Monday, May 8, 2017

စပ်မိစပ်ရာ (၂) ဘုရားရှင် အမဲသား စား၊ မစား


ဥပ္ပလ၀ဏ်အကြောင်းကိုသိရင် ဘုရားရှင် အမဲသားစားသလား မစားဘူးလားဆိုတဲ့မေးခွန်း ကို အဖြေပေးနိုင်မှာပါ။ ဥပ္ပလ၀ဏ်က သာဝတ္ထိသူ၊ သူဌေးသမီးပါ။ သူ့အသားအရေက ကြာပန်းလိုပဲတဲ့။ အတော် လှတယ်လို့ ဗုဒစာပေက ဆိုပါတယ်။ လှလွန်းလို့ တိုင်းပြည်အသီးသီးက ရှင်ဘုရင်တွေ သရေ (သွားရည်) အတော်ကျခဲ့ကြတယ်တဲ့။ ဘုရင်ခေတ်ဆိုတော့ ဟိုတိုင်းပြည်ကဘုရင်က သူ့ကို လိုချင်၊ ဒီတိုင်းပြည်က ဘုရင်ကလိုချင်ဆိုပါတော့။ ဒီလိုအခြေအနေမျိုးမှာ ဖအေလုပ်တဲ့သူက သူ့ကို ဘယ်သူနဲ့ပေးစားရမယ် ဆိုတာ ဆုံးဖြတ်ချက်မချနိုင်လို့ ရဟန်းမ (ဘိက္ခုနီ) ၀တ်ခိုင်းလိုက်ရတယ်တဲ့။
ဥပလ၀ဏ်လည်း ပါရမီဓာတ်ခံရှိသူဖြစ်သည့်အလျောက် ရှင်တော်ဗုဒ္ဓထံပါးမှာ ရဟန်းမတစ်ပါး ဖြစ်လာပြီးနောက် ကျင့်ကြံကြိုးစားပွါးများလိုက်တာ နောက်ဆုံးမှာတော့ ကိလေသာကုန်ခန်း ရဟန္တာမကြီး ဖြစ်သွားပါတော့တယ်။ ရဟန်းတော်တွေထဲက ရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးဟာ တန်ခိုးအကြီးဆုံးဖြစ် သလို  အမျိုးသမီးရဟန်းမတွေထဲမှာ သူဟာတန်းခိုးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ဘုရားရှင် အား ကိုးရတဲ့ တပည့်တစ်ဦးဖြစ်လာပါတယ်။
တစ်နေ့သောအခါ ဥပ္ပလ၀ဏ်ထေရီမကြီး တရားအားထုတ်နေတဲ့ တောအုပ်ထဲကို နွားသူခိုးတွေ ရောက်လာပါတယ်။ ခိုးလာတဲ့နွားကို အမဲဖျက်ကျတယ်။ ခုတ်ကျ၊ ထစ်ကျ၊ ဝေစုခွဲကျတယ်ပေါ့။ နွားသူခိုး ခေါင်းဆောင်က အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့ တရားရှုမှတ်နေတဲ့ ဥပ္ပလ၀ဏ်ထေရီမကို မြင်သွားပါတယ်။ သေချာစူးစိုက်ကြည့်ပြီး သဘောကျ ကြည်ညိုသွားပါတယ်။ ထေရီမအပေါ်မှာ နွားသူခိုးကြီးရဲ့ စေတနာသဒ္ဓါတရားတွေ ပေါက်ဖွားလာတယ်လို့ ဆိုနိုင်ပါတယ်။
နွားသူခိုးကြီးက အနီးနားကသစ်ပင်က သစ်ရွက်ကြီးကြီးတစ်ရွက်ကို ခူးပြီး နွားသား (အမဲသား) တစ်ခါချက်လောက် ထုတ်ပိုးကာ မျက်စိမှိတ် တရားရှုတ်မှတ်နေတဲ့ ဥပ္ပလ၀ဏ်ထေရီမ ရှေ့မှာ အမဲသားထုတ် ကို ချထားခဲ့ပါတယ်။ လှူဒါန်းခဲ့ပါတယ်။
အမဲသားထုတ်ကို တွေ့လိုက်ရတဲ့ ဥပ္ပလ၀ဏ်ထေရီမဟာ သူမြတ်နိုးကြည်ညိုလေးစားရတဲ့ ဘုရားရှင်ကို ချက်ချင်း သတိရမိပါတယ်။ ဒါနဲ့ နွားသူခိုးကြီးလှူလိုက်တဲ့ အမဲသားကို အကျအနချက်ပြီး နောက်နေ့မနက်မှာ မြတ်စွာဘုရားထံ သွားရောက် လှူဒါန်းပါတယ်။ ဘုရားရှင်သီတင်းသုံးရာကျောင်းကို သူရောက်ချိန်မှာ ဘုရားရှင်အပြင်ကြွခိုက် ဖြစ်နေလို့ ဘုရားရှင်နဲ့ မတွေ့ဖြစ်လိုက်ပါဘူး။
