Thursday, August 28, 2014
ဘိက္ခူနီအရေးတော်ပုံ (၄)
(၃)  ဂရုဓမ္မနံပါတ်  (၆)
ဂရုဓမ္မ၏ အဓိပ္ပါယ်မှာ
ကြီးလေးစွာရိုသေလိုက်နာထိုက်သောအချက်များဟု ဆိုလိုပါသည်၊
“ဂရု”  ဆိုသည့်စကားသည် အများအားဖြင့် အဓိပ္ပါယ်(၂)မျိုးရပါသည်၊
(၁) ဂရု=ကြီးလေးသော  (၂)  ဂရု=ရိုသေလိုက်နာသော ဟုပြန်ဆိုထားပါသည်။
ဥပမာပြရပါလျှင် စူလဝဂ္ဂ  (၁၀) တွင်
ဘိက္ခူနီတစ်ပါးသည် ကြီးလေးသောကျူးလွန်မှုတစ်ခုပြုလုပ်ခဲ့ပါလျှင်
လတဝက် (၂ ပါတ်) မျှ နှစ်ဖက်သောသံဃာအုပ်စု (ဘိက္ခူ-ဘိက္ခူနီ) တို့ရှေ့တွင် ဆုံးမဒါဏ်ခံယူရပါသည်  (ဝိနည်း-၂-၂၅၅)။  
ဤနေရာ၌ ဂရုဓမ္မ၏ အဓိပ္ပါယ်မှာ
“သံဃာဒိသေသ” ကိုရည်ညွှန်းထားခြင်းဖြစ်ပါသည်၊ 
“သံဃာဒိသေသ” အရ ကျူးလွန်သူသည်
“မာနတ္တ” ခေါ် အပြစ်ဒဏ်ကို ခံယူထမ်းဆောင်ရပါသည်၊
ထိုဘိက္ခူနီသည်-  ဘိက္ခူနီအဆင့်မှ လျှောကျသွားသည်
(ခေတ္တယာယီ) ဖြစ်၍ ဘိက္ခူနီအဖြစ်သို့
ပြန်လည်ရောက်ရှိနိုင်ရန် ကြိုးစားရပါသည်  (ပါဠိ-  “အဗ္ဘာန”)၊
သံဃာဒိသေသပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့ပါသော်
ထိုပြစ်မှုကြီးသည် ကြီးလေးသည်ဖြစ်၍
ဘိက္ခူနီအဖြစ်မှ  အခိုက်အတံ့အားဖြင့် အဆင့်အတန်းလျှောကျသွားပါသည်။
စူဠဝဂ္ဂ(၁၀-၁) တွင် ဂရုဓမ္မဟူသောအဓိပ္ပါယ်ကို
“မလွှဲသာအောင် မပြုမနေရ”  ဟူ၍ သက်မှတ်မထားပါ၊
သို့ပါသော်လည်း မဟာပဇာပတိဂေါတမီသည်
ဘိက္ခူနီအဖြစ်သို့ အသိအမှတ်ခံယူနိုင်ရေးအတွက်
ဦးထိပ်တင်၍ လက်ခံလိုက်ပါသည်၊
အနီးကပ်သေချာစွာ စစ်ကြောလိုက်ပါက ဂရုဓမ္မ သည်
သံဃာဒိသေသနှင့် ကျူးလွန်မှုအမျိုးအစားခြင်း လုံးဝမတူပါ။
ဝိနယတွင်
ဂရုဓမ္မအရ  (ဂရုဓမ္မသက်ဝင်သော) ကျူးလွန်မှုများ ဖော်ပြထားခဲ့ပါသော်လည်း
ထိုဂရုဓမ္မ-(၈)မျိုးစလုံးသည် သံဃာဒိသေသ အဆင့်နှင့်မတူဘဲ
ပါစိတ်အဆင့်နှင်သာ တူညီနေသည်ကို တွေ့ရပါသည်၊
ပါစိတ်ကျူးလွန်မှုမှာ သံဃာဒိသေသနှင့် နှိုင်းယှဉ်ပါသော်
ပေါ့သောကျူးလွန်မှုမျိုးဖြစ်၍
ကျူးလွန်မိသူသည် မိမိနှင့်အတူနေပြစ်မှုမကျူးလွန်သော အခြားဘိက္ခူနီတစ်ပါးထံ
မိမိ၏ပြစ်မှုတို့ကို ဖွင့်လှစ်ဝန်ခံလိုက်ပါလျှင် မပြစ်မှ လွတ်ပါသည်၊
ပစ္စည်းများပိုင်ဆိုင်မှုကို ပါစိတ် အရကျူးလွန်ခဲ့သည်ဟု အစွတ်စွဲခံရသော်
ထိုပျက်ကွက်မှုကြောင့် ပစ္စည်းများကိုပြန်လည်စွန်လွှတ်ပြီး
ဘိက္ခူနီသံဃာက သိမ်းဆည်းစေ၍ မိမိက ဒါဏ်ခံပါသည်။
ဂရုဓမ္မနံပါတ် (၂) အရ ဘိက္ခူနီတစ်ပါးသည်
“ဝါတွင်းသုံးလအတွင်း ဘိက္ခူနှင့်ကင်းဝေးစွာ မနေရ”  ဟုသတ်မှတ်ထားပါသည်၊ ဤသက်မှတ်ချက်သည် ပါစိတ်နံပါတ်(၅၆) ဘိက္ခူနီဝိဘင်း (ဝိ-၄-၃၁၃) နှင့် အညီ (ထပ်တူထပ်မျှဖြစ်)  သည်ကို တွေ့နိုင်ပါသည်။
ဂရုဓမ္မနံပါတ် (၃) အရ
ဘိက္ခူနီတစ်ပါးသည် နှစ်ပါတ်တစ်ကြိမ် ဥပေါသထနေ့တွင်
ဘိက္ခူသံဃာထံ အကြောင်ကြား၍  သြဝါဒခံယူရပါသည်၊
ဤဂရုဓမ္မနှင့် ကိုက်ညီသော ပါစိတ်နံပါတ် (၅၉)ကို
ဝိဘင်း (ဝိ-၄-၃၁၅)တွင်တွေ့နိုင်ပါသည်။
ဂရုဓမ္မနံပါတ်  (၄)  အရ
ဘိက္ခူနီတစ်ပါးသည် ဝါတွင်း (၃)လကုန်ဆုံးပြီးပါလျှင်
ထိုပြီးခဲ့သောကာလအတွင်း၌ မိမိ၏ချို့ယွင်းချက်းများရှိ-မရှိကို
နှစ်ဖက်သံဃာတော် (ဘိက္ခူ-ဘိက္ခူနီ)တို့၏ မျက်မှောက်တွင်
မိမိအား ညွှန်ပြဆုံးမပါရန် ဖိတ်ခေါ်ရပါသည် (ပါဠိ-ပဝရဏာ)၊
ထိုဂရုဓမ္မသည် ပါစိတ်နံပါတ်  (၅၇) ဘိက္ခူနီဝိဘင်း (ဝိ-၄-၃၁၄-) နှင့် တူညီပါသည်။
ဂရုဓမ္မနံပါတ် (၇)  အရ
ဘိက္ခူနီတစ်ပါးသည် ဘိက္ခူတစ်ပါးကို ကဲရဲ့ပြစ်တင်ခြင်း၊
နှိပ်စက်ညှင်းပန်းခြင်းမပြုရ၊
ထိုဂရုဓမ္မသည် နံပါတ် (၅၂) ဘိက္ခူနီဝိဘင်း  (ဝိ-၄-၃၀၉) နှင့် တူညီပါသည်။
