Saturday, September 13, 2014

ကမ္ဗောဒီးယားခရီးစဉ် (၂)



Wat Damnak ဘုန်းကြီးကျောင်းထဲကိုရောက်တော့
ဓမ္မာရုံလိုအဆောက်အဦရှေ့မှာ ထိုင်နေတဲ့ဒကာကြီးနှစ်ဦးကို
“ဒီဘုန်းကြီးနဲ့ တွေ့ချင်လို့ပါ” လို့ နာမည်လေးရေးယူလာတဲ့စာရွက်ကို ထုတ်ပြတော့
တက္ကသိုလ်ကို စာသွားသင်နေကြောင်းနဲ့
၁၀ နာရီကျော်လောက်မှ ပြန်ရောက်မှာ ဖြစ်ကြောင်းပြောပြပါတယ်။
ဒါနဲ့ တက္ကစီဒရိုက်ဘာကို ခေါ်ကာ ကျောင်းဝန်းကျင် ဟိုဟိုဒီဒီကို လိုက်ကြည့်ရင်း
“ခင်ဗျားတက္ကစီ တစ်ရက်ငှားရင် ဘယ်လောက်ကျသလဲ” လို့ မေးတော့
“ဒီတက္ကစီက အဲကွန်းဘာညာစသည်ပါလို့ တစ်ရက်ကို ၂၅ ဒေါ်လာပေးရမယ်” တဲ့။
“တုတ်တုတ်လို သုံးဘီးလေးတွေကို ငှားမယ်ဆိုရင်တော့ ၁၅ ဒေါ်လာပဲ ကျမယ်” လို့ ပြောပါတယ်။
“ရောက်တုန်းခိုက်တုန်း အဲကွန်းကားနဲ့ လည်တာကောင်းပါတယ်” လို့ စဉ်းစားမိပြီး
“ခင်ဗျား ဒီနေ့အားမယ်ဆို ခင်ဗျားကားကို တစ်ရက်ငှားချင်တယ်” လို့ပြောတော့ “အိုကေ” တဲ့။

“ကမ္ဗောဒီးယားက ဘုန်းကြီးကျောင်းမှာရှိတဲ့အခန်းတွေက
နိုင်ငံခြားကလာတဲ့ ရဟန်းများအဖို့ သိပ်အဆင်မပြေဘူး၊
ဟိုတယ်တည်းရင် ပိုအဆင်ပြေနိုင်ပါတယ်၊
ဒီအနီးအနားမှာ ဘုန်းကြီးတွေ တည်းခိုလေ့ရှိတဲ့ ဟိုတည်ရှိတယ်၊ လိုက်ပို့ပေးရမလား” လို့
ဒရိုက်ဘာက ဆက်ပြောပါတယ်။

 “ဈေးလဲ သက်သာမယ်၊ လုံခြုံမှုလဲ ရှိမယ်ဆိုရင်တော့
ငါလဲ ဟိုတယ်မှာပဲ တည်းချင်ပါတယ်” လို့ ပြန်ပြောတော့
ဘုန်းကြီးကျောင်းနဲ့ ၁၀ မိနစ်လောက်လမ်းလျှောက်ရင် ရောက်နိုင်တဲ့
ဟိုတယ်တစ်ခုကို ပို့ပေးပါတယ်။
ဟိုတယ်တည်းခိုခန်းခ တစ်ရက် ၁၅ ဒေါ်လာပေးရပါတယ်။
နေမယ် မနေမယ် မဆုံးဖြတ်ခင် ဟိုတယ်ခန်းလေးကို တက်ကြည့်တော့
သိပ်တော့ မဆိုးပါဘူး။
၁၅ ဒေါ်လာဆိုတော့ ၁၅ ဒေါ်လာဘိုးလောက်တော့ ကောင်းပါတယ်လေ။ :D
ပါလာတဲ့အိပ်တစ်လုံးကို အခန်းထဲ ထည့်သွင်းပြီး
နာမည်ကျော်အန်ကောဝပ်ကျောင်းတော်ကြီးဆီ ချီတက်လာပါတော့တယ်။

မင်းတို့နိုင်ငံ၊ ကားလမ်းတွေ ကောင်းလှပါလားလို့ ပြောတော့
နိုင်ငံခြားသားတွေအလာများတဲ့ ဒီနေရာတ၀ိုက်ပဲ ကောင်းတာပါ တဲ့။

ရှေးဟောင်းမြို့ဖြစ်တာချင်းအတူတူ ကမ္ဗောဒီးယားနိုင်ငံ၊ ဒီ Siem Reap မြို့ပြက
မြန်မာပြည်၊ ပုဂံမြို့ပြထက် သာတာကို သတိထားမိတယ်။

အန်ကောဝပ်ကျောင်းတော်ကြီးဆီအသွား မြို့အထွက်တစ်နေရာမှာ
ဝင်ကြေးအတွက် လက်မှတ်ဖြတ်ရပါတယ်။
တစ်ရက်ဝင်ကြည့်ခ ဒေါ်လာ ၂၀ တဲ့။
၂ ရက်ကို ၄၀ တဲ့။ ၃ ရက် ၀င်ကြည့်မယ်ဆိုရင်တော့ ၅၀ တဲ့။
ဘယ်နှရက် လည်မလဲ၊ ဘယ်နှရက်လာကြည့်မလဲ လို့
လက်မှတ်ဖြတ်ကောင်တာက မေးပါတယ်။
ကောင်တာရှေ့နားမှာ တပ်ဆင်ထားတဲ့ ကင်မရာရှေ့ ရပ်ခိုင်းပါတယ်။
တစ်ရက်လည်ပတ်ခ ဒေါ်လာ ၂၀ ပေးချေလိုက်တော့ ကိုယ့်ဓာတ်ပုံနဲ့အတူ
(Ankor Pass) အန်ကောဝပ်လည်ပတ်ခွင့်လက်မှတ်လေး ထုတ်ပေးပါတယ်။
လက်မှတ်လေးမှာ ဓာတ်ပုံလဲပါ၊ နေ့ရက်လဲပါတော့ လက်မှတ်စစ်တဲ့သူတွေအတွက်
အတော်လေး အဆင်ပြေ ချောမွေ့တာကို တွေ့ရပါတယ်။
ဒီစနစ်မျိုးလေး ပုဂံလိုနေရာမျိုးမှာ ကျင့်သုံးရင် ကောင်းမှာပဲလို့
ပုဂံကို စိတ်ရောက်သွားပါသေးတယ်။

လက်မှတ်ဖြတ်တဲ့ ကောင်တာကနေ ၅ မိနစ်လောက် ကားဆက်မောင်းတော့
အန်ကောဝပ်ဂိတ်ပေါက်ကို ရောက်ပါတယ်။
“ငါမနက်စာ ခုထိမစားရသေးဘူးဟ” လို့ ဒရိုက်ဘာကို ပြောတော့
အန်ကောဝပ်ကျောင်းဂိတ်နားက ဆိုင်လေးတစ်ဆိုင်ကို လက်ညှိုးထိုးပြပါတယ်။
ဆိုင်လေးက သပ်သပ်ယပ်ယပ်လေး။
အန်ကောဝပ်ကျောင်းတော်ကြီးကို ကျောပေးပြီး မတ်တတ်ရပ်လိုက်ရင်
ဆိုင်လေးက ဘယ်ဘက်ဘေးမှာပါ။
အဲ့နေ့က အဲ့ဆိုင်မှာ
(Mango Yogurt) သရက်သီး+ဒိန်ချင်တစ်ခွက်နဲ့ မနက်စာ ပြီးလိုက်ရပါတယ်။