Monday, January 28, 2013

ပညာဥာဏ်ကြီးမားလေ အမေ့ကျေးဇူးသိလေ


(၁)
ဘုရားရှင်က သူ့အမေ့အပ်ါမှာ ကျေးဇူးသိတတ်ပုံကို
အနည်းငယ်ရေးပြဘူးတယ်။
ဘုရားအလောင်းတော်ကို မွေးဖွားပြီး (၇) ရက်မြောက်မှာ မယ်တော်မဟာမာယာ နတ်ရွာစံသွားပြီး
နတ်ပြည်မှာ သန္တုဿိတအမည်နဲ့ နတ်သားသွားဖြစ်ပါတယ်။
ဆိုတော့ ဘုရားရှင်ဟာ နောက်ဆုံးဘ၀မှာ
မယ်တော် မဟာမာယာနဲ့ (၇) ရက်သာ တွေ့လိုက်ရပါတယ်။
ဒါပေမဲ့ ဘုရားရှင် ဘုရားဖြစ်ပြီးတဲ့နောက်
မယ်တော်မဟာမာယာကနေ ဘ၀ပြောင်းသွားတဲ့ သန္တုဿိတနတ်သားကို
သောတာပန်ဖြစ်သွားအောင် ၀ါတွင်းသုံးလပတ်လုံး
အဘိဓမ္မာတရားများဟောကြားပေးခြင်းအားဖြင့် ကျေးဇူးဆပ်ခဲ့ပါတယ်။

ဘုရားအဖြစ်သို့ရောက်ရှိပြီး ဘုရားရှင်ဖြစ်အပြီး
သူ့ဟာသူ အေးအေးလူလူနေမယ်ဆို နေလို့ရတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ
အေးအေးလူလူမနေပဲ
အမေ့ကျေးဇူးဆပ်ချင်လွန်းလို့ အလွန်ဝေးကွာလွန်းလှတဲ့ နတ်ပြည်အထိ ကြွချီကာ
တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခြင်းဖြင့် ကျေးဇူးဆပ်ခဲ့တာပါ။
ဘုရားရှင်က ပညာဥာဏ်ကြီးမားတော့ အမေ့ကျေးဇူးသိတာပေါ့။
(၂)
ရှင်သာရိပုတ္တရာကြီးကို ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။
ပညာဥာဏ်ဧတဒဂ်ရသူပါ။ ဘုရားရှင်ပြီးရင် ပညာအကြီးဆုံးပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။
တစ်နေ့…
ရှင်သာရိပုတ္တရာကြီးဟာ သူ့ဥာဏ်စွမ်းနဲ့ သူ့ကိုယ်သူ ပြန်လည်ကြည့်ရှုဆင်ခြင်မိတဲ့အချိန်..
မကြာခင် ပရိနိဗ္ဗာန်စံတော့မှာပါလားဆိုတာ သိသွားတယ်။
ဒါနဲ့ ရှင်သာရိပုတ္တရာကြီးက ဘုရားရှင်ကို
“တပည့်တော်ပရိနိဗ္ဗာန်ပြုပါရစေဘုရား၊ ဒီလိုပရိနိဗ္ဗာန်ပြုတဲ့အခါမှာ
တပည့်တော်မွေးဖွားရာ တိုက်ခန်းမှာပဲ ပြုပါရစေဘုရား၊
တပည့်တော်ရဲ့ မယ်တော်ကြီးဟာ မိစ္ဆာအယူမှာဘဲ ယုံကြည်သက်ဝင်ဆဲမို့
တပည့်တော်ရဲ့ မယ်တော်ကြီးကို ကျေးဇူးဆပ်ဖို့ ကျန်ပါသေးတယ်ဘုရား” လို့ လျှောက်ကြားပါတယ်။
တိုတိုပဲပြောကြပါစို့၊
နောက်ဆုံးတော့ သားဖြစ်သူ ရှင်သာရိပုတ္တရာကြောင့်
မိစ္ဆာအယူမှ သမ္မာအယူကူးပြောင်းကာ
မယ်တော်ကြီး ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ရပါတယ်။

အော်၊ ပညာဥာဏ်ကြီးသူဆိုတော့ အမေ့ကျေးဇူး သိပြီး
ရရာနည်းနဲ့ ရတဲ့အချိန်မှာ ကျေးဇူးဆပ်တော့တာပေါ့။
(၃)
မျက်မှောက်ခေတ်မှာလည်း မင်းကွန်းတိပိဋကဆရာတော်ကြီးကို လူတိုင်းသိကြပါတယ်။
မင်းကွန်းတိပိဋကဆရာတော်ကြီးကလည်း တိပိဋကစာမေးပွဲတွေပြီးတော့
သူနေထိုင်တဲ့ မင်းကွန်းက ကျောင်းထဲမှာ အဆောင်လေးတစ်ဆောင်ဆောက်စေပါတယ်။
ပြီးတော့ သူ့ဇာတိ မြင်းခြံနယ် ရွာက မယ်တော်ကြီးကို ခေါ်ထားပြီး
တရားအားထုတ်စေကာ လုပ်ကျွေးပြုစုပါတယ်။
၂ နှစ် ၃ နှစ်ကြာတော့ မယ်တော်ကြီးက ပျင်းလာသတဲ့။
ဒါနဲ့ ဇာတိဖြစ်တဲ့ မြင်းခြံက ရွာကိုပဲ ပြန်နေချင်ကြောင်း
သားတော် မင်းကွန်းတိပိဋကဆရာတော်ကြီးကို ပြောတာပေါ့။

မင်းကွန်းတိပိဋကဆရာတော်ကြီးကလည်း
“ပျော်တဲ့နေရာ၊ စိတ်ချမ်းသာတဲ့နေရာမှာသာ နေပါ၊
မယ်တော်ကြီးရွာပြန်နေမယ်ဆိုရင်လည်း ရွာမှာ အိမ်ဆောက်ပေးပါ့မယ်” လို့ပြောပြီး
သူ့ခေတ် သူ့အခါက ရွာမှာ ကျပ် ၇၀၀၀ တန်
အိမ်ကောင်းကြီးတစ်လုံးကို ဆောက်လုပ်ပေးသတဲ့။
အဲ့ခေတ်က ရွှေတစ်ကျပ်သားကို ၂၀၀ ကျပ်သာ ရှိသေးတဲ့အချိန်ဆိုတော့
ရွာမှာဆို အိမ်ကောင်းကြီးတစ်လုံးရတာပေါ့။
မင်းကွန်းတိပိဋကဆရာတော်ကြီးကလည်း အမေ့အတွက် အမေမသေခင်
ရရနည်းနဲ့ ကျေးဇူးဆပ်ခဲ့တာပါဘဲ။
အော်. . ပညာဥာဏ်ကြီးတဲ့ဆရာတော်ကြီးဆိုတော့ အမေ့ကျေးဇူး သိတာပေါ့။
(၄)
ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ကြည့်ပါအုံး။
တစ်နေ့ ဗိုလ်ချုပ်အောင်ဆန်း ဗမာပြည်အလယ်ပိုင်း သွားဘို့ ခရီးကြုံလာတယ်။
သူ့ရဲ့ ပီအေ ဖြစ်တဲ့ ဗိုလ်ထွန်းလှက
“ဗိုလ်ချုပ်၊ ကျနော်တို့ မြန်မာပြည်အလယ်ပိုင်း သွားစရာရှိတယ်၊
လေယာဉ်စီစဉ်ထားတယ်” လို့ပြောတယ်။
ဒီတော့ ဗိုလ်ချုပ်က
“မြန်မာပြည်အလယ်ပိုင်းသွားမှာဆို လေယာဉ်မစီစဉ်ပါနဲ့ကွ၊
ကားနဲ့စီစဉ်ပါ၊ ငါနတ်မောက်ကို ၀င်ပြီး အမေ့ကို ကန်တော့ချင်သေးတယ်” လို့ပြောတယ်။
ဒီလိုနဲ့ ကားနဲ့သွားဖြစ်ပြီး နတ်မောက်က သူ့အမေဒေါ်စုကို ၀င်ကန်တော့ရင်း
“အမေ၊ ကျနော်နဲ့ ရန်ကုန်လိုက်နေရင် နေ၊
ဒီနတ်မောက်မှာနေရင်လည်းပဲ ကျနော်က စားဝတ်နေရေး အကုန်တာဝန်ယူပါရစေ” လို့
ဗိုလ်ချုပ်က ပြောသတဲ့။
အသိဥာဏ်ကြီးမားတော့ အမေ့ကျေးဇူးကို သိပြီး ကျေးဇူးပြန်လည် ဆပ်ချင်တာပေါ့။
(၅)
နောက် ဦးသန့်၊ ကုလသမဂ္ဂအတွင်းရေးမှူချုပ်ဖြစ်ခဲ့သူ
သူ နယူးယောက်မှာ တာဝန်ထမ်းနေစဉ် မြန်မာပြည်ခဏပြန်လာပြီး
သူ့အမေနဲ့တွေ့တယ်။ သူ့အမေက လေယာဉ်ကွင်း ဆင်းကြိုတယ်။
လေယာဉ်ပေါ်က ဆင်းဆင်းချင်း အမေနေကောင်းရဲ့လားလို့ မေးပြီး ၀တ်ချတယ်။
ပြီးတော့ “အမေ၊ အမေရိကကို ကျနော်နဲ့ အတူ လိုက်နေချင်လဲ နေ၊
မြန်မာပြည်မှာနေရင်လဲ အမေ့စားဝတ်နေရေးအတွက် ကျနော်အကုန်တာဝန်ယူပါရစေ” လို့
ဦးသန့်ကလည်း ပြောတယ်တဲ့။
ပညာဥာဏ်ကြီးမားတဲ့သူများ အမေ့ကျေးဇူး သိတတ်လိုက်တာ။

(မနှစ်က ဒီနေ့တုန်းက ရေးခဲ့တာလေးပါ။)
မှတ်ချက်၊ ဘုန်းကြီးဦးရာဇတရားနှင့် ပိဋကတ်တော်လာတရားများကို မှီငြမ်းရေးသားပါသည်။