အထက်ပါတင်ပြခဲ့သောအချက်များအရ
ထိုဂရုဓမ္မတို့သည် ပါစိတ်အမျိုအစား (ပေါ့သောအတန်းအစား)၌သာ ပါဝင်၍
သံဃာဒိသေသေ (ကြီးလေးသောအတန်းအစား)  ၌ မပါဝင်ခြင်းကို
သေချာစွာ စစ်ကြောသိရှိနိုင်ပါသည်။
မှတ်သားလောက်သောအချက်တစ်ခုမှာ
ဂရုဓမ္မ(၈)မျိုးလုံး၏ လက္ခဏာတွင်
တစ်စုံတစ်ယောက်ကျူးလွန်မိခဲ့သော်
သံဃာဒိသေသကဲ့သို့သော အပြစ်ဒဏ်ပေးနိုင်သော စည်းမျဉ်းသတ်မှတ်ချက် ချမထားပါ။
မုချဆိုရပါလျှင်   ဂရုဓမ္မ  (၈)ခုတို့သည်
ဝိနယတွင် ပြဌာန်းထားသော စည်းမျဉ်းသတ်မှတ်ချက်များနှင့်မတူ၊
ကွဲပြား ခြားနားချက်များရှိနေပါသည်၊
ဝိနယတွင် ပြဌာန်းထားသည့် စည်းမျဉ်းတို့မှာ
တစ်စုံတစ်ယောက် ပြစ်မှုကျူလွန်ခဲ့သည်အပေါ် မူတည်၍
နောက်ထပ်မဖြစ်လေရအောင် စည်မျဉ်းသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်၊
ဂရုဓမ္မတို့သည်ကား
ကြိုတင်သတိပေးထားချက်များသာ ဖြစ်ပါသည်၊
ထို့အပြင် ဂရုဓမ္မတို့သည်
ဘိက္ခူနီအဖြစ်မခံယူမှီက ဤကဲ့သို့သော အချက်များကို
အလေးပြုရမည်ဟု ကြိုတင်ညွှန်ကြားချက်သာဖြစ်ပါသည်၊  
စူဠဝဂ္ဂအရ မဟာပဇာပတိသည်
ဤဂရုဓမ္မ (၈)ခုကို ဦးထိပ်တင်လိုက်နာပြီးမှ ဘိက္ခူနီအဖြစ်သို့ရောက်ပြီဟု
ဘုရားရှင်က မိန့်ဆိုခဲ့ပါသည်၊
ထို့ကြောင့် ဂရုဓမ္မ  (၈) ခုတို့သည်
ဝိနယစည်းမျဉ်းနှင့် မတူညီကွဲပြားမှုရှိနေသည်ကို
ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။
ပါစိတ်စည်းမျဉ်းတို့ကို စီစစ်ကြည့်သည်အခါ
အချို့ဂရုဓမ္မတို့နှင့် ဆီလျှော်တူညီနေသည်ကို ထင်ရှားစွာသိမြင်နိုင်ပါသည်၊
ဘိက္ခူနီဝိဘင်းတွင် တင်ပြထားသည်မှာ
ဘုရားရှင်သည် ဘိက္ခူနီတို့နှင့် ပါတ်သက်သောဖြစ်ပွားမှုများကို
ပါစိတ်စည်းမျဉ်းတွင် ညွှန်ကြားပြဌာန်းထားပါသည်၊
ဝိနယရှုထောင့်မှကြည့်ပါလျှင် ဤအခြင်းအရာတို့သည်
ဘိက္ခူနီသံဃာပေါ်ပြီးနောက်ပိုင်းမှ
ဘိက္ခူနီတို့နှင့်ဆိုင်သော ပါစိတ်တို့ပေါ်ရောက်လာခြင်းဖြစ်ပါသည်။
အထက်တွင်ဖေါ်ပြခဲ့သော
ပါစိတ်စည်းမျဉ်း  (၅၂), (၅၆), (၅၇), (၅၉), တို့၏ သဘောလက္ခဏာတို့မှာ ဝိနယစည်းမျဉ်းပုံသေများဖြစ်ပါသည်၊ 
ထိုပုံသေစည်းမျဉ်းအရ
ပထမဆုံးကျူးလွန်သူ (ပါဠိ-အာဒိကမ္မိက) သည် အပြစ်မရှိ (ပါဠိ- အနာပတ္တိ)၊
အဓိပ္ပါယ်မှာ ထိုပါစိတ်များကို
ပထမဆုံးကျူးလွန်သူ  (ဂရုဓမ္မ-၂-၃-၄-၇ နှင့် တူညီ) ကို ပြစ်မှုမသင့်ရောက်ပါ၊
ပါစိတ်စည်းမျဉ်းချပြီး နောက်ပိုင်း၌ ကျူးလွန်သူသည်သာလျှင် ပြစ်မှုသင့်ရောက်ပါသည်။
ဤအကြောင်းအရာတို့ကိုစုခြုံ၍ ဝိနယရှုထောင့်မှ ကြည့်ပါလျှင်
ဂရုဓမ္မတို့သည် စည်းမျဉ်းသက်မှတ်ချက်များဟု မယူဆနိုင်ပါ၊
စည်းမျဉ်ဟူ၍သာယူဆခဲ့ပါလျှင်
ကျူလွန်သည်နှင်အမျှ အပြစ်ဒဏ်မှ လွတ်ခွင့်မရှိပါ၊
ပါစိတ်တစ်ခုဖြစ်သည်ဟူသော စည်းမျဉ်းသက်မှတ်ချက်ချပြီးမှသာ
ကျူးလွန်မှု အာပါတ်သင့်ခြင်း  (ပါဠိ-အာပတ္တိ) ဖြစ်နိုင်ပါသည်။
အကျဉ်းချုပ်ရပါလျှင်
ဂရုဓမ္မ (၈) ခုတို့၌ ကျူးလွန်မှုသည်
အပြစ်ဒဏ်ပေးနိုင်သည်ဟု သက်မှတ်မထားဘဲ
ကြီးလေးသော လိုက်နာသင့်သည့်အချက်များဟူ၍သာ ညွှန်းထားပါသည်၊
စူဠဝဂ္ဂ   (စူဠ-၁၀-၁)တွင် ထိုဂရုဓမ္မတို့ကို
ရိုသေလေးစား- ဂရုဂါရဝ ပြုရမည့်အချက်များ- ဟူ၍ တင်ပြထားပါသည်၊ 
(ပါဠိ- သက္ကတွာ ဂရုကတွာ မာနေတွာ ပူဇေတွာ)
အတိုချုပ်မှာ ဂရုဓမ္မ  သည် ကြီးလေးစွာရိုသေရမည့်အချက်များ - ဟူလို။
ဤဂရုဓမ္မများ၏ အခြေခံ (အရင်းမူလ) သဘောတရားများကို
စာရှုသူတို့ အသေးစိတ်နှလုံးသွင်းပြီ သကာလ-
ဂရုဓမ္မ နံပါတ် (၆) သို့ ပြန်လည်လှည့်ကြည့်ကြပါစို့၊
