Friday, June 30, 2017

ညီမျှနေဘို့

နတ်သားက ဘုရားရှင်ကို မေးတဲ့နံပါတ် (၃) မေးခွန်းက ကိံသု နရာနံ ရတနံ - အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။ လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။
အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း ဒီနတ်သားမေးတဲ့ မေးခွန်းကို ဒကာကြီးတစ်ဦးကို မေး ကြည့်တော့ ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရားလို့ ဖြေပါတယ်။ သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင် တွေအတွက်တော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမဲ့ နတ်သားမေးတဲ့ မေးခွန်းမှာပါတဲ့ လူဆိုတာ ဗုဒ္ဓဘာသာဝင် တွေကိုသာ ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြားဘာသာဝင်တွေလဲ ပါပါတယ်။ လူသားအားလုံးကို ရည်ညွှန်းတယ်လို့ ဆိုရမှာပါ၊ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အဲ့ဒီအခြားဘာသာဝင်တွေ အတွက် ဘုရား တရား သံဃာကို ရတနာလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရမလဲ။ ဆိုတော့ ရတနာဆိုတာ အများနဲ့သက်ဆိုင်တဲ့ လူသားအားလုံးရဲ့ ရတနာဖြစ်ရပါမယ်။ “လူသားအားလုံးတို့၏ ရတနာသည် အဘယ် အရာဖြစ်ပါသနည်း” ပေါ့။
ဘုရားရှင်ရဲ့ အဖြေက ပညာ နရာနံ ရတနံ - ပညာသာ လူတွေရဲ့ ရတနာဖြစ်ပါတယ်တဲ့။ ဟုတ်ပါ တယ်၊ ပညာဟာ ဘယ်လူမျိုးအတွက်မဆို ဘယ်ဘာသာဝင်အတွက်မဆို ရတနာပါ။ သဒ္ဓါ - ယုံကြည်မှု၊ ပညာ - ခွဲခြမ်းစိတ်ဖြာသိမှုကို ဒီနေရာမှာ တွဲပြီးပြတော့ ဘာသာရေးကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ
ယုံကြည်မှု (သဒ္ဓါ) တရားသက်သက်နဲ့တင် မလုံလောက်ဘူး။ အစစအရာရာ စဉ်းစားတွေးခေါ်တတ်တဲ့ ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာလဲ ပါရမယ်လို့ သဘောပေါက်နားလည်မိပါတယ်။ ပညာနဲ့ယုံကြည်မှသာ ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ တန်ဘိုးရှိမှာမို့လား။
မှန်ပါတယ်။ ပညာကင်းတဲ့ ယုံကြည်မှု (သဒ္ဓါ)ဟာ အကြည်ညိုမှားတတ်ပါတယ်။ ပညာနဲ့သဒ္ဓါ၊ သဒ္ဓါနဲ့ပညာ ညီတူညီမျှ ရှိနေရပါမယ်။ တစ်ခုက တစ်ခုထက် မပိုလွန်ရပါဘူး။ တစ်ခုက တစ်ခုထက်ပိုလွန် သွားရင် မကောင်းတတ်ပါဘူး။
မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အများစုဟာ သဒ္ဓါအားကောင်းပြီး ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာအား နည်းတယ်လို့ ဆိုရမလားပဲ။ ယုံလွယ်တတ်ကြတယ်။ နာမည်ကြီးတာနောက် လိုက်တတ်ကြတယ်။ ယုံကြည် ကိုးကွယ်မှုဆိုင်ရာမှာ မှား၏ မှန်၏ သိပ်ဝေဘန်လေ့မရှိကြဘူး။ ဘယ်လောက်အထိ မဝေဘန်သလဲဆိုရင်
ရန်ကုန် မန္တလေး ကားလမ်းဘေးမှာ “မြွေဘုရား” ဆိုပြီး မုခ်ဦးအကြီးကြီးတည်ဆောက်ထားတာဟာ မှားသလား မှန်သလား တင့်တယ်သလား မတင့်တယ်ဘူးလားလို့ မဝေဘန်တတ်လောက်တဲ့အထိပါဘဲ။ စာရေးသူအနေနဲ့ မြွေဘုရားဆိုတဲ့မုခ်ဦးအကြီးကြီးကို ရုတ်တရက်တွေ့လိုက်တော့ အတော်စိတ်မသက်မသာ ဖြစ်မိသွားပါတယ်။ ဘယ်လိုကြောင့် မြွေက ဘုရားဖြစ်သွားရတာလဲ၊ ဘယ်လိုကြောင့် ဘုရားက မြွေဖြစ်သွား ရတာလဲ၊ ဇဝေဇ၀ါဖြစ်သွားရပါတယ်။ နောက်မှ ဒေသခံ ဦးဇင်းတစ်ပါးကို မေးကြည့်တော့ မြွေဘုရား ဇာတ်လမ်းကို သိရပါတော့တယ်။
ဒါမျိုးအထူးအဆန်းဖန်တီးထားတာကိုလည်း ဒို့မြန်မာဗုဒ္ဓဘာသာဝင်တွေက ဝေဘန်ဆန်းစစ်မှုမရှိပဲ အလွယ်တကူ လက်ခံယုံကြည်လိုက်ကြတာပါပဲ၊ ဒါဟာ ယုံကြည်မှု သဒ္ဓါအားကောင်းပြီး စဉ်းစားဝေဘန်မှု ပညာအားနည်းတာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့သာဓကပဲ။
စာပေမှာတော့ ဗလ၀သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ၊ အ၀တ္ထုသ္မိံ ပသီဒတိ တဲ့။ အဓိပ္ပါယ်က ယုံကြည်မှုသဒ္ဓါတရားအားကြီးပြီး ပညာအားနည်းတဲ့သူဟာ မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတတ်၏၊ ကြည်ညိုဖွယ်မဟုတ်သောအရာဝတ္ထု ပုဂ္ဂိုလ်တို့၌ ကြည်ညို တတ်၏ တဲ့။
အနောက်နိုင်ငံသား အများစုကတော့ ပညာအားကြီးပြီး သဒ္ဓါတရားအားနည်းတယ်။ သိဒ္ဓတ္ထမင်း သားက မိန်းမယူပြီး ကလေးတစ်ယောက်ရမှ ပစ်ထားခဲ့တာ တရားသလား၊ လုပ်မကျွေးချင်လို့လား။ မိသားစုတာဝန် မထမ်းဆောင်ချင်လို့လားနဲ့ လားပေါင်းများစွာ မေးခွန်းထုတ်နေတာနဲ့ တကယ့်အနှစ်ဖြစ်တဲ့ အကျင့်ဆီကို မရောက်နိုင်တော့ဘူး။
ဒီလို ဝေဘန်စပ်စုမှု ပညာအားကြီးပြီး ယုံကြည်မှု သဒ္ဓါအားနည်းတဲ့သူအတွက် စာပေမှာလာတာက
ဗလ၀ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ တဲ့။ ပညာကြီးပြီး သဒ္ဓါအားနည်းတဲ့သူဟာ စဉ်းလဲသော အဖို့ ကောက်ကျစ်သည့်အပိုင်းသို့ ရောက်သွားတတ်၏ လို့ အဓိပ္ပါယ်ရပါတယ်။
ဒါ့ကြောင့် အရာခပ်သိမ်းမှာ အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာ ယုံကြည်မှု သဒ္ဓါအားကြီးတာ လည်း မကောင်းဘူး။ ဝေဘန်မှု ပညာအားကြီးတာလည်း မကောင်းဘူး။ သဒ္ဓါနဲ့ပညာ ညီမျှနေဘို့လိုပါတယ်။

Thursday, June 29, 2017

တည်ဆောက်ရမည့်အရာ

နတ်သားမေးတဲ့ နံပါတ် (၂) မေးခွန်းက ကိံသု သာဓု ပတိဋ္ဌိတာ - (ကိုယ့်ရင်ထဲမှာ) ဘယ်လိုဟာမျိုး တည်ရှိသင့်ပါသလဲ တဲ့။ What is suitable to be established in? လို့ အင်္ဂလိပ်လို ဘာသာပြန်ဆိုကြ တယ်။ ဆိုတော့ ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်ဦးဏှောက်ထဲမှာ ဘာကို ဘယ်လိုဟာမျိုးကို ဆောက်တည်သင့်သလဲ၊ တည်ဆောက်သင့်သလဲ လို့ ဘာသာပြန်ရင် ပိုနားလည်နိုင်မယ်လို့ ထင်ပါတယ်။
ဘုရားရှင်ရဲ့ အဖြေက သဒ္ဓါ သာဓု ပတိဋ္ဌိတာ တဲ့။ သဒ္ဓါတရားကို ကိုယ့်ရင်ထဲမှာ တည်ဆောက် ရမယ်တဲ့ ။ သဒ္ဓါဆိုတာကို (ဘာသာရေး) ယုံကြည်မှုလို့ ဘာသာပြန်ဆိုကြပါတယ်။ ဘာသာရေးလိုက်စားမှ ဘာသာရေးကို ယုံကြည်မှာပါ၊ ဘာသာရေးလိုက်စားမှုဆိုတာ ဘာသာရေးကျင့်ဝတ်တွေကို လေ့လာပြီး ကျင့်ကြံတာကို ပြောတာပါ၊ ဘာသာရေးကိုင်းရှိုင်းတာကို ပြောတာပါ။ ဒါ့ကြောင့် သဒ္ဓါဆိုတာကို နားလည် လွယ်အောင် ဘာသာပြန်ဆိုရရင် ဘာသာရေးကိုင်းရှိုင်းတာကို ပြောတာပါပဲ။
ဘာသာရေး ကိုင်းရှိုင်းဘို့ဆိုတာ သူ့အလိုလို ကိုင်းရှိုင်းလာတာ မဟုတ်ပါဘူး။ ဘာသာရေး ကိုင်း ရှိုင်းသူတစ်ယောက်ဖြစ်လာဘို့အတွက် မိမိတို့က အချိန်ပေးပြီး တည်ဆောက်ယူရတာပါ။ ကြိုးစားယူရ တာပါ။
ဒါ့ကြောင့် ဘုရားရှင်က သဒ္ဓါ သာဓု ပတိဋ္ဌိတာ ဘာသာရေးကိုင်းရှိုင်းခြင်းလို့ ခေါ်တဲ့ သဒ္ဓါတရားကို တည်ဆောက်ယူပါတဲ့။ (မိမိနေဘို့ရန် အိမ်ကို ကြိုးစားပမ်းစား တည်ဆောက်သလို) ဘာသာရေး ကျင့်ဝတ် တွေကို ကျင့်ကြံနိုင်ဘို့ ကြိုးစားပမ်းစားတည်ဆောက်ယူကြပါလို့ ဆိုနိုင်ပါတယ်။
ဟုတ်ပါတယ်။ လူ့စိတ်က မကောင်းတာလုပ်ဖို့အတွက်ဆို ကြိုးစားစရာ မလိုပါဘူး၊ ဆောက်တည် နေစရာ မလိုဘူးပေါ့။ ဥပမာ - အရက်ဆိုင်သွားမယ်ဆို အဆင်သင့် လိုက်ချင်သူတွေများပါတယ်။ အဲ၊ ဘုရားကျောင်းကန်သွားဘို့ ဘာသာရေးဆိုင်ရာကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုရင် အထူးကို ကြိုးစားရပါတယ်။ အားစိုက်ရပါတယ်။ ညစဉ်ညတိုင်း ရတနာသုံးပါး၊ မိဘ ဆရာသမားတွေကို ရှိခိုးဦးချ မေတ္တာပို့ပြီးမှ အိပ်ရာ ၀င်တဲ့ ဘာသာရေးနဲ့ဆက်စပ်တဲ့အလေ့အကျင့်မျိုးဆိုရင် အထူးကြိုးစားအားထုတ်ရပါတယ်။ ဒီလိုအလေ့ အကျင့်မျိုးဆို တည်ဆောက်ယူရတာပါ။
ဒီလိုအလေ့အကျင့်မျိုး နှစ်ချီကြာညောင်းလာပေမဲ့ ကြားထဲမှာ ကိစ္စတစ်ခုခုနဲ့ ပျက်သွားတယ်ဆိုရင် ပြန်ပြီးလုပ်ဆောင်နိုင်ဘို့ မနည်းအားယူရပါတယ်။ မနက်စောစော တရားထိုင်တဲ့အလေ့အကျင့်ကို နှစ်ရှည် လများ ကျင့်ကြံအားထုတ်ထားပေမယ့် ကြားထဲမှာ အကြောင်းကြောင်းကြောင့် နှစ်ရက်သုံးရက် လောက် ပျက်ကွက်သွားရင် ကိုယ့်ကိုယ်ကို မနည်းပြန်ခိုင်းယူရပါတယ်။
ဒါ့ကြောင့်မို့လည်း ဘုရားရှင်က ဘာသာရေး ယုံကြည်မှုသဒ္ဓါတရား၊ ဘာသာရေးကိုင်းရှိုင်းမှု သဘောတရား၊ ဘာသာရေးကျင့်ဝတ်ဖြည့်ဆည်းမှု သဘောတရားကို တည်ဆောက်သင့်ပါတယ်၊ ကြိုးစား သင့်ပါတယ်လို့ ပြောထားတာဖြစ်မှာပါ လို့ ထင်မြင်ယူဆမိပါတယ်။