Thursday, January 24, 2013

ကပုန်း (မလေးရှား) နာရေးကူညီမှုအသင်းနှစ်ပတ်လည်

 ဖွင့်ပွဲ
 


  တက်ရောက်လာသည့်ပရိသတ်

 ဒေါ်ရွှေဇီးကွက်နှင့် ခဏတာ

ဦးကျော်သူအတွေ့အကြုံရှင်း

ဒေါ်ရွှေဇီးကွက်မှာကြား

Wednesday, January 23, 2013

ပြင်လို့မရတဲ့အရာ

အောင်ဇော် (ကွန်ပျူတာ)
 
 
ဒီလူ့မျက်နှာ ငါမတွေ့ချင်ဘူး။ ပြောင်းလိုက်။
ဒီအဆောက်အဦ ငါမမြင်ချင်ဘူး။ ဖျက်လိုက်။
ဒီလမ်းကို ငါမသွားချင်ဘူး။ ပိတ်လိုက်။
ဒီဆိုင်းဘုတ် ငါမကြိုက်ဘူး။ ဖယ်လိုက်။
ဒီဓာတ်ပုံ ငါမမြင်ချင်ဘူး။ ဖြုတ်လိုက်။
ဒီကဗျည်းထိုးတာ ငါကြိုက်ဘူး။ ဖျက်လိုက်။
ဒီစာကို ငါမဖတ်ချင်ဘူး။ ပြင်လိုက်။
ဒီသီချင်း ငါမကြားချင်ဘူး။ ပိတ်လိုက်။

ငါမသေခင် ငါလည်း အရာမဝင်တော့ဘူး။
ငါပြင်တာတွေလည်း အရာမထင်တော့ဘူး။
ငါသေရင် ငါ့သမိုင်း အမှန်အတိုင်းရေးကြတော့မယ်။
ငါသိပြီ သမိုင်းဆိုတာ ပြင်လို့မရဘူး။
 
(အပြင်စီးမဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၁၂)

Saturday, January 19, 2013

တရားသိသူ၊ မသိသူ

“ဆရာတော် နာရီကြီး ဘယ်ရောက်သွားသလဲ ဘုရား ..”
“ညက ဒကာ (၂ ) ယောက် လာယူသွားကြတယ်ကွ”
“ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ။ ဆရာတော် မသိလိုက်ဘူးလားဘုရား ..”
“သိပါတယ်ကွ၊ သူတို့က မမှီမကမ်းနဲ့ ဖြုတ်နေသံကြားလို့
မတော်လွတ်ကျလို့ မင်းတို့ နိုးကုန်ရင် နာရီလဲအကောင်းမရ၊
ဒုက္ခလည်းရောက်ကြမှာစိုးလို့
ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် ..”
“ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ ပြောလိုက်ရတာလဲ။
လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် ..”
“ထူးပါဘူးကွ .. သူတို့ လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့။
ညကြီးမင်းကြီး သူများမသိအောင် လာယူတော့
ပုဂ္ဂိုလ် အယုတ်၊ အမြတ်ကလဲ မရွေးရတော့ဘူးပေါ့ ..”

( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။

“ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား။
ဘယ်နေရာ သွားထားပါသလဲ ဘုရား ..”
“ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်က ယူသွားတယ် ..”
“အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုံးမှာလဲ။
တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ၊ ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ ..”
“ငါမပိုင်လို့ပေါ့ကွာ၊ ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ။ ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ ..”
“ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ၊
သူခိုးခိုးသွားတာမဟုတ်လားဘုရား၊ ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ ..”
“မဆုံးပါဘူးကွာ၊ ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့၊
မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ။
ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုံးမှာပါ”

( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )

“ဆရာတော် လုပ်ပါအုံးဘုရား ။ ဒုက္ခတော့ရောက်ကုန်ပြီ၊ ရဲတိုင်မှ ဖြစ်တော့မယ်”
“ဘာတုန်းဟ ကပ္ပိယရဲ့၊ မင်းဟာ အရင်းမပါ၊ အဖျားမပါ ပြူးတူးပြဲတဲနဲ့၊
တိုးတိုးသက်သာ ပြောစမ်းပါ ...”
“ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား ။
ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ...”
“ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ
ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့။
သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ
တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ၊
အသာနေပါ ကပ္ပိယရယ် မင်းလုပ်လိုက်မှ ငါ သံသရာမှာ
သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် ..”

( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရ၏။
တရားသိသူများအတွက်ကား ဥစ္စာပျောက်တိုင်း ကုသိုလ်ရ၏
ဟူသော အတွေးတစ်ချက်လေး ရနိုင်ကြပါစေ။

( မထေရ်မြတ်တို့၏ စကားဝိုင်းမှ )
Ref: mmcybermedia

Wednesday, January 9, 2013

အရက်

နိုင်ငံက ဆယ်စုနှစ်များစွာ စီးပွါးရေးအခြေအနေမကောင်းတော့
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေ တခြားနိုင်ငံထွက်ပြီး အလုပ်လုပ်ခဲ့ကြရတယ်။ အလုပ်လုပ်နေကြရတယ်။
စီးပွါးရေး ပညာရေး အတော်အသင့်ရှိသူတွေက
အနောက်နိုင်ငံ တစ်နိုင်ငံကို သွားပြီး စီးပွါးရှာကြရတယ်။
စီးပွါးရေးပညာရေး အလယ်အလတ်တန်းစားလောက်ရှိတဲ့သူအများစုက
စင်္ကာပူလိုနိုင်ငံမျိုးကို သွား၊၊ အလုပ်လုပ် စီးပွါးရှာကြရတယ်။
အကြောင်းအားလျှော်စွာ အဆင်မပြေတဲ့သူများကြတော့
အဆင်ပြေလိမ့်နိုးနဲ့ အနီးနားက ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကိုသွားပြီး
စီးပွါးရှာ အလုပ်လုပ်ကြရတယ်။
မိဝေး ဖဝေး ဇနီးဝေး မယားဝေး သားသမီးဝေးတဲ့နိုင်ငံရပ်ခြားမှာ
နှစ်ရှည်လများ သွားရောက်နေထိုင်ပြီး အလုပ်လုပ်ကြရတာ။

တခြားနိုင်ငံတွေမှာရောက်နေတဲ့ သူတွေအကြောင်း ကောင်းကောင်း သိခွင့်မရပေမဲ့
အခုရောက်နေတဲ့ မလေးရှားရောက် ရွှေမြန်မာအလုပ်သမားတွေအကြောင်းကိုတော့
မသိချင်လဲ သိနေရတယ်၊ မမြင်ချင်လဲ မြင်နေရတယ်။ မကြားချင်လဲ ကြားနေရတယ်။
ပျက်လိုက်တဲ့ အခြေခံကိုယ်ကျင့်တရားတွေ၊
ကလေးသုံးယောက်အဖေက လူပျိုလုပ်ပြီး အိမ်ထောင်ထပ်ပြုတာကိုလဲ တွေ့ဘူးတယ်။
ယောက်ကျား သုံးယောက်အထိ ပြောင်းယူ ပေါင်းသင်းနေထိုင်တဲ့
အမျိုးသမီးကိုလဲ တွေ့ဘူးတာဘဲ။

ဒီထက်ဆိုးတာက မြန်မာပြည်က ဒီကိုလာပြီး အလုပ်လာလုပ်တဲ့
အသက် ၂၀ ဝန်းကျင် လူငယ်လူရွယ်တွေ အရက်သောက်တတ်လာကြတာပဲ။
ဘယ်လောက်သောက်တတ်လာသလဲဆိုရင် မြန်မာလူမျိုးဆိုရင် အရက်သောက်တတ်တဲ့လူမျိုးလို့ကို
ဒီမလေးရှားနိုင်ငံသားတွေရဲ့ အမြင်ထဲမှာ စွဲလို့နေပါပြီ။
တကယ်တော့ ဒီရောက်လာတဲ့ သူတို့လေးတွေဟာ မြန်မာပြည်မှာတုန်းကတော့ အရက်သောက်တတ်ဟန်မတူပါဘူး။
ဒီရောက်လာမှ အရက်ကို ပုံမှန် အချိန်မှန် သောက်တတ်လာဟန်တူပါတယ်။။
ဒီလို အရက်သောက်တတ်လာတာဟာ
အနီးအနားမှာ အုပ်ထိန်းသူ မိဘ၊ ဇနီးမယားမရှိတာဟာလဲ အကြောင်းတစ်ကြောင်းဖြစ်နိုင်တယ်။
ဒီနိုင်ငံမှာ အရက်ဆိုင်တွေမှာ အရက်ဝယ်ရတာ လွယ်ကူတာဟာလဲ
အရက်သောက်ဖြစ်တဲ့ နောက်အကြောင်းတစ်ကြောင်းဖြစ်နိုင်တယ်။
အရက်ဆိုင်ဆိုတာကလဲ မြန်မာတွေပဲ ဖွင့်ထားတာပါ၊
မြန်မာတွေပဲရောင်းပြီး မြန်မာတွေပဲ ၀ယ်သောက်ကြတာပါ။
ထပ်သိရတာက အခုဆိုရင် အရက်ကို အရက်ဆိုင်တောင် သွားဝယ်စရာမလိုတော့ဘူးတဲ့။
အရက်ရောင်းတဲ့သူကို ဖုန်းဆက်လိုက်ရုံပဲတဲ့။ အရက်ကို ဆိုင်ကယ်နဲ့ လိုက်ပို့နေတယ်ဆိုပဲ။

ဟိုတစ်နေ့က ဒီမလေးရှားနိုင်ငံမှာ မြန်မာဆိုင်တွေကို
အရက်လိုက်လံဖြန့်ဖြူးရောင်းချနေတဲ့ ဒကာတစ်ယောက်ကို တွေ့တယ်။
သူပြောပြလို့သိရတာက
မြန်မာဆိုင်တွေမှာ တင်ထားတဲ့ မြန်မာတံဆိပ်နဲ့ အရက်မျိုးစုံဟာ
မြန်မာပြည်က ပို့တဲ့အရက်တွေ မဟုတ်ဘူးတဲ့။
ဒီနိုင်ငံမှာပဲ ထုတ်လုပ်ထားတာတွေပါတဲ့။
Myanmar Beer ဘာညာစသဖြင့် တံဆိပ်မျိုးစုံကို
ဒီနိုင်ငံမှာပဲ ကပ်ထား တပ်ထားတာပါတဲ့။
အရက် လစ်မစ် (Alcohol  Limit) ကလဲ စိတ်မချရဘူးတဲ့။
ဆိုတော့ ရောဂါ အချိန်မရွေးရနိုင်ပြီး အချိန်မရွေး shock ဖြစ်ကာ
အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်ပါတယ်တဲ့။
အရက်လိုက်လံဖြန့်ဖြူးရောင်းချနေတဲ့ဒကာ ပြောသွားတာပါ။