ဂရုဓမ္မ  (၆)တွင်ဘိက္ခူနီဖြစ်လိုသောအမျိုးသမီးတစ်ဦးသည်
သိက္ခာမာန်အဖြစ် (၂) နှစ်တိတိသီလစောင့်ထိန်းပြီးသောအခါ
နှစ်ဖက်သောသံဃာ (ဘိက္ခူ-ဘိက္ခူနီ)တို့မျက်မှောက်၌
အဆင့်မြင့်သော ဘိက္ခူနီအဖြစ်သို့
သူမအားချီးမြှောက်ပေးပါရန် လျှောက်ထားတောင်ပန်ရမည် (ဝိ-၂-၂၅၅)၊
အောက်ပါလေးစားရမည့် အချက်ကို ပြတ်သားစွာ သတ်မှတ်ခဲ့ပါသည်။
“အဆင့်မြင့်ဘိက္ခူနီမဖြစ်မှီ အစမ်းသဘောဖြင့် (၆) ပါးသောသိက္ခာပုဒ်ကို
(၂) နှစ်တိတိမပျက်မကွက်စောင့်ထိန်းခဲ့သော သိက္ခမာန်သည်
ဘိက္ခူ-ဘိက္ခူနီ) တို့မျက်မှောက်တွင်
ဘိက္ခူနီဖြစ်ခွင့် လျှောက်ထားတောင်းပန်ရမည်
(ပါဠိ- ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခာယ သိက္ခာယမာနာယ
ဥဘတောသံဃေ ဥပသမ္ပဒါ ပရိယေသိတဗ္ဗာ)”
ဤသိက္ခမာန်အဖြစ် စောင့်ထိန်းရန်လိုအပ်သည် ဟူသော အချက်ကို
ပါစိတ်နံပါတ်  (၆၃) ဘိက္ခူနီဝိဘင်း  (ဝိ-၄-၃၁၉) တွင် ပါဝင်ထည့်သွင်းထားပါသည်၊
သို့သော် ဘိက္ခူနီဝိဘင်းမှလွဲ၍ ဝိနယရှိအခြားဆီလျှော်သော နေရာများတွင်
နှစ်ဖက်သော သံဃာ (ဘိက္ခူ-ဘိက္ခူနီ) တို့ရှိရန်လိုအပ်သည်ဟု ရေးထားမှုကိုမတွေ့ရပါ။
Tuesday, August 26, 2014
ဘိက္ခူနီအရေးတော်ပုံ (၃)
(၂) ထေရဝါဒ ဥပဒေ စည်းမျဉ်းများ။
“ထေရဝါဒ”  ဟူသောစကားလုံးကို ဘာသာပြန်ရပါလျှင်
“ ရှေးလူကြီးများ၏ဆိုရိုးစကား”  ဟု အဓိပ္ပါယ်ရပါသည်၊
ဒီပဝံသ- သီဟိုဠ် ရာဇဝင်သမိုင်း  (ဒီပ ၄-၆) ၌ ရေးသားထားပုံမှာ
 ရာဇဂြိုလ်ပြည်ပဋ္ဌမသံဃာယနာတင်ချိန်တွင် စုဆောင်းထားခဲ့သော
ရှေးသူဟောင်းအရိယာပုဂ္ဂိုလ်များ စုပေါင်း၍
ရွတ်ဆိုခဲ့သည့် (သဂီတိ) စကားများဟုဆိုလိုပါသည်၊
ဤထေရဝါဒစကားလုံးကိုပင် (ဒီပဝံသ ၅-၅၁) နှင့် ကထာဝတ္ထု - (ကထာဝတ္ထုက-၃) တွင် ပါဠိဘာသာဖြင့်ရေးထားအပ်သော ပဋ္ဌမသံဃာယနာတင်စကားစုများဟု မှတ်တမ်းတင်ပြီး သီဟိုဠ်ဗုဒ္ဓကျောင်း၌ မပျောက်ပျက်အောင် စောင့်ထိန်းထားသည်ဟု ညွှန်ပြထားပါသည်။
ဤသို့အားဖြင့် ပါဠိပိဋကတ်သည်
ထေရဝါဒ၏ မတည်ရာအခြေခံအုပ်မြစ်ဖြစ်လာခဲ့ပါသည်။
ဤထေရဝါဒရိုးရာထုံးတမ်းကို
တောင်အာရှတိုက် - အရှေ့တောင်အာရှတိုက်များတွင်
ပါဠိဘာသာကျမ်းဂန်အတိုင်း ညီညွတ်စွာလိုက်နာကိုးကွယ်ကြပါသည်။
သို့ဖြစ်ပါ၍ ဝိနည်းပိုင်းတွင် ပါဝင်သော စည်းမျဉ်းဥပဒေ သိက္ခာပုဒ်များသည်
ထေရဝါဒဝင်သံဃာ (ဘိက္ခူ  -ဘိက္ခူနီ) များအဖို့
အလွန့်အလွန် အရေးကြီးသော စည်းကမ်းချက်များ ဖြစ်ပါသည်၊
ဝိနည်းအဋ္ဌကထာသမန္တပါသာဒိက  (သမ ၁-၂၃၁)  တွင်
အခြားစာပေ အားလုံးတို့ထက် ပိဋကတော်၏ သာလွန်မြင့်မြတ်ပုံကို အထူတလည်မှတ်တမ်းတင်ခဲ့ပါသည်၊
ထင်မြင်ယူဆချက်တို့သည်
ရှေးဟောင်းဆရာတို့၏ ကျမ်းဂန်များလောက် ခိုင်လုံမှုမရှိသလို -
ထိုကျမ်းဂန်ကြီးများကိုပင် ပါဠိပိဋကတော်နှင့် နှိုင်းယှဉ်လိုက်ပါက
ပိဋကတော်လောက် ခိုင်လုံမှုမရှိသည်ကို တွေ့နိုင်ပါသည်- ဟုဆိုထားပါသည်၊  
ပါဠိ   “ အတ္တနောမတိတော အာစရိယဝါဒေါ ဗလဝတရော-
အာစရိယဝါဒတောဟိသုတ္တာနုလောမံ ဗလဝတရံ”
အတိုချုံးရပါလျှင် -
ထေရဝါဒ- သံဃကိစ္စ(သံဃကမ္မ) တရားဥပဒေဆိုင်ရာမေခွန်းများကို
ပါဠိဝိနယသည်သာ -  ခုံသမာဓိ  (ဗဟိုလ်အချက်အချာ-တရားသူကြီး) အဖြစ်
ဆုံးဖြတ်နိုင်သည်- ဆုံးဖြတ်သင့်သည်ဟုတင်ပြခဲ့ပါသည်။                                   
အထက်ပါအထောက်အထားများကြောင့်
ထေရဝါဒ ထုံးတမ်းအစဉ်အလာနှင့်
ဆီလျှော်သော ဘိက္ခူနီသံဃာ ပြန်လည်ထူထောင်နိုင်ရေးတွင်
ဘုရားရှင်၏ အရေးကြီးသော စည်းမျဉ်းအဖြာဖြာညွှန်ကြားချက်များကို
ထိန်းဆောင်ထားသည့် ပါဠိဝိနယသည် ‘သာလျှင်’ အချက်အချာဗဟိုလ်ပန်းတိုင်းကြီးဖြစ်ပါသည်၊ 
