Wednesday, November 12, 2014

သန္ဓေတည်ခြင်းဆင်းရဲ

 
ဘုရားရှင်က ပဉ္စ၀ဂ္ဂီငါးဦးကို ထိုခေတ်ထိုအခါက ခေတ်စားနေတဲ့
အစွန်းရောက်ကျင့်စဉ်နှစ်မျိုးကို သုံးစားမရအောင် ရှင်းလင်းပြောဆိုပြီး
အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) နဲ့ မိတ်ဆက်ပေးပါတယ်။
ပြီးမှ သစ္စာတရားကို ဟောကြားတော်မူပါတယ်။

သစ္စာဆိုတာ ပါဠိစကားပါ။
 အမှန်၊ အရှိ၊ သဘာဝ လို့ မြန်မာလိုပြန်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်။
ဘာပြုလို့လဲဆိုတော့ သစ္စာ ဆိုတဲ့စကားလုံးအောက်မှာ
အမှန်တရား၊ အရှိတရား၊ သဘာဝတရားတွေချည်း ဘုရားရှင်က ဟောထားလို့ပါ။
သစ္စာဆိုတဲ့ အမှန်တရား၊ အရှိတရား၊ သဘာဝတရားလေးမျိုးရှိပါတယ်။

(၁) ဒုက္ခသစ္စာ
(၂) ဒုက္ခ၏အစ၊ ဒုက္ခဖြစ်ပေါ်ရခြင်းအကြောင်း - သမုဒယသစ္စာ
(၃) ဒုက္ခ၏ချုပ်ငြိမ်းရခြင်း - နိရောဓသစ္စာ
(၄) ဒုက္ခ၏ချုပ်ငြိမ်းရာသို့သွားရာလမ်း - မဂ္ဂသစ္စာတဲ့။

(၁) ဒုက္ခသစ္စာ
ဘုရားရှင်က ပဉ္စ၀ဂ္ဂီငါဦးကို သစ္စာတရားဟောတဲ့အခါ
လောလောဆယ် ထင်သာမြင်သာဖြစ်တဲ့
လူတိုင်းတွေ့ကြုံခဲ့၊ တွေ့ကြုံဆဲ၊ တွေ့ကြုံနေရဦးမည်ဖြစ်တဲ့
ဆင်းရဲခြင်းဒုက္ခသဘောသဘာဝတွေကို သရုပ်ခွဲပြပါတယ်။

ပါရမီအတော်အသင့်ရှိသူ အိမ်ထောင်သားမွေးမပြုရသေးသူတွေအဖို့
ဘုရားရှင်ထုတ်ပြတဲ့ ဒုက္ခသရုပ်ကို ကြားရပြီး ဖတ်ရပြီး
အိမ်ထောင်သားမွေးပြုချင်စိတ် ကုန်သွားနိုင်ပါတယ်။
အိမ်ထောင်သားမွေး ပြုပြီးသူတွေဆိုရင်
သားမယားပစ်ထားခဲ့ပြီး တောထွက်သွားနိုင်ပါတယ်။

ဆင်းရဲခြင်းဒုက္ခနဲ့ပတ်သက်လို့ ဘုရားရှင် ပထမဦးဆုံးမိန့်တာက
 “ဇာတိပိ ဒုက္ခာ - ပဋိသန္ဓေတည်နေရခြင်းက ဆင်းရဲတယ်” တဲ့။
အမိဝမ်းတွင်းမှာ ပထမဦးဆုံး ရုပ်သစ်၊ စိတ်သစ်ဖြစ်ပေါ်တာကို
ပဋိသန္ဓေတည်နေတယ်လို့ဆိုပါတယ်။

ပဋိသန္ဓေတည်နေမှုနေ့ပတ်သက်လို့
ဘုရားရှင်က
“ရှေးဦးစွာ ကလလရေကြည်၊
ကလလရေကြည်မှ အမြှုပ်၊
အမြှုပ်မှ သားတစ်၊
သားတစ်မှ အခဲ၊
အခဲမှ ခက်မငါးဖြာ (ဦးခေါင်း၊ ခြေ၊ လက်) တို့ ဖြစ်ကုန်၏။
ဆံ, အမွေး, ခြေသည်းလက်သည်းတို့လည်း ဖြစ်ကုန်၏” လို့ ဟောခဲ့ဘူးပါတယ်။

ဘုရားရှင်ရဲ့ ဟောကြားချက်ကို ထပ်ပြီး အဓိပ္ပါယ်ဖွင့်တဲ့
အဋ္ဌကထာဆရာတော်က
ပဋိသန္ဓေ စ နေတဲ့ပထမ (၇) ရက်မှာ ကလလရေကြည်ဖြစ်ပါတယ်။
နောက် (၇) ရက်မှာ အမြှုပ်ဖြစ်လာတယ်။
နောက် (၇) ရက်မှာ သားတစ်လေးဖြစ်လာတယ်။
နောက် (၇) ရက်မှာ အခဲတုံး (ခပ်ကြီးကြီးလေး) ဖြစ်လာပါတယ်။
နောက် (၇) ရက်မှာ ဦးခေါင်း၊ ခြေ၊ လက်တို့ ထင်ရှားလာပါတယ်။
နောက် (၇၇) ရက်ဝန်းကျင်မှာတော့ မျက်စိ၊ နား၊ နှာ၊ လျှာတွေ ပေါ်ပေါက်လာပါတယ်။
နောက် (၂၉၄) ရက်ဝန်းကျင်မှာ ဆံပင်၊ မွှေးညှင်း၊ ခြေသဲ၊ လက်သဲတွေ ပေါက်လာတယ်လို့ဆိုပါတယ်။
အဲ့ဒီနောက်တော့ ကိုယ်ဝန်ရင့်ကျက်ပြီး ကိုးလနှင့် ဆယ်လကြား မွေးဖွားတယ်တဲ့။
အချို့ ခုနစ်လ၊ ရှစ်လလောက်နဲ့လဲ ဖွားကြပါသေးတယ်တဲ့။

ဒါကတော့ ဗုဒ္ဓစာပေမှာလာတဲ့ ပဋိသန္ဓေနဲ့စပ်တဲ့မှတ်သားစရာလေးတွေပါ။
သိပ္ပံခေတ် ဆေးသုတေသနလေ့လာချက်တွေနဲ့ ဗုဒ္ဓစာပေလာ ဖော်ပြချက်တွေဟာ
အတော်ကိုက်ညီကြောင်း စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးပါတယ်။

ဒီနေရာမှာပြောချင်တာက ဒီလိုအမိဝမ်းတွင်းမှာ
ကိုးလကျော် ဆယ်လနေခဲ့ရတဲ့ ဇာတိဒုက္ခအကြောင်းပါ၊
ဇာတိဒုက္ခ - ပဋိသန္ဓေနေတုန်းဆင်းရဲတာကို ပီပြင်အောင်
အဋ္ဌကထာဆရာတော် ရှင်မဟာဗုဒ္ဓဃောသ က
ဝိသုဒ္ဓိမဂ်ကျမ်း (The Path of Purification) မှာ
ပီပီပြင်ပြင် ရေးပြထားပါတယ်။
ဒီကျမ်းကို မှီပြီး မြန်မာပြည်က ဆရာတော်ကြီးတစ်ပါးက လင်္ကာသီကုံးထားတယ်။
စာဟောင်းစာသစ်၊ အောက်ထက်ဝန်းရံ၊
ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊
ကျောကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊
မေးဖျားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မျောက်အိုကုပ်သည့်နှယ်၊
မလှုပ်မရှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့၊
အမိစပ်ခါး၊ ပူအေးစားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍၊
လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်ဝယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊
ကြီးပြန်ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိမြစ်ရင်းတည်း။

ရှင်းလင်းချက်
 စာဟောင်းစာသစ်၊ အောက်ထက်ဝန်းရံ၊
ကိုယ်ဝန်တည်ချိန် အမိဝမ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
မိခင်ရဲ့အစာဟောင်းအိမ် (ချေးထုပ်) ကို ဖင်ခုထိုင်ထားရပြီး
အစာသစ်အိမ်ကို ခေါင်းနဲ့ ရွက်ထားရတယ်တဲ့။
ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊
ပုပ်နံ့ထွက်နေတဲ့ အညစ်အကြေတွေနဲ့ ပြည့်နေတဲ့ သားအိမ်ထဲမှာ
မိခင်ရဲ့ ကိုယ်ဝန်ဆောင် သွေးနဲ့ မိဘ နှစ်ဦးတို့၏ အညစ်အကြေး သုက်သွေးတို့ကို မှီခိုနေရတာဖြစ်လို့
မိခင်ဝမ်းတွင်းက ခလေးအနေအထားဟာ
မစင်တွင်းထဲက ပိုးလောက်နဲ့ ထူးမခြားနားပါ တဲ့။

ကျောကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊
မေးဖျားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မျောက်အိုကုပ်သည့်နှယ်၊
ကိုယ်ဝန်တည်ချိန် အမိဝမ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
အမိကျောဘက်ကို မျက်နှာမူပြီး ဒူးနှစ်လုံးတို့၏အကြား၌ ခေါင်းကိုထားလျက်
 မေးအောက်မှာ လက်နှစ်ဘက်ဆုပ်ကာ နေနေရတယ် တဲ့။
ဒီအနေအထားက ဘာနဲ့ တူသလဲ ဆိုရင်
သစ်ငုတ်တိုပေါ်၌ မျောက်အိုတစ်ကောင် ကုပ်ကုပ်လေး နေနေသလိုဘဲ တဲ့။

မလှုပ်မရှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့၊
ကိုယ်ဝန်တည်ချိန် အမိဝမ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
မိခင်ဖြစ်သူ မြန်မြန်ဆန်ဆန် သွားတဲ့အခါ၊ ကုန်ချီကွချီပြုတဲ့အခါတွေမှာ
အရက်သမားလက်ထဲရောက်နေတဲ့ ဆိတ်ပေါက်စလို၊
မြွေ-အလမ္ပာယ်ဆရာက မြွေကိုဖမ်းပြီး အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းသလို
 မချိမဆန့် ခံစားရတယ် တဲ့။

အမိစပ်ခါး၊ ပူအေးစားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍
ကိုယ်ဝန်တည်ချိန် အမိဝမ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
မိခင်ဖြစ်သူ အစပ်စားရင် လှံနဲ့ထိုးပြီး ဆားနဲ့ပက်သလို ခံစားရတယ်တဲ့။
 အပူစားရင် မီးနဲ့မြှိုက်သလို ခံစားရတယ်တဲ့။
အအေးစာတွေကို စားရင် ရေခဲတုံးကြီးနဲ့ ဖိထားသလို ခံစားရတယ်တဲ့။
ဒီလိုဒုက္ခခံရတာက သေလုမတတ် အသားတဆတ်ဆတ်နဲ့ကို ခံစားရတာပါတဲ့။
(ဒါ့ကြောင့် မိခင်တွေ အစားအသောက် ဆင်ခြင်သင့်ပါတယ်)

လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်ဝယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊
ကြီးပြန်ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိမြစ်ရင်းတည်း။
အချိန်တန်လို့ ဗိုက်နာလာရင် ခြေထောက်ကို အထက်၊
ဦးခေါင်းကို အောက်ဘက်သို့ စောက်ထိုးမိုးမျှော် လှည့်ရပါတယ်။
ပြီးတော့ မဂ်ဝသို့ရောက်သောအခါ သေးငယ်တဲ့ သံပေါက်ကျဉ်းကျဉ်းလေးထဲကနေ
ဆင်ပြောင်ကြီးကို ဆွဲထုတ်ရသလို ခလေးခမျာ ခံစားရသတဲ့။
ကတ္တရာလမ်းကြိတ်တဲ့ ကားကြီးနဲ့ အကြိတ်ခံရသလို
ခလေးခမျာ ခံစားရှာသတဲ့။
ဒါ့အပြင် ကောင်းစွာမီးမဖွားနိုင်ရင် မိခင်ချမ်းသာ ပြီးရော,
ကလေး ဘယ်လို ဖြစ်ဖြစ် ဟု ဆိုသူက ဆိုကြသေး၏။
မိခင်ဝမ်းတွင်းမှာ လေတောင် အတိုးမခံရလို့ အလွန်နုရွနေတဲ့ ခလေးသူငယ်ကို
တခါတလေ ညှပ်နဲ့ ဆွဲထုတ်ရတယ်တဲ့။
အပြင်သို့ ရောက်လာရင်လဲ အ၀တ် ကြမ်းတမ်းတွေနဲ့ ကိုင်တွယ်လို့
ခလေးခမျာ အပ်နဲ့ ထိုးဆွသလို ခံစားရရှာတယ်။