Wednesday, June 28, 2017

အကောင်းဆုံးအရာ

ညက ပိဋကတ်စာပေထဲက ဇရာသုတ်ဆိုတာလေးကို ပြန်ဖတ်ဖြစ်တယ်။ နတ်သား တစ် ယောက်ကမေးတာကို ဘုရားရှင်ကဖြေထားတဲ့သုတ်တော်လေး။ နတ်သားကဂါထာလေးတစ်ပုဒ်နဲ့ မေးထား တာကို ဆရာဘုရားရှင်က ဂါထာလေးတစ်ပုဒ်နဲ့ ဖြေထားတာ။
အမေး။ ကိံသု ယာဝဇရာ သာဓု၊ ဘယ်ဟာက အိုသည့်တိုင်အောင် ကောင်းတာပါလဲ? နတ်သားက ဘုရားရှင်ကိုမေးတဲ့ နံပါတ် (၁) မေးခွန်းပါ။
ဘုရားရှင်အဖြေကိုမသိခင် ဒီမေးခွန်းရဲ့ အဖြေကို ကိုယ့်ကိုယ်ကို ဖြေကြည့်ရအောင်။ အိမ် တစ်အိမ် မှာ တရားဟောရင်း ဒီမေးခွန်းကို မေးမိတော့ ဒကာကြီးက “တပည့်တော်ရဲ့ ဇနီးက အိုသည့်တိုင်အောင် ကောင်းတာပါ” တဲ့။ အဖြေကိုသဘောကျလို့ ပြုံးလိုက်မိတယ်။
“သားသမီးတွေကို အမြဲတမ်းအိုသည့်တိုင်အောင် အားမကိုးရဘူး။ အရွယ်ရောက်လာရင် ကိုယ့်အိုးကိုယ့်အိမ်ထူပြီး မိဘတွေထံပါးမှ ခွဲခွါသွားကြတာချည်းပဲ။ ကိုယ့်ဇနီးမယားကသာ အိုသည့် တိုင်အောင် နောက်ဆုံး သေသည့်တိုင်အောင် ကိုယ်နဲ့ မခွဲမခွါပေါင်းသင်းဆက်ဆံပြီး ဆေးပေးမီးယူ လုပ်ပေးဖော်ရတာ” လို့ ဒကာကြီးကပြောချင်တာဖြစ်မှာပါ။
အဲ့ဒကာကြီးရဲ့သားကတော့ အိုသည့်တိုင်အောင် ကောင်းတာကပိုက်ဆံပါတဲ့။ ပိုက်ဆံသာ ကိုယ့်မှာ အမြဲတမ်းရှိနေမယ်ဆိုရင် အိုသည့်တိုင်အောင် ဘာမဆိုလုပ်လို့ရတာဖြစ်လို့ အိုသည့်တိုင်အောင် ကောင်းတဲ့ အရာဟာ ပိုက်ဆံလို့ ပြောရတာပါတဲ့။
ဒကာမကြီးကတော့ အိုသည့်တိုင်အောင် ကောင်းတဲ့အရာကို စိတ်ချမ်းသာမှုလို့ ယူဆပါတယ်တဲ့။ သူပြောတာကဟုတ်သလိုလိုတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါဟာအကျိုးတရားကြီးပဲ။ စိတ်ချမ်းသာမှုဖြစ်ပေါ် လာအောင် ဘာတွေ လုပ်ရမှာလဲ။ အကြောင်းတရားကို ရှာရအုံးမှာပါ။
ကဲ၊ ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။ ဘုရားရှင်ရဲ့ အဖြေက သီလံ ယာဝ ဇရာသာဓု၊ သီလက အိုသည့်တိုင်အောင် ကောင်းတာပါ တဲ့။ ဘုရားရှင်ရဲ့ ဒီအဖြေကိုဖတ်ပြီး အတော် စဉ်းစားဖြစ်ပါတယ်။ သီလ က ဘာလို့ အိုသည့်တိုင်အောင် ကောင်းတာလဲပေါ့။ တချိန်တည်းမှာပဲ ဗုဒ္ဓဘာသာဝင်တွေသိတဲ့ ငါးပါး သီလကို ရွတ်ဆိုမိတယ်။ သူတပါးအသက် မသတ်နဲ့၊ သူ့ဥစ္စာ မခိုးနဲ့၊ သူ့အိမ်ယာ မပြစ်မှားနဲ့၊ လိမ်မပြောနဲ့၊ မေ့လျှော့စေတတ်တဲ့အရက်၊ ဘိန်းစတာတွေကိုမသောက်နဲ့၊ မသုံးစွဲနဲ့။ ဒီငါးပါးသီလက အခြေခံလူ့ကျင့်ဝတ် ဖြစ်တယ်။ လူတိုင်းစောင့်ထိမ်းရမည့် သီလတွေဖြစ်ပါတယ်။
ဒီသီလတွေက အိုသည့်တိုင်အောင် ကောင်းတယ် လို့ ဘုရားရှင်မိန့်တော်မူခဲ့အပါတယ်။ အခြေခံ လူ့ကျင့်ဝတ်ဖြစ်တဲ့ လူတိုင်းစောင့်ထိန်းရမယ့် ဒီသီလကို မစောင့်ထိန်းရင် အိုသည့်တိုင်အောင် မကောင်းနိုင် ဘူးလို့ ပြောင်းပြန်တွေးမိပါတယ်။ တချိန်တည်းမှာပဲ ရွာက အရက်သမား ဦးသာမောင်ကို သတိရမိတယ်။ အသက်က ၆၀ ကျော်နေပြီဆိုတော့ လူကြီးပိုင်းရောက်နေပြီပေါ့။ လူအိုအရွယ် ဇရာပိုင်းရောက်နေပေမယ့် အရက်သောက်တုန်း။ အကျိုးဆက်အနေအားဖြင့် သူ့ကို ဘယ်သူမှ မလေးစားဘူး။ သာရေးနာရေး ထမင်း စားဝိုင်းတွေမှာလည်း သူဘယ်တော့မှ လူကြား သူကြား၊ လူတောသူတော မတိုးဘူး။ တိုးပြီး အစား အသောက် မစားရဲဘူး။ သူများတွေပြီးမှ ချောင် ကျကျတနေရာမှာ ခပ်ကုတ်ကုတ် ၀င်စားရတာချည်းပဲ။ သိရတာက ဒီဦးသာမောင်ဆိုတဲ့လူဟာ ငယ်ငယ်ကတည်းက အရက်သောက်လာတာပါ။
အင်း၊ ငယ်ငယ်တုန်းကတော့ သူသူကိုယ်ကို အရက်သောက်ကြတာချည်းပါဘဲ။ ဒါပေမဲ့ ဒီအရက်ကို စီးပွါးရေးလောကထဲဝင်တဲ့ အသက်သုံးဆယ်ကျော် အရွယ်တိုင်အောင် လူမှန်းသူမှန်း မသိတဲ့အဆင့်အထိ နေ့စဉ်သောက်သုံးနေမယ်ဆိုရင် ဦးသာမောင်လို အသက်ခြောက်ဆယ် အရွယ်အထိ သားမေ့ မယားမေ့ ဘုရားမေ့ တရားမေ့အဆင့်အထိ သောက်သုံးနေမယ်ဆိုရင် ပတ်ဝန်ကျင် လူ့လောကကြီးနဲ့ အင်ဝင်ဂွင်ကျ ဖြစ်မယ်မထင်ပါဘူး။
အရက်သောက်သုံးပြီး မူးမူးမှောက်မှောက်ဖြစ်နေတဲ့သူဟာ (ဗုဒ္ဓဘာသာဝင်ဆိုရင်) အိမ် ဘေးက ဓမ္မာရုံမှာ တရားပွဲရှိတောင် တရားနာ မသွားဝံ့တော့ဘူး။ သွားဝံ့သည် ထား၊ နောက်ဆုံးတန်းမှာ ခပ်ကုတ် ကုတ်နဲ့ နာရတော့မှာ။
လူ့ကျင့်ဝတ်ငါးပါးသီလထဲက နောက်ဆုံးသီလကို ချိုးဖျက်လိုက်တာနဲ့ ရရှိလာတဲ့ ဆိုးကျိုးတွေကို စဉ်းစားမိတာပါ။ ဒါ့ကြောင့် လူ့လောကကြီးမှာအိုသည့်တိုင်အောင် ကောင်းတာဟာ ဇနီးမယားလည်း မဟုတ်ဘူး၊ ပိုက်ဆံလည်းမဟုတ်ဘူး။ သီလသာဖြစ်တယ်လို့ ဘုရားရှင် ဖြေကြားခဲ့တာပဲလို့ ထပ်ဆင့် နားလည်လိုက်ပါတယ်။