ဤကဲ့သို့သောဝိနယစည်းမျဉ်းပန်းတိုင်ကြီးကို
ဘိက္ခူနီသံဃာ ပြန်လည်ထူထောင်နိုင်ရေး၊
အခြားသောအမှုအရေးများ ပြုလုပ်နိုင်ရန် ပြင်ဆင်ပြုပြင်ခြင်းသည်
ထေရဝါဒ ထုံးတမ်းစဉ်လာ ရှုထောင့်မှ ကြည့်ပါလျှင် လုံးဝလက်မခံနိုင်ပါ။  
ဤသို့ “ပြင်ဆင် ပြုပြင်ခြင်း” သည် ပါဠိဝိနယတွင် ထိန်းဆောင်ခဲ့သော
ရှေးထုံးတမ်း အစဉ်အလာအတိုင်း တိကျစွာစည်းမျဉ်းတို့ကို
လိုက်နာရမည်ဟူသော အချက်နှင့် မညီ - လွဲချော်နေပါသည်။
ဒီဃနိကာယ်အဋ္ဌကထာ သုမင်္ဂလာဝိသာသိနီ   (သုဝိ  ၁-၁၁) အရ
ရာဇဂြိုလ်ပြည်တွင် ကျင်းပခဲ့သည့် ပဋ္ဌမသံဂါယနာတွင်
အရိယာသံဃာတော်များသည် ဝိနယကို
ပဋ္ဌမဆုံးစ၍ ရွက်ဆိုကြရန် သဘောတူညီစွာ ဆုံးဖြတ်ခဲ့ကြပါသည်၊ 
ထိုသို့ဆုံးဖြတ်ချက်ချခြင်းမှာ အရိယာသံဃာတော်တို့၏စိတ်တွင်
ဝိနယသည် သာသာသနာ၏ အသက်သွေးကြောဖြစ်သည်ဟု ယူဆမှုကြောင့်ဖြစ်ပါသည်။
ပါဠိ-    “ဝိနယယောနာမ ဗုဒ္ဓဿ သာသနဿ အာယု” ဟု
ပါဠိဘာသာဖြင့် ဆိုထားပါသည်၊ 
ဘုရားရှင်၏ သာသနာတော်သည် ဝိနယတည်မြဲနေသမျှ ကာလပတ်လုံး မြဲနေလိမ့်မည်-ဟူလို။
ပါဠိ- “ဝိနယေ ဋ္ဌိတေ သာသနံ ဋ္ဌိတံ ဟောတိ”
ဗုဒ္ဓသာသနာ၏ အသက်သွေးကြော  (အာယု) ဖြစ်သော
ဝိနယကို ပြန်လည်ပြင်ဆင်ပြုပြင်ရန် ကြံစည်ခဲ့သော်  (ရည်ရွယ်ခဲ့သော်) ဝိနည်းစည်းမျဉ်းအရ   “လွဲချော်”   နေပါလိမ့်မည်၊
ထိုနည်းအရ ရှေးသူတော်ဟောင်းတို့
ရိုးရာအစဉ်အလာအတိုင်းထားခဲ့သည့် ပြဋ္ဌာန်းချက် စည်းဝိုင်းအတွင်း  (ဘောင်ခွင်အတွင်း) မှ ကျော်လွတ်နေသော ရည်ရွယ်ချက်မျိုးမှာလုံးဝမုချမဖြစ်နိုင်ပါ။
မဟာပရိနိဗ္ဗာနသုတ်   (ဒီပ  ၂-၇၇)   မြတ်စွာဘုရား၏ သတိပေးစကားတွင်
သာသနာဆုတ်ယုတ် တိမ်ကောသွားခြင်းမှ ကာကွယ်နိုင်ရန်နှင့်
ဘုရားရှင်၏ တရားအမွေခံ သားတော်-သမီးတော်
(ဘိက္ခူ-ဘိက္ခူနီများ ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်စေရန် စည်းကမ်းချက်များသတ်မှတ်ခဲ့ပါသည်၊
ထိုစည်းမျဉ်းချက်များတွင် တစ်ခုသော စည်းမျဉ်းချက်မှာ
ရှေးပဝေသဏီက တည်ရှိခဲ့သော တရားဥပဒေများကို နှုပ်သိမ်းပယ်ဖျက်ခြင်းမပြုရ၊
တရားဥပဒေ အသစ်ကိုလည်းအခွင့်အာဏာမပြုရ - ဟုညွှန်ကြားခဲ့ပါသည်။
ပါဠိ  -  “အပ္ပညတ္တံ  န ပညပေဿန္တိ   ပညတ္တံ   န  သမုစ္ဆိန္ဒဿန္တိ  “ –
ယင်းကဲ့သို့ ထေရဝါဒဘောင် အတွင်းသို့လည်းဝင်လိုသည်၊
တချိန်တည်းမှာပင် ထေရဝါဒစည်းမျဉ်းများကိုလည်း ပြောင်းလဲလိုသည်ဟု
ပန်ကြားခြင်းမျိုးသည် ထေရဝါဒ ထုံးတမ်းနှင့် တိုက်ရိုက်ဆန့်ကျင်နေပါ၍
လုံးဝအဓိပ္ပါယ်မရှိပါ။
ဘိက္ခူနီသာသနာပြန်လည်ထူထောင်ရေးသည်
ယခုခေတ်ဖြစ်ပေါ်နေသော
လိင်တူညီမှုအခွင့်အရေး   (ယောက်ျား  -   မိန်းမ တန်းတူဖြစ်ရေး) နှင့်
ဘယ်သို့မျှ မသက်ဆိုင်ပါ။
ယခုခေတ် အယူအဆအရဤသို့သော ခွဲခြားမှုများသည်
တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုဆုတ်ယုတ်နိုင်သည်ဟု ဆိုငြားသော်လည်း
ဤကိစ္စသည် ထေရဝါဒ ထုံးတမ်းအစဉ်အလာ၌
အရေးကြီးသည် မဟုတ်ပါ၍ သင်္ကာရှင်းရန်မလိုပါ။
ယခုဖြစ်ပေါ်နေသောခက်ခဲမှုမှာ
ထေရဝါဒ ထုံးတမ်းစဉ်လာ၏ အခြေခံဥပဒေ အချက်များ (စည်းမျဉ်းများ) ကို ငြိစွမ်းသော  ဘေးအန္တရယ် ဖြစ်နိုင်သည်- မဖြစ်နိုင်သည်ကိုသာ
စေ့စပ်စွာစစ်ကြောရန် လိုအပ်ခြင်းဖြစ်ပါသည်။
ဆိုကြပါစို့  -   ဥပမာပြရပါလျှင်  - 
အမျိုးသမီးတစ်ဦးသည် ဘိက္ခူနီဖြစ်လိုသောကြောင့်
တရုတ်ဘာသာအရ တရားဝင်သော တရုတ်ဓမ္မဂုတ္တက ဘိက္ခူနီ အဖြစ်ခံယူလိုက်ပြီး ဓမ္မဂုတ္တကဥပဒေနှင့်အညီ ဘိက္ခူနီသံဃကိစ္စ (သံဃကမ္မ) များကို လိုက်နာဆောင်ရွက်ခဲ့ပါသည်၊ ထိုကိစ္စတွင် ထေရဝါဒပုဂ္ဂိုလ်များသည် သွားရောက်ကန့်ကွက်ငြင်းဆိုမည်မထင်ပါ၊ ထေရဝါဒဘိက္ခူနီအနေနှင့်သာ