အော်၊ ဇာတိဒုက္ခ - သန္ဓေတည်ခြင်းဆင်းရဲ တယ်ကြီးမားပါလား။

ရည်ညွှန်း၊ မင်္ဂလာသတင်းစဉ်၊ မော်လူး

Tuesday, November 11, 2014

စေတီပုထိုး

 
မြန်မာနိုင်ငံမှာတော့ ဘယ်တောင်ကုန်းကြည့်ကြည့်၊
စေတီပုထိုးတစ်ဆူဆူကိုတော့ တွေ့ရစမြဲမို့
ဒီနိုင်ငံက တောင်ကုန်းတွေကို ကြည့်မိတိုင်း တစ်ခုခုလိုနေသလို ခံစားရတယ်။
မြန်မာလူမျိုးဆိုတာ တောင်ကုန်းမြင့်မြင့်တွေ့ရင် စေတီပုထိုးတည်ပြီး
ဘုရားဒကာ အမည်ခံချင်ကြတာမို့လား။
ဘုရားဒကာ အမည်ခံချင်လွန်းလို့ စေတီပုထိုးတည်လိုက်တာ
ပုဂံလိုဒေသမျိုးမှာဆို သစ်တောကို ပြုန်းရော၊
ဒီနေ့ထိ နလံမထူနိုင်တော့ဘူး။

မြန်မာပြည်မှာ စေတီပုထိုးတွေ သိန်းပေါင်း ထောင်နဲ့သောင်းနဲ့ချီအကုန်အကျခံပြီး
 အသစ်ဆောက်နေတာကို တွေ့ရင် အတော် ဘ၀င်မကျဖြစ်မိတယ်။
စေတီပုထိုးပေါတဲ့ မြန်မာနိုင်ငံမှာ စေတီပုထိုးထပ်တည်ဆောက်ဖို့ လိုသေးလို့လား။

ဆင်းရဲမွဲတေနေတဲ့ ကိုယ့်အမိ မြန်မာနိုင်ငံမှာ
စေတီပုထိုး အသစ်တည်ဆောက်မဲ့အစား
အဲ့အတွက်ကုန်ကျငွေတွေကို ပညာရေး၊ ကျန်းမာရေးတွေမှာ အသုံးချလိုက်မယ်ဆိုရင်
ဘယ်လောက်ခရီးရောက်လိုက်မလဲ လို့စဉ်းစားမိပြန်တယ်။

ဟိုတစ်နှစ်က မလေးရှားနိုင်ငံ လွတ်လပ်ရေးရတဲ့ နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အဖြစ်
မြို့တော်ဖြစ်တဲ့ ကွာလာလမ်ပူမြို့လည်မှာ ရဟတ်လို့ခေါ်သလားတော့မသိဘူး။
အတက်အောက်လည်ပတ်တဲ့ဟာကြီး တစ်ခု တည်ဆောက်တယ်။
လူတွေ စီးနင်းလိုက်ပါသွားရတာ။ ဖြည်းဖြည်း ဖြည်းဖြည်း လည်ပတ်တာ။
အပေါ်ရောက်သွားရင် ကွာလာလမ်ပူမြို့ ရှုခင်းတွေကို ကြည့်လို့ရတယ်။
လိုက်ပါစီးနင်းလိုတဲ့လူတွေ ပိုက်ဆံပေးရတယ်။

လန်ဒန်မှာလည်း အဲ့လိုဟာမျိုးကြီး တစ်ခုရှိတယ်။
London Eye လို့ခေါ်တယ်ထင်တယ်။ လန်ဒန်ရှုခင်းကို ကြည့်ဘို့။
တစ်ခါစီးရင် ပေါင်ကိုးပေါင်ပေးရတယ်။
နိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ စီးနင်းလိုက်ပါနေတာကို တွေ့ခဲ့ရတယ်။

ဒီမလေးရှားနိုင်ငံ အစိုးရလည်း UK အစိုးရကို အတုခိုးပြီး
လိုက်လုပ်တာဖြစ်မယ်။ နိုင်ငံအတွက် နိုင်ငံတိုးတက်ဘို့ ဘက်စုံက ဖြစ်တဲ့နည်းနဲ့ ဘဏ္ဍာငွေရှာနေကြတာ။ အတော်အားကျဘို့ကောင်းတယ်။

ဒို့နိုင်ငံလည်း စေတီပုထိုးတွေတည်နေမဲ့အစား
နိုင်ငံတော်အတွက် လိုအပ်တဲ့ဘဏ္ဍာငွေကို ရှာပေးနိုင်တဲ့
လန်ဒန်မှာရှိတဲ့ ကွာလာလမ်ပူမှာရှိတဲ့ မြို့တော်ရှုခင်းကို တစ်နေရာတည်းကကြည့်လို့ရတဲ့
ရဟတ်ကြီးတစ်ခု တည်ဆောက်တာ ပိုအကျိုးရှိမယ်လို့ထင်မိတယ်။
စဉ်းစားမိတာပါ။

ပြောချင်တာက စေတီပုထိုးရှိတဲ့ တောင်ကုန်း ရှုခင်းတွေနဲ့ ယဉ်ပါးလာတဲ့မျက်စိဟာ
ဒီနိုင်ငံက တောင်ကုန်း တောင်တန်းတွေမှာ
စေတီပုထိုးမတွေ့ရတော့ ရင်ထဲဟာမိတာတော့ အမှန်ပဲ။

စေတီပုထိုးဆိုတော့ စေတီပုထိုးနဲ့ဆက်စပ်ပြီး ဘုရားရှင် ညီ တစ်ဝမ်းကွဲ
ဘုရားရှင်ကို အလုပ်အကျွေးပြုစုသူ ရှင်အာနန္ဒာကြီးကို သတိရမိပြန်တယ်။
မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက
မြတ်စွာဘုရားကို ကြည်ညိုတဲ့သူတွေ မြတ်စွာဘုရားကို ပူဇော်ဘို့ လှူဒါန်းဘို့
အခါအားလျှော်စွာ မြတ်စွာဘုရားထံလာကြတယ်။
မြတ်စွာဘုရားကျောင်းမှာရှိနေရင်တော့ ပါလာတဲ့ပစ္စည်း လှူဒါန်းခဲ့ရုံပေါ့။
မြတ်စွာဘုရားမရှိတဲ့အခါ ပါလာတဲ့ပစ္စည်းကို ဘယ်ကို ဘယ်သူ့ကို လှူဒါန်းခဲ့ရမှန်းမသိတော့ဘူး။
မြတ်စွာဘုရားကို လှူဒါန်းဘို့စိတ်ကူးနဲ့လာကြတာကိုး။

ဒီတော့ ကျောင်းဒကာ အနာထပိဏ်က ရှင်အာနန္ဒာကို
“ဘုရားရှင်ထံ လှူဒါန်းဘို့လာတဲ့သူတွေ ဘုရားရှင်မရှိတဲ့အချိန်မှာ
လှူဒါန်းလို့ အဆင်ပြေအောင် သင့်လျှော်တဲ့နေရာစီစဉ်ပေးဘို့” လျှောက်တယ်။
ရှင်အာနန္ဒာကလည်း ဒီကိစ္စကို မြတ်စွာဘုရားနဲ့တွေ့တော့လျှောက်ပြတယ်။

မြတ်စွာဘုရားက လှူဒါန်းပူဇော်သင့်တဲ့ အရာသုံးမျိုးကို ပြောပြပါတယ်။
၁။ ဓာတ်တော်မွေတော်အပါအ၀င် မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်
၂။ မြတ်စွာဘုရားရဲ့ အသုံးအဆောင်များ
၃။ မြတ်စွာဘုရားကို အာရုံယူဘို့ မြတ်စွာဘုရားကို ရည်ညွှန်းထားသော ရုပ်တု၊ စေတီ
ဒီသုံးမျိုးကို ပြောပြတာပါ၊

ရှင်အာနန္ဒာက “
မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်း စေတီပုထိုးတည်ထားကိုးကွယ်လို့
အဆင်ပြေနိုင်ပါ့မလား” လို့ မေးလျှောက်တော့
မြတ်စွာဘုရားက
“စေတီကို ငါဘုရားပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့
တည်ဆောက် ပူဇော်သင့်ကြောင်း၊ ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ
ရုပ်ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊
စေတီပုထိုးတော်တွေကို ပူဇော်တာဟာ စိတ်ရဲ့အလုပ်ဖြစ်ကြောင်း”
ဆက်လက်မိန့်ကြားပါတယ်။

ဘုရားရှင်းရဲ့ ဒီမိန့်မှာကြားချက်ကို
“စေတီပုထိုးကို ကြည့်ပြီး ဘုရားအစစ်ကို (သက်ရှိထင်ရှားမြတ်ဘုရားကို)
စိတ်နဲ့အာရုံပြုပြီး ပူဇော်ရမှာ” လို့ နားလည်မိပါတယ်။
တနည်းအားဖြင့် ပုံတော်နောက်က ဂုဏ်တော်ကို
စိတ်အာရုံရောက်အောင်ပြုပြီး ပူဇော်ရမှာဖြစ်တယ်လို့ ဆိုလိုတာပါ။

ဘုရားရှင်က
ဗောဓိညောင်ပင်ကိုသာ စိုက်ပျိုးပြီး
သူမရှိတဲ့အခါ သူခရီးထွက်နေသခိုက် သူ့ကိုယ်စား ဗောဓိညောင်ပင်ကိုသာ ပူဇော်ဘို့
ရှင်အာနန္ဒာကို အကြံပြုပါတယ်။

ဒီနောက် ရှင်အာနန္ဒာဟာ ရှင်မောဂ္ဂလာန်ကြီး အကူအညီနဲ့
ဗုဒ္ဓဂယာက ဗောဓိညောင်မျိုးစေ့ကိုယူပြီး
ဇေတ၀န်ကျောင်းနဲ့ မလှမ်းမကမ်းမှာ စိုက်ပျိုးပါတယ်။
အဲ့ဒီဗောဓိညောင်ပင်ကို အာနန္ဒဗောဓိပင်လို့ အမည်တွင်စေခဲ့ပါတယ်။
ယနေ့ အိန္ဒိယကို ဘုရားဖူးသွားကြတဲ့သူတွေ
အဲဒီအာနန္ဒဗောဓိပင်ကို တွေ့ကြမှာပါ။

ဒီဇာတ်လမ်းအဖြစ်အပျက်ကို အကြောင်းပြုပြီး
သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံ ဘုန်းကြီးကျောင်းတိုင်းမှာ
ဗောဓိညောင်ပင်ကို ဘုန်းကြီးကျောင်း အင်္ဂါရပ် (၁) ချက်အဖြစ် ထည့်သွင်းထားပါတယ်။

သီဟိုဠ်ဘုန်းကြီးကျောင်း (၁) ကျောင်း တည်ထောင်ရင် ကျောင်းဝင်းထဲမှာ
၁၊ ဘုရားကျောင်းသီးသန့် (ဘုန်းကြီး၊ လူမနေရ၊ ဂန္ဓကုဋိကဲ့သို့)
၂၊ စေတီတစ်ဆူ
၃၊ ဗောဓိညောင်ပင် တစ်ပင်
၎၊ သံဃာနေဆောင် တို့ရှိရပါတယ်။

Monday, November 10, 2014

လူသားစင်စစ် ဧကန်ဖြစ်ပါရဲ့လား

 
-----*-----*-----*-----*-----*-----
ပါဠိစာပေမှာ မနုဿဆိုတဲ့ပုဒ်ရှိတယ်။
မြန်မာလိုတော့ “လူ”
မနုဿကို လူလို့ဘာသာပြန်တာက ဆင့်ပွါးအနက်အဓိပ္ပါယ်ဖြစ်ပါတယ်။

မနုဿ ဆိုတဲ့ပုဒ်ဟာ မန နဲ့ ဥဿ နှစ်လုံးပေါင်းစပ်ထားတဲ့ပုဒ်ပါ၊
မန ဆိုတာ စိတ် ဖြစ်ပြီး
ဥဿဆိုတာ မြှင့်တင်ပေးတတ်တာ။
ဒါ့ကြောင့် မနနဲ့ ဥဿ နှစ်ပုဒ်ပေါင်းထားတဲ့ မနုဿဆိုတဲ့ပါဠိပုဒ်ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က
“စိတ်ကိုမြှင့်တင်ပေးတတ်တဲ့သူ” ဖြစ်တယ်။

မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်အရဆိုရင်
သက်ရှိသတ္တ၀ါမည်သူမဆို
တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက်
မိမိရဲ့ စိတ်ကို မြင့်သထက်မြင့်အောင် မြှင့်တင်ပေးတတ်တဲ့သူကို မနုဿ = လူလို့ခေါ်ရမှာပါ။

စိတ်ကိုမြှင့်တင်ပေးတတ်တာလဲ လူသားကပဲ စိတ်ကို မြှင့်တင်ပေးတတ်တာ။
တိရိစ္ဆာန်တွေက သူတို့စိတ်ကို အဆင့်မှီအောင် မြှင့်တင် မပေးတတ်ကြပါဘူး။
ဒါ့ကြောင့် တိရိစ္ဆာန်တွေမှာ ဘာသာတရားမရှိဘူး။
ခရစ်ယာန်ဘာသာဝင်အိမ်က ခွေးတစ်ကောင်ကို
ဗုဒ္ဓဘာသာဝင်တစ်ယောက်က ၀ယ်ယူမွေးမြူပြီး
ဗုဒ္ဓဘာသာဝင်အိမ်မှာထားပေမဲ့ ဗုဒ္ဓဘာသာခွေးဖြစ်မလာပါဘူး။
အရင်ကတည်းက ခွေးမှာ ဘာသာတရားလက်ခံနိုင်လောက်အောင်
အတွေးအခေါ်အသိဥာဏ်မရှိခဲ့လို့ပါ။
ခွေးဟာ သူ့စိတ်ကို လူတွေလို အဆင့်မှီအောင် မတွေးခေါ်တတ်ပါဘူး။ မမြှင့်တင်တတ်ပါဘူး။
ဒါ့ကြောင့် သူတို့ဟာ မနုဿ = လူမဟုတ်ကြဘူး။

မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်အရ
မိမိစိတ်ကို အဆင့်အတန်းမြင့်အောင်မြှင့်တင်တတ်မှ လူဆိုရင်
လူဖြစ်လာတဲ့တချို့လူတွေ
အသက်နှစ်ဆယ်အရွယ်တုန်းကလည်း ဒီအတိုင်းပဲ။
အသက်လေးဆယ်အရွယ်တုန်းကလည်း ဒီအတိုင်းပဲ။
အသက်ခြောက်ဆယ်အရွယ်မှာလည်း ဒီအတိုင်းပဲဆိုရင်
သူတို့ကို မနုဿ = လူလို့ခေါ်လို့ရပါ့မလား။
အချို့အသက်ကြီးလာသူတွေ ငယ်စဉ်အခါကထက်
စိတ်အဆင့်အတန်းပိုနိမ့်ကျလာတယ်ဆိုရင်
သူတို့ကို မနုဿ - လူလို့ ခေါ်ဆိုနိုင်ပါ့မလား။

လောကကြီးမှာ ကိုယ့်အဆင့်အတန်း တစ်ဆင့်ထက်တစ်ဆင့်
မြင့်သထက်မြင့်အောင် ကြိုးစားနေကြတဲ့သူတွေ တပုံတပင်ကြီးပါပဲ။
သို့သော်လည်း လူဆိုတာ အကောင်းနဲ့အဆိုး၊ အတော်နဲ့အညံ့ ဒွန်တွဲနေတာပါ၊
အဆိုးသမားတွေက အကောင်းသမားတွေဖြစ်လာအောင်၊
အညံ့သမားတွေက အတော်သမားတွေဖြစ်လာအောင် လုပ်ရမှာက
လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ။
ဒီမွေးရာပါတာဝန်ကို ပျက်ကွက်ရင်
လူ့စာရင်းသွင်းဘို့ လူ့အဖွဲ့အစည်းထဲနေထိုင်ခွင့်ပြုဘို့ ခက်သွားပါပြီ။

ဗုဒ္ဓဘာသာစာပေထဲမှာဆိုရင်
ရှင်ဒေ၀ဒတ်ကြီးတို့လို အထက်တန်းကျတဲ့ ရဟန်းဘ၀ကို ရောက်လင့်ကစား
အဆင့်အတန်းအင်မတန်နိမ့်ကျတဲ့ သူ့အတွေးအခေါ်တွေကို
အကောင်အထည်ဖော်ခဲ့လို့
သူ့ကို ရဟန်းအဖွဲ့အစည်းထဲက မောင်းထုတ်ခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။
သူ့ကြောင့် မြတ်ဗုဒ္ဓသာသနာ အမဲစက်ထင်ခဲ့ရပါတယ်။

အခြားတဖက်မှာတော့
တကယ့်စိတ်ဓာတ်ရေးရာ အဆင့်အတန်းမြင့်မားတဲ့
ရှင်အာနန္ဒာကြီးတို့လို ပုဂ္ဂိုလ်ထူးကြီးတွေရှိနေတော့
မြတ်ဗုဒ္ဓသာသနာ ဂုဏ်တက်ခဲ့ရပြန်ပါတယ်၊

(ဆရာတော်ဒေါက်တာကေ သိရီ ဓမ္မာနန္ဒတရားတော် နာကြားရင်း ချရေးဖြစ်တာပါ)

Sunday, November 9, 2014

လမ်းစဉ်

 
ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ
အချက် (၈) ချက်ရှိတယ်။
ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့်
အဆင်ပြေသလို ပြန်ဆိုကြတယ်။

(၁) သမ္မာဒိဋ္ဌိ
ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လို
Right View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။
မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။
နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့
ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။
မှန်ကန်တဲ့အမြင်ရှိဘို့အတွက် အမြင်မှန်ဘို့လိုအပ်တယ်။
အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။
မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ
ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။
Right Understanding is the understanding of oneself as one really is.
ကိုယ့်ကိုယ်ကို နားလည်တာဆိုတာ
ကိုယ့်မှာရှိနေတဲ့ သိအပ်တဲ့ရုပ်နဲ့ သိတတ်တဲ့စိတ်ကို
ပိုင်းပိုင်းခြားခြား တိတိပပ သိတာကို ပြောတာပါ။

ဒါကို စာပေစကားမှာတော့
နာမ်ရုပ်တို့ကို ပိုင်းခြား၍ သိတတ်သော(နာမရူပပရိစ္ဆေဒ) ဥာဏ်တဲ့။
ဒီမှန်ကန်တဲ့အမြင် မှန်ကန်တဲ့နားလည်မှုဟာ
မဇ္ဈိပဋိပဒါလမ်းစဉ်မှာ အဓိကသော့ချက်ပဲ။
The key-note of Buddhism is this right understanding.

(၂) သမ္မာသင်္ကပ္ပ
မှန်မှန်ကန်ကန်မြင်တတ်တဲ့ မှန်မှန်ကန်ကန်နားလည်မှုရှိတဲ့သူသာ
မှန်ကန်တဲ့အတွေးရှိမှာပါ။
မှန်ကန်တဲ့အတွေးကို ပါဠိလို သမ္မာသင်္ကပ္ပတဲ့။
အင်္ဂလိပ်လိုတော့
Right Resolutions, Right Aspirations, Right Ideas စသဖြင့်
အမျိုးမျိုးပြန်ဆိုကြတယ်။
ပါဠိ၊ အင်္ဂလိပ်တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါးက
မှန်ကန်တဲ့အတွေးဆိုတော့ Right Thoughts လို့ဘာသာပြန်သင့်တယ်တဲ့။

(၃) သမ္မာဝါစာ
မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူသာ မှန်ကန်တဲ့စကားကို ပြောမှာ။
မှန်ကန်တဲ့စကားကို ပါဠိလို သမ္မာဝါစာတဲ့။
နိဗ္ဗာန်ကို တက်လှမ်းလိုသူအဖို့
သမ္မာဝါစာ - မှန်ကန်တဲ့စကားကိုသာ ပြောဆိုသင့်ပါတယ်။
မုသာဝါဒ - လိမ်လည်လှည့်ဖြား မပြောကြားသင့်ပါဘူး။
ဒါ့အပြင် ဂုံးချော ဂုံးတိုက်တဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊
အရည်မရ အဖတ်မရတဲ့စကားတွေကိုလဲ ရှောင်ကြဉ်ရမှာပါ။
သမ္မာဝါစာ - မှန်ကန်တဲ့စကားဆိုလို့
ကိုယ်ပြောတဲ့စကား မှန်ကန်နေရုံနဲ့ မလုံလောက်ပါဘူး။
နားဝင်ချိုနေရုံနဲ့ မလုံလောက်ပါဘူး။
သာယာနာပျော်ဖွယ်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။
ကိုယ်ပြောလိုက်တဲ့စကားဟာ သူတစ်ပါးအတွက်
အသုံးတည့်ရပါမယ်၊ အကျိုးဖြစ်ထွန်းစေရပါမယ်။ အကျိုးရှိရပါမယ်။
What one utters is not only true, sweet and pleasant
but also useful, fruitful and beneficial.

(၄) သမ္မာကမ္မန္တ
အပြောမှန်တာနဲ့ အလုပ်မှန်တာ ခွဲခြားလို့ မရပါဘူး။
ဘာ့ကြောင့်လဲဆိုရင် အပြောမှန်တဲ့သူသာ အလုပ်မှန်တတ်လို့ပါဘဲ။
အလုပ်မှန်တာကို ပါဠိလို သမ္မာကမ္မန္တလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Action ပေါ့။
အလုပ်မှန်တဲ့ အမှန်လုပ်တဲ့ ဒီ Right Action ဆိုတာ
တခြားထွေထွေထူးထူးမဟုတ်ပါဘူး။
မိုက်မဲမှု(မောဟ) ကြောင့် လောဘစိတ်၊ ဒေါသစိတ်တွေအခြေခံပြီး
သူ့တပါးအသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊
သူတပါးသားမယား ပြစ်မှားစော်ကားခြင်းတို့ကို မလွန်ကျူးဘူးဆိုရင်
Right Action ဖြစ်တော့တာပါဘဲ။
It deals with abstinence from killing, stealing and sexual misconduct.