ဒီဒကာပြောသွားသလိုပဲ အရက်သောက်လို့
ဘ၀ဆုံးသွားတဲ့ မြန်မာလူငယ်လူရွယ်တွေ မြောက်များစွာ တွေ့ဘူးပါတယ်။

တကယ်တော့ စီးပွါးရေးသမားတွေကလဲပဲ
ကိုယ့်ကိုယ်ကျိုးသက်သက်ကိုသာကြည့်ပြီး ဒီလိုမသမာတဲ့နည်းနဲ့ စီးပွါးရှာကာ
ကိုယ့်လူမျိုးကို အညွန့်တုံးသွားအောင် ဘ၀တုံးသွားအောင် မလုပ်သင့်ပါဘူး။
အရက်ရောင်းပြီး စီးပွါးရှာတဲ့သူတွေကို
ဘာသာရေးရှုဒေါင့်ကရော လက်တွေ့မျက်တွေ့အနေနဲ့ပါပြောရရင်
ဒီအရက်ရောင်းတဲ့သူတွေရဲ့ ဘ၀နိဂုံးဟာလည်း မကောင်းကြပါဘူး။
အစပိုင်း အစောပိုင်းတုန်းက သူတို့စီးပွါးရေး ကောင်းသလိုလိုတော့ အရှိသား။
ဒါပေမဲ့ နောက်ပိုင်းမှာ သားသမီးနဲ့ မိဘ၊ လင်နဲ့မယားအဆင်မပြေဖြစ်ကာ
ဘ၀နိဂုံးအဆုံးသတ် မလှကြပါဘူး။

ဒီလိုဖြစ်ကြတာဟာလဲ ကံကံ၏အကျိုးလို့ပဲ ပြောရတော့မှာပဲ။
အရက်ရောင်းတဲ့သူတွေကြောင့်
အရက်ဝယ်သောက်သူတွေအဖို့ မိဘနဲ့ သားသမီးကြား
လင်နဲ့မယားကြား အဆင်မပြေမှုတွေ မြောက်များစွာ ဖြစ်ခဲ့ကြတာမို့လား။
ဒါ့ကြောင့် အရက်ရောင်းပြီး စီးပွါးမရှာသင့်ပါဘူး၊
အရက်ရောင်းပြီး စီးပွါးရှာတာကို (မိစ္ဆာဇီဝ) မှားယွင်းသော အသက်မွေးဝမ်းကြောင်းလို့
ဗုဒ္ဓစာပေမှာ ဆိုပါတယ်။

ဒါ့အပြင် ဗုဒ္ဓစာပေမှာ အခြေခံကျင့်ဝတ်ဖြစ်တဲ့ ငါးပါးသီလထဲမှာကိုပဲ
အရက်မသောက်ဖို့ တားမြစ်ထားတာကို တွေ့ရပါတယ်။
အရက်သောက်သူအတွက် အကျိုးအပြစ်တွေကို
သေရည်သောက်လင့်၊ သင့်မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဇူးမဆပ်၊
ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိလွယ်စွာ၊ ပြုကျင့်ရာသည်၊
ရှောင်ခါ အပြန်အကျိုးတည်း - ဆိုပြီး ဗုဒ္ဓစာပေက လာပါတယ်။

တောင်မြို့ ၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကလည်း
ဗုဒ္ဓဘာသာသင်္ခန်းစာစာအုပ်မှာ အရက်နဲ့ပတ်သက်လို့ ဒီလိုရေးပြခဲ့ဘူးပါတယ်။
“သေရည်အရက်သည် စွဲလန်းဘွယ် သဘောရှိ၏၊
တစ်ခါသောက်မိလျှင် နောက်တစ်ခါ နောက်တစ်ခါ သောက်ချင် သောက်ချင်လာ၏။
ထိုသို့အသောက်အားကြီး၍ မူးယစ်လာသောအခါ
အချင်းချင်းဖြစ်စေ အခြားသူကိုဖြစ်စေ ရိုက်မှု သတ်မှု ပါဏာတိပါတမှုကို ပြုတတ်၏။
ကျေးရွာများ၌ ထန်းရည်မူးတို့သည် ထန်းတော၌ သောက်စား၍ ပြန်လာသောအခါ
မိမိကိုယ်ကို မထိန်းနိုင်ဘဲ ဒယိမ်းဒယိုင်နှင့် လာကြ၏။
ပါးစပ်ကလည်း မတော်တာတွေ ပြောကြ၏။
ကိုယ့်အပြစ်ကိုပင် ဖော်ပြောတတ်၏။ အမူးသမားချင်း စကားပြောမတဲ့၍
ရိုက်မှု သတ်မှုများပင် ဖြစ်ကြလေသည်။
မြို့ကြီးများ၌လည်း လူကြီးလူကောင်းဆိုသူနဲ့ အထက်တန်းအမျိုးသမီးဆိုသူတို့သည်
ကလပ်တက်၍ အရက်ကို အလွန်အကျွံသောက်မိလျှင်
ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲ သူများ မယား၊ မိမိ၏လင်မဟုတ်သော
အခြားယောက်ကျားနှင့် ပျော်ပါးမှုတွေ ဖြစ်တတ်လေ၏။
ရှင်ဘုရင်တစ်ဦးကား သေရည်မူးနေချိန်မှာ ပွဲတော်ဆက်လာလျှင် အသားဟင်းမပါသောကြောင့်
ရင်ခွင်ထက်ကသားကလေးကို သတ်၍ချက်စားသတဲ့။

Dr. A. C Salmon ၏ ပါဏာဝုဓဆေးကျမ်းမှ ထုတ်နှုတ်ချက်
၁။
အရက်သောက်ခြင်းသည် မူရင်းရှိမေတ္တာကို လျော့ပါးစေ၍
သား လင်တို့၏ ဝတ္တရားကို တိမ်းပါးစေသည်။ မိမိအလုပ်အကိုင်၌
ညံ့ဖျင်းစေပြီး ခိုးခြင်း၊ လုယက်ခြင်းစသော ရာဇဝတ်မှုများကို ကျူးလွန်စေပါသည်။
ရောဂါအချို့တို့မှာ သွက္ချာပါဒ၊ အစာအိမ်ရောင်ခြင်း၊ အသည်း ကျောက်ကပ် အဆုပ်ရောင်ခြင်း၊
ချောင်းဆိုးသွေးပါနှင့် ရူးသွပ်တတ်သောရောဂါများ ဖြစ်ပွါးစေပါသည်။
၂။
အရက်သောက်သူတို့က ‘အရက်သောက်ခြင်းသည် မိမိတို့စိတ်ကူးကို ထက်မြက်စေသည်’ ဟု
ထင်မြင်တတ်ကြ၏ မုချအားဖြင့် အရက်သောက်စ (၁၀) မိနစ်လောက်၌
စိတ်ကူးသွက်လက်ဟန်ရှိသောလည်း သူ၏ထင်မြင်ချက်နှင့် နှုတ်ထွက်စကားတို့မှာ
ပရမ်းပတာ မလိမ်မာပေ။ နှုတ်စောင့်စည်းသူ အကျင့်ကောင်းသူပင်
မူးယစ်လာသောအခါ လုံးလုံးတစ်မျိုးဖြစ်သွားသည်။ စကားနည်းသူအရက်သောက်လျှင်
စကားပေါလာ၏၊ အရက်သောက်ပြီး မူးဝေခေါင်းလေးသဖြင့် အိပ်ချင်လာ၏။
၃။
အရက်သည် အရက်သောက်သူ၏ သားသမီးများလည်း ရောဂါဖြစ်စေတတ်၏။
ကလေးအရူးထောင်တွင် ၁၀၀ လျှင် ၄၁ ယောက်သည်
အရက်သမား၏ သားသမီးများ ဖြစ်ကြ၏။ အရက်သမားသည် မသောက်သူတို့ထက်
နှစ်ဆလောက် ရောဂါထူကြောင်းကို တွေ့ရ၏။ များမကြာမီကာလတုန်းက
ဆရာဝန်တို့သည် ရောဂါကို သက်သာစေလိမ့်မည်ဟူသောအထင်နှင့် အရက်ကို ပေးကြ၏။
သို့သော် အရက်သည် ရောဂါကို မသက်သာစေသည့်အပြင် သာ၍တိုးတက်စေကြောင်း သိကြရ၏။
ဤသို့စသည်ဖြင့် အရက်၏အပြစ်များကို ရေးသားထားပေသည်။
 
ပုံကို http://thetsonehnin.wordpress.com က ယူထားပါတယ်။

Thursday, January 3, 2013

ပြတင်းပေါက်

 
တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ
လူနှစ်ယောက်ရှိကြသည်။
နှစ်ယောက်လုံးပင် ရောဂါသည်းသောလူနာများဖြစ်သည်။
အခန်းလေးက ကျဉ်းပြီး အပြင်လောကကို ကြည့်စရာ
ပြတင်းပေါက်တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လည်ပိုင်းတွင်
သူ့အဆုတ်ထဲကအရည်တွေ ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်းပြု၍
တစ်နာရီခန့် ထိုင်ခွင့်ရသည်။
သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။
တစ်ဖက်ကုတင်ရှိလူနာကတော့
တစ်ချိန်လုံးပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရသည်။

နေ့လည်ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက
ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေ ဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန်
အပြင်ဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။

ပြတင်းပေါက်ကလှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။
အဲသည်အထဲမှာ ကန်ကြီးတစ်ကန်ရှိသည်။
ရေကန်မှာ ဘဲတွေ ငန်းတွေ ရေကူးနေသည်။
ကလေးများက သူတို့ကို ပေါင်မုန့်တွေ ပစ်ကျွေးကြသည်။
ကလေးအချို့က လှေကလေးတွေ မျှောနေသည်။
ချစ်သူစုံတွဲတွေ သစ်ပင်ကြီးအောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။
ပန်းတွေက ဝေေ၀ဆာဆာ ပွင့်နေသည်။
မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။
အဲသည်မှာ ဘောလုံးပျော့ (ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရသည်။
ဟိုအဝေးဆီ၌မူ သစ်ပင်တွေ ထိပ်ဖျားမှ ထိုးထွက်နေသည့်တိုက်တာအိမ်ယာများ၊
ထို့နောက် ပြာလဲ့သောမိုးကောင်းကင်၊

