွက်ပါတယ်။ တရားကျင့်ပါတယ်။
အသက် (၃၅) နှစ်အရွယ်၊ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့
မိုးသောက်ယံ အချိန်မှာ ဘုရားဖြစ်ပါတယ်။
ဒီလိုဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း သူ့နှလုံးသားထဲမှာ သူ့ရင်ထဲမှာ
ဝမ်းသာလုံးတွေ တစ်လုံးပြီး တစ်လုံးတက်လာပါတယ်။
နောက်ဆုံးမှာ ဒီဝမ်းသာလုံးတွေဟာ ဘုရားရှင်ရဲ့ ပါးစပ်တော်က
စကားလုံးအဖြစ်ထွက်လာတော့တာပါဘဲ။
ဒီဘုရားရှင်ရဲ့ ၀မ်းသာစကားလုံးတွေကတော့
“အနေကဇာတိသံသာရံ” အစချီတဲ့ ဂါထာတွေပါ။
ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း ဘုရားရှင်မြွက်ဆိုတဲ့စကားလုံးတွေဖြစ်လို့
ဘုရားရှင်ရဲ့ ပထမဦးဆုံးစကားတော် လို့ မှတ်ချက်ပြုကြပါတယ်။
ဘုရားဖြစ်ပြီး ပထမဦးဆုံးရွတ်ဆိုတဲ့ ဒီ “အနေကဇာတိသံသာရံ” ဂါထာတွေထဲက
အနေကဇာ ဆိုတဲ့ရှေ့ဆုံးစကားလေးကို ယူပြီး အနေကဇာတင်တယ် လို့ ပြောဆိုနေကြတာပါ။
မြန်မာရဟန်းတော်များက ရုပ်ပွါး၊ ဆင်းတု၊ စေတီတွေရှေ့မှာ ထိုင်ကာ
အရင်ပြောခဲ့တဲ့အစီအစဉ်အတိုင်း အနေကဇာတင်တယ် ဆိုပြီး ပြုမူနေကြတာပါ။
ဘုရားရှင်ကတော့ ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း (အသက်ရှင်ဆဲဆိုတော့)
သူကိုယ်တိုင် ရွတ်ဆိုနိုင်တာပေါ့။
အခုဘုရားရှင်က မရှိတော့ ရုပ်ပွါးတော်၊ ဆင်းတုတော်၊ စေတီတော်တွေကို ကိုးကွယ်ရတာ။
ဒါတွေက သက်မဲ့တွေ (အသစ်တွေ - သစ်သားစသည်မှ ဘုရားဖြစ်လာတာတွေ) ဆိုတော့
ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်းရွတ်ဆိုတဲ့
ဥဒါန်းဂါထာတွေ (၀မ်းသာစကားတွေ) ကို
သက်ရှိထင်ရှား ဘုရားရှင်ကိုယ်စား ဘုန်းကြီးတွေက ရွတ်ဆိုပေးရတဲ့သဘောပဲ။
ဒါကိုပဲ အနေကဇာတင်တယ်လို့ ခေါ်နေကြတာပဲ။
ဘုန်းကြီးတွေက သစ်သားရုပ်တုစတာတွေကို ဘုရားရှင်ကိုယ်စား ရွတ်ဆိုပေးတာနဲ့
ဘုရားဖြစ်သွားရောလား။ ဒီလိုတော့လဲ မဟုတ်ပါဘူး။
ဒီရုပ်တုကို ကိုးကွယ်မယ်ဆိုတာသိအောင် အထိမ်းအမှတ်ပြုလိုက်တဲ့ပွဲပါဘဲ။
အမှန်စင်စစ်၊ ဒီရုပ်တုကို ကိုးကွယ်တာတော့လဲ မဟုတ်သေးပါဘူး။
ဆက်ရန်....
Thursday, July 13, 2017
အနေကဇာတင်ပွဲ (၁)
ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြန်မာဒကာကြီးတစ်ဦးက
ကဆုန်လပြည့်နေ့မှာ သူ့အိမ်မှာ
အရုဏ်ဆွမ်းဘုဉ်းပေးဘို့ ပင့်လျှောက်လာပါတယ်။
ဆွမ်းပင့်ကပ်ရခြင်းရည်ရွယ်ချက်က
 မြန်မာပြည်က လူကြုံနဲ့မှာလိုက်တဲ့
ဘုရားရှင်ရဲ့ ရုပ်ပွါးဆင်းတုတော်ရောက်လာလို့
အဲ့ဒီရုပ်ပွါးဆင်းတုတော်ကို
ကဆုန်လပြည့်နေ့လို နေ့ထူးနေ့မြတ်မှာ အနေကဇာတင်ပွဲကျင်းပမှာဖြစ်လို့ပါတဲ့။
အနေကဇာတင်ပွဲဆိုမှ အနေကဇာတင်ပွဲနဲ့ပတ်သက်ပြီး
အတွေးနယ်ချဲ့မိတယ်။
အတွေ့အကြုံအရ ပြောရရင် အနေကဇာတင်ပွဲကို
နံနက်စောစောအရုဏ်ဆွမ်းမစားမီ အချိန်မှာ ကျင်းပလေ့ရှိပါတယ်။
မိမိတို့နေအိမ်မှာ ပင့်ဆောင်ကိုးကွယ်ထားတဲ့ ရုပ်ပွါးဆင်းတုတော်ကို
ဘုရားစင်မှာ ဘုရားရှင်သီတင်းသုံးရာနေရာမှာ သပ်သပ်ယပ်ယပ်ထားရှိကြပါတယ်။
ဘုရားအနေကဇာမတင်မီ
ဆွမ်း ခဲဖွယ် ဘောဇဉ် ရေချမ်း ပန်း နံ့သာ ဆီမီး ထီး တံခွန်ကုက္ကား
မုလေးပွား စသည်တို့ကို လှူဒါန်းပူဇော်ထားလေ့ရှိပါတယ်။
ယင်းနောက် မိမိတို့နီးစပ်ရာကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ်တွေကို
ပင့်ဆောင်လေ့ရှိပါတယ်။
အနေကဇာတင်ဘို့ ကြွရောက်လာကြတဲ့ သံဃာတော်များက
ဘုရားရှင်ရုပ်ပွါးတော်ရှေ့မှာ ချထားတဲ့ ပန်း နံ့သာ ထီး တံခွန်ကုက္ကား
မုလေးပွားစသည်တို့ကို အသီးသီးကိုင်ဆောင်ကြလျက်
အနေကဇာတင်မည့် ဘုရားရှင်ရုပ်ပွါးဆင်းတုတော်ကို ရှိခိုးကာ
ရှေးဦးစွာ -
နမော တဿ သုံးကြိမ်ရွတ်ဆိုတယ်။
ယင်းနောက် အနေကဇာတိ သံသာရံ ဂါထာကို သုံးကြိမ် ရွတ်ဆိုတယ်။
ယင်းနောက် ပဋိစ္စသမုပ္ပါဒ်ကို အနုလုံကို ရွတ်ဆိုတယ်။
ယင်းနောက် ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ နဲ့စတဲ့ ပထမဂါထာကို ရွတ်ဆိုတယ်။
ယင်းနောက် ပဋိစ္စသမုပ္ပါဒ် ပဋိလုံကို ရွတ်ဆိုတယ်။
ယင်းနောက် ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ နဲ့စတဲ့ ဒုတိယဂါထာကို ရွတ်ဆိုတယ်။
ယင်းနောက် ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ၊ ပဋိလုံကို ရွတ်ဆိုတယ်။
ယင်းနောက် ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ နဲ့စတဲ့ တတိယဂါထာကို ရွတ်ဆိုတယ်။
ယင်းနောက် ဟေတုပစ္စယော စတဲ့ ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိကို ရွတ်ဆိုတယ်။
နောက်ဆုံး ဇယန္တော ဗောဓိယာ မူလေ စတဲ့ ဂါထာတွေကို ရွတ်ဆိုတယ်။
နောက်ဆုံးတွင် ဦးဆောင်ဆရာတော်က ဘုရားရှိခိုးလို ဂါထာမျိုးတွေ
ဇယန္တော ဗောဓိယာ မူလေ လို အဘိသိက်ဂါထာမျိုးတွေကို
အနက်မြန်မာပြန်နဲ့ ရွတ်ဆိုကာ ဒကာ ဒကာမများက
သတည်း ဆုံးတိုင်းဆုံးတိုင်း သာဓုခေါ်ကြပါတယ်။
သာဓုခေါ်ပြီးတိုင်း အသင့်လှူထားတဲ့ ပန်း ပေါက်ပေါက်ဆိုကို ပက်ကြဲကာ
ဘုရားရှင် ရုပ်ပွါးတော်ကို ပူဇော်လေ့ရှိပါတယ်။
ဆက်လက်ပြီး အမွှေးနံ့သာရေများထည့်ထားတဲ့ ဖလားထဲမှာ သပြေခက်ကိုနှစ်ပြီး
ဘုရားရှင် ရုပ်ပွါးဆင်းတုတော်ကို ပက်ဖျန်းသွန်းလောင်းကာ
ဘုရားအနေကဇာတင်ပွဲကို အဆုံးသတ်ပါတယ်။
ပြီးနောက် ကြွရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို ဆွမ်းကပ်ပါတယ်။
ဆွမ်းကပ်ပြီးတော့ ငါးပါးသီလဆောက်တည်။ ဆရာတော်က အနုမောဒနာ တရားဟော၊
အလှူရှင်များက ရေစက်သွန်းချ အမျှဝေပါတယ်။
ဒါက မြန်မာပြည်မှာ ဗုဒ္ဓရုပ်ပွါးဆင်းတုတော်ကို မိမိတို့အိမ်မှာ ပင့်ဆောင်ပြီး
(၀ယ်ယူပြီး) မကိုးကွယ်မီ ပြုလုပ်လေ့ရှိတဲ့ အနေကဇာတင်ပွဲ အကျဉ်းချုပ်ပါဘဲ။
တွေးမိတာက
အနေကဇာတင်တယ်ဆိုတာ ဘာလဲ။
ဒီလိုမျိုး အနေကဇာတင်ခြင်းအလေ့ ဘယ်ကလာသလဲ။
ဘယ်တုန်းက စခဲ့သလဲ။
မြန်မာနိုင်ငံမှာလို တခြားနိုင်ငံမှာရော ဒါမျိုး လုပ်လေ့ ရှိသလား။
ဘုရားရှင်ရုပ်ပွါးဆင်းတုတော်ကို အနေကဇာမတင်ပဲ ကိုးကွယ်ကောင်းပါသလား စတဲ့
လဲပေါင်းများစွာ လားပေါင်းများစွာ မေးခွန်းတွေ တသီကြီး ခေါင်းထဲ ၀င်လာပါတယ်။
ဆက်ရန်..
