Thursday, November 28, 2013

စဉ်းစားပါဦး

 
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။
ညနေချမ်းရောက်တော့
ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။
ရှင်ရာဟုလာက မြတ်စွာဘုရားအတွက်
နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။
မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး
တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။

“ချစ်သားရာဟုလာ....
အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။
မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....
လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊
ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....
လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....
အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။

ချစ်သားရာဟုလာ....
ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။
ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။

ချစ်သားရာဟုလာ....
အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။
တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”