ပက်လက်လှန်နေရသောသူသည် ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာ
ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေလျက်ရှိသည်။
ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို့ဖြစ်သွားတာ၊
နွေရာသီဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့်
အပြင်လောကမှာ ဖြစ်ပျက်နေပုံအလုံးစုံကို
သူ့အာရုံထဲ အသေးစိတ် မြင်ခွင့်ရနေသည်။

ဒီလိုနေရင်း သာယာသောနေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခု ၀င်လာသည်။
တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး
အပြင်လောက ရှုခင်းအစုံကို စိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်။
မိမိကိုတော့ ဘာ့ကြောင့် အဲ့သည်နား ထားမပေးသလဲ ဟူသောအတွေးဖြစ်သည်။

သည်လိုသေးသေးသိမ်သိမ်တွေးမိခြင်းအတွက်လည်း သူရှက်တော့ ရှက်မိသည်။
သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားကပင်
နေရာချင်း လဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။
ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မယ်ဆိုတာမျိုးအထိ သူတွေးမိလာသည်။

တစ်ညမှာတော့ သူမျက်နှာကျက်ကို ငေးကြည့်နေစဉ်
တစ်ဖက်လူရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။
ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့် အချက်ပေးခလုတ်ကို
နှိပ်ရန် လက်က စမ်းတ၀ါးဝါး လိုက်ရှာသည်။

သို့သော် သူမလှုပ်ရှား၊
တစ်ဖက်လူအသက်ရှူသံရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။

နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးကြောင်းတွေ့ရှိကာ
အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣနြေ္ဒမပျက်လောက်ဘူးဟု ထင်ရသောအချိန်လောက်တွင်
ကျန်ရစ်သူက သူ့အား ပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား မေးသည်။
သို့နှင့် ပြောင်းပေးကြသည်။ သက်သောင့်သက်သာအရှိဆုံးဖြစ်အောင် နေရာချပေးသည်။
သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသိုပေးသည်။

သူနာပြုတွေ ထွက်သွားသည်နှင့်တစ်ပြိုင်နက်
တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ ထသည်။
နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး
ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။

အပြင်၌ နံရံတံတိုင်းတစ်ခုသာ သူ မြင်ရလေသည်။

ဖေမြင့်၊ နှလုံးသားအာဟာရရသစာများမှ

Wednesday, January 2, 2013

ခေါင်းဆောင်ကောင်း ဂုဏ်ရည်

 
“ခေါင်းကောင်းရင် ကိုယ်မရွေ့”
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
 
လောကထဲမှာတော့ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး”လို့ မှတ်ချက်ဆိုရိုးစကား ရှိတယ်။ သာသနာတော်မှာ တော့ အဲဒီ  ဆိုရိုးစကားကို ဆန့်ကျင်ပြောင်းပြန်ပြုရလိမ့်မယ်လို့ ထင်တယ်။
 
 လောကနဲ့ သာသနာဆိုတာကလဲ အခြေခံတရားချင်းရော ဦးတည်ချက်ချင်းရော ဖြောင့်ဖြောင့်ဆန့်ကျင် ကြတာဆိုတော့ တချို့ဖြစ်ရပ်တွေကလည်း ဖြောင့်ဖြောင့် ဆန့်ကျင်ကြပါတယ်။ ဖြစ်ရပ်တွေ ဆန့်ကျင်တော့ ဒီဖြစ်ရပ်တွေ အပေါ်မှာ ကောက်ချက်ချတဲ့ ဆိုရိုးစကားတွေလည်း ပြောင်းပြန်ဆန့်ကျင်တာဟာ ဓမ္မတာပဲပေါ့။
           
ဟုတ်တယ်လေ။ လောကဆိုတာက လောဘကို အရင်းတည်ပြီး သံသရာကို ရေစုန်လိုက်နေကြတာ မဟုတ်လား။ သာသနာ ဆိုတာကတော့ “ပဋိသောတဂါမိံ = ရေဆန်ကို ဦးတည်တယ်”လို့ မြတ်ဗုဒ္ဓကိုယ်တိုင် မိန့်ကြားခဲ့သလိုပဲ၊ သဒ္ဓါçပညာတို့ကို အရင်းတည်ပြီး သံသရာရေဆန်ဖြစ်တဲ့ နိဗ္ဗာန်ဆီကို ဦးတည်ကျင့်သုံးရတာကိုး။ ဒီလို ကျင့်သုံးဦးတည်မှုတွေက ဆန့်ကျင်တော့ တချို့ဖြစ်ရပ်တွေများဆိုရင် မထင်မှတ်လောက်အောင်ကို ဆန့်ကျင်ကြတယ်။ ဥပမာဆိုရင် လောကထဲမှာက အမှောင်ထဲနေသူကသာ အလင်းရောင်ရှိရာမှာ နေသူကို မြင်နိုင်ကြတယ်။ အလင်း ရောင်ထဲနေသူက အမှောင်ထဲ နေသူကို မမြင်နိုင်ကြဘူး။ သာသနာတော် မှာကျတော့ ဝိဇ္ဇာဥာဏ်အလင်း ရောင်အောက် ရောက်သူကသာ အဝိဇ္ဇာအမှောင်ထဲမှာနေသူတွေရဲ့ စိတ်နေ စိတ်ထားကိုပါမကျန် အရာရာကို မြင်နိုင်စွမ်းရှိကြပြီး အဝိဇ္ဇာအမှောင်ထဲနေသူက ဝိဇ္ဇာအလင်းအောက် နေသူတွေကိုကျတော့ မြင်နိုင်စွမ်းမရှိကြဘူးမို့လား။           
 
အခုလည်း အကြောင်းအကျိုး ကျေးဇူးပြုမှုကို ကောက်ချက်ချတဲ့ဆိုရိုးစကားမှာ လောကထဲမှာတော့ မှူးမတ်နဲ့နောက်လိုက် ဗိုလ်ပါဆိုတဲ့ ကိုယ်လုံးကြီးကောင်းပါမှ ဦးခေါင်းဖြစ်တဲ့ ဘုရင်က ရာဇပလ္လင်မြဲမှာဖြစ်လို့ “ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူး”လို့ မှတ်ချက်ချဆိုရိုးပြုကြပေမယ့် သာသနာတော်မှာကျတော့ ပထမဆုံး သာသနာတော်ရဲ့ အာဒိကမ္မိကဘုရားရှင်ဆိုတဲ့ ခေါင်းက ကောင်းခဲ့လို့ နောက်လိုက်တပည့်သားဆိုတဲ့ ကိုယ်လုံးကြီးက မတိမ်ကော မပျောက်ပျက်၊ မရွေ့လျောဘဲ အရှည်ခန့် တည်တံ့နေတာဆိုတော့ လောကဆိုရိုးနဲ့ဆန့်ကျင်စွာပဲ “ခေါင်းကောင်းရင် ကိုယ်မရွေ့”လို့ မှတ်ချက်ဆိုရိုးပြုကြရမှာပါ။
 
မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မြတ်ကြီးဟာ “ခေါင်းကောင်းရင် ကိုယ်မရွေ့”ဆိုတဲ့ ကြောင်းကျိုးဖြစ်စဉ်နဲ့ စတည်ပြီး ပေါ်ပေါက်ကြီးထွား တည်တံ့လာသလိုပဲ သာသနာဝန်ထမ်း ရှင်ရဟန်းတို့ရဲ့ သာသနာပြု(ပရိယတ်၊ပဋိပတ်) လုပ်ငန်းစဉ်မှာ စာသင်တိုက်ကြီးတွေ၊ ရိပ်သာကြီးတွေရဲ့ ဖြစ်စဉ်တွေမှာလည်း ခေါင်းကောင်းရင် ကိုယ်မရွေ့ပုံစံနဲ့ပဲ ကြီးထွားအောင်မြင်လာကြတာပါပဲ။
 
အထူးသဖြင့်တော့ ဒီနေ့ မြန်မာပြည် ပရိယတ္တိစာသင်တိုက်ကြီးတွေထဲမှာ ခေါင်းဆောင်နာယက ဆရာတော် တွေရဲ့ အရည်အချင်းအရပဲ ကြည့်ကြည့်၊ နောက်လိုက်သံဃာဆိုတဲ့ ကိုယ်လုံးအရေအတွက် ပမာဏအရပဲ ကြည့်ကြည့် အရည်အချင်းရော၊ အရေ အတွက်ပါ အကြီးအကျယ်ဆုံးလို့ ဆိုနိုင်တဲ့ မန္တလေးမြို့၊ မစိုးရိမ်စာသင်တိုက်ကြီးများရဲ့ ဖြစ်စဉ်ကိုကြည့်ရင် ဒီ “ခေါင်းကောင်းရင် ကိုယ်မရွေ့”ဆိုတဲ့ ဖြစ်စဉ်ဟာ ပိုပြီးထင်ရှားတယ်လို့ ဆိုချင်ပါတယ်။ အာဒိကမ္မိကတိုက်တည် ဦးဆောင်ဆရာတော်ကြီးများဆိုတဲ့ ခေါင်းရော၊ သာသနာတော် တိုးတက်ရေးအတွက် လောက ဆွေရေး မျိုးရေးမဖက် ပရိယတ္တိသာသနာ့အရည်အချင်းဆိုတဲ့ ဓမ္မဆွေမျိုး တော်စပ်ရေး သက်သက်ကိုသာကြည့်ပြီး ဦးဆောင်နာယက(ကျောင်းထိုင်)အဖြစ် သတ်မှတ်ထားတဲ့ တိုက်စည်းကမ်းဆိုတဲ့ ခေါင်းပါ ကောင်းခဲ့ကြလို့ အခုအထိ တိုက်မ တိုက်ခွဲတွေပါ တည်တန့်ပြန့်ပွားတိုးတက် အောင်မြင်နေကြတာပါ။
 
