Tuesday, September 30, 2014

စွန့်ထားခဲ့ရခြင်း


 အမေး
ဆရာတော်ဘုရား၊ ဘုရားရှင် ဘုရားမဖြစ်ခင်
သိဒ္ဓတ္ထမင်းသားအဖြစ်နဲ့ ယသောဓရာကို လက်ထပ်ခဲ့ပြီး
ရာဟုလာလို့ခေါ်တဲ့သားတစ်ယောက်ထွန်းကားပြီးခါမှ
ဇနီးမယားကိုရော သားကိုပါ စွန့်ခွါပြီး တောထွက်သွားတာ တရားသလားဘုရား။
သူများကို ၀မ်းနည်းကြေကွဲအောင်
စိုးရိမ်ပူဆွေးငိုကြွေးအောင် လုပ်ရာမရောက်ဘူးလားဘုရား။
“သူက ဘုရားအလောင်းဖြစ်နေတာကိုး” လို့ပဲ ပြောရတော့မှာလားဘုရား။
ဘာပြုလို့ သူ့မိသားစုကို ၀မ်းနည်းကြေကွဲအောင်
စိုးရိမ်ပူဆွေးငိုကြွေးအောင် လုပ်ရတာပါလိမ့်ဘုရား။

အဖြေ
ဘုရားအလောင်းဆိုတာ
အလုံးစုံပြီးပြည့်စုံသူတစ်ဦးမဟုတ်သေးဘူးဆိုတာကိုတော့ နားလည်ထားရပါမယ်။
သူ့မှာ ကာမဂုဏ်အာရုံခံစားလိုတဲ့ဆန္ဒတွေ ရှိနေပါသေးတယ်။
သဗ္ဗညုတဥာဏ်မရခင် နောက်ဆုံးအချိန် (စိတ္တက္ခဏ)လေးရောက်မှ
ဒီလိုမျိုးဆန္ဒတွေကနေ ကင်းလွတ်သွားတာပါ။

သူ့ဖခမည်းတော်နဲ့ သူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ကျေနပ်စေဖို့
ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားအိမ်ထောင်ပြုပေးခဲ့ရပါတယ်။
ရှင်ဘုရင်ဆိုတာ ထီးမွေနန်းမွေဆက်ခံဘို့ မျိုးဆက်လိုအပ်တယ်မဟုတ်ပါလား။
ဒါပေမဲ့ အချိန်ကျလာတော့ သူ့ဇနီးမယားနဲ့ သားကို စွန့်ခွါထားရစ်ခဲ့ပါတယ်။

ဒီလိုစွန့်ခွါထားရစ်ခဲ့ရတာဟာ လွယ်ကူတဲ့အလုပ်လို့တော့ မထင်လိုက်ပါနဲ့။
လုံးဝ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။

သိဒ္ဓတ္ထလည်း လူသားပဲလေ၊
သူ့ဇနီးမယားနဲ့ သူ့သားကို ဘယ်မချစ်ပဲနေပါ့မလဲ။
သိပ်ချစ်တာပေါ့။ သူ ဒီလိုမျိုး ဘယ်စွန့်ခွါထားရစ်ခဲ့ချင်မှာလဲ။

ဒါပေမဲ့
လူသားတွေအတွက် တကယ့်ချမ်းသာစစ် ချမ်းသာမှန်ကို
ရှာဖွေရအုံးမယ်ဆိုတာကို သိနေခဲ့လို့
သူ့ကိုယ်ကျိုးနဲ့ သူ့မိသားစုအကျိုးကို မကြည့်ပဲ အများအကျိုးအတွက်
စွန့်လွတ်စွန့်စား အနစ်နာခံခဲ့ပါတယ်။

ဒါဟာ ဘာနဲ့ အလားသဏ္ဌာန်တူသလဲဆိုရင်
မိဘတွေကို စွန့်ခွါပြီး မိဘတွေနဲ့ဝေးရာဖြစ်တဲ့ ဆေးတက္ကသိုလ်ရှိရာနေရာကို
သွားပြီး ဆရာဝန်ဖြစ်ဖို့ ဆေးကျောင်းသွားတက်တဲ့ ဆေးကျောင်းသားနဲ့တူပါတယ်။
ဆေးကျောင်းသွားတက်တဲ့ ဆေးကျောင်းသားအနေနဲ့ မိဘကို ခွဲခွါပြီး သွားရတာဟာ
မိဘတွေကို မချစ်လို့မှ မဟုတ်တာ။
ဆေးပညာတွေ သင်ကြားနေချိန်မှာ မိဘနဲ့ ခွဲခွါပြီးနေရတာလောက်တော့ အနစ်နာခံရမှာပေါ့။

ဘွဲ့ရလို့ ဆရာဝန်ဖြစ်လာရင်တော့ သူ့အောင်မြင်မှုအတွက်
မိသားစုအားလုံး ၀မ်းမြောက်ကြမှာပါ။
တချိန်တည်းမှာပဲ သူ့ရလာတဲ့ဘွဲ့နဲ့ပညာက
သူ့ပတ်ဝန်းကျင်လူတွေအတွက်လည်း အကျိုးပြုအုံးမှာမို့လား။

ဒီသဘောပါပဲ။
သိဒ္ဓတ္ထမင်းသားလည်း ဘုရားဖြစ်ပြီးတဲ့နောက်
ထီးနန်းစည်းစိမ်ချမ်းသာထက် အဆရာထောင်မကတဲ့ အမြိုက်ချမ်းသာလို့ခေါ်တဲ့
နိဗ္ဗာန်ချမ်းသာသုံးဆောင်ခံစားနိုင်အောင် သူ့မိသားစုကို ဟောပြ ပြောပြပေးခဲ့ပါတယ်။

ခဏလောက် မိသားစုဘ၀ကို ငြင်းပယ်ခဲ့လို့
ဒီကနေ့ သန်းပေါင်းများစွာသောလူတွေ သူ့နောက်လိုက်တွေဖြစ်ကြတယ်ဆိုတာကို
ဒီဘုရားဖြစ်တော်စဉ်မှာ တွေ့မြင်နိုင်ပါတယ်။

သူသာ တောမထွက်ပဲ ထီးနန်းစည်းစိမ် ခံစားစံစားပြီး
ရှင်ဘုရင်လုပ်နေခဲ့မယ်ဆိုရင် ဒါမျိုးဖြစ်လာနိုင်ပါ့မလား။

ကြီးမားတဲ့အောင်မြင်မှုမျိုးရမယ်ဆိုရင်
စွန့်လွတ်အနစ်နာခံမှုမျိုး လုပ်ကို လုပ်ရပါမယ်။

(ဒါလေး၊ အရင်တင်ဘူးပါတယ်။
ဘယ်သူမေး ဘယ်သူဖြေတယ်ဆိုတာ မမှတ်မိတော့ပါဘူး)

Tuesday, September 23, 2014

ကမ္ဗောဒီးယားခရီးစဉ် (၁၂)


မဲခေါင်မြစ်ထဲ လှေနဲ့လည်အပြီး လူသတ်ကွင်း (Killing Field) လို့ နာမည်ကြီး
Choeung Ek ကို သွားလေ့လာဖြစ်ပါတယ်။
လူသတ်ကွင်းကြီးထဲမှာ ၁၉၇၅-၁၉၇၈ ခုနစ် နာမည်ကျော် ပိုပေါ့ အုပ်စိုးစဉ်က
မိန်းမ ယောက်ကျား၊ ကလေး သူငယ် လူပေါင်း ၁၇၀၀၀ ကို
ဖမ်းဆီး ထိန်းသိမ်းပြီး သတ်ဖြတ်ညှဉ်းဆဲတဲ့ စခန်းကြီးလို့ဆိုပါတယ်။
အ၀င်ဝမှာ လူတွေကို ဖမ်းဆီးချုပ်နှောင်ထားရှိရာအခန်းတွေကို
နဂိုမယွင်း ထားရှိထားတာ တွေ့ရပါတယ်။
နှိပ်စက်ရာအခန်းတွေ၊ ညှင်းပန်းနှိပ်စက်ရာနေရာတွေဟာဖြင့် မြင်ရသူအဖို့
အင်မတန်တုန်လှုပ်ခြောက်ခြားဖွယ်ရာကြီးပါ။
အသတ်ခံရတဲ့မိသားစုပုံတွေအပြင် ထိုအချိန်က ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့
အာဏာရှင်အစုအဖွဲ့ဓာတ်ပုံတွေကိုလည်း အပေါ်ထပ်မှာ စနစ်တကျ ပြသထားပါတယ်။
ဒီကွင်းကြီးထဲမှာ လူအမြောက်အများကို သေနတ်နဲ့ပစ်သတ်ရင် ကျည်ဆံဖိုး ကုန်မှာစိုးလို့
တင်းပုတ်၊ ဒုတ်တွေနဲ့ မသေမချင်း ရိုက်သတ်ခဲ့တယ်လို့ အတူပါလာတဲ့ ဦးဇင်းလေးက ပြောပါတယ်။
အော်၊ ဦးဏှောက်မရှိတဲ့သူတွေလက်ထဲ အာဏာရသွားရင်  
တိုင်းသူပြည်သားများ တယ်ဒုက္ခရောက်ကြပါလား လို့ ဆင်ခြင်သုံးသပ်မိပါတယ်။

အသတ်ခံထားရတဲ့လူတွေရဲ့ ဦးခေါင်းခွံ ၈၀၀၀ ခန့်ကိုလည်း
အမျိုးသမီး၊ အမျိုးသား၊ အသက်အရွယ်အလိုက် စနစ်တကျ မှန်ဘီရိုထဲထည့်ပြီး
ပြသထားတာကို မြင်တွေ့ခဲ့ရပါတယ်။

ကိုယ့်စိတ်က ထင်နေတာလားတော့ မသိပါဘူး။
ဒီလူသတ်ကွင်းကြီးထဲမှာ လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာဟာ
၁၉၇၅ ၀န်းကျင်က ဖြစ်ပျက်ခဲ့အဖြစ်အပျက်ဆိုပေမဲ့
အပေါ်ထပ် အောက်ထပ် အတက်အဆင်းလှေကားတွေနားမှာ
ညှီစို့စို့အနံ့ကြီး အခုထိ ရနေသလိုပဲ။

လူသတ်ကွင်းကြီးကို ကြည့်ရှုလေ့လာပြီး
သူငယ်ချင်းကျောင်းကို ပြန်လာပါတယ်။
လိုက်ပို့တဲ့ ဒကာလေးနဲ့ ဦးဇင်းကို
“ငါ ဒီည ဟိုတယ်မှာ အေးအေးလူလူနေချင်တယ်ကွာ၊
ဒီနေ့တစ်နေကုန်ပင်ပန်းသွားပြီ၊ ဦးဇင်းတို့ကျောင်းနဲ့ အနီးအနားမှာ
ငါ့အတွက် သင့်တော်မည့် ဟိုတယ်များရှိလား၊
ထိုင်းက ငါ့သူငယ်ချင်းကတော့ Silver River ဟိုတယ်မှာ သူတည်းဘူးတယ်တဲ့၊
ရဟန်းတော်တွေအတွက် သင့်တော်တယ်လို့ ပြောတယ်၊ ဒီမှာ လိပ်စာရှိတယ်” လို့ ပြောဆိုပြီး
လိပ်စာပြလိုက်တော့ ကျောင်းနဲ့ သိပ်မဝေးဘူး ဆိုတာ သိလိုက်ရတယ်။
ကျောင်းနဲ့ ဟိုတယ်အကွာအဝေးက ငါးမိနစ်လောက် ကားမောင်းရင် ရောက်ပြီ။

ဒါနဲ့ ပါလာတဲ့အိတ်ကို ကျောင်းပေါ်တက်ယူပြီး ဟိုတယ်ကို ချီတက်ခဲ့ပါတယ်။
ဟိုတယ်က တစ်ရက်တည်းခိုခ ၃၈ ဒေါ်လာတဲ့။
မနက်ဖန်မလေးရှားပြန်မှာဆိုတော့
တစ်ရက်ခ ၃၈ ဒေါ်လာပေးပြီး ဒုတိယထပ် အခန်း ၁ မှာ အေးအေးလူလူ တည်းခိုဖြစ်တယ်။
ထုံးစံအတိုင်း ၃၈ ဒေါ်လာတန်ဆိုတော့ ၃၈ ဒေါ်လာဘိုးလောက်တော့
ဟိုတယ် အခင်းအကျင်းက ကောင်းပါတယ်။
ညအေးအေးလူလူ အိပ်စက် အနားယူပြီး မနက်အစောထဖြစ်တယ်။
ရေမိုးချိုးပြီး ညနေ ၄ နာရီ ၄၀ မှာ မလေးရှားကို ပြန်ရမှာမို့
သိမ်းစရာ ထည့်စရာတွေကို အကုန်သိမ်း၊ ထည့်ပါတယ်။
ပြီးတာနဲ့ အောက်ထပ်ဆင်းပြီး မနက်စာ ဘုဉ်းပေးဖြစ်တယ်။
ဒီဟိုတယ်က ကျွေးတဲ့ မနက်စာက အတော်လေး စုံလင်ပါတယ်။

မနက်စာစားပြီး ၇ နာရီလောက်မှာ သူငယ်ချင်းဦးဇင်းရဲ့ တပည့်ဒကာလေး
ဟိုတယ်ကို ရောက်လာပါတယ်။
တောင်တစ်တောင်ကို လိုက်ပို့မယ်တဲ့။
ဘယ်လောက်ဝေးလဲ၊ ၁၂ နာရီမထိုးခင် ဟိုတယ် Check out လုပ်ရမှာမို့
ဟိုတယ်ကို ပြန်ရောက်နိုင်သလားလို့မေးတော့ ရောက်နိုင်ပါတယ်တဲ့။
ဒါနဲ့ အဲ့ဒီတောင် တစ်တောင်ကို သွားဖြစ်တယ်။

ဖနွမ်းပင်မြို့ကနေ ကားနဲ့ သွားတာ၊ ၄၅ မိနစ်လောက်ကြာတော့ တောင်ခြေကို ရောက်ပါတယ်။
တောင်လေးက မန္တလေးတောင်လောက် ရင်ပြင် မကျယ်ပြန့်ပေမယ့်
အနေအထားက မန္တလေးတောင်လိုပါပဲ။
တောင်တက်လူသွားလမ်းကို သေချာ လုပ်ထားတယ်။
တောင်တက်လမ်းခရီးတလျှောက် ၁၂ နှစ်အရွယ် ကလေးငယ်တွေ
သောက်ရေသန့်ဘူး၊ မုန့်၊ ရေခဲချောင်း စတာလေးတွေ လိုက်ရောင်းနေတာ တွေ့လိုက်ရတော့
“အော်၊ ပညာသင်ရမည့်အရွယ် ပညာမသင်နိုင်တာကလည်း
ဒို့မြန်မာနိုင်ငံက ကလေးငယ်တွေလိုပါပဲလား” လို့ အတွေးဝင်မိလိုက်သေးတယ်။
တောင် တ၀က်ခရီးလောက်မှာ ကြာကန်လေးတွေ ရှိတယ်။ အတော်လှပါတယ်။
တောင်ပေါ်မှာ စေတီတစ်ဆူဖူးမျှော်ရတယ်၊
သပ္ပါယ်တယ်၊ လက်ယာ အတော်အနုစိတ်တယ်။
နာရီဝက်လောက်ကြာ ဖူးမျှော်၊ အနားယူပြီး တောင်အောက်ကို ပြန်ဆင်းလာပါတယ်။

တောင်အောက်ရောက်တော့ သန့်စင်ခန်း (Washroom) ကို သွားဖြစ်တယ်။
အတော်လေး သန့်ရှင်းတာကို တွေ့ရတယ်။
ဒီနိုင်ငံသားတွေ သန့်စင်ခန်းအရေးပါပုံကို သဘောပေါက်နေကြပြီ။

အားလုံးကိစ္စ၀ိစ္စပြီးတာနဲ့ တောင်တစ်ပတ်ပတ်ပြီး
အနားက ဘုန်းကြီးကျောင်း တစ်ကျောင်းကို ၀င်ဖြစ်တယ်။
ကျောင်းဝိုင်းကြီးက အတော်ကျယ်ပြီး ကျောင်းအဆောက်အဦတွေကလည်း အတော်ကြီးကျယ်ပါတယ်။
အတူပါလာတဲ့ လူငယ်က “ဒီကျောင်းက ဘုန်းကြီးက အစိုးရကို
ဝေဘန်ရေးတရားတွေ ဟောလို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
သေနတ်နဲ့ပစ်သတ် လုပ်ကြံခံလိုက်ရကြောင်း” ပြောပြတယ်။
ဒီကိစ္စမှာလည်း ဒို့နိုင်ငံနဲ့ တူသွားပြန်ပြီလို့ တွေးမိလိုက်ပြန်ရော။

ကျောင်းတိုက်ကြီးကို လှည့်လည်ကြည့်ရှုပြီး ဖနွမ်းပင်မြို့ကို ပြန်လာခဲ့ပါတယ်။
ဟိုတယ်ပြန်ရောက်တော့ ၁၁ နာရီထိုးပြီ။ ရေမိုးချိုးပြီး ဟိုတယ်က အပြီးထွက်ခွါလာကာ
စားသောက်ဆိုင်ကို နေ့ဆွမ်းသွားစားဖြစ်ပါတယ်။
ဆိုင်က အတော်သားနားပါတယ်။ ထိုင်းလူမျိုးပိုင်တဲ့ ထိုင်းဆိုင်ပါ၊
ဆိုင်ကို သစ်သားတွေနဲ့ အကြီးကြီးဆောက်ထားတာပါ။
ကြမ်းပြင်ပေါ်ထိုင်စားချင်ရင် စားပွဲပုလေးတွေနဲ့ စားလို့ရပါတယ်။
ကုလားထိုင်နဲ့စားပွဲမြင့်တွေနဲ့လည်း စားလို့ရပါတယ်။
အရှေ့တိုင်းဆန်ဆန်၊ အနောက်တိုင်း ဆန်ဆန်၊
တောဆန်ဆန်၊ မြို့ဆန်ဆန်၊ ဘယ်လိုပုံစံမျိုးဖြစ်ဖြစ်၊ အဲ့ဆိုင်မှာ ရွေးချယ်လို့ရပါတယ်။

နေ့ဆွမ်းဘုဉ်းပေးပြီးတော့ လေယာဉ်ထွက်ခွါချိန်က ညနေ ၄း၄၀ မှဆိုတော့ စောသေးတာနဲ့
မြို့ထဲက ပြတိုက်ကို သွားကြည့်ဖြစ်ပါတယ်။
ဝင်ကြေး ၅ ဒေါ်လာပေးရတယ်။ ခမာရှေးဟောင်းပုံစံအဆောက်အဦကြီးပါ။
အဆောက်အဦကြီးကတော့ ခန်းနားပါတယ်။
ပြတိုက်ထဲမှာ ကြည့်စရာ လေ့လာစရာ သိပ်မရှိလို့ ငါးဒေါ်လာပေးရတာ မတန်ဘူးလို့ ထင်ပါတယ်။

ပြတိုက်ထဲ ကြည့်ရှုပြီးတာနဲ့ လေဆိပ်ကို ဆင်းလာပါတယ်။
လေဆိပ်ကို ၃ နာကျော်ကျော်လောက်ရောက်ပါတယ်။
လေဆိပ်အဆောက်အဦပိုင်းဆိုင်ရာမှာတော့ ဖနွမ်းပင်လေဆိပ်နဲ့ မြန်မာလေဆိပ် သိပ်မကွာလှပါဘူး။
ဒါပေမဲ့ အရင်ပြောပြဘူးသလို ဘဏ်မျိုးစုံ၊ လေယာဉ်လက်မှတ်အရောင်းကောင်းတာများစတဲ့
ဝန်ဆောင်မှုတွေကတော့ ဖနွမ်းပင်လေဆိပ်ကများ သာနေမလားပဲ။

ညနေ ၄ နာရီမှာ လိုက်ပို့သူတွေကို နှုတ်ဆက်ပြီး လေဆိပ်အတွင်းပိုင်းကို ၀င်ပါတော့တယ်။
ညနေ ၄း၄၀ မှာ ဖနွမ်းပင်မှ စတင်ထွက်ခွါပါတယ်။
ညနေ ၇း၃၀ မှာ ကွာလာလမ်ပူလေဆိပ်ကို ဆိုက်ရောက်ပါတယ်။

ခရီးစဉ်တစ်ခုလုံးကို ခြုံငုံပြီးသုံးသပ်ပြရရင်
အန်ကောဝပ်ကျောင်းတော်ရှိရာ အန်ကောဒေသ (Siem Reap City) ကိုတော့
မရောက်ဖူးသူများအနေနဲ့ တစ်ခေါက်လောက်တော့ သွားသင့်ပါတယ်။
မြို့တော် ဖနွမ်းပင်ကတော့ ထူးထူးခြားခြားလည်စရာ သိပ်မရှိလှပါဘူး။

ဒီခရီးစဉ်မှာ ကူညီခဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။
ဒေါက်တာအရှင်ဣန္ဒက (ဓမ္မဂါးဒင်းဆရာတော်)
Dhamma Garden Centre
ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗဟန်း၊ ရန်ကုန်

Monday, September 22, 2014

ကမ္ဗောဒီးယားခရီးစဉ် (၁၁)


နေ့ဆွမ်းဘုဉ်းပေးပြီးတော့ Facebook မှာ သိနေတဲ့ ကမ္ဗောဒီးယားဦးဇင်းလေးကို
ဖုန်းနဲ့ Appointment လုပ်ပြီး သူတက်နေတဲ့ ဗုဒ္ဓတက္ကသိုလ်ကို သွားပါတယ်။
ဗုဒ္ဓတက္ကသိုလ်က အတော်လေး သေးပါတယ်။
မြန်မာပြည်က သာမန် ဘုန်းကြီးကျောင်းလောက်ပါပဲ။
အင်္ဂလိပ်စာသင်တန်းပို့ချချိန်နဲ့ ကြုံနေလို့ ၀င်ရောက်လေ့လာဖြစ်ပါတယ်။
ဂျာနယ်လစ်တစ်ယောက်ကို ခေါင်းဖြတ်သတ်တဲ့ CNN က သတင်းကို
ဆရာက ပရင့်ထုတ်လာပြီး ရှင်းပြနေတာပါ။
စာသင်ချိန်ပြီးတော့ ဆရာက ပျူပျူငှာငှာ ဆက်ဆံ ဆွေးနွေးပါတယ်။

ခဏနေတော့ ဗုဒ္ဓတက္ကသိုလ်မှ ဦးဇင်းတွေက
အင်တာဗျူးလုပ်ချင်တယ်ဆိုလို့ စာကြည့်တိုက်ကပ်လျက် အခန်းထဲကို ခေါ်သွားပါတယ်။
ထုံစံအတိုင်း ဘယ်နိုင်ငံကလဲ၊ ဘာလာလုပ်တာလဲ၊
ဘာဘွဲ့တွေကို ရထားပြီးပြီလဲ၊ မြန်မာပြည်ဗုဒ္ဓဘာသာအခြေအနေ၊
မလေးရှားနိုင်ငံဗုဒ္ဓဘာသာအခြေအနေ စတာတွေကို မေးပါတယ်။
ကမ္ဗောဒီးယားနိုင်ငံ ဗုဒ္ဓဘာသာအခြေအနေကိုရော
ဘယ်လို မြင်သလဲ ဆိုတဲ့ မေးခွန်းကိုလဲ မေးပါတယ်။

“ကမ္ဗောဒီးယားနိုင်ငံ ဗုဒ္ဓဘာသာအခြေအနေကို
လေ့လာမိသလောက် မြင်သလောက်ကို ပွင့်ပွင့်လင်းလင်းပြောပြရရင်
ရဟန်းတော်များအနေနဲ့ ဗုဒ္ဓဘာသာစာပေဖြစ်တဲ့ ပိဋကတ်စာပေတွေကို
လေ့လာသင်ကြားတာ အတော်လေး အားနည်းတာကို တွေ့ရတယ်၊
နောက်ပြီး ဆရာ ဒကာဆက်ဆံရေးဖြစ်တဲ့
ရဟန်းသံဃာတွေနဲ့ ဒကာ ဒကာမတွေ အကြားဆက်ဆံရာမှာ
အညမညဂါရ၀လို့ခေါ်တဲ့ အချင်းချင်းလေးစားမှု (Mutual Respect) နည်းပါးတယ်၊
အချင်းချင်းလေးစားမှု မရှိသလောက်ဖြစ်နေတယ်၊
ဒကာ ဒကာမတွေက ရဟန်းသံဃာတွေကို မလေးစားတာဟာ သံဃဂါရ၀ မရှိတာဖြစ်တယ်။
သံဃဂါရ၀မရှိရင် တရားတော်ကို လေးစားမှု ဓမ္မဂါရ၀၊
ဘုရားရှင်အပေါ်မှာ လေးစားမှု ဗုဒ္ဓဂါရ၀ တရားတွေ ရေရှည်မှာ လျော့ပါးလာနိုင်တယ်။
ရှင်းရှင်းပြောရရင် သံဃဂါရ၀ မရှိရင် သာသနာလို့ခေါ်တဲ့
ဗုဒ္ဓအဆုံးအမတွေ ကွယ်ပျောက်သွားနိုင်တယ်၊
ဗုဒ္ဓအဆုံးအမကွယ်ပျောက်သွားရင်
ကမ္ဗောဒီးယားနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံ မဟုတ်တော့ဘူးပေါ့၊
ဆိုတော့ ဒကာ ဒကာမများအနေနဲ့ ရဟန်းသံဃာတွေကို လေးစားဘို့ လိုအပ်ပါတယ်၊
ရဟန်းသံဃာတော်များကလည်း
ဒကာ ဒကာမများလေးစားအောင် ဘယ်လို ကျင့်ကြံနေထိုင်းမလဲ၊
ဒကာ ဒကာမများကို ဘယ်လို ဦးဆောင်မလဲ၊
ဗုဒ္ဓအဆုံးအမ ဗုဒ္ဓသာသနာကြီး ကမ္ဗောဒီးယားမြေမှ မကွယ်ပျောက်အောင်
ဒကာ ဒကာမများက ရဟန်းသံဃာတွေကို လေးစားပါ၊
ရဟန်းသံဃာတော်များကလည်း ဒကာ ဒကာမများလေးစားအောင်
ကျင့်ကြံနေထိုင်တော်မူကြပါဘုရား လို့
တလက်စတည်း တပည့်တော်၏ အမြင်လေးနှင့်အတူ
ထည့်သွင်းပြောပါရစေ” လို့ အင်တာဗျူးမှာ ဖြေကြားဖြစ်ခဲ့ပါတယ်။

