Wednesday, August 22, 2012

ရှင်ပြုရာတွင် စုံ မ အယူ


"သားရှင်ပြုခြင်း" သည် ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးတမ်စဉ်လာဖြစ်၏။
မိမိ၏ သာဖြစ်သူကို သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းဖြစ်သောကြောင့် မွန်မြတ်ပါ၏။
ကောင်းမွန်သော မြန်မာ့ရိုးရာ ယဉ်ကျေးမှုလည်း ဖြစ်ပါ၏။
သို့သော် ယခုခေတ် "သားရှင်ပြုနည်း" ကား
ဘုရားရှင်လက်ထက် "ရှင်ရာဟုလာ ရှင်ပြုနည်း" နှင့်မူ မတူတော့ပေ။
ရှင်ရာဟုလာကို သာသနာ့ဘောင်အတွင်း သွတ်သွင်းစဉ်က နတ်လည်းမပြ၊
ရှင်လောင်းလည်း မလှည့်၊ ဗောင်း နားဋောင်း စလွယ် စသည့်
ရှင်လောင်းတို့၏ အဆင်တန်ဆာ အဆောင်အယောင်များလည်း ၀တ်ဆင်ခြင်းမရှိခဲ့။
ပကတိအေးချမ်းစွာ၊ ငြိမ်သက်စွာ၊ သန့်စင်စွာ အနှစ်အသားကျကျ
ပကာသနမစွက်ဘဲ "ရှင်ပြု" ခဲ့ခြင်းပင် ဖြစ်ပါ၏။

သာသနာတော်၏ ဖခင်ဖြစ်တော်မူသော "ဘုရားရှင်" ၏ သားတော် "ရာဟုလာ" ကို
ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ ရှင်ပြုပေးချင်ပါက ဘုရားရှင်ကို ကြည်ညိုသော ရှင်ဘုရင်များ၊
မှူးမတ်များ၊ သူဌေးသူကြွယ်များက အစွမ်းကုန် ပုံအောလှူဒါန်းကြပေလိမ့်မည်။
တုမနှိုင်းသာအောင် ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်ပေလိမ့်မည်။
သို့တစေ ဘုရားရှင်သည် ပကာသနကို နှစ်မြို့တော်မူဟန်မတူ၊
အနှစ်အသားကျကျ ငြိမ်သက်အေးချမ်းစွာပင်
"ရှင်ရာဟုလာ" အား သာသနာ့အမွေကို ခံတော်မူစေခဲ့သည်။

ရှင်ပြုမင်္ဂလာပွဲများကို ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ရာ
ဗုဒ္ဓနည်းမကျသော အယူအမြင်များ၊ လုပ်ရပ်များ ရောစွက်လာခဲ့ပေသည်။
ယင်းတို့ရောစွက်လာရာတွင် "စုံ-မရှင်မပြုကောင်း" ဟူသောအယူအစွဲလည်းပါဝင်ပါ၏။

ရှင်ပြုမင်္ဂလာပွဲ ကျင်းပတော့မည်ဆိုလျှင်
"ရှင်လောင်းက ဘယ်နှစ်ပါးလဲ"
"စုံ ရှင်မပြုကောင်းဘူး"၊
"မ-မှရှင်ပြုကောင်းတယ်" ဟူ၍ ပြောတတ်ကြ၏။
မည်သူက စတင်တီထွင်သွားခဲ့သည်မသိ၊
နှောင်းလူအဆက်ဆက်ကလည်း ထိုအယူအဆမှာ သဘာဝကျ- မကျ၊
ယုတ္တိတန်-မတန်၊ ဘုရားဟောနှင့် ညီညွတ်ခြင်း ရှိ-မရှိ...
ဘာတစ်ခုမျှ မဆန်းစစ် မဝေဖန်၊
အကြောက်တရားအခြေခံဖြင့် အစဉ်အလာဆိုသလို လက်ခံခဲ့ကြချေတော့သည်။

