Friday, October 3, 2014

ရဟန်းတော်များပညာရေး

 
မြန်မာပြည်ခဏပြန်တုန်းက စာသင်တိုက်ဆရာတော်ကြီးတစ်ပါးကို
သွားဖူးမျှော်တော့ ဆရာတော်ကြီးက
စာသင်တိုက်အခက်အခဲ၊ စာသင်သားတွေရဲ့ လက်ရှိအခြေအနေ၊
ရိုးသားမှု၊ မရိုးသားမှု၊ ကြိုးစားမှု၊ မကြိုးစားမှု၊
ပထမပြန်စာမေးပွဲပြဌာန်းစာနဲ့ ဓမ္မာစရိယတန်းသင်ကြားမှုတွေရဲ့
အားသာချက်၊ အားနည်းချက်တွေကို ပြောပြပါတယ်။

ဆရာတော်ကြီးပြောပြအပြီးမှာ ဆရာတော်ကြီးကို
“ပထမပြန်စာမေးပွဲပြဌာန်းစာတွေကို
သာမဏေကျော်စာမေးပွဲကပြဌာန်းစာနဲ့ ရောသမမွှေပြီး
ပြဌာန်းပေးက ပိုအကျိုးများနိုင်ကြောင်း၊
ခေတ်အခြေအနေအရ အင်္ဂလိပ်စာနဲ့ ဗုဒ္ဓဘာသာသမိုင်းတွေကို သင်ပေးသင့်ကြောင်း၊
အတန်းကို ပထမငယ်၊ လတ်၊ ကြီးလို့ သုံးတန်း (သုံးနှစ်) ထဲ ထားတာ မလုံလောက်ကြောင်း၊
အနည်းဆုံး အဆင့် (Level) ၇ ဆင့်လောက် ထားသင့်ကြောင်း၊
ဓမ္မာစရိယဒုတိယနေ့မေးခွန်းစည်းမျဉ်းစည်းကမ်းတွေကို
၂ ပုစ္ဆာကို ၁ ပုစ္ဆာပေါင်းပြီး ကျန်တဲ့ငါးပုစ္ဆာအတွက် သဘောတရားတွေ
များများလေ့ကျင့်သင်ကြားမေးမြန်းမယ်ဆိုရင် ပိုအကျိုးများနိုင်ကြောင်း၊
 
ဓမ္မာစရိယတန်းကို အပိုင်းအပိုင်းခွဲပြီး ပြဌာန်းပြီး
၎ နှစ်ဆိုရင် ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက် ဓမ္မာစရိယတန်းအောင်မြင်အောင်
အကောင်အထည်ပေါ်သင့်ကြောင်း၊
ဓမ္မာစရိယတန်းအောင်မြင်ပြီးက မဟာဓမ္မာစရိယတန်းဆိုတာ ရှိသင့်ကြောင်း၊
မဟာဓမ္မာစရိယတန်းမှာ နိကာယ်ငါးရပ်ထဲက ကောင်းနိုးရာသုတ်တော်တွေကို
ပြဌာန်းပေးပြီး ဘာသာပြန်ပုံ၊ အနှစ်ချုပ်ပုံ၊ အယူအဆ၊
အပြောအဆို၊ အဟောအပြောတွေ သင်ပေးသင့်ကြောင်း၊
 
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွေကိုလည်း
ရန်ကုန်၊ မန္တလေးမှာသာမက အခြားသော တောင်ကြီး၊ ပခုက္ကူ၊ မုံရွာ၊ မော်လမြိုင်စတဲ့
သံဃာများတဲ့မြို့ကြီးတွေမှာ အနည်းဆုံး ငါးခုလောက်
တိုးချဲ့ ဖွင့်လစ်နိုင်အောင် ကြိုးစားသင့်ကြောင်း၊
စွမ်းနိုင်သောရဟန်းတော်များ အားစိုက်လုပ်ဆောင်မယ်ဆိုရင်
ဖြစ်နိုင်ပါကြောင်း” စသဖြင့် ပြန်လည်လျှောက်ကြားမိခဲ့ပါတယ်။