Sunday, September 21, 2014

ကမ္ဗောဒီးယားခရီးစဉ် (၁၀)


သူငယ်ချင်းကမ္ဗောဒီးယားဦးဇင်းက မနက်အစော ၄ နာရီလောက်ထ၊ ခရီးထွက်သွားပါတယ်။
ကိုယ်ကတော့ ၆ နာရီလောက်မှ ထဖြစ်တယ်။
ရေမိုးချိုးပြီး သူငယ်ချင်းရဲ့တပည့်ကမ္ဗောဒီးယန်းဦးဇင်းငယ်နဲ့ ကျောင်းသားငယ်ကို
“အပြင်ထွက် မနက်စာ ဘုဉ်းပေးဘို့အတွက် ဆိုင်ကောင်းကောင်းကို ပို့ပေးပါ၊
လည်ပတ်စရာနေရာတွေကို တခါတည်း တဆက်တည်းဆက်လည်မယ်” လို့ပြောလိုက်ပါတယ်။

စားသောက်ဆိုင်ရောက်တော့
မနက်စာကို ဘဲပေါင်းခေါက်ဆွဲ မှာပြီး ဘုဉ်းပေးလိုက်ပါတယ်။
မြန်မာပြည်၊ ပြည်သူ့ရင်ပြင်က My Garden စားသောက်ဆိုင်မှာ ရနိုင်တဲ့
ဘဲပေါင်းခေါက်ဆွဲနဲ့ တစ်ပုံစံထဲပါပဲ။

မနက်စာဘုဉ်းပေးပြီးတာနဲ့ Wat Phnom ကို အရင်ဆုံးသွားဖြစ်ပါတယ်။
Wat Phnom ဆိုတာ ၂၇ မီတာမြင့်တဲ့ တောင်ကုန်းမြင့်မြင့်လေးကို ပြောတာပါ။
အဲ့ဒီတောင်ကုန်းမြင့်မြင့်လေးအပေါ်မှာ စေတီလေးတည်ထားပါတယ်။
စေတီလေးဘေးက တန်ဆောင်းနတ်ကွန်းထဲမှာ
အမျိုးသမီးရုပ်တုတစ်ခုကိုတွေ့လို့ မေးကြည့်တော့
“မယ်တော် ဖနွမ် (Phnom) ဖြစ်ကြောင်း၊ ဒီမြို့ကို တည်သူဖြစ်ကြောင်း”
အဖော်ပါလာတဲ့ ကျောင်းသားလေးက ပြောပါတယ်။ (ပုံကြည့်)
တောင်ကုန်းအတက်မှာ အုတ်လှေကားလေးရှိပါတယ်။
ကမ္ဗောဒီးယန်းစတိုင် ခြင်္သေ့ရုပ်တွေကို ဒီလှေကားအတက်မှာ တွေ့ရပါတယ်။
အုတ်လှေကားလေးမရောက်ခင် မြေကြီးပေါ်မှာ
မြေကပ်နာရီကြီး အကြီးကြီးလုပ်ထားတာ တွေ့ရပါတယ်။
အချိန်လည်း မှန်ပါတယ်။ သဘောကျလို့ ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။ (ပုံကြည့်)
ခြုံပြီးပြောရရင် ဒီတောင်ကုန်းလေးဟာ စေတီလေးနဲ့ အတော်ကျက်သရေ ရှိလှပါတယ်။
တကယ်တော့ ဒီတောင်ကုန်းလေးဟာ ဒီထက် ကျက်သရေ ရှိသင့်တယ်လို့ ထင်မိခဲ့ပါတယ်။