ဗုဒ္ဓတက္ကသိုလ်ထဲမှာ အတန်ကြာလေ့လာကြည့်ရှုပြီး မဲခေါင်မြစ်ဘက်ကို ထွက်လာဖြစ်ပါတယ်။
လှေတစ်စီးငှားပြီး မဲခေါင်မြစ်ထဲ တစ်နာရီလောက်ကြာ
ဟိုဘက်ကမ်း ဒီဘက်ကမ်းတွေကို လိုက်လံကြည့်ရှုခဲ့တယ်။
တစ်နာရီခန့်အကြာ လှေငှားခကို  ၂၅ ဒေါ်လာပေးရပါတယ်။

Sunday, September 21, 2014

ကမ္ဗောဒီးယားခရီးစဉ် (၁၀)


သူငယ်ချင်းကမ္ဗောဒီးယားဦးဇင်းက မနက်အစော ၄ နာရီလောက်ထ၊ ခရီးထွက်သွားပါတယ်။
ကိုယ်ကတော့ ၆ နာရီလောက်မှ ထဖြစ်တယ်။
ရေမိုးချိုးပြီး သူငယ်ချင်းရဲ့တပည့်ကမ္ဗောဒီးယန်းဦးဇင်းငယ်နဲ့ ကျောင်းသားငယ်ကို
“အပြင်ထွက် မနက်စာ ဘုဉ်းပေးဘို့အတွက် ဆိုင်ကောင်းကောင်းကို ပို့ပေးပါ၊
လည်ပတ်စရာနေရာတွေကို တခါတည်း တဆက်တည်းဆက်လည်မယ်” လို့ပြောလိုက်ပါတယ်။

စားသောက်ဆိုင်ရောက်တော့
မနက်စာကို ဘဲပေါင်းခေါက်ဆွဲ မှာပြီး ဘုဉ်းပေးလိုက်ပါတယ်။
မြန်မာပြည်၊ ပြည်သူ့ရင်ပြင်က My Garden စားသောက်ဆိုင်မှာ ရနိုင်တဲ့
ဘဲပေါင်းခေါက်ဆွဲနဲ့ တစ်ပုံစံထဲပါပဲ။

မနက်စာဘုဉ်းပေးပြီးတာနဲ့ Wat Phnom ကို အရင်ဆုံးသွားဖြစ်ပါတယ်။
Wat Phnom ဆိုတာ ၂၇ မီတာမြင့်တဲ့ တောင်ကုန်းမြင့်မြင့်လေးကို ပြောတာပါ။
အဲ့ဒီတောင်ကုန်းမြင့်မြင့်လေးအပေါ်မှာ စေတီလေးတည်ထားပါတယ်။
စေတီလေးဘေးက တန်ဆောင်းနတ်ကွန်းထဲမှာ
အမျိုးသမီးရုပ်တုတစ်ခုကိုတွေ့လို့ မေးကြည့်တော့
“မယ်တော် ဖနွမ် (Phnom) ဖြစ်ကြောင်း၊ ဒီမြို့ကို တည်သူဖြစ်ကြောင်း”
အဖော်ပါလာတဲ့ ကျောင်းသားလေးက ပြောပါတယ်။ (ပုံကြည့်)
တောင်ကုန်းအတက်မှာ အုတ်လှေကားလေးရှိပါတယ်။
ကမ္ဗောဒီးယန်းစတိုင် ခြင်္သေ့ရုပ်တွေကို ဒီလှေကားအတက်မှာ တွေ့ရပါတယ်။
အုတ်လှေကားလေးမရောက်ခင် မြေကြီးပေါ်မှာ
မြေကပ်နာရီကြီး အကြီးကြီးလုပ်ထားတာ တွေ့ရပါတယ်။
အချိန်လည်း မှန်ပါတယ်။ သဘောကျလို့ ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။ (ပုံကြည့်)
ခြုံပြီးပြောရရင် ဒီတောင်ကုန်းလေးဟာ စေတီလေးနဲ့ အတော်ကျက်သရေ ရှိလှပါတယ်။
တကယ်တော့ ဒီတောင်ကုန်းလေးဟာ ဒီထက် ကျက်သရေ ရှိသင့်တယ်လို့ ထင်မိခဲ့ပါတယ်။

Wat Ounalom (၀ပ် ဥံနလုံ) ကို ဆက်သွားဖြစ်ပါတယ်။
ဝပ် ဥံနလုံဆိုတာ ဘုန်းကြီးကျောင်းကြီးပါ။
ဒီကျောင်းတော်ကြီးက ဗုဒ္ဓဘာသာရုံးချုပ်ဌာနကြီးဖြစ်ကြောင်း၊
ရှင်ဘုရင်များထောက်ပံ့ကိုးကွယ်ကျောင်း၊ ရှင်ဘုရင် မကြာခဏလာကြောင်း၊
လောလောဆယ် သံဃာ ၂၀၀ ကျော်ရှိကြောင်း”
အဖော်ပါလာတဲ့ ကျောင်းသားလေးက ရှင်းပြပါတယ်။
ကျောင်းတော်ကြီးတစ်ဆောင်ပေါ်ကို တက်ကြည့်ဖြစ်ပါတယ်။
ဘုရားရှင် ပလလဲတောမှာ သီတင်းသုံးတဲ့ပုံတော်ကို ပန်းတွေနဲ့ ပုံဖော်ထားတာတွေ့လို့
ဓာတ်ပုံနဲ့ မှတ်တမ်းတင်ခဲ့သေးတယ်။ (ပုံကြည့်)
တတိယထပ်မှာ ကျိုးပျက်နေတဲ့ မြန်မာစကျင်ကျောက်နဲ့ထုထားတဲ့
မြန်မာလက်ယာဆင်းတုရုပ်ပွါးတော်တစ်ဆူကို တွေ့ခဲ့ရပါတယ်။
နောက်ဖေးပေါက်ကနေပြီး နောက်ကအဆောင်ပေါ်ကို လှမ်းကြည့်လိုက်တော့
ခေါင်မိုးပေါ်မှာ ဦးဇင်းသုံးပါး အလုပ်လုပ်နေတာကို တွေ့လို့
“သူတို့တွေ ဘာလုပ်နေတာလဲ” လို့မေးကြည့်တော့
အဆောင် အမိုးမိုးနေတာ၊ ဒို့နိုင်ငံမှာ တော်တော့တန်တန်ကိစ္စကို ဦးဇင်းတွေလုပ်တတ်တယ်၊
လူတွေကို ခေါ်ခိုင်းလေ့မရှိဘူး၊ ကျောင်းအမိုးမိုးတဲ့ကိစ္စ၊ ပရံအသေးအဖွဲကိစ္စတွေကို
ကျောင်းမှာရှိတဲ့ ဦးဇင်းတွေပဲ လုပ်ကြတာ” လို့ပြောပါတယ်။ (ပုံကြည့်)

ဝပ် ဥံနလုံမှ ဘုရင့်နန်းတော်နဲ့ ငွေဘုရား
(Royal Palace & Silver Pagoda) ကို သွားဖြစ်ပါတယ်။
နန်းတော်ရှေ့  လမ်းမကျယ်ကွင်းပြင်ကြီးမှာ ခိုစာရောင်း၊ ခိုစာကျွေးနေတဲ့သူတွေကို တွေ့ရလို့
မြန်မာပြည် ဆူးလေဘုရားတ၀ိုက်ကို သတိရမိတယ်။
နန်းတော်ရှေ့ကနေ မဲခေါင်မြစ်ဘက်ကို မျှော်ကြည့်လိုက်တော့
ခေတ်ဆန်တဲ့ အထပ်မြင့်အဆောက်အဦကြီးတစ်ခုကို လှမ်းမြင်ရပါတယ်။
ရှေးဆန်တဲ့ ခမာရိုးရာအနုပညာနဲ့ဆောက်ထားတဲ့ နန်းတော်ရှေ့မှာ
ခေတ်ဆန်တဲ့ ဒီအထပ်မြင့်အဆောက်အဦကြီးဟာ ဘယ်လိုမှ လိုက်ဖက်မညီပါဘူး။
အရုပ်ဆိုးလွန်းလှပါတယ်။

အဲ့ဒီအဆောက်အဦကြီးက ဘာကြီးလဲလို့မေးကြည့်တော့
“ဟိုတယ်ကြီးဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသားပိုင်ဖြစ်ကြောင်း၊
ဒီနိုင်ငံအစိုးရက ကောင်းတဲ့နေရာက မြေမှန်သမျှကို နိုင်ငံခြားသားတွေကို ရောင်းစားနေကြောင်း၊
မြစ်ကမ်းဘေးက ဘုန်းကြီးကျောင်းမြေကိုတောင်
တရုတ်ကုမ္ပဏီတစ်ခုကို ရောင်းစားပစ်ကြောင်း” ပြောပြပါတယ်။
မြန်မာပြည်အတိုင်းပါပဲလား လို့ စိတ်ထဲက တွေးထင် ညည်းညူမိပါတယ်။

ဘုရင့်နန်းတော်ဝင်ခွင့် ၆ ဒေါ်လာပေးရပါတယ်။
ဘုရင့်နန်းတော်ကို ခမာယဉ်ကျေးမှုအနုပညာတွေနဲ့ တည်ဆောက်ထားတာပါ။
အတော်လေး ခန်းနား ကြီးကျယ်ပါတယ်။
ရှင်ဘုရင်တွေ ဒီထဲ နေသေးလားလို့ မေးကြည့်တော့
“အဆောင်အကြီးကြီးကို လက်ညှိုးထိုးပြပြီး ဒီအဆောင်နောက်မှာနေကြကြောင်း၊
ဒီအဆောင်နောက်ကို သွားခွင့်မရှိတော့ကြောင်း၊ လုံခြုံရေးတွေ ရှိကြောင်း” ရှင်းပြပါတယ်။
နန်းတွင်းတစ်နေရာမှာ Silver Pagoda ငွေဘုရားစေတီလေးကို တည်ထားတာပါ။
တစ်ချပ်ကို တစ်ကီလိုအလေးချိန်ရှိတဲ့ငွေပြား အပြားပေါင်း ၅၀၀၀ ကို
ဘုရားအောက်ခြေကြမ်းပြင်မှာ ချထားပြီး တည်ထားတာဖြစ်လို့
Silver Pagoda ငွေဘုရားလို့ ခေါ်တာပါတဲ့။

ပြတိုက် ပြခန်း အဆောင်မျိုးစုံလှည့်ပတ်ကြည့်ရှုပြီး
ပြန်အထွက်မှာ နောက်က ရှားရှားပါးပါး မြန်မာစကားပြောသံကြားလို့ လှည့်ကြည့်လိုက်တော့
ခပ်၀၀ ဒါပေမဲ့ ခပ်သွက်သွက် မြန်မာဒကာမကြီး ၂ ယောက်ကို တွေ့လိုက်ရပါတယ်။
သူတို့က ကိုယ့်ကိုတော့  မြန်မာဘုန်းကြီးမှန်း သိမယ် မထင်ပါဘူး။
သူ့လမ်း သူတို့ သုတ်သုတ် သုတ်သုတ်နဲ့ သွားနေပြီး
ကိုယ်လဲ ကိုယ့်လမ်းကို ခပ်သုတ်သုတ် ထွက်လာခဲ့ပါတယ်။

အချိန်အတော်ကုန်သွားလို့ နေ့ဆွမ်းစားချိန် နီးလာတဲ့အခါ
လိုက်လာတဲ့ မောင်ကျောင်းသားက ဘာဘုဉ်းပေးချင်လဲလို့ မေးပါတယ်။
သူတို့ခမာဟင်းကို ဘယ်လိုမှ ခံတွင်းမတွေ့တာနဲ့ ထိုင်းဆိုင်သာ သွားပါကွာလို့ ပြောလိုက်ပါတယ်။
Olympic Stadium နားက ထိုင်းဆိုင်မှာ နေ့ဆွမ်းဘုဉ်းပေးဖြစ်ပါတယ်။
ဈေးကြီးသလောက် ဘုဉ်းပေးရတာ အတော်အဆင်ပြေပါတယ်။
သန့်ရှင်းသပ်ယပ်မှုလည်း ရှိပါတယ်။
စားပွဲထိုးလေးတွေကလည်း ယဉ်ကျေးပျူငှာကြပါတယ်။

Saturday, September 20, 2014

ကမ္ဗောဒီးယားခရီးစဉ် (၉)


၁၂ နာရီ ၅ မိနစ်မှာ ဘတ်စ်ကားဂိတ် (ကားကြီးဝင်း) ကို သွားဘို့ ဖယ်ရီကားလေးရောက်လာပါတယ်။
၁၂ နာရီခွဲခါနီးမှာ ဘတ်စ်ကားဂိတ်ရောက်ပြီး
ဖယ်ရီကားပေါ်ကနေ ဘတ်စ်ကားပေါ်ပြောင်းစီးပါတယ်။
အဲကွန်းပါပေမယ့် ဘတ်စ်ကားက မကောင်းပါဘူး။
ဘတ်စ်ကားမကောင်းပေမယ့် အဖြူကောင်တွေရော၊ အမဲကောင်တွေရော
သူတို့နိုင်ငံသားတွေရော ဘတ်စ်ကားပြည့်လုနီးပါးပါပဲ။
မြို့ကထွက် အဝေးပြေးလမ်းမပေါ်ရောက်တဲ့အခါ လမ်းအခြေအနေကြည့်ကြည့်တော့
အဝေးပြေးလမ်းဆိုပေမဲ့  မကောင်းပါဘူး၊ ကျဉ်းလည်း ကျဉ်းပါတယ်။
မဖွံ့ဖြိုးသေးတဲ့နိုင်ငံမှာ ဒီလိုမျိုးဒုက္ခတွေတော့ ရှိနေအုံးမှာပါလားလို့ စဉ်းစားမိလိုက်တယ်။
ဘတ်စ်ကားမောင်းပြီးလို့ သုံးနာရီလောက်ကြာတော့ ယာဉ်ရပ်နားစခန်းတစ်ခုကို ရောက်ပါတယ်။
ကားရပ်လို့ ယာဉ်ရပ်နားစခန်းအနေအထားကို လိုက်ကြည့်ကြည့်တော့လည်း
အတော်လေးညံ့ဖျင်းတာကို တွေ့ရပါတယ်။
နာရီဝက်လောက်နားပြီး ကားက ဆက်ထွက်ပါတယ်။
ခဏနေတော့ ဖနွမ်းပင်က သူငယ်ချင်းဦးဇင်းဆီက ဖုန်းဝင်လာပြီး
ဘယ်နားရောက်နေပြီလဲ လို့ မေးပါတယ်။
ငါတော့ ဘယ်နားရောက်နေမှန်းမသိဘူး၊ ငါ့နားက ဒကာနဲ့ပြောလိုက် ဆိုပြီး
အနီးနားက ဒကာကို ဖုန်းထိုးပေးလိုက်ပါတယ်။
သူတို့ချင်းပြောပြီး ကိုယ်နဲ့ ပြန်ပြောတော့
ဖနွမ်းပင်ရောက်ဖို့ အတော်လိုသေးကြောင်း၊
ဘာမှမပူနဲ့၊ သူကားဂိတ်ကို လာကြိုမည်ဖြစ်ကြောင်း ပြောပါတယ်။
ခဏအကြာမှာ Facebook မှာ သိကျွမ်းနေတဲ့ဦးဇင်းကလည်း ဖုန်းခေါ်လာပါတယ်။
အရင်လိုပဲ ဘယ်ရောက်နေပြီလဲမေးပါတယ်၊ သူလာကြိုမည်ဖြစ်ကြောင်းပြောပါတယ်။

ည ၇ နာရီကျော်လောက်မှ ဖနွမ်းပင်မြို့ကို ရောက်ပါတယ်။
Facebook မှာ သိတဲ့ဦးဇင်းကျောင်းကို အရင်လိုက်သွားပါတယ်။
စကားအနည်းငယ်ပြောဆိုပြီး နောက်နေ့မှာ တွေ့မည်ဖြစ်ကြောင်း ပြောဆိုနှုတ်ဆက်ကာ
(အိန္ဒိယမှာ သိကျွမ်းရင်းနှီးခဲ့တဲ့) သူငယ်ချင်းကျောင်းကို လိုက်သွားဖြစ်ပါတယ်။
ကျောင်းရောက်တော့ သူငယ်ချင်းက
သူမနက်ဖန်မနက်အစော ခရီးထွက်ရမှာဖြစ်ကြောင်း၊
ဘန်ကောက်အထိ သွားရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဘာမှ ပူဖို့ မလိုကြောင်း၊
သူ့ဒကာ ဒကာမတွေနဲ့ သူ့တပည့်ဦးဇင်းကို အကုန်မှာထားခဲ့ပြီးဖြစ်ကြောင်း ပြောပါတယ်။

သူကလည်း ကိုယ့်တွေ့တော့ ၀မ်းသာ၊ ကိုယ်ကလည်း သူ့တွေ့တော့ ၀မ်းသာပေါ့။
အိန္ဒိယမှာတုန်းက အတူနေခဲ့တဲ့ မြန်မာရဟန်းတော်များကို မေးပါတယ်။
ဒေါက်တာကိတ္တိ၊ ဒေါက်တာအာသဘ၊
ဒေါက်တာစန္ဒာသိရီ၊ ဒေါက်တာဝေဠုရိယ၊
ဒေါက်တာသာဓိန၊ ဒေါက်တာပါရမီ၊ ဒေါက်တာဥာနုတ္တရ၊
ဒေါက်တာစန္ဒာဝရစတဲ့ သူမှတ်မိတဲ့
ဘုံဘေမှာ ပညာသင်ဘူးတဲ့မြန်မာရဟန်းတော်များအကြောင်းကို မေးပါတယ်။
ဒေါက်တာကိတ္တိ၊ ဒေါက်တာအာသဘ
ဒေါက်တာပါရမီ၊ ဒေါက်တာနန္ဒက စတဲ့ ဒေါက်တာရဟန်းတော်များဟာ
မြန်မာပြည်မှာဖြစ်ကြောင်း၊ ကျောင်းဆိုင်ဆရာတော်များ ဖြစ်နေကြကြောင်း၊
ဒေါက်တာစန္ဒာသိရီကတော့ အမေရိကရောက်နေကြောင်း၊
ဒေါက်တာဝေဠုက မန္တလေး၊ သီတဂူကျောင်းအုပ်ဆိုလား၊ ဘာဆိုလားဖြစ်နေကြောင်း 
ဒေါက်တာသာဓိနလည်း မြန်မာပြည်မှာဖြစ်ကြောင်းပြောပြတော့
ဒေါက်တာသာဓိနနဲ့ သူ ဘုံဘေမှာ အတူနေတုန်းက မကြာခဏ ရန်ဖြစ်ရကြောင်းနဲ့
ပြန်ခါနီးမှာမှ အဆင်ပြေသွားကြောင်း ရယ်ကာ မောကာ ပြောပါတယ်။

“ဦးဇင်းကရော၊ ဘာတွေလုပ်နေလဲ” လို့ပြန်မေးတော့
အရင်က ဒီဖနွမ်းပင်က ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခုမှာ ကထိကလုပ်ကြောင်း၊
ဘောင်ကျဉ်းလို့ နှုတ်ထွက်လိုက်ကြောင်း၊
အခု ပြည်သူလူထုအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရဘို့ လှုပ်ရှားနေကြောင်း၊
ရေဒီယိုနဲ့ အသံလွှင့်နေကြောင်း၊ ဘုန်းကြီးဘ၀နဲ့လှုပ်ရှားရတာ သိပ်အဆင်မပြေကြောင်း၊
လူထွက်ပြီး ပြည်သူလူထုအတွက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ရည်ရွယ်ထားကြောင်း” ပြောပြပါတယ်။
ဒါနဲ့ ဦးဇင်းတို့နိုင်ငံက ဦးဇင်းတွေ တခြားနိုင်ငံသွားပြီး ပညာသင်ပြီးလို့
ကိုယ့်နိုင်ငံကို ပြန်ရောက်တဲ့အခါ
လူထွက်ကြတာများတယ်နော် လို့ ပြောတော့
၁၀ ပါးမှာ ၉ ပါးလောက်က လူထွက်သွားကြောင်း ပြောပါတယ်။
“ဒကာ ဒကာမတွေ လှူဒါန်းထားတဲ့ပိုက်ဆံနဲ့ နိုင်ငံခြားထွက်ပြီး ပညာသင်ထားတာဖြစ်လို့
ဘွဲ့ရပြီးတဲ့အခါ လူထွက်တာ မသင့်တော်ဘူးလို့ မြန်မာရဟန်းတော်အများစု ယူဆကြောင်း၊
ဒကာ ဒကာမတွေစေတနာကို တုန့်ပြန်သောအားဖြင့်
ဘုန်းကြီးဝတ်နဲ့ပဲ နေထိုင်ကာ ဒကာ ဒကာမတွေကို ကျေးဇူးတုန့်ပြန်ကြကြောင်း” စသဖြင့်
မြန်မာရဟန်းတော်တွေရဲ့ သဘောထားကို ရှင်းပြဖြစ်ပါတယ်။
“ငါနေနေတဲ့ မလေးရှားကိုရော၊ ဒို့မြန်မာနိုင်ငံကိုရော အလည်လာပါအုံး” လို့ ဖိတ်ခေါ်တော့
“အားတဲ့အခါ လာပါ့မယ်” တဲ့။

ကမ္ဗောဒီးယန်းတွေအနေနဲ့ မလေးရှားကို လာဘို့ ဗီဇာလွယ်သလား လို့ ဆက်မေးကြည့်တော့
အာဆီယံနိုင်ငံလို့ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဘရူနိုင်းနိုင်ငံကလွဲလို့
ကျန်တဲ့နိုင်ငံ ဘယ်နိုင်ငံ သွားသွား ဗီဇာယူဘို့ မလိုကြောင်းပြောပါတယ်။

ဒီတော့မှ ဒို့မြန်မာပတ်စ်ပို့က
ကမ္ဗောဒီးယားပတ်စ်ပို့လောက်တောင် အရာမ၀င်ပါလားဆိုတာ သိလိုက်ရတယ်။
တချိန်တည်းမှာပဲ ဟာသလိုလို၊ တကယ်လိုလို ကြားဘူးတဲ့ အဖြစ်အပျက်ကလေးကို သတိရမိတယ်။

အင်္ဂလိပ်စကားအနည်းငယ်တတ်တဲ့ မြန်မာပြည်သားတစ်ယောက် စင်္ကာပူကို အလည်သွားသတဲ့။
စင်္ကာပူ လေဆိပ် Immigration ကို ၀င်တော့
Immigration အရာရှိက မြန်မာပတ်စပို့စာအုပ်ကို ရှုံ့မဲစွာကြည့်ပြီး
ဟိုနားက ခဏစောင့် လို့ပြောဆိုကာ မတ်တတ်ရပ်ခိုင်းထားသတဲ့။
သူ့ကိုသာ စောင့်ခိုင်း ရပ်ခိုင်းထားတာ၊
သူ့နောက်က တန်းစီ ၀င်လာသူတွေကိုတော့
ပတ်စ်ပို့ပြလိုက်တာနဲ့ ၀င်ခွင့်တံဆိပ်တုံးကို ဒုန်း၊ ဒုန်း ဆိုပြီး
ပတ်စ်ပို့ပေါ်မှာ ချက်ချင်း ထုထုပေးလိုက်သတဲ့။
ဒါကို မတ်တတ်ရပ်စောင့်နေတဲ့ဒို့လူက အတော်မကျေမနပ်ဖြစ်သွားသတဲ့။
ဒါနဲ့ Immigraton အရာရှိနားသွားပြီး
Why the other passports ဒုန်းဒုန်း
Why my passport not တဒုန်းဒုန်း၊
ဒေါနဲ့မောနဲ့ ပြောလိုက်သတဲ့။

အင်း၊ ဒို့ပတ်စ်ပို့က အတော်မျက်နှာငယ်ရတယ်နော့်။
ပတ်စ်ပို့မျက်နှာငယ်ရတယ်ဆိုတာ နိုင်ငံမျက်နှာငယ်ရလို့ပါ။
နိုင်ငံမျက်နှာငယ်ရတယ်ဆိုတာ……၊ သဘောသာပေါက်ပေတော့။

သူငယ်ချင်းဦးဇင်းလည်း အစောထ ခရီးထွက်ရမှာ၊
ကိုယ်လည်း ခရီပမ်းလာတာကြောင်း နှစ်ဦးသား ည ၁၀ နာရီခွဲလောက်မှာ
အိပ်ဖြစ်ပါတယ်။

Friday, September 19, 2014

ကမ္ဗောဒီးယားခရီးစဉ် (၈)


