Wednesday, August 29, 2012

အရှေ့ နှင့် အနောက်


မနေ့တစ်နေ့က အမျိုးသားပညာဝန် ဦးဖိုးကျား၏
ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်လိုက်မိပါသည်။
‘ဆယ်သန်း’ သတင်းစာတွင် ရေးခဲ့သော ဆောင်းပါးလေးဖြစ်ပါသည်။
ဆယ်သန်း သတင်းစာဆိုသည်က
သတင်းစာဆရာ၊ စာရေးဆရာကြီး မြို့မမောင်ဦးစီးပြီး
ထုတ်ခဲ့သော စာစောင်ဖြစ်ပါသည်။

ဆယ်သန်းဆိုသည်က ထိုအခါတုန်းက မြန်မာပြည်လူဦးရေကို ဆိုလိုတာပါ။
မှတ်မိသလောက် ထိုအခါက မြန်မာတစ်ပြည်လုံးမှာ လူဦးရေမှာ ဆယ့်လေးသန်းလောက်ရှိသည်။
ဆယ်သန်းလောက်သောလူတွေကို မျက်စိဖွင့်လှုံ့ဆော်မည်ဟူသော သဘောပါပဲ။
‘ဆယ်သန်း’ ၏ ကြွေးကြော်သံက ‘ခေတ်ကြီးကို အတင်းပြောင်းမည်’ တဲ့။
ဆရာဦးဖိုးကျားတို့လို မျိုးချစ်စိတ် ပြည်ချစ်စိတ်ကြီးမားသော သူတွေ
တခဲနက် ၀ိုင်းဝန်းအားပေးရေးသားခဲ့သော စာစောင်ဖြစ်သည်။
ကျွန်တော်တို့တတွေက အရွယ်အားဖြင့် ငယ်လွန်းသေးသဖြင့်
ထိုစာစောင်ကို ကိုင်ရုံလောက်ကိုင်ကြည့်ပြီး
ခေါင်းစီးစာတမ်းကလေးတွေလောက်ကိုသာ ဖတ်ကြည့်မိခဲ့သည်။
ဆောင်းပါးတွေက မြင့်လွန်းတော့ စိတ်မ၀င်စားနိုင်ပါ။

ဆရာဦးဖိုးကျား၏ဆောင်းပါးလေးအကြောင်းကို ပြန်ကောက်လိုက်ရဦးမည်။
ဆောင်းပါးခေါင်းစဉ်က ‘ကျောင်းသားနှင့်အလုပ်’ တဲ့။
ဆရာကြီးက ဆောင်းပါးအစမှာ
အလုပ်ကို ယုံကြည်ကြောင်း၊ အလုပ်မလုပ်ပါဘဲ လတ်ကော့လတ်ကော့နေသူများကို
မြင်ပြင်းကတ်ကြောင်း စသည်ဖြင့် နိဒါန်းပျိုးလိုက်ပါသည်။
ပြီးတော့ ဆက်ရေးတာက.
ကျွန်ုပ်တို့သည် အင်္ဂလိပ် ၇ တန်းကျောင်းတွင်နေစဉ် ဆရာကြီးထံမှ
အမေရိကန်ပြည်တွင် မိဘစရိတ်နှင့် ကျောင်းနေရသူများ
အလွန်မျက်နှာငယ်အောက်ကျရကြောင်း ကြားရလေသည်။
မိဘမည်မျှပင် ချမ်းသာစေကာမူ သားသမီးတို့သည် ကျောင်းအားချိန်၌
သတင်းစာရောင်းခြင်း၊ အချိန်နှင့် အစေခံအလုပ်၊ အချိန်နှင့် စာရေးအလုပ်၊
တံမြက်လှည်း၊ ရေခပ်စသည်တို့ဖြင့် အလှည့်သင့်ရာ မိမိတို့နှင့် တော်သင့်ရာ
အလုပ်လုပ်ကြလေသည်။ ထိုမိမိတို့ကိုယ်တိုင် အလုပ်မှရသော အခကြေးငွေ
အမြတ်အစွန်းကို ကျောင်းစရိတ်ပြု၍ နေကြကုန်၏။

ဆရာကြီးဆက်ပြီးရေးထားသည်က ထိုကဲ့သို့ လုပ်သည့်အတွက်ကြောင့်
မိဘတွေမှာ ငွေကုန်သက်သာသည်။ လူငယ်တွေဟာ
ကိုယ်တိုင် ပိုက်ဆံရှာရသည့်အတွက်ကြောင့် ငွေတန်ဘိုးကို သိလာနိုင်သည်။
အလုပ်အကိုင်ကို နားလည်လာသည်။
အလုပ်လုပ်ရမည်ဟူသော အသိအလေ့အကျင့် ရလာစေသည်။
သွက်လက်ကျန်းမာစေသည်။ ထို့အပြင် အရေးအကြီးဆုံးက
မိမိကိုယ်ကို မိမိယုံကြည်ပြီး ခေါင်းမော်ဝံ့သောသတ္တိရှိလာစေသည်ဟု တိုက်တွန်းထားပါသည်။

အနောက်တိုင်းတွင် လူငယ်များ အရွယ်ရောက်လာစပြုလျှင်
မိမိကျောင်းစရိတ်အတွက် ကျောင်းရက်ရှည်ပိတ်သည့်အခါများတွင်
အချိန်ပိုင်းနှင့်အလုပ်လုပ်ကြရသည်ကို ကျွန်တော်တို့ မကြာခဏ ကြားဖူးနေကြပါသည်။
ဆရာကြီးဦးဖိုးကျားက လူငယ်များကို အတုခိုးကြိုးပမ်းရန် တိုက်တွန်းခဲ့ပါသည်။
သို့သော် မအောင်မြင်ခဲ့သည်ကို စာဖတ်သူများ သိနိုင်ပါသည်။
ယခုထက်တိုင်လည်း အလွန်ဆင်းရဲချို့တဲ့သော မိသားစု၏ ကျောင်းသားအချို့မှအပ
အလုပ်လုပ်သည့်ကျောင်းသား ကျောင်းသူဟူ၍ မတွေ့မိသလောက်ပင် ဖြစ်ပါသည်။

နောက်ထပ်သိလာရပုံကလည်း ရှိသေးသည်။
သူတို့ဆီမှာ အရွယ်ရောက်လာလျှင် ကိုယ့်ဘ၀ကို ရပ်တည်နိုင်အောင်
မိဘကို မမှီခိုရအောင် ကြိုးပမ်းကြသကဲ့သို့ မိဘအရွယ်လွန် အိုမင်းလာလျှင်
ကိုယ်နှင့်မဆိုင်သကဲ့သို့ ဖြစ်လာကြတော့သည်ဟုလည်း သိနေရပြန်သည်။
အမေရိကန်၊ လန်ဒန်က ပြန်လာသော
(တက္ကသိုလ်တွင် သုံးကြသော အသုံးအရဆိုလျှင်)
ကန်ပြန် လန်ပြန်တို့ ပြန်လည်ပြောပြ ရေးသားချက် ဖတ်ရှုနားထောင်ရသလောက်ဆိုလျှင်
အချို့သက်ကြီးရွယ်အိုမိဘများ၏ ဘ၀မှာ ကြေကွဲစရာပင် ကောင်းလောက်အောင် ဖြစ်ပါသည်။

ကျွန်တော်တို့အဖို့ တပည့်ဟောင်းများ လာလာ ကန်တော့ကြသည်မှာ မကြာခဏဖြစ်ပါသည်။
လုံချည်ဆိုလျှင် ၀ယ်မ၀တ်ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။
အခြားအခြားသော ဆရာ့ဆရာကြီးများသည်လည်း ထိုနည်းတူပင် ဖြစ်ကြပါသည်။
ကျောင်းသားဟောင်းများ စုပေါင်းပြီး ဆရာ ဆရာမကြီးများကို ကန်တော့ကြပုံကို
ကျွန်တော်တို့ မကြာခဏ ကြည်နူးစွာ တွေ့နေကြရသည်။
ထိုသို့သော ချစ်ခင် ရိုသေနည်းမျိုးကို သူတို့ဆီမှာ ဘယ်တော့မှ မတွေ့နိုင်။