အခု ဒီဂုဏပူဇာစာတမ်းဟာလည်း မစိုးရိမ်တိုက်များနဲ့ ပတ်သက်တဲ့ မစိုးရိမ်တိုက်သစ်များရဲ့ ပဓာနမဟာ နာယကဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသမထေရ်မြတ်ရဲ့ သက်တော်(၈၀)ပြည့် ဝိဇာတမင်္ဂလာကို အကြောင်းပြု ပူဇော်ရေးသားမှာဖြစ်လို့ ဒီစာစုရဲ့ ခေါင်းစည်းကိုလည်း “ခေါင်းကောင်းရင် ကိုယ်မရွေ့”လို့ပဲ အမည်တပ်လိုက်ပါတယ်။
 
ဒီခေါင်းစဉ်မှာပါတဲ့ “ခေါင်း”ဆိုတာကတော့  မစိုးရိမ်တိုက်သစ်ရဲ့ ဦးခေါင်းဖြစ်တဲ့ ပဓာနမဟာနာယကဆရာတော် တစ်ပါးကိုသာ ရည်ညွှန်းလိုတာ မဟုတ်ပါဘူး။ မစိုးရိမ်တိုက်များရဲ့ အာဒိကမ္မိကတိုက်တည် ဆရာတော်ဘုရားကြီးများ ကစပြီး ဒီနေ့အထိ မစိုးရိမ်တိုက်များမှာ နာယကအဖြစ် ဦးဆောင်သာသနာပြုတော်မူနေကြတဲ့ “ခေါင်း”အားလုံးကို ရည်ညွှန်းပါတယ်။ ဆရာတော်ရဲ့ အမေများနေ့ကို ပြောသလို ပြောရမယ်ဆိုရင်တော့ သရုပ်တူ ခေါင်းအားလုံးကို ဧကသိသ်ပြုထားတဲ့ သရူပေကသိသ် စကားပါ။
 
ခေါင်းအားလုံးကို ဧကသိသ်ပြုထားပေမယ့် အဓိက ဦးတည်ပူဇော်မှာက မစိုးရိမ်တိုက်သစ်များရဲ့ ပဓာနမဟာ နာယကဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသကိုဖြစ်လို့ ဆရာတော်အကြောင်းများကိုပဲ ဥာဏ်မီသလောက် ရေးသား ပူဇော်ပါရစေ။ ရေးသားပူဇော်မယ်ဆိုတဲ့ အခါ အခု ဆရာတော်ရဲ့ သက်တော်က(၈၀)ရှိပြီဆိုတော့ လောကအလိုဆိုရင် ဘာရတုခေါ်မလဲ မသိဘူး။ ပတ္တမြားရတုလို့ ခေါ်ကြတယ် ထင်ပါတယ်။ လူပုဂ္ဂိုလ်တွေအတွက်တော့ အဲဒီအမည်အတိုင်းပဲ ခေါ်ကြပေါ့လေ။ သာသနာ ဝန်ထမ်းဖြစ်တဲ့ မထေရ်မြတ်ကြီးတွေ အတွက်ကတော့ သက်တော်(၈၀)ဆိုတာ မြတ်စွာ ဘုရားရှင် သက်တော်ထင်ရှား နေတော်မူခဲ့တဲ့ အသက်ပမာဏဖြစ်လို့ အမြတ်ဆုံး ရတနာဖြစ်တဲ့ ဘုရားရှင်ရဲ့ သက်တော်ကို အကြောင်းပြုပြီး “ရတနာ ရတု”လို့တောင် ခေါ်ဆို သတ်မှတ်လိုက်ချင်ပါတယ်။
 
မိမိက ဆရာတော်ထံမှာ စာဝါရယ်လို့ မလိုက်ခဲ့ရဖူးပါဘူး။ ဆရာတော်ရဲ့ လုပ်ရည်ကိုင်ရည်များနဲ့ စာဝါပို့ချချက် မှတ်စုများကို အားကျအတုယူခဲ့ရတဲ့ မြင်ဆရာ၊ ကြားဆရာအဖြစ်ပဲ လေးစားရတာပါ။ အထူးသဖြင့်တော့ ဆရာတော်ရဲ့ စာပေလက်ရာဖြစ်တဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီး(ဘဒ္ဒန္တ သူရိယာဘိဝံသ)ရဲ့ ထေရုပ္ပတ္တိစာအုပ်နဲ့ စိန်ရတုအထိမ်းအမှတ် ဩဝါဒတရားတော်များ စာအုပ်တို့ကြောင့် ဆရာတော်ကို လောကုတ္တရာအရာမှာသာမက လောကီရေးမှာပါ လေးစား အားကျ ရပါတယ်။
 
ဆရာတော်ရဲ့ စာပေလက်ရာများနဲ့ ပတ်သက်လို့ မိမိမှာ ပြောစရာတွေ အတော်များများရှိနေပါတယ်။ ဆရာတော်ရဲ့ စာအုပ်နှစ်အုပ်လုံးကိုပဲ သဘောကျလွန်းလို့ ဓမ္မာဓိပတိကျောင်း အရှင်ဣန္ဒကာလင်္ကာရာဘိဝံသကို အပူကပ်ပြီး ဆယ်စုံလောက် ပူဇော်လိုက်ပါတယ်။ ဒီစာအုပ်တွေကို စာသင်တိုက်တွေမှာ အုပ်ချုပ်နေကြတဲ့ မိမိရဲ့ တပည့်တွေဆီကိုလည်း ပို့ပေးပြီး ဖတ်ခိုင်းတယ်။ ခင်မင်တဲ့ စာရေးဆရာကြီးတွေဆီကိုလည်း ပို့ပေးပါတယ်။ အထူးသဖြင့်တော့ ဆရာကြီးဦးအောင်သင်းဆီ ကိုယ်တိုင်သွားပို့ပေးခဲ့ တယ်။ “အလုပ်အကြံမပါတဲ့ သရုပ်မှန်အတ္ထုပ္ပတ္တိနဲ့ ဩဝါဒစကားများကို နှစ်သက်မယ်ဆိုလို့ကတော့ ဒီစာအုပ် နှစ်အုပ်က ကျုပ်တွေ့ဖူး သမျှထဲက စံပြပဲ၊ ဖတ်ကြည့်စမ်းပါ”လို့ တိုက်တွန်းခဲ့လိုက်တယ်။
 
 နောက်နှစ်ရက်လောက်ကြာတော့ “ထေရုပ္ပတ္တိစာအုပ်ကို လက်ကမချ ဖတ်မိလိုက်တယ်၊ အရှင်ဘုရားပြောတာ နဲတောင်နဲသေးဘုရား၊ တကယ့်ကို သရုပ်လည်း မှန်၊ ဘဝကလည်း အတုယူ အားကျစရာကောင်းတဲ့ အတ္ထုပ္ပတ္တိကောင်း တစ်ပုဒ်ပါပဲ” ဆိုပြီး ဖုန်းဆက်လာပါတယ်။
 
 ဩဝါဒများနဲ့ ပတ်သက်လို့တော့ ဈေးကွက်ဂျာနယ် “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့” ကဏ္ဍမှာ သုံးပတ် ဆက်ပြီးရေးတယ်။ နောက်တစ်ကြိမ် ဆရာကြီးဆီရောက်တော့ “ဆရာလဲ မစိုးရိမ် ဆရာတော်ရဲ့ ဩဝါဒတွေကို အတော်သဘောကျပုံရတယ်။ ဦးဇင်းလဲ သဘောကျလွန်းလို့ အဲဒီစာအုပ်ကို ခေါင်းအုံးဘေးမှာ အမြဲထားတယ်။ ခုရက် ပိုင်းမှာ ပျင်းပျင်းရှိတိုင်း ဒီစာအုပ်ကိုပဲ လှန်ဖတ်နေမိတယ်”ဆိုတဲ့အကြောင်း ပြောတော့။
            
“အရှင်ဘုရားက ပျင်းပျင်းရှိမှ လှန်ဖတ်ပြီး ခေါင်းအုံးဘေးမှာပဲ ချထားတာကိုးဘုရာ့၊ တပည့်တော်က စိတ်ပါလက်ပါ ဖတ်ပြီး ခေါင်းထဲကို ထည့်ထားတာ။ ဒါကြောင့် အရှင်ဘုရားက ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဘာမှမရေးဖြစ်ဘဲ တပည့်တော်က သုံးပုဒ်တောင် ဆက်ရေးဖြစ်တာပေါ့။ အရှင်ဘုရား အရင်က ပြောဖူးသလိုပေါ့ ရင်ထဲမှာ မဆန့်တော့လို့ နှုတ်ကနေ ထုတ်ဟ မြွက်ကြားတဲ့ ဝမ်းမြောက်စကားကို ဥဒါန်းလို့ ခေါ်တယ်ဆို။ အခု ဈေးကွက်ဂျာနယ်မှာပါတဲ့ တပည့်တော် စာသုံးပုဒ်ကလည်း ဒီစာအုပ်ဖတ်ပြီး တပည့်တော်လက်နဲ့ ကျူးလိုက်တဲ့ ဥဒါန်းပဲ ဘုရား”လို့ ပြောပါတယ်။
            
စာအုပ်နဲ့ပတ်သက်ပြီး စပ်မိစပ်ရာ ပြောဆိုရင်းက “ဒီလောက်စာရေးကောင်းတဲ့ ဆရာတော်တစ်ပါးက တစ်ဖက်ကကြည့်ရင် တော့ စာချရတဲ့ကိစ္စ၊ တိုက်တာ အုပ်ချုပ်ရေးကိစ္စတွေများတာလည်း ဆရာတော်ဩဝါဒတွေကို ဖတ်ကြည့်တော့ အတော်များတာပဲ ဘုရာ့၊ ဟိုစကားပုံလိုပေါ့ “တံမြက်စည်း တစ်ချောင်း လှည်းကောင်းတိုင်း လှည်းလိုက်တာ၊ ဘုရားစင်ကစပြီး ခွေးကတက် ရောက်ကရော” ဆိုသလိုဖြစ်နေတော့ မအားလပ်တာလည်း မှန်တော့ မှန်ပါတယ်။ ဒါပေမယ့် ရသလောက်အချိန်ကလေးလုပြီး ဒီထက် ပိုရေးစေချင်သေးတယ်။ အရှင်ဘုရားလည်း ဒီလို ဆန္ဒမျိုးဖြစ်မယ် ထင်ပါတယ်”တဲ့။
            