Tuesday, June 27, 2017

ရုပ်တု ဆင်းတု

ခုတလော မျက်စိတစ်ဖက်ပွင့်လာတဲ့ရုပ်ပွါးတော်၊ ဆံပင်ပေါက်လာတဲ့ရုပ်ပွါးတော်၊ ဘာညာရုပ်ပွါး တော်စသဖြင့် လူတွေ လံကြုပ်လုပ်တဲ့ ရုပ်ပွါးတော်တွေအကြောင်း မကြာခဏဖတ်နေရတယ်။ အရင့်အရင် ကတည်းက နှုတ်ခမ်းမွှေးတပ်တဲ့ ရုပ်ပွားတော် ၊မျက်မှန်တပ်တဲ့ ရုပ်ပွားတော်၊ မှဲ့တပ်သော ရုပ်ပွားတော်၊ နဖူး၌ အဖုတပ်သော ရုပ်ပွားတော်၊ လက်စွပ်ဝတ်သော ရုပ်ပွားတော်၊ မြွေပတ်သော ရုပ်ပွားတော်၊ ဆင်စီး မြင်းရံ ရုပ်ပွားတော် စသဖြင့် အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်။
တချို့က ဒက္ခိဏသာခါဘုရား အိမ်မှာထားကိုးကွယ်ရင် မီးကွင်းတယ်လို့ ယုံကြည်ကိုးကွယ် ကြ တယ်။ ဒက္ခိဏသာခါဘုရားဆိုတာ မဟာဗောဓိပင် တောင်ဘက်အရပ်ကို ဖြာထွက်နေတဲ့ အကိုင်းအခက်ကို ခုတ်ပြီး ဘုရားရှင်ရုပ်တုပြုလုပ်ထားတဲ့ ဆင်းတုတော်ပါ။ တောက်ဘက်ကို ဒက္ခိဏ၊ အကိုင်းအခက်ကို သာခါ။ ဆိုတော့ ဒက္ခိဏသာခါပေါ့။ ဒက္ခိဏသာခါဘုရားပေါ့။ မဟာဗောဓိအသားက ရှားပါးတော့
ရသလောက် အသားလေးနဲ့ ဘုရားရုပ်တု ထုထားတယ်ထင်ပါရဲ့။ ဒက္ခိဏသာခါဘုရားက အတော့်ကို အချိုး အစားမပြေပြစ်တာ။ ပုတက်တက် ပုကွကွလေးဖြစ်နေပါတယ်။ ဖူးရတာ သက်တောင့်သက်သာ မဖြစ်လှဘူး။
တကယ်တမ်းဖြစ်သင့်တာက သစ်သားကောင်းကောင်းနဲ့ ဘုရားရှင်ရုပ်တုကို သေသေချာချာ သပ်သပ်ယပ်ယပ် ထုလုပ်ပြီး ကိုးကွယ်တာ ပိုကောင်းပါတယ်။ ဘယ်သစ်သားနဲ့ထုထု ဘုရားရှင်ဆိုတာ အတူတူပါဘဲ။
တကယ်တော့ မြန်မာပြည်မှာရှိနေတဲ့ ဒက္ခိဏသာခါရုပ်ပွါးတော်ပုံဟာ ကြည်ညိုဖွယ်မဖြစ်ပါဘူး။ မြင် ရသူ ဖူးရသူနှလုံးသားကို ငြိမ်းချမ်းမှု မပေးပါဘူး။ ဒက္ခိဏသာခါရုပ်ပွါးတော်မှ မဟုတ်ပါဘူး။ ဘုရားစောင်း တန်းမှာရှိတဲ့ တချို့ဗုဒ္ဓရုပ်ပွါးတော်တွေဟာ အချိုးအစား မပြေပြစ်ပါဘူး။ ခုခေတ်ဘုရားရှင်ရုပ်ပွါးတော်တွေကို ထုလုပ်သူတွေက ပြီးပြီးရော ထုကြလို့လားမသိဘူး။ တချို့ရုပ်ပွါးတော်တွေဆိုရင် ဘုရားရှင်ရုပ်လုံးကို မပေါ်ပါဘူး။
ဆရာတော်ကြီးတစ်ပါးမိန့်တာကတော့ ရှေးရှေးတုန်းက ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့သူတွေက တကယ့်ပညာရှိကြီးတွေတဲ့။ ပါဠိစာပေတတ်ကျွမ်းတဲ့သူတွေဖြစ်တယ်တဲ့။ ဘုရားရှင်ရုပ်ပွါးတော်တွေကို ထု ဆစ်တဲ့အခါမှာ ပါဠိစာပေထဲမှာဖော်ပြထားတဲ့ ဘုရားရှင်ရူပကာယပုံသဏ္ဌာန်အတိုင်း ထုဆစ်ကြတယ်တဲ့။
ခုခေတ်မှာတော့ ဘုရားရှင်ရုပ်ပွါးတော်ကို ကြည့်ကောင်းတာ မကောင်းတာ ဂရုမစိုက်တော့ပါဘူး။ ဘုရားစောင်းတန်းဈေးကွက်ထဲမှာ ရုပ်ပွါးတော်တွေကို သူ့ထက်ငါ အလုအယက်ထုဆစ်ကာ ရောင်းချနေကြ ပါပြီ။
ဘုရားရှင်ရုပ်ပွါးတွေကို ထုဆစ်တဲ့အခါ ကို့ယို့ကားယားမဖြစ်အောင် ကြည်ညိုဖွယ်ရုပ်တုတွေ ထုနိုင်အောင် သာသနာရေးဌာနနဲ့ သံဃာ့နာယကဆရာတော်ကြီးများ၊ ပါဠိဗုဒ္ဓဘာသာတတ်ကျွမ်းတဲ့ ပန်းပု ပညာရှင်ကြီး များပူးပေါင်းကာ သင်တန်းများပေးသင့်ပါတယ်။ ထုလုပ်ပြီးတဲ့ ဘုရားရှင်ရုပ်ပွါးတော်တွေကို လည်း ပါဠိစာပေမှာပါရှိတဲ့ ဘုရားရှင်ရူပကာယပုံသဏ္ဌာန်စံချိန်စံနှုန်းနဲ့ ညီမညီ ကိုက်မကိုက် စီစစ်ဖို့ရန် သာသနာရေး ဌာနနဲ့ သံဃနာယကအဖွဲ့ကို တင်ပြသင့်ပါတယ်။ အားလုံးစီစစ်ပြီး လက်မှတ်ထိုးပြီးမှ ရုပ်ပွါးတော်တွေကို ဘုရားစောင်းတန်းဈေးတန်းတွေမှာ ရောင်းချခွင့်ပြုသင့်ပါတယ်။ ဒီလိုမလုပ်ရင် ဘုရား ရုပ်တုတွေကို ထုချင်သလိုထုပြီး  ဖြစ်ချင်သလိုဖြစ်နေမှာပါ။
ဒါကလည်း မြန်မာနိုင်ငံမှာပဲ ဖြစ်နေတယ်ထင်ပါတယ်။ သီဟိုဠ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ဘုရားရှင် ရုပ်ပွါးတော်တွေဟာ မြန်မာပြည်က ရုပ်ပွါးတော်တွေလောက် ကို့ရို့ကားယားမနိုင်တာ တွေ့ရတယ်။ သီဟိုဠ် နိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊ ထိုင်းနိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊ များသောအားဖြင့် ထုလုပ်ပုံ ပုံစံတူညီတာကို တွေ့ရတယ်။ ဒါဟာ သူတို့နိုင်ငံက ရုပ်ပွါးတော်တွေက ပိုကောင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မြန်မာပြည်က ရုပ်ပွါးတော်တွေထဲမှာ အင်မတန်လက်ရာပြောင်မြောက်တဲ့ ကြည်ညို ဖွယ်ကောင်းတဲ့ ရုပ်ပွါးတော်တွေ အများကြီးပါ။
ပြောချင်တာက သူတို့နိုင်ငံမှာ ဘုရားရှင်ရုပ်ပွါးတော်ထုရင် သတ်မှတ်ထားတဲ့ စံ၊ သတ်မှတ်ထားတဲ့ (ဗဟိုရ်) မူ ရှိပုံပေါ်ပါယ်။ ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့အခါ သတ်မှတ်ချက်စံ၊ မူ ရှိသင့်ပါတယ်။ ဒါလဲ မြန်မာပြည်မှာ မဖြစ်နိုင်စရာ မရှိပါဘူး။ မြန်မာနိုင်ငံမှာက သာသနာရေးဌာနနဲ့ သံဃနာယကအဖွဲ့ရှိပြီးသားပါ။
လုပ်ဖို့ပဲ လိုတာပါ။ အဲ့လိုမလုပ်ရင် မန္တလေးလက်ရာ၊ စစ်ကိုင်းလက်ရာ၊ မုံရွာလက်ရာ၊ ရန်ကုန်လက်ရာ စသဖြင့် ဂေါတမဘုရားရှင်တစ်ဆူထဲကို တစ်ခေတ်ထဲမှာ ပုံစံအမျိုးမျိုးနဲ့တွေ့နေရတော့ သိပ်တော့ မကောင်း လှပါဘူး။ ဒီလိုပုံစံအမျိုးမျိုးတွေကွဲနေတော့ ဘာသာရေးဗဟုသုတနည်းသူတွေနဲ့ တခြားဘာသာဝင် တွေက ဘုရားတွေပဲ ပေါများနေသလိုလို ထင်လာပါတယ်။
နောက်ပြီး ဒီလိုပုံစံတွေ ကွဲနေတဲ့ကြားက ဂေါတမဘုရားတစ်ဆူတည်ကို ဒက္ခိဏသာခါဘုရား၊ အလိုတော်ပြည့်ဘုရား၊ မဟာသွံသာရဘုရား စသဖြင့် နာမည်အမျိုးမျိုးပေးထားပြန်ပါတယ်။ ဂေါတမဘုရား ရှင် တစ်ဆူတည်းကို ဒီလိုမျိုးနာမည်အထူးအဆန်းတွေပေးထားပြန်တော့ လူတွေ ဇဝေဇ၀ါဖြစ်ကုန်ပြန်ရော။
ဗုဒ္ဓရုပ်ပွါးတော်တွေ ထုလုပ်ရာမှာ စနစ်တကျ စည်းကမ်းရှိရှိ ထုလုပ်ရမှာဖြစ်သလို ဗုဒ္ဓသားတော် ဖြစ်တဲ့ သံဃာတော်တွေ ၀တ်ရုံတဲ့သင်္ကန်းကိုလည်း သာသနာရေးဝန်ကြီးဌာနမှ အတည်ပြုချက် ထောက်ခံ ချက် ရယူပြီးမှ သင်္ကန်းတွေကို ရောင်းချခွင့်ပြုသင့်ပါတယ်။
ဘာပြုလို့လဲဆိုတော့ အချို့စီးပွါးရေးသမားတွေက သူတို့ရဲ့ စီးပွါးဖြစ်ရေးကိုသာဦးတည်ပြီး အရောင် အမျိုးမျိုးကို အ၀တ်စအမျိုးမျိုးနဲ့ သင်္ကန်းအဖြစ် ချုပ်လုပ်ရောင်းချနေလို့ပါ။ ဟိုတလောက ဦးဇင်းလေး တစ် ပါးဝတ်လာတဲ့သင်္ကန်းစဆိုရင် သင်္ကန်းစမှာ ပန်းလိုအပွင့်တွေတောင် ပါနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် သင်္ကန်းချုပ်တဲ့အခါမှာလည်း သင်္ကန်းဆိုင်ပိုင်ရှင်များအနေနဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ အတည်ပြုမှုကို ဦးစွာ ရယူသင့်ပါတယ်။

Monday, June 26, 2017

ဂိုဏ်းသုံးဂိုဏ်း


ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။
ယင်းတို့မှာ
(၁) ထေရ၀ါဒဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) မဟာယာနဗုဒ္ဓဘာသာတို့ဖြစ်သည်။
၁။ ထေရဝါဒဗုဒ္ဓဘာသာ
မြတ်စွာဘုရားဟောကြားတော်မူထားသောတရားတော်များကို ပိဋကတ်စာပေဟု ခေါ်ဆိုကြသည်။ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟု ပိဋကတ်သုံးပုံရှိသည်။  မြတ်စွာဘုရားဟောကြားတော်မူထားသော ထိုပိဋ ကတ်သုံးပုံကို မူရင်းအတိုင်း လက်ခံကျင့်သုံးသည့် ဗုဒ္ဓဘာသာကို ထေရ၀ါဒဗုဒ္ဓဘာသာဟု ခေါ်ဆိုပါသည်။ ထို့ကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာသည် ပိဋကတ်သုံးပုံထဲမှ တရာတော်များကို ထုတ်ပယ်ခြင်းလည်း မပြုပါ။ အသစ်ဖြည့်စွက်ခြင်းလည်း မပြုပါ။
ထေရ၀ါဒဗုဒ္ဓဘာသာသည် ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍ လည်း ရောက်နိုင်သည်၊ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီးပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရောက် နိုင်သည်ဟု လက်ခံထားသည်။ ထေရဝါဒဗုဒ္ဓဘာသာကို ၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လောနိုင်ငံတို့မှာ ကိုးကွယ်နေလျက် ရှိကြသည်။
အကျဉ်းချုပ်အားဖြင့် ထေရဝါဒဗုဒ္ဓဘာသာဟူသည်မှာ မြတ်စွာဘုရား၏ တရားတော်ကို မြတ်စွာ ဘုရားဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ လိုက်နာကျင့်သုံးသည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းသာတည်း။
၂။ ဟီနယာနဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရားအစစ်အမှန်တွေကိုလည်း အတိအကျ မလိုက်နာနိုင်၊ မဟာ ယာနဗုဒ္ဓဘာသာတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့ မလုပ်ချင်သောဗုဒ္ဓဘာသာကို  ဟီနယာန ဗုဒ္ဓဘာသာဟု ခေါ်ဆိုသည်။ ယခုအခါ ၎င်းဂိုဏ်းသည် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းက မျိုထားခြင်းကို ခံလိုက်ကြရသည်ဖြစ်၍ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး ပျောက်ကွယ်သလောက် ဖြစ်သွားပါပြီ။ ယင်းဂိုဏ်းတို့အား ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို မဟာယာနတို့က ပြုလုပ်ခဲ့သည်။
ဘီစီငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းဟုဆိုနိုင်ပါသည်။
၃။ မဟာယာနဗုဒ္ဓဘာသာ
မဟာယနဂိုဏ်း၏ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်သည်။ လူတိုင်းလူတိုင်း သတ္တ၀ါ တိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရသည်။ ဘုရားလောင်းဖြစ်ရမည်။ ဘုရားလောင်းအဖြစ်နှင့် လောကကို ကယ်တင်ရမည်။ ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ သွားရမည် ဟု ယူဆကြသည်။
မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်းမဟုတ်ဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလအစရှိသော အခြေ အနေအရပ်ရပ်တို့နှင့် ကိုက်ညီအောင် ဘုရားရှင်၏ တရားတော်တို့ကို ပြုပြင်ပြီး တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့် နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကိုရနိုင်သည်ဟူ၍ ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓ ဘာသာဟုခေါ်ဆိုသည်။ ယခုအခါ တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ် အစရှိသော နိုင်ငံ တို့မှာ မဟာယာနဗုဒ္ဓဘာသာကိုကိုးကွယ်နေကြသည်။
မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာနမတူပါ။