မနက်အစောထဖြစ်တယ်
ဟိုတယ်က မနက်စာ စပြီး တည်ခင်းဧည့်ခံတဲ့ ၆ နာရီခွဲ အချိန်
ကွက်တိ ဘုဉ်းပေး သုံးဆောင်ဖြစ်တယ်။
ပြီးတာနဲ့ Reception Counter ကို သွားပြီး
 ဒီနေ့ ၁၂ နာရီခွဲလောက် ဖနွမ်းပင်သွားမှာဖြစ်တဲ့အတွက်
ကားလက်မှတ်ဘယ်လိုဝယ်လို့ အဆင်ပြေနိုင်မလဲ လို့ စုံစမ်းကြည့်တော့
“ကားလက်မှတ် ဒီမှာပဲ ၀ယ်လို့ရကြောင်း၊
လက်မှတ်ကျန်သေး၏၊ မကျန်သေး၏ စုံစမ်းပေးမည်ဖြစ်ကြောင်း၊
နှစ်မိနစ်လောက် စောင့်စေလိုကြောင်း” ပြောပါတယ်။
ကားဂိတ်ကို သူဖုန်းဆက်ပြီး စုံစမ်းပါတယ်။ အဆင်ပြေပါတယ်။
၁၂ နာရီတိတိမှာ ကားဂိတ်ကနေ ဒီဟိုတယ်ကို လာကြိုမှာဖြစ်လို့
၁၂ နာရီတိတိမှာ ဒီဟိုတယ်က စောင့်ဘို့လိုကြောင်း ဆက်ပြောပြပါတယ်။
အန်ကောဝပ်ကျောင်းတော်ကြီးရှိရာ Siem Reap မြို့ကနေ မြို့တော်ဖနွမ်ပင်ကို
ဘတ်စ်ကားခ ၁၂ ဒေါ်လာပေးရပါတယ်။

ဒီလိုကားလက်မှတ်လေးတွေကို ကိုယ်တည်းခိုတဲ့ဟိုတယ်တွေမှာ
အလွယ်တကူဝယ်လို့ရအောင် လုပ်ဆောင်ထားတဲ့ဝန်ဆောင်မှုလေးကလည်း
နိုင်ငံခြားခရီးသွားများအဖို့ အင်မတန်မှ အဆင်ပြေလှပါတယ်။

မနက်စာစားပြီး ကားလက်မှတ်ဝယ်အပြီး Wat Damnak ဘုန်းကြီးကျောင်းကို ထွက်ခွါခဲ့ပါတယ်။
တကယ်တော့ ဟိုနေ့က တွေ့ခဲ့တဲ့ဘုန်းကြီးက ၁၀ နာရီလောက်မှာမှ
သူဆရာလုပ်နေတဲ့ တက္ကသိုလ်ကနေ ဒီကျောင်းထဲကို ပြန်ရောက်မှာပါ။
သို့သော်လည်းပဲ
ဘုန်းကြီးကျောင်းမှာ ကမ္ဗောဒီးယားနိုင်ငံ
ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပညာရေးအခြေအနေသိချင်လို့
တခြားကိုရင် ဦးဇင်းလေးတွေကို မေးချင်မြန်းချင် စပ်စုချင်တာနဲ့ ခပ်စောစောထွက်လာခဲ့တာပါ။

ဘုန်းကြီးကျောင်းအ၀င် ဓမ္မာရုံကြီးထဲမှာ ၁၆ နှစ် ၁၈ နှစ်ဝန်းကျင်လူငယ်လေးတွေ
ကြေးမောင်း၊ ပတ္တလား၊ ဗုံအစရှိတဲ့ ရိုးရာတူရိယာလေးတွေ အတီးသင်နေတာကို တွေ့ရပါတယ်။ (ပုံကြည့်)
အနီးအနားမှာတော့ သင်ပေးတဲ့ဆရာရယ်၊ ဦးဇင်းပေါက်စရယ်၊ ခပ်ကြီးကြီးဘုန်းကြီးတစ်ပါးရယ်
ရပ်ကြည့်နေကြတာကို တွေ့ရပါတယ်။

ခပ်ကြီးကြီးဘုန်းကြီးတစ်ပါးက လာရောက်မိတ်ဆက်ပါတယ်။
သူက ဒီကျောင်းမှာ နာယက တစ်ပါးဖြစ်ကြောင်းပြောပြပြီး
ဘယ်နိုင်ငံကလာတာလဲ၊ အလည်လာတားလားလို့ မေးတော့ အကျိုးအကြောင်းရှင်းလင်းပြလိုက်ပါတယ်။
သူ မြန်မာနိုင်ငံရောက်ဖူးကြောင်း၊ ရန်ကုန်နဲ့ ကျိုက်ထီးရိုးကို လည်ပတ်ဖူးကြောင်း
ဗုဒ္ဓဘာသာထွန်းကားတာတွေ့လို့ ၀မ်းသာမိကြောင်း ဆက်လက်ပြောပြပါတယ်။

မောင်း၊ ပတ္တလား၊ ဗုံတွေတီးခတ်နေတဲ့ကလေးတွေကို လက်ညှိုးထိုးပြပြီး
သူတို့တွေက ဘာလုပ်နေကြတာလဲ လို့ မေးကြည့်တော့
ရိုးရာ အတီးအမှုတ်ပညာကို လာသင်နေတာပါတဲ့။
ပညာသင်ယူခ ပိုက်ဆံပေးရသလားဆိုတော့ အလကားသင်ပေးတာပါတဲ့။
ကောင်းပါတယ်၊ ကောင်းပါတယ်လို့ ပြောဆိုပြီး
“ဟိုနားက ကိုရင်၊ ဦးဇင်းတွေနဲ့ စကားပြောချင်တယ်” လို့ ပြောလိုက်တော့
အိုကေ အိုကေ ဆိုတာနဲ့ ကိုရင်လေးတွေ ဦးဇင်းလေးတွေထိုင်နေတဲ့
သစ်ပင်အောက်က စားပွဲဝိုင်းဆီကို လျှောက်လာခဲ့ပါတယ်။ (ပုံကြည့်)

ကိုရင်လေးတွေ ဦးဇင်းလေးတွေကို ဘုန်းကြီးကျောင်းပညာရေး၊ ဘုန်းကြီးပညာရေးအဆင့်အတန်းဘယ်လောက်ရှိသလဲ ဆိုတာသိချင်တာနဲ့
ပါဠိဘာသာ ပါဠိသဒ္ဒါ၊ ပိဋကတ်စာပေအကြောင်းလေးတွေကို မေးမြန်းကြည့်မိတယ်။
၁၈ နှစ်ဝန်းကျင် ကိုရင်အများစုက ၀ိနည်းပါတိမောက္ခဆိုတာကို မကြားဘူးဘူး။
ပိဋကတ်သုံးပုံဆိုတာကို သိပ်မသိကြဘူး။
ကိုရင်တို့ ဦးဇင်းတို့ ဘာစာတွေ သင်ရတုန်းလို့မေးတော့
Buddhist High School (ဗုဒ္ဓဘာသာအထက်တန်းကျောင်း) မှာ
ဘာသာရပ် ၁၄ ဘာသာသင်ရတယ်လို့ ပြောတယ်။
လူတန်းကျောင်းမှာသင်ရတဲ့ဘာသာရပ်တွေအပြင်
ဗုဒ္ဓဘာသာနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကိုလည်း သင်ရတယ်တဲ့။
ဗုဒ္ဓဘာသာနဲ့ ဆက်စပ်တဲ့အကြောင်းအရာဆိုတာ ဘာတွေတုန်း လို့မေးကြည့်တော့
မင်္ဂလတ္ထဒီပနီကို သူ့အတန်းနဲ့သူ ခွဲသင်ပါတယ်တဲ့။
မင်္ဂလတ္ထဒီပနီဆိုတော့ မင်္ဂလသုတ်အဖွင့်ကျမ်းထင်ပါရဲ့။
အသက် ၁၈ နှစ်အရွယ်ဝန်းကျင်ကိုရင်က ခုထိ မင်္ဂလသုတ်သင်ရတုန်းဆိုတော့
ဗုဒ္ဓဘာသာ ပရိယတ္တိပညာရေး မမြင့်မားဘူးလို့ပဲ ဆိုရတော့မယ်။

ဆရာဝန်ဖြစ်မယ့်သူက ဆရာဝန်လုပ်ရမယ့်စာကို ဦးစားပေးသင်ရသလို
အင်ဂျင်နီယာဖြစ်မယ့်သူက အင်ဂျင်နီယာလုပ်ရမယ့်စာကို ဦးစားပေးသင်ရသလို
ဗုဒ္ဓဘာသာဝင် ကိုရင် ဦးဇင်းတွေအနေနဲ့
ဗုဒ္ဓဘာသာစာပေကို ဦးစားပေး မသင်သင့်ဘူးလား လို့ မေးတော့
ရဟန်းဘ၀နဲ့ မပျော်လို့ လူထွက်တဲ့အခါ ဘယ်လိုလုပ်မလဲလို့ ပြန်မေးပါတယ်။

ဦးဇင်းလေးတစ်ပါးလာထိုင်လို့ ပါဠိသဒ္ဒါအကြောင်းမေးကြည့်တော့
ပါဠိဝါကျတည်ဆောက်တဲ့အခါ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် မှန်မှန်ကန်ကန်လေး
တည်ဆောက်နိုင်တာကို တွေ့ရတယ်။
အသက် ၂၀ အရွယ် ဦးဇင်းဖြစ်ခါစ ပဇင်းငယ်ကို
သဗ္ဗပါပဿ အကရဏံ ဆိုတဲ့ ပါဠိဂါထာရလားလို့ မေးတော့ မရဘူးတဲ့။
ကြားဘူးလားဆိုတော့ မကြားဘူးဘူးတဲ့။

အားလုံးကို ခြုံငုံပြီးသုံးသပ်ကြည့်ရင်
ကမ္ဗောဒီးယားပရိယတ္တိပညာရေးက အတော်နိမ့်ပါးနေတာ တွေ့ရတယ်။
အငယ်တုန်းက ကြားဘူးတယ်။ (ဟုတ်မဟုတ်တော့ မသေချာဘူး)
ထိုင်းမှာ သံဃရာဇာ သံဃဦးသျှောင်ဆရာတော်ရဲ့ ပရိယတ္တိအရည်အချင်းက
မြန်မာပြည်က ပထမလတ်တန်း ကိုရင်အဆင့်လောက်ပဲ ရှိတယ်တဲ့။

မလေးရှားနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက်နေပြီး သာသနာပြုခဲ့တဲ့
ပျံတော်မူသွားပြီဖြစ်တဲ့ သီရိလင်္ကာဆရာတော်ကြီး ဒေါက်တာ ကေ သီရိ ဓမ္မာနန္ဒ ကို
ပျံတော်မမူခင်တုန်းက တွေ့ဘူးတယ်။
ဆရာတော်ကြီးဆီ အလည်သွားတုန်းက “ဘယ်နိုင်ငံကလ”ဲ လို့ မေးတယ်။
မြန်မာနိုင်ငံကပါဘုရားလို့ ပြန်လျှောက်တော့
အေးအေး၊ လာ၊ ရှေ့တိုး၊ မြန်မာပြည်က ဦးဇင်းတွေက ပါဠိပိဋကတ်စာပေအကြောင်း၊
ဘာသာ သာသနာအကြောင်းဆွေးနွေးလို့ရတယ်၊
ထိုင်းက ဘုန်းကြီးတွေကတော့ ပါဠိပိဋကတ်စာပေ အင်မတန် အားနည်းသွားပြီ လို့ ပြောဘူးတယ်။

ဒီဆရာတော်ကြီး ကမ္ဗောဒီးယားနိုင်ငံ သာသနာရေးအခြေအနေကို သိသွားရင်
ဘယ်လိုမိန့်ဦးမည် မသိ။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ ကမ္ဗောဒီးယားနိုင်ငံ ပရိယတ္တိပညာရေးကို
အခြားထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ သီရိလင်္ကာနိုင်ငံတွေကသာ
ပညာရေးအထောက်အပံ့မပေးနိုင်တော့ဘူးဆိုရင်
နောင်အနှစ်ငါးဆယ်ဝန်းကျင်မှာ
ထေရ၀ါဒနိုင်ငံအရေအတွက် လျော့နည်းသွားမှာပါ။
ထေရ၀ါဒဗုဒ္ဓဘာသာ ကွယ်ပျောက်သွားမှာပါ။
ကမ္ဗောဒီးယားနိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓဘာသာ မကွယ်ပျောက်ရေးအတွက်
မြန်မာပြည် သာသနာရေးအရာရှိများ၊ သံဃမဟာနာယကဆရာတော်ကြီးများ ဦးဆောင်ပြီး
ကမ္ဗောဒီးယားအစိုးရနဲ့ အရေးပေါ် ဆွေးနွေးသင့်ပါကြောင်း အကြံပြုလိုပါတယ်။

၄၅ မိနစ်လောက်အကြာမှာ တွေ့လိုတဲ့ဘုန်းကြီးရောက်လာပါတယ်၊
ထိုဘုန်းကြီးကိုလည်း ဒီအကြောင်းအရာတွေပဲ ဆွေးနွေးပြောပြဖြစ်ပါတယ်။
သူလည်းပဲ ခေါင်းတကုတ်ကုတ်နဲ့
“ဒို့နိုင်ငံကဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာကို ကွဲကွဲပြားပြားမသိတော့ဘူး၊
ကိုးကွယ်နေတာက ဟိန္ဒူနတ်ရုပ်၊ အမည်ခံကတော့ ဗုဒ္ဓဘာသာဝင်” လို့ ပြောပြတယ်။


ဒီနေ့နေ့လည် ဖနွမ်းပင်သွားမယ့်အကြောင်း သူ့ကိုဆက်ပြောပြပြီး
အိန္ဒိယမှာတုန်းက အတူနေခဲ့တဲ့ အသိဦးဇင်းတစ်ပါးဖနွမ်းပင်မှာ ရှိကြောင်း၊
အဆက်အသွယ်မရကြောင်း၊ သူ့နာမည်က But Buntenh ဖြစ်ကြောင်းပြောပြတော့
သူသိတယ်ဆိုပြီး Facebook ကနေ ဆက်သွယ်ဖြစ်ပါတယ်။
ကိုယ့်ဖုန်းနံပါတ် သူ့ဖုန်းနံပါတ် ရိုက်ပို့ပြီး ၁၀ မိနစ်လောက်အကြာမှာ
But Buntenh ဆိုတဲ့ အသိဦးဇင်းက ဖုန်းခေါ်လာပါတယ်။
သူလာကြိုမည်အကြောင်း၊ သူ့ဆီတည်းခိုဘို့အကြောင်း စသည် စသည်ပြောပါတယ်။
အိုကေ လို့ပြန်ပြောပြီး ဖုန်းချလိုက်ပါတယ်။

ကျောင်းထဲက အဆောက်အဦတွေကို လိုက်ကြည့်ဖြစ်ပါတယ်။
ကျောင်းထဲမှာ ထူးထူးခြားခြား စာကြည့်တိုက် ရှိပါတယ်။ (ပုံကြည့်)
စာကြည့်တိုက်ရှေ့ရောက်တော့
“ဒီစာကြည့်တိုက်မှာ လောကုတ္တရာစာအုပ်သာမက၊ လောကီစာအုပ်များပါရှိကြောင်း၊
တန်းကျောင်းစာအုပ်များလည်း မျိုးစုံရှိကြောင်း၊
ရပ်ကွက်ထဲက ကလေးတွေ အချိန်မရွေးလာဖတ်နိုင်ကြောင်း၊
ဒီစာကြည့်တိုက်ရှိတဲ့အတွက် ဒီကျောင်းကို လူသိများကြောင်း၊
လူငယ်တွေလည်း ဒီစာကြည့်တိုက်ကြောင့် ဘုန်းကြီးကျောင်းနဲ့ မစိမ်းကြောင်း”
ဘုန်းကြီးက ပြောပြပါတယ်။

ဒီလို ဘုန်းကြီးကျောင်းထဲမှာ အရပ်သားတွေအတွက်ပါ
စာကြည့်တိုက်လေး ထားရှိတာကတော့ အတုခိုးစရာပါ။
၁၁ နာရီထိုး သူတို့ နေ့ဆွမ်းဘုဉ်းပေးခါနီး ဆွမ်းဝိုင်းပြင်ထားတာလေးတွေကို
လေ့လာ ဓာတ်ပုံရိုက်ပြီး ဟိုတယ်ဆီ ပြန်လာခဲ့ပါတယ်။ (ပုံကြည့်)

ဟိုတယ်နားက စားသောက်ဆိုင်မှာ နေ့လည်စာ ဘုဉ်းပေးသုံးဆောင်ဖြစ်ပါတယ်။
နေ့လည်စာ ပြီးတာနဲ့ ဟိုတယ်ပြန်၊ ၁၂ နာရီမထိုးခင် check out လုပ်ကာ
ဟိုတယ်ဧည့်ခန်းမှာ ဖနွမ်းပင်သွားဘို့ လာကြိုမယ့်ကားကို စောင့်နေပါတော့တယ်။

Thursday, September 18, 2014

ကမ္ဗောဒီးယားခရီးစဉ် (၇)

Beng Mealea ဆိုတာ ခမာစကားပါ။
Lotus Pond - ကြာကန်လို့ အဓိပ္ပါယ်ရပါတယ်။
ဒါ့ကြောင့် Beng Mealea - ဆိုတာ ကြာကန်ကျောင်း၊
ကြာပန်း ကြာကန်တွေနဲ့ အတော်သာယာမယ့်သဘောရှိပါတယ်။
အင်မတန်အေးချမ်း တိတ်ဆိတ်မယ့်သဘောလည်း ရှိပါတယ်။
အန်ကောဒေသ၊ Siem Reap မြို့နဲ့ အင်မတန်ဝေးကွာတဲ့ (၇၇) ကီလိုမီတာဝေးကွာတဲ့
တောနက်ကြီးထဲမှာ တည်ဆောက်ထားတာမို့ပါ။
ဒီကျောင်းကြီးကိုလည်း ဘုရင် Suryavarman II ကပဲ
၁၂ ရာစုအစောပိုင်းမှာ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။

ကျောင်းအ၀င်မှာ မြွေရုပ်တုကြီးတွေကို တွေ့လို့
“ဒီကျောင်းအ၀င်က အန်ကောဝပ်ကျောင်းအ၀င်နဲ့တူတယ်နော်” လို့
အတူလိုက်လာတဲ့ ဦးဇင်းလေးကို ပြောတော့
“ဟုတ်ပါတယ်၊ ဒီကျောင်းကြီး ပြိုလဲသွားပါပြီ၊
ဒါပေမဲ့ ဒီကျောင်းရဲ့ အနေအထားကို ကြည့်ပြီး သမိုင်းသုတေသီတို့က
ဒီကျောင်းဟာ အန်ကောဝပ်ကျောင်းပုံစံငယ်ဖြစ်တယ်လို့ ဆိုကြပါတယ်။

ကျောင်းပျက်ကြီး အတွင်းထဲအထိ ၀င်ကြည့်ဖြစ်ပါတယ်။
ဒီကျောင်းကြီးဆောက်တုန်းက ဘိလပ်မြေလိုအရာဝတ္ထုမျိုး လုံးဝ မသုံးပဲ
ကျောက်တုံးကြီးတွေကို စနစ်တကျ စီ၊ အကွက်ဖော်၊ အခန်းဖွဲ့ထားတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
အောက်ခြေတိုင်လုံးတွေကို သေသေချာချာ လုံးဝန်းချောမွေ့အောင်လုပ်ထားပြီး
စနစ်တကျ သေသပ်လှပစွာ အရစ်များဖော်ထားပါတယ်။ (ဓာတ်ပုံကြည့်)
ကြီးကျယ်ခန်းနားစွာတည်ဆောက်နိုင်ခဲ့တဲ့အဆောက်အဦကြီးတွေကို ကြည့်ပြီး
ကမ္ဗောဒီးယားဟာ ဒီနေ့ဒီအချိန်မှာ အဆင်မပြေမှုမြောက်များစွာနဲ့ ရင်ဆိုင်နေရပေမယ့်
သမိုင်းမှာ အံ့သြလောက်အောင်ကို ခန်းနားကြီးကျယ်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တာပဲလို့
စဉ်းစားမိလိုက်သေးတယ်။

တချိန်တည်းမှာပဲ
Learn from yesterday,
Live for today,
Hope for tomorrow. ဆိုတဲ့ ဖတ်ဖူးခဲ့တဲ့စာသားလေးကို သတိရမိတယ်။

ထိုကျောင်းပျက်ကြီးထဲမှာ နာရီဝက်၊ ၄၅ မိနစ်ခန့်လေ့လာကြည့်ရှုပြီး
ကျောင်းတော်ကြီးမှ ထွက်ခွါလာပါတယ်။
နေ့ဆွမ်းစားချိန်နီးလာပြီမို့ စားသောက်ဆိုင်သွားဘို့ပြောတော့
ဒီကျောင်းဂိတ်ပေါက်တည့်တည့်က ဆိုင်တွေက သိပ်အဆင်မပြေကြောင်း၊
ရှေ့နားလေးမှာ ဆိုင်သန့်တာရှိကြောင်း ဦးဇင်းလေးက ပြောဆိုပြီး
တုတ်တုတ်မောင်းသမားကို လာလမ်းအတိုင်း ပြန်မောင်းခိုင်ပါတယ်။
၃ မိနစ်လောက်အကြာမှာ ဆိုင်လေးတစ်ဆိုင်ကို တွေ့ပါတယ်။
ဦးဇင်းလေးနဲ့အတူ ခမာရိုးရာအစားအစာကို မှာစားဖြစ်ပါတယ်။
၎ ဒေါ်လာခွဲ ပေးရပါတယ်။ စားလို့ မကောင်းပါဘူး။
ဒါနဲ့ ၅ ဒေါ်လာတန် ထိုင်း တုံယမ်းဟင်း ထပ်မှာဖြစ်ပါတယ်။
ဒါလဲ မကောင်းပါဘူး။
ဒီ ၄ ဒေါ်လာခွဲတန် ခမာဟင်း နဲ့ ၅ ဒေါ်လာတန် ထိုင်းတုံယမ်းဟင်းဟာ
တစ်ယောက်စာပဲ ရှိပါသေးတယ်။ ဆိုလိုတာက နည်းနည်းလေးပါ။
ပိုက်ဆံပေးရတာ မတန်ပါဘူး။ ဈေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

အဲ့နေ့က အဲ့ဆိုင်မှာ တုတ်တုတ်တက္ကစီသမားရယ်၊ အတူလိုက်လာတဲ့ ဦးဇင်းလေးရယ်၊
ကိုယ်ရယ် ၃ ယောက်စားတာ ဒေါ်လာ ၃၀ ကျော် ရှင်းရပါတယ်။
ဒေါ်လာ ၃၀ ကျော်ဖိုးဆိုရင် မြန်မာပြည်မှာ ၅ ပါးလောက် ဘုဉ်းပေးလို့ရပါတယ်။
ဟင်းလည်း ဒီထက် ကောင်းနိုင်ပါတယ်။

နေ့ဆွမ်းဘုဉ်းပေးပြီး Bakong Temple,
Banteay Srei Temple အစရှိတဲ့ဘုရားကျောင်းတွေကို လှည်လည်ကြည့်ရှုပြီး
တည်းခိုရာ ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။
ဟိုတယ်ရှေ့ရောက်တော့ ည ၆ နာရီ ထိုးနေပါပြီ။
ဒါနဲ့ လိုက်ပို့တဲ့ဦးဇင်းလေးကို
“မနက်ဖန်ကမ္ဗောဒီးယားမှာရှိတဲ့ ဘုန်းကြီးကျောင်းအခြေအနေသိချင်လို့
လာပြီးလေ့လာမှာဖြစ်ကြောင်း” ကျောင်းထိုင်ဆရာတော်ကို လျှောက်ခိုင်းလိုက်ပြီး
နှုတ်ဆက်ကာ ဟိုတယ်ခန်းမှာ အေးအေးလူလူ အနားယူဖြစ်ပါတယ်။

Wednesday, September 17, 2014

ကမ္ဗောဒီးယားခရီးစဉ် (၆)


ကမ္ဗောဒီးယားခရီးစဉ် ဒုတိယမြောက်နေ့ပါ။
မနက်စောစောနိုးတဲ့အလေ့အထရှိနေတော့ အစောကြီးနိုးပါတယ်။
ထ၊ ရေချိုး၊ ရွတ်ဖတ်စရာ အနည်းငယ် ရွတ်ဖတ်ပြီး နံနက် ၆ နာရီခွဲမှာ
အောက်ထပ်ကို ဆင်းပြီး ဟိုတယ်ကကျွေးတဲ့ မနက်စာကို အောက်ဆုံးထပ်မှာ ဘုဉ်းပေးပါတယ်။
၇ နာရီထိုးခါနီးတော့ အန်ကောအနီးတ၀ိုက် လည်ပတ်ဘို့ကျန်နေသေးတဲ့
နေရာတွေကို အတူတူသွားဘို့ပြောထားတဲ့
Wat Damnak ဦးဇင်းလေးရောက်လာပါတယ်။
“အရုဏ်ဆွမ်းဘုဉ်းပေးပြီးပြီလား” လို့မေးကြည့်တော့
“ဆန်ပြုတ်ဘုဉ်းပေးခဲ့တယ်” တဲ့။
“ငါတော့ ဒီဟိုတယ်က ကျွေးတဲ့ဟာနဲ့ သိပ်မတင်းတိမ်ဘူး၊
ဒို့က ညစာလဲ မစားရတော့ မနက်စာကိုတော့
ကောင်းကောင်းနဲ့ များများစားလိုက်ချင်တယ်၊
ရှေးဟောင်းကျောင်းနေရာကြီးတွေကို မသွားခင်
ဆိုင်တစ်ဆိုင်ဆိုင်မှာ တစ်ခုခု သွားစားကြစို့လား” လို့ပြောတော့
“ဆိုင်မသွားပဲ Buddhist High School
(ဗုဒ္ဓဘာသာအထက်တန်းကျောင်း)” ကို သွားရအောင်၊
အဲ့မှာ Canteen (စားသောက်ဆိုင်) ရှိတယ်” တဲ့။

