Thursday, September 18, 2014

ကမ္ဗောဒီးယားခရီးစဉ် (၇)

Beng Mealea ဆိုတာ ခမာစကားပါ။
Lotus Pond - ကြာကန်လို့ အဓိပ္ပါယ်ရပါတယ်။
ဒါ့ကြောင့် Beng Mealea - ဆိုတာ ကြာကန်ကျောင်း၊
ကြာပန်း ကြာကန်တွေနဲ့ အတော်သာယာမယ့်သဘောရှိပါတယ်။
အင်မတန်အေးချမ်း တိတ်ဆိတ်မယ့်သဘောလည်း ရှိပါတယ်။
အန်ကောဒေသ၊ Siem Reap မြို့နဲ့ အင်မတန်ဝေးကွာတဲ့ (၇၇) ကီလိုမီတာဝေးကွာတဲ့
တောနက်ကြီးထဲမှာ တည်ဆောက်ထားတာမို့ပါ။
ဒီကျောင်းကြီးကိုလည်း ဘုရင် Suryavarman II ကပဲ
၁၂ ရာစုအစောပိုင်းမှာ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။

ကျောင်းအ၀င်မှာ မြွေရုပ်တုကြီးတွေကို တွေ့လို့
“ဒီကျောင်းအ၀င်က အန်ကောဝပ်ကျောင်းအ၀င်နဲ့တူတယ်နော်” လို့
အတူလိုက်လာတဲ့ ဦးဇင်းလေးကို ပြောတော့
“ဟုတ်ပါတယ်၊ ဒီကျောင်းကြီး ပြိုလဲသွားပါပြီ၊
ဒါပေမဲ့ ဒီကျောင်းရဲ့ အနေအထားကို ကြည့်ပြီး သမိုင်းသုတေသီတို့က
ဒီကျောင်းဟာ အန်ကောဝပ်ကျောင်းပုံစံငယ်ဖြစ်တယ်လို့ ဆိုကြပါတယ်။

ကျောင်းပျက်ကြီး အတွင်းထဲအထိ ၀င်ကြည့်ဖြစ်ပါတယ်။
ဒီကျောင်းကြီးဆောက်တုန်းက ဘိလပ်မြေလိုအရာဝတ္ထုမျိုး လုံးဝ မသုံးပဲ
ကျောက်တုံးကြီးတွေကို စနစ်တကျ စီ၊ အကွက်ဖော်၊ အခန်းဖွဲ့ထားတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
အောက်ခြေတိုင်လုံးတွေကို သေသေချာချာ လုံးဝန်းချောမွေ့အောင်လုပ်ထားပြီး
စနစ်တကျ သေသပ်လှပစွာ အရစ်များဖော်ထားပါတယ်။ (ဓာတ်ပုံကြည့်)
ကြီးကျယ်ခန်းနားစွာတည်ဆောက်နိုင်ခဲ့တဲ့အဆောက်အဦကြီးတွေကို ကြည့်ပြီး
ကမ္ဗောဒီးယားဟာ ဒီနေ့ဒီအချိန်မှာ အဆင်မပြေမှုမြောက်များစွာနဲ့ ရင်ဆိုင်နေရပေမယ့်
သမိုင်းမှာ အံ့သြလောက်အောင်ကို ခန်းနားကြီးကျယ်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တာပဲလို့
စဉ်းစားမိလိုက်သေးတယ်။

တချိန်တည်းမှာပဲ
Learn from yesterday,
Live for today,
Hope for tomorrow. ဆိုတဲ့ ဖတ်ဖူးခဲ့တဲ့စာသားလေးကို သတိရမိတယ်။

ထိုကျောင်းပျက်ကြီးထဲမှာ နာရီဝက်၊ ၄၅ မိနစ်ခန့်လေ့လာကြည့်ရှုပြီး
ကျောင်းတော်ကြီးမှ ထွက်ခွါလာပါတယ်။
နေ့ဆွမ်းစားချိန်နီးလာပြီမို့ စားသောက်ဆိုင်သွားဘို့ပြောတော့
ဒီကျောင်းဂိတ်ပေါက်တည့်တည့်က ဆိုင်တွေက သိပ်အဆင်မပြေကြောင်း၊
ရှေ့နားလေးမှာ ဆိုင်သန့်တာရှိကြောင်း ဦးဇင်းလေးက ပြောဆိုပြီး
တုတ်တုတ်မောင်းသမားကို လာလမ်းအတိုင်း ပြန်မောင်းခိုင်ပါတယ်။
၃ မိနစ်လောက်အကြာမှာ ဆိုင်လေးတစ်ဆိုင်ကို တွေ့ပါတယ်။
ဦးဇင်းလေးနဲ့အတူ ခမာရိုးရာအစားအစာကို မှာစားဖြစ်ပါတယ်။
၎ ဒေါ်လာခွဲ ပေးရပါတယ်။ စားလို့ မကောင်းပါဘူး။
ဒါနဲ့ ၅ ဒေါ်လာတန် ထိုင်း တုံယမ်းဟင်း ထပ်မှာဖြစ်ပါတယ်။
ဒါလဲ မကောင်းပါဘူး။
ဒီ ၄ ဒေါ်လာခွဲတန် ခမာဟင်း နဲ့ ၅ ဒေါ်လာတန် ထိုင်းတုံယမ်းဟင်းဟာ
တစ်ယောက်စာပဲ ရှိပါသေးတယ်။ ဆိုလိုတာက နည်းနည်းလေးပါ။
ပိုက်ဆံပေးရတာ မတန်ပါဘူး။ ဈေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

အဲ့နေ့က အဲ့ဆိုင်မှာ တုတ်တုတ်တက္ကစီသမားရယ်၊ အတူလိုက်လာတဲ့ ဦးဇင်းလေးရယ်၊
ကိုယ်ရယ် ၃ ယောက်စားတာ ဒေါ်လာ ၃၀ ကျော် ရှင်းရပါတယ်။
ဒေါ်လာ ၃၀ ကျော်ဖိုးဆိုရင် မြန်မာပြည်မှာ ၅ ပါးလောက် ဘုဉ်းပေးလို့ရပါတယ်။
ဟင်းလည်း ဒီထက် ကောင်းနိုင်ပါတယ်။

နေ့ဆွမ်းဘုဉ်းပေးပြီး Bakong Temple,
Banteay Srei Temple အစရှိတဲ့ဘုရားကျောင်းတွေကို လှည်လည်ကြည့်ရှုပြီး
တည်းခိုရာ ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။
ဟိုတယ်ရှေ့ရောက်တော့ ည ၆ နာရီ ထိုးနေပါပြီ။
ဒါနဲ့ လိုက်ပို့တဲ့ဦးဇင်းလေးကို
“မနက်ဖန်ကမ္ဗောဒီးယားမှာရှိတဲ့ ဘုန်းကြီးကျောင်းအခြေအနေသိချင်လို့
လာပြီးလေ့လာမှာဖြစ်ကြောင်း” ကျောင်းထိုင်ဆရာတော်ကို လျှောက်ခိုင်းလိုက်ပြီး
နှုတ်ဆက်ကာ ဟိုတယ်ခန်းမှာ အေးအေးလူလူ အနားယူဖြစ်ပါတယ်။