ထိုအမျိုးသမီးများကို အသိအမှတ်မပြုဘဲ လျှစ်လျှူရှုနေကြပါမည်၊
ခက်ခဲမှုမှာ ထိုအမျိုးသမီးသည် ထေရဝါဒဘိက္ခူနီအဖြစ်သို့ တဖန်ပြောင်းလိုသော်
သက်ဆိုင်သူ ထေရဝါဒဝိနည်းကျွမ်းကျင်သော ဆရာတော်များက
လက်ခံနိုင်မည်- မခံနိုင်မည်ကို စီစစ်ရန် လိုအပ်ပါသည်။
ဤသို့သောခက်ခဲမှုကို ထေရဝါဒ ဥပဒေဘောင်ခွင် (စည်းဝိုင်း) အတွင်း
မည်သို့ဖြေရှင်းနိုင်မည်ကို သိရှိရန်လိုအပ်နေပါသည်၊
အထူးသဖြင့် ဤပြဿနာကို ပါဠိဝိနယရှုထောင့်မှနေ၍
ချင့်ချိန်နှိုင်းဆရန် လိုအပ်ပါသည်၊
လိင်တူညီရန် အခွင့်အရေး တောင်းဆိုမှုစသည်ဖြင့်
ပြင်ပတရားဥပဒေ  (လူတို့၏တရားဥပဒေ) များရှိသော်လည်း
ယခုကိစ္စတွင် ထိုအရာများသည် အပြီးသတ်ဆုံးဖြတ်ချက်နှင့်မပါတ်သက်ပါ၊
အဓိကအရေးပါဆုံးသော ဆုံးဖြတ်ချက်များသည်
ထေရဝါဒအစဉ်အလာအရ တရားဥပဒေစည်းမျဉ်း (ဘုရားဥပဒေ ) များနှင့်သာ
သက်ဆိုင်နေပါသည်။
သို့ဖြစ်ပါ၍ထေရဝါဒတရားဥပဒေအရမဖြစ်နိုင်ဟု အထောက်အထားများဖြင့်
မှန်ကန်စွာ တင်ပြနိုင်ခဲ့ပါလျှင် ဤဘိက္ခူနီသာသနာပြန်လည်ထူထောင်ရေးသည် အများစုသဘောတူညီမှုရနိုင်ခွင့်နှင့် ကြုံမည်မဟုတ်ပါ၊
ထိုနည်းအတူပင် တရားဥပဒေစည်းမျဉ်းကို
မငြိစွန်း-မကျော်လွန်- မထိပါးခဲ့ပါသော်လည်း အခြေခံအထောက်အထားမရှိပဲ ဇွတ်ငြင်းပယ်မှုသည်လည်း မဖြစ်သင့်-မသင့်တော်ပါ။
အထက်ပါအချက်များအားလုံကိုကောင်းစွာနှလုံးသွင်း၍-
ဦးပဉ္ဇင်းသည် ရှုပ်ထွေးလေ့ရှိတက်သောတရားဥပဒေဆီသို့
ဦးတည်ဆွေးနွေး တင်ပြချင်ပါသည်၊
ပိဋကစည်းမျဉ်းများနှင့် အညီ သမန္တပါသာဒိက  (သမ-ပါ ၁-၂၃၁) ၌
ဖော်ပြထားသော အမိန့်ချမှတ်ပညတ်ချက်တွင် -
“ပါဠိဝိနယ”  သည်သာ အရေးအပါဆုံးဖြစ်၍
အဋ္ဌကထာ-သို့မဟုတ် တစ်စုံတစ်ဦး၏ ထင်မြင်ယူဆချက်ကို
အရေးပါသည်  (တရားဝင်သည်) ဟုမဆိုနိုင်ပါ၊
ဘိက္ခူနီသာသနာပြန်လည်ထူထောင်ရေးသည် ထေရဝါဒဥပဒေအရ
ပြုလုပ်နိုင်ခွင့် ရှိ-မရှိကို ပါဠိ- ဝိနယပညတ်ချက်များကသာ နောက်ဆုံးပုံသေစံကိုက်ဆုံးဖြတ်နိုင်ပါသည်။
တစ်စုံတစ်ဦးတစ်ယောက်၏ ထင်မြင်ယူဆချက်နှင့် ပါတ်သက်၍
ဦးပဉ္ဇင်းတင်ပြရပါလျှင် ဝိနယကို အပေါ်ယံအားဖြင့် ဖက်ရှုပြီး
ဝေဖန်ဆုံးဖြတ် ပြောဆိုလျှင်လည်းဖြစ်နိုင်ပါသည်၊ ထိုသို့သောရေးသားမှုမျိုးများကြောင့်မရှင်းလင်းသော
မတိကျသောဆုံးဖြတ်ချက်များ ဆက်၍ပေါ်လာနိုင်ပါသည်၊
အမျိုးမျိုးသော အကြောင်းများကြောင့်
ဦးပဉ္ဇင်း၏ အတွေးအခေါ် ယူဆချက်များ ကွဲလွဲနိုင်ပါသော်လည်း
ယခုပြဿနာနှင့် ပါတ်သတ်၍
ဦးပဉ္ဇင်း၏ ရှု့ကွင်းထောင့်နှင့် တိုက်ရိုက်စပ်ဆိုင်သည် မဟုတ်ပါ။
ယခုကိစ္စကို တရားဥပဒေဆိုင်ရာမေးခွန်းများ စူးစမ်းရှာဖွေပြီး
စပ်ဆိုင်သော သက်သေခံအထောက်အထားများကသာ အရေးပါ-ပါသည်၊
ယခုပေါ်ရှိနေသော ပြဿနာကို ပါဠိဝိနယ ရှုထောင့်မှသာလျှင် အထောက်အထားပြနိုင်ပါသည်၊  
ဤခိုင်လုံယုတ္တိရှိသော အထောက်အထားများသည် ပါဠိဝိနယသာဖြစ်ပါလေသည်။
သို့ဖြစ်ပါ၍ ဦးပဉ္ဇင်း သို့မဟုတ် တစ်စုံတစ်ဦး၏ ဆွေးနွေးတင်ပြချက်များသည်
ပါဠိဝိနယ၏ ဘောင်ခွင်(စည်းဝိုင်းအတွင်း)၌သာ တည်ရှိရမည်ဖြစ်ပါသဖြင့်
ဦးပဉ္ဇင်း၏ ထင်မြင်ချက်များနှင့် လုံးဝမသက်ဆိုင်ပါ၊
ဦးပဉ္ဇင်း သို့မဟုတ် အခြားပုဂ္ဂိုလ်များ၏ မည်သို့မည်ပုံဖြစ်သင့်သည်ဟူသော
ထင်မြင်ယူဆချက်များနှင့် လုံးဝမပါတ်သက်ပါ။
Friday, August 22, 2014
ဘိက္ခူနီအရေးတော်ပုံ (၂)
(၁)   ဘိက္ခူနီသံဃာအဖြစ်ပြဌာန်းခြင်းနှင့် ဘိက္ခူနီခံယူပွဲ (ဗုဒ္ဓဂါယာ-၁၉၉၈-ခု)
