Saturday, September 20, 2014

ကမ္ဗောဒီးယားခရီးစဉ် (၉)


၁၂ နာရီ ၅ မိနစ်မှာ ဘတ်စ်ကားဂိတ် (ကားကြီးဝင်း) ကို သွားဘို့ ဖယ်ရီကားလေးရောက်လာပါတယ်။
၁၂ နာရီခွဲခါနီးမှာ ဘတ်စ်ကားဂိတ်ရောက်ပြီး
ဖယ်ရီကားပေါ်ကနေ ဘတ်စ်ကားပေါ်ပြောင်းစီးပါတယ်။
အဲကွန်းပါပေမယ့် ဘတ်စ်ကားက မကောင်းပါဘူး။
ဘတ်စ်ကားမကောင်းပေမယ့် အဖြူကောင်တွေရော၊ အမဲကောင်တွေရော
သူတို့နိုင်ငံသားတွေရော ဘတ်စ်ကားပြည့်လုနီးပါးပါပဲ။
မြို့ကထွက် အဝေးပြေးလမ်းမပေါ်ရောက်တဲ့အခါ လမ်းအခြေအနေကြည့်ကြည့်တော့
အဝေးပြေးလမ်းဆိုပေမဲ့  မကောင်းပါဘူး၊ ကျဉ်းလည်း ကျဉ်းပါတယ်။
မဖွံ့ဖြိုးသေးတဲ့နိုင်ငံမှာ ဒီလိုမျိုးဒုက္ခတွေတော့ ရှိနေအုံးမှာပါလားလို့ စဉ်းစားမိလိုက်တယ်။
ဘတ်စ်ကားမောင်းပြီးလို့ သုံးနာရီလောက်ကြာတော့ ယာဉ်ရပ်နားစခန်းတစ်ခုကို ရောက်ပါတယ်။
ကားရပ်လို့ ယာဉ်ရပ်နားစခန်းအနေအထားကို လိုက်ကြည့်ကြည့်တော့လည်း
အတော်လေးညံ့ဖျင်းတာကို တွေ့ရပါတယ်။
နာရီဝက်လောက်နားပြီး ကားက ဆက်ထွက်ပါတယ်။
ခဏနေတော့ ဖနွမ်းပင်က သူငယ်ချင်းဦးဇင်းဆီက ဖုန်းဝင်လာပြီး
ဘယ်နားရောက်နေပြီလဲ လို့ မေးပါတယ်။
ငါတော့ ဘယ်နားရောက်နေမှန်းမသိဘူး၊ ငါ့နားက ဒကာနဲ့ပြောလိုက် ဆိုပြီး
အနီးနားက ဒကာကို ဖုန်းထိုးပေးလိုက်ပါတယ်။
သူတို့ချင်းပြောပြီး ကိုယ်နဲ့ ပြန်ပြောတော့
ဖနွမ်းပင်ရောက်ဖို့ အတော်လိုသေးကြောင်း၊
ဘာမှမပူနဲ့၊ သူကားဂိတ်ကို လာကြိုမည်ဖြစ်ကြောင်း ပြောပါတယ်။
ခဏအကြာမှာ Facebook မှာ သိကျွမ်းနေတဲ့ဦးဇင်းကလည်း ဖုန်းခေါ်လာပါတယ်။
အရင်လိုပဲ ဘယ်ရောက်နေပြီလဲမေးပါတယ်၊ သူလာကြိုမည်ဖြစ်ကြောင်းပြောပါတယ်။

ည ၇ နာရီကျော်လောက်မှ ဖနွမ်းပင်မြို့ကို ရောက်ပါတယ်။
Facebook မှာ သိတဲ့ဦးဇင်းကျောင်းကို အရင်လိုက်သွားပါတယ်။
စကားအနည်းငယ်ပြောဆိုပြီး နောက်နေ့မှာ တွေ့မည်ဖြစ်ကြောင်း ပြောဆိုနှုတ်ဆက်ကာ
(အိန္ဒိယမှာ သိကျွမ်းရင်းနှီးခဲ့တဲ့) သူငယ်ချင်းကျောင်းကို လိုက်သွားဖြစ်ပါတယ်။
ကျောင်းရောက်တော့ သူငယ်ချင်းက
သူမနက်ဖန်မနက်အစော ခရီးထွက်ရမှာဖြစ်ကြောင်း၊
ဘန်ကောက်အထိ သွားရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဘာမှ ပူဖို့ မလိုကြောင်း၊
သူ့ဒကာ ဒကာမတွေနဲ့ သူ့တပည့်ဦးဇင်းကို အကုန်မှာထားခဲ့ပြီးဖြစ်ကြောင်း ပြောပါတယ်။