ဒါနဲ့ ဗုဒ္ဓဘာသာအထက်တန်းကျောင်းကို
တုတ်တုတ်ဆိုတဲ့ သုံးဘီးအငှားယာဉ်လေးနဲ့ သွားဖြစ်တယ်။
ကျောင်းဝိုင်းက အတော်ကျယ်ပြီး ကျောင်းဆောင်တွေကလဲ အတော်ကြီးပါတယ်။
ကျောင်းထဲက စားသောက်ဆိုင်လေးရှေ့ရောက်တော့
ဦးဇင်းငယ်တွေ မနက်စာစားနေတာကို တွေ့ရတယ်။ (ဓာတ်ပုံကြည့်)
ဆိုင်အနေအထားက သိပ် သန့်ရှင်းပုံမပေါ်ပါဘူး။
အတူလိုက်လာတဲ့ဦးဇင်းလေးက ကိုယ့်အတွက် မနက်စာ မှာပေးတယ်။
ဆွမ်းထမင်းဆီဆန်းလေးရယ်၊ ၀က်သားခြောက်ကျော်လေးရယ်၊
ပန်းဂေါ်ဖီပွင့် အနည်းငယ်ရယ်ပါ။
ဟင်းကောင်းတာ မကောင်းတာထက်
အသန့်အပြန့်ကြိုက်တတ်တဲ့ကိုယ့်အတွက် သိပ်စားလို့ မ၀င်ခဲ့ဘူး။
ကိုယ့်ရှေ့က ဦးဇင်း ၂ပါး စားပြီး ငါးကျင်းကွက်ဖန်ခွက်ကြီးတွေနဲ့
ရေနွေကြမ်းသောက်နေတာတွေ့တော့
“အဲ့ဒါ အလကားရသလား” လို့ စပ်စုကြည့်တော့ “ပိုက်ဆံပေးရတယ်” တဲ့။

ကိုယ်တော့ ရေသန့်ဘူးတစ်ဗူးဝယ်သောက်ပြီး
“ဒီ ဗုဒ္ဓဘာသာအထက်တန်းကျောင်းက စာသင်ခန်းတွေကို တက်ကြည့်ချင်သေးတယ်” လို့
အတူတူသွားမယ့်ဦးဇင်းလေးကို ပြောတော့
သူလဲ ဒီကျောင်းမှာ တက်နေတာဖြစ်ကြောင်း၊
သူ့စာသင်ခန်း အတန်းစရင် လိုက်ပို့ပေးမည်ဖြစ်ကြောင်းပြောဆိုကာ
၁၅ မိနစ်လောက်အကြာမှာ စာသင်ဆောင် စာသင်ခန်းကို ခေါ်ပြပါတယ်။
ဆရာက ဘုန်းကြီးဆရာ မဟုတ်ပါဘူး၊ လူဆရာပါ။
အသက်အားဖြင့် သိပ်မကြီးသေးပါဘူး။ (ဓာတ်ပုံကြည့်)
တပည့်စာသင်သားဦးဇင်းတွေနဲ့ အရွယ် သိပ်မကွာပါဘူး။

စာသင်ခန်းထဲမှာ ၅ မိနစ်လောက်လေ့လာပြီးတော့
ရှေးဟောင်းကျောင်းနေရာတွေကို သွားဘို့အတွက်
မြို့တွင်းက Ankor Pass လက်မှတ်ကောင်တာသွားပြီး လက်မှတ်ဝယ်ပါတယ်။
တစ်ရက်လည်ပတ်ခ ဒေါ်လာ ၂၀။
လက်မှတ်ဝယ်ပြီးတာနဲ့ အတူပါလာတဲ့ ဦးဇင်းလေးက
“ဒီလက်မှတ်က အန်ကောဒေသအတွက် ဖြစ်ပါတယ်။
အခုပထမဦးဆုံးသွားမှာက Beng Mealea ကျောင်း ဖြစ်ပါတယ်။
Beng Mealea ကျောင်းဟာ အန်ကောဒေသမှ အလွတ်ဖြစ်တဲ့အတွက်
အဲ့ကျောင်းနားရောက်ရင် ၅ ဒေါ်လာသီးသန့်ပေးရပါမယ်” လို့ ပြောပါတယ်။

ဒီနေ့ခရီးစဉ်ကို တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီးတက္ကစီနဲ့ပဲ သွားဖြစ်ပါတယ်။
Beng Mealea ကျောင်းက Siem Reap မြို့နဲ့ အတော်ဝေးပါတယ်။
တုတ်တုတ်ဆိုတဲ့ သုံးဘီးတက္ကစီနဲ့ တစ်နာရီကျော်ကြာစီးရပါတယ်။
Beng Mealea ကျောင်းကို အသွားမှာ ရွာလေးတွေကို တွေ့ရပါတယ်။
ကားလမ်းဘေး ၀ဲယာကပ်လျက်မှာ အိမ်လေးတွေ တန်းစီဆောက်ပြီး နေထိုင်ကြတာပါ။
အိမ်တွေရဲ့နောက်မှာတော့ လယ်ကွင်းပြင်တွေကို တွေ့ရပါတယ်။
အိမ်တွေက ပျမ်းမျှအားဖြင့် သိပ်မကောင်းလှပါဘူး။
ရှည်တန်ရှည်အိမ်လေးတွေ များပါတယ်။

ရွာတွေမှာ လျှပ်စစ်ကြိုးတန်းထားတာတွေ တွေ့လို့
“ရွာတွေမှာရော လျှပ်စစ်းမီးရသလား” လို့ မေးကြည့်တော့
“ပုဂ္ဂလိကကုမ္ပဏီပေးထားတာ၊ မီးတော့ ရတယ်၊ ဒါပေမဲ့ မြို့နဲ့ ရွာ မီတာခ သုံးဆကွာတယ်၊
မြို့မှာ တစ်ယူနစ်ကို ၅၀ ဆိုရင် ဒီရွာတွေမှာ ၁၅၀ ပေးရတယ်။
ရွာသူရွာသားတွေက ဈေးကြီးလွန်းလို့ တင်ပြတာကို အစိုးရက ဂရုမစိုက်ပါဘူး” ဆိုပြီး
ငြီးငြူသံနဲ့ ပြောရှာတယ်။

ဆက်လက်ပြီး
“သူအငယ်တုန်းက နေခဲ့တဲ့ ရွာကျောင်း ရှေ့နားမှာ ရှိတယ်၊
ခဏ၀င်အုံးမလား” လို့ သူကပြောလို့ ၀င်ကြည့်ဖြစ်ခဲ့ပါသေးတယ်။
၁၀ နှစ် ၁၂ ၀န်းကျင်ကိုရင်လေးတွေကို အသက်ခပ်ကြီးကြီး လူဆရာတစ်ယောက်က
သင်္ချာအလီသင်ပေးနေတာကို တွေ့ခဲ့ရပါတယ်။ (ဓာတ်ပုံကြည့်)
အဲ့မှာ ၁၀မိနစ်လောက်နားပြီး ခရီးဆက်ခဲ့ပါတယ်။

ကားလမ်းဘေးတလျှောက် Cambodian People’s Party ဆိုတဲ့
ဆိုင်းဘုတ်ကို မကြာခဏတွေ့ရပါတယ်။
“ဒီပါတီက အခုလက်ရှိဝန်ကြီးချုပ်ဟွန်ဆန်ပါတီမို့လား” ဆိုတော့
“ဟုတ်ပါတယ်” တဲ့။
“ပြည်သူလူထုအများစုက လက်ရှိဝန်ကြီးချုပ်ဟွန်ဆန်ကို ကြိုက်သလား” လို့
ဆက်မေးကြည့်တော့
“မကြိုက်ဘူ့း။ မကြိုက်ပေမယ့် ရွေးကောက်ပွဲမှာ သူ့နည်းသူ့ဟာနဲ့သူ နိုင်အောင်လုပ်၊
အစိုးရဖွဲ့၊ ၀န်ကြီးချုပ်လုပ် အုပ်ချုပ်နေတာပဲ” လို့ ဦးဇင်းလေးက ပြောပြပါတယ်။

“အော် ၊ အရှေ့တောင်အာရှနိုင်ငံတွေမှာ ပြည်သူလူထုက မကြိုက်ပဲ အစိုးရလုပ် အုပ်ချုပ်နေတဲ့နိုင်ငံတွေအတော်များပါလားလို့ စဉ်းစားမိလိုက်ပါသေးတယ်။

နံက် ၉ နာရီခန့်မှာ ကျောင်းဝင်ကြေးလက်မှတ်ဖြတ်တဲ့ဂိတ်ကို ရောက်ပြီး လက်မှတ်ဖြတ်ကာ
Beng Mealea ကျောင်းကို ၀င်ရောက်လှည့်လည်ကြည့်ရှုဖြစ်ပါတယ်။

Tuesday, September 16, 2014

ကမ္ဗောဒီးယားခရီးစဉ် (၅)


တ ပရွမ် (Ta Prohm) ကျောင်းတော်ကြီးကို ဆက်သွားဖြစ်ပါတယ်။
တ ပရွမ် ကျောင်းတော်ကြီးမှာ Tomb Raider ရုပ်ရှင်ကား ရိုက်သွားတဲ့အတွက်
Tomb Raider ကျောင်းလို့တောင် လူသိများနေပြီလို့ သိရပါတယ်။
တ ပရွမ် (Ta Prohm) ကျောင်းတော်ကြီးဟာ
Ankor Thom အရှေ့ဘက် တစ်ကီလိုမီတာလောက်ပဲ ဝေးပါတယ်။
တ ပရွမ်ကျောင်းတော်ကြီးရှေ့ရောက်တော့ တက္ကစီဒရိုက်ဘာက
“ဒီဂိတ်က ကျောင်းတော်ကြီးအနောက်ဂိတ်ဖြစ်တယ်၊
အနောက်ဂိတ်က၀င်ပြီး အရှေ့ဂိတ်ကို ထွက်ခဲ့။ အရှေ့ဂိတ်က စောင့်နေမယ်” လို့
ပြောပြီး မောင်းထွက်သွားပါတော့တယ်။

ဝင်ဝင်ချင်းပဲ ၀င်ခွင့်လက်မှတ်စစ်တဲ့သူက လက်မှတ်ထုတ်ပြခိုင်းပါတယ်။
ကမ္ဗောဒီးယားနိုင်ငံမှာ လက်မှတ်စစ်တွေ တာဝန်ကျေတယ်လို့ပဲ ပြောရမယ်။
ဘယ်နေရာရောက်ရောက် ဘယ်သူ့ကို ဖြစ်ဖြစ်၊ ၀င်ခွင့်လက်မှတ် အကုန်စစ်တော့တာပါပဲ။
မြန်မာပြည်မှာကတော့ ဘုန်းကြီးမို့ အားနာတာနဲ့၊ ဘယ်သူကြီးမို့ မစစ်ရဲတာနဲ့၊
ဘယ်သူ့သားမို့ မစစ်ဝံ့တာနဲ့.. လက်မှတ်မစစ်ပဲ လွှတ်ပေးလိုက်ရတာတွေ အတော်များပါတယ်။

တ ပရွမ်ကျောင်းအ၀င်မှာတော့ ဧည့်လမ်းညွှန်လုပ်မည့်သူကို မတွေ့မိပါဘူး။
ဟဲလို လာလုပ်တဲ့သူလဲ မရှိဘူး။
ဒါနဲ့ ကိုယ့်ထီးကို ထမ်းပြီး ကျောင်းဝင်းအတွင်းဆီ လျှောက်လှမ်းခဲ့ပါတော့တယ်။
ဒီ တ ပရွမ်ကျောင်းတော်ကြီးက မဟာယာနဗုဒ္ဓဘာသာကျောင်းတော်ကြီးပါ။
မဟာယာနဗုဒ္ဓဘာသာတက္ကသိုလ်ကြီးဖြစ်ခဲ့တယ်လို့လဲ ဆိုကြပါတယ်။
တ ပရွမ်ဆိုတဲ့နာမည်က ယခုခေတ်လူတွေခေါ်တဲ့နာမည်ပါ။
သူ့နာမည်အရင်းက ရာဇ၀ိဟာရ (Rajavihara) ပါ။
ဘုရင့်ကျောင်း ဘုရင်ကိုးကွယ်တဲ့ကျောင်းတော်ကြီးပေါ့။
ဒီကျောင်းတော်ကြီးကို ၁၂ ရာစုနှောင်းပိုင်း၊ ၁၃ ရာစုအစောပိုင်းလောက်က
ခမာဘုရင် Jayayarman VII က တည်ဆောက်ခဲ့တာပါ။
တခြားကျောင်းတော်ကြီးတွေ မတူတဲ့ ဒီကျောင်းတော်ကြီးရဲ့ထူးခြားချက်က
ကျောင်းတော်ကြီးထဲမှာ ပေါက်ရောက်နေတဲ့သစ်ပင်ကြီးတွေကို မခုတ်မလှဲပဲ
အရှိကို အရှိအတိုင်း ထားရှိခြင်းပါ။
ဒီလို အရှိကို အရှိအတိုင်း ထားရှိခြင်းကိုက
လာရောက်လည်ပတ်ကြည့်ရှုသူတွေကို ပိုလို့ ဖမ်းစားနိုင်နေတာလို့ ထင်မိပါတယ်။
ကျောင်းတော်ကြီးကို အခန်းပေါင်း အကန့်ပေါင်း မြောက်များစွာ ဖွဲ့စည်းထားပြီး
အခန်းတွေရဲ့ အမိုးတွေပေါ်မှာ အကန့်တွေကြား ကွက်လပ်တွေမှာ
အမြစ်အဖြူကြီးတွေ ပေါ်နေတဲ့ သစ်ပင်အကြီးကြီးတွေ
နွယ်ပင်ကြီးတွေက အုတ်တံတိုင်း၊ အုတ်နံရံတွေပေါ်တက်ရောက်နေတာတွေကို
ဓာတ်ပုံရိုက်ရတာဟာ ရောင့်ရဲတင်းတိမ်တယ် အားရတယ်လို့ကို မရှိပါဘူး။
ရိုက်ပြီးရင်း ရိုက်ချင်ရင်း ပြီးတယ်ကို မရှိတော့ပါဘူး။
ဒါ့ကြောင့်လဲ Tomb Raider ရုပ်ရှင်ကားကို ရိုက်ကူးရာမှာ
ရုပ်ရှင်ကားအတွက် ဇာတ်ကွင်း ဇာတ်ကွက်ကို ဒီနေရာကို ရွေးချယ်ခဲ့ဟန်တူပါတယ်။
ဒီကျောင်းတော်ကြီးအတွင်း တစ်ယောက်တည်းများရောက်ရှိနေမယ်ဆိုရင်
အတော်စိတ်လှုပ်ရှားဖွယ် ကြောက်မက်ဖွယ်ကောင်းမယ့်နေရာကြီးပါ။
အခုတော့ လာရောက်လေ့လာလည်ပတ်တဲ့သူတွေများနေတော့ ပျော်ဘို့တောင် ကောင်းလို့။

ကျောင်းတော်ကြီးအတွင်း နှံ့စပ်အောင် ကြည့်ရှုပြီး
ကျောင်းတော်ကြီးရဲ့ အရှေ့ဂိတ်ကနေ ထွက်လာခဲ့ပါတယ်။
အဆင်သင့် စောင့်မျှော်နေတဲ့ တက္ကစီဒရိုက်ဘာကို
“ကဲ ၊ ဟိုတယ်ကိုသာ မောင်းပေတော့” လို့ပြောလိုက်ပါတယ်။
ဟိုတယ်ကို ရောက်တော့ ညနေ ၄ နာရီ သာသာရှိပါပြီ။

ဟိုတယ်မှာ ခဏနား၊ ရေမိုးချိုးပြီး
မနက်က သွားခဲ့တဲ့ Wat Damnak ဘုန်းကြီးကျောင်းကို ထပ်သွားဖြစ်ပါတယ်။
ကျောင်းရောက်တော့
မနက်က စာသွားသင်နေလို့ မတွေ့ဖြစ်လိုက်တဲ့ ကမ္ဗောဒီးယားဘုန်းကြီးနဲ့ တွေ့ဖြစ်ပါတယ်။
အဲ့ဘုန်းကြီးက ကိုယ့်ထက်ငယ်လို့ အရိုအသေပေးပါတယ်။
အအေးကပ်ပါတယ်။ နောက်ပြီး
အကြောင်းအရာတော်တော်များများ ဆွေးနွေးဖြစ်ပါတယ်။
မြန်မာပြည်သာသနာရေးအခြေအနေများ၊
မြန်မာအစိုးရ၏ ရဟန်းတော်များကို ကိုင်တွယ်ပုံ၊
ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချသွားပုံ၊
မြန်မာပြည်ဘုန်းတော်ကြီးများ၏ ပညာရေးစနစ်၊
မြန်မာရဟန်းတော်များနှင့် မြန်မာ ဒကာ ဒကာမများ ဆက်ဆံရေး၊
မြန်မာရဟန်းတော်များ၏ ရပ်တည်မှု နှင့် ရပ်တည်နိုင်အောင် ကြိုးစားမှု စသည်တို့ကို
ဆောင်စေလိုသောသဘောစေတနာ၊ ရှောင်စေလိုသောသဘောစေတနာတွေနဲ့
ပြောပြဖြစ်ခဲ့ပါတယ်။
မြန်မာ၊ ထိုင်း၊ ကမ္ဇောဒီးယားရဟန်းတော်များအနေဖြင့်
ကောင်းတိုင်ပင် ဆိုးတိုင်ပင်ဘို့၊
သာသနာရေးနဲ့ပတ်သက်တဲ့ဖြစ်လာတဲ့ပြဿနာတွေကို အတူလက်တွဲဖြေရှင်းနိုင်ဘို့
ဒေသတွင်းမှာ ဖြစ်ပေါ်လာတဲ့ အခက်အခဲ ပြဿနာတွေကို
ကမ္ဘာကို ချက်ချင်းအသိပေး သတင်းပို့နိုင်ဘို့
Regional Sangha Organization (ဒေသတွင်းဆိုင်ရာ သံဃာ့အဖွဲ့အစည်း)
Regional Sangha Network (ဒေသတွင်းဆိုင်ရာ သံဃာ့ကွန်ယက်) ကိုလဲ
ဖွဲ့စည်းသင့်ကြောင်း ပြောဖြစ်ပါတယ်။
ဆွေးနွေးအပြီးမှာ အမောပြေ အပန်းပြေဘို့ Cultural Village ကို
သွားကြည့်သင့်တယ်လို့ပြောပြီး အင်္ဂလိပ်စကားပြောတတ်တဲ့ဦးဇင်းလေး ထည့်ပေးလိုက်မယ် တဲ့။
ဒါနဲ့ အဲ့ဦးဇင်းလေးနဲ့အတူ Cultural Village ကို ညနေပိုင်း သွားဖြစ်ခဲ့ပါတယ်။
Cultural Village - က မြန်မာပြည် ရန်ကုန်က တိုင်းရင်းသားကျေးရွာနဲ့ ခပ်ဆင်ဆင်ပါ။
ဝင်ကြေးက ၁၅ ဒေါ်လာတောင်ပေးရပါတယ်။
ဝင်ဝင်ချင်း ပြတိုက်လို ခန်းမလေးရှိပါတယ်။
ခန်းမလေးထဲမှာ သူတို့နိုင်ငံက သမိုင်းဝင်နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ပုံတွေရှိပါတယ်။
နာမည်ကြီးအနုပညာရှင်တွေရဲ့ ရုပ်ပုံတွေမှသည် နာမည်ကြီးဘုန်းတော်ကြီးတွေရဲ့ ရုပ်ပုံတွေအထိ
ထားရှိထားတာကို တွေ့ရပါတယ်။
ပြတိုက်ထဲကထွက်တော့ ဒေသအသီးသီးကလူတွေရဲ့ ရိုးရာယဉ်ကျေးမှုအကလေးတွေ
တင်ဆက်နေတဲ့နေရာကို သွားပြီး ထိုင်ကြည့်ဖြစ်ပါတယ်။
သူတို့ပြောတာ ဆိုတာတွေ နားမလည်ပေးမယ့် တစုံတခုသောအတိုင်းအတာအထိ
ပျော်ရွှင်ချမ်းမြေ့မှုကိုတော့ ပေးနိုင်စွမ်းရှိတဲ့ တင်ဆက်မှုလေးတွေပါ။
တင်ဆက်ဖျော်ဖြေမှုလေးတွေပြီးလို့ ဟိုတယ်ကို ပြန်တော့
ည ၉ နာရီ ထိုးပါပြီ။ ဟိုတယ်ရှေ့မှာ လိုက်ပို့တဲ့ ဦးဇင်းလေးကို
မနက်ဖန်မနက် ခရီးစဉ်အတွက်
ဟိုတယ်ကို စောစောလာဘို့ မှာကြားပြီး Good Night လိုက်ပါတယ်။
သူလဲ သူ့ကျောင်းပြန်၊ ကိုယ်လဲ ဟိုတယ်ထဲဝင်၊
ကိုယ့်အခန်းကို သွား၊ အနားယူ ၊ ကျိန်းတော်မူပါတော့တယ်။

Monday, September 15, 2014

ကမ္ဗောဒီးယားခရီးစဉ် (၄)



နေ့လည်စာစားပြီးတာနဲ့  
“အန်ကောဝပ်ပြီး ဘယ်နေရာကို အရင်သွားသင့်သလဲ” လို့ တက္ကစီဒရိုက်ဘာကို မေးတော့
“အန်ကောဝပ်နဲ့ သိပ်မဝေးလှတဲ့
Angkor Thom ဆိုတဲ့နေရာကို သွားလည်ရမယ်” လို့ ပြောပါတယ်။
တက္ကစီဒရိုက်ဘာက ကားမောင်းရင်း Ankor Thom အကြောင်း ဆက်လက်ပြောပြပါတယ်။
“Angkor Thom ဆိုတာ ခမာစကားပါ၊ Great City လို့ အဓိပ္ပါယ်ရပါတယ်၊
ဒီ Ankor Thom မြို့တော်ကြီးကို
ဘုရင် Jayavarman VII (1181-1219) ဆိုသူက တည်ဆောက်ခဲ့တာပါ၊
၉ ကီလိုမီတာ ကျယ်ဝန်းပါတယ်။
အဲ့ဒီခေတ်က ဒီမြို့တော်ကြီးဝန်းကျင်မှာ
လူဦးရေ ၁ သန်းလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ဒီ Angkor Thom မြို့တော်ကြီးမှာ ကြည့်ရှုစရာတွေ မြောက်များစွာရှိပါတယ်။
အထူးရှားဆုံးကတော့ Bayon Buddhist Temple (ဘေယွန် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း) ဖြစ်ပါတယ်။
ဟော၊ ရောက်ပါပြီ” တဲ့။
တက္ကစီဒရိုက်ဘာက ပြောဆိုရင်း ကားကို ရပ်လိုက်ပါတယ်။
ကားပေါ်ကဆင်းပြီး ကျောင်းအ၀င်ဝပုံကို ဓာတ်ပုံရိုက်ဖို့ ဖုန်းလေးဆွဲထုတ်တုန်း
Angkor Pass - အန်ကောနယ်မြေ၀င်ခွင့်လက်မှတ်စစ်တဲ့သူ ရောက်လာပါတယ်။
လက်မှတ်ထုတ်ပြပြီးမှ ကျောင်းအ၀င်ဂိတ်ပေါက်ကို ဓာတ်ပုံ ၂ ပုံ ၃ ပုံ လှည့်ရိုက်ဖြစ်ပါတယ်။ (ပုံကြည့်)
ဒီကျောင်းအ၀င်ဂိတ်ပေါက်မှာတော့ ဧည့်လမ်းညွှန်ဆိုသူတွေကို မတွေ့ရပါဘူး။
ဓာတ်ပုံရိုက်ပြီး ကျောင်းတွင်းထဲ ၀င်မယ်လုပ်တော့ အသက် ၃၀ ၀န်းကျင် လူတစ်ယောက်က
“Hello, How are you? Where are you from?” စသဖြင့် လာနှုတ်ဆက်ပါတယ်။
အလိုက်သင့်ပြန်ပြောဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အင်္ဂလိပ်စကားပြောတတ်ချင်လို့ မန္တလေးတောင်ပေါ်တက်တက်ပြီး
လာသမျှ နိုင်ငံခြားသားကို ဟဲလို ဟဲလို တလိုလို လုပ်ခဲ့ရတဲ့
မန္တလေး၊ သာသနာ့တက္ကသိုလ်စာသင်သားဘ၀ကို သတိရမိပါတယ်။

ခု သူဟဲလိုတော့ ကိုယ်လဲ ဟဲလိုရင်း
သူရှင်းပြတဲ့ ဘေယွန်ကျောင်းတော်အကြောင်း နားထောင်ဖြစ်ပါတယ်။ ကြည့်နေရပါတယ်၊
သူလိုက်ပြတဲ့ ထူးခြားတဲ့နေရာတွေကို လိုက်ကြည့်ဖြစ်ပါတယ်။
တစ်ယောက်တည်း အဖော်မမှီး ခရီးထွက်တဲ့အချိန်မှာ
ကိုယ့်ကို ရှင်းပြ၊ ကိုယ့်ကို ဓာတ်ပုံလေးရိုက်ပေးဖော်ရလဲ မနည်းပေဘူး” လို့သဘောထားပြီး
အချိန်အတော်ကြာ သူနဲ့အတူ ဟိုကြည့် ဒီကြည့် ကြည့်နေမိပါတယ်။
ဟိုပြော ဒီပြော ပြောနေမိပါတယ်။

ဒီဘေယွန်ကျောင်းတော်က ဗုဒ္ဓဘာသာကျောင်းတော်ဆိုပေမဲ့
ဟိန္ဒူနတ်ရုပ်တုတွေ အမြောအများတွေ့ရပါတယ်။
ဒီကျောင်းတော်ကြီးမှာ မျက်နှာတော်ရုပ်တုကြီးတွေက အတော်ထူးခြားတယ်။
တချို့က ဒီမျက်နှာတော် ရုပ်တုကြီးတွေကို ဗုဒ္ဓမျက်နှာတော်လို့ဆိုတယ်။
တချို့ကတော့ ခမာဘုရင်တွေရဲ့ မျက်နှာလို့ ယူဆကြတယ် တဲ့။     (ပုံကြည့်)
သူ ပြောပြတာပါ။