Wat Ounalom (၀ပ် ဥံနလုံ) ကို ဆက်သွားဖြစ်ပါတယ်။
ဝပ် ဥံနလုံဆိုတာ ဘုန်းကြီးကျောင်းကြီးပါ။
ဒီကျောင်းတော်ကြီးက ဗုဒ္ဓဘာသာရုံးချုပ်ဌာနကြီးဖြစ်ကြောင်း၊
ရှင်ဘုရင်များထောက်ပံ့ကိုးကွယ်ကျောင်း၊ ရှင်ဘုရင် မကြာခဏလာကြောင်း၊
လောလောဆယ် သံဃာ ၂၀၀ ကျော်ရှိကြောင်း”
အဖော်ပါလာတဲ့ ကျောင်းသားလေးက ရှင်းပြပါတယ်။
ကျောင်းတော်ကြီးတစ်ဆောင်ပေါ်ကို တက်ကြည့်ဖြစ်ပါတယ်။
ဘုရားရှင် ပလလဲတောမှာ သီတင်းသုံးတဲ့ပုံတော်ကို ပန်းတွေနဲ့ ပုံဖော်ထားတာတွေ့လို့
ဓာတ်ပုံနဲ့ မှတ်တမ်းတင်ခဲ့သေးတယ်။ (ပုံကြည့်)
တတိယထပ်မှာ ကျိုးပျက်နေတဲ့ မြန်မာစကျင်ကျောက်နဲ့ထုထားတဲ့
မြန်မာလက်ယာဆင်းတုရုပ်ပွါးတော်တစ်ဆူကို တွေ့ခဲ့ရပါတယ်။
နောက်ဖေးပေါက်ကနေပြီး နောက်ကအဆောင်ပေါ်ကို လှမ်းကြည့်လိုက်တော့
ခေါင်မိုးပေါ်မှာ ဦးဇင်းသုံးပါး အလုပ်လုပ်နေတာကို တွေ့လို့
“သူတို့တွေ ဘာလုပ်နေတာလဲ” လို့မေးကြည့်တော့
အဆောင် အမိုးမိုးနေတာ၊ ဒို့နိုင်ငံမှာ တော်တော့တန်တန်ကိစ္စကို ဦးဇင်းတွေလုပ်တတ်တယ်၊
လူတွေကို ခေါ်ခိုင်းလေ့မရှိဘူး၊ ကျောင်းအမိုးမိုးတဲ့ကိစ္စ၊ ပရံအသေးအဖွဲကိစ္စတွေကို
ကျောင်းမှာရှိတဲ့ ဦးဇင်းတွေပဲ လုပ်ကြတာ” လို့ပြောပါတယ်။ (ပုံကြည့်)

ဝပ် ဥံနလုံမှ ဘုရင့်နန်းတော်နဲ့ ငွေဘုရား
(Royal Palace & Silver Pagoda) ကို သွားဖြစ်ပါတယ်။
နန်းတော်ရှေ့  လမ်းမကျယ်ကွင်းပြင်ကြီးမှာ ခိုစာရောင်း၊ ခိုစာကျွေးနေတဲ့သူတွေကို တွေ့ရလို့
မြန်မာပြည် ဆူးလေဘုရားတ၀ိုက်ကို သတိရမိတယ်။
နန်းတော်ရှေ့ကနေ မဲခေါင်မြစ်ဘက်ကို မျှော်ကြည့်လိုက်တော့
ခေတ်ဆန်တဲ့ အထပ်မြင့်အဆောက်အဦကြီးတစ်ခုကို လှမ်းမြင်ရပါတယ်။
ရှေးဆန်တဲ့ ခမာရိုးရာအနုပညာနဲ့ဆောက်ထားတဲ့ နန်းတော်ရှေ့မှာ
ခေတ်ဆန်တဲ့ ဒီအထပ်မြင့်အဆောက်အဦကြီးဟာ ဘယ်လိုမှ လိုက်ဖက်မညီပါဘူး။
အရုပ်ဆိုးလွန်းလှပါတယ်။