Saturday, June 24, 2017

ဗုဒ္ဓဘာသာဝင်တို့ ဥပုသ်စောင့်ရခြင်း

ဥပုသ်စောင့်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မတော်မတရားလိုချင်မှု လောဘ၊ ကြမ်းကြုတ်မှု ဒေါသ၊ မိုက်မဲတွေဝေမှု မောဟတို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။ အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီးမကောင်းတဲ့ စိတ် မ၀င်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်းဟုခေါ်ပါသည်။
ဥပုသ်ကိုပုံမှန်အားဖြင့် လပြည့်နေ့နှင့် လကွယ်နေ့များတွင် စောင့်ထိန်းလေ့ရှိပါသည်။ သို့သော် မိမိ ဆန္ဒအားလျှော်စွာ မည်သည့်နေ့တွင်မဆို စောင့်ထိန်းနိုင်ပါသည်။ အတင်းအကျပ် လုပ်ကိုလုပ်ရမယ်ဆိုသော ဖိအားပေးမှုမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဗုဒ္ဓဘာသာလမ်းစဉ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။
ဥပုသ်စောင့်ရာတွင် စည်းကမ်းချက်များမှာ ထွေထွေထူးထူးမရှိပါ။ ရှစ်ပါးဥပုသ်သီလ၊ ကိုးပါးဥပုသ် သီလ၊ ဆယ်ပါးဥပုသ်သီလစသည်ဖြင့် ရှိပါသည်။ မိမိအရွယ်နှင့် မိမိအင်အားနှင့် မိမိအချိန်နှင့်ကိုက်ညီ အောင် ဥပုသ်သီလများစောင့်ထိန်းနိုင်ပါသည်။
ဗုဒ္ဓဘာသာအဓိကပွဲသဘင်များကိုဗုဒ္ဓမြတ်စွာဘုရားကချမှတ်ခဲ့တာမဟုတ်ပါ။ နောင်လာနောက် သားများက ဗုဒ္ဓဘာသာအမှတ်တရနေ့များအဖြစ် သတ်မှတ်ပြီးကျင်းပကြခြင်းဖြစ်ပါသည်။ ဥပမာ။ မေလ လပြည့်နေတွင် (Vesak Festival) ၀ိသာခါ ပွဲသဘင်ကိုကျင်းပပါသည်။ ထိုပွဲသဘင်သည် ဘုရားရှင်မွေးနေ့၊ (ဘုရားအဖြစ်သို့ ရောက်မည့်သူမွေးသည့်နေ့) ဘုရားအဖြစ်သို့ ရောက်သည့်နေ့၊ ဘုရားကွယ်လွန် (ပရိနိဗ္ဗာန် စံသည့်) နေ့တို့ကိုရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဘို့ လိုက်နာရမည့် စည်းကမ်းသတ်မှတ်မထားပါ။ ဗုဒ္ဓဘာသာတွင် ငါးပါး သီလရှိပါသည်။ ထိုငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်အတွက်သာ မဟုတ်ပါ။ လူသားတိုင်းအတွက် ဖြစ်ပါ သည်။
ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကို ကြားဘူးစရာမလိုပါ။ မြင်ဘူးစရာမလိုပါ။ ရှိခိုးစရာမလိုပါ။ ဆိုလို သည်မှာ ရှိမခိုးဘဲနေလိုက နေနိုင်ပါသည်။ ငါးပါးသီလစောင့်ထိန်းက ထိုငါးပါးသီလကို စောင့်ထိန်းသူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သွားပေတော့သည်။ ငါးပါးသီလစောင့်ထိန်းသူဘယ်သူမဆို။ တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းကျိုးခံစားရမည်၊ စောင့်ထိန်းရကျိုးရရှိမည်၊ ကောင်းတဲ့ဘုံဘ၀ ရောက်မည်။ ငါးပါးသီလမစောင့်ထိန်းသူ ဘယ်သူမဆို၊ တရုတ် ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် မကောင်းကျိုးခံစားရမည်၊ မစောင့်ထိန်းရကျိုးရရှိမည်၊ မကောင်းတဲ့ဘုံဘ၀ ရောက်မည်။
ငါးပါးသီလ
(၁) သူတပါးအသက်မသတ်ရ။
(၂) သူတပါးဥစ္စာမခိုးရ။
(၃) သူတပါးသားမယားစိတ်နဲ့တောင် မပြစ်မှားရ။
(၄) လိမ်မပြောရ။
(၅) အရက်၊ ဆေးခြောက်စတဲ့ မူယစ်စေတတ်တဲ့အရာဝတ္ထုမှန်သမျှ မသုံးစွဲရ။
ဗုဒ္ဓဘုရားဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာဆင်းရဲဒုက္ခမှ လုံးဝ လွတ်မြောက်ရေးအတွက်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်သည် သဘာဝတရားကို သိဘို့ ကြိုးစားရင်း နောက်ဆုံးသဘာဝတရားတွေကိုသိလာလို့ သိသူ (ဗုဒ္ဓ) ဟုအမည်ရလာခြင်းဖြစ်သည်။ ဗုဒ္ဓဆိုတာသိသူလို့ အဓိပ္ပါယ်ရပါတယ်။
ဗုဒ္ဓဘာသာတို့၏ အဓိကယုံကြည့်ချက်မှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဖြစ်သည်။ ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို မယုံကြည်။ မွေးခါစကတည်းက မျက်စိကန်းလာတဲ့ခလေးလေးတွေ၊ နားမကြားတဲ့ ခလေးတွေ၊ ရုပ်မလှတဲ့သူ၊ ရုပ်လှတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူတွေ ဘာကြောင့် ဒီလိုဖြစ်နေကြရတာ လဲဆိုတဲ့ အကြောင်းအကျိုး သဘာဝကို လေ့လာလက်ခံယုံကြည်သော ၀ါဒဖြစ်သည်။

Friday, June 23, 2017

ဗုဒ္ဓဘာသာဟူသည်

မလေးရှားမှာနေတုန်းက ဗမာဗုဒ္ဓဘာသာဝင်တစ်ဦးက သူ့သူငယ်ချင်း အစ္စလာမ်ဘာသာဝင်တစ်ဦး ရဲ့ သမီးလေးတစ်ယောက် စာမေးပွဲမှာ ဘာသာရေးအကြောင်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပါ လို့ ဗုဒ္ဓဘာသာအကြောင်း အများနားလည်လွယ်အောင် အကျဉ်းချုပ်ရေးပေးနိုင်ပါသလားဘုရားလို့ လျှောက် လာပါတယ်။ အောက်ပါအကြောင်းအရာများဟာ ထိုသမီးလေးသိလိုတဲ့အကြောင်းအရာများကို အများနား လည်အောင် လွယ်ကူရှင်းလင်းတဲ့  အရပ်သုံးစကားများနဲ့ ပြန်လည်ဖြေကြားပေးထားတာပါ။
ဗုဒ္ဓဘာသာဝင်တို့ ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း
ဗုဒ္ဓ-မြတ်စွာဘုရားကိုရှိခိုးရခြင်း၏အကြောင်းရင်းမှာ ဗုဒ္ဓ-မြတ်စွာဘုရားသည် ကောင်းသောသဘာဝ တရားများနှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထို့ ကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ် မှတ်ယူသည်။ ဆရာအဖြစ်မှတ်ယူကာ ကျေးဇူး တင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ ဗုဒ္ဓ-မြတ်စွာဘုရားကိုကြောက်၍ ရှိခိုးခြင်း မဟုတ်ပါ။ ရှိမခိုးဘဲ နေလို က နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရား ကောင်းမွန်ကာ
ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဘို့နှင့် ကိုယ့်ပတ်ဝတ်ကျင် စိတ်ချမ်းသာအောင် လုပ်ပေးဘို့ အရေးကြီးသည်။
လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့သော အာဇာနည်သူရဲကောင်းများကို နိုင်ငံသူ နိုင်ငံသားများက ထိုသူတို့၏ အုတ်ဂူသို့သွား၍ ကျေးဇူးတင် အမှတ်ရအောက်မေ့သည့်အနေဖြင့် အလေးပြုကြသလို ဗုဒ္ဓ မြတ်စွာဘုရားကိုကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။
ထိုသို့ရှိခိုးရတွင် အကြိမ်ရေသတ်မှတ်ချက် မရှိပါ။ ရှိခိုးခြင်းထက် ကိုယ်ကျင့်သီလကို ဦးစားပေး သောဘာသာဖြစ်သည့်အတွက် ကိုယ်ကျင့် ကောင်းဘို့သာလိုပါသည်။ ကိုယ်ကျင့်တရားမကောင်းပဲ ၂၄ နာရီ ပတ်လုံး ရှိခိုးစေကာမူ အချည်းနှီးဖြစ်သည့်အတွက် ရှိခိုးခြင်းကို ဦးစားမပေးပါ။
သို့သော် အထက်မှာ ဖော်ပြခဲ့ သလို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးလိုက လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ ဘုရားရှင်ရဲ့ ဂုဏ်ကိုအာရုံပြုပီး (၁) ကြိမ် ဘုရားရှင်ရဲ့ တရားတော်ကို အာရုံပြုပီး (၁) ကြိမ် ဘုရားရှင်ရဲ့တရားတော်တွေကို မပျောက်အောင် ထိမ်းသိန်းစောင့်ရှောက်တဲ့သူ (သံဃာတော်) တွေ ရဲ့ ဂုဏ်ကိုအာရုံပြုပီး (၁) ကြိမ် စုစုပေါင်း တစ်ခါရှိခိုးခြင်းအမှုပြုက ဦး (၃) ကြိမ်ချလေ့ရှိပါသည်။ ရှိခိုးရာတွင် ခြေ၊ လက်၊ နဖူး၊ တဒေါင်ဆစ်၊ ဒူးတို့ကို ကြမ်းပြင်ထိစေ၍ ရှိခိုးရပါသည်။ ထိုသို့ ကြမ်းပြင်ကို ထိရခြင်း ရည်ရွယ်ချက်မှာရှိခိုးသူ၏ မာန်မာနများ နှိမ့်ချစေခြင်းပင်ဖြစ်ပါသည်။

ဆက်ရန်..