(၅) သမ္မာအာဇီဝ
အတွေးအခေါ် မှန်၊ အပြောမှန်ပြီး အလုပ်မှန်တဲ့သူအတွက်
အကြံအဖန်စီးပွါးရေးလုပ်ငန်းကို လုံးဝ စိတ်မ၀င်စားတော့ပါဘူး။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းနဲ့ပဲ သူ့ဘ၀ရပ်တည်တော့မှာ အမှန်ပါ။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းကို သမ္မာအာဇီဝလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Livelihood ပေါ့။
ဒါနဲ့စပ်လို့ ဗုဒ္ဓဘာသာစာပေထဲမှာ
မလုပ်ရမဲ့စီးပွါးရေးလုပ်ငန်း ငါးမျိုးကို ပြဆိုထားပါတယ်။
(က) လက်နက်ရောင်းဝယ်မှု (Traiding in arms)
(ခ) လူကုန်ကူးမှု (Traiding in human beings)
(ဂ) သားငါးမွေးမြူရေး (Traiding in flesh)
(ဃ) အရက်၊ မူးယဇ်ဆေးဝါး (Traiding in intoxicating drinks)
(င) အဆိပ် (Trading in poison)

(၆) သမ္မာဝါယာမ
သမ္မာဝါယာမဆိုတာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှု။
အင်္ဂလိပ်လိုတော့ Right Effort တဲ့။

နိဗ္ဗာန်သို့တက်လှမ်းလိုသူအတွက် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ဘို့ လိုအပ်ပါတယ်။
ဒီခေတ်မှာ ဟိုနည်း ဒီနည်းနဲ့ နည်းတွေက နည်းတာမဟုတ်ဘူး။
နည်းမှန်ဘို့ အင်မတန်အရေးကြီးတယ်။
နည်းမှန်မှ လမ်းမှန်မှာပါ။
နည်းမှားနေရင် လမ်းမှားနေမှာ ဖြစ်တဲ့အတွက်
လိုချင်တဲ့ လျှောက်လှမ်းနေတဲ့ပန်းတိုင်ကို ရောက်မှာ မဟုတ်တော့ဘူး။

ဗုဒ္ဓစာပေမှာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုလေးမျိုးရှိတယ်။
(၁) ဖြစ်ပေါ်ပြီးတဲ့မကောင်းမှုအကုသိုလ်တွေကို ပယ်စွန့်နိုင်အောင် ကြိုးစားခြင်း၊
(၂) မဖြစ်သေးတဲ့ မကောင်းမှုအကုသိုလ်တွေကို မဖြစ်မိအောင် ကြိုးစားခြင်း
(၃) မဖြစ်ပြီးသေးကုသိုလ်ကောင်းမှုတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားခြင်း၊
(၄) ဖြစ်ပြီးတဲ့ကုသိုလ်ကောင်းမှုတွေကို တိုးပွါးလာအောင် ကြိုးစားခြင်းဆိုပြီး
လေးမျိုးရှိပါတယ်။

မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
ဒီသမ္မာဝါယာမ (မှန်မှန်ကန်ကန်ကြိုးစားအားထုတ်မှု) ဟာလည်း အင်မတန်အရေးကြီးပါတယ်။
သံသရာမှ ထွက်မြောက်ဘို့ နိဗ္ဗာန်ကို ရဘို့ ရောက်ဘို့အတွက်
ကိုယ့်အားကို အားကိုးပြီး ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပါ။
ပေးကမ်းလှူဒါန်း၊ ဆုတောင်းနေရုံမျှနဲ့
နိဗ္ဗာန်ကို လုံးဝ မရောက်နိုင်ပါဘူးလို့ ဒီအချက်က ရည်ညွှန်းပါတယ်။

(၇) သမ္မာသတိ
မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
သမ္မာဝါယာမနဲ့ ကပ်လိုက်လာတာက သမ္မာသတိ (မှန်ကန်တဲ့သတိ) ပါ။
Right Mindfulness လို့ အင်္ဂလိပ်လို ဘာသာပြန်ကြတယ်။
ကိုယ် (body), ဝေဒနာ (feeling), စိတ် (thoughts), နဲ့ ဓမ္မ (mind-objects) လို့ခေါ်တဲ့ အာရုံလေးမျိုးအပေါ်မှာ မိမိရဲ့ သတိကို အမြဲမပြတ်တင်ထားတာကို (အမြဲသတိ ရှိနေခြင်းကို)
သမ္မာသတိ - မှန်ကန်သော သတိလို့ခေါ်ပါတယ်။

ကိုယ့်ကိုယ်ကို
လှတယ် တင့်တယ်တယ်လို့ မမှတ်ယူမိအောင်၊
ချမ်းသာတယ်လို့ မမှတ်ယူမိအောင်၊
မြဲတယ်လို့ မမှတ်ယူမိအောင်၊
အတ္တရှိတယ်လို့ မမှတ်ယူမိအောင်၊
အဆိုပါ အာရုံလေးမျိုးအပေါ်မှာ သတိအမြဲရှိနေရတာ။
Mindfulness on these four objects tend to eradicate the misconceptions
with regard to desirablity (subha), so-called happiness (sukha),
permanence (nicca) and an immortal soul (atta) respectively.

(၈) သမ္မာသမာဓိ
မှန်မှန်ကန်ကန်ကြိုးစားပြီး သတိရှိလာတဲ့သူအဖို့
မှန်ကန်တဲ့သမာဓိတရားရရှိလာမှာ မလွဲပါဘူး။
မှန်ကန်တဲ့သမာဓိကို သမ္မာသမာဓိလို့ခေါ်တယ်။ Right Concentration တဲ့။
သမာဓိရလာရင်တော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်းသိမြင်လာမှာပါ။
ကိုယ်ကိုယ့်ကို အသုဘကောင်ကြီးဆိုတာ သဘောပေါက်လာမှာပါ။
သစ္စာလေးပါးကို တကယ်သိလိုသူ၊ နိဗ္ဗာန်ကို ရလိုသူ၊ မျက်မှောက်ပြုလိုသူ
မည်သူမဆို
မဇ္ဈိမပဋိပဒါကျင့်စဉ်ဖြစ်တဲ့ ဒီအချက် (၈) ချက်ကို ကျင့်ရမှာပါ။

(ဆရာတော် Narada ရဲ့ The Buddha and His Teaching ဖတ်တုန်းက ချရေးဖြစ်ခဲ့တာလေးပါ)

Saturday, November 8, 2014

သူလိုရဟန်း


ညီအစ်ကို (၇) ယောက်
၁။ သုဒ္ဓေါဒန
၂။ ဓတောဒန
၃။ သက္ကောဒန
၎။ သုက္ကောဒန
၅။ အမိတောဒန
၆။ အမိတ
၇။ ပမိတာ

နံပါတ် (၁) အစ်ကိုအကြီးဆုံး သုဒ္ဓေါဒန ဆိုတာက
မြတ်စွာဘုရားရဲ့ အဖေ။
နံပါတ် (၅) အမိတောဒန ဆိုတာက
ရှင်အာနန္ဒာရဲ့ အဖေ။
ဆိုတော့ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ တို့က ညီအစ်ကို တစ်ဝမ်းကွဲ။
မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာတို့က သက်တူရွယ်တူတွေ။
ဖွားဖက်တော်လို့ စာပေကဆိုပါတယ်။

မြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ပြီး (၂) နှစ်မြောက်မှာ
ရှင်အာနန္ဒာ သာသနာဘောင်ဝင်ရောက်လာတယ်။
ဘုန်းကြီးဝတ်လာတယ်ပေါ့။
မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိတာက
အသက် (၃၅) နှစ်အရွယ်ဆိုတော့
မြတ်စွာဘုရားအသက် (၃၆) နှစ်ဖြစ်တဲ့
ဘုရားဖြစ်ပြီး (၂) နှစ်မြောက်မှာ
သက်တူရွယ်တူ (ဖွားဖက်တော်) ရှင်အာနန္ဒာ
သာသနာ့ဘောင်ဝတ်ရောက်လာတယ်လို့ ဆိုရမယ်။

လူလည်း လူ့အလျှောက်၊ ဘုန်းကြီးလည်း ဘုန်းကြီးအလျှောက်
မြတ်စွာဘုရားလည်း မြတ်စွာဘုရားအလျှောက်
အသက်အရွယ်ရလာရင် အနီးကပ် သတ်သတ်မှတ်မှတ် ပြုစုလုပ်ကျွေးမဲ့သူ
လိုအပ်တာ အမှန်ပဲ။

မြတ်စွာဘုရား ငယ်စဉ်တုန်းကတော့
သွားလိုတဲ့နေရာကို သွားပြီး ဟောလိုတဲ့တရားကို အေးအေးဆေးဆေးဟောကြားကာ
ရောက်တဲ့အရပ်က ဒကာ ဒကာမတွေ၊ ရဟန်းသံဃာတွေ ပြုစုလုပ်ကျွေးတာနဲ့ အဆင်ပြေနေတာပဲ။

မြတ်စွာဘုရားကို အနီးကပ် ပြုစုလုပ်ကျွေးတဲ့ ရဟန်းတော်အချို့ ရှိခဲ့ပါရဲ့။ ခဏပဲ။
ကြာလာတော့ မြတ်စွာဘုရား ပြောစကားနားမထောင်ဘူး။
မြတ်စွာဘုရားကို အလုပ်အကျွေးပြုဘူးတဲ့ရဟန်းတစ်ပါးဆို
အဲဒီအရပ်ကို မသွားပါနဲ့လို့ တားနေတဲ့ကြားက ထွက်သွားပြီး
ပြဿနာတက်ကာ
မြတ်စွာဘုရားထံမှ လစ်ထွက်သွားတယ်။
ဆိုတော့ မြတ်စွာဘုရားကို အနီးကပ်အလုပ်အကျွေးပြုစုဘူးတဲ့ရဟန်းတော် ခပ်များများဟာ
ခေတ်စကားနဲ့ပြောရရင်
မြတ်စွာဘုရားရဲ့ အထာကို မနပ်ကြဘူး။

ဒီလိုနဲ့
သက်တော် (၅၅) နှစ် ၀ါတော် (၂၀) ရသည့်တိုင်အောင်
မြတ်စွာဘုရားမှာ သတ်သတ်မှတ်မှတ် အနီးကပ် အမြဲတမ်း ပြုစုလုပ်ကျွေးမဲ့သူ မရှိခဲ့ပါဘူး။
သက်တော် ၅၅ နှစ် ၀ါတော် (၂၀) အရွယ်ရောက်တော့
မြတ်စွာဘုရားက ရဟန်းတွေကို စုဝေးစေပြီး
ရဟန်းတို့၊
ငါ အရွယ်ရလာပြီ။
ငါ့ကိုယ် အနီးကပ် အမြဲတမ်း ပြုစုစောင့်ရှောက်လုပ်ကျွေးနိုင်မဲ့ ရဟန်းတော်တစ်ပါးလိုအပ်တယ်။`
ငါ့အထာကို သိတဲ့
ငါ့ကို အမြဲတမ်း အနီးကပ် ပြုစုစောင့်ရှောက်လုပ်ကျွေးနိုင်မဲ့
ရဟန်းတစ်ပါးကို ရွေးချယ်ကြ -
လို့ မိန့်တော်မူပါတယ်။

ဒီတော့ ရှင်အာနန္ဒာ ကလွဲလို့
မြတ်စွာဘုရားရဲ့ ညာလက်ရုံး ဘယ်လက်ရုံးတွေဖြစ်ကြတဲ့
ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်တို့ကအစ
စုဝေးရောက်ရှိလာတဲ့ ရဟန်းသံဃာအားလုံး
တပည့်တော်တို့ အနီးကပ်ပြုစုလုပ်ကျွေးပါရစေလို့
အလုအယက်လျှောက်ကြတာပေါ့။
လျှောက်ထားသမျှ ရဟန်းသံဃာတွေ
မြတ်စွာဘုရားရဲ့ Reject နဲ့ တိုးတော့တာပဲ။

နောက်ဆုံးတော့ သံဃာကြားထဲ ခေါင်းကြီးစိုက်ပြီး ငြိမ်နေတဲ့ ရှင်အာနန္ဒာကြီးကို
ဝိုင်းတိုက်တွန်းရတော့တာပေါ့။

တိုက်တွန်းတော့ ရှင်အာနန္ဒာကြီး က
မြတ်စွာဘုရားရှင်အနေနဲ့ တပည့်တော်တောင်းဆိုတဲ့အချက် (၈) ချက်ကို လိုက်လျောပေးနိုင်မှသာ
အလုပ်အကျွေးလုပ်နိုင်မည်ဖြစ်ကြောင်းလျှောက်ကြားပါတယ်။

ကြည့်စမ်း၊ သူများတွေ သူ့ထက်ငါ မြတ်စွာဘုရားကို
အလုပ်အကျွေးလုပ်ချင်လွန်းလို့ အလုအယက်လျှောက်ကြားနေတဲ့အချိန်
ရှင်အာနန္ဒာကြီးကတော့ အေးဆေးပဲ။
အချက် (၈)ချက်တောင် မြတ်စွာဘုရားဘက်က လိုက်လျှောဘို့ တောင်းဆိုလိုက်သေးတယ်။