ထေရဝါဒဝိနယတွင်ပါရှိသော
ဘိက္ခူနီသံဃာ ထုံးနည်းဥပဒေ (ဝိနယ၂-၂၅၅) ဖေါ်ပြချက်များကို
ဆက်လက်တင်ပြပါမည်၊
စူဠဝဂ္ဂ   (၁၀-၅) ၌
မဟာပဇာပတိဂေါတမီသည်
ပထမဆုံးသော ဘိက္ခူနီအဖြစ် ပြဌာန်းခံယူရရှိသည်ဟု ဖေါ်ပြထားပါသည်၊
ထိုအမှုကိစ္စတွင် မဟာပဇာပတိသည်
ဂရုဓမ္မ(၈)ပါး (ကြီးလေးသော ရိုသေစွာ လိုက်နာရမည့်အချက်-၈-ခု) ကို
ခံယူပြီးမှ ဘိက္ခူနီအဖြစ်သို့ ရရှိပါသည်။
ထိုဂရုဓမ္မ    (ရိုသေစွာလိုက်နာရမည့်အချက်များ)  တွင်
တရားဥပဒေအရ အလွန်အရေးပါသောအချက် တစ်ခုမှာ
ဂရုဓမ္မ-နံပါတ်(၆) ဖြစ်ပါသည်၊ 
ဤနံပါတ်(၆) ဂရုဓမ္မအရ ဘိက္ခူနီဖြစ်လိုသူတစ်ဦးသည်
(သီလ-၆-ပါးထိန်းသူ) သိက္ခမာန်အဖြစ် (၂) နှစ် တိတိ မပျက်မကွတ်လေ့ကျင့်ပြီးမှ ဘိက္ခူနီအဖြစ်ခံယူနိုင်သည်ဟု ဆိုခဲ့ပါသည်။
ထိုကဲ့သို့ပြုလုပ်ခဲ့ပြီးလျှင်
နှစ်ဖက်သော သံဃာတို့  (ဘိက္ခူ-ဘိက္ခူနီမများ) ရှေမှောက်၌
အဆင့်မြင့်သော ဘိက္ခူနီအဖြစ်သို့ ခံယူနိုင်ခွင့် လျှောက်ထားတောင်းပန်ရပါသည်။
စူဠဝဂ္ဂ(၁၀)တွင်ဆက်လက်တင်ပြထားသည်မှာ-
မဟာပဇာတိသည်- ဂရုဓမ္မ(၈)ခုကို ဦးထိပ်ထား၍
ဘိက္ခူနီအဖြစ်သို့ရောက်ရှိပြီးနောက်
သူမ၏  နောက်လိုက် နောက်ပါ နန်းတွင်းသူတို့ကလည်း
ဘိက္ခူနီအဖြစ်ခံယူလိုကြသည့်အတွက်
ဘယ်ကဲ့သို့ ဆက်လက် ပြုလုပ် နိုင်ပါမည်နည်းဟ
မြတ်စွာဘုရားရှင်ကို မေးလျှောက်ခဲ့ပါသည်။
ထိုအခါ ဘုရားရှင်က
ဘိက္ခူတို့သည် ထိုနောက်လိုက်နောက်ပါ နန်းတွင်းသူတို့ကို ဘိက္ခူနီများအဖြစ်သို့ရောက်ရန်ကူညီပို့ဆောင်နိုင်သည်ဟု
ညွှန်ကြားအကြံပေးခဲ့ပါသည်။
နောက်ထပ်ဆက်လက်၍ စူဠဝဂ္ဂ  (၁၀-၁၇)၌ ရှက်ကြောက်တက်သောဘိက္ခူနီအရာခံ  (ဘိက္ခူနီလောင်းလျှာ) တို့သည်
ဘိက္ခူသံဃာ အစုအဝေးအလည်တွင်
ဘိက္ခူနီ ဖြစ်သင့် မဖြစ်သင့် ဆုံးဖြတ်နိုင်မှုနှင့် ပါတ်သက်သော အချို့မေးခွန်းများကို
ဖြေရခက်ပြီး အလွန်ခံပြင်းရှက်ကြောက်ကြပါသည် (ဝိနယ၂-၂၇၁)၊
ထိုသို့သောမေးခွန်းများတွင် အင်္ဂါဇာတ်အကြောင်း၊
လိင်နှင့်ပါတ်သက်သောအသေးစိတ်မေးခွန်းများ၊
မီးယပ်ကိစ္စများ စသည်ဖြင့်ပါဝင်ကြပါသည်။
ထိုခေတ်အခါက သဘာဝရိုးရာထုံးတမ်းအစဉ်အလာအရ
အလွန်မနှစ်မြို့စရာ ကြမ်းတမ်းလှသော မေးခွန်းများ ဖြစ်နေပါ၍
ရဟန်းသံဃာ (ဘိက္ခူ) တို့မျက်မှောက်တွင် မဆိုထားလင့်၊
ယောင်္ကျားများရှေ့တွင်မှာပင် နားမကြားဝံ့သော နှီးနှောဆွေးနွေးချက်များကို
ဘိက္ခူနီလောင်းတို့သည် လွန်စွာစိတ်မချမ်းမမြေ့ဖြစ်ခဲ့ကြပါသည်၊
ထိုအကြောင်းကိုကြားသိခဲ့သောဘုရာရှင်သည်
နည်းဥပဒေကိုပြန်လည်ပြုပြင်လိုက်ပါသည်။
စူဠဝဂ္ဂတွင် တင်ပြထားသော ဘုရားရှင်၏ပြန်လည် ပြုပြင်ညွှန်ပြချက်မှာ
ဘိက္ခူတို့သည် ဘိက္ခူနီမများက ထိုမေးခွန်းများကို ဘိက္ခူနီလောင်းလျှာတို့အား ကြိုတင်မေးထားပြီးနောက်မှသာ သူမတို့ကိုဘိက္ခူနီအဖြစ်
ဘိက္ခူတို့က ပြဌာန်းပို့ဆောင်နိုင်သည်ဟုခွင့်ပြုခဲ့ပါသည်။   
ဤသဲလွန်စအခြေအမြစ်အားလုံးတို့သည်
စူဠဝဂ္ဂတွင်ပါဝင်သောဖေါ်ပြချက်များဖြစ်ပါသည်။
ဘိက္ခူနီရာဇဝင်ကို နောက်ဆက်၍  ဦးပဉ္ဇင်းစေ့စပ်သေချာစွာထောက်လှမ်းရမိသည်မှာ
အိန္ဒိယတွင် ဘိက္ခူနီသံဃာသည် (၈)ရာစုအထိ တိုးတက်ဖွင့်ဖြိုးခဲ့ပြီး
ထိုနိုင်ငံ၌ ဘိက္ခူနီအနွယ်ဆက်မကွယ်ပျောက်ခင်ကာလ
(သီရိဓမ္မာသောကမင်းကြီးနန်းစံကာလ) အတွင်းတွင်
ဘိက္ခူနီအနွယ်ဆက်သည် သီဟိုဠ်နိုင်ငံ (သီရိလင်္ကာ) သို့ရောက်ရှိ သွားပါသည်။
ရောက်ရှိပုံကို သီဟိုဠ်ရာဇဝင်သမိုင်း (ဒီပဝံသ) ၌ ဖေါ်ပြထားသည်မှာ
