Wednesday, September 17, 2014

ကမ္ဗောဒီးယားခရီးစဉ် (၆)


ကမ္ဗောဒီးယားခရီးစဉ် ဒုတိယမြောက်နေ့ပါ။
မနက်စောစောနိုးတဲ့အလေ့အထရှိနေတော့ အစောကြီးနိုးပါတယ်။
ထ၊ ရေချိုး၊ ရွတ်ဖတ်စရာ အနည်းငယ် ရွတ်ဖတ်ပြီး နံနက် ၆ နာရီခွဲမှာ
အောက်ထပ်ကို ဆင်းပြီး ဟိုတယ်ကကျွေးတဲ့ မနက်စာကို အောက်ဆုံးထပ်မှာ ဘုဉ်းပေးပါတယ်။
၇ နာရီထိုးခါနီးတော့ အန်ကောအနီးတ၀ိုက် လည်ပတ်ဘို့ကျန်နေသေးတဲ့
နေရာတွေကို အတူတူသွားဘို့ပြောထားတဲ့
Wat Damnak ဦးဇင်းလေးရောက်လာပါတယ်။
“အရုဏ်ဆွမ်းဘုဉ်းပေးပြီးပြီလား” လို့မေးကြည့်တော့
“ဆန်ပြုတ်ဘုဉ်းပေးခဲ့တယ်” တဲ့။
“ငါတော့ ဒီဟိုတယ်က ကျွေးတဲ့ဟာနဲ့ သိပ်မတင်းတိမ်ဘူး၊
ဒို့က ညစာလဲ မစားရတော့ မနက်စာကိုတော့
ကောင်းကောင်းနဲ့ များများစားလိုက်ချင်တယ်၊
ရှေးဟောင်းကျောင်းနေရာကြီးတွေကို မသွားခင်
ဆိုင်တစ်ဆိုင်ဆိုင်မှာ တစ်ခုခု သွားစားကြစို့လား” လို့ပြောတော့
“ဆိုင်မသွားပဲ Buddhist High School
(ဗုဒ္ဓဘာသာအထက်တန်းကျောင်း)” ကို သွားရအောင်၊
အဲ့မှာ Canteen (စားသောက်ဆိုင်) ရှိတယ်” တဲ့။

ဒါနဲ့ ဗုဒ္ဓဘာသာအထက်တန်းကျောင်းကို
တုတ်တုတ်ဆိုတဲ့ သုံးဘီးအငှားယာဉ်လေးနဲ့ သွားဖြစ်တယ်။
ကျောင်းဝိုင်းက အတော်ကျယ်ပြီး ကျောင်းဆောင်တွေကလဲ အတော်ကြီးပါတယ်။
ကျောင်းထဲက စားသောက်ဆိုင်လေးရှေ့ရောက်တော့
ဦးဇင်းငယ်တွေ မနက်စာစားနေတာကို တွေ့ရတယ်။ (ဓာတ်ပုံကြည့်)
ဆိုင်အနေအထားက သိပ် သန့်ရှင်းပုံမပေါ်ပါဘူး။
အတူလိုက်လာတဲ့ဦးဇင်းလေးက ကိုယ့်အတွက် မနက်စာ မှာပေးတယ်။
ဆွမ်းထမင်းဆီဆန်းလေးရယ်၊ ၀က်သားခြောက်ကျော်လေးရယ်၊
ပန်းဂေါ်ဖီပွင့် အနည်းငယ်ရယ်ပါ။
ဟင်းကောင်းတာ မကောင်းတာထက်
အသန့်အပြန့်ကြိုက်တတ်တဲ့ကိုယ့်အတွက် သိပ်စားလို့ မ၀င်ခဲ့ဘူး။
ကိုယ့်ရှေ့က ဦးဇင်း ၂ပါး စားပြီး ငါးကျင်းကွက်ဖန်ခွက်ကြီးတွေနဲ့
ရေနွေကြမ်းသောက်နေတာတွေ့တော့
“အဲ့ဒါ အလကားရသလား” လို့ စပ်စုကြည့်တော့ “ပိုက်ဆံပေးရတယ်” တဲ့။

ကိုယ်တော့ ရေသန့်ဘူးတစ်ဗူးဝယ်သောက်ပြီး
“ဒီ ဗုဒ္ဓဘာသာအထက်တန်းကျောင်းက စာသင်ခန်းတွေကို တက်ကြည့်ချင်သေးတယ်” လို့
အတူတူသွားမယ့်ဦးဇင်းလေးကို ပြောတော့
သူလဲ ဒီကျောင်းမှာ တက်နေတာဖြစ်ကြောင်း၊
သူ့စာသင်ခန်း အတန်းစရင် လိုက်ပို့ပေးမည်ဖြစ်ကြောင်းပြောဆိုကာ
၁၅ မိနစ်လောက်အကြာမှာ စာသင်ဆောင် စာသင်ခန်းကို ခေါ်ပြပါတယ်။
ဆရာက ဘုန်းကြီးဆရာ မဟုတ်ပါဘူး၊ လူဆရာပါ။
အသက်အားဖြင့် သိပ်မကြီးသေးပါဘူး။ (ဓာတ်ပုံကြည့်)
တပည့်စာသင်သားဦးဇင်းတွေနဲ့ အရွယ် သိပ်မကွာပါဘူး။