လောက လူ့သဘာဝက
ကိုယ့်ဆွေမျိုးထဲက တစ်ယောက်ယောက်များ
ရာထူးကြီးကြီးရရင်
ရာထူးကြီးကြီးရထားထဲ့ အဲ့ဆွေမျိုးကို အမှီပြုပြီး
မြေ၊ အိမ်ယာ၊ တိုက်တာ၊ ဈေးခန်း၊ ကားစသည်များရအောင်
အခွင့်အရေးယူတတ်ကြတာထုံးစံပဲ။

ရှင်အာနန္ဒာကရော?
မြတ်စွာဘုရားဟာ ငါ့အစ်ကိုဝမ်းကွဲပဲ၊ ဒီတစ်ချီတော့ ငါ့အကွက်ဆိုက်ပြီ၊
ငါ့ဆွေမျိုးကောင်းစားတုန်း ငါလဲ တစ်သက်တာဖူလုံအောင် ရိက္ခာရှာလိုက်မဟဲ့၊
ဖွားဘက်တော် နောင်တော်ဘုရားဆီက အခွင့်အရေးရတုန်း တောင်းလိုက်အုံးမဟဲ့ ဆိုတဲ့ အတ္တကိုယ်ကျိုးအတွက် ရှင်အာနန္ဒာကြီးက
အဆိုပါ အချက် (၈) ချက်ကို တောင်းဆိုခဲ့တာလား။
မဟုတ်ပါဘူး။

သူတောင်းဆိုခဲ့တာ မြတ်စွာဘုရားအတွက်ပါ။ ရဟန်းသံဃာတော်တွေအတွက်ပါ။
ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ။
ရှင်အာနန္ဒာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်ဘို့အတွက် မြတ်စွာဘုရားထံက သူတောင်းဆိုတဲ့ အချက် (၈) ချက်ကို လေ့လာကြည့်ရအောင်။

၁။ မြတ်စွာဘုရား ရရှိလာတဲ့ သင်္ကန်းကို ဘယ်တော့မှ သူ့ကို မပေးရဘူးတဲ့။

၂။ မြတ်စွာဘုရားရဲ့ ဆွမ်းကို သူ့ကို ဘယ်တော့မှ မကျွေးပါနဲ့တဲ့။

၃။ မြတ်စွာဘုရားနေတဲ့ သန့်ရှင်းသပ်ယပ်တဲ့ ကျောင်းတော်အခန်းကို
ဘယ်လိုအကြောင်းပြချက်နဲ့မှ သူ့ကို မနေခိုင်းပါနဲ့ တဲ့။

၎။ မြတ်စွာဘုရားကို ဆွမ်းလှူဘို့ သင်္ကန်းလှူဘို့ စသဖြင့်
ပင့်တဲ့နေရာတွေကို သူ့ကို ဘယ်တော့မှ မခေါ်ပါနဲ့တဲ့။

၅။ သူ့ကို ပင့်တဲ့နေရာတွေကိုတော့ မြတ်စွာဘုရား အမြဲလိုက်ပါပေးရမယ်တဲ့။

၆။ ရပ်ဝေးရပ်နီးမှ မြတ်စွာဘုရားကို ဖူးမျှော်ဘို့ လာကြတဲ့ဧည့်ပရိသတ်တွေကို
မိတ်ဆွေဖွဲ့ခွင့်ပြုပါတဲ့။

၇။ သူ့မှာ တစုံတရာ သံသယရှိလို့ မေးစရာရှိလာလျှင်
ဘယ်အချိန်မဆို မြတ်စွာဘုရားထံလာရောက် လျှောက်ထားခွင့်ပြုပါတဲ့။

၈။ မြတ်စွာဘုရားအနေနဲ့ သူ့မျက်ကွယ် ဘယ်မှာပဲ တရားဟောခဲ့ ဟောခဲ့၊
သူ့ကို ပြန်ဟောပြရမယ်တဲ့။

ရှင်အာနန္ဒာကြီးတောင်းဆိုတဲ့ ဒီအချက် (၈) ချက်ကို ကြည့်ပြီး
ရှင်အာနန္ဒာကြီးက တယ်ကြည်ညိုလိုက်တာ။ အားကျအတုယူစရာ တယ်ကောင်းတာပဲ၊

ဒီအချက်တွေထဲက ပထမ (၃) ချက်ကို သေချာဖတ်ပြီး စဉ်းစားကြည့်ရအောင်။
ဘ၀မှာ အရေးအကြီးဆုံးဖြစ်တဲ့ စားဝတ်နေရေးနဲ့ပတ်သက်ပြီး
ရှင်အာနန္ဒာ မြတ်စွာဘုရားနဲ့ မပတ်သက်ချင်ဘူးဆိုတာ တွေ့လိုက်ရပါတယ်၊
ဘုရားကို အလုပ်အကျွေးပြုစုလို့
ဘုရားရဲ့ ပေးစာ ကမ်းစာ စားရ ၀တ်ရတဲ့ဘ၀မျိုး
ရှင်အာနန္ဒာ မနေလိုပါဘူး။
ဒါ့အပြင်
ရှင်အာနန္ဒာကြီးက
ဘုရားပြုစုလုပ်ကျွေးပြီး ဘုရားပေးစာ ကမ်းစာစားပြီး ကြီးပွါးနေတာပါကွာလို့
လူအများပြောမှာကို သူလိုလားဟန်မတူပါဘူး။

နံပါတ် (၄) တောင်းဆိုချက်ကို ကြည့်မယ်ဆို
“ဘုရားတစ်ပါးတည်းပင့်တာကို ရှင်အာနန္ဒာကြီးက
လိုက်ကပ်စားသောက်နေတာဟေ”့ လို့ ပတ်ဝန်းကျင်ကလည်း မြင်လာနိုင်တယ်။
ဒီလိုလဲ သူအမြင်မခံနိုင်ပြန်ဘူး။

နံပါတ် (၅) တောင်းဆိုချက်ကြတော့
သူ့ကို သူ့ဒကာ ဒကာမတွေက ပင့်ရင်တော့ မြတ်စွာဘုရားပါ လိုက်ပေးရမယ်ဆိုပဲ။
ဘယ်လောက် ဆရာသမားကို ရှေ့တန်းတင်တဲ့ ရှင်အာနန္ဒာကြီးလဲ။
ရှင်အာနန္ဒာတောင်းတဲ့ ပထမအချက် (၅) ချက်ကို နားလည်မိတာပါ။
Cousin Brother ဖွားဖက်တော်ဖြစ်တဲ့ နောင်တော်ဘုရားဆီက
လုံးဝအခွင့်အရေးမယူတတ်တဲ့ ရှင်အာနန္ဒာကြီးအကြောင်းကို ဖတ်ပြီး
ခံစားကြည်ညိုမိတာလေး ချရေးဖြစ်တာပါ။

Thursday, November 6, 2014

အချစ်သုံးမျိုး

 
ဒီနေ့ သတို့သား မောင်ဇော်ဇော်ဦးနဲ့ သတို့သမီးမအိအိခင်တို့
လောကကြီးကို နှစ်ယောက်အတူ လက်တွဲရင်ဆိုင်မယ်လို့ ဆုံးဖြတ်ချက်ချပြီး
ကိုယ့်အိုးကိုယ့်အိမ်ကို တည်ထောင်တဲ့ အိမ်ထောင်ပြုကြတဲ့ပွဲပေါ့။

တနည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်လို့  အချင်းချင်း
ချစ်ခင်စုံမက်ပြီး လက်ထပ်ကြတဲ့ပွဲဖြစ်ပါတယ်။
ချစ်တာကို ပါဠိလို ပေမလို့ခေါ်တယ်။

ပေမလို့ခေါ်တဲ့ အချစ်က သုံးမျိုးသုံးစားရှိတယ်လို့ မှတ်သားဘူးတယ်။
(၁) တဏှာပေမ
(၂) ဂေဟဿိတပေမ
(၃) မေတ္တာပေမ တဲ့။

နံပါတ် (၁) တဏှာပေမဆိုတာ သမီးရည်းစားချစ်ကိုပြောတာ။
လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာတဲ့အခါ
သမီးရည်းစားဘ၀ကို ရောက်ကြတာချည်းပဲ။
ဒီလို သမီးရည်းစားဘ၀ရောက်ပြီး သမီးရည်းစားချစ် ချစ်ကြတာကို
တဏှာပေမလို့ ခေါ်ပါတယ်။

နံပါတ် (၂) အမျိုးအစား ဂေဟဿိတပေမကို ၀တ္တရားချစ်လို့
အလွယ်နည်းနဲ့ ဘာသာပြန်ဆိုနိုင်ပါတယ်။
ဝတ္တရားချစ်ဆိုတာက လင်ရယ် မယားရယ်လို့ ဖြစ်လာပြီဆိုရင်
လင့်မှာလည်း လင့်ဝတ္တရား၊ မယားမှာလည်း မယားဝတ္တရား
အသီးအသီးရှိကြပါတယ်။

မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်ဆိုတဲ့အတိုင်း
လင်ယောက်ကျားလုပ်တဲ့သူက
ကိုယ့်ဇနီးမယားအပေါ်မှာ (ငါကရှာကျွေးနေရတာပဲဆိုပြီး) မထေမဲ့မြင်မလုပ်ဖို့၊
ရလာတဲ့ ငွေ၊ စည်းစိမ်ဥစ္စာတွေကို ဇနီးမယားကို အပ်နှံဖို့၊
ကိုယ့်ဇနီးမယားကလွဲရင် ကျန်တဲ့ မိန်းမတွေကို ဖွဲ၊ ဆန်ကွဲလို့ သဘောထားဖို့၊
ကိုယ့်ဇနီးမယားကို နေ့ထူးနေ့မြတ်တွေမှာ အ၀တ်အစားလေးတွေ၊
ရတနာပစ္စည်းလေးတွေဝယ်ပြီး လက်ဆောင်ပေးကာ ဆင်ယင်ဖို့၊
ကိုယ့်ဇနီးမယားကို ကြင်နာမြတ်နိုးဖို့ ဆိုတဲ့
ဝတ္တရားတွေကို ကျေပြွန်အောင် ထမ်းဆောင်ရပါမယ်။

ဇနီးမယားလုပ်တဲ့သူကလဲ
အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ
ဆိုသည့်အတိုင်း
အိမ်တွင်းအလုပ်တွေဖြစ်တဲ့ ထမင်းချက်၊ ဟင်းချက်၊ အ၀တ်လျှော်စတဲ့
အိမ်တွင်းအလုပ်တွေကို လုပ်ဆောင်ရပါမယ်။

(ဒီအချက်ကို ပြောပြတော့ သတိုးသမီးဖြစ်တဲ့ မအိအိခင်က
သူလည်း အပြင်ကို အလုပ်ထွက်လုပ် နေရလို့
အိမ်လုပ်ငန်းတွေကို လင်ယောက်ကျားဖြစ်တဲ့သူလည်း
လုပ်ဆောင်သင့်ပါတယ်ဘုရားလို့ ရယ်ရယ်မောမော လျှောက်လာပါတယ်။)

မအိအိခင်ပြောတာ မှန်ပါတယ်။
ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ နီးပါးက အိန္ဒိယနိုင်ငံ လူ့အဖွဲ့အစည်းမှာ
ဒီလင့်ဝတ္တယား မယားဝတ္တရားတွေကို ဘုရားရှင် ဟောကြားခဲ့တာပါ။
အိန္ဒိယထုံးစံက
အိမ်ထောင်ပြုမယ်ဆိုရင် အမျိုးသမီးများက အမျိုးသားများကို တင်တောင်းရပါတယ်။
အင်္ဂလိပ်လို Dowry လို့ခေါ်ပါတယ်။
လင်ယောက်ကျားရဲ့ ပညာဂုဏ် ဆွေဂုဏ်မျိုးဂုဏ် အဆင့်အတန်းပေါ်မူတည်ပြီး
တင်တောင်းရတဲ့ငွေကြေးပမာဏ အနည်းအများကွာပါတယ်။
လင်ယောက်ကျားကျေနပ်တဲ့အထိ ဇနီးမယားလုပ်မဲ့သူဘက်က ရှာကြံပေးရပါတယ်။

