Tuesday, November 26, 2013

ဒီလို ဟိုလို


မြန်မာပြည်ကနေ မလေးရှားကို လာရောက်အလုပ်လုပ်နေကြတဲ့
ရွှေမြန်မာတွေအကြောင်း ရံဖန်ရံခါ ပြောပြဖြစ်တယ်။
သူတို့လေးတွေနဲ့ ဆက်စပ်တဲ့သာရေးနာရေးဆွမ်းကပ်ပွဲလေးတွေမှာ
နိဗ္ဗာန်ရောက်ရေးတရားထက် ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုသွား၊
ဘယ်လိုစားဆိုတဲ့ နေ့တဓူဝနေထိုင်စားသောက်မှုနဲ့ပတ်သက်တဲ့
အကြောင်းအရာလေးတွေကိုပဲ ပြောပြဟောပြဖြစ်တယ်။
အထူးသဖြင့် သူငယ်ချင်းကောင်း (ကလျာဏမိတ္တ) ရှိဖို့၊
ကောင်းတဲ့သူကို ရွေးပေါင်းဖို့၊ ကောင်းတဲ့သူနဲ့ အတူသွား အတူစားဖို့
ပြောပြဟောပြဖြစ်ပါတယ်။

ဒီမလေးရှားနိုင်ငံကို မြန်မာပြည် ပြည်နယ်နှင့်တိုင်းအသီးသီးက
လူငယ်တွေ လာရောက်ပြီး အလုပ်လုပ်နေကြတာ။
တချို့လူငယ်တွေက မိဘကို လုပ်ကျွေးချင်လို့ ဒီကိုရောက်နေတာ။
တချို့က အိမ်ထောင်ကျပြီးသားတွေ၊ သူတို့မိသားစု
စားဝတ်နေရေး ကျန်းမာရေးအတွက် စီးပွါးလာရှာနေတာ။
တချို့လူငယ်တွေ ဒီရောက်နေတာကတော့
ဘာရည်ရွယ်ချက်မှ မရှိဘူး။
မြန်မာပြည်မှာတုန်းက အိမ်က မိဘတွေက ဆုံးမလို့မရလို့
ဒီသားနဲ့ဝေးဝေးနေရပြီးရော ဆိုတဲ့ရည်ရွယ်ချက်နဲ့
မိဘတွေက ပို့လိုက်လို့ ရောက်နေတာ။

ဆိုလိုတာကတော့ နေရာဒေသအသီးသီးက
လူမျိုးအသီးသီးဟာ ရည်ရွယ်ချက်အသီးသီးနဲ့ ရောက်နေတာလို့ ပြောချင်တာ။
ဆိုတော့ မလေးရှားရောက် ရွှေမြန်မာတွေထဲမှာ
ကောင်းတဲ့လူတွေရော၊ မကောင်းတဲ့လူတွေရော၊ ဒုနဲ့ဒေး။

ဟိုတစ်နေ့က ဒကာတစ်ယောက်ကျောင်းရောက်လာပြီး လျှောက်တယ်။
"အရှင်ဘုရား၊ ဟို  ... . ဆိုတဲ့လူကို သိလား"
"သိတယ်လေ၊ မနှစ်က မူးမူးနဲ့ ဓမ္မာရုံလှေခါးအောက် ခိုးဝင်အိပ်နေတဲ့ဒကာလေးမို့လား"
"မှန်ပါ့၊ ဟုတ်တယ်ဘုရား၊ အဲ့ဒကာလေးအကြောင်းလျှောက်ရအုံးမယ်ဘုရား"
ဒီနိုင်ငံက အမှိုက်ထည့်တဲ့ ထွေလာကားကြီးတွေ အရှင်ဘုရားမြင်ဘူးမှာပေါ့၊
အမှိုက်ပုံးကြီးက အကြီးကြီး၊ မြန်မာပြည်မှာ ထွန်စက်နဲ့ဆွဲတဲ့
ထွေလာကြီးလိုပဲ။ အဲ့ထဲမှာ အမှိုက်တွေ အပြည့်ထည့်တာ။
ပြည့်တာနဲ့ စည်ပင် (သို့) အမှိုက်ပုံးကုမ္ပဏီက ကားနဲ့ လာလာ ဆွဲသွားတာ။
ညက အိမ်တစ်အိမ်ရှေ့က အဲ့လိုအမှိုက်ပုံးကြီးထဲမှာ
ခုနက ပြောတဲ့သူတစ်ယောက်က
သူ့သူငယ်ချင်းနှစ်ယောက်နဲ့ အရက်တွေသောက်တယ်၊
မူးလာတော့ အိမ်လဲ မပြန်နိုင်တော့တာနဲ့
အမှိုက်ပုံးကြီးထဲမှာ စွန့်ပစ်ထားတဲ့ မွေ့ယာအဟောင်းကြီးကလည်း ရှိနေတော့
အမှိုက်ပုံးကြီးထဲမှာပဲ အိပ်လိုက်ကြတယ်တဲ့။
မနက်မိုးစင်စင်လင်းတဲ့အထိ မထနိုင်ကြဘူး။
မနက်မိုးလင်းတော့ စည်ပင်က ကားနဲ့ အမှိုက်ပုံးကို လာဆွဲပါလေရော။
အမှိုက်ပုံးထဲက မူးနေတဲ့ ရွှေမြန်မာငနဲသုံးကောင်က မနိုးဘူးတဲ့ဘုရား။
ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်နဲ့ ပါသွားတာတဲ့။
အမှိုက်စွန့်ပစ်တဲ့နေရာရောက်လို့ နောက်က ဆွဲလာတဲ့အမှိုက်ပုံးထွေလာကြီးကို
လှန်ချလိုက်မှ လန့်နိုးတယ်တဲ့။ ကြည့်လိုက်တော့ အမှိုက်ပုံကြီးပေါ်ရောက်နေပြီ။
ဒါနဲ့ သတိပြန်ဝင်လာပြီး လက်ထဲမှာလည်း ပိုက်ဆံတစ်ပြားမှ မပါလို့
အမှိုက်ကားမောင်းတဲ့သူဆီက ပိုက်ဆံငါးကျပ် (ငါးရင်းဂစ်) တောင်းတောင်းပန်ပန်ပြောဆိုပြီး တောင်းကာ ပြန်လာရသတဲ့"

ကျောင်းရောက်လာတဲ့ ဒကာလေးလျှောက်ပြတာပါ။
မြန်မာပြည်က မိဘတွေ ဒီရောက်နေတဲ့ ဒီလိုသားတွေရဲ့ အဖြစ်ကို သိရင်
ဘယ်လောက် ရင်ထုမနာဖြစ်ကြလေမလဲ။
သူများနိုင်ငံမှာ ဒီလိုဖြစ်နေတာ နိုင်ငံနဲ့ လူမျိုးရော မနစ်နာဘူးလား။