“ဒါနဲ့ မင်းက ဘာတုန်း၊ ဒီနေရာမှာပဲ နေသလား” လို့မေးတော့
“တပည့်တော်လဲ အရင်က ဘုန်းကြီးပါ၊ ၁၀ နှစ် ဘုန်းကြီးဘ၀နဲ့ နေခဲ့ဘူးပါတယ်” တဲ့
“မိန်းမရပြီးပြီလား” ဆိုတော့
“ရပြီးပြီ၊ ကလေး ၃ ယောက်ရှိတယ်၊ မိန်းမနဲ့ကွဲနေတယ်” တဲ့။
“ကလေးတွေက ဘယ်သူနဲ့နေတုန်း” ဆိုတော့
“တပည့်တော်နဲ့ နေနေတာပါ” လို့ ပြောပြပါတယ်။
“အော် အေးအေ၊ ဟော ဟိုဘက်က အဆောက်အဦလေးက ဘာလဲ” လို့
ဘေယွန်ကျောင်းနဲ့ ဂိုက် ၃၀၀ အကွာလောက်က
အဆောက်အဦလေးကို ညွှန်ပြပြီး မေးကြည့်တော့
“အဲ့ဒါ တပည့်တော်ဘုန်းကြီးဘ၀က နေခဲ့တဲ့ကျောင်း” တဲ့။
သွားလည်ကြည့်ချင်တယ်ပြောတော့ ရပါတယ် ဆိုပြီး ခေါ်ဆောင်သွားပါတယ်။

ကျောင်းရှေ့ရောက်တော့ ကျောင်းထိုင်ဆရာတော်လို့ ယူဆရတဲ့ ဘုန်းကြီးတစ်ပါးက
မီးစတစ်ဖက် (အမွှေးတိုင်မီးညှိထားတာကတစ်ဖက်)၊ ရေမှုတ်တစ်ဖက်နဲ့
အသက် ၁၈ နှစ်ဝန်းကျင်အရွယ် မိန်းမပျိုလေတစ်ယောက်ကို
ကျောင်းရှေ့ဝရန်တာမှာ ရေလောင်း ရေချိုးပေးနေတာ တွေ့လိုက်ရတယ်။
“အဲ့ဒါ ဘာလုပ်ပေးနေတာလဲ” လို့မေးကြည့်တော့
အန္တရာယ်ကင်း ဘေးရှင်းအောင် ရေချိုးပေးနေတာတဲ့။ (ပုံကြည့်)
အော်၊ အေးအေး ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်ခဲ့ရတာပေါ့။
ဒီကျောင်းပတ်ဝန်းကျင် လိုက်ကြည့်လို့ရမလားဆိုတော့
ရပါတယ်ဆိုပြီး လိုက်ပြပေးပါတယ်။

ဖြစ်သလိုဆောက်ထားတဲ့ တဲလိုမျိုးအဆောက်အဦလေးထဲမှာ
ရဟန်းတော်အချို့ ဖြစ်သလိုနေနေတာကို တွေ့လိုက်ရတယ်။ (ပုံကြည့်)
ဒီသံဃာတွေ အရုဏ်ဆွမ်း နေ့ဆွမ်း ဘယ်လို ဘုဉ်းပေးကြသလဲလို့မေးတော့
အရုဏ် - ဆန်ပြုတ်၊ နေ့ဆွမ်း ခံစားရတယ်တဲ့။
ဒါနဲ့ အရုဏ်ဆွမ်းအတွက် ဒေါ်လာ ၂၀ ကို
ခုနက ရေချိုးပေးနေတဲ့ဆရာတော်ထံ သွားပြီး လှူဒါန်းဖြစ်ခဲ့တယ်။
ဒေါ်လာ ၂၀ လှူလို့ အဲ့ကျောင်းက ဘုန်းကြီးက ဆုတောင်းပေးတဲ့သဘောနဲ့
အသံခပ်ကျယ်ကယ်နဲ့ ရွတ်ဆိုနေလိုက်တာ ငါးမိနစ်လောက်တောင် ကြာမယ်ထင်တယ်၊
ဘာတွေရွတ်ဆိုနေမှန်းတော့ မသိခဲ့ဘူး။
ဒေါ်လာ ၂၀ နဲ့ အရုဏ်ဆွမ်းလောက်လားလို့ မေးကြည့်တော့ လောက်ပါတယ်တဲ့။
ဆရာတော်ကြီကတော့ ပြုံးလို့။ ဆရာတော်ကြီးအပြုံးက ကိုယ့်ဆီရောင်ပြန်ဟတ်လို့
ကိုယ်လဲ ၀မ်းသာပီတိဖြစ်ခဲ့ပါတယ်။

နောက်တော့ လိုက်ပို့ပေးတဲ့ ဘုန်းကြီးလူထွက်ဆိုတဲ့ဒကာလေးကို
သူ့ကလေးအတွက်မုန့်ဘိုးဟုဆိုကာ ၅ ဒေါ်လာ ထုတ်ပေးခဲ့ပြီး
နှုတ်ဆက်၊ တက္ကစီရှိရာကို ပြန်လာခဲ့ပါတယ်။
တက္ကစီဒရိုက်ဘာနဲ့တွေ့လို့ ဘယ်ကို ဆက်သွားမလဲလို့ မေးကြည့်တော့
Tomb Raider ရုပ်ရှင်ကား ရိုက်ဖူးခဲ့တဲ့
Ta Prohm Buddhist Temple ကိုတဲ့။

Sunday, September 14, 2014

ကမ္ဗောဒီးယားခရီးစဉ် (၃)



မနက်စာစားပြီး အန်ကောဝပ်ကျောင်းတော်ကြီးဂိတ်ပေါက်မှာ
“ခင်ဗျား ကျောင်းဝင်းထဲလိုက်ပြီး ကျုပ်ကို ရှင်းပြပေးနိုင်မလား၊
ဝင်ကြေးကို ကျုပ်ပေးပါ့မယ်” လို့ တက္ကစီဒရိုက်ဘာကို ပြောတော့
ကမ္ဗောဒီးယားနိုင်ငံသားတွေအနေနဲ့
ဘယ်ရှေးဟောင်းကျောင်းထဲကိုဝင်ဝင်၊ ဘယ်ပြတိုက်ထဲကို လေ့လာ လေ့လာ
ဝင်ကြေးပေးစရာမလိုကြောင်း၊ ဒါပေမဲ့ နိုင်ငံခြားသားတွေကို
ရှေးဟောင်းကျောင်းတော်ကြီးတွေထဲမှာ ရှင်းပြခွင့်မရှိကြောင်း၊
နိုင်ငံခြားသားတွေကို ရှင်းပြဘို့အတွက် တရားဝင်လိုင်စင်ရဧည့်လမ်းညွှန်တွေ ရှိကြောင်း၊
အန်ကောဝပ်ကျောင်းတော်ကြီးအတွက် ဧည့်လမ်းညွှန်ခ ၅ ဒေါ်လာပေးရကြောင်း စသဖြင့်
ရှင်းပြပြီးနောက်
သူကားပတ်ကင်းထိုးမယ့်နေရာကို လက်ညှိုးထိုးပြကာ
ထိုနေရာက စောင့်နေမည်ဖြစ်ကြောင်း ပြောပြီး ထွက်ခွါသွားပါတယ်။

ဒါနဲ့ ကိုယ်လဲ တစ်ယောက်တည်း အန်ကောဝပ်ဘက်ကို မျက်နှာမူဦးတည်လိုက်ပါတယ်။
အန်ကောဝပ်ကျောင်းဆောင်ဘက် ခြေဦးလှည့်တာနဲ့
ကြည်ပြာရောင်ယူနီဖောင်းဝတ်လူငယ်လေးတစ်ယောက် အနားရောက်လာပြီး
အန်ကောဝပ်ဝင်ခွင့်ကဒ် ပြခိုင်းပါတယ်။
ဝင်ခွင့်ကဒ်ပြပြီးတာနဲ့ အ၀ါဖျော့ဖျော့ယူနီဖောင်းဝတ်ထားတဲ့
လူငယ်လေးတစ်ယောက်ရောက်လာပြီး “ဧည့်လမ်းညွှန်လိုပါသလား” လို့ မေးပါတယ်။
တစ်ယောက်တည်း ခရီးထွက်လာတာဖြစ်တဲ့အတွက်
ဓာတ်ပုံရိုက်ပေးမယ့်သူတောင် မရှိတာနဲ့
“အေးကွာ၊ ငါဧည့်လမ်းညွှန်ခေါ်ချင်တယ်၊ ဘယ်လောက်ပေးရမလဲ” လို့ ပြန်ပြောလိုက်တယ်။
“ဒေါ်လာ ၂၀ ပေးရမယ်”
“ဟေ့၊ ငါ့ကို ငါ့ဒရိုက်ဘာက ပြောလိုက်တယ်၊ ဧည့်လမ်းညွန်ကို ၅ ဒေါ်လာပဲ ပေးရမယ်” တဲ့။
“မရဘူး၊ ဒေါ်လာ ၂၀”
“၅ ဒေါ်လာ”
“ဒီနေ့ ဖောက်သည်တစ်ယောက်မှ မရသေးလို့ ၁၀ ဒေါ်လာတော့ ပေးပါ၊
မနက်စာလဲ မစားရသေးလို့ပါ” တဲ့။
“စားစရာမရှိလို့ တောင်းတာဆိုရင်တော့ ငါပေးပါ့မယ်၊ ကဲ၊ သွားကြစို့” လို့ အခြေအတင်ဆိုကာ
ဧည့်လမ်းညွှန်နဲ့ အတူ သွားဖြစ်ပါတယ်။

အန်ကောဝပ်ကျောင်းဆောင်ကြီးဆီရောက်ဖို့ ကားလမ်းဘေးကနေ
အတော်လျှောက်ရပါသေးတယ်။
ကားလမ်းမှသည် အန်ကောဝပ်ကျောင်းတော်ဆီသွားရာလမ်းကို
လေးဒေါင့်ရှည်ကျောက်တုံးကြီးတွေ ညီညီညာညာခင်းထားပါတယ်။
ကားလမ်းမှသည် အန်ကောဝပ်ကျောင်းဆောင်သို့အသွား ခရီးတ၀က်ခန့်အရောက်
လမ်းဘေးဝဲယာမှာ အဆောက်အဦငယ်လေးတစ်လုံးစီတွေ့လို့
ဘာအဆောက်အဦလေးတွေလဲ လို့မေးကြည့်တော့
စာကြည့်တိုက်လေးတွေတဲ့။
ဒီစာကြည့်တိုက်လေးတွေက ဇာတ်နိမ့်တွေအတွက် ဒီနားမှာ လာဆောက်ထားတာပါတဲ့။
ဇာတ်လတ်၊ ဇာတ်မြင့်တွေအတွက် သီးသန့်စာကြည့်တိုက်တွေ ရှိသေးတယ်လို့ ရှင်းပြပါတယ်။

သူဒီလိုရှင်းပြနေတုန်း
“မြန်မာစကားမှာ ဇာတ်ရှုပ်တယ်၊ ဇာတ်ရှုပ်တယ်ဆိုတာ
ဇာတ်ပွဲက ဇာတ်တွေ ရှုပ်တာမဟုတ်ဘူး၊
အိန္ဒိယနိုင်ငံက ဇာတ်စနစ်တွေရှုပ်တာ”လို့
အိန္ဒိယနေတုန်းက ကိုယ့်အချင်းချင်းမကြာခဏပြောခဲ့ဘူးတာကို သတိရမိတယ်။

စာကြည့်တိုက်အဆောက်အဦလေးတွေ အလွန်မှာ မိုးရွာလာလို့
လမ်းဘယ်ဘက်ဘေး ခပ်လှမ်းလှမ်းက ဈေးဆိုင်တန်းလေးတွေဆီ
ဧည့်လမ်းညွှန်နဲ့အတူ ခပ်သုပ်သုပ်လျှောက်လာဖြစ်ပါတယ်။
မန္တလေးထိုးမုန့်ဆိုင်တန်း၊ ကျိုက်ထို၊ ယိုဆိုင်တန်းတွေလိုပါပဲ။
ဆိုင်တန်းရှေ့ရောက်တော့ သူ့ဆိုင်ဝင်ပါ၊ ငါ့ဆိုင်ဝင်ပါ တစာစာနဲ့ ဖိတ်ခေါ်နေလေရဲ့။
နည်းနည်းကြီးတဲ့ဆိုင်ထဲ ၀င်မိတယ်။
တီရှပ်လေးတစ်ထည် ဈေးမေးကြည့်တော့ ဒေါ်လာ ၂၀ တဲ့။
အဲ့လိုတီရှပ်မျိုး မလေးရှားမှာဆို ရင်းဂစ် ၅ ရင်းဂစ်လောက်ပဲ။ (တစ်ဒေါ်လာခွဲပေါ့)
ဘယ့်နှယ်၊ ကမ္ဗောဒီးယားမှာ ဈေးကြီးလှပါလားလို့ စဉ်းစားရင်း
ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့် ကြည့်နေဖြစ်တယ်။
မိုးရွာတာရပ်သွားလို့ပြန်ထွက်မယ်လုပ်တော့
ခုနက တီရှပ်ယူမလား၊ ယူမယ်ဆို ဒေါ်လာ ၁၀ နဲ့ ပေးမယ်တဲ့။
မယူပါဘူးလို့ပြောတော့ ၁၀ ဘိုး ၂ ထည်တဲ့။
မယူဘူးပြောတော့ ၁၀ ဘိုး ၃ ထည်တဲ့။
ဖြစ်မှ ဖြစ်ရလေ၊
ကမ္ဗောဒီးယားမှာ ဈေးဝယ်မယ်ဆို
ဈေးကို အားမနာတမ်းစစ်မှ ဖြစ်မယ်ဆိုတာ ဒီဆိုင်က သင်ပေးလိုက်တာပဲ။

အန်ကောဝပ်ကျောင်းတော်ကြီးဆီ ခပ်သုတ်သုတ်လျှောက်ဖြစ်ပါတယ်။
မြွေရုပ်တုကြီးနားရောက်တော့
“ဒီမြွေရုပ်ကြီးမှာ အမြီးမပါဘူး၊ ခေါင်းပဲပါတယ်၊ အဲ့ဒါက ဘာအဓိပ္ပါယ်လဲဆိုတော့
အမြီးပါရင် အမြီးမှာ ဆုံးသွားမယ်၊ ဆုံးသွားတယ်ဆိုတာ သေသွားတာကို ပြောတာ၊
ဒီတော့ မသေအောင် မဆုံးအောင် အမြီးမပါပဲ မြွေကြီးကို ပုံဖော်ထားတာဖြစ်ကြောင်း”
အစချီကာ အန်ကောဝပ်ကျောင်းတော်ကြီးအကြောင်းကို စီကာပတ်ကုံး ရှင်းပြပါတော့တယ်။

အန်ကောဝပ်ကျောင်းတော်ကြီးက (ယခင်အခေါ် အန်ကောမြို့ဟောင်း)
ယခုအခေါ် Siem Reap မြို့အနီးအနားမှာ တည်ရှိတာပါ။
Siem ဆိုတာက ယိုးဒယား၊ Reap ဆိုတာက နှင်ထုတ်နိုင်တာ။
ဒီမြို့ကို ယိုးဒယားတွေကို နှင်ထုတ်နိုင်တဲ့အထိမ်းအမှတ်နဲ့ မှည့်ခေါ်ထားတာပါ။
အန်ကောဝပ်မှာ အန်ကော ဆိုတာ
နဂရ ဆိုတဲ့ (ပါဠိ၊ သက္ကတ) ပုဒ်က ဆင်းသက်လာတာဖြစ်ပြီး မြို့လို့ အဓိပ္ပါယ်ရပါတယ်၊
ဝပ် ဆိုတာကတော့ ကျောင်းပါ။
ဒါ့ကြောင့် အန်ကောဝပ်ဆိုတာ
The City of the Temple (ဘုရားကျောင်းမြို့တော်) လို့ အဓိပ္ပါယ်ရပါတယ်။
ဒီအန်ကောဝပ်ကျောင်းတော်ကြီးကို
ခမာဟိန္ဒူဘုရင် Suryavarman II က
၁၂ ရာစု အစောပိုင်းမှာ ဆောက်လုပ်ခဲ့တာပါ။ (ပုဂံခေတ်နဲ့ မရှေးမနှောင်း၊ ခေတ်ပြိုင်)
ဒီအန်ကောဝပ်ကျောင်းတော်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဘုရားကျောင်းတစ်ခုဖြစ်ပြီး
အမြင့်မှာ မြေပြင်မှ ၆၅ မီတာ ရှိပါတယ်။
(ပုဂံမှ အမြင့်ဆုံး ၆၁ မီတာမြင့်သော သဗ္ဗညုစေတီ နှင့် နှိုင်းယှဉ်လျှင်
အန်ကောဝပ်ကျောင်းတော်သည် အနည်းငယ်မြင့်မားပါသည်။)
အန်ကောမြို့ဟောင်းရဲ့  ဘုရားတိုင်းမှာ  ကျုံးရှိပါတယ်။
ဒီ အန်ကောဝပ်ကျောင်းတော်ကြီးရဲ့ ကျုံးကြီးကို ကျောင်းကြီးနဲ့လိုက်လျှောညီထွေဖြစ်အောင်
အင်မတန်ကြီးကြီးကျယ်ကျယ် ဆောက်လုပ်ထားတာပါ။
အန်ကောဝပ်ဘုရားကျောင်းကို မြင့်မိုရ်တောင်ကို အဓိပ္ပါယ်ဆောင်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။
မြင့်မိုရ်တောင်ကို ဖော်ကျူးထားတဲ့ လက်ရာတွေထဲမှာ ဒီ အန်ကောဝပ်ကျောင်းတော်ကြီးက
အကောင်းဆုံလက်ရာလို့ ပြောမယ်ဆို ပြောလို့ရပါတယ်။
မြင့်မိုရ်တောင်ကို ၀ိုင်းရံထားတဲ့ ပင်လယ်ခုနစ်စင်း၊ သမုဒ္ဒရာခုနစ်ခုကို
၁၂ ရာစုက ဗိသုကာပညာရှင်များ အကောင်းဆုံးဖော်ကျူးနိုင်ခဲ့ပါတယ်။
ဟိန္ဒူဘုရင်က ကြီးမှူးဆောက်လုပ်ခဲ့တာဖြစ်တဲ့အတွက်
ဒီအန်ကောဝပ်ကျောင်းတော်ကြီးဟာ တကယ်တော့ ဟိန္ဒူကျောင်းတော်ကြီးပါ။
ဒါ့ကြောင့် အန်ကောဝပ်ကျောင်းတော်ကြီးမှာ ဟိန္ဒူနတ်ရုပ်တွေ အမြောက်အများတွေ့ရတာပါ။
ဟိန္ဒူကျမ်း ဟိန္ဒူဇာတ်လမ်းတွေထဲက ဇာတ်ကောင်ရုပ်တုတွေကိုလဲ တွေ့ရပါတယ်။
ဒီဟာက ရာမာယဏဇာတ်လမ်းထဲကပုံတွေပါ။
ဒါပေမဲ့ အန်ကောဝပ်ရဲ့ နောက်ဆုံးမင်းဆက်ကတော့ ဗုဒ္ဓဘာသာဝင် ရှင်ဘုရင်ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့်မို့လဲ ဗုဒ္ဓရုပ်ပွါးတော်တွေ ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ ရုပ်ပုံတွေကိုလဲ
ဒီအန်ကောဝပ်ကျောင်းတော်ကြီးမှာ တွေ့ရနိုင်ပါတယ်… စသဖြင့် စသဖြင့်
ဧည့်လမ်းညွှန်ပီပီ ကြားဘူးနားဝ အကုန်လျှောက်ပြောတော့တာပဲ။

အန်ကောဝပ်ကျောင်းကို အလည်အပတ်သွားရောက်သင့်ပါတယ်။
၁၂ ရာစုမှာ ဆောက်ထားတဲ့ကျောင်းတော်ကြီးအနေနဲ့
အင်မတန် အံ့သြဘွယ်တွေ တွေ့ရမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဗောရောဗုဒေါဆိုတဲ့ ဗုဒ္ဓဘာသာစေတီတော်ကြီးတစ်ဆူရှိပါတယ်။
၂၀၁၀ တုန်းက အလည်အပတ်သွားဘူးပါတယ်။
သမိုင်းရှုဒေါင့် ဗိသုကာရှုဒေါင့်က ကြည့်မယ်ဆိုရင်
အင်ဒိုနီးရှားက ဗောရောဗုဒေါစေတီကြီးထက်
ကမ္ဗောဒီးယားက အန်ကောဝပ်ကျောင်းတော်ကြီးက ပိုပြီး ခန်းနားကြီးကျယ်မယ်လို့ ထင်ပါတယ်။
အလည်သွားရောက်လိုသူတွေအတွက်
ဧည့်လမ်းညွှန်ကို ငှားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။
အန်ကောဝပ်ကျောင်းတော်ကြီးအကြောင်း ရေးထားတဲ့ စာအုပ်တွေထဲမှာ မပါတဲ့
နေရာတွေကိုလဲ သူပြပေးပြီး အကုန် အသေးစိတ် ရှင်းပြပေးပါတယ်။
သူ့အင်္ဂလိပ်က သိပ်မဆိုးလှပါဘူး။
Lotus ကို လိုတုစ် လို့ ထွက်တာက လွဲရင်ပေါ့လေ။

ရာမယဏဇာတ်အကြောင်းဧည့်လမ်းညွှန်က ရှင်းပြတော့
အကော်ဒယံအုန်းကျော်၊ သားစိုး၊ ဖိုးချစ်၊ ဂျင်းနီတို့ ဆိုထားတဲ့
အချစ်ရှုံးသမား ဒဿဂီရိထဲက
သီတာ မင်းသမီးလေးကို လိုချင်တတ်မက်မောသူ….
ကျမကို ချစ်တာ ဘယ်သူတဲ့လဲ၊ ကျမကို ချစ်တာ ဘယ်သူတဲ့လဲ…
ငါဘဲ ငါဘဲ ဆိုတာကို ကြားယောင် မြင်ယုံမိလို့ ပြုံးမိပါသေးတယ်။

ဧည့်လမ်းညွှန်လေးက အန်ကောဝပ်ကျောင်းဆောင် အမြင့်ဆုံးအဆောင်ခြေရင်းအထိ
လိုက်ပါပို့ဆောင်ပြီး ဓာတ်ပုံများ ရိုက်ပေးပါတယ်။
အမြင့်ဆုံးအဆောင်တက်ဖို့ လုပ်ထားတဲ့ သစ်သားလှေခါးကို လက်ညှိုးထိုးပြရင်း
ဒီလှေခါးကို တက်တဲ့အခါ သတိထားတက်ဖို့လိုကြောင်း၊ ဒီလှေခါးပေါ်က လိမ့်ကျလို့သေတာ
၂ ယောက်ရှိပြီဖြစ်ကြောင်း၊  ပြောဆိုကာ ဧည့်လမ်းညွှန်လေးနဲ့ နှုတ်ဆက်လမ်းခွဲခဲ့ပါတယ်။

သူက ပြန်ဆင်းသွားပါပြီ။
ကိုယ်က အမြင့်ဆုံးအန်ကောဝပ်ဆောင်ပေါ် ဆက်တက်ပါတယ်။
တော်တော်မြင့်ပါတယ်။ အတက်က နည်းနည်း မတ်ဆောက်ပါတယ်။
အပေါ်ရောက်တော့ အရှေ့ အနောက် တောင် မြောက် ၀ဲ ယာ ကြည့်ပြီး
ပြန်ဆင်းလာပါတယ်။

အန်ကောဝပ်ကျောင်းဆောင်က အထွက် မိုးက သဲကြီးမဲကြီးရွာချလို့
မိုးရွာတာကို အခွင့်ကောင်းချောင်းနေတဲ့ ထီးရောင်းတဲ့သူက
အနားရောက်လာပါတယ်။
ထီးတစ်လက်ဘယ်လောက်လဲ မေးတော့ ၅ ဒေါ်လာတဲ့။
၂ ဒေါ်လာနဲ့ ရရင် ယူမယ်ဆိုတော့ အဆင်ပြေခဲ့ပါတယ်။

အန်ကောဝပ်ကျောင်းအပြင်ဘက်ရောက်တော့
တက္ကစီဒရိုက်ဘာက နေ့ဆွမ်းစားပြီးပြီလားလို့ မေးပါတယ်။
မစားရသေးကြောင်းပြန်ပြောတော့
အချိန်နောက်ကျနေလို့ အနီးအနားက ဆိုင်မှာပဲ စားစေလိုကြောင်းပြောတာနဲ့
အန်ကောဝပ်ကျောင်းအပြင်ဘက် ကားပတ်ကင်းနေရာက
လမ်းဘေးထမင်းဆိုင်မှာ ငါးကင် သုံးကောင်နဲ့ နေ့လည်စာ ပြီးလိုက်ရပါတယ်။

Saturday, September 13, 2014

ကမ္ဗောဒီးယားခရီးစဉ် (၂)



Wat Damnak ဘုန်းကြီးကျောင်းထဲကိုရောက်တော့
ဓမ္မာရုံလိုအဆောက်အဦရှေ့မှာ ထိုင်နေတဲ့ဒကာကြီးနှစ်ဦးကို
“ဒီဘုန်းကြီးနဲ့ တွေ့ချင်လို့ပါ” လို့ နာမည်လေးရေးယူလာတဲ့စာရွက်ကို ထုတ်ပြတော့
တက္ကသိုလ်ကို စာသွားသင်နေကြောင်းနဲ့
၁၀ နာရီကျော်လောက်မှ ပြန်ရောက်မှာ ဖြစ်ကြောင်းပြောပြပါတယ်။
ဒါနဲ့ တက္ကစီဒရိုက်ဘာကို ခေါ်ကာ ကျောင်းဝန်းကျင် ဟိုဟိုဒီဒီကို လိုက်ကြည့်ရင်း
“ခင်ဗျားတက္ကစီ တစ်ရက်ငှားရင် ဘယ်လောက်ကျသလဲ” လို့ မေးတော့
“ဒီတက္ကစီက အဲကွန်းဘာညာစသည်ပါလို့ တစ်ရက်ကို ၂၅ ဒေါ်လာပေးရမယ်” တဲ့။
“တုတ်တုတ်လို သုံးဘီးလေးတွေကို ငှားမယ်ဆိုရင်တော့ ၁၅ ဒေါ်လာပဲ ကျမယ်” လို့ ပြောပါတယ်။
“ရောက်တုန်းခိုက်တုန်း အဲကွန်းကားနဲ့ လည်တာကောင်းပါတယ်” လို့ စဉ်းစားမိပြီး
“ခင်ဗျား ဒီနေ့အားမယ်ဆို ခင်ဗျားကားကို တစ်ရက်ငှားချင်တယ်” လို့ပြောတော့ “အိုကေ” တဲ့။