Thursday, June 22, 2017

အချစ်သုံးမျိုး

ဒီနေ့ သတို့သား မောင်ဇော်ဇော်ဦးနဲ့ သတို့သမီးမအိအိခင်တို့ လောကကြီးကို နှစ်ယောက်အတူ လက်တွဲရင်ဆိုင်မယ်လို့ ဆုံးဖြတ်ချက်ချပြီး ကိုယ့်အိုးကိုယ့်အိမ်ကို တည်ထောင်တဲ့ အိမ်ထောင်ပြုကြ တဲ့ပွဲ ပေါ့။ တနည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်လို့ အချင်းချင်းချစ်ခင်စုံမက်ပြီး လက်ထပ်ကြတဲ့ပွဲ ဖြစ်ပါ တယ်။
ချစ်တာကို ပါဠိလို ပေမလို့ခေါ်တယ်။ ပေမလို့ခေါ်တဲ့ အချစ်က သုံးမျိုးသုံးစားရှိတယ်လို့ မှတ်သားဘူး တယ်။ (၁) တဏှာပေမ (၂) ဂေဟဿိတပေမ (၃) မေတ္တာပေမ တဲ့။
နံပါတ် (၁) တဏှာပေမဆိုတာ သမီးရည်းစားချစ်ကို ပြောတာပါ။ လူရယ်လို့ဖြစ်လာရင် အရွယ် ရောက်လာတဲ့အခါ အများအားဖြင့် သမီးရည်းစားဘ၀ကို ရောက်ကြတာချည်းပဲ။ ဒီလို သမီးရည်းစားဘ၀ ရောက်ပြီး သမီးရည်းစားချစ် ချစ်ကြတာကို တဏှာပေမလို့ ခေါ်ပါတယ်။
နံပါတ် (၂) အမျိုးအစား ဂေဟဿိတပေမကို ၀တ္တရားချစ်လို့ အလွယ်နည်းနဲ့ ဘာသာပြန်ဆို နိုင်ပါ တယ်။ ၀တ္တရားချစ်ဆိုတာက လင်ရယ် မယားရယ်လို့ ဖြစ်လာပြီဆိုရင် လင့်မှာလည်း လင့်ဝတ္တရား၊ မယားမှာ လည်း မယားဝတ္တရား အသီးအသီးရှိကြပါတယ်။ ဒီလို အသီးအသီးရှိကြတဲ့ဝတ္တရားတွေကို လင်ရော မယား ရော တာဝန်ကျေပြွန်အောင် ထားဆောင်ခြင်းဟာ အချင်းချင်း ၀တ္တရားချစ်နဲ့ ချစ်နေကြတယ် လို့ မှတ်ယူရပါ တယ်။ ကိုယ်စီရှိကြတဲ့တာဝန်ဝတ္တရားတွေကို ကျေပြွန်အောင် မထမ်းဆောင်ပါပဲ ပါးစပ်က ဘယ်လောက်ပဲ ချစ်တယ်ပြောပြော၊ တကယ်ချစ်ရာ မရောက်သေးပါဘူး။
မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်ဆိုတဲ့အတိုင်း လင်ယောက် ကျားလုပ်တဲ့သူက ကိုယ့်ဇနီးမယားအပေါ်မှာ (ငါကရှာကျွေးနေရတာပဲဆိုပြီး) မထီမဲ့မြင်မလုပ်ဖို့၊ ရလာတဲ့ငွေ၊ စည်းစိမ်ဥစ္စာတွေကို ဇနီးမယားကို အပ်နှံဖို့၊ ကိုယ့်ဇနီးမယားကလွဲရင် ကျန်တဲ့ မိန်းမတွေကို ဖွဲ၊ ဆန်ကွဲလို့ သဘောထားဖို့၊ ကိုယ့်ဇနီးမယားကို နေ့ထူးနေ့မြတ်တွေမှာ အ၀တ်အစားလေးတွေ၊ ရတနာပစ္စည်း လေးတွေ ၀ယ်ပြီး လက်ဆောင်ပေးကာ ဆင်ယင်ဖို့၊ ကိုယ့်ဇနီးမယားကို ကြင်နာမြတ်နိုးဖို့ ဆိုတဲ့ ၀တ္တရားတွေကို ကျေပြွန်အောင် ထမ်းဆောင်ရပါမယ်။ ဇနီးမယားလုပ်တဲ့သူကလည်း အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ ဆိုသည့်အတိုင်း အိမ်တွင်းအလုပ်တွေ ဖြစ်တဲ့ ထမင်းချက်၊ ဟင်းချက်၊ အ၀တ်လျှော်စတဲ့ အိမ်တွင်းအလုပ်တွေကို လုပ်ဆောင်ရပါမယ်။
(ဒီအချက်ကို ပြောပြတော့ သတိုးသမီးဖြစ်တဲ့ မအိအိခင်က သူလည်း အပြင်ကို အလုပ်ထွက်လုပ် နေရလို့ အိမ်လုပ်ငန်းတွေကို လင်ယောက်ကျားဖြစ်တဲ့သူလည်း လုပ်ဆောင်သင့်ပါတယ်ဘုရားလို့ ရယ်ရယ် မောမော လျှောက်လာပါတယ်။)
မအိအိခင်ပြောတာ မှန်ပါတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ နီးပါးက အိန္ဒိယနိုင်ငံ လူ့အဖွဲ့အစည်း မှာ ဒီလင့်ဝတ္တယား မယားဝတ္တရားတွေကို ဘုရားရှင် ဟောကြားခဲ့တာပါ။ အိန္ဒိယထုံးစံက အိမ်ထောင်ပြုမယ် ဆိုရင် အမျိုးသမီးများက အမျိုးသားများကို တင်တောင်းရပါတယ်။ အင်္ဂလိပ်လို Dowry လို့ခေါ်ပါတယ်။
လင်ယောက်ကျားရဲ့ ပညာဂုဏ် ဆွေဂုဏ်မျိုးဂုဏ် အဆင့်အတန်းပေါ်မူတည်ပြီး တင်တောင်းရတဲ့ ငွေကြေး ပမာဏ အနည်းအများကွာပါတယ်။ လင်ယောက်ကျားကျေနပ်တဲ့အထိ ဇနီးမယားလုပ်မည့်သူဘက်က ရှာကြံပေးရပါတယ်။ ဒီလိုဇနီးမယားလုပ်မည့်သူက လင်ယောက်ကျားစိတ်ကြိုက် တင်တောင်းပြီးလို့ အကြင် လင်မယားအဖြစ်ရောက်သွားပြီဆိုရင် ဇနီးမယားက ဘာမှ မလုပ်တော့ပါဘူး။ အိမ်တွင်းမှာပဲ ကုတ်နေတော့ တာပဲ။ ဒီစနစ် ဒီဓလေ့က ဒီနေ့အထိပါပဲ။
ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ ဈေးရောင်းနေတာလည်း အမျိုးသားတွေပဲ၊ စားပွဲထိုးလုပ်နေတာလည်း အမျိုးသားတွေပဲ။ နေရတကာမှာ အမျိုးသားတွေချည်း အလုပ်လုပ်နေတာ တွေ့မြင်နိုင်ပါတယ်။ ဒီလိုဓလေ့ ထုံးစံရှိတဲ့ အိန္ဒိယလူ့အဖွဲ့အစည်းမှာ ဇနီးမယားလုပ်တဲ့သူကို အိမ်တွင်းအလုပ်တွေကို ကျေပြွန်အောင် လုပ်ပါလို့ ဘုရားရှင်ဟောခဲ့တာပါ။ ဒီနေ့ဒီအချိန်အခါ ဒို့လူမျိုးအဖွဲ့အစည်းမှာတော့ လင်ယောက်ကျားရော၊ ဇနီးမယားပါ မနက်က မိုးချုပ် အပြင်ထွက်အလုပ်လုပ်နေရတာဆိုတော့ လင်ရော မယားပါ အိမ်တွင်းအလုပ်တွေကို အတူတူ လုပ်ကြပေါ့။
နောက် ဇနီးမယားဝတ္တရားတွေက လင်ယောက်ကျားက အပ်နှံတဲ့ ငွေပစ္စည်းဥစ္စာတွေကို သေသေ ချာချာ သိမ်းဆည်းထားရပါမယ်။ ကိုယ့်ယောက်ကျားကလွဲလို့ တခြားယောက်ကျားတွေကို ဖွဲဆန်ကွဲလို သဘောထားရပါမယ်။ တချို့က လင်ယောက်ကျားဘေးထားပြီး ရုပ်ရှင်ကားကြည့်ရင်း “မင်းသားလေးက အတော်ချောတာပဲ” လို့ ပြောတတ်ကြတယ်။ မပြောသင့်ပါဘူး။ ဒါမျိုးကအစ ရှောင်ကြဉ်ရပါမယ်။ နောက် ကျင့်ဝတ်တစ်ခုက လျော်အောင်ဖြန့်ချိ တဲ့။ သူ့ဘက်ကိုယ့်ဘက် သင့်လျော်အောင် ဖြန့်ချိရပါမယ်။ နောက်ဆုံးကျင့်ဝတ်ကတော့ “ပျင်းရိမမူ” တဲ့။ မပျင်းမရိပဲ တက်တက်ကြွကြွ လုပ်ကိုင်နေထိုင် ရမယ်ပေါ့။
ဒီလိုအသီးအသီးရှိကြတဲ့ ၀တ္တရားတွေကို တာဝန်ကျေပြွန်အောင် ထမ်းဆောင်တာကို တာဝန် ကျေပြွန်စွာ ထမ်းဆောင်ရင်း ချစ်ကြတာကို ဂေဟဿိတပေမ - ၀တ္တရားချစ်လို့ခေါ်ပါတယ်။
နံပါတ် (၃) ဖြစ်တဲ့ အချစ်ကတော့ မေတ္တာပေမ လို့ခေါ်ပါတယ်။ မေတ္တာချစ်ပေါ့။ မေတ္တာဆိုတာ ဘာပဲပြုပြု၊ ဘာပဲ ပြောပြော၊ ဘာပဲ ကြံကြံ သူ့အကျိုးလိုလားစိတ်နဲ့ ပြုမူပြောဆိုကြံစည်တာကိုပြောတာပါ။
လင်ယောက်ကျားက ဇနီးမယားအကျိုးအတွက် ပြုမူပြောဆိုကြံစည်ရမှာဖြစ်သလို ဇနီးမယားကလည်း လင်ယောက်ကျားအကျိုးမျှော်ကိုးပြီး ပြုမူ ပြောဆို ကြံစည်ရပါမယ်။ ဒါမျိုးကို မေတ္တာပေမ  မေတ္တာချစ်လို့ ခေါ်ပါတယ်။
အိမ်ထောင်ပြုလို့ လင်ရယ် မယားရယ်လို့ဖြစ်လာမှတော့ သမီးရည်းစားချစ်နဲ့လည်း ချစ်ရမှာပါဘဲ။
ဝတ္တရားချစ်နဲ့လည်း ချစ်ရမှာပါဘဲ။ မေတ္တာချစ်နဲ့လည်း ချစ်ရမှာပါဘဲ။ ဒီသုံးမျိုးလုံးနဲ့ချစ်ရင် ပျော်ရွှင်ချမ်းမြေ့ တဲ့ အိမ်ထောင်သည်တွေဖြစ်မှာပါ။
ဒါ့ကြောင့် ဒီအချစ်သုံးမျိုးလုံးနဲ့ ချစ်နိုင်ကြပါစေ။
ချစ်နိုင်ပြီးသကာလ ဒီလင်ဒီမယား သက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ။
သာဓု သာဓု သာဓု