မိမိက “ကျုပ်စိတ်ထဲမှာဖြစ်တဲ့ ဆန္ဒကတော့ - ဆရာကြီးရွှေဥဒေါင်းဆိုရင်ဗျာ သူ့ရဲ့ “တစ်သက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ”ဆိုတဲ့ စာအုပ်ကြီးကို ရေးခဲ့တာ၊ သူ့ဘဝအကြောင်းသာမကဘူး သူကျင်လည်ဖြတ်သန်းခဲ့ရတဲ့ ခေတ်နဲ့ ပတ်ဝန်းကျင်အကြောင်း နောင်လာနောင်သားတွေ အများကြီး သိခွင့်ရကြတယ်။ ဒါပေမယ့် သူ့မှတ်တမ်းထဲမှာ လောက အကြောင်းတွေပဲ များတယ်၊ သာသနာတော်နဲ့ ပတ်သက်ပြီး မပါလှဘူး။ ဒါကလည်း သူထဲထဲဝင်ဝင် ကျင်လည်ခဲ့ရတာ မဟုတ်ဘဲကိုး။ သာသနာတော်နဲ့ ပတ်သက်တဲ့ ခေတ်နဲ့ဝန်းကျင်အကြောင်းကတော့ ဒီဆရာတော်လို ပုဂ္ဂိုလ်မျိုးက “တစ်ဘဝတာ အတွေ့အကြုံ အတွေးအမြင်”ဆိုတာမျိုး ရေးခဲ့မယ်ဆိုရင် သာသနာတော်အတွက်လည်း တန်ဖိုးရှိမယ်။ လောကအတွက် ကြည့်ရင်လည်း အတုယူစရာ မှတ်သားလိုက်နာစရာ ဗဟုသုတတွေ အများကြီးရမယ်ဗျာ။ အဲဒီလို စာအုပ်ကြီးရေးခဲ့စေချင်တာ”ဆိုတော့ “ ဟာ ... ဘယ့်နှယ် ပြောပါလိမ့် အတိုင်းထက်အလွန်ပေါ့ဘုရား”လို့ ထောက်ခံခဲ့ပါ တယ်။
            
ဆရာတော်ကို ခုချိန်ကျမှ ဒီအကြောင်းလျှောက်ထားမယ်ဆိုရင်တော့ “ဘာလဲ မင်းတို့က ငါအရွယ်ရှိတုန်းက လည်း ကိုယ်စွမ်းဥာဏ်စွမ်းဟူသမျှကို ညှစ်ယူခဲ့ကြပြီ၊ အခု အရိုးပေါ် အရေတင် အရွယ်ကြီးရောက်တော့လည်း အရိုးကိုညှစ်ပြီး အဆီထုတ်ယူချင်ကြတုန်းပဲလား”လို့များ မိန့်ကြားလေမလားပဲ။ အဲလို မိန့်ကြားရင်လည်း “အရိုးနဲ့ အရေပဲကျန်တော့တယ်ဆိုလည်း ပြာမဖြစ်သေးသမျှ အဆီတော့ ညှစ်လို့ရလောက်ပါသေးတယ်ဘုရားလို့ လျှောက်လိုက် ချင်စမ်းပါဘိ”ဆိုတဲ့ အတွေးများလည်း ပေါ်ခဲ့ပါတယ်။ အခုလည်း ပေါ်နေဆဲပါပဲ။ နောင်လည်း ပေါ်နေ မျှော်နေမိမှာပါပဲ။ လျှောက်တော့ မလျှောက်ထားဝံ့ပါဘူး။
            
ဆရာတော်နဲ့ ပတ်သက်လို့ မိမိစိတ်မှာ အာရုံပြုကြည်ညိုမိတဲ့ နောက်ထပ် အမှတ်ထင်ထင် အကြောင်းအရာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ “ ခေါင်းဆောင်ကောင်းတို့ရဲ့ ဂုဏ်ရည်ဆိုတဲ့”အကြောင်းပါ။ မနှစ်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်စကို ဘေး(ပင်လင်ကွေ့)ဧရိယာထဲက ဟေးဝပ်ဆိုတဲ့မြို့လေးမှာ မစိုးရိမ်စာသင် သားဟောင်း အရှင်ဥာဏိကာဘိဝံသ တည်ထောင်တဲ့ မုဒိတာရွှေကျောင်း ဖွင့်ပွဲမှာ ဆရာတော်နဲ့ ဆုံမိခဲ့ပါသေးတယ်။ အဲဒီတုန်းက မိမိက ညစဉ်ညတိုင်း အဲဒီဘေးဧရိယာထဲမှာ ပါဝင်တဲ့ ဒေးလီစီးတီးမြို့က ထေရဝါဒဓမ္မအသင်းမှာ ဓမ္မစကြာ သင်တန်းစပြီး သင်ပြနေတဲ့အချိန်နဲ့တိုက်ဆိုင်လို့ ဓမ္မစကြာရဲ့နိဒါန်းပိုင်းက ဘုရားရှင်ရဲ့ ခေါင်းဆောင်ကောင်း ဂုဏ်ရည် အကြောင်း ပြောခဲ့စဉ်ကလည်း မစိုးရိမ်တိုက်သစ်အကြောင်း ဆရာတော် အကြောင်းတို့ကို နှိုင်းယှဉ်ပြီး နည်းနည်း ပြောခဲ့ဖြစ်ပါသေးတယ်။ အဲဒီအကြောင်းအရာကို အခုလည်း ထပ်ပြီး ပြောပါရစေ။
            
ဓမ္မစက္ကပဝတ္တနသုတ်ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကြီး စတင်ပေါ်ပေါက်လာစေတဲ့ အဦးဆုံးဒေသနာတော်ကြီး ဖြစ်လို့ ဓမ္မစကြာရဲ့နိဒါန်းကို ဘာဝတ္ထဆိုက်အောင် သဘောပေါက်ကြရင် သာသနာတော်ရဲ့ နိဒါန်းကိုလည်း သဘောပေါက်စရာ ရှိပါတယ်။ ဒီလိုသဘောပေါက်ခဲ့ရင် မြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီး ဘာကြောင့် ဒီလောက်ထိ အရှည်ကြံ့ တည်တံ့နိုင်တယ်ဆိုတာကို လည်း သဘောပေါက်ကြမှာပါ။
            
ဓမ္မစကြာမှာ “ဒုက္ခလွတ်ငြိမ်းရာကို ဦးတည်ရည်မှန်းပြီး ကျင့်ကြံကြမယ့် တပည့်သားများအနေနဲ့ အဦးဆုံးလိုက်နာရမှာ ကတော့ - အရိယာတို့ရဲ့ လက်သုံးလည်း မဟုတ်၊ ရည်မှန်းတဲ့ အကျိုးကိုလည်း မပြီးစေတဲ့ အစွန်းတရားနှစ်ပါးကို ပယ်စွန့်ရမယ်” ဆိုတဲ့ နိဒါန်းစကားနဲ့ တရားဦးဒေသနာကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
            
ဒီပယ်စွန့်ရမယ့် အစွန်းတရား နှစ်ပါးဆိုတာကတော့ -
(၁) လောကီအာရုံ ကာမဂုဏ်တွေကို ကြိုးစားရှာဖွေခံစားနေရခြင်းဟာ တကယ့်ချမ်းသာသုခကြီးပဲလို့ ခံယူကျင့်သုံး အားထုတ် နေကြတဲ့ “ကာမသုခလ္လိကာနုယောဂ”ဆိုတဲ့ အစွန်းတရားရယ်။
            
(၂) အာရုံခံစားမှု မှန်သမျှကို ဖြတ်တောက်ပြီး ခန္ဓာကိုယ်ကြီးကို ဘက်ပေါင်းစုံက ညှဉ်းဆဲကျင့်ကြံ အပင်ပန်းခံနေမှသာ ချမ်းသာစစ် ချမ်းသာမှန်(နိဗ္ဗာန်)ကို ရမယ်လို့ ခံယူကျင့်သုံးနေတဲ့ “အတ္တကိလမထာနုယောဂ”ဆိုတဲ့ အစွန်းတရားရယ်တို့ပါပဲတဲ့။
           
 မြတ်ဗုဒ္ဓရဲ့ အခုနောက်ဆုံးဘဝမှာ ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ဘဝရဲ့ အစိတ်အပိုင်းနှစ်ခုနဲ့ အခုအပယ်ခိုင်းတဲ့ ဒီအစွန်းတရား နှစ်ပါးတို့ကို လေ့လာကြည့်လိုက်ရင် မြတ်ဗုဒ္ဓရဲ့ ခေါင်းဆောင်ကောင်းဂုဏ်ရည်ကို အထင်အရှား တွေ့မြင်နိုင်လိမ့်မယ်။
           
 မြတ်ဗုဒ္ဓအလောင်းတော်ဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားဟာ ကပိလဝတ်နန်းတော်ထဲမှာ အသက်(၂၉)နှစ်အထိ နေခဲ့တယ်။ အဲဒီမှာ နေခဲ့ရတဲ့ဘဝဟာ လောကအမြင်အရ ကြည့်မယ်ဆိုရင်တော့ တကယ့်ကို နတ်တို့ရဲ့ စည်းစိမ်လို့တောင် ဆိုနိုင်လောက်တယ်။ ဥတုသုံးလီနဲ့ ကိုက်ညီအောင်စီမံထားတဲ့ ထီးနန်းသုံးဆောင်ရယ်၊ အချောဆုံး အလှဆုံးဆိုတဲ့ မောင်းမမိဿံတွေရယ် (စာထဲမှာတော့ လေးသောင်းလောက်လို့တောင် ဆိုတယ်)။ မင်းအာဏာကို အသုံးချပြီး ရှာလို့ ရနိုင်သမျှ ကာမဂုဏ် စည်းစိမ်တွေရယ်နဲ့ ခံစားစံစား နေရတာကိုး။
            
