Friday, September 12, 2014

ကမ္ဗောဒီးယားခရီးစဉ် (၁)

ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာဝင်လူဦးရေ သန်း ၅၀၀ ကျော်ရှိတယ်လို့
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ၃၀ က ဒေါက်တာရာဟုလာ ရေးခဲ့တဲ့
What the Buddha Taught ဆိုတဲ့စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။
ဒါပေမဲ့ ဗုဒ္ဓဘာသာမှာ အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေပါတယ်။
အဲ့ဒါတွေကတော့
(၁) မဟာယာနဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) ထေရ၀ါဒဗုဒ္ဓဘာသာတို့ဖြစ်ပါတယ်။

၁။ မဟာယာနဗုဒ္ဓဘာသာ
မဟာယနဂိုဏ်းရဲ့ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်ပါတယ်။
လူတိုင်းလူတိုင်း သတ္တ၀ါတိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရမယ်လို့ ဆိုပါတယ်။
ဘုရားလောင်းဖြစ်ရမယ်၊  ဘုရားလောင်းအဖြစ်နဲ့ လောကကို ကယ်တင်ရမယ်
ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ဘုရားအလောင်းအဖြစ်နဲ့ သွားရမယ်လို့ သူတို့က ယူဆကြပါတယ်။
ဘုရားရှင်တရားတော်တွေကို ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း မဟုတ်ဘဲ
ကာလ၊ ဒေသ၊ ပုဂ္ဂလ အစရှိ သော အခြေအနေအရပ်ရပ်တို့နဲ့ ကိုက်ညီအောင်
ဘုရားရှင်ရဲ့ တရားတော်တို့ကို ပြုပြင်ပြီး
တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့်
နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟူ၍
ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။
မဟာယာနဗုဒ္ဓဘာသာကို ဗီယက်နမ်၊ တိဗက်၊ တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ မွန်ဂိုးလီးယားစတဲ့
နိုင်ငံတွေမှာ လက်ခံကျင့်သုံးကြပါတယ်။

၂။ ဟီနယာနဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရား အစစ်အမှန်တွေကိုလည်း
အတိအကျ မလိုက်နာနိုင် မဟာယာနတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့
မလုပ်ချင်တဲ့ ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။
အခုအခါမှာတော့ ၎င်းဂိုဏ်းတို့သည် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက
မျိုထားခြင်းကို ခံလိုက်ကြရသည်လို့ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး
ပျောက်ကွယ်  သလောက် ဖြစ်သွားပါပြီ။

ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို
မဟာယာနတို့က ပြုလုပ်ခဲ့တာပါ။
ဘီစီ ငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းလို့ ဆိုနိုင်ပါတယ်။
ယခု -တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်
အစရှိသောနိုင်ငံ - တို့မှာမဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသည်။
မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာန မတူပါ။

၃။ ထေရဝါဒဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာက မြတ်စွာဘုရား ဟောကြားတော်မူထားတဲ့
တရားတော်  မူရင်းအတိုင်း လက်ခံကျင့်သုံးပါတယ်။
ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြုပါဘူး။
ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍လည်း ရောက်နိုင်တယ်။ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီး ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ရောက်နိုင်တယ်။
ထေရဝါဒဗုဒ္ဓဘာသာကို
၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လော-နိုင်ငံတို့မှာ
ကိုးကွယ်နေလျက် ရှိပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံ ငါးနိုင်ငံရှိရာမှာ
သီရိလင်္ကာနိုင်ငံမှာ ၂ နှစ်နေဘူးတော့
သီရိလင်္ကာနိုင်ငံအကြောင်း အတန်အသင့်လေ့လာခွင့်ရခဲ့ပါတယ်။
ထိုင်းနိုင်ငံကိုလဲ ၃ - ၄ ခေါက်ထက်မနည်း ရောက်ဖူးပါတယ်။
မရောက်ဖူးသေးတာက ကမ္ဗောဒီးယားနဲ့ လာအိုနိုင်ငံပါ။
လာအိုနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုအမွေအနှစ်
စွဲဆောင်မှုကောင်းလောက်အောင် သိပ်မရှိလေတော့ သွားလိုစိတ် သိပ်မဖြစ်ပါဘူး။
ကမ္ဗောဒီးယားကိုတော့ သွားချင်နေတာ ကြာပါပြီ။