Wednesday, July 12, 2017
ဝါဆိုသင်္ကန်း၊ ၀ါဆိုဆွမ်း
ဒကာမကြီး ဒေါ်သောင်းသောင်း၏
၇၃ နှစ်ပြည့် မွေးနေ့အလှူ
ဝါဆိုဆွမ်း
ဝါဆိုသင်္ကန်း
Tuesday, July 11, 2017
မြက်ရိတ်သမား
တစ်နေ့
ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်၊
ဝယ်ရင်းနဲ့ ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကို ခွင့်တောင်းတယ်၊
ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း
သို့သော်  တစ်ခေါက်တော့ ခေါ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ပြောပါတယ်၊
ဆိုင်ရှင်က ကောင်လေးဖုန်းပြောသံကို နားထောင်နေတယ်
ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောနေပုံရတယ်၊
“အဒေါ်ခင်ဗျား၊ အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကို ပေးပါလားခင်ဗျာ”
တစ်ဘက်က ပြန်ပြောတယ်
“တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်”
“အဒေါ်ရယ်၊ ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင်
ကြိုးစားပြီး ရိတ်ပေးပါမယ်၊   ဈေးကိုလဲ  အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့
ဈေးနှုန်းရဲ့တစ်ဝက်ဈေးဘဲ ကျွန်တော်ယူပါ့မယ်”
တစ်ဘက်ကလဲ ပြန်ဖြေပါတယ်
“အခုလက်ရှိ သူ့ခြံကို ရိတ်ပေးနေတဲ့သူဟာ
သူ့စိတ်တိုင်းကျ လုပ်ပေးပြီးသား သူကျေနပ်ပြီးသားဖြစ်ပါတယ်” တဲ့။
ဒီတစ်ခါတော့ ကောင်လေးက ပိုပြီး ချိုသာ အောက်ကျို့တဲ့လေသံနဲ့
“အဒေါ်ရယ်….. ကျွန်တော် အဒေါ့်ခြံကို မြက်လဲရိတ်ပေးမဲ့အပြင်
တစ်ခြံလုံးကို တံမြက်စည်း လှည်းပေးပါ့မယ်၊
လမ်းတွေကိုလဲ သန့်ရှင်းရေးလဲ လုပ်ပေးပါ့မယ်
 ဒီလိုဆို နောက် တစ်ပတ် တနင်္ဂနွေနေ့ရောက်ရင်
အဒေါ်ခြံဟာ ဒီတစ်နယ်လုံးမှာ ဘယ်သူမှ မမှီတဲ့
အလှဆုံးနဲ့ အသန့်ရှင်း အသပ်ရပ်ဆုံး ခြံတစ်ခုဖြစ်လာမှာပါ၊
ကျွန်တော့ကို အလုပ်ခန့်ပါ အဒေါ်ရယ်”
တစ်ဘက်ကလဲ အလုပ်မခန့်ကြောင်းကိုသာ ပြန်ပြောပါတယ်၊
ကောင်လေးက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီးတော့ ဖုန်းကိုချလိုက်ပါတယ်၊
ကောင်လေးရဲ့ ဖုန်းပြောသံကို အစအဆုံး နားထောင်နေတဲ့ ဆိုင်ရှင်က
ကောင်လေးဆီ လျှောက်လာပြီး
“ကောင်လေး၊ ဦးက မင်းရဲ့စိတ်ထားလေးကို သဘောကျတယ်၊
မင်းရဲ့အကောင်းဆုံးလုပ်ပေးချင်တတ်တဲ့သဘောထားကို လေးစားတယ်
ဒါကြောင့် ဦးလေး မင်းကို အလုပ်တစ်ခုခု ပေးချင်တယ်၊
မင်း   ဘယ်လိုသဘောရလဲ”
“ကျေးဇူးတင်ပါတယ် ဦးလေးရယ်၊ ကျွန်တော့ အတွက် အလုပ်မလိုပါဘူး။
ကျွန်တော် လုပ်ပေးလိုက်တဲ့အလုပ်ကို
အလုပ်ရှင်က ကျေနပ်မှုရှိမရှိ ကျွန်တော် ပြန်ဆန်းစစ် ကြည့်တာပါ။
 ခုနက ကျွန်တော်နဲ့ ဖုန်းပြောတဲ့ အဒေါ်ကြီးက
ကျွန်တော် အခု အလုပ် လုပ်ပေးနေတဲ့ အလုပ်ရှင်ပါ”
Monday, July 10, 2017
ဆန္ဒ၊လိုလားမှု
တို့လူတွေ အများဆိုနေကြတယ်၊
မိရိုးဖလာငယ်ငယ်ကတည်းက ရလာတဲ့
သြကာသ သြကာသနဲ့ ဘုရားရှိခိုးတယ်။
နောက်ဆုံးနိဗ္ဗာန်တရားတော်မြတ်ကို ရလိုပါ၏အရှင်ဘုရားတဲ့။
နိဗ္ဗာန်ကို တကယ်လိုချင်ရဲ့လားမေးရင် ဘယ်လိုဖြေမလဲ၊
အသုံးအဆောင်ပစ္စည်းတစ်ခုခုကို
လိုချင်တာလောက်တောင် ဆန္ဒမပြင်းပါဘူး။
အဓိပတိတပ်တဲ့ဆန္ဒကတော့ လိုချင်တဲ့ပစ္စည်း
အကျိုးရမယ်ဆိုရင် အသက်စည်းစိမ်ကို စွန့်နိုင်တယ်။
(ဘုရား)အလောင်းတော်ကြီးတွေဟာ သက်ရှိသက်မဲ့ပစ္စည်းတွေလှူတယ်၊
ခြေလက်အင်္ဂါအစိတ်အပိုင်းလှူတယ်၊
အသက်ကိုတောင် လှူတယ်။
ဘာလိုလို့လဲဆိုရင်
သဗ္ဗညုတဥာဏ်တော်ကြီးကို လိုချင်လို့။
ယုံမင်းဘ၀ကို ကြည့်ရင် မီးပုံထဲခုန်ဆင်းပြီး အသက်ကို လှူတာတွေ့ရတယ်။
ဝေဿန္တရာမင်းကြီးဘ၀မှာ သားသမီးတောင်လှူတယ်။
ဒါဟာ ဘုရားဖြစ်လိုတဲ့ဆန္ဒကြောင့်ပဲ။
ဒီလိုဆန္ဒမျိုးကို အဓိပတိတပ်တဲ့ဆန္ဒလို့ခေါ်တယ်၊
အလင်္ကာကျမ်းမှာပြထားတဲ့ ဂါထာရှိတယ်။
ဂဏယေ စက္က၀ါဠံ သော၊ စန္ဒနာယပိ သီတလံ
သမ္ဗောဓိ သတ္တဟဒယော၊ ပဒိတ္တင်္ဂါရ ပူရိတံ။
အဓိပ္ပါယ်က
လေးကျွန်းတစ်မြင့်မိုရ်ကျယ်ဝန်းတဲ့ စကြ၀ဠာတိုက်ကြီးတစ်ခုလုံးကို
ရဲရဲတောက်ပူလောင်နေတဲ့ ရှားမီးကျီးခဲတွေ အပြည့်ထည့်ထားပါတဲ့၊
စကြ၀ဠာရဲ့ ဟိုဘက်နခမ်းမှာ သဗ္ဗညုတဥာဏ်ရှိနေတယ်။
ရောက်အောင်သွားနိုင်ရင် ရနိုင်တယ်လို့ဆိုရင်
သဗ္ဗညုတဥာဏ်ကို လိုချင်နေတဲ့ (ဘုရား)အလောင်းတော်ဟာ
ရဲရဲတောက် ရှားမီးကျီးခဲတွေကို နင်းပြီး
သွားယူမယ်ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒရှိပါတယ်။
ရှားမီးကျီးခဲပူတာလောက်ကို လောကမှာ အအေးဆုံးလို့ သမုတ်ရတဲ့
စန္ဒကူးနံ့သာတွေ နင်းသွားသလောက်အောက်မေ့ပြီး သွားမယ်ဆိုတဲ့ ဆန္ဒရှိတယ်။
တို့လူတွေ ဘုန်းကြီးတွေ ဆန္ဒက
ပြောတော့ မဂ်ဥာဏ် ဖိုလ်ဥာဏ်လိုချင်ပါတယ်တဲ့၊
တကယ်ရအောင်လုပ်သလားဆိုတော့ သာမညဘဲ၊
ပေါ့ပေါ့ဆဆဘဲ၊
အာနာပါနလေးတောင် ဖြစ်ဖြစ်မြောက်မြောက်မလုပ်ကြဘူး။
ဗုဒ္ဓါနုဿတိတောင် အားပါးတရ မလုပ်ကြဘူး။
မီးကျီးခဲနင်းဘို့ မဆိုထားနဲ့၊
ရိုးရိုး ဘုရားသွား ကျောက်တက်တောင်
နည်းနည်းပင်ပန်းမယ်ထင်ရင် မသွားတော့ဘူး။
(ပဋ္ဌာန်းသိပ္ပံဆရာတော်၏ ပဋ္ဌာန်းလမ်းညွှန်ကျမ်းမှ)
Saturday, July 8, 2017
ဆင်းရဲခြင်းလွတ်ကင်းအောင်
အိမ်အသစ်ပြောင်းနေတဲ့အတွက် ဒီနေ့ ကိုနေအောင်တို့ အရုဏ် ဆွမ်းကပ်တာပေါ့။
အိမ်သစ်ပြောင်းတဲ့အခါ ဒီအိမ်တွင်းမှာနေထိုင်ကြမည့် မိမိတို့တတွေ
ဘေးခပ်သိမ်းရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်းကင်းငြိမ်းဘို့ဆိုတဲ့
ရည်ရွယ်ချက်စိတ်ကူးနဲ့ သံဃာတော်အရှင်သူမြတ်တွေကိုပင့်ဖိတ်ပြီး
ဆွမ်းဆက်ကပ် လှူဒါန်း၊ ပရိတ်တရားတော်တွေ နာယူကြာတာ။
ဆိုတော့ ပရိတ်ဆိုတာ
“အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတို့မှ ကျရောက်လာမည့်အန္တရာယ်ကို
ကာကွယ် တားဆီးစောင့်ရှောက်ပေးတတ်တယ်”လို့
ပရိတ်အကြောင်းကိုရှေးရှေးဆရာတော်ကြီးများစာပေမှာလာအတိုင်း
မကြာခဏဟောပြောလေ့ရှိပါတယ်။
ပါဠိလိုတော့ ပရိသမန္တတောတာယတိရက္ခတီတိပရိတ္တံတဲ့။
ပရိတ်တော်တွေကိုရွတ်ဆိုတယ်ဆိုတာ
ကြွရောက်လာတဲ့ ဆရာတော်တွေက
(ဒီအိမ်တွင်းမှာမှီတင်းနေထိုင်တဲ့)လုံးစုံများစွာ သတ္တ၀ါတွေကို
ဒကာဒကာမတွေကိုယ်စားမေတ္တာပို့ပေးတာ၊
ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်တွေ ရွတ်ဆိုပေးတာ။
မင်္ဂလာအပေါင်းခညောင်းဘို့၊
နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့ကစောင့်ရှောက်ဖို့ အာသီသပြုပေးတာ။
ထိုဂုဏ်အသီးသီးတို့ရဲ့ တန်ခိုးတေဇော်အာနုဘော်ကြောင့်
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာဘို့ ဆုတောင်းပေးတာကိုပြောတာပါ။
အကျဉ်းချုပ် အကြမ်းဖြင်းအားဖြင့် ဒါကို အန္တရာယ်ကင်းအောင်
ပရိတ်ရွတ်ဆိုပေးတယ်လို့ ခေါ်ဆိုကြတာပေါ့။
ဘေးခပ်သိမ်းရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်းကင်းငြိမ်းဘို့
ပရိတ်တရားတော်တွေကိုလည်းနာယူပေါ့။
ဒကာတို့မိသားစုကမလေးရှားနိုင်ငံမှာနေနေတာဆိုတော့
တကယ်တမ်းဘေးခပ်သိမ်းရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်းကင်းငြိမ်းဘို့အတွက်
ဒီဃနိကာယ်မှာလာတဲ့ ဒို့ဘုရားရှင်ပေးထားတဲ့နည်းလမ်းလေး
(၇) ခုကိုလိုက်နာကျင့်သုံးစေချင်တယ်။
ဒီဃနိကာယ်ဆိုလို့ ဗဟုဿုတအဖြစ် တဆက်တည်းပြောပြလိုက်အုံးမယ်။
ဒို့ဘုရားရှင်ဟောခဲ့တဲ့တရားတော်တွေကိုနိကာယ်အနေအားဖြင့် (၅) အုပ်စုခွဲထားတယ်။
နိကာယ်ဆိုတာနိကာယ - စုစည်းမှု၊ အုပ်စုလို့ခေါ်တယ်။
၁။ ဒီဃနိကာယ် -
၂။ မဇ္ဈိမနိကာယ် -
၃။ သံယုတ္တနိကာယ် -
၎။ အင်္ဂုတ္တရနိကာယ် -
၅။ ခုဒ္ဒကနိကာယ် တဲ့။
ဒီနိကာယ် (၅) အုပ်စုကိုပိဋကတ်အနေနဲ့ဆို (၃) ပုံတဲ့။
နိကာယ် (၅) အုပ်စုကို
ပိဋကထဲထည့်သွင်းရေတွက်မယ်ဆို (၃) အုပ်စုသာရှိတဲ့သဘောပေါ့။
၁။ ၀ိနည်း
၂။ သုတ္တန်
၃။ အဘိဓမ္မာတဲ့။
အခုပြောချင်တဲ့ အချက် (၇) ချက်ကနိကာယ်အနေအားဖြင့် ပြောရရင် ဒီဃနိကာယ်ထဲကပါ။