အဲ့ဒီအဆောက်အဦကြီးက ဘာကြီးလဲလို့မေးကြည့်တော့
“ဟိုတယ်ကြီးဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသားပိုင်ဖြစ်ကြောင်း၊
ဒီနိုင်ငံအစိုးရက ကောင်းတဲ့နေရာက မြေမှန်သမျှကို နိုင်ငံခြားသားတွေကို ရောင်းစားနေကြောင်း၊
မြစ်ကမ်းဘေးက ဘုန်းကြီးကျောင်းမြေကိုတောင်
တရုတ်ကုမ္ပဏီတစ်ခုကို ရောင်းစားပစ်ကြောင်း” ပြောပြပါတယ်။
မြန်မာပြည်အတိုင်းပါပဲလား လို့ စိတ်ထဲက တွေးထင် ညည်းညူမိပါတယ်။

ဘုရင့်နန်းတော်ဝင်ခွင့် ၆ ဒေါ်လာပေးရပါတယ်။
ဘုရင့်နန်းတော်ကို ခမာယဉ်ကျေးမှုအနုပညာတွေနဲ့ တည်ဆောက်ထားတာပါ။
အတော်လေး ခန်းနား ကြီးကျယ်ပါတယ်။
ရှင်ဘုရင်တွေ ဒီထဲ နေသေးလားလို့ မေးကြည့်တော့
“အဆောင်အကြီးကြီးကို လက်ညှိုးထိုးပြပြီး ဒီအဆောင်နောက်မှာနေကြကြောင်း၊
ဒီအဆောင်နောက်ကို သွားခွင့်မရှိတော့ကြောင်း၊ လုံခြုံရေးတွေ ရှိကြောင်း” ရှင်းပြပါတယ်။
နန်းတွင်းတစ်နေရာမှာ Silver Pagoda ငွေဘုရားစေတီလေးကို တည်ထားတာပါ။
တစ်ချပ်ကို တစ်ကီလိုအလေးချိန်ရှိတဲ့ငွေပြား အပြားပေါင်း ၅၀၀၀ ကို
ဘုရားအောက်ခြေကြမ်းပြင်မှာ ချထားပြီး တည်ထားတာဖြစ်လို့
Silver Pagoda ငွေဘုရားလို့ ခေါ်တာပါတဲ့။

ပြတိုက် ပြခန်း အဆောင်မျိုးစုံလှည့်ပတ်ကြည့်ရှုပြီး
ပြန်အထွက်မှာ နောက်က ရှားရှားပါးပါး မြန်မာစကားပြောသံကြားလို့ လှည့်ကြည့်လိုက်တော့
ခပ်၀၀ ဒါပေမဲ့ ခပ်သွက်သွက် မြန်မာဒကာမကြီး ၂ ယောက်ကို တွေ့လိုက်ရပါတယ်။
သူတို့က ကိုယ့်ကိုတော့  မြန်မာဘုန်းကြီးမှန်း သိမယ် မထင်ပါဘူး။
သူ့လမ်း သူတို့ သုတ်သုတ် သုတ်သုတ်နဲ့ သွားနေပြီး
ကိုယ်လဲ ကိုယ့်လမ်းကို ခပ်သုတ်သုတ် ထွက်လာခဲ့ပါတယ်။

အချိန်အတော်ကုန်သွားလို့ နေ့ဆွမ်းစားချိန် နီးလာတဲ့အခါ
လိုက်လာတဲ့ မောင်ကျောင်းသားက ဘာဘုဉ်းပေးချင်လဲလို့ မေးပါတယ်။
သူတို့ခမာဟင်းကို ဘယ်လိုမှ ခံတွင်းမတွေ့တာနဲ့ ထိုင်းဆိုင်သာ သွားပါကွာလို့ ပြောလိုက်ပါတယ်။
Olympic Stadium နားက ထိုင်းဆိုင်မှာ နေ့ဆွမ်းဘုဉ်းပေးဖြစ်ပါတယ်။
ဈေးကြီးသလောက် ဘုဉ်းပေးရတာ အတော်အဆင်ပြေပါတယ်။
သန့်ရှင်းသပ်ယပ်မှုလည်း ရှိပါတယ်။
စားပွဲထိုးလေးတွေကလည်း ယဉ်ကျေးပျူငှာကြပါတယ်။