Wednesday, June 21, 2017

ဘုရားရှင် အမဲသား စား၊ မစား

ဥပ္ပလ၀ဏ်အကြောင်းကိုသိရင် ဘုရားရှင် အမဲသားစားသလား မစားဘူးလားဆိုတဲ့မေးခွန်း ကို အဖြေပေးနိုင်မှာပါ။ ဥပ္ပလ၀ဏ်က သာဝတ္ထိသူ၊ သူဌေးသမီးပါ။ သူ့အသားအရေက ကြာပန်းလိုပဲတဲ့။ အတော် လှတယ်လို့ ဗုဒ္ဓစာပေက ဆိုပါတယ်။ လှလွန်းလို့ တိုင်းပြည်အသီးသီးက ရှင်ဘုရင်တွေ သရေ (သွားရည်) အတော်ကျခဲ့ကြတယ်တဲ့။ ဘုရင်ခေတ်ဆိုတော့ ဟိုတိုင်းပြည်ကဘုရင်က သူ့ကို လိုချင်၊ ဒီတိုင်းပြည်က ဘုရင်ကလိုချင်ဆိုပါတော့။ ဒီလိုအခြေအနေမျိုးမှာ ဖအေလုပ်တဲ့သူက သူ့ကို ဘယ်သူနဲ့ပေးစားရမယ် ဆိုတာ ဆုံးဖြတ်ချက်မချနိုင်လို့ ရဟန်းမ (ဘိက္ခုနီ) ၀တ်ခိုင်းလိုက်ရတယ်တဲ့။
ဥပ္ပလ၀ဏ်လည်း ပါရမီဓာတ်ခံရှိသူဖြစ်သည့်အလျောက် ရှင်တော်ဗုဒ္ဓထံပါးမှာ ရဟန်းမတစ်ပါး ဖြစ်လာပြီးနောက် ကျင့်ကြံကြိုးစားပွါးများလိုက်တာ နောက်ဆုံးမှာတော့ ကိလေသာကုန်ခန်း ရဟန္တာမကြီး ဖြစ်သွားပါတော့တယ်။ ရဟန်းတော်တွေထဲက ရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးဟာ တန်ခိုးအကြီးဆုံးဖြစ် သလို  အမျိုးသမီးရဟန်းမတွေထဲမှာ သူဟာတန်းခိုးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ဘုရားရှင် အား ကိုးရတဲ့ တပည့်တစ်ဦးဖြစ်လာပါတယ်။
တစ်နေ့သောအခါ ဥပ္ပလ၀ဏ်ထေရီမကြီး တရားအားထုတ်နေတဲ့ တောအုပ်ထဲကို နွားသူခိုးတွေ ရောက်လာပါတယ်။ ခိုးလာတဲ့နွားကို အမဲဖျက်ကျတယ်။ ခုတ်ကျ၊ ထစ်ကျ၊ ဝေစုခွဲကျတယ်ပေါ့။ နွားသူခိုး ခေါင်းဆောင်က အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့ တရားရှုမှတ်နေတဲ့ ဥပ္ပလ၀ဏ်ထေရီမကို မြင်သွားပါတယ်။ သေချာစူးစိုက်ကြည့်ပြီး သဘောကျ ကြည်ညိုသွားပါတယ်။ ထေရီမအပေါ်မှာ နွားသူခိုးကြီးရဲ့ စေတနာသဒ္ဓါတရားတွေ ပေါက်ဖွားလာတယ်လို့ ဆိုနိုင်ပါတယ်။
နွားသူခိုးကြီးက အနီးနားကသစ်ပင်က သစ်ရွက်ကြီးကြီးတစ်ရွက်ကို ခူးပြီး နွားသား (အမဲသား) တစ်ခါချက်လောက် ထုတ်ပိုးကာ မျက်စိမှိတ် တရားရှုတ်မှတ်နေတဲ့ ဥပ္ပလ၀ဏ်ထေရီမ ရှေ့မှာ အမဲသားထုတ် ကို ချထားခဲ့ပါတယ်။ လှူဒါန်းခဲ့ပါတယ်။
အမဲသားထုတ်ကို တွေ့လိုက်ရတဲ့ ဥပ္ပလ၀ဏ်ထေရီမဟာ သူမြတ်နိုးကြည်ညိုလေးစားရတဲ့ ဘုရားရှင်ကို ချက်ချင်း သတိရမိပါတယ်။ ဒါနဲ့ နွားသူခိုးကြီးလှူလိုက်တဲ့ အမဲသားကို အကျအနချက်ပြီး နောက်နေ့မနက်မှာ မြတ်စွာဘုရားထံ သွားရောက် လှူဒါန်းပါတယ်။ ဘုရားရှင်သီတင်းသုံးရာကျောင်းကို သူရောက်ချိန်မှာ ဘုရားရှင်အပြင်ကြွခိုက် ဖြစ်နေလို့ ဘုရားရှင်နဲ့ မတွေ့ဖြစ်လိုက်ပါဘူး။
ဥပ္ပလ၀ဏ်လှူခဲ့တဲ့ အမဲသားကို ဘုရားရှင် စားတဲ့အကြောင်း၊ မစားတဲ့အကြောင်း ဗုဒ္ဓစာပေ ဇာတ်လမ်းထဲမှာ မပါပါဘူး။ ဒါပေမယ့် အမျိုးသမီးတပည့်တွေထဲမှာ တန်ခိုးအကြီးဆုံးဖြစ်တဲ့ ဥပ္ပလ၀ဏ် ထေရီမကြီးဟာ အကယ်၍သာ ဘုရားရှင် အမဲသားမစားဘူးဆိုရင် နွားသူခိုးတွေဆီကရတဲ့ အမဲသားကို ဘုရားရှင်ကို လှူဒါန်းဘို့ စိတ်ကူးပေါ်ပေါက်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒီဇာတ်လမ်းအရ ဘုရားရှင် အမဲသားစားတယ်လို့ မှတ်ယူရမှာပါ။
မှန်ပါတယ်။ ဘုရားရှင်က သူ့ရဲ့ တပည့်သာဝက ရဟန်းတွေကို ဟိုဟာ မစားနဲ့။ ဒီဟာကို စား၊ အသီး အနှံနဲ့ အရွက်ကိုသာ စား၊ အသားငါးကို မစားနဲ့လို့ လုံးဝ မပြောခဲ့ပါဘူး။ ရဟန်းဆိုတာ ဆွမ်းခံ စားရတာ၊ လှူ တာ စားရတာဆိုတော့ ဟိုဟာမစားချင်ဘူး၊ ဒီဟာမစားချင်ဘူးလို့ ရွေးချယ်ပိုင်ခွင့် (ဂျီးများပိုင်ခွင့်) မရှိပါဘူး။ ဒကာ ဒကာမတွေက အသီးအရွက်လှူတော့လည်း အသီးအရွက်စားလိုက်ရတာပါပဲ။ အသားလှူပြန် တော့လည်း အသားစားလိုက်ရတာပါပဲ။
ဒါ့ကြောင့် အစားအသောက်နဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒကို ကောက်ချက်ချမယ်ဆိုရင် အသီးအနှံ အရွက်တွေချည်းစားရမည့်ဝါဒလည်း မဟုတ်ပါဘူး။  အသားငါးချည်းစားရမည့်ဝါဒလည်း မဟုတ် ပါဘူး။ ရဟန်းတော်များ အသီးအနှံနဲ့ အရွက်ကိုသာ စားရမယ်ဆိုရင် လှူဒါန်းမည့်သူတွေ အသီးအနှံနဲ့ အရွက်ကို တကူးတက စီမံပေးရမှာဖြစ်လို့ သူတို့ကို ဒုက္ခပေးရာ ရောက်ပါတယ်။ အသားကိုသာ စားရမယ်ဆိုရင်လည်း ထို့အတူပါပဲ။ ဒီတော့ အစားအသောက်နဲ့ပတ်သက်ပြီး ရှိတာစား၊ ရတာစား၊ လှူတာစားတာဟာ ဘုရားရှင်ရဲ့ ၀ါဒပါလို့ ပြောနိုင်ပါတယ်။
အဲ၊ ဒါပေမဲ့ ကြက်တစ်ကောင်ကို (သတ္တ၀ါတစ်ကောင်ကောင်ကို) ကိုယ့်အတွက် ရည်ရွယ်ပြီး ကိုယ်စားဘို့ ကိုယ့်ရှေ့မှာသတ်ကာ ကိုယ့်ကို ဧည့်ခံပြုစုကျွေးမွေးလှူဒါန်းတာမျိုးကိုတော့ မစားရဘူးလို့ ဘုရားရှင်က ပြောခဲ့ဘူးပါတယ်။  ကြက်တစ်ကောင်ကို ကိုယ့်ရှေ့မှာ သတ်တာတော့ မဟုတ်ဘူး၊ သို့သော် ကိုယ့်အတွက် ရည်ရွယ်ပြီး ကြက်ကို သတ်ဖြတ်ကာ ချက်ပြုတ်လှူဒါန်းထားတာလို့ တစ်ဦးဦးက ပြောလို့ ကြားသိခဲ့ရင်လည်း ထိုကြက်သားမျိုးကို မစားပါနဲ့တဲ့။ နောက်ဆုံး  ကိုယ့်အတွက် ရည်ရွယ်ပြီး သတ်ဖြတ်ချက်ပြုတ်ထားတဲ့ အသားမျိုးများ ဖြစ်နေမလားလို့ သံသယရှိနေရင်တောင် မစားပါနဲ့လို့ ဘုရားရှင်က ပြောခဲ့ပါတယ်။
ဗုဒ္ဓဘာသာစာပေမှာ အစားအသောက်နဲ့ ပတ်သက်လို့ ရွံစရာကောင်းတဲ့ ခွေးသား၊ မြွေသားလို အသားမျိုးနဲ့ အသားကြီးစာရင်းထဲပါဝင်တဲ့ ဆင်သား။ မြင်းသား၊ ကျားသားစတဲ့ အသားကြီး ၁၀ မျိုးကို ရဟန်းတော်များ လုံးဝ မစားရဘူးလို့ တွေ့ရပါတယ်။ အမဲသား (နွားသား) ကတော့ အသားကြီး (၁၀) မျိုး စာရင်းထဲမှာ မပါပါဘူး။
Ref: What the Buddha said about eating meat. Ajahn Brahmavamso

သန္ဓေတားဆီးခြင်းနှင့်ဖျက်ချခြင်း

မလေးရှားမှာနေတုန်းက တရုတ်ဗုဒ္ဓဘာသာမိသားစုအိမ်တစ်အိမ်ကို နေ့ဆွမ်းစားကြွဖြစ်တယ်။ အိမ်မှာ လုပ်ရိုးလုပ်စဉ်အတိုင်း ငါးပါးသီလယူ၊ သီလဆောက်တည်၊ ဆွမ်းကပ်ပါတယ်။ ပြီးတော့ အိမ်ရှင်ဒကာကြီးက သူသိလိုတာတွေကို မေးမြန်းလျှောက်ထားပါတယ်။ မေးခွန်းတွေကတော့ အစုံပါပဲ။ ရယ်စရာ ကောင်းတဲ့ မေးခွန်းတစ်ခုက လောကီအာရုံကာမဂုဏ်တွေ အင်မတန်များပြားလှတဲ့ ဒီ ၂၁ ရာစု ခေတ်မှာ လူတွေကြားမှာ နေနေတဲ့ ငယ်ရွယ်တဲ့ရဟန်းတော်တစ်ပါးအနေနဲ့ ရဟန်းဘောင်မှာ တည်မြဲနေ အောင် ဘယ်လိုကျင့်ကြံနေထိုင်ပါသလဲ၊ မာတုဂါမလေးတွေနဲ့ မလွှဲသာ မရှောင်သာလို့ တွေ့ရမြင်ရတဲ့အခါ တွေမှာ ကိလေသာစိတ်တွေ ဖြစ်ပေါ်ပါသလား၊ တကယ်လို့ ကိလေသာစိတ်တွေ ဖြစ်ပေါ်လာတယ်ဆိုရင်
ဘယ်လို ကျင့်ကြံနေထိုင်ပါသလဲ တဲ့။ ဒီမေးခွန်းအတွက် အရင်တစ်ခါရေးပြခဲ့ဘူးတဲ့ ဘုရားရှင်နဲ့ ရှင်အာနန္ဒာ တို့ရဲ့ ဒိုင်ယာလော့ဂ်ကို တရုတ်ဒကာကြီးကို ပြောပြဖြစ်တယ်။

အာနန္ဒာ  ။     ။ အမျိုးသမီးတွေနဲ့ပတ်သက်လို့ တပည့်တော်တို့ ဘယ်လိုကျင့်ကြံနေထိုင် ရမလဲဘုရား။
ဘုရားရှင်။     ။ မတွေ့အောင်နေပေါ့ အာနန္ဒာ
အာနန္ဒာ  ။    ။ အကြောင်းတစ်ခုခုကြောင့် တွေ့ရပြီဆိုရင်ကောဘုရား။
ဘုရားရှင်။     ။ စကားမပြောနဲ့ပေါ့ အာနန္ဒာ
အာနန္ဒာ  ။    ။ မဖြစ်မနေပြောရတော့မယ်ဆိုရင်ကောဘုရား။