ပိဋကတ်အနေနဲ့ဆိုသုတ္တန်ထဲက။
ဘေးရန်ခပ်သိမ်းကင်းဝေးဘို့ အဆင်ပြေချောမွေ့စွာနေနိုင်ဘို့အတွက်
“ညူ” ၇ လုံးနဲ့ ပြည့်စုံအောင်နေထိုင်ဘို့ သုတ္တန်ပိဋကထဲမှာ
ဘုရားရှင် မှာထားတာရှိပါတယ်။
ညူ ဆိုတာကပါဠိစကားပါ။ မြန်မာလိုတော့ သိတာတဲ့။
သဗ္ဗညူ ဆိုတဲ့စကားလုံးကို ဒို့ဗုဒ္ဓဘာသာဝင်တွေ ရင်းနှီးပြီးသားပါ။
သဗ္ဗညူ ဆိုတာသဗ္ဗဆိုတဲ့ပုဒ်နဲ့ ညူ ဆိုတဲ့ပုဒ် ၂ ပုဒ်ကိုပေါင်းစပ်ထားတာ။
သဗ္ဗဆိုတာအလုံးစုံ၊ ညူ ဆိုတာကသိတာ။
ဆိုတော့ သဗ္ဗညူ ဆိုတာအလုံးစုံအကုန်သိတဲ့ဘုရားရှင်ပေါ့။
ဒီနေရာမှာလည်းညူဆိုတဲ့ပုဒ်လေးနဲ့ တွဲပြီးသုံးထားတဲ့ စကားလုံး (၇) လုံးရှိတယ်။
နံပါတ် (၁) က ဓမ္မညူ  တဲ့။
ဓမ္မဆိုတာကအကြောင်း၊ ညူ ဆိုတာကသိတာ။
နှစ်ရပ်ပေါင်းတော့ ဓမ္မညူ - အကြောင်းကိုသိရမယ်ပေါ့။
ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာရင်
အဲ့ဒီပြဿနာရဲ့ ဇစ်မြစ်အကြောင်းတရားကိုသိအောင်လုပ်ရပါမယ်။
ပြဿနာရဲ့ ဇစ်မြစ်အကြောင်းတရားကိုသိပြီးမှ
အဲ့ဒီပြဿနာကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်ပြီးဆုံးဖြတ်ချက်ချနိုင်မှာမို့ပါ။
ဆိုကြပါစို့၊ မြန်မာပြည်မှာလတ်တလောဖြစ်ပျက်သွားတဲ့
ဗုံးပေါက်ကွဲတာတွေ၊ ဘာသာရေးအဓိကရုဏ်းတွေ၊
ဒီလိုဖြစ်ပေါ်လာတဲ့ပြဿနာတွေရဲ့ ဇစ်မြစ်အကြောင်းတရားကဘာလဲ၊
ဒါကိုသိအောင်လုပ်ရပါမယ်။
နံပါတ်၂ က အတ္ထညူ - တဲ့။
အတ္ထ ဆိုတာအကျိုးတရား၊ ညူဆိုတာသိတာ။
နှစ်ရပ်ပေါင်းတော့ အကျိုးတရားကိုသိတာ။
ပြဿနာအကြောင်းအရာရဲ့ နောက်ဆက်တွဲအကျိုးတရားကိုလည်းသိရပါမယ်တဲ့။
နံပါတ် ၃ ကတော့အတ္တညူ - တဲ့။
အတ္တဆိုတာကိုယ့်ကိုယ်ကို၊ ညူ ဆိုတာသိတာ။
အတ္တညူဆိုတာ
ကိုယ့်ကိုယ်ကိုဘာကောင်လဲဆိုတာကိုလဲသိဘို့လိုတယ်လို့ အဓိပ္ပါယ်ရတယ်။
လောကကြီးမှာကိုယ့်ကိုယ်ကိုဘာကောင်လဲဆိုတာမသိလို့
ပြဿနာတွေတက်နေကြတာမို့လား။
ဒို့နိုင်ငံကို ပြန်ကြည့်လိုက်စမ်း၊
ကိုယ့်ကိုယ်ကိုဘာကောင်လဲဆိုတာမသိလို့ ဒို့နိုင်ငံသားတွေ ဒုက္ခရောက်နေကြတာ။
စစ်သားကသူ့ကိုယ်သူဘာကောင်လဲဆိုတာသိရပါမယ်။
သိပြီးသူ့အလုပ်သူလုပ်ရပါမယ်။
ဆရာဝန်ကလည်း သူ့ကိုသူဘာကောင်လဲဆိုတာသိရပါမယ်။
သိပြီးသူ့အလုပ်သူလုပ်ရပါမယ်။
အဲ၊ ဒို့ဘုန်းကြီးတွေလည်းကိုယ့်ကိုယ်ကိုဘယ်သူလဲဆိုတာသိရပါတယ်။
ဒကာတို့ ဒကာမတို့လည်းကိုယ့်ကိုယ်ကိုဘာကောင်လဲဆိုတာသိရပါမယ်။
ကိုယ့်ကိုယ်ကိုဘာကောင်လဲဆိုတာမသိဘူးဆိုရင်
ပြဿနာတွေ ဒုက္ခတွေနဲ့ မိတ်ဆွေဖြစ်ပြီသာမှတ်ပေတော့။
နံပါတ် ၄ ကမတ္တညူ - တဲ့။
မတ္တဆိုတာအတိုင်းအရှည်၊ ပမဏာ၊ စွမ်းရည်၊
ညူ ဆိုတာသိတာ။
နှစ်ပုဒ်ပေါင်းတော့ ကိုယ့်အတိုင်းအရှည်၊ ကိုယ့်ပမဏာ၊ ကိုယ့်စွမ်းရည်ကိုသိတာ။
ကိုယ့်လုပ်နိုင်တဲ့ စွမ်းနိုင်တဲ့ ပမာဏကိုလဲသိရပါမယ်လို့ ဆိုလိုတာ။
တချို့ကကိုယ့်စွမ်းရည်ကိုကိုယ်နားမလည်ဘူး။
ကိုယ့်စွမ်းရည်ကတစ်မတ်လောက်ရှိပြီးတစ်ကျပ်လောက်လုပ်ချင်တာ။
စွမ်းနိုင်တာကတစ်မတ်လောက် ၊ လိုချင်တာရချင်တာကတစ်ကျပ်လောက်။
ဒီလိုလဲမဖြစ်သင့်ပါဘူး။
နံပါတ် ၅ ကတော့ ကာလညူ -တဲ့။
ကာလဆိုတာအချိန်အခါ၊ ညူ ဆိုတာသိတာ။
အချိန်အခါကိုလဲသိရပါမယ်။ မှန်ကန်တဲ့အချိန်ကိုသိရပါမယ်တဲ့။
ဒီနိုင်ငံမှာဒီအချိန်ဟာစီးပွါးရေးလုပ်သင့်တဲ့အချိန်လား၊
မလုပ်သင့်တဲ့အချိန်လားဆိုတာသိရပါမယ်တဲ့။
နံပါတ် ၆ က ပရိသညူ - တဲ့။
ပရိသဆိုတာကပရိသတ်၊ ၀ါ - ပတ်ဝန်းကျင်။ ညူ ဆိုတာကသိတာ။
ဆိုတော့ ပရိသညူဆိုတာ ပတ်ဝန်းကျင်အနေအထားကိုသိတာ။
ကိုယ်နေတဲ့အိမ်၊ နေရာရဲ့ ပတ်ဝန်းကျင်အနေအထားကို သိနေရပါမယ်တဲ့။
ကိုယ့်အိမ်ရဲ့ ညာဘက်ကိုသွားရင် ဘယ်ရောက်မယ်၊ ဘယ်ဘက်ကိုသွားရင် ဘယ်ရောက်မယ်။
အိမ်နောက်ဖေးလမ်းကြားကဘယ်ကိုရောက်တယ်စသဖြင့် သိအောင် လုပ်ထားရပါမယ်။
ဒါ့အပြင် ကိုယ့်အိမ်ပတ်ဝန်ကျင်လူတွေရဲ့ စရိုက် သဘောသဘာဝတွေကိုပါ လေ့လာထားရပါတယ်။
သို့မှသာအရေးအကြောင်းဆိုအဆင်ပြေမှာပါ။
အဲ၊ နောက်ဆုံးနံပါတ် ၇ ကတော့ ပုဂ္ဂလညူတဲ့။
ပုဂ္ဂလဆိုတာပုဂ္ဂိုလ်၊ ညူဆိုတာသိတာ။
နှစ်ရပ်ပေါင်းတော့ ပုဂ္ဂလညူဆိုတာဒီလူဟာပေါင်းသင့်တဲ့ပုဂ္ဂိုလ်လား
မပေါင်းသင့်တဲ့ပုဂ္ဂိုလ်လားဆိုတာသိရပါမယ်၊ ချင့်ချိန်တတ်ရပါမယ်တဲ့။
ဒီ ညူ (၇) လုံးနဲ့အညီကျင့်ကြံနေထိုင်မယ်ဆိုရင်
ဘေးခပ်သိမ်းရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်းကင်းငြိမ်းပြီး
အောင်မြင်တဲ့ လူတော်တစ်ယောက်ဖြစ်လာနိုင်ပါတယ်တဲ့။
ဒီ (၇) လုံးကိုအကျဉ်းချုပ်ပြန်မှတ်လိုက်။
၁။ ဓမ္မညူ - ပြဿနာအကြောင်းအရာတစ်စုံတစ်ခုရဲ့ ဇစ်မြစ် အကြောင်းကိုသိရပါမယ်။
၂။ အတ္ထညူ - ပြဿနာအကြောင်းအရာရဲ့ နောက်ဆက်တွဲအကျိုးတရားကိုသိရပါမယ်။
၃။ အတ္တညူ - ကိုယ့်ကိုယ်ကိုဘာကောင်လဲဆိုတာကိုလဲသိဘို့လိုပါတယ်။
၎။ မတ္တညူ - ကိုယ့်လုပ်နိုင်တဲ့ စွမ်းနိုင်တဲ့ ပမာဏကိုလဲသိရပါမယ်။
၅။ ကာလညူ - အချိန်အခါကိုလဲသိရပါမယ်။ မှန်ကန်တဲ့အချိန်ကိုသိရပါမယ်။
၆။ ပရိသညူ - ပတ်ဝန်းကျင်အနေအထားကိုလဲ သိနေရမယ်။
၇။ ပုဂ္ဂလညူ - ပေါင်းသင့်တဲ့သူလား။ မပေါင်းသင့်တဲ့သူလားချင့်ချိန်တတ်ရပါမယ်။
ကဲ၊ ကိုနေအောင်ရေ..
ဘေးရန်ခပ်သိမ်းကင်းငြိမ်းဖို့၊ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့
ဒီညူ (၇) လုံးနဲ့ ပြည့်စုံအောင်နေပါလို့ တိုက်တွန်းလိုပါတယ်။
ဒီညူ (၇) လုံးနဲ့ ပြည့်စုံပြီး
ဘေးခပ်သိမ်းရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်းကင်းငြိမ်းပါစေလို့
ဆန္ဒပြုရင်းဦးဇင်းရဲ့ အနုမောဒနာအကြံပြုလွှာကိုနိဂုံးချုပ်ပါတယ်။
သာဓု        သာဓု        သာဓု
(ဒီဃနိကာယ် ၃၊ ပါ ၂၀၈။ ဋ္ဌ ၂၂၁ ကိုမှီငြမ်းဟောကြားရေးသားပါသည်။)
Friday, July 7, 2017
စွန့်နိုင်မှ
 အမေး
ဆရာတော်ဘုရား၊ ဘုရားရှင် ဘုရားမဖြစ်ခင် သိဒ္ဓတ္ထမင်းသားအဖြစ်နဲ့ ယသောဓရာကို လက်ထပ်ခဲ့ပြီး
ရာဟုလာလို့ခေါ်တဲ့ သားတစ်ယောက်ထွန်းကားပြီးခါမှ ဇနီးမယားကိုရော သားကိုပါ စွန့်ခွါ၊ တောထွက်သွားတာ မတရားဘူးဘုရား။ သူများကို ၀မ်းနည်းကြေကွဲအောင် စိုးရိမ်ပူဆွေးငိုကြွေးအောင် လုပ်ရာမရောက်ဘူးလားဘုရား။
အဖြေ
သိဒ္ဓတ္ထမင်းသားလည်း လူသားပဲလေ၊ သူ့ဇနီးမယားနဲ့ သူ့သားကို ဘယ်မချစ်ပဲ နေပါ့မလဲ။
သိပ်ချစ်တာပေါ့။ သူ ဒီလိုမျိုး ဘယ်စွန့်ခွါထားရစ်ခဲ့ချင်မှာလဲ။ ဒီလိုစွန့်ခွါထားရစ်ခဲ့ရတာဟာ လွယ်ကူတဲ့အလုပ်လို့တော့ မထင်လိုက်ပါနဲ့။ လုံးဝ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။
ဒါပေမဲ့ လူသားတွေအတွက် တကယ့်ချမ်းသာစစ် ချမ်းသာမှန်ကို ရှာဖွေရအုံးမယ်ဆိုတာကို သိနေခဲ့လို့
သူ့ကိုယ်ကျိုးနဲ့ သူ့မိသားစုအကျိုးကို မကြည့်ပဲ အများအကျိုးအတွက် စွန့်လွတ်စွန့်စား အနစ်နာခံခဲ့ပါတယ်။
ဒါဟာ ဘာနဲ့ အလားသဏ္ဌာန်တူသလဲဆိုရင် မိဘတွေကို စွန့်ခွါပြီး မိဘတွေနဲ့ဝေးရာဖြစ်တဲ့ ဆေးတက္ကသိုလ်ရှိရာနေရာကို သွားပြီး ဆရာဝန်ဖြစ်ဖို့ ဆေးကျောင်းသွားတက်တဲ့ ဆေးကျောင်းသားနဲ့ တူပါတယ်။ ဆေးကျောင်းသွားတက်တဲ့ ဆေးကျောင်းသားအနေနဲ့ မိဘကို ခွဲခွါပြီး သွားရတာဟာ
မိဘတွေကို မချစ်လို့မှ မဟုတ်တာ။ ဆေးပညာတွေ သင်ကြားနေချိန်မှာ မိဘနဲ့ ခွဲခွါပြီးနေရတာလောက်တော့ အနစ်နာခံရမှာပေါ့။ ဘွဲ့ရလို့ ဆရာဝန်ဖြစ်လာရင်တော့ သူ့အောင်မြင်မှုအတွက် မိသားစုအားလုံး ၀မ်းမြောက်ကြမှာပါ။ တချိန်တည်းမှာပဲ သူ့ရလာတဲ့ဘွဲ့နဲ့ပညာက
သူ့ပတ်ဝန်းကျင်လူတွေအတွက်လည်း အကျိုးပြုအုံးမှာမို့လား။
ဒီသဘောပါပဲ။ သိဒ္ဓတ္ထမင်းသားလည်း ဘုရားဖြစ်ပြီးတဲ့နောက်  ထီးနန်းစည်းစိမ်ချမ်းသာထက် အဆပေါင်း ရာထောင်မကတဲ့ အမြိုက်ချမ်းသာလို့ခေါ်တဲ့ နိဗ္ဗာန်ချမ်းသာသုံးဆောင်ခံစားနိုင်အောင် သူ့မိသားစုကို ဟောပြ ပြောပြပေးခဲ့ပါတယ်။