ကမ္ဗောဒီးယားမှာ နာမည်ကျော် အန်ကောဝပ်ဆိုတဲ့ကျောင်းတော်ကြီးကို
ကိုယ့်မျက်စိနဲ့ တပ်အပ်ကြည့်ချင်တာရယ်
အဲ့နိုင်ငံက ဗုဒ္ဓဘာသာအခြေအနေနဲ့ ကိုရင်ဦးဇင်းတွေရဲ့
ဗုဒ္ဓဘာသာပညာရေးအတိမ်အနက်ကို သိချင်တာရယ်ကြောင့် အဲ့နိုင်ငံကို သွားချင်တာပါ။

၂၀၁၁ တုန်းက တစ်ကြိမ်၊ ၂၀၁၂ တုန်းက တစ်ကြိမ် သွားဘို့ ပြင်ဆင်ဘူးပါတယ်။
မအောင်မြင်ခဲ့ပါဘူး။
ဒီနှစ် (၂၀၁၄)  သြဂုတ်လလယ်လောက်ကတော့
ဝါမကျွတ်ခင် သွားကို သွားမယ်လို့ ဆုံးဖြတ်ချက်ချပြီး သွားဖြစ်သွားတာ။
ဗီဇာကိစ္စစုံစမ်းကြည့်တော့ မြန်မာပတ်စပို့ကိုင်တွေအနေနဲ့
(Visa on Arrival) ဆိုက်ရောက်ဗီဇာယူလို့ရတယ်ဆိုတာ သိရတယ်။
အွန်လိုင်းမှာ evisa လဲ တင်လို့ရတယ်လို့ သိရတော့ ဆိုက်ရောက်ဗီဇာကောင်တာမှာ
တန်းစီရတာသက်သာအောင်ဆိုပြီး အွန်လိုင်းက အီးဗီဇာတင်လိုက်တယ်။
အီးဗီဇာကျဘို့ ၃ ရက်စောင့်ရတယ်။
၃ ရက်မြောက်နေ့မှာ ဗီဇာစာရွက်လေး အီးမေးလ်းကနေပို့ပေးတယ်။

ဗီဇာတင်ပြီးတော့ ကမ္ဗောဒီးယားက သူငယ်ချင်းတွေဆီ ဆက်သွယ်တယ်။
ရောက်ဖူးပေါက်ဖူးတဲ့သူတွေဆီ စုံစမ်းတယ်။

ပထမဆုံးဆက်သွယ်ဖြစ်တာက
အိန္ဒိယမှာ အတူနေခဲ့ဘူးတဲ့ ကမ္ဗောဒီးယားဦးဇင်း။
အီးမေးလ်ပို့ပေမယ့် ပြန်စာမရလို့ လက်လျှော့လိုက်တယ်။
နောက် ဘုန်းကြီးဦးဥတ္တမမှတဆင့် မြန်မာပြည်မှာနေဘူးတယ်ဆိုတဲ့
ကမ္ဗောဒီးယားဒကာလေးတစ်ယောက်ဆီ။
နောက်ပိုင်း သူနဲ့လဲ အဆက်အသွယ်ပြတ်သွားတယ်။
နောက်ဆုံးတော့ Facebook ထဲမှာ မိတ်ဆွေဖြစ်နေတဲ့

ကမ္ဗောဒီးယားက မိတ်ဆွေရဟန်းတော်တစ်ပါးဆီ စုံစမ်းတော့
အန်ကောဝပ်ရှိတဲ့နေရာ Siem Reap မြို့မှာ သူနဲ့သိတဲ့ဘုန်းကြီးကျောင်းရှိတယ်၊
မပူပါနဲ့ တည်းခိုလို့ရတယ်လို့ ပြောပါတယ်။
ဒါနဲ့ ခရီးစဉ်ဆွဲဖြစ်တယ်ဆိုပါတော့။