“ကမ္ဗောဒီးယားက ဘုန်းကြီးကျောင်းမှာရှိတဲ့အခန်းတွေက
နိုင်ငံခြားကလာတဲ့ ရဟန်းများအဖို့ သိပ်အဆင်မပြေဘူး၊
ဟိုတယ်တည်းရင် ပိုအဆင်ပြေနိုင်ပါတယ်၊
ဒီအနီးအနားမှာ ဘုန်းကြီးတွေ တည်းခိုလေ့ရှိတဲ့ ဟိုတည်ရှိတယ်၊ လိုက်ပို့ပေးရမလား” လို့
ဒရိုက်ဘာက ဆက်ပြောပါတယ်။

 “ဈေးလဲ သက်သာမယ်၊ လုံခြုံမှုလဲ ရှိမယ်ဆိုရင်တော့
ငါလဲ ဟိုတယ်မှာပဲ တည်းချင်ပါတယ်” လို့ ပြန်ပြောတော့
ဘုန်းကြီးကျောင်းနဲ့ ၁၀ မိနစ်လောက်လမ်းလျှောက်ရင် ရောက်နိုင်တဲ့
ဟိုတယ်တစ်ခုကို ပို့ပေးပါတယ်။
ဟိုတယ်တည်းခိုခန်းခ တစ်ရက် ၁၅ ဒေါ်လာပေးရပါတယ်။
နေမယ် မနေမယ် မဆုံးဖြတ်ခင် ဟိုတယ်ခန်းလေးကို တက်ကြည့်တော့
သိပ်တော့ မဆိုးပါဘူး။
၁၅ ဒေါ်လာဆိုတော့ ၁၅ ဒေါ်လာဘိုးလောက်တော့ ကောင်းပါတယ်လေ။ :D
ပါလာတဲ့အိပ်တစ်လုံးကို အခန်းထဲ ထည့်သွင်းပြီး
နာမည်ကျော်အန်ကောဝပ်ကျောင်းတော်ကြီးဆီ ချီတက်လာပါတော့တယ်။

မင်းတို့နိုင်ငံ၊ ကားလမ်းတွေ ကောင်းလှပါလားလို့ ပြောတော့
နိုင်ငံခြားသားတွေအလာများတဲ့ ဒီနေရာတ၀ိုက်ပဲ ကောင်းတာပါ တဲ့။

ရှေးဟောင်းမြို့ဖြစ်တာချင်းအတူတူ ကမ္ဗောဒီးယားနိုင်ငံ၊ ဒီ Siem Reap မြို့ပြက
မြန်မာပြည်၊ ပုဂံမြို့ပြထက် သာတာကို သတိထားမိတယ်။

အန်ကောဝပ်ကျောင်းတော်ကြီးဆီအသွား မြို့အထွက်တစ်နေရာမှာ
ဝင်ကြေးအတွက် လက်မှတ်ဖြတ်ရပါတယ်။
တစ်ရက်ဝင်ကြည့်ခ ဒေါ်လာ ၂၀ တဲ့။
၂ ရက်ကို ၄၀ တဲ့။ ၃ ရက် ၀င်ကြည့်မယ်ဆိုရင်တော့ ၅၀ တဲ့။
ဘယ်နှရက် လည်မလဲ၊ ဘယ်နှရက်လာကြည့်မလဲ လို့
လက်မှတ်ဖြတ်ကောင်တာက မေးပါတယ်။
ကောင်တာရှေ့နားမှာ တပ်ဆင်ထားတဲ့ ကင်မရာရှေ့ ရပ်ခိုင်းပါတယ်။
တစ်ရက်လည်ပတ်ခ ဒေါ်လာ ၂၀ ပေးချေလိုက်တော့ ကိုယ့်ဓာတ်ပုံနဲ့အတူ
(Ankor Pass) အန်ကောဝပ်လည်ပတ်ခွင့်လက်မှတ်လေး ထုတ်ပေးပါတယ်။
လက်မှတ်လေးမှာ ဓာတ်ပုံလဲပါ၊ နေ့ရက်လဲပါတော့ လက်မှတ်စစ်တဲ့သူတွေအတွက်
အတော်လေး အဆင်ပြေ ချောမွေ့တာကို တွေ့ရပါတယ်။
ဒီစနစ်မျိုးလေး ပုဂံလိုနေရာမျိုးမှာ ကျင့်သုံးရင် ကောင်းမှာပဲလို့
ပုဂံကို စိတ်ရောက်သွားပါသေးတယ်။

လက်မှတ်ဖြတ်တဲ့ ကောင်တာကနေ ၅ မိနစ်လောက် ကားဆက်မောင်းတော့
အန်ကောဝပ်ဂိတ်ပေါက်ကို ရောက်ပါတယ်။
“ငါမနက်စာ ခုထိမစားရသေးဘူးဟ” လို့ ဒရိုက်ဘာကို ပြောတော့
အန်ကောဝပ်ကျောင်းဂိတ်နားက ဆိုင်လေးတစ်ဆိုင်ကို လက်ညှိုးထိုးပြပါတယ်။
ဆိုင်လေးက သပ်သပ်ယပ်ယပ်လေး။
အန်ကောဝပ်ကျောင်းတော်ကြီးကို ကျောပေးပြီး မတ်တတ်ရပ်လိုက်ရင်
ဆိုင်လေးက ဘယ်ဘက်ဘေးမှာပါ။
အဲ့နေ့က အဲ့ဆိုင်မှာ
(Mango Yogurt) သရက်သီး+ဒိန်ချင်တစ်ခွက်နဲ့ မနက်စာ ပြီးလိုက်ရပါတယ်။

Friday, September 12, 2014

ကမ္ဗောဒီးယားခရီးစဉ် (၁)

ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာဝင်လူဦးရေ သန်း ၅၀၀ ကျော်ရှိတယ်လို့
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ၃၀ က ဒေါက်တာရာဟုလာ ရေးခဲ့တဲ့
What the Buddha Taught ဆိုတဲ့စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။
ဒါပေမဲ့ ဗုဒ္ဓဘာသာမှာ အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေပါတယ်။
အဲ့ဒါတွေကတော့
(၁) မဟာယာနဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) ထေရ၀ါဒဗုဒ္ဓဘာသာတို့ဖြစ်ပါတယ်။

၁။ မဟာယာနဗုဒ္ဓဘာသာ
မဟာယနဂိုဏ်းရဲ့ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်ပါတယ်။
လူတိုင်းလူတိုင်း သတ္တ၀ါတိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရမယ်လို့ ဆိုပါတယ်။
ဘုရားလောင်းဖြစ်ရမယ်၊  ဘုရားလောင်းအဖြစ်နဲ့ လောကကို ကယ်တင်ရမယ်
ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ဘုရားအလောင်းအဖြစ်နဲ့ သွားရမယ်လို့ သူတို့က ယူဆကြပါတယ်။
ဘုရားရှင်တရားတော်တွေကို ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း မဟုတ်ဘဲ
ကာလ၊ ဒေသ၊ ပုဂ္ဂလ အစရှိ သော အခြေအနေအရပ်ရပ်တို့နဲ့ ကိုက်ညီအောင်
ဘုရားရှင်ရဲ့ တရားတော်တို့ကို ပြုပြင်ပြီး
တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့်
နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟူ၍
ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။
မဟာယာနဗုဒ္ဓဘာသာကို ဗီယက်နမ်၊ တိဗက်၊ တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ မွန်ဂိုးလီးယားစတဲ့
နိုင်ငံတွေမှာ လက်ခံကျင့်သုံးကြပါတယ်။

၂။ ဟီနယာနဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရား အစစ်အမှန်တွေကိုလည်း
အတိအကျ မလိုက်နာနိုင် မဟာယာနတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့
မလုပ်ချင်တဲ့ ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။
အခုအခါမှာတော့ ၎င်းဂိုဏ်းတို့သည် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက
မျိုထားခြင်းကို ခံလိုက်ကြရသည်လို့ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး
ပျောက်ကွယ်  သလောက် ဖြစ်သွားပါပြီ။

ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို
မဟာယာနတို့က ပြုလုပ်ခဲ့တာပါ။
ဘီစီ ငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းလို့ ဆိုနိုင်ပါတယ်။
ယခု -တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်
အစရှိသောနိုင်ငံ - တို့မှာမဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသည်။
မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာန မတူပါ။

၃။ ထေရဝါဒဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာက မြတ်စွာဘုရား ဟောကြားတော်မူထားတဲ့
တရားတော်  မူရင်းအတိုင်း လက်ခံကျင့်သုံးပါတယ်။
ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြုပါဘူး။
ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍လည်း ရောက်နိုင်တယ်။ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီး ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ရောက်နိုင်တယ်။
ထေရဝါဒဗုဒ္ဓဘာသာကို
၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လော-နိုင်ငံတို့မှာ
ကိုးကွယ်နေလျက် ရှိပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံ ငါးနိုင်ငံရှိရာမှာ
သီရိလင်္ကာနိုင်ငံမှာ ၂ နှစ်နေဘူးတော့
သီရိလင်္ကာနိုင်ငံအကြောင်း အတန်အသင့်လေ့လာခွင့်ရခဲ့ပါတယ်။
ထိုင်းနိုင်ငံကိုလဲ ၃ - ၄ ခေါက်ထက်မနည်း ရောက်ဖူးပါတယ်။
မရောက်ဖူးသေးတာက ကမ္ဗောဒီးယားနဲ့ လာအိုနိုင်ငံပါ။
လာအိုနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုအမွေအနှစ်
စွဲဆောင်မှုကောင်းလောက်အောင် သိပ်မရှိလေတော့ သွားလိုစိတ် သိပ်မဖြစ်ပါဘူး။
ကမ္ဗောဒီးယားကိုတော့ သွားချင်နေတာ ကြာပါပြီ။

ကမ္ဗောဒီးယားမှာ နာမည်ကျော် အန်ကောဝပ်ဆိုတဲ့ကျောင်းတော်ကြီးကို
ကိုယ့်မျက်စိနဲ့ တပ်အပ်ကြည့်ချင်တာရယ်
အဲ့နိုင်ငံက ဗုဒ္ဓဘာသာအခြေအနေနဲ့ ကိုရင်ဦးဇင်းတွေရဲ့
ဗုဒ္ဓဘာသာပညာရေးအတိမ်အနက်ကို သိချင်တာရယ်ကြောင့် အဲ့နိုင်ငံကို သွားချင်တာပါ။

၂၀၁၁ တုန်းက တစ်ကြိမ်၊ ၂၀၁၂ တုန်းက တစ်ကြိမ် သွားဘို့ ပြင်ဆင်ဘူးပါတယ်။
မအောင်မြင်ခဲ့ပါဘူး။
ဒီနှစ် (၂၀၁၄)  သြဂုတ်လလယ်လောက်ကတော့
ဝါမကျွတ်ခင် သွားကို သွားမယ်လို့ ဆုံးဖြတ်ချက်ချပြီး သွားဖြစ်သွားတာ။
ဗီဇာကိစ္စစုံစမ်းကြည့်တော့ မြန်မာပတ်စပို့ကိုင်တွေအနေနဲ့
(Visa on Arrival) ဆိုက်ရောက်ဗီဇာယူလို့ရတယ်ဆိုတာ သိရတယ်။
အွန်လိုင်းမှာ evisa လဲ တင်လို့ရတယ်လို့ သိရတော့ ဆိုက်ရောက်ဗီဇာကောင်တာမှာ
တန်းစီရတာသက်သာအောင်ဆိုပြီး အွန်လိုင်းက အီးဗီဇာတင်လိုက်တယ်။
အီးဗီဇာကျဘို့ ၃ ရက်စောင့်ရတယ်။
၃ ရက်မြောက်နေ့မှာ ဗီဇာစာရွက်လေး အီးမေးလ်းကနေပို့ပေးတယ်။

ဗီဇာတင်ပြီးတော့ ကမ္ဗောဒီးယားက သူငယ်ချင်းတွေဆီ ဆက်သွယ်တယ်။
ရောက်ဖူးပေါက်ဖူးတဲ့သူတွေဆီ စုံစမ်းတယ်။

ပထမဆုံးဆက်သွယ်ဖြစ်တာက
အိန္ဒိယမှာ အတူနေခဲ့ဘူးတဲ့ ကမ္ဗောဒီးယားဦးဇင်း။
အီးမေးလ်ပို့ပေမယ့် ပြန်စာမရလို့ လက်လျှော့လိုက်တယ်။
နောက် ဘုန်းကြီးဦးဥတ္တမမှတဆင့် မြန်မာပြည်မှာနေဘူးတယ်ဆိုတဲ့
ကမ္ဗောဒီးယားဒကာလေးတစ်ယောက်ဆီ။
နောက်ပိုင်း သူနဲ့လဲ အဆက်အသွယ်ပြတ်သွားတယ်။
နောက်ဆုံးတော့ Facebook ထဲမှာ မိတ်ဆွေဖြစ်နေတဲ့

ကမ္ဗောဒီးယားက မိတ်ဆွေရဟန်းတော်တစ်ပါးဆီ စုံစမ်းတော့
အန်ကောဝပ်ရှိတဲ့နေရာ Siem Reap မြို့မှာ သူနဲ့သိတဲ့ဘုန်းကြီးကျောင်းရှိတယ်၊
မပူပါနဲ့ တည်းခိုလို့ရတယ်လို့ ပြောပါတယ်။
ဒါနဲ့ ခရီးစဉ်ဆွဲဖြစ်တယ်ဆိုပါတော့။

Kuala Lumpur (Malaysia) to Siem Reap (Cambodia) by Air
Siem Reap to Phnom Penh by Bus
Phnom Penh to Kuala Lumpur by Air။

၂၊ ၉၊ ၂၀၁၄ မနက် ၇ နာရီ မိနစ် ၅၀ မှာ
ကမ္ဗောဒီးယားနိုင်ငံ၊ Siem Reap လေဆိပ်ကို ရောက်ပါတယ်။
Immigration Counter ရောက်တော့ မြန်မာပြည်သားတွေအနေနဲ့
အီးဗီဇာတင်ဘို့ မလိုကြောင်း၊ ၁၄ ရက် နေခွင့်ရှိကြောင်း၊
၁၄ ရက်ထက်ပိုလွန်ပြီးနေချင်ရင်တော့
သက်ဆိုင်ရာမြို့က လ၀ကရုံးမှာ လျှောက်ထားရမည်ဖြစ်ကြောင်း
ဝန်ထမ်းအရာရှိက ပြောပါတယ်။
၅ ရက်ပဲ နေမှာပါဆိုတော့ အိုကေ အိုကေ ဆိုကာ
၁၄ ရက်နေခွင့်အတုံးထုပေးလိုက်ပါတယ်။

လေဆိပ်ကို အကဲခတ်ကြည့်တော့
ဝန်ဆောင်မှုလုပ်ငန်း သိပ်မဆိုးလှတာကို တွေ့ရပါတယ်။
လေဆိပ်ထဲမှာ ဘဏ် ATM စက်၊ ငွေလဲကောင်တာ၊
SIM ကဒ်မျိုးစုံအရောင်းဌာနလေးတွေ လေဆိပ်အတွင်းမှာပဲ ထားရှိထားတာကို တွေ့ရပါတယ်။
SIM ကဒ်အမျိုးအစား ငါးမျိုး ခြောက်မျိုးလောက်ရှိပါတယ်။
ဝယ်ဖြစ်တဲ့ SIM ကဒ်အမျိုးအစားက Mobital။
SIM ကဒ် တန်ဘိုးက ၁ ဒေါ်လာတဲ့။ SMS အခါ ၅၀ free ပို့ခွင့်ရှိပါတယ်။
SIM ကဒ်တန်ဘိုးက ၁ ဒေါ်လာပဲ ပေးရတာဆိုတော့ မြန်မာပြည်ထက် သာတာပေါ့နော်။

SIM ကဒ်ဝယ်ပြီး ၀ါးတစ်ပြန်လောက်မှာ တက္ကစီအငှားကောင်တာရှိပါတယ်။
ကောင်တာမှာ (ကမ္ဗောဒီးယားဦးဇင်းလေးပြောတဲ့
“Wat Damnak ဘုန်းကြီးကျောင်းကို သွားမလို့” လို့ပြောတော့
ငွေပြေစာလက်မှတ်လေးပေးပါတယ်။ ကျသင့်ငွေ ၇ ဒေါ်လာတဲ့။
တက္ကစီကောင်တာကနေ တက္ကစီဒရိုက်ဘာတစ်ယောက်ထည့်ပေးပါတယ်။
တက္ကစီလေးတွေ သိပ်မဆိုးပါဘူး။ Air Con ပါတယ်။
ထင်တာထက် ပိုကောင်းတယ်။
အစစအရာရာ စနစ်တကျရှိလှပါတယ်။
(အော် ဒါနဲ့ ပြောစရာ တစ်ခုကျန်သွားတယ်၊
ကမ္ဗောဒီးယားနိုင်ငံမှာ သူ့နိုင်ငံသုံး Riel ကိုပဲဖြစ်ဖြစ်၊
US ဒေါ်လာကိုပဲ ဖြစ်ဖြစ် သုံးလို့ အဆင်ပြေပါတယ်။
ဆိုလိုတာက ငွေ လဲလှယ်စရာမလိုပါဘူး။)
Wat Damnak ဘုန်းကြီးကျောင်းကို နံနက် ၉ နာရီဝန်းကျင်မှာ ရောက်ပါတယ်။

Thursday, September 11, 2014

ဘိက္ခူနီအရေးတော်ပုံ (၇)

 
(၆) ဘိက္ခူ  (ရဟန်တော်) မျာဖြင့်သာ ဘိက္ခူနီခံယူခြင်း။
ဤစာတမ်းကို အမှတ်မဲ့ကြည့်ပါလျှင် 
ဂရုဓမ္မနံပါတ် (၆)  အရ မဖြစ်နိုင်ဟု ထင်မြင်ယူဆချက် ချလိုက်နိုင်ပါသည်၊ ဝိနည်းဥပဒေအရခိုင်လုံမှု  ရှိ- မရှိကို နှလုံးသွင်း၍ကြည့်ပါလျှင်
ဂရုဓမ္မသည် ညွှန်ကြားချက်သာဖြစ်ပြီး
ကျူးလွန်ဖေါက်ကျော်ခဲ့သော် အပြစ်ဒါဏ် ကျရောက်နိုင်သည်ဟု
သဘောသက်ရောက်သည့်အချက် မပါပါ။
အခြားသိသာသော ဆက်ခြင်ဘွယ်အချက်တစ်ခုမှာ
ဂရုဓမ္မသည် သိက္ခမာန်နှင့် ဘိက္ခူနီလောင်းလျှာ တို့ကိုသာ
အကျင့်စရိုက်နှင့် ပါတ်သက်သောရည်ညွှန်းချက်တစ်ရပ်ဖြစ်ပါသည်၊
ဘိက္ခူတို့တွင် ဂရုဓမ္မမရှိပါ။

စူဠဝဂ္ဂ  (၁၀-၅)   တွင် ဖေါ်ပြထားသည်မှာ
ဘိက္ခူနီဖြစ်စအမျိုးသ္မီးတို့သည်
ပါတိမောက်စည်းမျဉ်းများရွတ်ဆိုခြင်း၊
ပြစ်မှုကျူးလွန်လျှင် အပြစ်ဝန်ခံရခြင်း စသည်ဖြင့်
သံဃကိစ္စတို့ကို မကျွမ်းကျင်သေးပါ  (ဝိ-၂-၂၅၉)၊
ထို့ကြောင့် ဂရုဓမ္မနံပါတ်  (၆) အရ အမျိုးသ္မီးများသည်
သံဃကိစ္စ ပြုလုပ်ရာတွင် ဘိက္ခူတို့ကဲ့သို့ စိတ်ချနိုင်လောက်အောင်
ကျွမ်းကျင်မှုဖြစ်စေရန် ထိန်းသိမ်းထားခြင်းဖြစ်ပါသည်၊
ထိုသို့နုနယ်လေးလှသော ဘိက္ခူနီဘောင်အတွင်း၌
ဘိက္ခူနီအသစ်တို့သည် ဘိက္ခူတို့  (၅-နှစ်စောသော) ၏ အကူအညီမပါဘဲ
ဘိက္ခူနီခံယူပွဲအစရှိသည့် သံဃကိစ္စများ မကျင်းပနိုင်အောင်
ဘုရားရှင်က ကြိုတင်ကာကွယ် ထားခြင်းဖြစ်နိုင်ပါသည်၊
နောက်တစ်ကြောင်းမှာ သိက္ခမာန်တို့သည်
ဘိက္ခူများမပါဝင်ဘဲ မကျွမ်းကျင်သော ဘိက္ခူနီအသစ်တို့ထံမှာ
ဘိက္ခူနီခံယူခြင်း မပြုနိုင်ရန် ကာကွယ်ထားခြင်းလည်း ဖြစ်နိုင်ပါသည်။

သို့သော်ငြားလည်း  ဂရုဓမ္မသည် ဘိက္ခူများ မည်သို့အကျင့်စရိုတ်ရှိရမည်ဟု
ညွှန်ကြားထားသော ပညတ်ချက်များ မဟုတ်ပါ၊ 
ဝိနယတွင် ဘိက္ခူနီများ၏ စည်းမျဉ်းချက်တို့သည်
ဘိက္ခူများထက် ပို၍များပါသည်၊
ဤအချက်များနှင့်ပါတ်သတ်၍
စူဠဝဂ္ဂ  (၁၀-၄)တွင် ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။
ဤနေရာ၌ ဘုရားရှင်သည် မဟာပဇာပတိအား
ညွှန်ကြားချက်  သြဝါဒ (၂) မျိုး ပေးထားပါသည်၊
(က) ဘိက္ခူနီတို့သည် ဘိက္ခူတို့၏ စည်းမျဉ်းကိုလည်း လိုက်နာရမည်၊
(ခ) ဘိက္ခူများမပါဝင်ဘဲ ဘိက္ခူနီသံဃာတို့သာ လိုက်နာရမည့်
သီးခြားစည်းမျဉ်းများလည်း ထားရှိပါသည်။ (ဝိ-၂-၂၅၈)
ထိုစည်းမျဉ်း (၂) မျိုးလုံးကို မဟာပဇာပတိသည်လည်းကောင်း ၊
သူ၏နောက်ပါ ဘိက္ခူနီတို့သည်လည်းကောင်း၊
နှစ်ဖက်သောသံဃာတို့မျက်မှောက်တွင် ဘိက္ခူနီခံယူခဲ့သော ဘိက္ခူနီတို့သည်လည်းကောင်း၊
ထို (၃) မျိုးသောဘိက္ခူနီတို့သည် ကောင်းစွာထိန်းကြရမည်ဟု မိန့်ခဲ့ပါသည်။

စူဠဝဂ္ဂ  (၁၀-၂) အရ ဂရုဓမ္မနံပါတ်  (၆) နှင့်ပါတ်သက်၍
ပဟာပဇာပတိသည် ဘုရားရှင်သို့ချဉ်းကပ်၍ ဤသို့မေးခဲ့ပါသည် (ဝိ-၂-၂၅၆)၊ 
“အရှင်ဘုရား တပည့်တော်၏ နောက်ပါသာကီဝင်အမျိုးသ္မီးများနှင့် ပါတ်သက်၍
မည်သို့ဆက်လက် ပြုလုပ်နိုင်ပါသနည်း?”
(ပါဠိ-     ကထာဟံ ဘန္တေ ဣမာသု   သာကိယနီသု ပဋိပဇ္ဇာမီတိ? )

စူဠဝဂ္ဂ၌ ဆက်လက်ဖော်ပြသည်မှာ
အထက်ပါမေးခွန်းသည်  ဂရုဓမ္မနံပါတ်  (၆)
(နှစ်ဖက်သောဘိက္ခူ- ဘိက္ခူနီသံဃာတို့၏မျက်မှောက်၌ ဘိက္ခူနီခံယူရန် ညွှန်ကြားခြင်း)နှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်၊
မဟာပဇာပတိသည် ဂရုဓမ္မ  (၈) မျိုးကို ဦးထိပ်ထား၍
ဘိက္ခူနီခံယူခဲ့သည်ဖြစ်သောကြောင့် ထိုညွှန်ကြားမှုကို လေးစားသည့်အားလျှော်စွာ
မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ဘုရားရှင်အားမေးမြန်းခဲ့ခြင်းဖြစ်ပါသည်၊
ထိုစဉ်က မဟာပဇာပတိတစ်ဦးတည်းသာလျှင် ဘိက္ခူနီဖြစ်သောကြောင့်
နှစ်ဖက်သောသံဃာစုံ လိုအပ်သော ဘိက္ခူနီခံယူပွဲမျိုးကို မကျင်းပနိုင်ခဲ့ပါ၊
ဤအခြင်းအရာကြောင့် ဘုရားရှင်အား နည်းလမ်းညွှန်ပြပါရန်
တောင်းပန် လျှောက်ထားခြင်းဖြစ်ပေသည်၊
ဝိနယတွင်ဖေါ်ပြချက်အရ ဘုရားရှင်သည် ရှင်းလင်းပြတ်သားစွာ ညွှန်ပြသည်မှာ 
“ ဘိက္ခူ  (ရဟန်း)  တို့သည် ဘိက္ခူနီလောင်းလျှာ သာကီဝင်အမျိုးသ္မီးတို့ကို
ဘိက္ခူနီအဖြစ်သို့ ပြန်ဌာန်းပို့ဆောင်ပေးရမည်  “  ဟု အမိန့်ရှိခဲ့ပါသည်  (ဝိ-၂-၂၅၇)။