ခဏလောက် မိသားစုဘ၀ကို ငြင်းပယ်ခဲ့လို့  ဒီကနေ့ သန်းပေါင်းများစွာသောလူတွေ   သူ့နောက်လိုက်တွေ ဖြစ်ကြတယ်ဆိုတာကို ဘုရားဖြစ်တော်စဉ်မှာ တွေ့မြင်နိုင်ပါတယ်။ သူသာ တောမထွက်ပဲ ထီးနန်းစည်းစိမ်ကို ခံစားစံစားပြီး ရှင်ဘုရင်လုပ်နေခဲ့မယ်ဆိုရင် ဒါမျိုးဖြစ်လာနိုင်ပါ့မလား။
ကြီးမားတဲ့အောင်မြင်မှုမျိုးရမယ်ဆိုရင် စွန့်လွတ်အနစ်နာခံမှုမျိုး လုပ်ကို လုပ်ရပါမယ်။
Thursday, July 6, 2017
ရတနာ
ရခဲတဲ့ မြတ်နိုးဖွယ်ကောင်းတဲ့ တန်ဘိုးရှိတဲ့အရာကို ရတနာလို့ ခေါ်ပါတယ်။ ရခဲမှ ရတနာ၊ သိခဲမှ ပညာဆိုတဲ့ မြန်မာအဆိုအမိန့်က ရတနာဆိုတဲ့အဓိပ္ပါယ်ကို ပိုမိုထင်လင်းစေပါတယ်။ စိန် ရွှေ ငွေ ကျောက် သံ ပတ္တမြား စတာတွေဟာ လွယ်လွယ်ကူကူနဲ့ မရနိုင်လို့ ရဘို့ရန် ရခဲလို့ ရတနာပစ္စည်းလို့ ခေါ်ကြတာပါ။ ဒါ့ကြောင့် ဗမာလူမျိုးတစ်ယောက်ယောက်ကို ရတနာ လို့ ပြောလိုက်တာနဲ့ သူတို့ရဲ့ အတွေးအာရုံထဲမှာ စိန် ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေ မြင်ယောင်လာတော့တာဘဲ။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ၀န်းကျင်ခန့်က အိန္ဒိယနိုင်ငံ ဝေသာလီမြို့သူ မြို့သားတွေ ရတနာ အကြောင်း ဆွေးနွေးခဲ့ဘူးတယ်။ သူတို့ဆွေးနွေးတဲ့ ရတနာဆိုတာတွေက နံပါတ် (၁)  ဆင်ရတနာ။ ရတနာ ဆိုတာက ရခဲတာ၊ မြတ်နိုးဖွယ်ရှိတာ၊ တန်ဘိုးကြီးတာ။ ဆင်ရတနာ ဆိုတော့ တန်ဘိုးကြီးတဲ့တော်တဲ့ ကောင်းတဲ့ဆင်ကို ပြောတာပါ။ ရှေးတုန်းက စစ်တိုက်ရာမှာ တော်တဲ့ တတ်တဲ့ စစ်ရေးကျွမ်းကျင်ပါးနပ်တဲ့ တန်ဘိုးကြီးတဲ့ဆင် လိုအပ်မှာအမှန်ပဲ။ ဒီလိုဆင်မျိုးကို ရခဲလို့ ဆင်ရတနာလို့ ပြောကြတာနေမှာပါ။
နံပါတ် (၂) က မြင်းရတနာတဲ့။ ဆင်ရတနာနဲ့ သဘောသွား အတူတူပါဘဲ။
နံတ် (၃) ရတနာကတော့ ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေပါဘဲ။ အထူးရှင်းပြဖွယ်မလိုတော့ဘူး။
နံပါတ် (၄) ရတနာက မိန်းမတဲ့။ မိန်းမရတနာပေါ့။ မိန်းမကလည်း ရိုးရိုးမိန်းမတော့ မဟုတ်ပါဘူး။
လွယ်လွယ်ကူကူနဲ့ ရတဲ့မိန်းမ မဟုတ်ဘူး။ ရခဲတဲ့မိန်းမ (၀ါ) မိန်းမရတနာဖြစ်ပါတယ်။
နောက်ဆုံး နံပါတ် (၅) ရတနာက သူဌေးရတနာတဲ့။ ငွေချမ်းသာ၊ ရွှေချမ်းသာတဲ့သူကိုလည်း
ရတနာစာရင်းသွားပြီး သူဌေးရတနာလို့ သတ်မှတ်ကြပါတယ်။ ဒါတွေက ဘုရားရှင်ပွင့်ထွန်း ပေါ်ပေါက်ခဲ့တဲ့ ခေတ် အိန္ဒိယနိုင်ငံ ဝေသာလီမြို့သားတွေ စားပွဲဝိုင်းထိုင် ခေါင်းချင်းဆိုင် ဆွေးနွေးပြီး သတ်မှတ်ထားခဲ့တဲ့ ရတနာငါးမျိုးပါ။
ဒီရတနာငါးမျိုးထဲမှာ ဆင်ရတနာဆိုတာ သူ့ခေတ်သူ့အခါက လိုအပ်နေတော့ ကောင်းပေ့ညွန့်ပေ့ တော်ပေ့ တတ်ပေ့ဆိုတဲ့ ဆင်ကို ရတနာဆိုတဲ့စကားလုံးနဲ့တွဲပြီး ဆင်ရတနာလို့ ခေါ်တာ နားလည်လို့ရပါတယ်။
မြင်းရတနာလည်း ထို့အတူပဲ။ ရွှေငွေ ကျောက်သံ ပတ္တမြားတွေကလည်း တန်ဘိုးရှိတော့ ရတနာတွေပေါ့။
နောက်ဆုံး ပိုက်ဆံချမ်းသာတဲ့သူဌေးသူကြွယ်ကို ရတနာနဲ့တွဲပြီး သူဌေးရတနာလို့ခေါ်တာလည်း နားလည်လို့ရပါတယ်။ ဘာပြုလို့ မိန်းမကို ရတနာ (မိန်းမရတနာ) လို့ ဝေသာလီသားတွေ သတ်မှတ်ကြတယ် မသိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ ဒီငါးမျိုးကို ရတနာငါးမျိုးလို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ က အိန္ဒိယဒေသက ကုလားတွေ သတ်မှတ်ခဲ့ကြပါတယ်။
အရာဝတ္ထုတစ်ခုကို ဒီလိုမျိုး သတ်မှတ်ပြဌာန်းတဲ့နေရာမှာ
(၁) အချိန်ကာလ အရ ဖြစ်စေ
(၂) အရပ်ဒေသအရဖြစ်စေ သတ်မှတ်ချက် (တန်ဘိုးထားမှု) မတူညီနိုင်ဘူး။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကျော်က အိန္ဒိယ ဝေသာလီသားတွေက တန်ဘိုးကြီး ဆင်၊ မြင်းတွေကို ရတနာလို့ သတ်မှတ်ခဲ့ပေမဲ့ ဒီနေ့ခေတ် ၂၁ ရာစု အိန္ဒိယ ထိုနယ်တ၀ိုက်က လူတွေ အလားတူ တန်ဘိုးထား၊ သတ်မှတ်နိုင်မယ် မထင်တောပါဘူး။ ဆင်တွေ မြင်းတွေဟာ ဟိုတုန်းက စစ်တိုက်ဖို့ ခရီးသွားဖို့ အသုံးဝင်ချင် ၀င်မယ်။ ဒီနေ့က ဆင်တွေနဲ့ မြင်းတွေနဲ့ ခရီးသွားရတဲ့ခေတ်လည်း မဟုတ်တော့ဘူး။ ထို့အတူပဲ။
အင်မတန်ကိုယ်လုံးကိုယ်ပေါက်ပြေပြစ်ချောမောလှပတဲ့ မိန်းမကို သူတို့ခေတ် သူတို့အခါက မိန်းမရတနာလို့ သတ်မှတ်နိုင်ခဲ့ပေမဲ့ ဒီနေ့ခေတ်တော့ သတ်မှတ်နိုင်ချင်မှ သတ်မှတ်နိုင်မှာပါ။
ထို့အတူ အဲ့ဒီခေတ် တစ်ချိန်တည်းကတောင်မှ ဆင်၊ မြင်း၊ မိန်းမ စတာတွေကို အိန္ဒိယ ဝေသာလီသား တွေက ရတနာစာရင်းထဲ ထည့်သွင်းရေတွက်ထားပေမဲ့ တရုတ်တွေက ထည့်သွင်းချင်မှ ထည့်သွင်းမှာပါ။ အရပ်ဒေသမတူရင် တန်ဘိုးထားမှုလည်း ကွဲပြားနိုင်ပါတယ်။
ဒါနဲ့စပ်လို့ သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံရောက်တုန်းက အဖြစ်အပျက်လေးကို သတိရမိတယ်။ ဘုန်းကြီးတွေအနေနဲ့ လိုက်နာကျင့်သုံးရမဲ့ဝိနည်းသီလသိက္ခာပုဒ်က ၂၂၇ ခုရှိတယ်။ အဲ့ထဲမှာ သင်္ကန်းကို အ၀န်းညီစွာ (ညီညီညာညာ) ၀တ်ရုံရမည် ဆိုတဲ့ သီလသိက္ခာပုဒ်ပါတယ်။ ဒီသီလသိက္ခာပုဒ်နဲ့ ပတ်သက်ပြီး မြန်မာပြည်က ဆရာတော်သံဃာတော်အများစု လက်ခံကျင့်သုံးတာက သင်းပိုင်လို့ခေါ်တဲ့ အောက်ပိုင်းဝတ် အောက်ခံဝတ်သင်္ကန်းကို ဒူးအောက်လက်ရှစ်သစ်ထားပြီး ၀ိုင်းဝန်းညီညာအောင်ပြုလုပ်ကာ ၀တ်ဆင်ရမည်။
ဧကသီသင်္ကန်းလို့ခေါ်တဲ့ အပေါ်ရုံသင်္ကန်းကို ဒူးအောက် လက်လေးသစ်ထားပြီး ၀ိုင်းဝန်းညီညာအောင် ပြုလုပ်ကာ ၀တ်ဆင်ရမည် တဲ့။
သီဟိုဠ်နိုင်ငံရောက်လို့ သီဟိုဠ်သံဃာတော်များကို ကြည့်လိုက်တော့ မြို့ထဲသွားတဲ့အခါမှာဖြစ်စေ၊ ကျောင်းတွင်း နေနေတဲ့အခါမှာဖြစ်စေ သူတို့ရဲ့သင်္ကန်းက ခြေမျက်စိ ဖုံးတဲ့အထိ ချဝတ်လေ့ရှိတယ်။ ဒါကို ၀ိနည်းနဲ့အညီ ဒူးအောက် လက်ရှစ်သစ်၊ လက်လေးသစ် ညီညီညာညာဝတ်ဖို့
သီဟိုဠ်ကုလားဦးဇင်းတစ်ပါးကို ပြောကြည့်တယ်။
သူက ဗမာဘုန်းကြီးတွေ သင်္ကန်းဝတ်တာ တိုလွန်းကြောင်း၊ တိုနှံ့နှံ့ မ၀တ်သင့်ကြောင်း၊ ခြေသလုံးသားပေါ်အောင် မ၀တ်သင့်ကြောင်း၊ ခြေမျက်စိဖုံးမိအောင် ၀တ်သင့်ကြောင်း၊ ဒါမှ ၀ိနည်းနဲ့ညီကြောင်း၊ ခြေသလုံးသားပေါ်နေရင် မိန်းမကလေးတွေမြင်တဲ့အခါ ရာဂစိတ်ထကြွနိုင်ကြောင်း၊ sexy ဖြစ်ကြောင်း ပြန်ပြောပါတော့တယ်။ ဒါလဲ ဟုတ်ပေသားပဲ။
သူတို့နိုင်ငံက ကုလားမတွေက ယောက်ကျားသားတွေရဲ့ ခြေသလုံးသားမြင်ရင်
လိင်ကိစ္စထကြွတယ်ဆိုဘဲ။ သူ့အလိုအရ သူ့နိုင်ငံစိတ်စရိုက်အရ သူတို့နိုင်ငံကို သွားပြီး ပညာသင်တဲ့ မြန်မာရဟန်းတော်များ သင်္ကန်းဝတ်တဲ့အခါ ဒူးအောက် လက်ရှစ်သစ်၊ လက်လေးသစ်မက
ခြေမျက်စိဖုံးအုပ်သည်အထိဝတ်သင့်ပါတယ်။ ခြေသလုံးသား လုံခြုံအောင် ဖုံးအုပ်ထားသင့်ပါတယ်။
ဟိုတလောက အမေရိကရောက်မြန်မာရဟန်းတော်များ ကားကို ကိုယ်တိုင်မောင်းပြီး ကြွချီနေတာ အာပတ်သင့်၊ မသင့် မေးပါတယ်။ ကားကိုယ်တိုင်မောင်းသွားသောရဟန်း အာပတ်အပြစ်သင့်စေ လို့
ဘုရားရှင် ဥပဒေမထုတ်ခဲ့ပါဘူး။ ဘုရားရှင်လက်ထက် ကားမှ မရှိသေးတာ။ အဲ ဒါပေမဲ့
ဝိနည်းသဘောက မကြည်ညိုသေးတဲ့သူ ကြည်ညိုအောင်၊ ကြည်ညိုပြီးသားသူ ပိုပြီးကြည်ညိုအောင် ကျင့်ဆောင်ရမှာ။
နောက်ပြီးတော့ ဘုရားရှင်ရဲ့ ၀ိနည်းတော်ဥပဒေတွေကို ပညတ်ရခြင်းရဲ့ ရည်ရွယ်ချက်က
ရဟန်းတော်များအနေနဲ့ မိမိတို့မှီခိုပြီးနေနေတဲ့ လူ့အဖွဲ့အစည်းက လက်မခံတဲ့အပြုအမူမျိုးကို
မလုပ်ရပါဘူး။ မလုပ်သင့်ပါဘူး ရှောင်ကြဉ်ရပါမယ်။
ဆိုတော့ ရဟန်းတော်များ မှီခိုနေတဲ့ အမေရိကမှာရောက်နေတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းက
ရဟန်းတော်များ ကားမောင်းတာကို အပြစ်မမြင်ဘူး၊ အပြစ်လို့ မယူဆဘူး၊ အကြည်ညိုမပျက်ဘူးဆိုရင်
ရဟန်းတော်များ ကားမောင်းတာ ပြဿနာမဟုတ်ပါဘူး။
မြန်မာပြည်မှာတော့ ရဟန်းတော်များ ကားကို ကိုယ်တိုင်မောင်းရင် နှာခေါင်း ရှုံ့ကြတယ်။ အပြစ်မြင်ကြတယ်။ မကြည်ညိုဘူး။ ဒီတော့ မြန်မာနိုင်ငံက ရဟန်းတော်များအနေနဲ့
(လောလောဆယ်) ကားကိုယ်တိုင်မမောင်းသင့်သေးပါဘူး။
ချုပ်လိုက်ရင် ရဟန်းတော်များအနေနဲ့ ကိုယ်မှီခိုနေတဲ့အဖွဲ့အစည်း အသိုင်းအ၀န်း အကြည်ညို ပျက်အောင် အမြင်ကပ်အောင် မနေသင့်ဘူး။ အဆင်မပြေဖြစ်တတ်တယ် လို့ နားလည်မိပါတယ်။
Wednesday, July 5, 2017
ဗုဒ္ဓဘာသာ၏အခြားဘာသာဝင်တို့အပေါ် သဘောထား
ဘုရားရှင်ကိုယ်တော်တိုင် တခြားဘာသာအပေါ်မှာ သဘောထားကြီးဘို့ လက်တွေ့ မျက်တွေ့ကျင့်သုံးသွားသလို အသောကမင်းကြီးလဲ ကျင့်သုံးသွားခဲ့ပါတယ်။ မှန်ပါတယ်။ ဘယ်နိုင်ငံ မှာရှိတဲ့ ဘယ်ဘာသာဝင်မဆို မိမိတို့ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ယုံကြည်ပိုင်ခွင့် ရှိသင့်ပါ တယ်။ မိမိတို့ကိုးကွယ်ရာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ပိုင်ခွင့်ရှိသင့်ပါတယ်။ မိမိတို့နဲ့ ယုံကြည် ကိုးကွယ်ရာ မတူသူတွေကို မိမိတို့ဘာသာဝင် မဟုတ်သူတွေကို မနှိပ်ကွပ်သင့်ပါဘူး။ မရှုတ်ချ သင့်ပါဘူး။ မကဲ့ရဲ့သင့်ပါဘူး။ ပျက်ရယ်မပြုသင့်ပါဘူး။
အရေးကြီးတာက (လုပ်ရမည့်အလုပ်က) မိမိတို့ဘာသာဝင်အချင်းချင်း မိမိတို့ဘာသာ တရား အဆုံးအမများကို မိမိတို့တတ်နိုင်သလောက် ဖြန့်ဖြူးပေးဘို့ပါဘဲ။ မျှဝေပေးဘို့ပါဘဲ။ ဒီလိုဖြန့်ဖြူးမျှဝေဘို့အတွက် မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့နိုင်ငံဖြစ်တော့
ဘာသာရေးလုပ်ကွက် (space) တွေ၊ ဘာသာရေးလုပ်ဖို့ အခွင့်အရေး (opportunity) တွေ၊
အခွင့်အလမ်း (chance) တွေ တပုံတပင်ကြီး ရယူနိုင်ပါတယ်။
ဆိုကြပါစို့။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ရဟန်း သံဃာတော်တွေ သင်ကြားမှုနဲ့ ကျင့်ကြံမှုနှစ်ရပ်ကို တပြိုင်နက်ထဲ လုပ်ဆောင်နေကြတယ်။ သိရ သလောက်တော့ အခြားအခြားသောနိုင်ငံတွေက ရဟန်းသံဃာတော်တွေဟာ  မြန်မာနိုင်ငံက ရဟန်းသံဃာတော်တွေလောက် သင်ကြားမှုပိုင်းမှာရော ကျင့်ကြံမှုအပိုင်းမှာပါ အားထုတ်မှု မရှိကြပါဘူး။
အားထုတ်မှု မရှိကြပါဘူးဆိုတာနဲ့စပ်လို့ သီဟိုဠ်လို့ခေါ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ (၂) နှစ်နေခဲ့တဲ့အတောအတွင်း အဲ့နိုင်ငံက ရဟန်းသံဃာတော်တွေ ၀ီရိယ (အားထုတ်မှု) နည်းတာ
မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်။ အာပတ်ဖြေ ဒေသနာကြားပါဠိလေးတွေကိုတောင် အာဂုံ (အလွတ်) မကျက်ကြတော့လောက်တဲ့အထိပါဘဲ။
ပြောချင်တာက မြန်မာနိုင်ငံက ရဟန်းသံဃာတော်တွေ တကယ့်ကို ကြိုးကြိုးစားစား သင်ကြားမှု ကျင့်ကြံမှုတွေမှာ အားထုတ်ကြပါတယ်၊ သူများနိုင်ငံထက် အများကြီးသာတယ် ဆိုတာကို ပြောချင်တာပါ။ ဒါပေမဲ့ ထိရောက်မှု (သူများနိုင်ငံထက် အများကြီး) နည်းနေတာကို တွေ့ရပါတယ်။ လူတွေရဲ့ နှလုံးသားထဲကို ရင်ထဲကို ဦးဏှောက်ထဲကို ဘာသာရေးအဆုံးအမ ဘာသာရေးစိတ်ဓာတ် တစ်သက်လုံးကိန်းဝပ်သွားအောင် ဘာသာရေးကို တစ်သက်လုံးစွဲမြဲသွား အောင် မလုပ်နိုင်သေးပါဘူး။ မလုပ်နိုင်သေးပါဘူးဆိုတာထက် မလုပ်ဖြစ်သေးဘူး၊ မလုပ်ကြသေး ဘူး လို့ ပြောရင် လွန်သွားမလား မဆိုနိုင်ဘူး။
ဒါကလဲ ငယ်စဉ်ကလေးဘ၀တုန်းကကတည်းက သင်ကြားပြသပေးမှု နည်းခဲ့တာကိုး။
ဗုဒ္ဓဘာသာဝင်မိဘတွေက သူတို့ကလေးတွေကို ဘုရားရုပ်ပုံဆင်းတုတော်နဲ့ ဘုန်းကြီးကိုမြင်ရင် ဦးတော်လုပ်၊ သြကာသဆို၊ ဒါလောက်သင်ပေးနိုင်တာမို့လား။ ဘာကြောင့် ဦးတော်လုပ်ရတာလဲ၊ ဘာကြောင့် သြကာသဆိုရတာလဲဆိုတဲ့ ကလေးတွေရဲ့ စပ်စုမှုကို မိဘတွေ မဖြေနိုင်ကြဘူး။
ဒီလိုမျိုးအခြေအနေနဲ့ ကြီးပြင်းလာတဲ့ကလေးတွေဟာ ဘာသာရေးဘယ်လိုမှ အခြေမခိုင် နိုင်ပါဘူး။ အရွယ်ရောက်လာလို့ အခြားဘာသာဝင်တစ်ဦးဦးနဲ့ သူငယ်ချင်းဖြစ်ရင် ပေါင်းသင်းမိရင် အဲ့ဘာသာဝင်နောက် ပါသွားတော့တာပဲ။
ဒီတော့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေမှာ ကလေးတွေဘာသာရေးဗဟုသုတရဘို့
သူတို့နှလုံးသားထဲ ဘာသာရေး တံဆိပ်ခပ်နိုင်ဘို့ လိုအပ်နေပါတယ်။ ကွက်လပ်ကြီးဖြစ်နေတယ် ဆိုပါတော့။ ဒီကွက်လပ်ကြီးကို ဖြည့်ဆည်းဖို့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ဒို့မှာပဲ တာဝန်ရှိတယ်လို့ ခံစားမိတယ်။ မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေရဲ့ ရပ်ကွက်အသီးသီးမှာ ရပ်ကွက်ဓမ္မာရုံတွေရှိတာ သတိထားမိတယ်။ ရပ်ကွက်ဓမ္မာရုံတွေကို သော့ခတ်ထားတဲ့ရက်နဲ့ သော့ဖွင့်တဲ့ရက် ဘယ်ရက်က များမယ်လို့ ထင်ပါသလဲ။ သောခတ်ထားတဲ့ ရက်က များပါတယ်။ တံခါးပိတ်ထားတဲ့ရက်နဲ့ ဖွင့်တဲ့ရက် ဘယ်ရက်က များမယ်လို့ ထင်ပါသလဲ။
တံခါးပိတ်ထားတဲ့ရက်က များပါတယ်။
ဒီလို ဓမ္မာရုံတွေကို ပိတ်ထားတဲ့ တံခါးတွေကို အမြဲတမ်းဖွင့်ထားနိုင်အောင် ကြိုးစားရ ပါမယ်။ ဒီအတွက် သက်ဆိုင်ရာ ဓမ္မာရုံတာဝန်ခံ ဂေါပကကို စည်းရုံးရပါမယ်၊ စည်းရုံးနိုင်ရမယ်။ တနင်္ဂနွေလိုနေ့မျိုး၊ ဥပုသ်နေ့လိုနေ့မျိုးတွေမှာ ဓမ္မာရုံနဲ့ နီးစပ်ရာကျောင်းတွေက ဆရာတော်ထံ စာချဘုန်းကြီးလေးတွေ ဓမ္မာရုံကို စေလွှတ်ပေးဘို့ လျှောက်ထားပြီး ကလေးတွေကို စာသင်ပေးဘို့ လျှောက်ကြားရပါမယ်။
စာသင်တိုက်ဆရာတော် စာချဘုန်းကြီးများကလည်း ကန်တော့ပွဲပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ကလေးတွေကို စာသင်ပေးသင့်ပါတယ်။ ကန်တော့ပွဲပါမှ တရားဟောမယ်၊ တရားဟော တယ်ဆိုတဲ့ ဆရာ၊ ဒကာအမြင်တွေကို ဖျောက်သင့်ပါပြီ။ ဗုဒ္ဓဘာသာအဆုံးအမများကို ကျင့်သုံးဖြစ် လာအောင် ကျင့်သုံးချင်လာအောင် ရရာနည်းလမ်းနဲ့ မျိုးဆက်သစ်တွေရဲ့ ဦးဏှောက် အသွေး အသားထဲကို ထည့်သွင်းပေးသင့်ပါတယ်။
ဗုဒ္ဓဘာသာအဆုံးအမများကျင့်သုံးခွင့်မရလို့ တစ်နေ့ထက်တစ်နေ့ အပြောအဆို အမူ အကျင့်တွေ သိသိသာသာရိုင်းပြလာတာ အားလုံးအသိပါ။ ဒါနဲ့စပ်လို့ တွေ့ကြုံခဲ့တာလေးကို သတိရ မိလို့ ပြောပြပါရစေ။ တစ်နေ့သော မနက်ခင်း အရုဏ်ဆွမ်း (အာရုံဆွမ်း) ဘုဉ်းပေးပြီး ရန်ကုန်၊ စွယ်တော်ဘုရားနား သူငယ်ချင်းဦးဇင်းတစ်ပါးနဲ့ လမ်းလျှောက်ထွက်ဖြစ်ပါတယ်။ အတော်လေး လျှောက်လာပြီး ရှေ့ ဂိုက် ၁၀၀ ခန့်လောက်မှာ ဒကာမနှစ်ယောက် စကားများရန်ဖြစ်နေကြတာကို ခပ်သဲ့သဲ့ကြားရပါတယ်။ “လမ်းလျှောက်နေကြဆိုတော့ ဆက်လျှောက်မှပဲ၊ ဒို့ သူတို့နားရောက် သွားရင်တော့ စကားများ ရန်ဖြစ်နေတာ ရပ်တန်ကောင်းပါရဲ့” လို့ နှလုံးသွင်းပြီး လမ်းဆက်လျှောက် သွားဖြစ်ခဲ့ပါတယ်။ သူတို့အနီးနား ရောက်ခါမှ မကြားဝံ့မနာသာ ဆဲဆိုတာ ပိုတောင် ကျယ်လာ ပါသေးတယ်။
ဒါလေးက အသေးအဖွဲလေးဆိုပေမဲ့ စဉ်းစားရင် အတော်ရင်လေးစရာကောင်းလှပါတယ်။
ကိုရင်ဘ၀လောက် အချိန်တွေတုန်းကဆိုရင် (လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဆိုရင်) ဒကာတွေပဲ ဖြစ်ဖြစ်၊ ဒကာမတွေပဲဖြစ်ဖြစ် ရန်ဖြစ်စကားများနေတုန်း ရဟန်းသံဃာတစ်ပါးပါး သူတို့အနား ရောက်သွားရင် ရန်ဖြစ်နေတာ စကားများနေတာ ရပ်သွားလေ့ရှိပါတယ်။ ပြီးမှ သူတို့ ရန်ဖြစ် စကား များတာ ဆက်ဖြစ်ချင် ဆက်ဖြစ်တတ်ကြပါတယ်။ ဒါက ရဟန်းသံဃာကို ရိုသေသမှု ပြတာပဲ။ ရိုသေသမှုပြခြင်း တစ်မျိုးပဲ။
အခုတော့ ဒီလိုမဟုတ်ပြီ။ ရဟန်းသံဃာတော်တွေအပေါ် လေးစားမှု လျော့နည်းလာပြီ။
နောင်အနှစ် ၂၀ ဆို ဘယ်လိုဖြစ်ကုန်မလဲ၊ ရင်လေးစရာပင်။ ဒါမျိုးတွေကို သေချာလေ့လာပြီး
လွန်ခဲ့တဲ့အနှစ် ၁၀ နှစ်က အခြေအနေ၊ နှစ် ၂၀ က အခြေအနေတွေကို စစ်တမ်းကောက် သင့်ပါတယ်။ စာတမ်းရေးသင့်ပါတယ်။
ဒါနဲ့စပ်လို့ မလေးရှားက တရုတ်ဗုဒ္ဓဘာသာဝင်တွေ ပြုလုပ်လေ့ရှိတာကို အတုယူသင့် ပါတယ်။ အားကျဘို့ကောင်းပါတယ်။ မလေးရှားမှာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်ဆိုတာရှိပါတယ်။
တစ်နှစ်တစ်ခါ တရုတ်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို အစီရင်ခံစာတွေပို့ပေးလေ့ရှိပါတယ်။
ဥပမာ ဆိုကြပါစို့။ ၂၀၁၀ မှာ တရုတ်ထဲက ဗုဒ္ဓဘာသာကနေ ခရစ်ယန်ဘာသာကို ဘယ် နှစ်ဦးပြောင်းသွားတယ်။ ခရစ်ယန်ကနေ ဗုဒ္ဓဘာသာကို ဘယ်နှစ်ဦးပြောင်းလာတယ်။ ဗုဒ္ဓဘာသာ သေဆုံးသူဦးရေ ဘယ်လောက်၊ မွေးဖွားလာသူဦးရေ ဘယ်လောက်၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ဗုဒ္ဓ ဘာသာအခြေအနေ ဘယ်လို၊ အခု ဘယ်လို၊ ကျောင်းတွေ တိုးပွါးလာမှု၊ ဆုတ်ယုတ်မှု စသည် ဖြင့် အတက်အကျ အတိုးအဆုတ်ကို စနစ်တကျ ဇယားနဲ့ဖော်ပြပြီး ဘာ့ကြောင့် တိုးလာသလဲ၊ ဘာ့ကြောင့် ဆုတ်ယုတ်သွားသလဲလို့ အကြောင်းရှာကြပါတယ်။ ဗုဒ္ဓဘာသာတွေ့ဆုံပွဲတွေ ကျင်းပပြီး မိမိတို့ ပတ်ဝန်းကျင် အခြေအနေအရပ်ရပ်ကို တင်ပြကြပါတယ်။
ဒါမျိုးဒို့နိုင်ငံမှာလဲ လုပ်သင့်ပါတယ်။ လုပ်ရပါမယ်။ သံဃအဖွဲ့အစည်းအသီးသီးက အခြား အလုပ်တွေထက် ဒီအလုပ်ကိုအထူးအလေးပေးလုပ်ဆောင်ပေးသင့်ပါတယ်။
Tuesday, July 4, 2017
လက်တွဲညီညီ
တခါ ဒီလေးမျိုးကို အိမ်ထောင်ရှင် လင်မယားအကြားမှာလည်း ညီတူညီမျှ ကျင့်သုံးဖို့ ညွှန်ကြား ထားတာ လေ့လာတွေ့ရှိရပါတယ်။ အိမ်ထောင်ဆိုလို့ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာ လေးကို ပြောပြအုံးမယ်။
ဟိုတစ်နေ့က တရုတ်ဗုဒ္ဓဘာသာဝင်တစ်ဦးရောက်လာတယ်။ ဟိုအကြောင်း ဒီအကြောင်းစပ်စုပြီး
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်အကြောင်းကို မေးပါတယ်။ တချိန်တည်းမှာဘဲ ဒီနိဗ္ဗာန်ကို ရောက်ဖို့ ရဖို့ ခံစားရဖို့ တွေ့ကြုံရဖို့ ရဟန်းမဖြစ်မနေပြုရပါသလား။ ဗုဒ္ဓဘာသာရှုဒေါင့်က အိမ်ထောင်ပြုမှုအပေါ် ဘယ်လိုမြင်ပါသလဲလို့ ဆက်မေးပါတယ်။
အိမ်ထောင်ပြုခြင်း ဆိုတာ လူ့မှုလုပ်ငန်းတွေထဲက လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ ဒီအိမ်ထောင်ပြုခြင်း လို့ခေါ်တဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။
လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။
ဒါ့ကြောင့် လူတစ်ဦးတစ်ယောက်အိမ်ထောင်ပြုတာဟာ ကုသိုလ်၊ အကုသိုလ်နဲ့ မဆိုင်ပါဘူး၊ အိမ်ထောင်ပြုတာ ကောင်းတယ်၊ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ဒီထက်ရှင်းရှင်း ပြောရရင် အိမ်ထောင်ပြုတာဟာ ဘာသာရေးနဲ့လုံးဝ မပတ်သက်ပါဘူး။ အိမ်ထောင်ပြုတယ် မပြုဘူးဆိုတာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။ လူဖြစ်လာလို့ လူ့လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်လိုက်တာပါဘဲ။
ဗုဒ္ဓဘာသာက လူတစ်ဦးတစ်ယောက်ကို အိမ်ထောင်ပြုပါလို့လဲ မတိုက်တွန်းပါဘူး။ ဘုန်းကြီး၊ သီလရှင်ဝတ်ပါလို့လဲ မတောင်းဆိုပါဘူး။ ကိုယ်ဖြစ်ချင် လုပ်ချင်တဲ့အရာကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက် ချကာ ကိုယ်လုပ်တဲ့လုပ်ငန်းက ဖြစ်ထွန်းလာတဲ့ အကျိုးဆက်ကို ကိုယ်ကဘဲ တာဝန်ယူရတာ ဗုဒ္ဓဘာသာပါ။
ဒါပေမဲ့လဲ အိမ်ထောင်ရေးမှာ လောလောဆယ်ကျင့်သုံးနေတဲ့ တစ်လင် တစ်မယားဓလေ့ထုံးစံ၊ မယားပြိုင်ဓလေ့ထုံးစံတွေနဲ့ပတ်သက်လို့ ဘယ်ဓလေ့ထုံးစံကို ကျင့်သုံးရမယ်လို့ ဗုဒ္ဓဘာသာစာပေမှာ တိတိပပ မတွေ့ရပေမဲ့ တစ်လင်တစ်မယားစနစ်ကိုသာ ဦးစားပေးအကြံပြုထားတဲ့ သုတ္တန်တွေ အတော် တွေ့ရပါတယ်။
အိမ်ထောင်ကျပြီးသား အမျိုးကောင်းသား အမျိုးကောင်းသမီးဟာ တစ်ဦးအပေါ် တစ်ဦးသစ္စာရှိဘို့၊
မိမိလင်ယောက်ကျား (သို့) မိမိဇနီးမယားမှတပါး တခြားသူနဲ့ မကျူးလွန်ဘို့၊ မပစ်မှားဘို့ စတဲ့ ပျော်ရွှင် ချမ်းမြေ့တဲ့အိမ်ထောင်ရေးအတွက် အကြံပေးထားတာတွေ ရှိပါတယ်။
ဗုဒ္ဓစာပေတစ်နေရာမှာ “ကိုယ့်မိန်းမမှတစ်ပါး တခြားသောမိန်းမတွေနဲ့ ကျူးလွန်ဖောက်ပြန်တာဟာ
 စီးပွါးရေး လူမှုရေးစတဲ့လုပ်ငန်းတွေအဆင်မပြေမှုရဲ့  အဓိကတရားခံဘဲ” လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့်
လူသားတိုင်း ခါးဝတ်ပုဆိုးလို ခိုင်မြဲအောင်ကျင့်ဆောင်ရမည့် ငါးပါသီလထဲမှာ ဒီအိမ်ထောင်ရေး ဖောက်ပြန် မှုမှ ရှောင်ကြည်ရမဲ့သီလကို ထည့်သွင်းထားတာလို့ ယူဆနိုင်မယ်။
ဗုဒ္ဓဘာသာစာပေမှာအိမ်ထောင်ရှင်တွေအတွက် အကြံပြုထားတာတွေ လေ့လာဘူးပါတယ်။ ဒီဘ၀ မှာလည်း ပျော်ရွှင်ချမ်းမြေ့စွာ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းလိုလှတဲ့ နောင်ဘ၀မှာလည်း
ပြန်လည်ဆုံဆည်းလိုကြတဲ့ အိမ်ထောင်ရှင် ဇနီးမောင်နှံတို့ကို ဟောထားတဲ့ အကြံပြုချက်ကလည်း အစောက ပြောခဲ့တဲ့ အချက်လေးချက်ပါပဲ။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဇနီးမောင်နှံနှစ်ဦးက ဘုရားရှင်ကို လျှောက်ထားပါတယ်။ “ဒီဘ၀မှာလဲ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နဲ့ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းလိုလှတယ်။
နောင်ဘ၀မှာလဲ ပြန်လည်ဆုံဆည်းလိုလှတယ်။ ဒီအတွက်ကျင့်ဆောင်ရမဲ့နည်းလမ်းလေးရှိရင် ညွှန်ပြစမ်းပါ” တဲ့။
ဒီတော့ ဘုရားရှင်က ဒီအတွက် လိုက်နာရမည့် အချက် (၄) ချက်ရှိပါတယ်။ နံပါတ် (၁) အချက်က သမသီလ ဖြစ်တယ်လို့မိန့်ပါတယ်။ သမသီလဆိုတာ သီလ က အလေ့အကျင့်၊ ၀ါသနာ၊ သမ - တူညီတာ။
ဆိုတော့ သမသီလ ဆိုတာ အလေ့အကျင့် ၀ါသနာတူညီတာကို ပြောတာပါ။
လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်း ဆုံဘို့ အရေးအကြီးဆုံးအချက်က သမသီလ - အိမ်ထောင်ရှင် လင်မယားနှစ်ဦးစလုံး အလေ့အကျင့်၊ ၀ါသနာတူညီဘို့ပါဘဲ။
သမသီလဆိုတဲ့ပုဒ်ကိုဘဲ သီလ ကို သီလလို့ဘာသာပြန်ပြီး သမကို တူညီတာလို့ ဘာသာပြန် လိုက်မယ်ဆိုရင် တူညီသောသီလ လို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတော လင်မယားဖြစ်ပြီဆိုရင် သမသီလ - တူညီတဲ့သီလကို ဆောက်တည်ကျင့်သုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့ကြောင့် လင်ယောက်ကျားက ငါးပါး သီလဆောက်တည်တယ်ဆိုရင် ဇနီးမယားကလဲ ငါးပါးသီလပဲ ဆောက်တည်ရပါတယ်။ ဒီလိုဘဲ၊ တစ်ယောက်က ရှစ်ပါးသီလဆို နောက်တစ်ယောက်က ရှစ်ပါးသီလ ဆောက်တည်ရပါတယ်။ ဒါကို သမ သီလ - တူညီတဲ့သီလ လို့ပြောတာ။ ဒီလို တူညီတဲ့သီလကို ဆောက်တည်မှသာ ဒီဘ၀မှာ ပျော်ရွှင်ချမ်းမြေ့ တဲ့ အိမ်ထောင်သည်ဘ၀ပိုင်ရှင်တွေဖြစ်လာမှာ ဖြစ်ပြီး အိုအောင်မင်းအောင် ပေါင်းဆုံရမှာပါ။
အဲ့လိုမဟုတ်ဘဲ တစ်ယောက်က ငါးပါးသီလကိုစောင့်သုံးပြီး တစ်ယောက်က ရှစ်ပါးသီလကို စောင့်သုံးတယ်ဆိုရင် သမသီလ - တူညီတဲ့သီလ မရှိတော့ပါဘူး။ ဒါ့ကြောင့် ညနေစာစားဘို့ကိစ္စတွေလဲ မတူညီနိုင်တော့ဘူးပေါ့။ မတူညီတော့ ပျော်ရွှင်မှု အပြည့်အ၀ အဘယ်မှာ ရနိုင်မလဲ။ ဒီထက်ဆိုးတာက ဗြဟ္မစရိယ၊ အဗြဟ္မစရိယကိစ္စတွေ။ ဆိုတော့ ဘုရားရှင်ဟောကြားခဲ့တဲ့ လင်မယားကြား သမသီလ - တူညီတဲ့သီလရှိရမယ်ဆိုတာ အတော်ခရီးရောက်လှပါတယ့်။
ဒါတင်မကသေးဘူး၊ နောင်ဘ၀မှာလဲ ဒီဇနီးမောင်နှံက ပြန်လည်ဆုံဆည်းချင်တာဆိုတော့ ဒီသမ သီလ - တူညီတဲ့သီလစောင့်ထိန်းမှုက အရေးပါနေပြန်ပါတယ်။ ဗုဒ္ဓဘာသာမှာ နတ်ပြည်က ခြောက်ထပ် ရှိတာမို့လား။ ဒီလင်ဒီမယား တူညီတဲ့သီလစောင့်ထိန်းမှုရှိမှသာ နောင်ဘ၀မှာ နတ်ပြည်များရောက်ခဲ့ရင် နတ်ပြည်တစ်ထပ်တည်းမှာ နတ်သားနတ်သမီးဖြစ်မှာမို့လား။ အဲ၊ တစ်ယောက်က ငါးပါးသီလစောင့်ထိန်းပြီး
တစ်ယောက်က ရှစ်ပါးသီလစောင့်ထိန်းတယ်ဆိုရင် နတ်ပြည်ခြောက်ထပ်မှာ ငါးပါးသီလစောင့်ထိန်းသူက အဆင်းနိမ့်တဲ့နတ်ပြည်မှာ နတ် သွားဖြစ်ပြီး ရှစ်ပါးသီလစောင့်ထိန်းသူက အဆင့်မြင့်တဲ့ နတ်ပြည်မှာ နတ် သွားဖြစ်မှာပေါ့။ ဒီတော့ ဘယ်လိုလုပ် နောင်ဘ၀မှာ ပြန်လည်ဆုံဆည်းနိုင်မလဲ။ ဒါ့ကြောင့် ဒီဘ၀မှာတင် မက နောင်ဘ၀မှာပြန်လည်ဆုံဆည်းလိုရင် သမသီလရှိရမယ်လို့ ဘုရားရှင်ဟောခဲ့တာလို့ ယူဆမိပါတယ်။
ဒီလင် ဒီမယားသက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းဆုံဘို့ အရေးကြီးတဲ့ နောက်အချက် တစ်ချက်က သမသဒ္ဓါ - ယုံကြည်မှု တူညီရပါမယ်။ သဒ္ဓါ - ယုံကြည်မှု၊ သမ - တူညီတာ၊ ဆိုတော့ သမသဒ္ဓါ ဆိုတာ ယုံကြည်မှုတူညီတာကို ပြောတာ။