သူကလည်း ကိုယ့်တွေ့တော့ ၀မ်းသာ၊ ကိုယ်ကလည်း သူ့တွေ့တော့ ၀မ်းသာပေါ့။
အိန္ဒိယမှာတုန်းက အတူနေခဲ့တဲ့ မြန်မာရဟန်းတော်များကို မေးပါတယ်။
ဒေါက်တာကိတ္တိ၊ ဒေါက်တာအာသဘ၊
ဒေါက်တာစန္ဒာသိရီ၊ ဒေါက်တာဝေဠုရိယ၊
ဒေါက်တာသာဓိန၊ ဒေါက်တာပါရမီ၊ ဒေါက်တာဥာနုတ္တရ၊
ဒေါက်တာစန္ဒာဝရစတဲ့ သူမှတ်မိတဲ့
ဘုံဘေမှာ ပညာသင်ဘူးတဲ့မြန်မာရဟန်းတော်များအကြောင်းကို မေးပါတယ်။
ဒေါက်တာကိတ္တိ၊ ဒေါက်တာအာသဘ
ဒေါက်တာပါရမီ၊ ဒေါက်တာနန္ဒက စတဲ့ ဒေါက်တာရဟန်းတော်များဟာ
မြန်မာပြည်မှာဖြစ်ကြောင်း၊ ကျောင်းဆိုင်ဆရာတော်များ ဖြစ်နေကြကြောင်း၊
ဒေါက်တာစန္ဒာသိရီကတော့ အမေရိကရောက်နေကြောင်း၊
ဒေါက်တာဝေဠုက မန္တလေး၊ သီတဂူကျောင်းအုပ်ဆိုလား၊ ဘာဆိုလားဖြစ်နေကြောင်း 
ဒေါက်တာသာဓိနလည်း မြန်မာပြည်မှာဖြစ်ကြောင်းပြောပြတော့
ဒေါက်တာသာဓိနနဲ့ သူ ဘုံဘေမှာ အတူနေတုန်းက မကြာခဏ ရန်ဖြစ်ရကြောင်းနဲ့
ပြန်ခါနီးမှာမှ အဆင်ပြေသွားကြောင်း ရယ်ကာ မောကာ ပြောပါတယ်။

“ဦးဇင်းကရော၊ ဘာတွေလုပ်နေလဲ” လို့ပြန်မေးတော့
အရင်က ဒီဖနွမ်းပင်က ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခုမှာ ကထိကလုပ်ကြောင်း၊
ဘောင်ကျဉ်းလို့ နှုတ်ထွက်လိုက်ကြောင်း၊
အခု ပြည်သူလူထုအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရဘို့ လှုပ်ရှားနေကြောင်း၊
ရေဒီယိုနဲ့ အသံလွှင့်နေကြောင်း၊ ဘုန်းကြီးဘ၀နဲ့လှုပ်ရှားရတာ သိပ်အဆင်မပြေကြောင်း၊
လူထွက်ပြီး ပြည်သူလူထုအတွက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ရည်ရွယ်ထားကြောင်း” ပြောပြပါတယ်။
ဒါနဲ့ ဦးဇင်းတို့နိုင်ငံက ဦးဇင်းတွေ တခြားနိုင်ငံသွားပြီး ပညာသင်ပြီးလို့
ကိုယ့်နိုင်ငံကို ပြန်ရောက်တဲ့အခါ
လူထွက်ကြတာများတယ်နော် လို့ ပြောတော့
၁၀ ပါးမှာ ၉ ပါးလောက်က လူထွက်သွားကြောင်း ပြောပါတယ်။
“ဒကာ ဒကာမတွေ လှူဒါန်းထားတဲ့ပိုက်ဆံနဲ့ နိုင်ငံခြားထွက်ပြီး ပညာသင်ထားတာဖြစ်လို့
ဘွဲ့ရပြီးတဲ့အခါ လူထွက်တာ မသင့်တော်ဘူးလို့ မြန်မာရဟန်းတော်အများစု ယူဆကြောင်း၊
ဒကာ ဒကာမတွေစေတနာကို တုန့်ပြန်သောအားဖြင့်
ဘုန်းကြီးဝတ်နဲ့ပဲ နေထိုင်ကာ ဒကာ ဒကာမတွေကို ကျေးဇူးတုန့်ပြန်ကြကြောင်း” စသဖြင့်
မြန်မာရဟန်းတော်တွေရဲ့ သဘောထားကို ရှင်းပြဖြစ်ပါတယ်။
“ငါနေနေတဲ့ မလေးရှားကိုရော၊ ဒို့မြန်မာနိုင်ငံကိုရော အလည်လာပါအုံး” လို့ ဖိတ်ခေါ်တော့
“အားတဲ့အခါ လာပါ့မယ်” တဲ့။