ဒီလိုဇနီးမယားလုပ်မဲ့သူက လင်ယောက်ကျားစိတ်ကြိုက် တင်တောင်းပြီးလို့
အကြင်လင်မယားအဖြစ်ရောက်သွားပြီဆိုရင် ဇနီးမယားက ဘာမှ မလုပ်တော့ပါဘူး။
အိမ်တွင်းမှာပဲ ကုတ်နေတော့တာပဲ။
ဒီစနစ် ဒီဓလေ့က ဒီနေ့အထိပါပဲ။

ဒါ့ကြောင့် အိန္ဒိယနိုင်ငံကို သွားရင်
ဈေးရောင်းနေတာလည်း ကုလားပဲ၊ စားပွဲထိုးလုပ်နေတာလည်း ကုလားပဲ။
နေရတကာမှာ ကုလားအထီးတွေချည်းဘဲ။
ဈေးတွေမှာလည်း ကုလားအထီးတွေဘဲ ဈေးရောင်း ဈေးဝယ်လုပ်နေတာ တွေ့ရပါတယ်။

ဒီလိုဓလေ့ထုံးစံရှိတဲ့ အိန္ဒိယလူ့အဖွဲ့အစည်းမှာ
ဇနီးမယားလုပ်တဲ့သူကို အိမ်တွင်းအလုပ်တွေကို ကျေပြွန်အောင် လုပ်ပါလို့
ဘုရားရှင်ဟောခဲ့တာပါ။

ဒီနေ့ဒီအချိန်အခါ ဒို့လူမျိုးအဖွဲ့အစည်းမှာတော့
လင်ယောက်ကျားရော၊ ဇနီးမယားပါ မနက်က မိုးချုပ် အပြင်ထွက်အလုပ်လုပ်နေရတာဆိုတော့
လင်ရော မယားပါ အိမ်တွင်းအလုပ်တွေကို အတူတူလုပ်ကြပေါ့။

နောက် ဇနီးမယားဝတ္တရားတွေက
လင်ယောက်ကျားက အပ်နှံတဲ့ ငွေ ပစ္စည်းဥစ္စာတွေကို
သေသေချာချာ သိမ်းဆည်းထားရပါမယ်။
ကိုယ့်ယောက်ကျားကလွဲလို့ တခြားယောက်ကျားတွေကို
ဖွဲ ဆန်ကွဲလို သဘောထားရပါမယ်။
တချို့က လင်ယောက်ကျားဘေးထားပြီး ရုပ်ရှင်ကားကြည့်ရင်း
“နေတိုးက အတော်ချောတာပဲ လို့ ပြောတတ်ကြတယ်။
မပြောသင့်ပါဘူး။ ဒါမျိုးကအစ ရှောင်ကြဉ်ရပါမယ်။
သူ့ဘက် ကိုယ့်ဘက် သင့်လျော်အောင် ဖြန့်ချိရပါမယ်။
မပျင်းမရိဘဲ တက်တက်ကြွကြွ နေထိုင်ရပါမယ်။

ဒီလိုအသီးအသီးရှိကြတဲ့ ၀တ္တရားတွေကို တာဝန်ကျေပြွန်အောင် ထမ်းဆောင်တာကို
တာဝန်ကျေပြွန်စွာ ထမ်းဆောင်ရင်းချစ်ကြတာကို
ဂေဟဿိတပေမ - ၀တ္တရားချစ်လို့ခေါ်ပါတယ်။

နံပါတ် (၃) ဖြစ်တဲ့ အချစ်ကတော့
မေတ္တာပေမ လို့ခေါ်ပါတယ်။ မေတ္တာချစ်ပေါ့။
မေတ္တာဆိုတာ ဘာပဲပြုပြု၊ ဘာပဲ ပြောပြော၊ ဘာပဲ ကြံကြံ
သူ့အကျိုးလိုလားစိတ်နဲ့ ပြုမူပြောဆိုကြံစည်တာကိုပြောတာပါ။
လင်ယောက်ကျားက ဇနီးမယားအကျိုးအတွက်
ပြုမူပြောဆိုကြံစည်ရမှာဖြစ်သလို
ဇနီးမယားကလည်း လင်ယောက်ကျားအကျိုးမျှော်ကိုးပြီး
ပြုမူ ပြောဆို ကြံစည်ရပါမယ်။
ဒါမျိုးကို မေတ္တာပေမ - မေတ္တာချစ်လို့ခေါ်ပါတယ်။

အိမ်ထောင်ပြုလို့ လင်ရယ် မယားရယ်လို့ဖြစ်လာမှတော့
သမီးရည်းစားချစ်နဲ့လည်း ချစ်ရမှာပါဘဲ။
ဝတ္တရားချစ်နဲ့လည်း ချစ်ရမှာပါဘဲ။
မေတ္တာချစ်နဲ့လည်း ချစ်ရမှာပါဘဲ။

ဒီသုံးမျိုးလုံးနဲ့ချစ်ရင် ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်သည်တွေဖြစ်မှာပါ။
ဒါ့ကြောင့် ဒီအချစ်သုံးမျိုးလုံးနဲ့ ချစ်နိုင်ကြပါစေ။
ချစ်နိုင်ပြီးသကာလ ဒီလင်ဒီမယား သက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ။

သာဓု သာဓု သာဓု

သီတင်းကျွတ်တော့ မင်္ဂလာဆွမ်းကျွေးတရားတွေ ဟောဟောနေရလို့
ဟောလေ့ဟောထရှိခဲ့တဲ့တရားလေးကို ပြန်တင်ပေးလိုက်တာပါ။

Wednesday, November 5, 2014

ခိုးလို့မရတာက


ဘုရားရှင်ကို နတ်သားမေးတဲ့ နောက်ဆုံးမေးခွန်းက
ကိံသု စောရေဟိ ဒူဟရံ
ဘယ်ဟာကို သူခိုး (ဓားပြ) တို့ ခိုးယူလုယက်နိုင်ခဲပါသလဲ တဲ့။
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရနိုင်တဲ့အရာဟာ ဘယ်ဟာဖြစ်ပါသလဲ ပေါ့။

မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာပစ္စည်းတွေကို
သူခိုးဓားပြတွေ ခိုးယူလုယက်လို့ မရနိုင်ဘူးလို့ ထင်ကြမှာပါဘဲ။

လူတော်တော်များများက ကိုယ်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာကို
အတော်လေး တပ်မက်ကြပါတယ်။
ကိုယ့်ရဲ့ ဇနီး မယား သမီး သားတွေကို အတော်လေး ချစ်ခင်စုံမက်ကြတယ်။
တချို့များ ကိုယ့်ဇနီးမယားကို သေပြီး နောင်ဘ၀အထိ ယူဆောင်သွားလို့
ရတယ်များထင်နေလား မသိဘူး။ ချစ်လိုက်ကြတာ၊ ယုယလိုက်ကြတာ။
လိုအပ်တာထက်ကို ပိုနေလိုက်ကြတာ။

ကိုယ့်တိုက်တာ အိမ်မြေ စည်းစိမ်တွေကိုလည်း ဒီအတိုင်းပါဘဲ။
တပ်မက်လိုက်ကြတာ၊ တွယ်တာလိုက်ကြတာ။
နောင်ဘ၀ ယူသွားလို့ ရတယ်များ ထင်နေလားမသိပါဘူး။

တကယ်တော့ လင်ယောက်ကျားပဲဖြစ်ဖြစ်၊ ဇနီးမယားပဲဖြစ်ဖြစ်
သေသွားပြီဆိုရင် ကျန်ရစ်သူကို ခေါ်သွားလို့ မရပါဘူး။

ဒီဘ၀မှာ တော်စပ်တဲ့ ဇနီးမယား ခင်ပွန်းယောက်ကျားက
ဒီဘ၀မှာပဲ ကိုယ်နဲ့ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာ ရှာဖွေ စုဆောင်းထားတဲ့
စည်းစိမ်ဥစ္စာ ငွေရေးကြေးရေးတွေကလည်း
ကိုယ်နဲ့ ဒီဘ၀မှာပဲ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာသာ ပိုင်ပါတယ်ဆိုတဲ့ ဇနီးမယားကိုတောင်
သူတပါးက လုယူသွားနိုင်သေးတယ်။
စည်းစိမ်ဥစ္စာလည်း ထို့အတူဘဲ။
ဟိုတလောက ဇနီးမောင်နှံနှစ်ယောက် မနက်စောစော
အုန်းနို့ခေါက်ဆွဲကပ်ဖို့ ကျောင်းကိုလာတယ်။
ဆိုင်ကယ်နဲ့။
ယောက်ကျားက ရှေ့က မောင်း။
မိန်းမက နောက်က စီး။
သူတို့နှစ်ဦးကြားမှာက လက်ကိုင်အိပ်လေးတင်လို့။
ဓာတ်ဆီဆိုင်နားရောက်တော့ ဆီဖြည့်ဖို့ ဆိုင်ကယ်ကို အရှိန်လျှော့လိုက်တာနဲ့
ဘယ်အချိန်က ကပ်လိုက်လာမှန်းမသိတဲ့ ဆိုင်ကယ်တစ်စီးက
ဝူး ဆို သူတို့ဆိုင်ကယ်နားကို ကပ်လိုက်ပြီး နှစ်ယောက်ကြားက လက်ကိုင်အိပ်လေးကို
ဆွဲလုပြီး မောင်းထွက်သွားတယ် တဲ့။
လက်ကိုင်အိပ်ထဲမှာက ပတ်စ်ပို့နဲ့ ငွေနည်းနည်းပါသွားတယ်။

ပတ်စ်ပို့နဲ့ဆက်စပ်လို့ ပြောရအုံးမယ်၊
နိုင်ငံခြားမှာနေတာ ပတ်စ်ပို့က အင်မတန်အရေးကြီးတယ်။
၁၉၉၉ - ခုနစ် နိုင်ငံခြား စထွက်ခါနီးတော့
နိုင်ငံခြားသွားဘူး လာဘူးရှိတဲ့ ဦးဇင်းက သြ၀ါဒချွေဘူးတယ်။
“နိုင်ငံခြားရောက်ရင် ပတ်စ်ပို့က အဖေ၊ ဒေါ်လာက အမေ၊
ဒီအဖေနဲ့အမေကို ရိုရိုသေသေကိုင်တွယ်ရမယ်၊
လုံလုံခြုံခြုံသိမ်းဆည်းရမယ်” တဲ့။

ပြောချင်တာက ကိုယ့်မှာရှိတဲ့ စည်းစိမ်ဥစ္စာ ငွေရေး ကြေးရေးတွေဟာ
ဘာမှ အစိုးမရဘူး။ အချိန်မရွေး သူခိုးဓားပြတွေ ခိုးယူ လုယက်သွားနိုင်တယ်။

ဒီမှာ နတ်သားရဲ့ သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
ဘယ်ဟာဖြစ်ပါသလဲ ဆိုတဲ့အမေးအတွက် ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။

ပုညံ စောရေဟိ ဒူဟရံ - သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် တဲ့။

ဗုဒ္ဓဘာသာဝင်တွေက ၃၁ ဘုံကို လက်ခံယုံကြည်ပါတယ်။
ဆိုတော့ လူတစ်ဦးတစ်ယောက်ဟာ ဒီဘ၀နဲ့တင် ကိစ္စမတုံးသေးပါဘူး။
နောင်ဘ၀တွေမှာ (၃၁) ဘုံမှာ ကျင်လည်ရအုံးမှာပါ။