ဒါပေမယ့် အသက်(၂၉)နှစ် အရွယ်ရောက်လို့ သားဦးလေး ရာဟုလာဖွားတဲ့နေ့မှာပဲ ဥယျာဉ်တော်ထဲ လှည့်လည်ရင်း လောကကြီးရဲ့ နိဂုံးကို မြင်လိုက်ရတော့ ဒါတွေ အားလုံးဟာ အိုခြင်း၊ နာခြင်း၊ သေခြင်းနဲ့ နိဂုံးချုပ်ကြပြီး ဝမ်းနည်းပူဆွေး ငိုကြွေးရင်း ဇာတ်သိမ်းကြရမှာပဲဆိုတာ မျက်ဝါးထင်ထင် တွေ့မြင် သိရှိသွားတယ်။ ဒါနဲ့ပဲ ထီးနန်း စည်းစိမ်အပါအဝင် ကာမသုခလ္လိက မှန်သမျှကို စွန့်ပစ်ပြီး ဥရုဝေလတောဆီ ထွက်ခွါသွားခဲ့တာပါ။
            
ဒါကြောင့် ကာမသုခလ္လိကာနုယောဂအစွန်းတရားကို ပယ်ရမယ်ဆိုတဲ့စကားဟာ ဟိုပုံပြင်ထဲကလို စပျစ်သီးမှည့်ကို မမှီတဲ့ အတွက် ချဉ်တယ်ဆိုပြီး မှတ်ချက်ချတဲ့ စကားမျိုးမဟုတ်ဘူး၊ ကိုယ်တွေ့ ကိုယ်ကြုံ အသေအချာ သိပြီးလို့ အကျိုးမရှိတာ သေချာတဲ့ အတွက် အစွန့်ခိုင်းတာပါ။
            
အဲဒီနောက် ဥရုဝေလတောထဲမှာ အတ္တကိလမထာနုယောဂဆိုတဲ့ အစွန်းကိုလည်း နောက်ထပ်သာ တစ်လှမ်းလောက် ဆက်တိုးလိုက်ရင် မရဏချောက်ကမ်းပါးမှာ ပြုတ်ကျသေဆုံးဖို့ပဲ ရှိတော့တယ်ဆိုရလောက်အောင်ကို ကိုယ်တိုင်လျှောက်လှမ်းခဲ့ပြီးလို့ ပင်ပန်းရုံကလွဲပြီး ဘာအကျိုးမှ မရှိဘူးဆိုတာ ကိုယ်တွေ့ကိုယ်ကြုံသိခဲ့ပြီးသားပဲ။ ဒါကြောင့် ဒီအစွန်းတရားကိုလည်း စွန့်ပယ်ပစ်ရ မယ်လို့ ဟောတော်မူတာပါ။
            ဒီအချက်အလက်တွေကို ကောက်ချက်ချကြည့်မယ်ဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ကိုယ်ချမှတ်တဲ့ လမ်းစဉ်  သဘောတရားအတွက် နောက်လိုက်တပည့်သားတွေကို အစမ်းသပ်ခံ သားကောင်အဖြစ်နဲ့ အသုံးမချဘူး၊ အမှား အမှန် မကွဲပြားသေးတဲ့ သဘောတရားများနဲ့ ပတ်သက်ပြီး ကိုယ်တိုင်က အစမ်းသပ်ခံ သားကောင် အဖြစ်နဲ့ ကျင့်သုံး ကြည့်ရမယ်။ သေချာပေါက် အမှားအယွင်း မရှိဘဲ ရည်မှန်းတဲ့ ပန်းတိုင်ကို အမှန်အကန် ရောက်စေ တယ် ဆိုတာ သိရှိပြီးမှသာ နောက်လိုက်တပည့်သားတွေကို အမှားအယွင်းမရှိ လမ်းညွှန်ပြသနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ရပါတယ်။
သာသနာတော်ကို စတင်ဖော်ဆောင်တဲ့ မြတ်ဗုဒ္ဓက အခုလို ခေါင်းဆောင်ကောင်းဂုဏ်ရည်အပြည့်ရှိပြီး တည်ထောင်ခဲ့တာ ဖြစ်လို့လည်း မြတ်ဗုဒ္ဓရဲ့ သာသနာတော်မြတ်ကြီး ဒီလောက်အထိ အရှည်ကြံ့ တည်တံ့နေနိုင်တာပါ။
 
မြတ်ဗုဒ္ဓနည်းတူပဲ ခေါင်းဆောင်ကောင်းတို့ရဲ့ ဂုဏ်ရည်အပြည့်နဲ့ တပည့်သားတွေကို ဦးဆောင်ကြတဲ့ ခေါင်းဆောင်ကောင်း တွေဆိုတာ ဒီနေ့အထိလည်း သာသနာတော်မှာ ရှိနေဆဲပါပဲ။
            
အထင်ရှားဆုံး သာဓကအဖြစ်နဲ့ ပြရရင်တော့ အခု အမေရိကန်ကို ခေတ္တရောက်ရှိနေတဲ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသကို ကြည့်ရင်လည်း သိသာပါတယ်။ ဒီနေရာမှာ အချက်အလက်တွေကို ခြုံငုံသဘော ပေါက်ဖို့အတွက် မစိုးရိမ်တိုက်များနဲ့ မစိုးရိမ်သံဃာတို့နဲ့ မစိုးရိမ် စိတ်ဓာတ် တို့ကိုတော့ နည်းနည်း သဘောပေါက်ထားရပါလိမ့်မယ်။
 
မစိုးရိမ်တိုက် ဆရာတော် သံဃာတော်တွေရဲ့ စိတ်ဓာတ်က “ဓမ္မရေးလည်း မဖျင်းနဲ့ လောကရေးလည်း မကင်းနဲ့”ဆိုတဲ့ စိတ်ဓာတ်မျိုးလို့ ဆိုရပါလိမ့်မယ်။ ပရိယတ္တိစာပေအရာမှာ အနည်းဆုံး “သကျသီဟ”လို့ခေါ်တဲ့ ပရိယတ္တိဓမ္မာစရိယဘွဲ့လောက်မှ ရမထားရင် မစိုးရိမ်တိုက်တွေမှာ နာယကစာချ(ကျောင်းထိုင်)အဖြစ် မသတ်မှတ်ပါဘူး။ အချို့ကျောင်းတွေ၊ ကျောင်းတိုက်တွေမှာ ကျောင်းထိုင်ဘုန်းကြီးတို့၊ စာချဘုန်းကြီးတို့ဆိုရင် ပညာအရည်အချင်းကရော ဘယ်လိုလဲဆိုတာ မေးဖို့ လိုကောင်း လိုတတ်ပါတယ်။ မစိုးရိမ်ကျောင်းတိုက်တွေမှာ နာယကစာချတဲ့ဆိုလိုက်ရင် ပညာအရည်အချင်းက မေးစရာမလိုဘူး အားလုံးသိကြပြီးသားပါ။ ဓမ္မရေးဘက်မှာ အဲဒီလို မဖျင်းရအောင် စည်းကမ်း ချမှတ်ပြီး ကြိုးစားကြပါတယ်။
            လောကရေးဘက်မှာလည်း နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပန်းခဲ့စဉ်ကစပြီး နောက်ပိုင်းခေတ် အဆက် ဆက်မှာ ပြည်သူတွေရဲ့ ဒုက္ခလွတ်မြောက်ရေး ကြိုးပန်းမှုတိုင်းမှာ မစိုးရိမ်သံဃာများက တတပ်တအား ပါဝင်ကြတာ ချည်းပါပဲ။ ဒါကလည်း ပြောသလို လုပ်၊ လုပ်သလို ပြော ဆိုတဲ့အတိုင်း မစိုးရိမ်ရဲ့ ပကတိသရုပ်မှန် စိတ်ဓာတ်လို့ပဲ ဆိုရမယ်ထင်ပါတယ်။
            
ဟုတ်တယ်လေ၊ သံဃာတော်အရှင်မြတ်များအနေနဲ့ နေ့စဉ် နေ့တိုင်း ပရိတ်မေတ္တာဘာဝနာ ပွားခါနီးမှာတော့ “သာသနဿ စ လောကဿ၊ ဝုဍ္ဎိုဘဝတု သဗ္ဗဒါ = သာသနာရော လောကပါ စဉ်ဆက်မပြတ် ကြီးပွားတိုးတက်ပါစေ”လို့ ပြောဆို ရွတ်ဖတ်တော်မူကြပြီး လောကကြီး ဒုက္ခရောက်တဲ့အခါမှာတော့ “ဒေဝါ ရက္ခန္တု သဗ္ဗဒါ = နတ်တွေက မပြတ်စောင့်ရှောက်ကြပါစေ”လောက်နဲ့ မသိကျိုးကျွံပြုနေမယ်ဆိုရင် အပြောနဲ့အလုပ်က မကိုက်ညီသလို ဖြစ်နေမယ်။ မစိုးရိမ်ဆရာတော်များကတော့ မသိကျိုးကျွံ ပြုမနေကြပါဘူး။ လောကရေးနဲ့ မကင်းကြပဲ ဒုက္ခကို မျှဝေခံစား တတ်ကြပါတယ်။ ဒါဟာ ပြောသလို လုပ်၊ လုပ်သလို ပြောတတ်တဲ့ မစိုးရိမ်ရဲ့စိတ်ဓာတ်လို့ ဆိုနိုင်ပါလိမ့်မယ်။
            
အဲဒီလို မျှဝေခံစားရာမှာလည်း စာသင်သားသံဃာငယ်တွေချည်းသာ အစတေးခံစေခဲ့တာ မဟုတ်ပါဘူး။ နာယကဆရာတော် များကိုယ်တိုင်လည်း ပါဝင်တန်သမျှ ပါဝင်ပြီး မျှဝေခံစားကြတာပါ။ အခြွုကလာတဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ဆိုတာလည်း အရင်ဒီမှာ သီတင်းသုံးနေတဲ့ မစိုးရိမ် ဆရာတော် ဘုရားကြီး ဘဒ္ဒန္တ ကောဝိဒါဘိဝံသနဲ့အတူ ရှစ်လေးလုံး မျှဝေခံစားပွဲရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ နန်းတွင်း မဆိတ်ငြိမ် တောရမှာ မျှဝေခံစား သီတင်းသုံးခဲ့ရတဲ့ ဆရာတော် ဖြစ်ပါတယ်။
 