ကမ္ဗောဒီးယန်းတွေအနေနဲ့ မလေးရှားကို လာဘို့ ဗီဇာလွယ်သလား လို့ ဆက်မေးကြည့်တော့
အာဆီယံနိုင်ငံလို့ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဘရူနိုင်းနိုင်ငံကလွဲလို့
ကျန်တဲ့နိုင်ငံ ဘယ်နိုင်ငံ သွားသွား ဗီဇာယူဘို့ မလိုကြောင်းပြောပါတယ်။

ဒီတော့မှ ဒို့မြန်မာပတ်စ်ပို့က
ကမ္ဗောဒီးယားပတ်စ်ပို့လောက်တောင် အရာမ၀င်ပါလားဆိုတာ သိလိုက်ရတယ်။
တချိန်တည်းမှာပဲ ဟာသလိုလို၊ တကယ်လိုလို ကြားဘူးတဲ့ အဖြစ်အပျက်ကလေးကို သတိရမိတယ်။

အင်္ဂလိပ်စကားအနည်းငယ်တတ်တဲ့ မြန်မာပြည်သားတစ်ယောက် စင်္ကာပူကို အလည်သွားသတဲ့။
စင်္ကာပူ လေဆိပ် Immigration ကို ၀င်တော့
Immigration အရာရှိက မြန်မာပတ်စပို့စာအုပ်ကို ရှုံ့မဲစွာကြည့်ပြီး
ဟိုနားက ခဏစောင့် လို့ပြောဆိုကာ မတ်တတ်ရပ်ခိုင်းထားသတဲ့။
သူ့ကိုသာ စောင့်ခိုင်း ရပ်ခိုင်းထားတာ၊
သူ့နောက်က တန်းစီ ၀င်လာသူတွေကိုတော့
ပတ်စ်ပို့ပြလိုက်တာနဲ့ ၀င်ခွင့်တံဆိပ်တုံးကို ဒုန်း၊ ဒုန်း ဆိုပြီး
ပတ်စ်ပို့ပေါ်မှာ ချက်ချင်း ထုထုပေးလိုက်သတဲ့။
ဒါကို မတ်တတ်ရပ်စောင့်နေတဲ့ဒို့လူက အတော်မကျေမနပ်ဖြစ်သွားသတဲ့။
ဒါနဲ့ Immigraton အရာရှိနားသွားပြီး
Why the other passports ဒုန်းဒုန်း
Why my passport not တဒုန်းဒုန်း၊
ဒေါနဲ့မောနဲ့ ပြောလိုက်သတဲ့။

အင်း၊ ဒို့ပတ်စ်ပို့က အတော်မျက်နှာငယ်ရတယ်နော့်။
ပတ်စ်ပို့မျက်နှာငယ်ရတယ်ဆိုတာ နိုင်ငံမျက်နှာငယ်ရလို့ပါ။
နိုင်ငံမျက်နှာငယ်ရတယ်ဆိုတာ……၊ သဘောသာပေါက်ပေတော့။

သူငယ်ချင်းဦးဇင်းလည်း အစောထ ခရီးထွက်ရမှာ၊
ကိုယ်လည်း ခရီပမ်းလာတာကြောင်း နှစ်ဦးသား ည ၁၀ နာရီခွဲလောက်မှာ
အိပ်ဖြစ်ပါတယ်။