ဥပ္ပလ၀ဏ်လှူခဲ့တဲ့ အမဲသားကို ဘုရားရှင် စားတဲ့အကြောင်း၊ မစားတဲ့အကြောင်း ဗုဒစာပေ ဇာတ်လမ်းထဲမှာ မပါပါဘူး။ ဒါပေမယ့် အမျိုးသမီးတပည့်တွေထဲမှာ တန်ခိုးအကြီးဆုံးဖြစ်တဲ့ ဥပ္ပလ၀ဏ် ထေရီမကြီးဟာ အကယ်၍သာ ဘုရားရှင် အမဲသားမစားဘူးဆိုရင် နွားသူခိုးတွေဆီကရတဲ့ အမဲသားကို ဘုရားရှင်ကို လှူဒါန်းဘို့ စိတ်ကူးပေါ်ပေါက်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒီဇာတ်လမ်းအရ ဘုရားရှင် အမဲသားစားတယ်လို့ မှတ်ယူရမှာပါ။
မှန်ပါတယ်။ ဘုရားရှင်က သူ့ရဲ့ တပည့်သာဝက ရဟန်းတွေကို ဟိုဟာ မစားနဲ့။ ဒီဟာကို စား၊ အသီး အနှံနဲ့ အရွက်ကိုသာ စား၊ အသားငါးကို မစားနဲ့လို့ လုံးဝ မပြောခဲ့ပါဘူး။ ရဟန်းဆိုတာ ဆွမ်းခံ စားရတာ၊ လှူ တာ စားရတာဆိုတော့ ဟိုဟာမစားချင်ဘူး၊ ဒီဟာမစားချင်ဘူးလို့ ရွေးချယ်ပိုင်ခွင့် (ဂျီးများပိုင်ခွင့်) မရှိပါဘူး။ ဒကာ ဒကာမတွေက အသီးအရွက်လှူတော့လည်း အသီးအရွက်စားလိုက်ရတာပါပဲ။ အသားလှူပြန် တော့လည်း အသားစားလိုက်ရတာပါပဲ။
ဒါ့ကြောင့် အစားအသောက်နဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒကို ကောက်ချက်ချမယ်ဆိုရင် အသီးအနှံ အရွက်တွေချည်းစားရမည့်ဝါဒလည်း မဟုတ်ပါဘူး။  အသားငါးချည်းစားရမည့်ဝါဒလည်း မဟုတ် ပါဘူး။ ရဟန်းတော်များ အသီးအနှံနဲ့ အရွက်ကိုသာ စားရမယ်ဆိုရင် လှူဒါန်းမည့်သူတွေ အသီးအနှံနဲ့ အရွက်ကို တကူးတက စီမံပေးရမှာဖြစ်လို့ သူတို့ကို ဒုက္ခပေးရာ ရောက်ပါတယ်။ အသားကိုသာ စားရမယ်ဆိုရင်လည်း ထို့အတူပါပဲ။ ဒီတော့ အစားအသောက်နဲ့ပတ်သက်ပြီး ရှိတာစား၊ ရတာစား၊ လှူတာစားတာဟာ ဘုရားရှင်ရဲ့ ၀ါဒပါလို့ ပြောနိုင်ပါတယ်။
အဲ၊ ဒါပေမဲ့ ကြက်တစ်ကောင်ကို (သတ္တ၀ါတစ်ကောင်ကောင်ကို) ကိုယ့်အတွက် ရည်ရွယ်ပြီး ကိုယ်စားဘို့ ကိုယ့်ရှေ့မှာသတ်ကာ ကိုယ့်ကို ဧည့်ခံပြုစုကျွေးမွေးလှူဒါန်းတာမျိုးကိုတော့ မစားရဘူးလို့ ဘုရားရှင်က ပြောခဲ့ဘူးပါတယ်။  ကြက်တစ်ကောင်ကို ကိုယ့်ရှေ့မှာ သတ်တာတော့ မဟုတ်ဘူး၊ သို့သော် ကိုယ့်အတွက် ရည်ရွယ်ပြီး ကြက်ကို သတ်ဖြတ်ကာ ချက်ပြုတ်လှူဒါန်းထားတာလို့ တစ်ဦးဦးက ပြောလို့ ကြားသိခဲ့ရင်လည်း ထိုကြက်သားမျိုးကို မစားပါနဲ့တဲ့။ နောက်ဆုံး  ကိုယ့်အတွက် ရည်ရွယ်ပြီး သတ်ဖြတ်ချက်ပြုတ်ထားတဲ့ အသားမျိုးများ ဖြစ်နေမလားလို့ သံသယရှိနေရင်တောင် မစားပါနဲ့လို့ ဘုရားရှင်က ပြောခဲ့ပါတယ်။
ဗုဒ္ဓဘာသာစာပေမှာ အစားအသောက်နဲ့ ပတ်သက်လို့ ရွံစရာကောင်းတဲ့ ခွေးသား၊ မြွေသားလို အသားမျိုးနဲ့ အသားကြီးစာရင်းထဲပါဝင်တဲ့ ဆင်သား။ မြင်းသား၊ ကျားသားစတဲ့ အသားကြီး ၁၀ မျိုးကို ရဟန်းတော်များ လုံးဝ မစားရဘူးလို့ တွေ့ရပါတယ်။ အမဲသား (နွားသား) ကတော့ အသားကြီး (၁၀) မျိုး စာရင်းထဲမှာ မပါပါဘူး။
Ref: What the Buddha said about eating meat. Ajahn Brahmavamso