“ ဘိက္ခူတို့ ငါဘုရားရှင်သည် သာကီဝင်အမျိုးသ္မီးတို့ကို
ဘိက္ခူများက ဘိက္ခူနီအဖြစ်သို့ ပို့ဆောင်ပေးရန် ညွှန်ကြား၏ “
(ပါဠိ - အနုဇာနာမိ ဘိက္ခဝေ ဘိက္ခူဟိ ဘိက္ခူနိယော ဥပသမ္ပာဒေတုံ  တိ)။
ဤစည်းမျဉ်းပညတ်ချက်သည် ဂရုဓမ္မကဲ့သို့မဟုတ်ဘဲ
ဘိက္ခူနီခံယူခြင်းနှင့်ပါတ်သက်၍ ဘိက္ခူတို့ကို ပဋ္ဌမဆုံးအကြိမ် ညွှန်ကြားချက်ဖြစ်ပါသည်။

မှတ်သားဖွယ်တစ်ခုမှာ ဝိနယတွင် ဘုရားရှင်ကိုယ်တော်တိုင်
မဟာပဇာပတိ၏ နောက်ပါများကို ဘိက္ခူနီများအဖြစ်ရောက်စေသည်ဟု ရေးမထားပါ၊  
“နောက်ပါအားလုံးတို့ကို ဘိက္ခူတို့ကသာ ဘိက္ခူနီအဖြစ်သို့ ပို့ဆောင်စေ”  ဟူ၍
ရှင်းလင်းစွာ မိန့်ကြားခဲ့ပါသည်၊  
“ဦးစီးဆောင်ရွက်သော ဘိက္ခူနီသံဃာမရှိသည့်အချိန်ကာလမျိုးတွင်
ဘုရားရှင်ကသာ ဘိက္ခူနီအဖြစ်အစဖေါ်နိုင်သည်”။

ဤသို့သော အဓိပ္ပါယ်သက်ရောက်သည့် ရေးသားမှုမျိုး
ယ္ခုအခါ၌ ခေတ်စားနေပါသော်လည်း   ပါဠိဝိနယတွင် ဤကဲ့သို့ရေးမထားပါ၊ 
မဟာပဇာပတိသည် သူ၏နောက်ပါတို့နှင့်ပါတ်သက်၍
မည်သို့လုပ်နိုင်ပါသနည်းဟု ဘုရားရှင်ထံ ချဉ်းကပ် မေးမြန်းသည့်အခါ
ဘုရားရှင်သည် ရှင်းလင်းပြတ်သားစွာ ဘိက္ခူတို့ဆီကို ညွှန်ပြ၍ 
“ဘိက္ခူတို့သည် ထိုနောက်ပါအမျိုးသ္မီးများကို
ဘိက္ခူနီသံဃာအဖြစ်သို့ပို့ဆောင်စေ”  -  ဟု မိန့်မြွက်ခဲ့ပါသည် ကို
တိကျစွာ မှတ်တမ်းတင်ထားပါသည်။

ထေရဝါဒ ဝိနည်းကျန်းဂန်ကို ဆက်လက်၍ စီစစ်သောအခါ
ဤပဋ္ဌမဆုံးညွှန်ကြားချက်သည်   ဂရုဓမ္မ   (၆) ကို ဘုရားရှင်ကြေငြာညွှန်ကြားပြီး 
နောက်ပိုင်းမှ   ဤသတ်မှတ်ချက်ကို မိန့်ကြားသည်ဟု ဖက်ရှုရပါသည်၊ 
ဘုရားရှင်သည် နှစ်ဖက်သောသံဃာစုံရှေ့မှောက်၌
ဘိက္ခူနီခံယူမှုကိုလိုလားသည် - ဟု ပြောပြီး နောက်ပိုင်း   မှ
ဘိက္ခူနီသံဃာမရှိသည့် အချိန်ကာလတွင်
ဘိက္ခူတို့ဖြင့်သာ ဘိက္ခူနီအဖြစ်ပြဌာန်းခံယူခြင်းသည်
သင့်မြတ်လျှော်ကန်သည်ဟု ယူဆချက်ရှိခဲ့ပါသည်-   ဆိုသော
အဓိပ္ပါယ်သက်ရောက်နေပါသည်။

ဘုရားရှင်မျက်မှောက်ရှိနေစဉ်ကလည်း
ယ္ခုခေတ်တွင် ဖြစ်ပေါ်နေသည့်အခြေအနေအတိုင်းပင် ဖြစ်ခဲ့ပါသည်၊ 
သို့သော်မဟာပဇာပတိတစ်ဦးတည်းသာ
ဂရုဓမ္မခံယူပြီး ဘိက္ခူနီအဖြစ်သို့ ပထမဆုံးရောက်ရှိခဲ့သည်။ 
ဘိက္ခူနီမရှိသော ယ္ခုခေတ်တွင်လည်း
အခြေအနေအရ ဝင်ရောက်ကူညီခဲ့သော ဓမ္မဂုတ္တက  ဘိက္ခူနီများသည်
ဂိုဏ်းမတူ၍ ထေရဝါဒနှင့်စံမကိုက်ဟုပြောကြပါသော် 
ဘုရားရှင်လက်ထက်အတိုင်းပင် ဦးဆောင်ကြီးကြပ်ရမည့်
ဘိက္ခူနီသံဃာမရှိဖြစ်နေပါသည်။

ဘုရားရှင်၏ ပထမညွှန်ကြားချက်အရ
ဘိက္ခူတို့သည် အမျိုးသ္မီးများအား ဘိက္ခူနီအဖြစ်သို့
ပို့ဆောင်ပေးနိုင်သည်ဟု မိန့်မြွက်ပြီးနောက် ဒုတိယညွှန်ကြားချက်ကိုလည်း
ထိုနည်းတူစွာ တိကျရှင်းလင်းသော ညွှန်ကြားချက် ထားရှိခဲ့ပါသည်   (ဝိ-၂-၂၅၇)
(ပါဠိ-  ဘဂဝတာ ပညတ္တံ ဘိက္ခူဟိ ဘိက္ခူနိယော   ဥပသမ္ပာဒေတဗ္ဗာ တိ)။

ဤအချက်၌ ဘိက္ခူများ၏ပါဝင်ကူညီမှုသည်
ဘိက္ခူနီသာသနာကြီးပွားဖွင့်ဖြိုးရေးအတွက် အလွန်အရေးပါသောကြောင့်
ရှေ့ဆောင် လမ်းပြမီးရှုးတန်ဆောင်သဖွယ်ဖြစ်နေပါသည်၊ 
ထို့ကြောင့်  ဘိက္ခူတို့မပါဝင်လျှင်လုံးဝမဖြစ်နိုင်၊
အလွန်လိုအပ်သည်ကို သိကြစေလိုပါသည်၊
ဤသို့စိတ်ပါဝင်စားစွာ ကူညီမှုသည် မည်မျှအရေးကြီးသည်ကို
ဝိနယ (ဝိ-၁-၁၄၆)   မဟာဝဂ္ဂ (၃-၆)  ရှိ စာပိုဒ်တစ်ခုတွင် ဖေါ်ပြထားပါသည်၊ 
ထိုစာပိုဒ်အရ-   အမျိုးသ္မီးတစ်ဦး ဘိက္ခူနီခံယူလိုပါက -
ရဟန်းတစ်ပါးသည် ဝါတွင်း၌ပင်လျှင်   (၇) ရက်တိတိခရီးထွက်၍ (ဘိက္ခူနီလောင်းလျှာရှိရာအရပ်သို့)  ကူညီပို့ဆောင်နိုင်ခွင့်ရှိသည်ဟု ရေးထားပါသည်။

ဂရုဓမ္မနံပါတ်   (၆)  ၏ ဗဟိုလ်အချက်များနှင့် ဆက်လက်ပြဌာန်းထားသောအချက်များတွင် ဘိက္ခူများသည် ဘိက္ခူနီဖြစ်လိုသူအမျိုးသမီးများ ဘိက္ခူနီဖြစ်လာနိုင်ရန်
ကူညီစိုင်းပြင်နိုင်စွမ်းရှိသည်ကို ထုပ်ဖော်ရေးသား ထားပါသည်၊ 
ထိုကဲ့သို့ ကူညီနိုင်ပုံမှာ-
(က)  ဘိက္ခူနီသံဃာရှိခဲ့သော် ထိုဘိက္ခူနီသံဃာနှင့်ပေါင်းစပ်၍ ဆောင်ရွက်ခြင်း၊
(ခ)  အကယ်၍ ဘိက္ခူနီသံဃာ မရှိခဲ့သော်   ဘိက္ခူသံဃာစုကသာ
အမျိုးသ္မီးတို့အား ဘိက္ခူနီအဖြစ်သို့ပို့ဆောင်ပေးခြင်း  ဖြစ်ပါသည်။

အထက်ပါအချက်တို့ကိုဖက်ရှုခြင်းအားဖြင့်
ဘိက္ခူသံဃာတို့၏ ပါဝင်ဆောင်ရွတ်မှုသည် အလွန်အရေးပါပြီး 
“မပါဝင်လျှင်မဖြစ်”   ဟူသောအခြေရှိသည်ကို သိထားနိုင်ပါသည်၊
ဘိက္ခူနီသံဃာနှင့်ပါတ်သက်၍ ထိုသို့   အလားတူ    အရေးကြီးသည်ဟု ပြဌာန်းချက် မထားခဲ့ပါ။

စူဠဝဂ္ဂ   (၁၀-၁၇)   တွင် ဖေါ်ပြထားသည်မှာ 
ဘိက္ခူနီလောင်းလျှာတို့ကို မေးခွန်းများမေးရာ၌ ခတ်ခဲမှုများရှိနေ၍
ဘုရားရှင်က ညွှန်ကြားချက်တစ်ခု ထပ်မံမိန့်မြွတ်ခဲ့ရပြန်ပါသည်၊
ထိုစည်းမျဉ်းသစ်အရ ဘိက္ခူနီလောင်းလျှာတို့သည်
ရဟန်းသံဃာများရှေ့ (အမျိုးသားများရှေ့) တွင်
ဖြေရန်ခက်သော မေးခွန်းများကို ဘိက္ခူနီသံဃာ    (အမျိုးသ္မီးအချင်းချင်း) တို့ကသာ ကြိုတင်၍  မေးခွင့်ပြုထားပါသည်  (ဝိ-၂-၂၇၁)။

အောက်ပါစည်းမျဉ်းတွင်-
“ဘိက္ခူတို့ငါဘုရားရှင်သည် ဘိက္ခူနီသံဃာထံမှာ ဘိက္ခူနီမေးခွန်းများဖြေဆိုခဲ့ပြီးသော ဘိက္ခူနီလောင်းလျှာတို့အား ဘိက္ခူသံဃာက ဘိက္ခူနီအဖြစ်သို့ ပိုဆောင်ပေးခွင့်ပြုသည်။” 
(ပါဠိ- အနုဇာနာမိ ဘိက္ခဝေ ဧကတော  ဥပသမ္ပန္နာယ ဘိက္ခူနီသံဃေ ဝိသုဒ္ဓါယ ဘိက္ခူသံဃေ   ဥပသမ္ပဒန္တိ)

ဘိက္ခူနီလောင်းလျှာတို့သည် ဘိက္ခူသံဃာအလယ်တွင်
မေးမြန်းသော မေးခွန်းတို့ကို ဖြေဆိုရန်  ရှက်ကြောက်ကြပါသဖြင့်
ဤအခြင်းအရာကို ဖြေရှင်းရန် ဘုရားရှင်က အထက်ပါအတိုင်း လမ်းညွှန်ခဲ့ခြင်းဖြစ်ပါသည်၊
ထိုမေးခွန်းများကို မေးရန် တာဝန်မှာ  ဘိက္ခူနီသံဃာအပေါ်တွင် တည်ရှိနေပါသည်၊ 
ဤသို့ဆောင်ရွက်လိုက်သည့်အတွက် ဘိက္ခူတို့မေးမြန်းစရာ မလိုတော့ဘဲ့
ဘိက္ခူနီအဖြစ်သို့သာ ချောမောစွာ ပို့ဆောင်နိုင်ကြပါသည်၊  
ထိုသို့သော စည်းမျဉ်းကြောင့် တစ်ဖက်၌ ဘိက္ခူနီသံဃာတို့ မေးခွန်းမေးခဲ့ပြီးသွားသော ဘိက္ခူနီလောင်းလျှာတို့သညှ် -  နောက်တစ်ဖက်တွင်
ဘိက္ခူသံဃာတို့အထံ၌ ဘိက္ခူနီအဖြစ်သို့ခံယူရပါသည်။

နှိုင်းယှဉ်မှတ်သားသင့်သောအရာတစ်ခုမှာ
ဘုရားရှင်သည် ရဟန်းလောင်းများ ဘိက္ခူအဖြစ်ခံယူလျှင်
ညွှန်ပြချက်စကားအခေါ်အဝေါ်သုံးနှုံးပုံ ဖြစ်ပါသည်၊ 
မဟာဝဂ္ဂ  (၁-၂၈)  အရ - ရဟန်းလောင်းများ ရဟန်းခံသည့်အခါ
တစ်ဆင့်မှတစ်ဆင့်ပြုလုပ် ရမည့်အချက်များကို ဖေါ်ပြထားပါသည်၊ 
ပဋ္ဌမဦးစွာ - ရဟန်းလောင်းတို့သည် သရဏဂုံ (၃) ပါး ခံယူကြရပါသည်-
နောက်တစ်ဆင့်မှာ-  ဥပဇ္ဈာယ်ဆရာကလက်ရိပ်  (၁) ခါပြပြီး
နောက်အဆင့်တွင်   (၃) ကြိမ်ကြေငြာပါသည်၊
ထိုသို့လက်ရိပ်ပြ  (၁)ခါ- ကြေငြာခြင်း  (၃) ကြိမ်လုပ်ခဲ့သည့်အချိန်ကစ၍
သရဏဂုံ (၃) ပါးရွက်ဆိုခြင်းကို  ‘ ပဗ္ဗဇ္ဇ’   ပြုခြင်းဟူ၍သာ အသိအမှတ်ပြုထားပါသည်၊  
သရဏဂုံတည်ယုံနှင့် ရဟန်းဖြစ်ရေးအတွက် ခိုင်လုံသွားပြီဟု မဆိုခဲ့တော့ပါ။ 
ဤအကြောင်းအရာကို ပိုမိုနားလည်စေနိုင်ရန် ဘုရားရှင်သည်
အောက်ပါစာတမ်းအတိုင်း တိကျစွာ ပဋ္ဌမညွှန်ကြားချက်ကို ပယ်ဖျက်၍
ဒုတိယညွှန်ကြားချက်ကို လိုက်နာရန် အမိန့်ထားခဲ့ပါသည်။  (ဝိ-၁-၅၆)
“ ဘိက္ခူတို့ ဤနေ့မှ၍ငါဘုရားရှင်သည် ယ္ခင်ညွှန်ခဲ့သောသရဏဂုံ (၃)  ပါးခံယူမှုကိုပါယ်ဖျက်ပြီး
လက်ဖြင့်အရိပ်ပြ၍  (၃)  ကြိမ် ကြေငြာခြင်းဖြင့် ရဟန်းခံမှု ပြီးမြောက်စေသည်။ ”  
(ပါဠိ ယာသာ ဘိက္ခဝေ မယာ တီဟိ သရဏဂမနေဟိ ဥပသမ္ပဒါ အနုညာတာ တာဟံ အဇ္ဇတဂ္ဂေ ပဋိက္ခိပ္ပါမိ အနုဇာနာမိ ဘိက္ခဝေ  ဉတ္တိစတုတ္ထေန ကမ္မေန ဥပသမ္ပာဒေတုံ)။

ဘိက္ခူနီခံယူမှုနှင့် ပါတ်သက်၍  ဘိက္ခူတို့အတွက် ဘုရားရှင်က စည်းမျဉ်းသတ်မှတ်ချက်ပေးသည့်အခါတွင်
အထက်ကပုံစံလို ပဋ္ဌမစည်းမျဉ်ကို   မပါယ်ဖျက်ခဲ့ပါ  -   ပယ်ဖျက်ခြင်းမလုပ်ခဲ့ပါ။
“  ငါဘုရားရှင်သည် တစ်ဖက်သောသံဃာ   (ဘိက္ခူနီတို့)   ထံမှာ
မေးခွန်းများ ဖြေဆိုအောင်မြင်ပြီးခဲ့သော   ဘိက္ခူနီလောင်းလျှာကို
ဘိက္ခူတို့က အဆင့်မြင့်ဘိက္ခူနီအဖြစ်သို့ ပို့ဆောင်ပေးစေ”  ဟုညွှန်ခဲ့ပါသည်။

ဘုရားရှင်သည် ဒုတိယညွှန်ကြားချက်   (= ‘နှစ်ဖက်သောသံဃာစုံ မျက်မှောက်၌ ဘိက္ခူနီလောင်းလျှာတို့အား ဘိက္ခူနီအဖြစ်သို့ ပို့ဆောင်စေ’)  ကို မညွှန်ကြားမှီ -
ပဋ္ဌမညွှန်ကြားချက်  (=‘ဘိက္ခူနီတို့သည် မဟာပဇပတိ၏ နောက်ပါဘိက္ခူနီလောင်းလျှာတို့အား ဘိက္ခူနီအဖြစ်သို့ ပို့စေ”)     ကို ပါယ်ဖျက်၍ မမိန့်ကြားခဲ့ပါ၊ 
အကယ်၍သာ ပဋ္ဌမညွှန်ကြားချက်ကို  ပါယ်ဖျက်ပြီး
ဒုတိယညွှန်ကြားချက်ကိုသာ လိုက်နာမည်ဟု မိန့်တော်မူခဲ့သော်   နားလည်မှုပေါ်ပြီး  သင်္ကာရှင်းသွားနိုင်ပါသည်၊ 
သို့ပါငြားသော်လည်း   ဝိနယတွင် ဤသို့မိန့်မြွက်သည် ဟု မှတ်တမ်းတင် မထားခဲ့ပါ။

ထူခြားစွာအဓိပ္ပါယ်ရှိသော အခြင်းအရာတခုကို ဂရုပြုကြစေချင်ပါသည်၊
ဘုရားရှင်သည်  အထက်ပါကိစ္စမှလွဲ၍ အခြားကိစ္စများတွင် ဒုတိယညွှန်ကြားချက်မပေးခင်
ပဋ္ဌမညွှန်းကြားချက်ကို  ပယ်ဖျက်လေ့ ရှိပါသည်  (စူဠဝဂ္ဂ  -   ၁၀-၆)၊
ဥပမာပြရပါလျှင်  စူဠဝဂ္ဂ တွင် ဖေါ်ပြထားသည်မှာ
ဘုရားရှင်သည်  ဘိက္ခူတို့က-  ဘိက္ခူနီအသစ်တို့ကို ပါတိမောက်ရွက်ဆိုနည်း၊
ကျူးလွန်မှုများ ဝန်ခံခြင်း (အာပတ္တိ) စသည်ဖြင့်
ဘိက္ခူနီကမ္မဆောင်ရွက်ပုံများကို သင်ကြားပြသစေပါသည်၊
နောက်ပိုင်းတွင် ဘိက္ခူနီများ ကျွမ်းကျင်လာသည့်အခါ
ထိုကိစ္စများကို ဘိက္ခူနီသံဃာတို့ကိုသာ ဆက်လက်ဆောင်ရွက်ခိုင်းပါသည်။
ထိုသို့ ဘိက္ခူနီများ ရပ်တည်နိုင်လာသည့်အခါတွင်
ဘိက္ခူတို့ကိုတာဝန်ခံမဆောင်ရွက်စေတော့ဘဲ
အကယ်၍သာ ဘိက္ခူတို့ပါဝင် ထမ်းဆောင်ခဲ့ပါက
“ဒုက္ကတ”   ကျူးလွန်မှု အပြစ်သက်ရောက်ပါတော့သည်  (ဝိ  -  ၂  -၂၅၉)။

ဤကဲ့သို့  ပဋ္ဌမညွှန်ကြားချက်ကို မပယ်ဖျက်ဘဲ
ဒုတိယညွှန်ကြားချက်ကို  ထပ်မံပြုလုပ်လိုက်သည်မှာ
အကြောင်းထူးများရှိခဲ့ပါသလော?  - ဟု မေးစရာလိုပါသည်၊
မှန်ပါသည်  - အဖြေမှာ  အကြောင်းထူးရှိပါသည်၊
ဘုရားရှင်၏ ဒုတိယညွှန်ကြားချက်သည် ပဋ္ဌမအချက်နှင့်မတူပါ၊
ခြားနားချက်ရှိပါသည်၊ ဘုရားရှင်သည် ဘိက္ခူနီသံဃာနှင့်ပါတ်သက်၍
ဘိက္ခူသံဃာတို့ကို သေချာစွာညွှန်ပြထားခြင်းဖြစ်ပါသည်၊
ဘုရားရှင်၏ ဆန္ဒမှာ ဘိက္ခူနီသံဃာများရှိနေသေးပါလျှင်
ဘိက္ခူနီလောင်းလျှာတို့ကို ဘိက္ခူများက မေးခွန်းများမေးစရာမလို၊
ဘိက္ခူနီသံဃာကသာ ကြိုတင်မေးထားပြီးနောက်
ဘိက္ခူတို့ထံ၌ ဘိက္ခူနီအဖြစ် ပြဌာန်းခံယူရန်သာဖြစ်ပါသည်၊
ပဋ္ဌမညွှန်ကြားမှု၏ ခြားနားချက်မှာ ဘိက္ခူနီသံဃာ မရှိသည့်အချိန်ကာလ၌
ဘိက္ခူတို့သည် ဘိက္ခူနီပြဌာန်းခံယူပွဲကို
သွားရောက်ပြန်လည်ထူထောင်ခိုင်းခြင်းဖြစ်ပါသည်။

ဤညွှန်ကြားချက်  (၂) ခုသည် ဆန့်ကျင်ဘက်မဖြစ်ဘဲ
အခြေအနေခြားနားမှု အပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သောစည်းမျဉ်းများသာဖြစ်ပါသည်၊
ညွှန်ကြားချက်နှစ်မျိုးလုံးသည် လွန်စွာခိုင်လုံသော ပညတ်ချက်များဖြစ်ပါ၍
တစ်ခုကိုလိုက်နာသောကြောင့် နောက်တစ်ခုကို ပယ်ဖျက်ရန် အကြောင်းမရှိပါ၊
ပါယ်ဖျက်ရန်မလိုပါ။  မတူညီသောအကြောင်းအရာနှစ်မျိုး အပေါ်တွင်မူတည်၍
ဆီလျှော်ပါးနပ်ကျင်လည်စွာ ပညတ်ခဲ့သော အတုမရှိဘုရားရှင်၏
ဥပဒေစည်းကမ်းချက်များသာ ဖြစ်ပါသည်။

(က)  ဘိက္ခူနီသံဃာမရှိသည့် အချိန်ကာလတွင် ဘိက္ခူတို့သည် ဘိက္ခူသံဃာစုဖြင့်ပင် 
ဘိက္ခူနီပြဌာန်းခံယူပွဲကို အောင်မြင်ရန် ဆောင်ရွက်သင့်သည်ဟု ညွှန်ပြထားပါသည်။
(ခ)   ဒုတိယညွှန်ကြားချက်မှာ ဘိက္ခူနီသံဃာရှိခဲ့ပါလျှင် ဘိက္ခူနီဥပဇ္ဈာယ်ဆရာများက ဘိက္ခူနီလောင်းလျှာတို့ကို မေးခွန်းများ မေးထားပြီးနောက်  ဘိက္ခူတို့ကတဖန် ထပ်မံ၍ ဘိက္ခူနီအဖြစ်သို့ ပို့ဆောင်ကူညီကြစေ- ဟု ညွှန်ကြားထားပါသည်။

ဝိနယပိဋကတ်ကို စီစစ်ကြည့်ပါလျှင် ဘိက္ခူနီသံဃာမရှိသည့်အချိန်၌ ဘိက္ခူနီလောင်းလျှာ  အမျိုးသ္မီးတို့အား အဆင့်မြင့်ဘိက္ခူနီဖြစ်သည်အထိ
ပြုလုပ်ဆောင်ရွက်ပေးနိုင်သည် ဟုရှင်းလင်းစွာ ညွှန်ကြားထားပါသည်။ 
ထို့ကြောင့်  ၁၉၉၈-ခု ဗုဒ္ဓဂါယာတွင် ပြုလုပ်ခဲ့သော ဘိက္ခူနီပြဌာန်းခံယူပွဲသည်
ထေရဝါဒ ဝိနယဥပဒေ  (ဘုရားဥပဒေ) နှင့် ဆီလျှော်နေပါသည်၊
ထိုပွဲတွင် ဘိက္ခူနီလောင်းလျှာတို့သည်  ပြုသင့်ပြုအပ်သော အရာအားလုံး အတိုင်းထက်အလွန်   (အတက်နိုင်ဆုံး)  အားကြားမာန်တက်ကြိုးစားပြုလုပ်ခဲ့ပြီး 
နှစ်ဖက်သော သံဃာစုမျက်မှောက်တွင် ဘိက္ခူနီအဖြစ်ခံယူခဲ့ကြပါသည်၊
အကယ်၍ တရုတ်ဥပဇ္ဈယ်ဆရာ- ဘိက္ခူနီများပါဝင်ကူညီခဲ့သည့်အတွက်
ထေရဝါဒထုံးတမ်းစဉ်လာအရ လက်မခံနိုင်ဟုဆိုခဲ့သော်
ထေရဝါဒဘိက္ခူနီ သံဃာမရှိသည့် အချိန်ကာလ၌
ထေရဝါဒဘိက္ခူ   (ဝါရင့်သီဟိုဠ်ဆရာတော်ကြီးများ)  တို့က ဦးဆောင်ကြီးကြပ်ပြီး
ဥပဒေအရ ပိုမိုခိုင်လုံစေရန်  (ဒဠှီကမ္မ)  ဒုတိယအကြိမ်ထပ်မံ၍
ဘိက္ခူနီအဖြစ်ခံယူကြပြန်ပါသည်၊
ဘုရားရှင်ကိုယ်တော်တိုင် သက်တော်ထင်ရှား ရှိနေစဉ်အခါကလည်း
မဟာပဇာပတိ၏ နောက်လိုက်နောက်ပါ နန်းတွင်းသူတို့ကို
ဘိက္ခူသံဃာအား ကိုယ်စားလည်ထား၍  ဘိက္ခူနီအဖြစ်သို့ ပေးပို့ဆောင်ရွက်စေပါသည်။