မကြားသေးမှီကပင် ထေရဝါဒဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သော  သီဟိုဠ်ဘုရင်သည်
ဘိက္ခူမဟိန္ဒထံ ချဉ်းကပ်၍  သူ၏မိဘုရား   ‘ အနုလာ’ ကို
ပဗ္ဗဇ္ဇာ ပြုဆောင်ပေးပါရန် တောင်းပန်လျှောက်ထားလေသည်၊
ဒီပဝံသ  (ဒီပအတွဲ ၁၅-၇၆) အရ
ဘိက္ခူမဟိန္ဒကရှင်းပြသည်မှာ
“ အကပ္ပိယာ မဟာရာဇာ ဣတ္ထိပဗ္ဗဇ္ဇာ  ဘိက္ခူနော”  -
ဘုရင်မင်းမြတ် ဘိက္ခုတစ်ပါးအနေဖြင့်အမျိုးသမီးတစ်ဦးကို
ပဗ္ဗဇ္ဇာ ပြုလုပ်မပေးနိုင်ပါဟု အဓိပ္ပါယ်ရပါသည်။
ဤစာပိုဒ်နှင့် ကျုံးဝင်သက်ဆိုင်သောအရာတို့ကို
အနည်းငယ်ဆွေးနွေးချင့်ချိန်ရန်လိုအပ်ပါသည်။
ဝိနည်းတော်အရ အမျိုးသမီးတစ်ဦးကို ပဗ္ဗဇ္ဇာပြုဆောင်မပေးနိုင်ဟု
အတိအလင်းစည်းမျဉ်းမချခဲ့ပါ။
အဋ္ဌကထာမှာသာ ဘိက္ခူနီအရာခံ (ဘိက္ခူနီလောင်းလျှာ)    သည်
ဘိက္ခူနီထံနှိုက်သာ ပဗ္ဗဇ္ဇာခံယူသင့်သည်ဟု ရေးထားပါသည်။
(သမန္တပါသာဒိက-၅-၆၉၇)။ 
အထက်ပါ    ‘ ဒီပဝံသ’  ၌ ရေးသားခဲ့သောစာပိုဒ်ကို
ရှေ့နောက်ဆင်ခြင်ချင့်ချိန်၍ ကြည့်သည့်အခါ-     
‘  ဒီပဝံသ’   တွင်ရေးသော ပဗ္ဗဇ္ဇာ အဓိပ္ပါယ်သည် 
ဝိနယတွင်ရေးသော       ပဗ္ဗဇ္ဇာ နှင့်မတူညီဘဲ အဓိပ္ပါယ်ကွဲခြားနေပါသည်၊
ဒီပဝံသတွင်  ‘ပဗ္ဗဇ္ဇာ’ စာလုံးကို အသုံးပြုပုံမှာ
ယေဘုယျအားဖြင့် အိမ်ထောင်မှုရှုပ်ထွေးသော
လူ့ဘဝကိုစွန့်ပြစ်သောတောထွက်ဘဝ၊   ထိုမှတဆင့် ရဟန်း၊ ရဟန်းမဘဝသို့
ပြောင်းလဲခြင်းဟူ၍သာ အကြမ်းဖျဉ်းသုံးစကားဖြစ်ပါသည်။
သို့ပါ၍ လူ့ဘဝကိုကိုစွန့်လွှတ်၍ ရဟန်းဘဝကိုကူးပြောင်းခြင်းဟ
ခြုံ၍ပြောသောအသုံးအနှုန်းဟုသာ ယူဆရပါမည်၊
ဝိနယကဲ့သို့ ပဗ္ဗဇ္ဇာ နှင့် ဥပသမ္ပဒါ ကိုသီးခြားအဓိပ္ပါယ်မခွဲပါ။
မကြာသေးမှီကပင် ထေရဝါဒဗုဒ္ဓဘာသာသို့ ပြောင်းယူခဲ့သော သီဟိုဠ်ဘုရင်သည်
ဘိက္ခူနီခံယူမှုနှင့်စပ်လျှင်းသော တိကျသည့် အခေါ်အဝေါ်များကို
နားလည် နိုင်လိမ့်မည်ဟု မမျှော်လင့်နိုင်ပါ။
ထို့ကြောင့် ဘုရင်ကြီး၏ ပန်ကြားချက်  “ ပဗ္ဗါဇေဟိ အနုလကံ” (ဒီပ ၁၅-၇၅) နှင့် လျှော်ညီစွာ
ဘိက္ခူမဟိန္ဒကလည်း ထိုအခေါ်အဝေါ်အတိုင်းပင်သုံးခဲ့ပါသည်၊
ဒီပဝံသ ရာဇဝင်သမိုင်း (ဒီပ ၁၆-၃၈) ၌ ဆက်လက်၍ ဖော်ပြပုံမှာ -
အနုလာ မိဖုရားနှင့် နောက်လိုက်နောက်ပါများသည်
တောထွက်များအဖြစ်ခံယူခဲ့ကြသည် “ ပဗ္ဗဇ္ဇိံသု”  ဟုသုံးထားပါသည်။ 
ထိုအမျိုးသမီးများသည် တောထွက်ဘဝမှ - သာမဏေမ-
ထိုမှတဆင်- အဆင့်မြင့်ဘိက္ခူနီ ဘဝသို့ ရောက်ရှိကုန်ကြ သော်လည်း
“ ပဗ္ဗဇ္ဇိ`ံသု”   ဟူသောပါဠိစကားကိုသာ အသုံးပြုခဲ့ကြပါသည်။
`ဤသို့ ဦးပဉ္ဇင်းရှင်းပြပြီးနောက်  ဘိက္ခူနီ ခံယူပွဲအကြောင်းကို ဆက်လက် တင်ပြပါမည်၊
ထိုစဉ်က သီဟိုဠ်ကျွန်းရှိ ဘိက္ခူနီအနွယ်အဆက်မှာ
သီရိဓမ္မာသောကမင်းကြီး၏ သမီးတော် ‘သင်္ဂမိတ္တ’   ဘိက္ခူနီခေါင်းဆောင်သော
အိန္ဒိယမှသာသနာပြု ဘိက္ခူနီများ၏ အနွယ်ဆက်များဖြစ်ပြီး
(၁၁) ရာစုတိုင် လွန်စွာတိုးတက်ဖွဲ့ဖြိုးခဲ့ပါသည်၊
ထို(၁၁)ရာစု၏နောက်ပိုင်း၌ နိုင်ငံရေးသောင်းကျန်းမှုတို့ကြောင့်
ထေရဝါဒ  သံဃာအစုအဝေးအားလုံးတို့သည်
ဖရိုဖရဲ အစိတ်စိတ်ကွဲခဲ့ကြပြီး ဘိက္ခူနီအနွယ်အဆက်မှာလည်း
သီဟိုဠ် (သီရိလင်္ကာ)တွင် ပျောက်ကွယ်ပြီးဆုံးသွားခဲ့ရပါသည်။
ထူးခြားပုံတခုမှာ သီဟိုဠ်ဘိက္ခူနီသံဃာမတိမ်ကောမှီ (၅) ရာစုကပင်
သာသနာပြုဘိက္ခူနီများ တရုတ်ပြည်သို့ (တိုင်းရှိုး ၉၃၉(ဂ)] ရောရှိအနွယ်ဆက်ခဲ့ကြသည်၊ 
ထိုအနွယ်အဆက် ဘိက္ခူနီတိုသည် ထေရဝါဒဝိနယကိုပင်
တရုတ်ဘာသာဖြင့် (၅) ရာစုနောက်ပိုင်းတွင်
ကောင်းမွန်ချောမောစွာ ဘာသာပြန်နိုင်ခဲ့ကြပြီး၊
