Sunday, October 12, 2014

လင်္ကာဝီကျွန်းခရီးစဉ် (၂)


ပီနန်းကျောင်းမှာ တစ်ညအိပ်ပြီး နောက်နေ့မနက် ၈နာရီ ၁၅ မိနစ်မှာ
ပီနန်းကျွန်းမှ လင်္ကာဝီကျွန်းကို ဘုတ်သင်္ဘောနဲ့ ခရီးဆက်ဖြစ်တယ်။
သင်္ဘောခ မလေးရှားငွေ ၆၀ ကျတယ်။ မလေးရှားငွေ ၆၀ ပေးရတာနဲ့စာရင်
သင်္ဘောက အကောင်းကြီးတော့ မဟုတ်ဘူး။
ဒါပေမဲ့ မြန်မာပြည်က ငယ်ငယ်တုန်းက ရန်ကုန်က သန်လျင်ကို သွားတဲ့
သင်္ဘောတွေထက်တော့ အများကြီးသာပါတယ်။
၁၁ နာရီ ဆွမ်းစားမီ လင်္ကာဝီကျွန်းကို ရောက်ပါတယ်။
လင်္ကာဝီကျွန်း၊ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၃၀ ၀န်းကျင်ရှိတဲ့
ရန်ကုန်၊ ကြည့်မြင်တိုင်သား မောင်ဇေယျာကျော်ဝင်း ဆိုတဲ့ ဒကာလေးက
သင်္ဘောဆိပ်ကို ကားနဲ့လာကြိုပါတယ်။
ဆွမ်းစားချိန်ဆိုတော့ ထမင်းဆိုင် အရင်ပို့ပေးတယ်။
ထမင်းဆိုင်က မွတ်စလင်ကုလားဆိုင်ပါ၊
ဟင်းတွေကတော့ စုံပါတယ်။
ဒါပေမဲ့ လတ်ဆပ်မှု၊ သန့်ရှင်းမှုတော့ သိပ်မရှိလှပါဘူး။
စားသောက်ပြီးတော့ လင်္ကာဝီကျွန်းရောက်ရင် မဖြစ်မနေသွားရမယ့်
မာစုရီ (Mahsuri) ဆိုတဲ့နေရာကို ကားသမားလေးက ပို့ပေးပါတယ်။ (ပုံကြည့်)
မာစုရီဆိုတာက လင်္ကာဝီကျွန်းသမိုင်းထဲက အမျိုးသမီးတစ်ယောက်နာမည်ပါ၊
သူ့အကြောင်းဗွီဒီယိုဇာတ်လမ်းတိုလေးကို အခန်းလေးတစ်ခန်းထဲမှာ ဖွင့်ပြထားပါတယ်။
ပုံထဲ ဗွီဒီယိုထဲကြည့်ခဲ့ရတာတော့ အတော်ချောမောလှပတယ်။
သူက ရွာသူကြီး (ရှင်ဘုရင်) ရဲ့ ဇနီးတဲ့၊
သူ့ခင်ပွန်းဖြစ်တဲ့ရှင်ဘုရင် ရှေ့တန်းစစ်တိုက်သွားတော့
မာစုရီကို စောင့်ရှောက်ဖို့ စစ်သူကြီးတစ်ယောက်ကို အစောင့်ထားခဲ့တယ်တဲ့။

မနာလိုတဲ့ ရွာသူလုံမေတို့က
မာစုရီကို စစ်သူကြီးနဲ့ ဖောက်ပြန်တယ် ဆိုပြီး ရှင်ဘုရင်ပြန်လာတဲ့အခါ ပြောကြတယ်။
ဂုံးတိုက်ကြတယ်ပေါ့။
ဆင်ခြင်ဥာဏ် တွေးခေါ်ဥာဏ် မရှိတဲ့ ရှင်ဘုရင်က
မစူးစမ်း မဆင်ခြင် မစုံစမ်းပဲ မာစုရီကို သေဒဏ်ပေးလိုက်တယ်။

မာစုရီကို မကွပ်မျက်မီ မာစုရီက ကြိမ်စာဆိုခဲ့ပါတယ်၊
“မဖောက်ပြန်ဘဲ ဖောက်ပြန်တယ်လို့ စွပ်စွဲတဲ့လူတွေနေတဲ့ ဒီလင်္ကာဝီကျွန်းမှာ
နောင် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ဘာပင်မှစိုက်လို့ မရပါစေသား၊
ဘာစီးပွါးရေးမှ လုပ်လို့ မရပါစေသား” လို့ ကြိမ်စာတိုက်ခဲ့တယ်။
သူကြိမ်စာတိုက်ခဲ့သည့်အတိုင်း လင်္ကာဝီကျွန်းမှာ  ဘာမှ စိုက်လို့မရခဲ့ဘူးတဲ့။
ဘာစီးပွါးရေးမှ မဖြစ်ထွန်းခဲ့ဘူးတဲ့။

မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီ လက်ထက်ရောက်မှ
ကြိမ်စာတိုက်ထားတဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ပြည့်တဲ့အချိန်ရောက်လာလို့
ပြန်လည်စီကားလာတာလို့ ဆိုပါတယ်။
အခုတော့ အတော်လေး စီကားနေပါပြီ။ လင်္ကာဝီကျွန်းကို ကမ္ဘာက သိနေပါပြီ။

မာစုရီနေရာအနီးအနားတ၀ိုက် လည်ပတ်ကြည့်ရှုပြီးတော့
ပင်လယ်ထဲက လည်ပတ်စရာနေရာတွေကို သွားဘို့အတွက်
လှေဆိပ်ကို သွား၊ လှေငှားရပါတယ်။
လှေဆိပ်မှာ လှေ စင်းလုံးငှားရင် မလေးရှားငွေ ၂၅၀ ပေးရပြီး
အများနဲ့ ရောလိုက်ချင်ရင်တော့ တစ်ယောက် ၃၀ ပေးရတယ်လို့ သိရပါတယ်။

ကိုယ်သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ်သွားချင်တာက တစ်ကြောင်း၊
အဆင်ပြေတဲ့နေရာမှာ ကိုယ်နေချင်သလောက်နေလိုတာက တစ်ကြောင်းကြောင့်
လှေစင်းလုံးငှားဖြစ်ပါတယ်။
ပထမဆုံး Palau Dayang Bunting ဆိုတဲ့နေရာကို သွားဖြစ်တယ်။ (ပုံကြည့်)
အဲ့နေရာက ကျွန်းလေးတွေ ၀ိုင်းရံနေပြီး
အလယ်တည့်တည့်မှာ ရေအိုင်လေးလိုမျိုးဖြစ်နေတာ။
ထူးခြားတာက
အဲ့ရေအိုင်ထဲက ရေက ရေငံမဟုတ်ပဲ ရေချိုဖြစ်နေတာ။
ဒီရေအိုင်မှာ ဒီထက် ထူးဆန်းတဲ့အဖြစ်အပျက် ရှိခဲ့ဘူးတယ်။
ဟိုးရှေးရှေးတုန်းက
လက်ထပ်ပြီး နှစ်ပေါင်း ၁၉ နှစ်ကြာသည်အထိ ခလေးမရတဲ့
လင်မယားအတွဲတစ်တွဲ ဒီရေအိုင်ကိုလာလည်ခဲ့ကြတယ်တဲ့။
လာလည်ပြီး ဒီရေအိုင်ထဲက ရေကို လင်ရော မယားပါ သောက်ဖြစ်ကြတယ်တဲ့။
ဒီအိုင်ထဲက ရေကို သောက်ပြီးမှ သူတို့လင်မယား ခလေးရတယ်တဲ့။

ဒါ့ကြောင့် ခလေးမရတဲ့ အိမ်ထောင်သည်တွေ
ဒီအိုင်ကိုလာပြီး ရေသောက်လေ့ရှိကြတယ်လို့ ဆိုပါတယ်။
ကဲ၊ အိမ်ထောင်ကျပြီး ခလေးမရတဲ့သူတွေ ဒီအိုင်ကို အရောက်သွားပြီး
အိုင်ထဲကရေ သွားသောက်ပေတော့ အကြံပြုလိုပါတယ်။ :D

အဲဒီအိုင်ကနေပြီး လှေသမားက ဟိုဟိုဒီဒီလိုက်ပို့ရှာပါတယ်။
သိန်းငှက်တွေ ပေါတဲ့နေရာ၊ သဲဖြူကျွန်း စသည်ဖြင့်။
သဲဖြူကျွန်းက ပင်လယ်ရေချိုးလို့ ကောင်းတဲ့နေရာလို့ ဆိုပါတယ်။
ဒါ့ကြောင့်ထင်ပါရဲ့
နိုင်ငံခြားသား (အထူးသဖြင့်) အနောက်နိုင်ငံသားတွေ
အတော်စည်ကားသိုက်မြိုက်စွာ ရေချိုးနေတာကို တွေ့ရပါတယ်။

သူတို့တတွေကို ကြည့်ပြီး အိန္ဒိယမှာ ပညာသင်ခဲ့ဘူးတဲ့
ဆရာတော် ဒေါက်တာဥတ္တရဥာဏ ပြောသွားတဲ့စကားကို သတိရမိပြီး
ပြုံးလိုက်မိပါသေးတယ်။
သူမြန်မာပြည်ကို ခဏအလည်ပြန်လာတော့
အိန္ဒိယနိုင်ငံအကြောင်းပြောပြရင်း
“ကိုယ့်လူတို့၊ အိန္ဒိယနိုင်ငံကို လာရင် Neither, Nor; Either, Or;
ဗိုက်သားပေါ်လေးတွေ တွေ့ရလိမ့်မယ်” တဲ့။
လင်္ကာဝီကျွန်းမှာတော့ အနောက်တိုင်းသူ လှပျိုဖြူတွေ
ဗိုက်သားပေါ်ရုံတင် မကတော့ပါလား။