ယ္ခု  ၁၉၉၈-ခုနှစ် ဣန္ဒြိယပြည်ဗုဒ္ဓဂါယာတွင် ကျင်းပခဲ့သော ဘိက္ခူနီခံယူပွဲသည်
ထေရဝါဒ-  ဥပဒေအရ ငြင်းဆိုနိုင်ခွင့်မရှိအောင် ခိုင်လုံပါသည်၊
သို့ပါ၍ ထိုဘိက္ခူနီများကိုအစပြုပြီး
ဘိက္ခူနီသာသနာ ပြန်လည်ထူထောင်မှု စတင်ပြုဆောင်ခဲ့ပါပြီ၊ 
ခိုင်မာသောဥပဒေအုပ်မြစ်ပေါ်မှာ ဆောက်တည်ခဲ့ပါ၍ 
“ထေရဝါဒဘိက္ခူနီသံဃာများ”    ဟု မုချဆိုနိုင်ပါကြောင်း
ဦးပဉ္ဇင်းလေးစားစွာတင်ပြလိုက်ပါသည်။
(ဘိက္ခူ အနာလယော  (ဂျာမနီ)
ကိုးထားသောကျမ်းများအတိုချုပ်
ဒီပဝံသ
ဒီဃနိကာယ
ဗုဒ္ဓဘာသာကျင့်ထုံးမှတ်တမ်းဂျာနယ်
ကထာဝတ္ထု-အဋ္ဌကထာ
သမန္တပါသာဒိကါ
သုမင်္ဂလာဝိလာသိနီ
တိုင်းရှိုး
ဝိနယ

Wednesday, September 10, 2014

ဘိက္ခူနီအရေးတော်ပုံ (၆)

 
(၅) တရုတ်ဥပဇ္ဈာယ်ဆရာများ
သက္ကရာဇ် (၅)ရာစု နှစ်ပိုင်းတွင်
သီဟိုဠ်နိုင်ငံ သင်္ကမိတ္တဘိက္ခူနီ၏ အနွယ်အဆက်များဖြစ်သော ဘိက္ခူနီတို့သည် ဘိက္ခူနီသာသနာပြုအတွက် ရေလမ်းကုန်းလမ်းခရီးကြမ်းတို့ကို
ပင်ပန်းဆင်ရဲခံဖြတ်သန်းပြီး တရုတ်ပြည်သို့ သွားရောက်သာသနာပြုခဲ့ကြသည်။
ယ္ခု တရုတ်နိုင်ငံ၏လက်ရှိ ဘိက္ခူနီတို့သည်
သီဟိုဠ်ထေရဝါဒဘိက္ခူနီများ၏ တိုက်ရိုက်ဆင်းသက်ခဲ့သော အနွယ်အဆက်များဖြစ်ပါသည်၊ သို့ပါသော်လည်း နှစ်ပေါင်းများစွာကြာလာသောအခါ ]
ပါတိမောက် စည်းမျဉ်းဥပဒေသည် ဓမ္မဂုတ္တက စည်းမျဉ်း (မဟာယာန) ဖြစ်သွားပါသည်၊
သက္ကရာဇ် (၈) ရာစုတွင် တရုတ်ဧကရာဇ်မင်း၏ အမိန့်တော်အရ
ဘိက္ခူ-ဘိက္ခူနီ အားလုံးတို့သည် ဓမ္မဂုတ္တကဝါဒ ကိုသာလိုက်နာကြပါသည်။
ဓမ္မဂုတ္တက ဘိက္ခူနီစည်းမျဉ်းတို့သည်
ထေရဝါဒ ဘိက္ခူနီစည်းမျဉ်းထက် ပိုများသည်ကိုတွေ့ရှိရပါသည်၊
ထို့အပြင် ဓမ္မဂုတ္တကတွင် ဖော်ပြထားသော သိမ်ပြုလုပ်မှုတွင် ကွဲခြားမှုများရှိခဲ့ပါသည်။

အထက်ပါအကြောင်းအရာတို့ကြောင့်
တရုတ်ဥပဇ္ဈာယ်ဆရာ ဘိက္ခူနီတို့သည်
“နာနသံဝါသ”   (ထေရဝါဒနှင့်မတူ- ကွဲပြားနေသောသံဃာအုပ်စု) ဖြစ်နေပါသည်၊ ထိုကဲ့သို့ကွဲပြားသောအုပ်စု ဖြစ်နေပါ၍ တရားဥပဒေများပါဝင်သော
သံဃကမ္မ   (သံဃကိစ္စ) ပြုသည့်အခါခိုင်လုံမှုရှိသည်ဟု မဆိုနိုင်ပါ။

ဝိနယတွင် သံဃာအုပ်စုမတူလျှင်
“နာနာသံဝါသ” (မတူသောပေါင်းဖေါ်ခြင်း) ဖြစ်၍
ဥပဒေများ ကွဲခြားမှုရှိနေပါသည်၊
ဤနေရာတွင် ရဟန်းဘောင်သို့ဝင်ခဲ့သော ရဟန်းတစ်ပါးသည်
အတူနေသောသံဃာအုပ်စုနှင့် တရားဥပဒေစည်းမျဉ်းများ ကွဲပြားနေပါက
ကျူးလွန်မှုတစ်ခုဖြစ်၏ ဟုယူဆထာပါသည်၊
ဝိနယစည်းမျဉ်းအရ ဤကဲ့သို့ခြားနားမှုရှိခဲ့ပါလျှင်
ထိုရဟန်းသည် အယူအဆမတူသော သံဃာအုပ်စုနှင့် သံဃကိစ္စ (သံဃကမ္မ) ကိုအတူပူးတွဲ၍ဆောင်ရွက်နိုင်ခွင့်မရှိပါ၊
တနည်းဆိုရသော် သံဃာအုပ်စုက ထိုရဟန်းနှင့်
သံဃကိစ္စအတူမဆောင်ရွတ်ဘဲ “ဆိုင်းငံ့”  ထားလိုက်ပါသည်။

ဝိနယစည်းမျဉ်းများကို အနက်အဓိပ္ပါယ်ကောက်ယူရာတွင်
ကွဲပြားမှု- ငြင်းခုံမှုများရှိခဲ့သောကြောင့်
“နာနာသံဝါသ “ ဟူသောဝေါဟာရ အခေါ်အဝေါ်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ 
ဤသို့သောအငြင်းပွားမှုကို သင်္ကာရှင်းကြပါသည်၊

ဝိနည်းစည်းမျဉ်း (တရားဥပဒေ) တို့၏ အဓိပ္ပါယ်ယူဆမှု၌
သဘောတူညီမှုရသွားပါလျှင်
“ နာနသံဝါသ”  မှ  “ သမာနသံဝါသ”  (သံဃာအုပ်စုနှင့်တူညီသည်) အဖြစ်သို့
ရောက်သွားပြီး လက်ရှိသံဃာအုပ်စု၏ အသိအမှတ်အပြုခံရသော
ရဟန်းဖြစ်သွားနိုင်ပါသည်။

မဟာဝဂ္ဂ  (၁၀-၁) တွင်
“ သမာနသံဝါသက”  ဖြစ်နိုင်ရန် နည်းလမ်း (၂) မျိုးဖော်ပြထားပါသည်  (ဝိ-၁-၃၄၀)။
ပထမနည်းမှာ ရှိဆဲသံဃာအုပ်စု  (မိမိပါဝင်ပေါင်းဖော်လိုသောအုပ်စု) ၏
အယူဝါဒများကို မိမိဖါသာလိုက်နာကျင့်သုံးပြီး
ယ္ခင်ကလိုက်နာခဲ့သည့် အယူဝါဒများကို လုံဝစွန့်လွှတ်လိုက်ခြင်းဖြစ်သည်၊
ထိုနည်းအားဖြင့် ဝိနယစည်းမျဉ်းများ၌ ကွဲပြားမှုမရှိတော့ပါ၊
(ပါဠိ-  အတ္တနာ ဝါ အတ္တာနံ သမာမသံဝါသကံ ကရောတိ)
မိမိဖါသာဝင်ရောက်လိုသော သံဃာအုပ်စုတို့၏ ဝါဒကိုကျင့်ကြံခြင်းဟု အဓိပ္ပါယ်ရပါသည်၊

ဤနေရာ၌ မိမိ၏ဆုံးဖြတ်ချက်အတိုင်း
သံဃာအုပ်စုထဲသို့ ပါဝင်ခွင့်ရအောင် ကျင့်ကြံခြင်း ဖြစ်ပါသည်၊
အယူဝါဒအဟောင်းတို့ကိုစွန့်ပယ်၍
အုပ်စု၏အယူဝါဒကို (ဝိနယစည်းမျဉ်း) လိုက်နာခြင်းဖြစ်ပါသည်။

ဒုတိယနည်းမှာ ရှိဆဲသံဃာအုပ်စုသည် ယ္ခင်ကအယူကွဲနေ၍
အုပ်စုထဲသို့ အဝင်မခံဘဲ “ ဆိုင်းငံ့” ထားခြင်းခံခဲ့ရသော ထိုရဟန်းကသံဃာအုပ်စု၏
စည်းမျဉ်းဥပဒေများ   (အယူဝါဒ) ကို လိုက်နာမည်ဆိုခဲ့ပါလျှင်
ထိုရဟန်းအား  “ဆိုင်းငံ့”  ထားခြင်းကို ယုတ်သိမ်းလိုက်ပြီး
သံဃာအုပ်စုထဲသို့ ဝင်နိုင်ခွင့် ပြန်လည်ထူထောင်ပေးခြင်းဖြစ်ပါသည်။

ယ္ခုဘိက္ခူနီခံယူပွဲကိစ္စတွင် ဒုတိယနည်းနှင့် မစပ်ဆိုင်လှပါ။
အကြောင်းဆိုသော် ထေရဝါဒဝင်တို့သည် ဓမ္မဂုတ္တကဝင်သံဃာတို့ကို
မဆက်ဆံဘဲ  “ဆိုင်းငံ့” ထားသည်ဟူ၍ မှတ်တမ်းတင်မထားပါ၊
ထိုနည်းအတူ ဓမ္မဂုတ္တကဝါဒဝင်သံဃာတို့ကလည်း
ထေရဝါဒဝင်သံဃာတို့နှင့် မဆက်ဆံဘဲ  “ဆိုင်းငံ့” ထားသည်ဟု မှတ်တမ်းမတင်ပါချေ။ 
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရေမြေခြားသည့်အလျှောက်
အချို့သောအယူဝါဒများ ခြားနားနေခြင်းဟူ၍သာ ယူဆပုံရပါသည်။

ထို့ကြောင့်ဝိနယ  (ဝိ-၁-၃၄၀) တွင်ပြဆိုခဲ့သော ပဋ္ဌမနည်းသည်သာ ပို၍စပ်ဆိုင်နေပါသည်၊
ထိုပဋ္ဌမနည်းကို လိုက်နာသောအားဖြင့်
ယ္ခုမကြာသေးမှီက ဘိက္ခူနီခံယူခဲ့သော သီဟိုဠ်အမျိုးသမီးတို့သည်
ထေရဝါဒဘိက္ခူနီများအဖြစ်သို့ ပါဝင်ခွင့်ရနိုင်ရန်
လမ်းစရှိလိမ့်မည်ဟု ယူဆမျှော်လင့်ရပါသည်၊
မလွှဲမရှောင်သာသော  အခြေအနေများအရ
“ နာန သံဝါသ” ဖြစ်သွားကြရှာသော ဘိက္ခူနီတို့သည်
“နာန သံဝါသ “  မှ  “ သမာန သံဝါသ “ အဖြစ်သို့
ဤနည်းဖြင့် ကူးပြောင်းနိုင်ရန်အကြောင်းရှိကောင်းပါ၏- ဟုယူဆရပါသည်။

ပြီးခဲ့သောဘိက္ခူနီပြဌာန်းခံယူပွဲ  (၁၉၉၈-ခု ဗုဒ္ဓဂါယာ)တွင်
နှစ်ဖက်သောသံဃာစုံမျက်မှောက်၌ ပြုလုပ်ခဲ့ကြသော ဘိက္ခူနီတို့သည်
ဒုတိယအကြိမ်ထပ်မံ၍ - ထေရဝါဒဘိက္ခူများသာဦးဆောင်သော ပြဌာန်းပွဲတွင်
ထေရဝါဒဘိက္ခူနီ အဖြစ်သို့ ရောက်ခဲ့ကြပါသည်။
ထိုသို့သောဘိက္ခူနီခံယူမှုကို တရားဝင်အဖြစ်လက်ခံနိုင်ပါ၏လော? ဟု ထောက်ထားချင့်ချိန်နိုင်ရန်ဖေါ်ပြခဲ့ပါသည်။
ဤနည်းကို ဆရာတော်ကြီးများ၊   သံဃာအုပ်စုများ
သူတော်စင်အပေါင်းတို့အသုံးပြုလိုပါက
“ နာန သံဝါသ”  ဟုယူဆထားမှုသည်
ဥပဒေမငြိစွန်းဘဲ သင်္ကာရှင်းသွားနိုင်ရန်အကြောင်းရှိပါသည်။

ဤကဲ့သို ဒုတိယအကြိမ်ထေရဝါဒဘိက္ခူတို့ဖြင့်သာ
ထပ်မံဘိက္ခူနီခံယူပွဲကို မြဲမြံစွာ- ခိုင်မြဲအောင်ပြုခြင်း (ပါဠိ  -  ဒဠ္ဇီကမ္မ)ဟုခေါ်ဝေါ်နိုင်ပါသည်၊ 
ဤသို့ (ဒဠ္ဇီကမ္မ)  ဆောင်ခြင်းအားဖြင့်
ထေရဝါဒ သံဃာအုပ်စုအသိအမှတ်ပြုခံနိုင်ရန်
(ထိုအုပ်စုထဲသို့ပါဝင်နိုင်ရန်) အကြောင်းတစ်ခုဟုမျှော်ကိုထာပါသည်။

ထိုသို့လုပ်ဆောင်မှုသည် ဖြစ်နိုင်သည့် အကြောင်းတစ်ရပ်ဟု ဆိုနိုင်ပါသော်လည်း မလွှဲမရှောင်သာအောင် တိုက်တွန်းခြင်းမျိုး မဟုတ်ပါ၊
အယူဝါဒခြားနားမှုများသည် ဝိနယစည်းမျဉ်းသက်မှတ်ချက်တို့၏
အဓိပ္ပါယ်ယူဆမှုအပေါ်၌ တည်ရှိတက်ပါသည်၊
ဦးဆောင်ရှေ့ပြေးဖြစ်သော  ဝိနယတွင် စည်းမျဉ်းများ အဓိပ္ပါယ်ပြန်ရာ၌
“ သမာန သံဝါသ” အဖြစ်မည်သို့ ဖြစ်နိုင်ပါသနည်းဟု စီစစ်ကြည့်ခြင်းသာဖြစ်ပါသည်၊
နောက်တစ်ခုမှာ တရုတ်ဘိက္ခူနီဥပဇ္ဈာယ်ဆရာတို့၏ အကူအညီကို
လုပ်အပ်ပါသလောဟူသော မေးခွန်းလည်းရှိပါသည်၊
ဤအချက်အားလုံးကို နောက်ခံအခြေပြုထားပြီး
ဦးပဉ္ဇင်းသည် ဘိက္ခူသံဃာတို့ (တဖက်ထည်းသောသံဃာ) ဖြင့်သာ
ဘိက္ခူနီခံယူခြင်းအကြောင်းကို ရှေ့ရှုဦးတည်ပါတော့မည်။

Tuesday, September 9, 2014

ဘိက္ခူနီအရေးတော်ပုံ (၅)

 
(၄) ဗုဒ္ဓဂါယာဘိက္ခူနီခံယူပြဌာန်းပွဲ၌ပါဝင်ခဲ့သော ဘိက္ခူနီအရာခံ (ဘိက္ခူနီလောင်းလျှာ) များ။
 
ဗုဒ္ဓဂါယာ ဘိက္ခူနီပြဌာန်းပွဲနှင့်ပါတ်သက်၍
ဂရုဓမ္မနံပါတ်  (၆)အရ မေးသင့်သော မေးခွန်း (၂)မျိုးပေါ်ပေါက်လာပါသည်။
(က) ဤဘိက္ခူနီလောင်းလျှာတို့သည်  (၂) နှစ်သီလကျင့်ထိန်းခဲ့ပြီးသော
သိက္ခမာန် အဆင့်နှင့်တူညီသောအရည်အချင်းရှိပါသလော?   
(ခ)  ထေရဝါဒရှုထောင့်မှနေ၍ ဤပွဲကြည်းကြပ်ဆောင်ရွက်သည့်
တရုတ်ဥပဇ္ဈာယ်ဆရာ ဘိက္ခူနီတို့အား အသိအမှတ်ပြုနိုင်ပါသလော?
ပဋ္ဌမမေးခွန်းအရ ဘိက္ခူနီလောင်းလျှာတို့သည်
သီဟိုဠ်နိုင်ငံ၌ နှစ်ပေါင်းများစွာ (၁၀) ပါးသီလစောင့်ထိန်းခဲ့ပြီး
သံဃာကိစ္စများတွင် ပြည့်စုံကျွမ်းကျင်သော သိက္ခာရှင်များဖြစ်ပြီး
ယ္ခုဘိက္ခူနီခံယူပွဲအတွက် စံနစ်တကျ ရွေးချယ်ခံခဲ့ရသော ဘိက္ခူနီလောင်းလျှာများဖြစ်ကြပါသည်၊  
ထို့အပြင်အဆင့်မြင့်ဘိက္ခူနီအဖြစ်သို့ရောက်နိုင်ရန် ကြိုတင် ပြင်ဆင်သည့်အနေဖြင့်
ထပ်ဆင့်သင်တန်းကိုလည်း တက်ခဲ့ကြသူများဖြစ်ကြပါသည်၊
သာမဏေများကဲ့သို့ (၁၀) ပါးသီလကို နှစ်ပေါင်းများစွာ ထိန်းသမ်းခဲ့သော
ထိုသိက္ခာရှင်များ (ဒဿသီလမာတာ) မှာ
အစမ်းခံ  (၆) ပါးသီလ သိက္ခမာန်ထက် သိက္ခာပုဒ်များပိုပါသည်၊  
သို့ဖြစ်ငြားသော်လည်း သိက္ခမာန် ဟူသောအမည်မရှိပါ။
ဒဿသီလမာတာ သိက္ခာရှင်များဟူ၍သာ အသိအမှတ်ပြုခံရပါသည်။

ဤသို့ ဦးပဉ္ဇင်းဖေါ်ပြခဲ့သည့်အတိုင်း ဝိနယပါစိတ်  (၆၃)တွင်
သိက္ခမာန် အနေဖြင့်  (၂) နှစ်သီလစောင့်ထိန်းရန်လိုအပ်သည်ဟု ဆိုထားပြန်ပါသည်၊ ဘိက္ခူနီဝိဘင်းတွင် သိက္ခမာန်ဟု အမည်ပညတ်မရှိသော ဘိက္ခူနီလောင်းလျှာကို ဥပဇ္ဈာယ်ဆရာသည် ဘိက္ခူနီအဖြစ်သို့ ပို့ဆောင်ပြုလုပ်ပေးခဲ့ပါလျှင်
ထိုဥပဇ္ဈာယ်ဆရာများ၌ ပါစိတ်ပြစ်မှု ဖြစ်နိုင်သည်ဟု ရေးသားထားပါသည်၊
သို့သော် ဘိက္ခူနီလောင်းလျှာ၌ အပြစ်မကျပါ။

ဤသို့သောအမှုမျိုးဖြစ်ပေါ်လာပါက
ဝိနယပါဠိ၏ ထုံးတမ်းအစဉ်အလာအတိုင်း သင်္ကာရှင်းကြပါသည်၊
ဘိက္ခူနီဝိဘင်း၌ သင်္ကာရှင်းပုံ ရှင်းနည်းများကို
ဥပမာများဖေါ်ပြ၍ နားလည်နိုင်အောင်ရှင်းပြထားသည်မှာ-------
ဤတွင်ဥပဒေနှင့်ပါတ်သက်၍ အမှု (၃) မျိုး (အမျိုးအစား  ၃  မျိုး) ခွဲထားပါသည်၊ 
ပဋ္ဌမ  (၃) မျိုးတွင် ထိုဘိက္ခူနီခံယူပွဲ၌
သိက္ခမာန်ဟူသော အမည်ပညတ်မရှိသည့် ဘိက္ခူနီလောင်းလျှာကို
ဘိက္ခူနီအဖြစ်သို့ ပို့ဆောင်ပေးခြင်း၊ 
သို့သော်ခံယူပွဲပြုလုပ်ပုံသည် တရားဥပဒေနှင့် အလုံးစုံလျှော်ညီသည်
(ဝါ  -   ဥပဒေနှင့်လျှော်ညီသော ဘိက္ခူနီဖြစ်နိုင်သည်)
(ပါဠိ  =  ဓမ္မကမ္မ) - ဝိ-၄-၃၂၀)၊ 
ဒုတိယအမှု  (၃) မျိုးတွင် ဥပဒေနှင့်မညီပါက  (အဓမ္မကမ္မ  -  ပါဠိ)  ဖြစ်နေပါသည်။ 

ပဋ္ဌမအမျိုးအစားကို အောက်ပါအတိုင်း ခွဲခြားဖော်ပြထာပါသည်။
(၁) ပါဠိ-    ဓမ္မကမ္မေ ဓမ္မကမ္မသညာ ဝုဋ္ဌာပေတိ။
မြန်မာပြန်  -  ဤပြုလုပ်ချက်သည် ဥပဒေနှင့်လျှော်ညီသည် (မဆန်ကျင်)
ဥပဇ္ဈာယ်ဆရာတို့ကလည်း သူတို့၏ဆောင်ရွက်မှုသည်
ဥပဒေနှင့် မဆန့်ကျင်ဟု ယုံကြည်မှုရှိသည်။
(၂) ပါဠိ-  ဓမ္မကမ္မေ ဝေမတိကာ ဝုဋ္ဌာပေတိ။
မြန်မာပြန်-   ဤပြုလုပ်ချက်သည် ဥပဒေနှင့်လျှော်ညီသည်၊
သို့သော် ဥပဇ္ဈာယ်ဆရာတို့စိတ်တွင်
ဥပဒေနှင့်ဆန့်ကျင်လေသလောဟူသည့် ထင်မြင်ချက်သံသယရှိနေသည်။
(၃) ပါဠိ- ဓမ္မကမ္မေ အဓမ္မကမ္မသညာ ဝုဋ္ဌာပေတိ။
မြန်မာပြန်  -  ဤပြုလုပ်ချက်သည် ဥပဒေနှင့်လျှော်ညီသည်၊
သို့သော် ဥပဇ္ဈာယ်ဆရာတို့စိတ်တွင်
ဥပဒေနှင့်ဆန့်ကျင်နေသည်ဟု ယုံကြည်နေသည်။
ထို (၃) မျိုးခြားနားခြင်းမှာ
ဥပဇ္ဈာယ်ဆရာတို့၏ သိမှတ်ထင်မြင်ယူဆချက်များ ခြားနားခြင်းကြောင့် ဖြစ်ပါသည်၊
ထိုဆရာတို့သည်
(၁) ဥပဒေနှင့်ညီညွတ်သည်ဟုယူဆယုံကြည်သည်၊
(၂) ဥပဒေနှင့်ညီညွတ်ပါ၏လောဟုသံသယဖြစ်နေသည်၊
(၃) ဥပဒေနှင့်မညီညွတ်ဟုထင်မြင်ယူဆကြသည်၊
ဤအမျိုးအစား  (၃) ခုတွင် ဥပဇ္ဈာယ်ဆရာတို့၌
ပါစိတ် (ပါဠိ  -  အာပတ္တိ  -   ပါစိတ္တိယဿ) သက်ရောက်နိုင်သည်၊
သို့ပါသော်ငြားလည်း သိက္ခမာန်ဟူသော နာမည်ပညတ်မရှိသော
ဘိက္ခူနီလောင်းလျှာတို့၏ ဘိက္ခူနီ ခံယူပွဲသည်ဖြစ်မြောက်အောင်မြင်သည် 
(ပါဠိ  -  ဓမ္မကမ္မ )ဟုဆိုထားပါသည်၊  
ဤကဲ့သို့သင်္ကာရှင်းလင်းထားသည်ဖြစ်ပါ၍
သူမတို့၏ ဘိက္ခူနီခံယူချက်သည် ဥပဒေအရ မခိုင်လုံသည် မဟုတ်ပါ။

ထို့ကြောင့် ဝိနယ ကျမ်းဂန်၏ရှုထောင့်အရ
သိက္ခမာန်ဟူသော အမည်ပညတ်ကိုသုံး၍ 
(၂) နှစ်မကျင့်ခဲ့ဘူးသော ဘိက္ခူနီလောင်းလျှာတို့ကို
ဘိက္ခူနီဖြစ်နိုင်ရန်ခိုင်လုံမှုမရှိဟု မစွတ်စွဲနိုင်ပါ၊
သို့ဖြစ်ပါ၍  (၁၉၉၈  ခု) ဗုဒ္ဓဂါယာတွင်ကျင်းပခဲ့သော ဘိက္ခူနီပြဌာန်းခံယူပွဲသည်  
“ သိက္ခမာန် ဟူသောနာမည်ပညတ်မရှိခဲ့၍  ခိုင်လုံမှုမရှိ” ဟု
ဥပဒေနှင့် ငြိစွန်းမှုမရှိနိုင်ပါ၊ 
မုချဆိုရပါလျှင် ထိုဘိက္ခူနီလောင်းလျှာတို့၏ သီလကျင့်ထိန်းမှုသည်
သိက္ခမာန်နှင့်တူယှဉ်နိုင်ယုံမျှမက သာလွန်၍ပင်နေပါသည်။