စုံဂဏန်းဟူသည် သင်္ချာ၌ ၂၊၄၊၆၊၈... ဖြစ်ပြီး၊ မဂဏန်းဟူသည်
၁၊ ၃၊ ၅၊ ၇၊ ၉... ဖြစ်ပါ၏။ သို့ဖြစ်ရာ ရှင်လောင်းများအား
နှစ်ပါး၊ လေးပါး၊ ခြောက်ပါး၊ ရှစ်ပါး စသည်စုံဂဏန်းဖြစ်နေလျှင် ရှင်မပြုကောင်း၊
သုံးပါး၊ ငါးပါး... စသည် မ-ဂဏန်းဖြစ်နေမှ ရှင်ပြုကောင်းသည် ဟူသော အယူဝါဒသည်
(၁) ထေရ၀ါဒ ပိဋကတ်တော်များတွင် ပါဝင်ပါ၏လော။
(၂) ကျေးဇူးတော်ရှင် မြတ်ဘုရားက ရှင်လောင်းအရေအတွက်ကို "စုံ" မပြုသင့်၊
"မ" မှသာ ပြုသင့်သည်ဟု ဟောကြားတော်မူခဲ့၍လော။

အမှန်အားဖြင့် ဤ စုံ-မ အယူအဆမှာ ထေရ၀ါဒ ပိဋကတ်တော်တွင်လည်းမပါ၊
ဘုရားရှင်က မိန့်တော်မူခဲ့ခြင်းလည်းမရှိ၊
အဌကထာ၊ ဋီကာနည်းလည်း မဟုတ်ပါ။

ရှင်ပြုရာတွင် ရှင်လောင်းအရေအတွက်ကို စုံဖြစ်မှ ပြုကောင်းသည်၊
မ-ဖြစ်မှ ပြုကောင်းသည် ဟူသော အယူဝါဒကို
ရှေးရှေးဆရာတော်ဘုရားကြီးများက နှစ်မြို့တော်မမူပါ။
အင်မတန် စက်ဆုတ်တော် မူပါသည်။

ကျေးဇူးရှင် ညောင်လေးပင် တောရဆရာတော်ဘုရားကြီးက-
"အချို့ကား ရှင်ပြုရာ၌ "စုံ" ဖြစ်လျှင် ရှင်မပြုကောင်း၊
အမျိုးတော်သူဖြစ်စေ ထည့်၍ "မ"ဖြစ်မှ ပြုကောင်းသည်ဟု
သာသနာတော်နှင့် စုံ-မ  တန်-မတန် ဟူ၍မသိ။ အယူသည်းလှ၏။
ဘုရားလက်ထက်က ပြုလုပ်သည်တို့ကို ပြောပြသော်လည်း
နောက်တစ်ပွဲရောက်လျှင် စုံ-မ ပြောချင်ကြသေး၏" ဟူ၍ မိန့်တော်မူဖူးပါ၏။

စင်စစ် ရှင်ပြုခြင်းသည် မွန်မြတ်သော သာသနာရေးကိစ္စဆောင်ရွက်နေခြင်းဖြစ်၏။
ကလေးကလား စုံ-မ ၀ှက်တမ်းကစားနေခြင်းမဟုတ်ကြောင်း သတိဆင်ခြင်ဖို့လိုပါ၏။

သို့ဖြစ်၍ ရှင်ပြုမင်္ဂလာပွဲ ပြုလုပ်ရာတွင်
ရှင်ကို စုံ မပြုကောင်း၊ မ ဖြစ်မှသာ ပြုကောင်းသည်ဟူသော အယူသည်
အခြေအမြစ်မရှိသော ကလေးကလား အယူအစွဲသာ ဖြစ်သောကြောင့်
"အစဉ်အလာ" အဖြစ် လက်ခံကောင်းသော အယူမဟုတ်ပါပေ။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia