Monday, October 29, 2012

ရသေ့မာယာ

ရှေးသရောအခါ ရွာတစ်ရွာ၌ ဒါယကာတစ်ယောက်ကိုးကွယ်ထားသော
ရသေ့တစ်ဦးရှိလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိက္ခတစ်ရာကို
ရသေ့ကမ္မဋ္ဌာန်းကျောင်းအနီးအပါး၌ မြှုပ်ထားပြီးလျှင်
“အရှင်ဘုရား၊ သတိပြုလိုက်ပါ” ဟု မှာထားသောအခါ
“ဟဲ့ဒါယကာ၊ ရသေ့ရဟန်းကို ယခုလိုကြည့်ရှုရစ်ဖို့ရန် မမှာကောင်းဘူး” ဟု
မိန့်လိုက်လေသတဲ့။
ထို့နောက် ရသေ့အကြံဖြစ်သည်မှာ
“ရွှေစင်နိက္ခတစ်ရာဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင်လည်လည်ရှိပြီ”
ဤသို့ကြံပြီးလျှင် ထိုရွှေများကို မိမိသွားမည့်လမ်းအနီး၌ ရွှေ့ပြောင်းမြှုပ်နှံထား၍
နက်ဖြန်ဆွမ်းစားအပြီးတွင်
“ဒကာတို့ကို မှီး၍နေခဲ့သည်မှာ အတော်ကြာပြီ၊ ကြာလွန်းတော့ သံယောဇဉ်ဖြစ်တတ်သည်၊
သို့ဖြစ်၍ တခြားအရပ်သို့ သွားဦးမည်” ဟုပြောလေရာ
ဒါယကာက အခါခါတားသော်လည်း တားမရသောကြောင့်
ရွာတံခါးထိအောင်ပင် လိုက်၍ပို့ရှာသေးသည်။
ထို့နောက် တော်တော်သွားပြီးကာမှ တဖန်ပြန်လာပြီးလျှင်
“ဒကာ၊ သင်တို့အမိုးပေါ်က သက်ငယ်မြက်တစ်ပင် ငါ၏ဆံကျစ်၌ ငြိပါလာသည်၊
ရသေ့ရဟန်းဆိုတာ မပေးလှူအပ်သောအရာကို မြက်တစ်ပင်မျှ မယူကောင်း” ဟုပြောသော်
ရိုးရှာသောဒကာက “သိပ်ပြီးသီလရှိတာပဲ” ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။
သို့ရာတွင် ထိုအခိုက်၌ ထိုဒါယကာ၏အိမ်မှာ အတော်ပါးနပ်သောဧည့်သည်ရောက်ရှိနေသဖြင့်
ထိုဧည့်သည်က “မိတ်ဆွေရဲ့ ဆရာထံမှာ ဘာများအပ်နှံထားပါသလဲ၊ အပ်ထားလျှင်
သွား၍ကြည့်စမ်းပါ” ဟုသတိပေးမှ သွား၍ကြည့်လေရာ ရွှေများမရှိတော့၍
ဧည့်သည်နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကာ
ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိကြလေသည်။
မှတ်ချက်
ဤ၀တ္ထု၌ ရသေ့၏ မိမိရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက်တစ်ပင်ကို
ပြန်၍ပေးခြင်းသည် ဤမာယာပင်ဖြစ်၏။
ဤသို့လျှင် ပရိယာယ်မာယာသည် ရသေ့ရဟန်းအချို့တိုင်အောင် ပြန့်နှံ့လျက်ရှိရကား
ယခုလို အပလီဥာဏ်၊ အလိမ်ဥာဏ်ခေါ် မာယာပေါသောကာလ်၌
လုံးဝပုံ၍ ယုံကြည်ထိုက်သူနည်းပါးသောကြောင့်
ရိုးသားဖြောင့်မတ်သူနှင့်ပေါင်းသင်းဆက်ဆံမိဖို့အရေးမှာ
ရှေးကံကောင်းမှသာ ဖြစ်နိုင်ပေလိမ့်မည်။

မဟာဂန္ဓာရုံဆရာတော်၊ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
ပုံ။ www.missgreenlady.com