တကယ်ပျော်ရွှင်တဲ့ အိမ်ထောင်သည်တွေဖြစ်ဖို့ သက်ဆုံးတိုင်အိုအောင်မင်အောင် ပေါင်းဆုံဘို့ အတွက် နိုင်ငံရေးယုံကြည်ချက်တွေ၊ စီးပွါးရေးယုံကြည်ချက်တွေ လူမှုရေးယုံကြည်ချက်တွေ စတဲ့လောကီ ရေးရာအဖြာဖြာမှာ လင်မယားနှစ်ဦးစလုံး ယုံကြည်ချက်တူညီရပါမယ်။ ဒီလိုယုံကြည်ချက်တူညီမှသာ လင်မယား ပြုံပျော်ရွှင်စွာ သက်ဆုံးတိုင်အိုအောင်မင်းအောင် ပေါင်းဆုံနိုင်မှာပါ။
နိုင်ငံရေးကိစ္စပဲ ဆိုပါစို့။ တစ်ယောက်က ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို ကြိုက်ပြီး တစ်ယောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကြိုက်တယ်ဆိုရင် ဒီလိုအကြိုက်ချင်းမတူတဲ့ လင်မယား ကြား အမြဲတမ်းငြင်းခုံမှုတွေ တိုးပွါးပြီး လင်မယား ကွဲသွားနိုင်ပါတယ်။ အိုအောင်မင်အောင် ပေါင်းဆုံဘို့ မလွယ်ပါဘူး။ အိုအောင် မင်းအောင်ပေါင်းဆုံရသည်ထားဦး၊ လင်မယားကြား ပျော်ရွှင်မှုတော့ အပြည့်အ၀ ရမှာ မဟုတ်တော့ပါဘူး။
ယုံကြည်မှုတူညီတာနဲ့ပတ်သက်လို့ ဒီထက်အရေးကြီးတာက ဘာသာရေးယုံကြည်မှုတူညီဘို့ဘဲ။ ဘာသာအယူတူညီဘို့ပဲ။ ဘာသာရေးမှာ တူညီတဲ့ယုံကြည်မှုရှိမှသာ ဒီလင် ဒီမယား ပျော်ပျော်ရွှင်ရွှင် ချမ်း ချမ်း မြေ့မြေ့ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းဆုံနိုင်မှာပါ။ တစ်ယောက်က ဗုဒ္ဓဘာသာကို ယုံကြည် တယ်ဆိုရင် ကျန်တစ်ယောက်က ဗုဒ္ဓဘာသာကို ယုံကြည်တဲ့သူဘဲ ဖြစ်သင့်ပါတယ်။ အဲ့လိုမဟုတ်ဘဲ တစ်ယောက်က မွတ်စလင်ဘာသာဝင်ဖြစ်ပြီး တစ်ယောက်က ဗုဒ္ဓဘာသာဝင်ဆိုရင် အိမ်ထောင်ရေး သာယာ ဘို့ မလွယ်ပါဘူး။
ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့သူက ဘုရားဆင်းတုတော်အိမ်မှာထား ကိုးကွယ်းချင်တယ်။ သောက်တော်ရေ၊ ပန်းစသည်ကပ် လှူဒါန်းချင်တယ်။ မွတ်စလင်ဘာသာဝင်ဖြစ်တဲ့သူက ဒါကို လက်ခံမှာ မဟုတ်ပါဘူး။
မွေးလာတဲ့ခလေးအတွက်ရော၊ ဗလီကို ပို့ရမှာလား။ ဘုန်းကြီးကျောင်းပို့ ရှင်ပြုပေးရမှာလား။ ဘာသာရေး ယုံကြည်ချက်မတူတဲ့သူတွေ အိမ်ထောင်ကျပြီဆိုရင် ပြဿနာတွေ အများကြီး တက်လာနိုင်ပါတယ်။ ဒါတင်မကပါဘူး။ နောင်ဘ၀မှာလဲ ပြန်လည်ဆုံဆည်းလိုတဲ့ ဒီလင် ဒီမယားအတွက် ဒီသမသဒ္ဓါလို့ဆိုတဲ့ ယုံကြည်မှုတူညီရမယ်ဆိုတဲ့အချက်ဟာ အင်မတန်အရေးကြီးပါတယ်။
လောကကြီးထဲမှာ ဘာသာတရားအသီးသီးရှိကြတယ်ဆိုပေမဲ့ အမှန်တရားဟာ တစ်ခုသာရှိတယ် ဆိုရင် ဘာသာမတူဘဲ အိမ်ထောင်ပြုထားတဲ့လင်မယားနှစ်ဦး၊ ကွယ်လွန်တဲ့အခါ ယေဘုယျအားဖြင့် မှားတဲ့ ဘာသာအယူရှိတဲ့သူက ငရဲပြည်သွားရမှာဖြစ်ပြီး မှန်တဲ့ဘာသာအယူရှိတဲ့သူက ကောင်းတဲ့ဘုံသွားရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘာသာရေးမှာ ယုံကြည်မှုမတူတဲ့သူကို အိမ်ထောင်ပြုရင် နောင်ဘ၀ပြန်လည် မဆုံ ဆည်းနိုင်တော့ပါဘူး။ ဘုရားရှင်က ဒါကို မြင်လို့ နောင်ဘ၀မှာလဲ ဒီလင် ဒီမယားပြန်လည်ဆုံဆည်းချင် သေးသပ ဆိုရင်သမသဒ္ဓါ - ယုံကြည်မှုတူညီကြပါ လို့ပြောတာပါ။
ပျော်ရွှချမ်းမြေ့စွာ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းနိုင်ဘို့ အိမ်ထောင်သည်တို့ နောက်ထပ် လိုက်နာရမည့်အချက်က သမစာဂပါ။ စာဂ - ထောက်ပံ့မှု၊ ပေးကမ်းမှု၊ လှူဒါန်းမှု၊ သမ - တူညီတာ။ ဆိုတော့ သမစာဂဆိုတာ ထောက်ပံ့မှုတူညီ၊ ပေးကမ်းမှုတူညီတာ၊ လှူဒါန်းမှုတူညီတာကို ပြောတာပါ။
အိမ်ထောင်ကျလို့ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် မိဘနှစ်ဦးသာ ရှိရာက သူ့ဘက်က မိဘ နှစ်ဦး၊ ကိုယ့်ဘက်က မိဘနှစ်ဦးဆိုပြီး မိဘက လေးဦးဖြစ်လာပါတယ်။ မိဘလေးဦးဖြစ်လာသလို
သူ့ဘက် ကိုယ့်ဘက် ညီအစ်ကို မောင်နှမ၊ သူ့ဘက် ကိုယ့်ဘက် ဆွေမျိုး၊ သူ့ဘက်ကိုယ့်ဘက် သူငယ်ချင်းဆိုပြီး အသိုင်းအ၀ိုင်းလည်း တိုးပွါးလာပါတယ်။
ဒီလို သူ့ဘက်ကိုယ့်ဘက် ရှိလာတဲ့ တိုးပွါးလာတဲ့ အသိုင်းအ၀ိုင်းကို ထောက်ပံ့တဲ့နေရာမှာ တူညီမှုရှိရပါမယ်။ သို့မှသာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်သည်တွေဖြစ်လာမှာ ဖြစ်ပြီး သက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းဆုံရမှာပါ။
ဟိုတလောက စင်္ကာပူက ဇနီးမောင်နှံအကြောင်းကြားလိုက်ပါသေးတယ်။ ဇနီးလုပ်တဲ့သူက သူ့မိဘတွေကိုတော့ စင်္ကာပူကို အကြာကြီး ခေါ်ထားပြီး ခင်ပွန်းဖြစ်သူရဲ့ မိဘတွေ တစ်ပတ်လောက် လာလည်တာကိုကြတော့ ဆောင့်ကြီးအောင့်ကြီးနဲ့ မကြည်မဖြူဆက်ဆံတာကို တွေ့ရကြောင်း ကြားရပါ တယ်။
စာရေးသူနဲ့ သိတဲ့ ဇနီးမောင်နှံစုံတွဲတစ်တွဲလည်း ဒီလိုပါဘဲ။ သူ့တူလေး ၁၀ တန်းအောင်တော့ ၀ယ်ပေးလိုက်တဲ့ပစ္စည်း လစာ တစ်လစာနဲ့တောင် မလောက်ဘူးတဲ့။ ကိုယ့်တူ ၁၀ တန်းအောင်လို့
အ၀တ်အစားလေး တစ်စုံဝယ်ပေးတာကို ဒီနေ့အထိ ဇနီးဖြစ်သူကပြောလို့မပြီးသေးဘူးလို့ ခင်ပွန်းဖြစ်တဲ့ သူက ပြောဘူးပါတယ်။
ဒါတွေဟာ သူ့ဘက် ကိုယ့်ဘက် မကြည့်တတ်တာပါ။ သူ့ဘက်ကိုယ့်ဘက် ထောက်ပံ့မှု မတူညီတာပါ။ ဒီလို ထောက်ပံ့မှုမတူညီရင် ဒီလင် ဒီမယား သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းဆုံရဘို့ မလွယ်ကူပါဘူး။ သက်ဆုံးတိုင် ပေါင်းဆုံရသည်ထား၊၊ (မတတ်သာလို့သာ မျိုသိပ်အောင့်အီး သည်းခံနေရ တာ ဖြစ်တဲ့အတွက်) ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်မှာ မဟုတ်ပါဘူး။
ဒါတင်မကပါဘူး။ သမစာဂဆိုတဲ့ ပုဒ်မှာပါတဲ့ စာဂ ဆိုတဲ့စကားလုံးကို ပေးကမ်းလှူဒါန်းမှုလို့လည်း ဘာသာပြန်ရပါတယ်။ စာဂနဲ့ ဒါန အဓိပ္ပါယ်တူပေါ့။ ဆိုတော့ ပေးကမ်းလှူဒါန်းတဲ့နေရမှာလဲ တူညီဘို့ သမစာဂဖြစ်ဖို့ လိုအပ်ပါတယ်။ ပေးကမ်းလှူဒါန်းတဲ့နေရာမှာ လင်ရော မယားပါ စိတ်တူ ကိုယ်တူ လှူဒါန်း သင့်ပါတယ်။ လင်က သိန်းတစ်ရာလှူဒါန်းလိုပေမဲ့ မယားစိတ်ပါမှ လှူဒါန်းတာ အကောင်းဆုံးပါဘဲ။ ဒီလို လင်ရော မယားပါ စိတ်တူ ကိုယ်တူ အလိုတူလှူဒါန်းပါမှ(အထက်တစ်နေရာမှာ ပြောခဲ့သလို)
တူညီတဲ့အကျိုးတရားတွေ ရမှာဖြစ်တဲ့အတွက် ဖြစ်လေရာဌာန၊ ဖြစ်လေရာဘ၀မှာ တစ်နေရာတည်း တစ်ဘ၀တည်းမှာဖြစ်ပြီး ပြန်လည်ဆုံစည်းရမှာပါ။
ပျော်ရွှချမ်းမြေ့စွာ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းနိုင်ဘို့ အိမ်ထောင်သည်တို့ လိုက်နာရမည့်နောက်ဆုံးအချက်က သမပညာ ဖြစ်ဖို့လိုပါတယ်။ သမပညာမှာ ပညာကို အသေးစိတ်သိခြင်း လို့ ဘာသာပြန်ဆိုကြပါတယ်။ Knowing in detail ပေါ့။ (ပ - အသေးစိတ်၊ ညာ - သိခြင်း) သမ ကတော့ တူညီတာ။ ဒါ့ကြောင့် သမပညာ - အသေးစိတ်သိမှု တူညီတာ။ အသေးအဖွဲကိစ္စလေးတွေကအစ သိတဲ့နေရာမှာ တူညီနေရမယ်။
ဆိုလိုတာက လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာ လင်လုပ်တဲ့စီးပွါးရေး စတာတွေကို မယားသိပိုင်ခွင့် ရှိရပါမယ်။ သိနေရပါမယ်။ ဒီလိုဘဲ။ မယားသွားတဲ့နေရာ၊ မယားစားတဲ့အစားအစာ၊
မယားလုပ်တဲ့စီးပွါးရေး စတာတွေကို လင်လုပ်တဲ့သူက သိကို သိနေရပါမယ်။ လင်နဲ့မယားကြားမှာ လျှို့ဝှက်ချက်ဆိုတာ မထားရပါဘူး။ လင်နဲ့မယားကြား လျှို့ဝှက်ချက်ထားရင် ပေါက်ကြားလာတဲ့တစ်နေ့
ပြဿနာ စတက်တော့တာပါဘဲ။ လျှို့ဝှက်ချက်ထားတဲ့သူအပေါ်မှာ ယုံကြည်ဘို့မလွယ်တော့ပါဘူး။ နောက်ဘယ်လောက်ကြီးဘဲ ကောင်းတာကိုလုပ်လုပ် မှန်မှန်ကန်ကန်လုပ်လုပ် တစ်ခါ မရိုးသားခဲ့တဲ့အတွက် ယုံကြည်မှုရဘို့ရန် ခဲရင်းပါတယ်။ လင်မယားကြား ဒီလို ယုံကြည်မှုမရှိတော့ဘူးဆိုရင် ဒီလင် ဒီမယား ဘယ်လိုလုပ် ပျော်ရွင်မှု ချမ်းမြေ့မှု သာယာမှု အပြည့်အ၀ ရနိုင်တော့မလဲ။
ဒါ့ကြောင့် လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင် အိုအောင် မင်းအောင်ပေါင်းဆုံဘို့ နှစ်ကိုယ်ကြား လျှို့ဝှက်ချက်လုံးဝမထားဘဲ အစစအရာရာမှ တူညီတဲ့အသိ၊ တူညီတဲ့ သိခြင်း ရှိနေရပါမယ်။
ဒီ သမပညာဆိုတဲ့အချက်ကို ပညာကို ပညာလို့ပဲ ဘာသာပြန်ပြီး သမ ကို တူညီတာလို့ ဘာသာပြန် ကြည့်ရအောင်။ အိမ်ထောင်ပြုလိုတဲ့သူတွေ သမပညာလို့ခေါ်တဲ့ ပညာတူညီဘို့လဲ လိုအပ်ပါတယ်။ ပညာဆို တဲ့နေရာမှာ တက္ကသိုလ်က ပေးလိုက်တဲ့အတတ်ပညာကိုသာ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ပိုင် အသိပညာကလည်း ပညာပါပဲ။