စာသင်ခန်းထဲမှာ ၅ မိနစ်လောက်လေ့လာပြီးတော့
ရှေးဟောင်းကျောင်းနေရာတွေကို သွားဘို့အတွက်
မြို့တွင်းက Ankor Pass လက်မှတ်ကောင်တာသွားပြီး လက်မှတ်ဝယ်ပါတယ်။
တစ်ရက်လည်ပတ်ခ ဒေါ်လာ ၂၀။
လက်မှတ်ဝယ်ပြီးတာနဲ့ အတူပါလာတဲ့ ဦးဇင်းလေးက
“ဒီလက်မှတ်က အန်ကောဒေသအတွက် ဖြစ်ပါတယ်။
အခုပထမဦးဆုံးသွားမှာက Beng Mealea ကျောင်း ဖြစ်ပါတယ်။
Beng Mealea ကျောင်းဟာ အန်ကောဒေသမှ အလွတ်ဖြစ်တဲ့အတွက်
အဲ့ကျောင်းနားရောက်ရင် ၅ ဒေါ်လာသီးသန့်ပေးရပါမယ်” လို့ ပြောပါတယ်။

ဒီနေ့ခရီးစဉ်ကို တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီးတက္ကစီနဲ့ပဲ သွားဖြစ်ပါတယ်။
Beng Mealea ကျောင်းက Siem Reap မြို့နဲ့ အတော်ဝေးပါတယ်။
တုတ်တုတ်ဆိုတဲ့ သုံးဘီးတက္ကစီနဲ့ တစ်နာရီကျော်ကြာစီးရပါတယ်။
Beng Mealea ကျောင်းကို အသွားမှာ ရွာလေးတွေကို တွေ့ရပါတယ်။
ကားလမ်းဘေး ၀ဲယာကပ်လျက်မှာ အိမ်လေးတွေ တန်းစီဆောက်ပြီး နေထိုင်ကြတာပါ။
အိမ်တွေရဲ့နောက်မှာတော့ လယ်ကွင်းပြင်တွေကို တွေ့ရပါတယ်။
အိမ်တွေက ပျမ်းမျှအားဖြင့် သိပ်မကောင်းလှပါဘူး။
ရှည်တန်ရှည်အိမ်လေးတွေ များပါတယ်။

ရွာတွေမှာ လျှပ်စစ်ကြိုးတန်းထားတာတွေ တွေ့လို့
“ရွာတွေမှာရော လျှပ်စစ်းမီးရသလား” လို့ မေးကြည့်တော့
“ပုဂ္ဂလိကကုမ္ပဏီပေးထားတာ၊ မီးတော့ ရတယ်၊ ဒါပေမဲ့ မြို့နဲ့ ရွာ မီတာခ သုံးဆကွာတယ်၊
မြို့မှာ တစ်ယူနစ်ကို ၅၀ ဆိုရင် ဒီရွာတွေမှာ ၁၅၀ ပေးရတယ်။
ရွာသူရွာသားတွေက ဈေးကြီးလွန်းလို့ တင်ပြတာကို အစိုးရက ဂရုမစိုက်ပါဘူး” ဆိုပြီး
ငြီးငြူသံနဲ့ ပြောရှာတယ်။

ဆက်လက်ပြီး
“သူအငယ်တုန်းက နေခဲ့တဲ့ ရွာကျောင်း ရှေ့နားမှာ ရှိတယ်၊
ခဏ၀င်အုံးမလား” လို့ သူကပြောလို့ ၀င်ကြည့်ဖြစ်ခဲ့ပါသေးတယ်။
၁၀ နှစ် ၁၂ ၀န်းကျင်ကိုရင်လေးတွေကို အသက်ခပ်ကြီးကြီး လူဆရာတစ်ယောက်က
သင်္ချာအလီသင်ပေးနေတာကို တွေ့ခဲ့ရပါတယ်။ (ဓာတ်ပုံကြည့်)
အဲ့မှာ ၁၀မိနစ်လောက်နားပြီး ခရီးဆက်ခဲ့ပါတယ်။

ကားလမ်းဘေးတလျှောက် Cambodian People’s Party ဆိုတဲ့
ဆိုင်းဘုတ်ကို မကြာခဏတွေ့ရပါတယ်။
“ဒီပါတီက အခုလက်ရှိဝန်ကြီးချုပ်ဟွန်ဆန်ပါတီမို့လား” ဆိုတော့
“ဟုတ်ပါတယ်” တဲ့။
“ပြည်သူလူထုအများစုက လက်ရှိဝန်ကြီးချုပ်ဟွန်ဆန်ကို ကြိုက်သလား” လို့
ဆက်မေးကြည့်တော့
“မကြိုက်ဘူ့း။ မကြိုက်ပေမယ့် ရွေးကောက်ပွဲမှာ သူ့နည်းသူ့ဟာနဲ့သူ နိုင်အောင်လုပ်၊
အစိုးရဖွဲ့၊ ၀န်ကြီးချုပ်လုပ် အုပ်ချုပ်နေတာပဲ” လို့ ဦးဇင်းလေးက ပြောပြပါတယ်။

“အော် ၊ အရှေ့တောင်အာရှနိုင်ငံတွေမှာ ပြည်သူလူထုက မကြိုက်ပဲ အစိုးရလုပ် အုပ်ချုပ်နေတဲ့နိုင်ငံတွေအတော်များပါလားလို့ စဉ်းစားမိလိုက်ပါသေးတယ်။

နံက် ၉ နာရီခန့်မှာ ကျောင်းဝင်ကြေးလက်မှတ်ဖြတ်တဲ့ဂိတ်ကို ရောက်ပြီး လက်မှတ်ဖြတ်ကာ
Beng Mealea ကျောင်းကို ၀င်ရောက်လှည့်လည်ကြည့်ရှုဖြစ်ပါတယ်။