အဲဒီနောက် ၁၃၆၅-ခုနှစ်၊ တန်ဆောင်မုန်းလဆန်းလောက်မှာ ဒုက္ခတွေကို သည်းမခံနိုင်ကြတော့တဲ့ ပြည်သူတွေရဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပြန်တယ်။ ထုံးစံအတိုင်း မစိုးရိမ်တိုက်သစ်သံဃာတွေကလည်း ပြည်သူနဲ့အတူ မျှဝေခံစားကြတာပါပဲ။ အဲဒီနှစ် တန်ဆောင်မုန်းလဆန်း(၄)ရက်နေ့မှာတော့ တစ်ကျောင်းတိုက်လုံး သံဃာတွေ ခါထုတ်(နှင်ထုတ်)လိုက်ပြီး ကျောင်းပိတ်လိုက်တယ်။
            
ဒီကိစ္စနဲ့ပတ်သက်လို့ ၁၃၆၇-ခု၊ ဝါခေါင်လကွယ်နေ့မှာ ဩဝါဒပေးတဲ့အခါ-
“အဲ ..ပြီးခဲ့တဲ့ ၁၃၆၅ ခုနှစ်တုန်းက ငါက တိုက်ခါပစ်လိုက်တယ်။ မခါရင် ငါက သိတယ်၊ အဲဒီည ဦးဇင်းတွေ တစ်ပါး နှစ်ပါး အနည်းဆုံး သေဦးမယ်၊ အပစ်ခံရဦးမယ်၊ အဲဒါသိတယ်။ အဲဒါသိတော့ ဘာမှ နားမလည်တဲ့ ဦးဇင်းတွေ ကိုရင်တွေ အလကား သက်သက် အသက် အဆုံးအရှုံးမခံနိုင်ဘူး။ အေး .. ဒီတော့ နံနက်ပိုင်း ငါ လဘက်ရည်သောက်တဲ့ အချိန်မှာ တိုက်ထဲရှိတဲ့ နာယကတွေ အကုန်ခေါ်၊ အကုန်ခေါ်ပြီးတော့ “မင်းတို့ ကျောင်းခါပစ်မှ ဖြစ်မယ်၊ မခါရင် မဖြစ်ဘူး၊ မခါရင် အလကား ဒဏ်ရာ အနာတရတွေ ဖြစ်ကုန်မယ်”ဆိုပြီးတော့ ကျောင်းခါ ပစ်လိုက်တယ်။
 
ဒီလို ကျောင်းခါပစ်လိုက်တော့ ငါတော့ နာမည်ပျက်မှာပေါ့။ ပျက်ပါစေ၊ နာမည်ပျက်တာ ငါ အရေးမစိုက်ဘူး။ သူနိုင်နင်း အောင် မအုပ်ချုပ်နိုင်ဘူး၊ ဘာညာနဲ့ ပြောမှာပေါ့။ ပြောပါစေ၊ နိုင်နင်းအောင် အုပ်ချုပ်နိုင်လို့ ဂုဏ်ပြုပြု၊ ပြစ်တင် ကဲ့ရဲ့ ကဲ့ရဲ့၊ ဘာမှ နားမလည်တဲ့ ဒီကိုရင် ဦးဇင်းတွေ အလကား အသက်မဆုံးရှုံးဖို့ အရေးကြီးတယ်။ အဲ လူ့အသက် တစ်ချောင်းဆိုတာ ဘုရားရှင် ကလည်း “မနုဿတ္တ ဘာဝေါ ဒုလ္လဘော”တဲ့။ လူ့ဘဝရခဲတယ်လို့ ဟောထား ပြီးသား။ ဒီတော့ ရခဲတဲ့ လူ့အသက်တစ်ချောင်း ဘာမှမဟုတ်တဲ့ ကိစ္စနဲ့ အသေမခံစေရဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်း ပိတ်ခဲ့တာ”လို့ ရှင်းပြပါတယ်။ (ဩဝါဒတရားတော်များ၊၇၆)
            
ဒီလို တိုက်ပိတ်လိုက်တာဟာ ဆရာတော်အနေနဲ့ အသိမဲ့ အကြောက်ကြီးပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ သူကိုယ်တိုင် ထောင်ကျခံရတဲ့အထိ အစမ်းသပ်ခံ၊ အစတေးခံခဲ့ပြီးတဲ့အတွက် အတွေ့အကြုံအရ ရောက်လာမည့်ဘေးကို ကြိုတင်သိမြင်လို့သာ ကာကွယ်ပေးခဲ့တာ ဖြစ်တယ်ဆိုတာ ဒီပွဲမျိုး နွှဲဖူး ကြုံဖူးသူတိုင်း သိကြပါလိမ့်မယ်။
            
ဒါကြောင့် မစိုးရိမ်တိုက်သစ်ရဲ့ ဦးစီးခေါင်းဆောင် ပဓာနမဟာနာယက ဆရာတော်ဘုရားဟာလည်း ဘုရားရှင်ရဲ့ တပည့်သား ပီပီ ဘုရားရှင်တို့ ထုံးကို နှလုံးမူပြီး တပည့်သားတို့ကို အစမ်းသပ်ခံ၊ အစတေးခံများ မဖြစ်စေဘဲ ကိုယ်တိုင်သာ အစမ်းသပ် အစတေးခံပြီး တပည့်သားများကို ကာကွယ်ပေးတဲ့ ဂုဏ်ရည်ပြည့် ခေါင်းဆောင်ကောင်း တစ်ဦးလို့ ဆိုရပါလိမ့်မယ်။ မြတ်စွာဘုရား ရှင်ရဲ့ သာသနာတော်ကြီး ဒီနေ့အထိ အရည်ကြံ့ တည်တံ့နေသလို မစိုးရိမ်စာသင်တိုက်တွေဟာလည်း စတင်တည်ထောင် ချိန်ကစပြီး ဒီနေ့အထိ စဉ်ဆက်မပြတ် တိုးတက်ပြန့်ပွား တည်တံ့နေတာဟာ ဒီလို ဂုဏ်ရည်ပြည့်စုံတဲ့ ခေါင်းဆောင်ကောင်းတွေ ကြောင့်ပဲဆိုတာ မှန်းဆပြီး သဘောပေါက် လောက်ပါတယ် ဆိုတဲ့အကြောင်း သင်တန်းသားများကို နှိုင်းယှဉ်ပြောခဲ့ဖူးပါတယ်။ 
 
ဆရာတော်နဲ့ ပတ်သက်ပြီး ရေးရမယ်ဆိုရင်တော့ ဩဝါဒတရားများ အဖွင့်ကျမ်းတစ်ဆောင်လောက်များ ဖြစ်သွားမလားပဲ။ ဒါပေမယ့် တခြားတပည့်တွေကလည်း ရေးသားပူဇော်ကြဦးမှာဆိုတော့ ဒီလောက်နဲ့ပဲ ရပ်နားသင့်မယ် ထင်ပါတယ်။
            
ဆရာတော်ရဲ့ သက်တော်(၈၀)ပြည့် ဝိဇာတမင်္ဂလာကို အကြောင်းပြုပြီး ဆရာတော်ရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်၊ ပရိယတ္တိဂုဏ်၊ ခေါင်းဆောင်နာယကဂုဏ်ရည်တို့ကို ဒီစာတမ်းနဲ့ ပူဇော်ကန်တော့ပါတယ်ဘုရား။           ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
၂.၁၂.၂၀၁၂
(မိုးမခမှ ကူးယူဖော်ပြပါသည်)

Tuesday, January 1, 2013

မြို့နှစ်မြို့


မြို့ကြီးတစ်မြို့၏ အဝင်ဝနား ခရီးသွားတစ်ယောက် ဆိုက်ရောက်လာသည်။
မြို့ထဲမဝင်မီ လမ်းဘေးမှာ ထိုင်နေသည့် မိန်းမတစ်ယောက်ကို သူမေးသည်။
“ဒီမြို့ကလူတွေ ဘယ်လိုစိတ်သဘောထားမျိုးရှိကြသလဲဗျ”
အမျိုးသမီးက ပြန်မေးသည်။
“ရှင်ထွက်လာခဲ့တဲ့မြို့က လူတွေကော ဘယ်လိုသဘောမျိုး ရှိကြသလဲ”
“ဆိုးပါ့ဗျာ၊ အင်မတန်ယုတ်မာကောက်ကျစ်တဲ့လူတွေ၊
လုံးဝယုံကြည်လို့မရတဲ့လူတွေ၊
ကောင်းကွက်ဆိုလို့ တစ်စက်ကလေးမှ မရှိတဲ့လူတွေ”
သူက မဲ့မဲ့ရွဲ့ရွဲ့ ပြန်ဖြေသည်။
“အင်း၊ ဒီမြို့ထဲကလူတွေလဲ အဲဒီပုံစံအတိုင်းပဲရှင်၊ တွေ့ရအုံးမှာပါ”
အမျိုးသမီးက ဆိုလိုက်သည်။

များမကြာမီပင် နောက်ခရီးသည်တစ်ယောက် မြို့နားရောက်လာပြန်ကာ
အမျိုးသမီးအား မြို့ထဲကလူတွေအကြောင်းမေးပြန်သည်။
သည်အခါ အမျိုးသမီးကလည်း ပထမခရီးသည်တုန်းကအတိုင်း
သူလာခဲ့သည့်မြို့က လူတွေအကြောင်း ပြန်လှန်မေးခွန်းထုတ်ပြန်သည်။
“အင်မတန် စိတ်သဘောထားကောင်းကြပါတယ်ဗျာ၊
ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ သူမတူအောင်လဲ ရက်ရောကြပါတယ်၊
ကျွန်တော်အဲဒီက ထွက်လာရတာ စိတ်မကောင်းဘူး”
ဒုတိယခရီးသည်က လှိုက်လှဲသောလေသံဖြင့် ဆိုလေသည်။

သည်အခါ ပညာရှိအမျိုးသမီး အဖြေပေးလိုက်သည်။
“ရှေ့ကမြို့ထဲမှာလဲ အဲဒီလိုလူမျိုးတွေပဲ ရှင်ထပ်တွေ့ရမှာပါ” ဟူ၍။
A tale of two cities
ဖေမြင့်၊ နှလုံးသားအာဟာရ (၂) မှ