နောက်ပိုင်းရာစုများမှာ နိုင်ငံရေး မငြိမ်သက်မှုများကြောင့် ပျောက်ကွယ်သွားပါသည် (ကျမ်းညွှန်းတိုင်းရှိုး-LV ၁၃-ခ-)၊ 
(၈)ရာစုအစပိုင်းတွင်   “ ဓမ္မဂုတ္တကဝိနယ” ကို ဘုရင်ဧကရာဇ်၏အမိန့်အရ
တရုတ်ပြည်တစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးကျောင်းများတွင် လိုက်နာကြပါသည်၊
ထိုအချိန်ကာလမှစ၍ တရုတ်ပြည်ရှိ ဘိက္ခူ ဘိက္ခူနီတို့သည်
ဝိနည်းဥပဒေ (ဝိနယ)ကို လိုက်နာ  ကျင့်သုံးခဲ့ကြပါသည်။
ယခုခေတ်၌ပင် ဘိက္ခူနီအနွယ်ဆက်ကို ဝိနည်းတရားဥပဒေနှင်လျှော်ညီစွာ-
၁၉၉၈- အိန္ဒိယပြည်- ဗုဒ္ဓဂါယာတွင် ကျင်းပခဲ့သော ဘိက္ခူနီ ပြဌာန်း ခံယူပွဲကို ဦးတည်အစပြု၍ ဘိက္ခူနီအနွယ်ဆက် သီဟိုဠ်ကျွန်း(သီရိလင်္ကာ)၌ ပြန်လည်တည်ထောင်ထွန်းကားခဲ့ပြန်ပါသည်။
၁၉၉၈-ခုနှစ်မတိုင်မှီကပင် ဘိက္ခူနီပြဌာန်းခံယူပွဲများရှိခဲ့ပါသော်လည်း
၁၉၉၈-ခုနှစ်မှစ၍သီဟိုဠ် (သီရိလင်္ကာ) ရှိ ဘိက္ခူနီ အနွယ်ဆက်သည် အရှိန်တိုးတက်လာပြီး နောက်ဆက်တွဲ ဘိက္ခူနီခံယူပွဲများကို သီဟိုဠ်နိုင်ငံကပင်
ဦးစီးရှေ့ဆောင်ပြီးကျင်းပခဲ့ကြပါသည်။
ထိုဘိက္ခူနီခံယူပွဲကို   (၁၉၉၈) ၌ ဘိက္ခူနီလောင်းလျှာတို့သည်
ထေရဝါဒသင်္ကန်းပရိက္ခရာအစုံကိုဆောင်၍ ဘိက္ခူနီခံယူကြပါသည်၊ 
မဟာယာနတို့အယူဝါဒအရ ဗောဓိသတ္တသစ္စာဆိုချက်များမပြုလုပ်ကြပါ၊
ထိုသို့ဘိက္ခူနီခံယူပြီးနောက်-
ဒုတိယအကြိမ် ထေရဝါဒဝါရင့်ဘုန်းတော်ကြီးများသာပါဝင်ဦးဆောင်သော ‘နောက်ဆင့်’   ဘိက္ခူနီခံယူပွဲ တစ်ခါထပ်၍ပြုလုပ်ပါသည်။
သိမြင်နှိုင်းချိန်နိုင်သော မေးခွန်းတစ်ခုမှာ
ထေရဝါဒဥပဒေအရ ဤသို့တိကျသေချာစွာ ပြုလုပ်ခဲ့ပါသော ဘိက္ခူနီခံယူပွဲသည် ထေရာဝါဒရှုထောင့်မှ အသိအမှတ်ပြုပါသလော?          
ဤဘိက္ခူနီခံယူပွဲသည် ခိုင်လုံယုတ္တိရှိ-မရှိကို
(ထေရဝါဒဥပဒေနှင့်အညီ) အများပြည်သူတို့ စုံစမ်းစစ်ကြောနိုင်ရန်
ဦးပဉ္ဇင်းဆွေးနွေးတင်ပြပါမည်။
Wednesday, August 20, 2014
ဘိက္ခူနီအရေးတော်ပုံ (၁)
ဘိက္ခု အနာလယော (ဂျာမနီ)
အကျဉ်းချုပ်။
(၁၉၉၈)ခုနှစ်အိန္ဒိယပြည် ဗုဒ္ဓဂါယာတွင်
ကျင်းပပြီးခဲ့သော ဘိက္ခူနီခံယူပြဌာန်းပွဲကို အခြေခံထား၍
ထေရ၀ါဒဘိက္ခုနီသံဃာ ပြန်လည်ထူထောင်ခြင်းသည်
တရားဝင်- မ၀င်၊ ခိုင်လုံမှုရှိ- မရှိ၊ စစ်ကြောဝေဖန်ခြင်း။
ရှေးဦးတင်ပြချက်။
ဦးပဉ္ဖင်းရေးခဲ့သော  “ ဘိက္ခူနီသံဃာ ပြန်လည် ထူထောင်ခြင်းနှင့်
သာသာနာဆုတ်ယုတ်ခြင်း’’ ဟူသောခေါင်းစဉ်ဖြင့်
အခြေခံကောက်နှုတ်ကိုးကားချက်များ၊ အသေးစိတ်စစ်ဆေးလေ့လာမှုများ ပါရှိသော
ဆောင်းပါအကျယ် (ဗုဒ္ဓဘာသာကျင့်ထုံး မှတ်တမ်းဂျာနယ် (အတွဲ၂၀ စာမျက်နှာ ၁၁၀၁၉၃) ကို
အကျဉ်းအာဖြင့် ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
ဆက်ရပါသော်
ဉ်ီ်းပဉ္ဖင်းသည် အခြေခံအုပ်မြစ်ဖြစ်သော ၀ိနည်းကျမ်းဂန်ကိုသာလျှင် ဗဟိုလ်ပြု၍
ဘိက္ခူနီပြဌာန်းခံယူပွဲ (၁၉၉၈-ဗုဒ္ဓဂါယာ) သည်
ခိုင်လုံမှုရှိ-မရှိ၊ တရားဝင် မ၀င်ဟူသောမေးခွန်းကို
ရဟန်းရှင်လူအများတို့ လွယ်လင့်တကူ ဆုံးဖြတ်နိုင်ကြပါရန်
တင်ပြခြင်းဖြစ်ပါသည်။      
ဤတင်ပြချက်များကို ခေါင်းစဉ်  (၆) ခုခွဲထားပါသည်။
(၁) ဘိက္ခူနီအဖြစ်ပြဌာန်းခြင်းနှင့် ဗုဒ္ဓဂါယာ ဘိက္ခူနီပြဌာန်းခံယူပွဲ။
(၂)  ထေရဝါဒတရားဥပဒေ     (ဘုရားဥပဒေ)   နှင့်တူမျှဆီလျှော်သောအချက်များ။
(၃)  ဂရုဓမ္မနံပါတ် (၆)။
(၄) ဗုဒ္ဓဂါယာဘိက္ခူနီသံဃာ ခံယူပြဌာန်းပွဲ၌ပါဝင်ခဲ့သော ဘိက္ခူနီအရာခံများ(ဘိက္ခူနီလောင်းလျှာများ)။
(၅) တရုတ်ဥပဇ္ဈာယ်ဆရာဘိက္ခူနီမများ။
(၆) ဘိက္ခူ  (ရဟန်းတော်များ ) ဖြင့်သာ ဘိက္ခူနီအဖြစ်ခံယူခြင်း။