ဒီလို ၃၁ ဘုံကျင်လည်တဲ့အခါ ကောင်းတဲ့ဘုံရောက်ဖို့
ကောင်းတဲ့မိဘတွေနဲ့တွေ့ဘို့
ကောင်းတဲ့ဆရာသမားတွေနဲ့တွေ့ဘို့
ကောင်းတဲ့သူငယ်ချင်းတွေနဲ့တွေ့ဘို့အတွက်
ယခုလက်ရှိဘ၀ ကိုယ်လုပ်နေတဲ့အလုပ်က ကောင်းဘို့လိုပါတယ်။

အခု ကိုယ်လုပ်နေတဲ့အလုပ်က နောင်အခါမှာ နောင်ဘ၀မှာ
ကိုယ်ဘာကောင်ဖြစ်မလဲဆိုတာ ဆုံးဖြတ်ပေးမှာပါ။
ကိုယ့်နောင်ဘ၀အတွက် အခု ကိုယ်ဘာလုပ်နေတယ်ဆိုတာက အဆုံးအဖြတ်ပေးမှာပါ။

ဆိုလိုတာက
အခုကိုယ်လုပ်နေတဲ့ ကောင်းမှုကုသိုလ်က ကိုယ့်နောက်ကို အစဉ်အမြဲ လိုက်ပါနေမှာပါ။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ကိုယ့်နောက်မပါအောင်
ဘယ်သူကမှ တားဆီးပိတ်ပင်လို့မရပါဘူး။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ဘယ်သူခိုးကမှ ခိုးယူလို့ မရပါဘူး။
ဘယ်ဓားပြကမှ လုယူ တိုက်ယူလို့ မရပါဘူး။
ဒါ့ကြောင့် ဘုရားရှင်က
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာတွေမဟုတ်ပါဘူး။
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် လို့ ပြောကြားခဲ့တာပါ။

ဒီဂါထာလေးကို အကျဉ်းချုပ်လိုက်ရင်
အိုသည့်တိုင်အောင် ကောင်းတာက သီလ အကျင့်ပါ။
ကိုယ့်ရင်ထဲ နှလုံးသားထဲမှာ တည်ဆောက်ရမှာက သဒ္ဓါပါ။
လူသားတွေအတွက် ရတနာဆိုတာ ပညာကို ပြောတာပါ။
သူခိုးဓားပြတို့ခိုးယူလုယက်လို့ မရတဲ့အရာဟာ ကောင်းမှုကုသိုလ်ပါ။

Tuesday, November 4, 2014

ညီမျှနေဘို့


နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၃) မေးခွန်းက
ကိံသု နရာနံ ရတနံ - အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။
လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။

အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း
ဒီနတ်သားမေးတဲ့ မေးခွန်းကို ဒကာကြီးတစ်ဦးကို မေးကြည့်တော့
ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရား လို့ ဖြေပါတယ်။
သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဟုတ်သလိုလိုပါပဲ။
ဒါပေမဲ့ နတ်သားမေးတဲ့ မေးခွန်းမှာပါတဲ့ လူဆိုတာ
ဗုဒ္ဓဘာသာဝင်တွေကိုသာ ရည်ညွှန်းတာ မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြားဘာသာဝင် အခြားလူမျိုးအားလုံးကို ရည်ညွှန်းတယ်လို့ ဆိုရမှာပါ၊
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အဲ့ဒီလူတွေအတွက်
ဘုရား တရား သံဃာကို ရတနာလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရမလဲ။
ဆိုတော့ ရတနာဆိုတာ အများနဲ့သက်ဆိုင်တဲ့ လူသားအားလုံးရဲ့ ရတနာဖြစ်ရပါမယ်။
“လူသားအားလုံးတို့၏ ရတနာသည် အဘယ်အရာဖြစ်ပါသနည်း” ပေါ့။

ဘုရားရှင်ရဲ့ အဖြေက
ပညာ နရာနံ ရတနံ - ပညာသာ လူတွေရဲ့ ရတနာဖြစ်ပါတယ်တဲ့။
ဟုတ်ပါတယ်၊ ပညာဟာ ဘယ်လူမျိုးအတွက်မဆို
ဘယ်ဘာသာဝင်အတွက်မဆို ရတနာပါ။
သဒ္ဓါ - ယုံကြည်မှု၊ ပညာ - ခွဲခြမ်းစိတ်ဖြာသိမှုကို ဒီနေရာမှာ တွဲပြီးပြတော့
ဘာသာရေးကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ
ယုံကြည်မှု (သဒ္ဓါ) တရားသက်သက်နဲ့တင် မလုံလောက်ဘူး။
အစစအရာရာ စဉ်းစားတွေးခေါ်တတ်တဲ့ ဝေဘန်ပိုင်းခြားတတ်တဲ့
ပညာလဲ ပါရမယ်လို့ သဘောပေါက်နားလည်မိပါတယ်။
ပညာနဲ့ယုံကြည်မှသာ ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ တန်ဘိုးရှိမှာမို့လား။

မှန်ပါတယ်။
ပညာကင်းတဲ့ ယုံကြည်မှု (သဒ္ဓါ) တရားဟာ အကြည်ညိုမှားတတ်ပါတယ်။
ပညာနဲ့သဒ္ဓါ၊ သဒ္ဓါနဲ့ပညာ ညီတူညီမျှ ရှိနေရပါမယ်။
တစ်ခုက တစ်ခုထက် မပိုလွန်ရပါဘူး။
တစ်ခုက တစ်ခုထက်ပိုလွန်သွားရင် မကောင်းတတ်ပါဘူး။

မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အများစုဟာ
သဒ္ဓါအားကောင်းပြီး ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာအားနည်းတယ်လို့ ဆိုရမလားပဲ။
ယုံလွယ်တတ်ကြတယ်။ နာမည်ကြီးတာနောက် လိုက်တတ်ကြတယ်။
မှား၏ မှန်၏ မဝေဘန်ကြပါဘူး။
ဘယ်လောက်အထိ မဝေဘန်သလဲဆိုရင်
ရန်ကုန် မန္တလေး ကားလမ်းဘေးမှာ “မြွေဘုရား” ဆိုပြီး
မုခ်ဦးအကြီးကြီးတည်ဆောက်ထားတာဟာ
မှားသလား မှန်သလား တင့်တယ်သလား မတင့်တယ်ဘူးလားလို့
မဝေဘန်တတ်လောက်တဲ့အထိပါဘဲ။
စာရေးသူအနေနဲ့ မြွေဘုရားဆိုတဲ့မုခ်ဦးအကြီးကြီးကို ရုတ်တရက်တွေ့လိုက်တော့
အတော်စိတ်မသက်မသာဖြစ်မိတယ်။
ဘယ့်နှယ်၊ မြွေက ဘုရားဖြစ်သွားရတာတုန်း၊
ဘုရားက မြွေဖြစ်သွားရတာတုန်း လို့ ချက်ချင်း အတွေးဝင်လာမိပါတယ်။
နောက်မှ ဒေသခံ ဦးဇင်းတစ်ပါးကို မေးကြည့်တော့
ရိုက်စားလုပ်ထားမှန်းသိရတယ်။
ဒါမျိုးအထူးအဆန်းဖန်တီးထားတာကိုလည်း ဒို့မြန်မာဗုဒ္ဓဘာသာဝင်တွေက
ဝေဘန်ဆန်းစစ်မှုမရှိပဲ အလွယ်တကူလက်ခံယုံကြည်လိုက်ကြတာပါပဲ၊

ဒါဟာ ယုံကြည်မှု သဒ္ဓါအားကောင်းပြီး
စဉ်းစားဝေဘန်မှု ပညာအားနည်းတာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့သာဓကပဲ။
စာပေမှာတော့
ဗလ၀သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ၊ အ၀တ္ထုသ္မိံ ပသီဒတိ တဲ့။
အဓိပ္ပါယ်က
ယုံကြည်မှုသဒ္ဓါတရားအားကြီးပြီး ပညာအားနည်းတဲ့သူဟာ
မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတတ်၏၊
ကြည်ညိုဖွယ်မဟုတ်သောအရာဝတ္ထု ပုဂ္ဂိုလ်တို့၌ ကြည်ညိုတတ်၏ တဲ့။

အနောက်နိုင်ငံသား အများစုကတော့ ပညာအားကြီးပြီး
သဒ္ဓါတရားအားနည်းတယ်။
သိဒ္ဓတ္ထမင်းသားက မိန်းမယူပြီး ကလေးတစ်ယောက်ရမှ
ပစ်ထားခဲ့တာ တရားသလား၊ လုပ်မကျွေးချင်လို့လား။
မိသားစုတာဝန် မထမ်းဆောင်ချင်လို့လားနဲ့ လားပေါင်းများစွာ
မေးခွန်းထုတ်နေတာနဲ့ တကယ့်အနှစ်ဖြစ်တဲ့အကျင့်ဆီကို မရောက်နိုင်တော့ဘူး။

ဒီလို ဝေဘန်စပ်စုမှု ပညာအားကြီးပြီး ယုံကြည်မှု သဒ္ဓါအားနည်းတဲ့သူအတွက်
စာပေမှာလာတာက
ဗလ၀ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ တဲ့။
ပညာကြီးပြီး သဒ္ဓါအားနည်းတဲ့သူဟာ စဉ်းလဲသောအဖို့ ကောက်ကျစ်သည့်အပိုင်းသို့
ရောက်သွားတတ်၏ လို့ အဓိပ္ပါယ်ရပါတယ်။

ဒါ့ကြောင့် အရာခပ်သိမ်းမှာ အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာ
ယုံကြည်မှု သဒ္ဓါအားကြီးတာလည်း မကောင်းဘူး။
ဝေဘန်မှု ပညာအားကြီးတာလည်း မကောင်းဘူး။
သဒ္ဓါနဲ့ ပညာ ညီမျှနေဘို့ လိုပါတယ်။

Monday, November 3, 2014

တည်ဆောက်၊ ဆောက်တည်


နတ်သားမေးတဲ့ နံပါတ် (၂) မေးခွန်းက
ကိံသု သာဓု ပတိဋ္ဌိတာ -
 (ကိုယ့်ရင်ထဲမှာ) ဘယ်လိုဟာမျိုး တည်ရှိသင့်ပါသလဲ တဲ့။
အင်္ဂလိပ်လိုဘာသာပြန်ထားတာကတော့
What is suitable to be established in? တဲ့။

ဆိုတော့ ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်ဦးဏှောက်ထဲမှာ
ဘာကို ဘယ်လိုဟာမျိုးကို ဆောက်တည်သင့်သလဲ၊ တည်ဆောက်သင့်သလဲ လို့
ဘာသာပြန်ရင် ပိုနားလည်နိုင်မယ်လို့ ထင်ပါတယ်။

ဘုရားရှင်ရဲ့ အဖြေက
သဒ္ဓါ သာဓု ပတိဋ္ဌိတာ တဲ့။
သဒ္ဓါတရားကို ကိုယ့်ရင်ထဲမှာ တည်ဆောက်သင့်တယ်၊ တည်ဆောက်ရမယ်ပေါ့။

သဒ္ဓါဆိုတဲ့ပုဒ်အဓိပ္ပါယ်ကို
အခြားအခြားသောဆရာတော် သမားတော်ကြီးတွေရဲ့ ဖွင့်ဆိုချက်ကို
ခဏမေ့ထားပြီး ကိုယ့်နည်းကိုယ့်ဟာနဲ့ ဖွင့်ဆိုနားလည်ကြည့်ရအောင်။
သဒ္ဓါဆိုတာက (ဘာသာရေး) ယုံကြည်မှုကိုပြောတာ။
ဘာသာရေးလိုက်စားမှ ဘာသာရေးကို ယုံကြည်မှာ၊
ဘာသာရေးလိုက်စားမှုဆိုတာ
ဘာသာရေးကျင့်ဝတ်တွေကိုလေ့လာပြီး
ကျင့်ကြံတာကို ပြောတာ၊ ကိုင်းရှိုင်းတာကို ပြောတာပါ။
သဒ္ဓါဆိုတာကို အဖြောင့်အားဖြင့် နားလည်လွယ်အောင် ဘာသာပြန်ဆိုရရင်
ဘာသာရေးကိုင်းရှိုင်းတာကို ပြောတာပါပဲ။
ဘာသာရေးကိုင်းရှိုင်းဘို့ ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုတာ
ရင်ထဲ နှလုံးသားထဲ ဦးဏှောက်ထဲ အလိုလိုရောက်လာတာမဟုတ်ဘူး၊
အလိုလိုပေါ်ပေါက်လာတာ မဟုတ်ဘူး။
တည်ဆောက်ယူရတာ။ ဆောက်တည်ယူရတာ။ ကြိုးစားယူရတာ။