ဘုရားရှင်မိန့်တော်မူခဲ့သလို သတိနဲ့နေရကြောင်း၊ မိမိစိတ်အခြေအနေကို ကြည့်ရှုဆင်ခြင်တတ်တဲ့ အလေ့အကျင့်ပြုလုပ်ထားရကြောင်း၊ စိတ်ညစ်စိတ်ဆိုးတွေ ထကြွသောင်းကျန်းလာတဲ့အခါမှာ သတိနဲ့ အခါ မလတ်စောင့်ကြည့်ပြီး ပညာနဲ့ဆင်ခြင်ထိန်းချုပ်ကြောင်း ပြောပြပါတယ်။ ပြီးမှ ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ (သင်္ဂဇာဆရာတော့်ပုံပြင်လား၊ ဗန်းမော်ဆရာတော်ပုံပြင်လား မမှတ်မိတော့ဘူး) ထန်းနို့ပုံပြင်ကို သူနားလည် တဲ့အထိ အချိန်ပေး ရှင်းပြခဲ့ရပါတယ်။ ထန်းနို့ပုံပြင်ကိုတော့ သိပြီးသားဖြစ်မှာပါ။
မင်းတုန်းမင်းကြီးက သူ့ကိုးကွယ်တဲ့သင်္ဂဇာဆရာတော်ပဲ ဆိုပါစို့။ သင်္ဂဇာဆရာတော်ကြီးကို နန်းတွင်းထဲပင့်ပြီး ဆွမ်းကပ်လေ့ရှိသတဲ့။ နန်းတွင်း ရှင်ဘုရင်ကပ်တဲ့ဆွမ်းဆိုတော့ အဆီသြဇာရှိတဲ့ အကောင်းစားဟင်းလျှာတွေချည်း နေမှာပေါ့။
နေ့စဉ်နှင့်အမျှ ဟင်းကောင်းဟင်းလျာတွေကို ဆက်ကပ်လာတဲ့ရှင်ဘုရင်ကြီးက သူ့စိတ်နဲ့နှိုင်းပြီး “အရှင်ဘုရား၊ ဒီလို ဟင်းကောင်းဟင်းလျှာတွေ ဘုဉ်းပေးပြီး ကိလေသာရာဂစိတ်တွေများ မထကြွဘူးလား ဘုရား” လို့ လျှောက်ကြားသတဲ့။ ဒီတော့ ဆရာတော်က “ဒကာတော်မင်းကြီး၊ ဒီကိစ္စက ထန်းပင်ပေါ်က ထန်းနို့နဲ့တူတယ်။ ထန်းပင်ပေါ်က ထန်းနို့ချောင်းဟာ ညှစ်ရင် ညှစ်သလောက် အရည်ထွက်နေပေမဲ့ မညှစ်ပဲ ပစ်ထားလိုက်ရင် သူဟာသူ လိမ်ကောက် ခြောက်သွေ့သွားတာပါဘဲ” လို့ ပြန်လည် အမိန့်ရှိလိုက်တော့ မင်းတုန်းမင်းကြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျသွားတယ်တဲ့။ ဒီတရုတ်ဒကာကိုလည်း ဒါကိုပဲ ပြောပြဖြစ်ခဲ့ ပါတယ်။
တရုတ်ဒကာကြီးမေးတဲ့ နောက်မေးခွန်းတစ်ခုက “ကိုယ်ဝန်တားဆီးတာနဲ့ ဖျက်ချတာကို ဗုဒ္ဓ ဘာသာရှုဒေါင့်က ဘယ်လို ယူဆပါသလဲ” တဲ့။ ဗုဒ္ဓဘာသာက ကိုယ်ဝန်သန္ဓေတားဆီးတာကို မဆန့်ကျင် ပါဘူး။ ကိုယ်ဝန်တားဆီးဆေးနဲ့ပတ်သက်ပြီး ရိုးရာဗိန္ဓောဆေးပဲဖြစ်ဖြစ် ခေတ်ပေါ်အနောက်တိုင်းဆေးပဲ ဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်မယ်ဆိုရင် သုံးချင်သပဆိုရင် သုံးဆောင်နိုင်ပါတယ်။
အခြားဘာသာဝင်အချို့တွေက ကိုယ်ဝန်တားဆီတာဟာ ဘုရားသခင်ရဲ့ ဆန္ဒတော်ကို ဆန့်ကျင်ရာ ရောက်တယ်၊ အပြစ်ရှိတယ်လို့ မှတ်ယူကြပါတယ်။ သဘာဝမကျပါဘူး။ ကိုယ်ဝန်တားဆေးသုံးတာဟာ သတ္တ၀ါတစ်ဦးတစ်ယောက်ကို သတ်တာမဟုတ်ပါဘူး။ ဖြစ်လာမည့် တည်ရှိလာမဲ့သတ္တ၀ါကို တားဆီးတာပါ။
ဒီလိုတားဆီးတာမျိုးကို တားဆီပိုင်ခွင့်ရှိပါတယ်။
ဒါနဲ့ဆက်စပ်လို့ ဘုရားရှင်အတ္ထုပ္ပတ္တိဖြစ်တော်စဉ်ကို သတိရမိပါတယ်။ သိပြီးသားဖြစ်တဲ့အတိုင်း
ဘုရားဖြစ်မဲ့ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ကြင်ယာတော်ယသော်ဓရာတို့ဟာ အသက် (၁၆) နှစ်အရွယ်မှာ အိမ်ထောင်ပြုကြပါတယ်။ အိမ်ထောင်သက်တမ်း (၁၃) နှစ်ကြာလို့  သူတို့ဇနီးမောင်နှံ အသက် (၂၉) နှစ်အရွယ်ရောက်မှ ရာဟုလာဆိုတဲ့ သားတော်တစ်ယောက်သာ ထွန်းကားခဲ့ပါတယ်။ အိမ်ထောင် သက် (၁၃) နှစ်အတောအတွင်း ကလေးယူမယ်ဆို လေး၊ ငါးယောက်လောက် ရနိုင်တဲ့အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ့ သားတော် ရာဟုလာတစ်ယောက်ထဲ ထွန်းကားခဲ့တာဟာ စဉ်းစားစရာပါ။
အဲ့ဒီခေတ် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ခန့်က ဆေးလောကမှာ အင်မတန်တတ်ကျွမ်းတဲ့ ဇီဝကနဲ့ ဆရာအစဉ်အဆက်တွေက Contraceptive လို့ ခေါ်တဲ့ သန္ဓေတားဆေးကို ထုတ်လုပ်နိုင်နေပြီလား။
ထုတ်လုပ်နိုင်နေပြီဆိုရင် ယသော်ဓရာအပါအ၀င် အမျိုးသမီးထုကြီးက ထိုဆေးကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြပြီလား။ စဉ်းစားမိတာကို ပြောပြတာပါ။ ဗုဒ္ဓဘာသာက သန္ဓေတားတာကို မဆန့်ကျင်ပါဘူး၊ မကန့်ကွက်ပါဘူးလို့ ဆွမ်းကပ်တဲ့ တရုတ်မိသားစုကို ရှင်းပြခဲ့ပါတယ်။
သန္ဓေတားဆီးတာကို ဗုဒ္ဓဘာသာက မဆန့်ကျင်ပေမဲ့ သန္ဓေဖျက်ချတာကိုတော့ လုံးဝကန့်ကွက်ပါ တယ်။ ဗုဒ္ဓဘာသာက သန္ဓေဖျက်ချတာကို လက်မခံပါဘူး။ ရဟန်းတော်များလိုက်နာရမည့် အရေးအကြီးဆုံး သိက္ခာပုဒ်လေးမျိုးရှိပါတယ်။ အဲ့ဒီလေးမျိုးထဲမှာ တစ်မျိုးက လူမသတ်ရဘူးတဲ့။ လူသတ်ရင် အဲ့ဒီလူသတ်တဲ့ ရဟန်းကို ရဟန်းအဖြစ် မသတ်မှတ်ရတော့ပါဘူး၊ လူသတ်တဲ့ရဟန်းနဲ့ အပေါင်းအသင်းမလုပ်ရဘူးလို့
ဘုရားရှင်က ဥပဒေထုတ်ထားပါတယ်။
လူသတ်တယ်ဆိုတဲ့နေရာမှာ ကိုယ်ဝန်ရှိနေတဲ့အမျိုးသမီးကို ကိုယ်ဝန်ကျဆေး၊ သန္ဓေကျဆေးကို ပင် ပေးခွင့်မရှိပါဘူး။ မပေးရပါဘူး။ ကိုယ်ဝန်ကျဆေး၊ သန္ဓေကျဆေးပေးရင်လည်း လူသတ်တာနဲ့ အတူတူပါဘဲတဲ့။
လူသတ်တာ တနည်းအားဖြင့် သက်ရှိသတ္တ၀ါကို သတ်တာကို ပါဠိလို ပါဏာတိပါတလို့ ခေါ်ပါတယ်။
ငါးပါးသီလထဲမှာ ပထမဦးဆုံးသီလဖြစ်တဲ့ ပါဏာတိပါတ ပါဘဲ။ သူတပါးအသက်ကို သတ်ရာမှာ သတ်တဲ့ကံ မြောက်ဘို့ သတ်ရာမြောက်ဘို့ သတ်တာအထမြောက်ဘို့အတွက် အကြောင်းတရား ငါးချက်လိုအပ်ပါတယ်။
ကိုယ်သတ်မည့် လူ၊ သတ္တ၀ါဟာ
(၁) သက်ရှိသတ္တ၀ါဖြစ်ရပါမယ်။
(၂) သက်ရှိထင်ရှားဖြစ်တယ်လို့လည်း သိရပါမယ်
(၃) သတ်လိုတဲ့စိတ်၊ သေစေလိုတဲ့စိတ်လည်း ရှိရပါမယ်။
(၄) သတ်ဖို့ရန် လုံ့လပြုရပါမယ်၊ အားထုတ်ရပါမယ်။
(၅) ကိုယ်သတ်လိုက်တဲ့ လူ၊ သတ္တ၀ါဟာ သေလည်း သေသွားရပါမယ်။
ဒီအချက်ငါးချက်နဲ့ညီမှ သတ်ရာရောက်ပါတယ်။ ငါးပါးသီလထဲက ပထမဆုံးသီလကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါ့ကြောင့်မို့ ကားမောင်းရင်း ကြွက်လေးတွေ၊ ကြောင်လေးတွေ၊ ခွေးလေးတွေကို
မတော်တဆတိုက်မိပြီး သေဆုံးသွားတာနဲ့ ပထမဆုံးသီလဖြစ်တဲ့ ပါဏာတိပါတသီလကို ချိုးဖောက်ရာ မရောက်ပါဘူး။
ကဲ။ သန္ဓေဖျက်ချမှုနဲ့ ပါဏာတိပါတ သူတပါးအသက်သတ်မှုကို လေ့လာကြည့်ရအောင်။ မိခင် ၀မ်းတွင်းမှာ သန္ဓေစတည်တာနဲ့ သန္ဓေသားလေးဟာ သက်ရှိသတ္တ၀ါဖြစ်သွားပါပြီ။ ဒါ့ကြောင့် နံပါတ် (၁) အချက်ဖြစ်တဲ့ သက်ရှိသတ္တ၀ါဖြစ်ရမယ်ဆိုတဲ့ အင်္ဂါရပ်နဲ့ ညီသွားပါပြီ။
ရက်အနည်းငယ် လအနည်းငယ်အတွင်းမှာဘဲ သန္ဓေသားလေးဟာ သက်ရှိထင်ရှားဖြစ်နေတယ် ဆိုတာကို မိခင်လုပ်သူက သိလို့ နံပါတ် (၂) အချက်ဖြစ်တဲ့ သက်ရှိထင်ရှားဖြစ်တယ်လို့လည်း သိရပါမယ် ဆိုတဲ့ အင်္ဂါရပ်နဲ့လည်း ညီသွားပါတယ်။
သန္ဓေသားကို ဖျက်ချလိုလို့ ဖျက်ချပေးမည့်သူကို လိုက်လံရှာဖွေပြီး ဖျက်ချတာဖြစ်တဲ့အတွက် နံပါတ် (၃) အချက်ဖြစ်တဲ့ သတ်လိုတဲ့စိတ်၊ သေစေလိုတဲ့စိတ်လည်း ရှိရပါမယ်ဆိုတာနဲ့လည်း ညီညွတ် သွားပါတယ်။
သန္ဓေသားကို ဖျက်ချဘို့ ဖျက်ချပေးမဲ့သူနဲ့ ပူးပေါင်းဆောင်ရွက်တာတွေဟာလည်း နံပါတ် (၄) အချက်ဖြစ်တဲ့ သတ်ဖို့ရန် လုံ့လပြုရပါမယ်၊ အားထုတ်ရပါမယ်ဆိုတာနဲ့ ကိုက်ညီပါတယ်။
နံပါတ် (၅) သန္ဓေသားသေဆုံးသွားရင် သူတပါးအသက်သတ်တာ တနည်းအားဖြင့် ပါဏာတိပါတ ကံမြောက်တော့တာပါဘဲ။
အကျဉ်းချုပ်ပြောရရင်တော့ သန္ဓေသားကို ဖျက်ချတာဟာ သူတပါးအသက်သတ်ခြင်းအင်္ဂါငါးချက်နဲ့ ကိုက်ညီနေလို့ ပါဏာတိပါတကံမြောက်ခြင်းအင်္ဂါရပ်ငါးချက်နဲ့ ကိုက်ညီနေလို့ လုံးဝမကျူးလွန်သင့်ပါဘူး။
ဆိုတော့က ဗုဒ္ဓဘာသာက Prevention ကို လက်ခံတယ်၊ Abortion ကိုတော့ လုံးဝဆန့်ကျင်တယ်လို့ ပြောလိုက်ပါရစေ။

Ref: What Buddhists Believe P 240 By K Sri Dhammananda

Saturday, June 10, 2017

ညီမျှနေဘို့


နတ်သားက ဘုရားရှင်ကို မေးတဲ့နံပါတ် (၃) မေးခွန်းက ကိံသု နရာနံ ရတနံ - အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။ လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။
အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း ဒီနတ်သားမေးတဲ့ မေးခွန်းကို ဒကာကြီးတစ်ဦးကို မေး ကြည့်တော့ ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရားလို့ ဖြေပါတယ်။ သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင် တွေအတွက်တော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမဲ့ နတ်သားမေးတဲ့ မေးခွန်းမှာပါတဲ့ လူဆိုတာ ဗုဒ္ဓဘာသာဝင် တွေကိုသာ ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြားဘာသာဝင်တွေလဲ ပါပါတယ်။ လူသားအားလုံးကို ရည်ညွှန်းတယ်လို့ ဆိုရမှာပါ၊ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အဲ့ဒီအခြားဘာသာဝင်တွေ အတွက် ဘုရား တရား သံဃာကို ရတနာလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရမလဲ။ ဆိုတော့ ရတနာဆိုတာ အများနဲ့သက်ဆိုင်တဲ့ လူသားအားလုံးရဲ့ ရတနာဖြစ်ရပါမယ်။ “လူသားအားလုံးတို့၏ ရတနာသည် အဘယ် အရာဖြစ်ပါသနည်း” ပေါ့။