 အစပထမတော့ အချစ်မှာ မျက်စိမရှိဆိုတဲ့ ဆိုရိုးကို လက်ကိုင်ပြုပြီး မိုးမမြင်လေမမြင်နဲ့ ချစ်လို့ ယူလိုက်ကြတာပါဘဲ။ အိမ်ထောင်ကျပြီးကာမှ ဇနီး (သို့) ခင်ပွန်းလုပ်တဲ့သူက ပွဲနေပွဲထိုင် မ၀တ်တတ်တဲ့၊ မစားတတ်တဲ့၊ မသွားတတ်တဲ့၊ မပြောတတ်တဲ့ လူကြားသူကြား မနေတတ်တဲ့ အိမ်ထောင်သည်တွေ တွေ့ဘူးမှာပေါ့။ လင်မယားကြား Education Gap နဲ့ Intellectual Gap ကွာဟလွန်းအားကြီးရင်လဲ
အပြည့်အ၀ ပျော်ရွှင်မှု မရနိုင်ပါဘူး။
လောကုတ္တရာရေးရာမှာလဲ ပညာနဲ့ပတ်သက်ပြီးတူညီရပါမယ်။ ဒါနရေးရာ ဒါနအသိပညာ၊ သီလရေးရာ သီလအသိပညာ၊ ဘာဝနာရေးရာ ဘာဝနာအသိပညာတွေမှာ တူညီရပါမယ်။ ဒါမှသာ ဒီလင်ဒီမယား ဒီဘ၀မှာ ပေါင်းဆုံရရုံတင်မကဘဲ ဖြစ်လေရာဘုံဘ၀မှာ (ဘုရားအလောင်းတော်တို့လို)
အတူတကွ ပေါင်းဆုံရပြီး ပါရမီဖြည့်ဘက်တွေ ဖြစ်နေမှာပါ။
Monday, July 3, 2017
လူရာဝင်ဘို့
Add caption
ဆွမ်းတော့ဘုဉ်းပေးပြီးသွားပြီ ဒကာ၊ သီလပေး အနုမောဒနာတရားချီးမြှင့်ရအုံးမယ်။ ၁၀ မိနစ်လောက် တရားနာယူလိုက်ကြအုံး။ နို့ နေပါဦး၊ ဒီနေ့ ဆွမ်းပင့်ကပ်တာက ဘာအတွက် ကပ် တာလဲ ဒကာရဲ့။ ဘာအတွက်ကပ်တယ်ဆိုတာသိမှ အနုမောဒနာတရားဟောရတာ အဆင်ပြေ မယ်မို့လား။
တပည့်တော် မွေးနေ့ပါဘုရား
ဒကာ့အသက် ဘယ်လောက်ရှိသွားပြီလဲဟဲ့
တပည့်တော်အသက် လေးဆယ်ပြည့် မွေးနေ့ပါဘုရား။
ဒီလိုဆို ဒကာ့အသက်က ဦးဇင်းအသက်နဲ့ သိပ်မကွာဘူးပဲဟ။
ဦးဇင်းအသက်က ဘယ်လောက်မို့လဲဘုရာ့။
၄၀ ထဲမှာပဲ ဒကာ
အော်၊ တပည့်တော်က တပည့်တော်ထက် အတော်ငယ်မယ်ထင်နေတာ၊ ဦးဇင်းသက်တော် ကို ၃၀ လောက်ပဲ ထင်နေတာဘုရား..။
ဦးဇင်းအသက်ကို ဒကာခန့်မှန်းတာက ကြီးနေသေးတယ်၊ ဟိုနေ့က မလေး-တရုတ်ကပြား ဒကာမတစ်ယောက်ကျောင်းလာတယ်၊ သူက ဦးဇင်းအသက်ကို ၂၆ နှစ် လောက်ပဲ ထင်နေတာ ဒကာရဲ့။ ဒါတွေထားပါတော့လေ။ အနုမောဒနာတရား ဟောကြပါစို့။
အများပြောနေတဲ့စကားကို ယူပြောရရင် အခုဒကာ့အသက် ၄၀ ပြည့်ပြီဆိုတော့ ဘ၀စပြီ ပေါ့။ လူရယ်လို့ဖြစ်လာပြီဆိုရင် လူရာဝင်ဘို့ လိုပါတယ်။ လူရာဝင်ဘို့ ကြိုးစားရပါမယ်။ ကျောင်း သားအရွယ်မှာ ကျောင်းစာတော်ရင် အဲ့ကျောင်းသားဟာ ကျောင်းစာသင်ခန်းထဲမှာ လူရာဝင်တော့ တာပါပဲ။ ကျောင်းပြီးလို့ ဘွဲ့ရတဲ့အခါ စီးပွါးရှာတဲ့အရွယ်ရောက်လာပြန်တော့လည်း ပိုက်ဆံများများ ရှာနိုင်တဲ့သူဟာ လူရာဝင်တော့တာပါပဲ။
ဒကာ့အသက် ဒီနေ့ ၄၀ ပြည့်ပြီဆိုတော့ လူရာဝင်ဘို့အတွက် ကျောင်းစာတော်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ပိုက်ဆံများများရှာနိုင်ရုံနဲ့ မလုံလောက်တော့ပါဘူး။ အသက် ၄၀ ကျော် လာသူအဖို့ လူရာသူရာဝင်ဘို့အတွက် နံပါတ် (၁) သဒ္ဓါသမ္ပဒါ - သဒ္ဓါတရားနဲ့ပြည့်စုံရပါမယ်။ သဒ္ဓါ တရားနဲ့ပြည့်စုံရမယ်ဆိုတာ ယုံကြည်မှုနဲ့ ပြည့်စုံရမယ်လို့ ပြောတာပါ။ ယုံကြည်မှုဆိုတာ ဘုရား၊ တရား၊ သံဃာ - ရတနာသုံးပါးယုံကြည်မှုကို ပြောတာပါ။ ဆိုတော့ သဒ္ဓါသမ္ပဒါ - သဒ္ဓါတရားနဲ့ပြည့် စုံရမယ်ဆိုတာကို တိုက်ရိုက်နားလည်အောင် ပြောပြရမယ်ဆိုရင် ဘာသာရေးကိုင်းရှိုင်းရမယ်လို့ ပြောတာပါ။
ဟုတ်ပါတယ်။ အသက် ၄၀ အောက်အရွယ် အသက် ၃၀၊ ၂၀ အရွယ်တွေမှာတုန်းက ဘာသာရေးမကိုင်းရှိုင်းတာ၊ ဘာသာရေးလုပ်ငန်း မလုပ်တာ၊ ဘာသာရေးအခန်းအနား၊ ဘာသာ ရေးပွဲတွေမှာ ထဲထဲဝင်ဝင်မလုပ်တာ သိပ်မသိသာသေးပါဘူး။ ပတ်ဝန်းကျင်က သိပ်သတိမထားမိ သေးပါဘူး။
အဲ၊ အသက် ၄၀ ပြည့်လို့ ကျော်လာပြီဆိုရင်တော့ ဘာသာရေးလုပ်ငန်းတွေ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သင့်ပါတယ်။ သို့မှသာ ကိုယ့်ဝန်းကျင် လူ့အဖွဲ့အစည်းက ကိုယ့်ကို အသိအမှတ်ပြုလာပြီး ကိုယ့်ကို လူစာရင်း သူစာရင်းထဲ သွင်းပေးမှာပါ။ ကိုယ်က လူရာသူရာ ၀င်လာမှာပါ။
အသက် ၄၀ ကျော်လာသူအဖို့ လူရာသူရာဝင်ဘို့အတွက် နံပါတ် (၂) ဖြည့်ကျင့်ရမှာက သီလသမ္ပဒါ - သီလနဲ့ ပြည့်စုံရမယ်တဲ့။ သီလဆိုရာမှာ များများစားစားမဟုတ်တောင် အခြေခံ ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းဖို့ပါပဲ။ အခြေခံကျင့်ဝတ်ဖြစ်တဲ့ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့အိမ်ယာပြစ်မှားခြင်း၊ သူ့လိမ်ပြောခြင်း၊ အရက်သောက်၊ ဘိန်းရှူ၊ ဖိုးထိုးခြင်းတို့မှ
ရှောင်ကြဉ်ခြင်းလို့ ဆိုတဲ့ ဒီငါးပါးသီလမှ မလုံခြုံဘူးဆိုရင် ထိုအသက် ၄၀ ကျော်လာသူကို အဖက်လုပ်ချင်တဲ့သူ နည်းပါးမှာပါ။ ထိုသူဟာ တဖြေးဖြေး လူ့အဖွဲ့အစည်း အပြင်ဘက်ရောက် သွားပြီး လူရာသူရာ ၀င်နိုင်မယ် မဟုတ်တော့ပါဘူး။
လူရာသူရာဝင်ဘို့ နံပါတ် (၃) ဖြည့်ကျင့်ရမှာက စာဂသမ္ပဒါ - ထောက်ပံ့မှုနဲ့ ပြည့်စုံရမယ်တဲ့။ ပြည့်စုံတဲ့ထောက်ပံ့မှုရှိရမယ်ပေါ့။ အိမ်ထောင်သည်တွေအဖို့ ဇနီးမယား သမီးသားတွေကို ထောက် ပံ့ရမယ်။ အိမ်ထောင်မရှိသူအဖို့ မိဘတွေကို ထောက်ပံ့ရမယ်။ ဒီလိုထောက်ပံ့မှာသာ ပတ်ဝန်းကျင်က လူကောင်း သူကောင်းသတ်မှတ်မှာ ဖြစ်ပြီး လူရာသူရာသွင်းမှာပါ။ ဒီလိုမျိုး မထောက်ပံ့ပဲ ဇနီးမယား သမီးသားတွေကို မိဘတွေကို ပစ်ထားလိုက်မယ်ဆိုရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ထိုသူ့ကို လူကောင်း သူကောင်းအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။
လူရာသူရာဝင်ဖို့ နောက်ဆုံး နံပါတ် (၄) အချက်က ပညာသမ္ပဒါတဲ့။ အသိဥာဏ်ပညာ အတွေးအခေါ် ဗဟုသုတရှိရမယ်ပေါ့။ အသက်ကြီးလာပြီး အသိဥာဏ်မရင့်ကျက်ပဲ ကလေးကုလား လို ပြုမူ ပြောဆို ကြံစည်နေမယ်ဆိုရင်လည်း လူရာသူရာ မ၀င်နိုင်ပါဘူး။ လူရာသူရာဝင်ဖို့ အတွက် ဒီအချက်လေးချက်ကို လိုက်နာကျင့်သုံးစေချင်ပါတယ်။
ဒီအချက်လေးချက်ကို ဦးဇင်းတို့ဘုရားရှင်က နေရာအတော်များများမှာ ဟောကြားပေးထား တာ တွေ့ရလို့ပါ။ ဒီအချက်လေးချက်နဲ့ပတ်သက်လို့ (ဘယ်ဘာသာဝင်မဆို ဘာလူမျိုးမဆို အသက် ကြီးလာလို့ အသိဝင်လာတာနဲ့) လူသားတွေ ပထမဆုံးလိုလားတောင့်တာတာက ပိုက်ဆံချမ်းသာ ချင်တာတဲ့ (ဘောဂါ မေ ဥပ္ပဇ္ဇန္တု)။
လူဟာ ပိုက်ဆံရှိလာပြီဆိုရင် ပိုက်ဆံရှိရုံနဲ့ မပြည့်စုံသေးပါဘူး။ မလုံလောက်သေးပါဘူး။ ထပ်ပြီး လိုလားတောင့်တပါတယ်။ ဒုတိယထပ်ပြီး လိုလားတောင့်တာတာက သူငယ်ချင်းအပေါင်း အသင်း၊ ဆွေးမျိုးဥာတကာ၊ အခြံအရံ အသိုင်းအဝိုင်းနဲ့ တင့်တောင့် တင့်တယ်နေချင်လာတယ်တဲ့ ။ (ယသော မေ အာဂစ္ဆတု)
လူတစ်ယောက်ဟာ ပိုက်ဆံလည်း ရှိလာပြီ၊ အသိုင်းအဝိုင်းလည်း တောင့်လာပြီဆိုရင် အသက်ရှည်ရှည် နေချင်လာပါတယ်။ မသေချင်ကြတော့ဘူး။ ဟုတ်ပါတယ်။ စီးပွါးရေးအဆင်မပြေ တဲ့ သူတွေကတော့ သေသွားအေးတာပဲဆိုပြီး တခါတရံ သေချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။
ဒါ့ကြောင့် ပိုက်ဆံရှိ ချမ်းသာပြီး အသိုင်းအဝိုင်းတောင့်တင်းသူအဖို့ တတိယလိုလား တောင့်တတာ က စိရံ ဇီဝါမိ ဒီဃမာယုံ ပါလေမိ - အသက်ရှည်ရှည် နေပါရစေတဲ့။
လူဆိုတာ သေမျိုးပဲ။ ဘယ်လောက်ပဲ အသက်ရှည်ရှည်နေရ နေရ၊ အချိန်တန်ရင် သေကြရမှာ။ အဲ့လိုသေတဲ့အခါမှာလည်း ကောင်းတဲ့ဘုံဘ၀ကို ရောက်ချင်ကြတယ်။ ဒါ့ကြောင့် စတုတ္ထမြောက်နောက်ဆုံးလိုလားတောင့်တတာက သုဂတိံ သဂ္ဂံ ဥပပဇ္ဇာမိ - သေတဲ့အခါမှာလည်း ကောင်းရာသုဂတိ လားပါရစေတဲ့။ ဒီလေးမျိုးကို ဘယ်လိုလူမျိုးမဆို ဘယ်ဘာသာဝင်မဆို လိုချင်ကြတယ်၊ လိုလားတောင့်တကြတယ်တဲ့။
ဗုဒ္ဓဘာသာစာပေမှာ ဒီလေးမျိုးကိုလိုချင်တယ်ဆိုရင် အစောကပြောခဲ့တဲ့ အချက်လေးချက် လိုက်နာကျင့်သုံးရပါတယ်။
၁။ ဘာသာတရားကိုင်းရှိုင်းရမယ်၊
၂။ အခြေခံငါးပါးသီလ လုံခြုံရမယ်၊
၃၊ တာဝန်ဝတ္တရားရှိသည့်အားလျှော်စွာ ထောက်ပံ့ရမည့်သူကို ထောက်ပံ့ရမယ်၊
၎။ အသိဥာဏ်ပညာ ဗဟုသုတ ပြည့်စုံကြွယ်ဝရမယ်။
ဒါ့ကြောင့် ဒီအချက် ၄ ချက်ကို လိုက်နာကျင့်သုံးနိုင်တယ်ဆိုရင် လူရာသူရာ ၀င်သူ တစ်ယောက် ဖြစ်လာနိုင်ပါတယ်။