Friday, February 8, 2013

ခြားနားချက်


အသိဘုန်းကြီးတစ်ပါးက ပြောပြဘူးတယ်
“တရုတ်တွေရဲ့သဘောက ငွေကို ဘယ်လိုနည်းနဲ့ ရှာရှာ၊
ငွေရှာနိုင်တဲ့သားသမီးကို သားကောင်းရတနာ သမီးကောင်းရတနာလို့ မှတ်ယူကြတယ်” တဲ့။
ဖြစ်နိုင်တယ်၊ ဒီမှာတွေ့ဘူးတဲ့ တရုတ်အများစုက ငွေတစ်မျက်နှာကိုပဲကြည့်ကြတာ။
လူကြီးမပြောနဲ့၊ ၁၀ နှစ် ၁၂ နှစ်သားတရုတ်ကလေးတွေတောင်
ငွေအရေးပါပုံကို အတော်သိနေပြီ။
အစစအရာရာမှာ တရုတ်ကလေးတွေနဲ့ ဗမာကလေးတွေ
အခြေခံစရိုက်လက္ခဏာ အသိဥာဏ် မတူညီတာကို အကဲခတ်မိတယ်။


ဟိုတလောက တန်းကျောင်းတွေ စာမေးပွဲဖြေပြီးအချိန် ကျောင်းပိတ်ရက်ကာလ၊
ဘုန်းကြီးကျောင်းတစ်ကျောင်းကို အလည်သွားတာ။
ယာယီရှင်သာမဏေ (ကိုရင်) ၀တ်နေကြတဲ့ တရုတ်ကိုရင်လေးတွေကို တွေ့ခဲ့ရတယ်။
အဲ့ထဲက အသက် ၁၀နှစ်ဝန်းကျင်အရွယ်ရှိတဲ့ ကိုရင်လေးတစ်ပါးကို
“ကိုရင်အပြီးဝတ်၊ လူမထွက်တော့နဲ့” လို့ပြောတော့
“လူမထွက်လို့ ဘယ်ရမလဲ၊
အနည်းဆုံး ရင်းဂစ်ငွေလေးသောင်းလောက်တော့ ရှိအောင်ရှာရအုံးမယ်၊
ဒါမှ ကျန်းမာရေးမကောင်းရင် ဆေးရုံတက် ဆေးကုလို့ အဆင်ပြေမယ်” လို့ပြန်ပြောတယ်။


ပြီးခဲ့တဲ့အပတ်က တရုတ်ဂေါပကတစ်ယောက် ၁၃ နှစ်သားခန့်အရွယ်
သူ့သားငယ်နဲ့အတူ ကျောင်းရောက်လာတယ်။
အခု သူ့သား ကျောင်းမတက်ချင်တော့ကြောင်း၊
ကျောင်းစာကို စိတ်မ၀င်စားတော့ကြောင်း၊
ပိုက်ဆံရဘို့ အလုပ် လုပ်ချင်နေကြောင်း၊
အိမ်ကပေးတဲ့မုန့်ဘိုးပိုက်ဆံကို မယူလိုကြောင်း၊
သူ့ဟာသူ အလုပ်လုပ်ပြီး ပိုက်ဆံရှာသုံးချင်ကြောင်း ပြောပြပြီး
ပညာရေးအရေးပါပုံကို ဘုန်းကြီးတစ်ပါးအနေနဲ့ ပြောပြ ဆုံးမပေးဘို့ ခေါ်လာတာပါ။


ကျောင်းနဲ့ကပ်နေတဲ့အိမ်က ပိုက်ဆံအတော်ချမ်းသာတဲ့အိမ်၊
ကျောင်းနားကပ်နေတော့ မေးထူးခေါ်ပြောဖြစ်ပြီး
နေ့ကြီး ရက်ကြီးတွေမှာ ကျောင်းလာပြီး ကူလုပ်ပေးလေ့ရှိတယ်။
ကလေးတွေ စာမေးပွဲပြီးချိန် ကျောင်းပိတ်ရက်တွေမှာတော့
အဲ့အိမ်က ဒကာကြီးက မနက်စောစော သူ့ကလေးတွေကို ကားနဲ့ တင်ခေါ်ခေါ်သွားပြီး
ညနေကျတော့ သွားသွားကြိုတာကို တွေ့တွေ့နေရတယ်။
ဒါနဲ့ တစ်နေ့ ဒကာကြီးနဲ့တွေ့တဲ့အခါ
“ကလေးတွေ ဘာသွားသွားလုပ်နေတာတုန်း” လို့ မေးကြည့်တော့
အသိစားသောက်ဆိုင်တစ်ဆိုင်မှာ ကျောင်းပိတ်ရက်အလုပ်လုပ်ခိုင်းထားတာ တဲ့။

၅။
ကျောင်းမှာက လာတဲ့ကလေးလေးတွေစားဘို့ သကြားလုံးဗူး (ချိုချဉ်ဗူး)  ရှိတယ်။
အမွှေးတိုင်ထွန်း၊ ဘုရားဝတ်ပြု၊ ဆုတောင်းပြီးရင် သကြားလုံးလေးတွေပေးလေ့ရှိတယ်။
ကိုယ်က သကြားဗူး အဖုံးဖွင့်ပေး၊ ကလေးလေးတွေက နှိုက်ယူပေါ့။
ဒီက ကလေးလေးတွေ သကြားလုံး ၁ လုံးပဲ ယူလေ့ရှိတယ်။ ပိုမယူကြဘူး။
ဟိုတလောက ၇ နှစ်အရွယ်ကလေးငယ်လေး ကျောင်းကိုလာတယ်။
ထုံးစံအတိုင်း သကြားလုံးဗူးဖွင့်ပေးတော့ ၁ လုံးပဲ ယူတယ်။
နောက်ထပ်တစ်လုံးထပ်ယူပါအုံးလို့ပြောတော့
“တော်ပြီ၊ ၀မှာကြောက်တယ်” တဲ့။
 

အစစအရာရာမှာ တရုတ်ကလေးတွေနဲ့ ဗမာကလေးတွေ
အခြေခံစရိုက်လက္ခဏာ အသိဥာဏ် မတူညီတာကို အကဲခတ်မိတယ်။