ဒါ့ကြောင့် ဘုရားရှင်က
သဒ္ဓါ သာဓု ပတိဋ္ဌိတာ
ဘာသာရေးကိုင်းရှိုင်းမှုကို တည်ဆောက်ယူပါ၊
(မိမိနေဘို့ရန် အိမ်ကို ကြိုးစားပမ်းစား တည်ဆောက်သလို)
ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ကြံနိုင်ဘို့ တည်ဆောက်ယူပါတဲ့။
ဟုတ်တယ်။ အရက်သောက်ဖို့၊ ဒစ္စကိုသွားဘို့၊
Pub သွားဘို့ဆိုရင် အထူးအားထုတ်စရာမလိုပါဘူး။
အထူးကြိုးစားစရာမလိုပါဘူး။
အလွယ်တကူပဲ။ အသံကြားတာနဲ့ ခြေက လှမ်းပြီးနေပြီ။ ခြေဦးက လှည့်ပြီးနေပါပြီ။

အဲ၊ ဘာသာရေးဆိုင်ရာကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုရင်
အထူးကို ကြိုးစားရတယ်။ အားစိုက်ရတယ်။
ညစဉ်ညတိုင်း ရတနာသုံးပါး၊ မိဘ ဆရာသမားတွေကို
ရှိခိုးဦးချ မေတ္တာပို့ပြီးမှ အိပ်ရာဝင်တဲ့ ဘာသာရေးဆန်တဲ့အလေ့အကျင့်မျိုးဆိုရင်
ကြိုးစားရတယ်။ အားထည့်ရတယ်။

ဒီလိုအလေ့အကျင့်မျိုး နှစ်ချီကြာညောင်းလာပေမဲ့ ကြားထဲမှာ ကိစ္စတစ်ခုခုနဲ့
ပျက်သွားတယ်ဆိုရင် ပြန်ပြီးလုပ်ဆောင်နိုင်ဘို့ မနည်းအားယူရပါတယ်။

မနက်စောစော တရားထိုင်တဲ့အလေ့အကျင့်ကို နှစ်ပေါက်လုပ်ထားပေမယ့်
ကြားထဲမှာ အကြောင်းကြောင်းကြောင့် နှစ်ရက်လောက်ပျက်ကွက်သွားရင်
(ကောင်းတဲ့အလုပ်ဆိုတော့) ကိုယ့်ကိုယ်ကို မနည်းပြန်ခိုင်းယူရတယ်။

ဒါ့ကြောင့်မို့လည်း ဘုရားရှင်က
ဘာသာရေး ယုံကြည်မှုသဒ္ဓါတရား၊ ဘာသာရေးကိုင်းရှိုင်းမှုသဘောတရား၊
ဘာသာရေးကျင့်ဝတ်ဖြည့်ဆည်းမှုသဘောတရားကို တည်ဆောက်သင့်ပါတယ်
ကြိုးစားသင့်ပါတယ်လို့ ပြောထားတာဖြစ်မှာပါ လို့ ထင်မြင်ယူဆမိပါတယ်။

Sunday, November 2, 2014

အကောင်းဆုံးအရာ

ညက ပိဋကတ်စာပေထဲက ဇရာသုတ်ဆိုတာလေးကို ပြန်ဖတ်ဖြစ်တယ်။
နတ်သားတစ်ယောက်ကမေးတာကို
ဘုရားရှင်က ဖြေထားတဲ့သုတ်တော်လေး။
နတ်သားက ဂါထာလေးတစ်ပုဒ်နဲ့ မေးထားတာကို
ဆရာဘုရားရှင်က ဂါထာလေးတစ်ပုဒ်နဲ့ဖြေထားတာ။

အမေး
ကိံသု ယာဝဇရာ သာဓု
ဘယ်ဟာက အိုသည့်တိုင်အောင် ကောင်းတာပါလဲ?
နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၁) မေးခွန်းပါ။

ဘုရားရှင်အဖြေကို မသိခင် ဒီမေးခွန်းရဲ့ အဖြေကို ကိုယ့်ကိုယ်ကို ဖြေကြည့်ရအောင်။
မြန်မာပြည်အိမ်တစ်အိမ်မှာ တရားဟောရင်း ဒီမေးခွန်းကို မေးမိတော့
ဒကာကြီးက
“တပည့်တော်ရဲ့ ဇနီးက အိုသည့်တိုင်အောင် ကောင်းတာပါ” တဲ့။
အဖြေကို သဘောကျလို့ ပြုံးလိုက်မိတယ်။

“သားသမီးတွေကို အမြဲတမ်း အိုသည့်တိုင်အောင် အားမကိုးရဘူး။
အရွယ်ရောက်လာရင် ကိုယ့်အိုးကိုယ့်အိမ်ထူပြီး မိဘတွေထံပါးမှ ခွဲခွါသွားကြတာချည်းပဲ။
ကိုယ့်ဇနီးမယားကသာ အိုသည့်တိုင်အောင် နောက်ဆုံးသေသည့်တိုင်အောင်
ကိုယ်နဲ့ မခွဲမခွါပေါင်းသင်းဆက်ဆံပြီး ဆေးပေးမီးယူ လုပ်ပေးဖော်ရတာ” လို့
ဒကာကြီးက ပြောချင်တာဖြစ်မှာပါ။

အဲ့ဒကာကြီးရဲ့သားကတော့
အိုသည့်တိုင်အောင် ကောင်းတာက ပိုက်ဆံပါတဲ့။
ပိုက်ဆံသာ ကိုယ့်မှာ အမြဲတမ်းရှိနေမယ်ဆိုရင်
အိုသည့်တိုင်အောင် ဘာမဆို လုပ်လို့ရတာဖြစ်လို့
အိုသည့်တိုင်အောင် ကောင်းတဲ့အရာဟာ ပိုက်ဆံလို့ပြောရတာပါ တဲ့။

ဒကာမကြီးကတော့ အိုသည့်တိုင်အောင် ကောင်းတဲ့အရာကို
စိတ်ချမ်းသာမှုလို့ ယူဆပါတယ်တဲ့။
သူပြောတာက ဟုတ်သလိုလိုတော့ ရှိပါတယ်။
ဒါပေမဲ့ ဒါဟာ အကျိုးတရားကြီးပဲ။
စိတ်ချမ်းသာမှုဖြစ်ပေါ်လာအောင် ဘာတွေ လုပ်ရမှာလဲ။
အကြောင်းတရားကို ရှာရအုံးမှာပါ။

ကဲ၊ ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။
ဘုရားရှင်ရဲ့ အဖြေက
သီလံ ယာဝ ဇရာ သာဓု၊ သီလက အိုသည့်တိုင်အောင် ကောင်းတာပါ တဲ့။

ဘုရားရှင်ရဲ့ ဒီအဖြေကို ဖတ်ပြီး အတော်စဉ်းစားဖြစ်တယ်။
သီလ က ဘာလို့ အိုသည့်တိုင်အောင် ကောင်းတာလဲပေါ့။
တချိန်တည်းမှာပဲ ဗုဒ္ဓဘာသာဝင်တွေသိတဲ့ ငါးပါးသီလကို ရွတ်ဆိုမိတယ်။
သူတပါးအသက်မသတ်နဲ့၊
သူ့ဥစ္စာမခိုးနဲ့၊
သူ့အိမ်ယာ မပြစ်မှားနဲ့၊
လိမ်မပြောနဲ့၊
မေ့လျှော့စေတတ်တဲ့အရက်၊ ဘိန်းစတာတွေကို မသောက်နဲ့၊ မသုံးစွဲနဲ့။
ဒီငါးပါးသီလက အခြေခံ လူ့ကျင့်ဝတ်ဖြစ်တယ်။
လူတိုင်းစောင့်ထိမ်းရမဲ့ သီလဖြစ်တယ်။

ဒီသီလက အိုသည့်တိုင်အောင် ကောင်းတယ် လို့ ဘုရားရှင်မိန့်တယ်။
အခြေခံလူ့ကျင့်ဝတ်ဖြစ်တဲ့ လူတိုင်းစောင့်ထိန်းရမယ့် ဒီသီလကို မစောင့်ထိန်းရင်
အိုသည့်တိုင်အောင် မကောင်းနိုင်ဘူးလို့ ပြောင်းပြန်တွေးမိတယ်။

တချိန်တည်းမှာပဲ ရွာက အရက်သမားဦးသာမောင်ကို သတိရမိတယ်။
အသက်က ၆၀ ကျော်နေပြီဆိုတော့ လူကြီးပိုင်းရောက်နေပြီပေါ့။
လူအိုအရွယ် ဇရာပိုင်းရောက်နေပြီ။ အရက်က သောက်တုန်း။
အကျိုးဆက်အနေအားဖြင့် သူ့ကို ဘယ်သူမှ မလေးစားဘူး။
သာရေး နာရေး ထမင်းစားဝိုင်းတွေမှာလည်း သူဘယ်တော့မှ
လူကြားသူကြား၊ လူတော သူတော မတိုးဘူး။ တိုးပြီး အစားအသောက် မစားရဲဘူး။
သူများတွေပြီးမှ ချောင်ကျကျတနေရာမှာ ခပ်ကုတ်ကုတ် ၀င်စားရတာချည်းပဲ။
သိရတာက ဒီဦးသာမောင်ဆိုတဲ့လူဟာ
ငယ်ငယ်ကတည်းက အရက်သောက်လာတာ။

အင်း၊ ငယ်ငယ်တုန်းကတော့ သူသူကိုယ်ကို အရက်သောက်ကြတာချည်းပါဘဲ။
ဒါပေမဲ့ ဒီအရက်ကို စီးပွါးရေးလောကထဲဝင်တဲ့ အသက်သုံးဆယ်ကျော်အရွယ်တိုင်အောင်
လူမှန်းသူမှန်းမသိတဲ့အဆင့်အထိ နေ့စဉ်သောက်သုံးနေမယ်ဆိုရင်
ဦးသာမောင်လို အသက်ခြောက်ဆယ်အရွယ်အထိ သားမေ့ မယားမေ့
ဘုရားမေ့ တရားမေ့အဆင့်အထိ သောက်သုံးနေမယ်ဆိုရင်
ပတ်ဝန်ကျင် လူ့လောကကြီးနဲ့ အင်ဝင်ဂွင်ကျ ဖြစ်မယ်မထင်ပါဘူး။

အရက်သောက်သုံးပြီး မူးမူးမှောက်မှောက်ဖြစ်နေတဲ့သူဟာ
(ဗုဒ္ဓဘာသာဝင်ဆိုရင်) အိမ်ဘေးက ဓမ္မာရုံမှာ တရားပွဲရှိတောင်
တရားနာ မသွားဝံ့တော့ဘူး။ သွားဝံ့သည် ထား၊
နောက်ဆုံးတန်းမှာ ခပ်ကုတ်ကုတ်နဲ့ နာရတော့မှာ။

လူ့ကျင့်ဝတ်ငါးပါးသီလထဲက နောက်ဆုံးသီလကို ချိုးဖျက်လိုက်တာနဲ့
ရရှိလာတဲ့ ဆိုးကျိုးတွေကို စဉ်းစားမိတာပါ။

ဒါ့ကြောင့် လူ့လောကကြီးမှာ အိုသည့်တိုင်အောင် ကောင်းတာဟာ
ဇနီးမယားလည်း မဟုတ်ဘူး၊ ပိုက်ဆံလည်းမဟုတ်ဘူး။
သီလသာဖြစ်တယ်လို့ ဘုရားရှင် ဖြေကြားခဲ့တာပဲ လို့ ထပ်ဆင့်းနားလည်လိုက်ပါတယ်။