ဘုရားရှင်ရဲ့ အဖြေက ပညာ နရာနံ ရတနံ - ပညာသာ လူတွေရဲ့ ရတနာဖြစ်ပါတယ်တဲ့။ ဟုတ်ပါ တယ်၊ ပညာဟာ ဘယ်လူမျိုးအတွက်မဆို ဘယ်ဘာသာဝင်အတွက်မဆို ရတနာပါ။ သဒ္ဓါ - ယုံကြည်မှု၊ ပညာ - ခွဲခြမ်းစိတ်ဖြာသိမှုကို ဒီနေရာမှာ တွဲပြီးပြတော့ ဘာသာရေးကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ
ယုံကြည်မှု (သဒ္ဓါ) တရားသက်သက်နဲ့တင် မလုံလောက်ဘူး။ အစစအရာရာ စဉ်းစားတွေးခေါ်တတ်တဲ့ ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာလဲ ပါရမယ်လို့ သဘောပေါက်နားလည်မိပါတယ်။ ပညာနဲ့ယုံကြည်မှသာ ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ တန်ဘိုးရှိမှာမို့လား။

မှန်ပါတယ်။ ပညာကင်းတဲ့ ယုံကြည်မှု (သဒ္ဓါ)ဟာ အကြည်ညိုမှားတတ်ပါတယ်။ ပညာနဲ့သဒ္ဓါ၊ သဒ္ဓါနဲ့ပညာ ညီတူညီမျှ ရှိနေရပါမယ်။ တစ်ခုက တစ်ခုထက် မပိုလွန်ရပါဘူး။ တစ်ခုက တစ်ခုထက်ပိုလွန် သွားရင် မကောင်းတတ်ပါဘူး။

မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အများစုဟာ သဒ္ဓါအားကောင်းပြီး ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာအား နည်းတယ်လို့ ဆိုရမလားပဲ။ ယုံလွယ်တတ်ကြတယ်။ နာမည်ကြီးတာနောက် လိုက်တတ်ကြတယ်။ ယုံကြည် ကိုးကွယ်မှုဆိုင်ရာမှာ မှား၏ မှန်၏ သိပ်ဝေဘန်လေ့မရှိကြဘူး။ ဘယ်လောက်အထိ မဝေဘန်သလဲဆိုရင်
ရန်ကုန် မန္တလေး ကားလမ်းဘေးမှာ “မြွေဘုရား” ဆိုပြီး မုခ်ဦးအကြီးကြီးတည်ဆောက်ထားတာဟာ မှားသလား မှန်သလား တင့်တယ်သလား မတင့်တယ်ဘူးလားလို့ မဝေဘန်တတ်လောက်တဲ့အထိပါဘဲ။ စာရေးသူအနေနဲ့ မြွေဘုရားဆိုတဲ့မုခ်ဦးအကြီးကြီးကို ရုတ်တရက်တွေ့လိုက်တော့ အတော်စိတ်မသက်မသာ ဖြစ်မိသွားပါတယ်။ ဘယ်လိုကြောင့် မြွေက ဘုရားဖြစ်သွားရတာလဲ၊ ဘယ်လိုကြောင့် ဘုရားက မြွေဖြစ်သွား ရတာလဲ၊ ဇဝေဇ၀ါဖြစ်သွားရပါတယ်။ နောက်မှ ဒေသခံ ဦးဇင်းတစ်ပါးကို မေးကြည့်တော့ မြွေဘုရား ဇာတ်လမ်းကို သိရပါတော့တယ်။

ဒါမျိုးအထူးအဆန်းဖန်တီးထားတာကိုလည်း ဒို့မြန်မာဗုဒ္ဓဘာသာဝင်တွေက ဝေဘန်ဆန်းစစ်မှုမရှိပဲ အလွယ်တကူ လက်ခံယုံကြည်လိုက်ကြတာပါပဲ၊ ဒါဟာ ယုံကြည်မှု သဒ္ဓါအားကောင်းပြီး စဉ်းစားဝေဘန်မှု ပညာအားနည်းတာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့သာဓကပဲ။

စာပေမှာတော့ ဗလ၀သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ၊ အ၀တ္ထုသ္မိံ ပသီဒတိ တဲ့။ အဓိပ္ပါယ်က ယုံကြည်မှုသဒ္ဓါတရားအားကြီးပြီး ပညာအားနည်းတဲ့သူဟာ မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတတ်၏၊ ကြည်ညိုဖွယ်မဟုတ်သောအရာဝတ္ထု ပုဂ္ဂိုလ်တို့၌ ကြည်ညို တတ်၏ တဲ့။

အနောက်နိုင်ငံသား အများစုကတော့ ပညာအားကြီးပြီး သဒ္ဓါတရားအားနည်းတယ်။ သိဒ္ဓတ္ထမင်း သားက မိန်းမယူပြီး ကလေးတစ်ယောက်ရမှ ပစ်ထားခဲ့တာ တရားသလား၊ လုပ်မကျွေးချင်လို့လား။ မိသားစုတာဝန် မထမ်းဆောင်ချင်လို့လားနဲ့ လားပေါင်းများစွာ မေးခွန်းထုတ်နေတာနဲ့ တကယ့်အနှစ်ဖြစ်တဲ့ အကျင့်ဆီကို မရောက်နိုင်တော့ဘူး။

ဒီလို ဝေဘန်စပ်စုမှု ပညာအားကြီးပြီး ယုံကြည်မှု သဒ္ဓါအားနည်းတဲ့သူအတွက် စာပေမှာလာတာက
ဗလ၀ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ တဲ့။ ပညာကြီးပြီး သဒ္ဓါအားနည်းတဲ့သူဟာ စဉ်းလဲသော အဖို့ ကောက်ကျစ်သည့်အပိုင်းသို့ ရောက်သွားတတ်၏ လို့ အဓိပ္ပါယ်ရပါတယ်။

ဒါ့ကြောင့် အရာခပ်သိမ်းမှာ အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာ ယုံကြည်မှု သဒ္ဓါအားကြီးတာ လည်း မကောင်းဘူး။ ဝေဘန်မှု ပညာအားကြီးတာလည်း မကောင်းဘူး။ သဒ္ဓါနဲ့ပညာ ညီမျှနေဘို့လိုပါတယ်။

Monday, June 5, 2017

တည်ဆောက်ရမည့်အရာ


နတ်သားမေးတဲ့ နံပါတ် (၂) မေးခွန်းက ကိံသု သာဓု ပတိဋ္ဌိတာ - (ကိုယ့်ရင်ထဲမှာ) ဘယ်လိုဟာမျိုး တည်ရှိသင့်ပါသလဲ တဲ့။ What is suitable to be established in? လို့ အင်္ဂလိပ်လို ဘာသာပြန်ဆိုကြ တယ်။ ဆိုတော့ ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်ဦးဏှောက်ထဲမှာ ဘာကို ဘယ်လိုဟာမျိုးကို ဆောက်တည်သင့်သလဲ၊ တည်ဆောက်သင့်သလဲ လို့ ဘာသာပြန်ရင် ပိုနားလည်နိုင်မယ်လို့ ထင်ပါတယ်။
ဘုရားရှင်ရဲ့ အဖြေက သဒ္ဓါ သာဓု ပတိဋ္ဌိတာ တဲ့။ သဒ္ဓါတရားကို ကိုယ့်ရင်ထဲမှာ တည်ဆောက် ရမယ်တဲ့ ။ သဒ္ဓါဆိုတာကို (ဘာသာရေး) ယုံကြည်မှုလို့ ဘာသာပြန်ဆိုကြပါတယ်။ ဘာသာရေးလိုက်စားမှ ဘာသာရေးကို ယုံကြည်မှာပါ၊ ဘာသာရေးလိုက်စားမှုဆိုတာ ဘာသာရေးကျင့်ဝတ်တွေကို လေ့လာပြီး ကျင့်ကြံတာကို ပြောတာပါ၊ ဘာသာရေးကိုင်းရှိုင်းတာကို ပြောတာပါ။ ဒါ့ကြောင့် သဒ္ဓါဆိုတာကို နားလည် လွယ်အောင် ဘာသာပြန်ဆိုရရင် ဘာသာရေးကိုင်းရှိုင်းတာကို ပြောတာပါပဲ။
ဘာသာရေး ကိုင်းရှိုင်းဘို့ဆိုတာ သူ့အလိုလို ကိုင်းရှိုင်းလာတာ မဟုတ်ပါဘူး။ ဘာသာရေး ကိုင်း ရှိုင်းသူတစ်ယောက်ဖြစ်လာဘို့အတွက် မိမိတို့က အချိန်ပေးပြီး တည်ဆောက်ယူရတာပါ။ ကြိုးစားယူရ တာပါ။
ဒါ့ကြောင့် ဘုရားရှင်က သဒ္ဓါ သာဓု ပတိဋ္ဌိတာ ဘာသာရေးကိုင်းရှိုင်းခြင်းလို့ ခေါ်တဲ့ သဒ္ဓါတရားကို တည်ဆောက်ယူပါတဲ့။ (မိမိနေဘို့ရန် အိမ်ကို ကြိုးစားပမ်းစား တည်ဆောက်သလို) ဘာသာရေး ကျင့်ဝတ် တွေကို ကျင့်ကြံနိုင်ဘို့ ကြိုးစားပမ်းစားတည်ဆောက်ယူကြပါလို့ ဆိုနိုင်ပါတယ်။
ဟုတ်ပါတယ်။ လူ့စိတ်က မကောင်းတာလုပ်ဖို့အတွက်ဆို ကြိုးစားစရာ မလိုပါဘူး၊ ဆောက်တည် နေစရာ မလိုဘူးပေါ့။ ဥပမာ - အရက်ဆိုင်သွားမယ်ဆို အဆင်သင့် လိုက်ချင်သူတွေများပါတယ်။ အဲ၊ ဘုရားကျောင်းကန်သွားဘို့ ဘာသာရေးဆိုင်ရာကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုရင် အထူးကို ကြိုးစားရပါတယ်။ အားစိုက်ရပါတယ်။ ညစဉ်ညတိုင်း ရတနာသုံးပါး၊ မိဘ ဆရာသမားတွေကို ရှိခိုးဦးချ မေတ္တာပို့ပြီးမှ အိပ်ရာ ၀င်တဲ့ ဘာသာရေးနဲ့ဆက်စပ်တဲ့အလေ့အကျင့်မျိုးဆိုရင် အထူးကြိုးစားအားထုတ်ရပါတယ်။ ဒီလိုအလေ့ အကျင့်မျိုးဆို တည်ဆောက်ယူရတာပါ။
ဒီလိုအလေ့အကျင့်မျိုး နှစ်ချီကြာညောင်းလာပေမဲ့ ကြားထဲမှာ ကိစ္စတစ်ခုခုနဲ့ ပျက်သွားတယ်ဆိုရင် ပြန်ပြီးလုပ်ဆောင်နိုင်ဘို့ မနည်းအားယူရပါတယ်။ မနက်စောစော တရားထိုင်တဲ့အလေ့အကျင့်ကို နှစ်ရှည် လများ ကျင့်ကြံအားထုတ်ထားပေမယ့် ကြားထဲမှာ အကြောင်းကြောင်းကြောင့် နှစ်ရက်သုံးရက် လောက် ပျက်ကွက်သွားရင် ကိုယ့်ကိုယ်ကို မနည်းပြန်ခိုင်းယူရပါတယ်။
ဒါ့ကြောင့်မို့လည်း ဘုရားရှင်က ဘာသာရေး ယုံကြည်မှုသဒ္ဓါတရား၊ ဘာသာရေးကိုင်းရှိုင်းမှု သဘောတရား၊ ဘာသာရေးကျင့်ဝတ်ဖြည့်ဆည်းမှု သဘောတရားကို တည်ဆောက်သင့်ပါတယ်၊ ကြိုးစား သင့်ပါတယ်လို့ ပြောထားတာဖြစ်မှာပါ လို့ ထင်မြင်ယူဆမိပါတယ်။

Thursday, June 1, 2017

သင်တန်းချိန်ပြောင်းရန်

Preliminary Level ကျောင်းသားများ
စနေနေ့ ကျောင်းတက်ဖို့ရန်အဆင်မပြေပါက
၀၉၅၀၆၅၅၅၉ သို့ ဆက်သွယ်ရန်