ရေးနေရင်း သတိရတာလေးတစ်ခုကို ထည့်လိုက်ရဦးမည်။
ကျွန်တော့မိတ်ဆွေဟောင်းဆရာကြီးတစ်ဦးက ပြောဖူးတာဖြစ်ပါသည်။
နာမည်တွေတော့ မေ့ကုန်ပါပြီ။ မင်းဘူးတွင် အလုပ်လုပ်ရာမှ
ပင်စင်ယူသွားသော ၀န်ထောက်ကြီးတစ်ယောက်အကြောင်း ဖြစ်ပါသည်။
အခြားကိစ္စအရပ်ရပ်ကြောင့် ပင်စင်ယူပြီး တစ်လကျော်ကျော်ခန့်မျှ မင်းဘူးတွင် သောင်တင်နေသေးသည်။
မင်းဘူးမှ မကွေးဘက်သို့ကူးတော့ လိုက်ပို့မည့်သူ တစ်ယောက်မျှ မရှိ။
မင်းစေကတောင် သူ့ကို အသိအမှတ်မပြုတော့။
သည်လိုနှင့် မကွေးဘက်ကမ်း သေတ္တာလေးဆွဲပြီး တက်လာတော့
ဗန်ကောက်လုံခြည်၊ ပိုးတိုက်ပုံအကျအန အခြွေအရံနှင့် လူတစ်ယောက်က ပြေးလာတဲ့ပြီး
လက်ထဲက သေတ္တာကို ဆွဲယူလိုက်ရင်း
“ဟော ဆရာပါလား၊ ကျွန်တော် ဆရာ့တပည့် ဘယ်သူဘယ်ဝါ” စသည်ဖြင့်
ဝမ်းသာအားရ တရိုတသေဖြစ်နေခဲ့သည်။
ဝန်ထောက်ဘ၀မကူးမီ ကျောင်းဆရာဘ၀ ခေတ္တ၀င်လုပ်ခဲ့စဉ်က တပည့်ဟောင်းပေကိုး။
ကျွန်တော့်ကို ပြောပြသည့်ဆရာကြီးက
“မောင်အောင်သင်း၊ မင်း ကျောင်းဆရာဘ၀ကို မစွန့်ပါလေနဲ့၊
အိုလေ ချိုလေ ဘ၀ပါကွယ်” လို့ ပြောလိုက်ပါသေးသည်။
ကျွန်တော်စဉ်းစားကြည့်သည်။
သူတို့ရဲ့ အနောက်မှာကော ဒီလိုသုခမျိုး ရနိုင်ပါ့မလားပေါ့။

ဘာပဲပြောပြော၊ ဆရာကြီးဦးဖိုးကျားပြောသလိုမျိုး ကျောင်းသားလူငယ်တွေကို
ကိုယ့်အားကို ကိုးဆိုသည့် ကျားကျားယားယား အားမာန်တွေကိုလည်း ၀င်စေချင်သည်။
အနောက်တိုင်းလူငယ်များကို အားကျစေချင်သည်။
ကျွန်တော်တို့ အရှေ့တိုင်းအမျိုးသားယဉ်ကျေးမှုကိုလည်း ထိန်းစေချင်သည်။
အဲသလိုဆိုလျှင် ဘယ်လောက်များ ကောင်းမလဲဟုလည်း စိတ်ကူးယဉ်မိသည်။
သို့သော် စာရေးဆရာကြီး ဘားနဒ်ရှောကိုလည်း သတိရမိပြန်သည်။

နာမည်ကြီးရုပ်ချောပြဇာတ်မင်းသမီးကြီးတစ်ယောက်က
ပွဲလမ်းတစ်ခုမှာ ဘားနဒ်ရှောနှင့်တွေ့တော့
“မစ္စတာ ရှော၊ ရှင်နဲ့ ကျွန်မနဲ့ အိမ်ထောင်ကျပြီး ကျွန်မလိုရုပ်ချောပြီး
ရှင့်လိုပညာကြီးတဲ့ သားလေးတစ်ယောက်ရရင် ဘယ်လောက်ကောင်းမလဲ?”

ကျုပ်လိုအရုပ်ဆိုးပြီး ခင်ဗျားလိုတုံးတဲ့ သားကြီးတစ်ယောက်ရနေတော့
ဘယ့်နှယ်လုပ်မလဲ” တဲ့။

(အောင်သင်း ၏ ရှင်ဘုရင်ပါပဲ စာအုပ်လေးမှ)