Kuala Lumpur (Malaysia) to Siem Reap (Cambodia) by Air
Siem Reap to Phnom Penh by Bus
Phnom Penh to Kuala Lumpur by Air။

၂၊ ၉၊ ၂၀၁၄ မနက် ၇ နာရီ မိနစ် ၅၀ မှာ
ကမ္ဗောဒီးယားနိုင်ငံ၊ Siem Reap လေဆိပ်ကို ရောက်ပါတယ်။
Immigration Counter ရောက်တော့ မြန်မာပြည်သားတွေအနေနဲ့
အီးဗီဇာတင်ဘို့ မလိုကြောင်း၊ ၁၄ ရက် နေခွင့်ရှိကြောင်း၊
၁၄ ရက်ထက်ပိုလွန်ပြီးနေချင်ရင်တော့
သက်ဆိုင်ရာမြို့က လ၀ကရုံးမှာ လျှောက်ထားရမည်ဖြစ်ကြောင်း
ဝန်ထမ်းအရာရှိက ပြောပါတယ်။
၅ ရက်ပဲ နေမှာပါဆိုတော့ အိုကေ အိုကေ ဆိုကာ
၁၄ ရက်နေခွင့်အတုံးထုပေးလိုက်ပါတယ်။

လေဆိပ်ကို အကဲခတ်ကြည့်တော့
ဝန်ဆောင်မှုလုပ်ငန်း သိပ်မဆိုးလှတာကို တွေ့ရပါတယ်။
လေဆိပ်ထဲမှာ ဘဏ် ATM စက်၊ ငွေလဲကောင်တာ၊
SIM ကဒ်မျိုးစုံအရောင်းဌာနလေးတွေ လေဆိပ်အတွင်းမှာပဲ ထားရှိထားတာကို တွေ့ရပါတယ်။
SIM ကဒ်အမျိုးအစား ငါးမျိုး ခြောက်မျိုးလောက်ရှိပါတယ်။
ဝယ်ဖြစ်တဲ့ SIM ကဒ်အမျိုးအစားက Mobital။
SIM ကဒ် တန်ဘိုးက ၁ ဒေါ်လာတဲ့။ SMS အခါ ၅၀ free ပို့ခွင့်ရှိပါတယ်။
SIM ကဒ်တန်ဘိုးက ၁ ဒေါ်လာပဲ ပေးရတာဆိုတော့ မြန်မာပြည်ထက် သာတာပေါ့နော်။

SIM ကဒ်ဝယ်ပြီး ၀ါးတစ်ပြန်လောက်မှာ တက္ကစီအငှားကောင်တာရှိပါတယ်။
ကောင်တာမှာ (ကမ္ဗောဒီးယားဦးဇင်းလေးပြောတဲ့
“Wat Damnak ဘုန်းကြီးကျောင်းကို သွားမလို့” လို့ပြောတော့
ငွေပြေစာလက်မှတ်လေးပေးပါတယ်။ ကျသင့်ငွေ ၇ ဒေါ်လာတဲ့။
တက္ကစီကောင်တာကနေ တက္ကစီဒရိုက်ဘာတစ်ယောက်ထည့်ပေးပါတယ်။
တက္ကစီလေးတွေ သိပ်မဆိုးပါဘူး။ Air Con ပါတယ်။
ထင်တာထက် ပိုကောင်းတယ်။
အစစအရာရာ စနစ်တကျရှိလှပါတယ်။
(အော် ဒါနဲ့ ပြောစရာ တစ်ခုကျန်သွားတယ်၊
ကမ္ဗောဒီးယားနိုင်ငံမှာ သူ့နိုင်ငံသုံး Riel ကိုပဲဖြစ်ဖြစ်၊
US ဒေါ်လာကိုပဲ ဖြစ်ဖြစ် သုံးလို့ အဆင်ပြေပါတယ်။
ဆိုလိုတာက ငွေ လဲလှယ်စရာမလိုပါဘူး။)
Wat Damnak ဘုန်းကြီးကျောင်းကို နံနက် ၉ နာရီဝန်းကျင်မှာ ရောက်ပါတယ်။