Wednesday, August 29, 2012

အရှေ့ နှင့် အနောက်


မနေ့တစ်နေ့က အမျိုးသားပညာဝန် ဦးဖိုးကျား၏
ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်လိုက်မိပါသည်။
‘ဆယ်သန်း’ သတင်းစာတွင် ရေးခဲ့သော ဆောင်းပါးလေးဖြစ်ပါသည်။
ဆယ်သန်း သတင်းစာဆိုသည်က
သတင်းစာဆရာ၊ စာရေးဆရာကြီး မြို့မမောင်ဦးစီးပြီး
ထုတ်ခဲ့သော စာစောင်ဖြစ်ပါသည်။

ဆယ်သန်းဆိုသည်က ထိုအခါတုန်းက မြန်မာပြည်လူဦးရေကို ဆိုလိုတာပါ။
မှတ်မိသလောက် ထိုအခါက မြန်မာတစ်ပြည်လုံးမှာ လူဦးရေမှာ ဆယ့်လေးသန်းလောက်ရှိသည်။
ဆယ်သန်းလောက်သောလူတွေကို မျက်စိဖွင့်လှုံ့ဆော်မည်ဟူသော သဘောပါပဲ။
‘ဆယ်သန်း’ ၏ ကြွေးကြော်သံက ‘ခေတ်ကြီးကို အတင်းပြောင်းမည်’ တဲ့။
ဆရာဦးဖိုးကျားတို့လို မျိုးချစ်စိတ် ပြည်ချစ်စိတ်ကြီးမားသော သူတွေ
တခဲနက် ၀ိုင်းဝန်းအားပေးရေးသားခဲ့သော စာစောင်ဖြစ်သည်။
ကျွန်တော်တို့တတွေက အရွယ်အားဖြင့် ငယ်လွန်းသေးသဖြင့်
ထိုစာစောင်ကို ကိုင်ရုံလောက်ကိုင်ကြည့်ပြီး
ခေါင်းစီးစာတမ်းကလေးတွေလောက်ကိုသာ ဖတ်ကြည့်မိခဲ့သည်။
ဆောင်းပါးတွေက မြင့်လွန်းတော့ စိတ်မ၀င်စားနိုင်ပါ။

ဆရာဦးဖိုးကျား၏ဆောင်းပါးလေးအကြောင်းကို ပြန်ကောက်လိုက်ရဦးမည်။
ဆောင်းပါးခေါင်းစဉ်က ‘ကျောင်းသားနှင့်အလုပ်’ တဲ့။
ဆရာကြီးက ဆောင်းပါးအစမှာ
အလုပ်ကို ယုံကြည်ကြောင်း၊ အလုပ်မလုပ်ပါဘဲ လတ်ကော့လတ်ကော့နေသူများကို
မြင်ပြင်းကတ်ကြောင်း စသည်ဖြင့် နိဒါန်းပျိုးလိုက်ပါသည်။
ပြီးတော့ ဆက်ရေးတာက.
ကျွန်ုပ်တို့သည် အင်္ဂလိပ် ၇ တန်းကျောင်းတွင်နေစဉ် ဆရာကြီးထံမှ
အမေရိကန်ပြည်တွင် မိဘစရိတ်နှင့် ကျောင်းနေရသူများ
အလွန်မျက်နှာငယ်အောက်ကျရကြောင်း ကြားရလေသည်။
မိဘမည်မျှပင် ချမ်းသာစေကာမူ သားသမီးတို့သည် ကျောင်းအားချိန်၌
သတင်းစာရောင်းခြင်း၊ အချိန်နှင့် အစေခံအလုပ်၊ အချိန်နှင့် စာရေးအလုပ်၊
တံမြက်လှည်း၊ ရေခပ်စသည်တို့ဖြင့် အလှည့်သင့်ရာ မိမိတို့နှင့် တော်သင့်ရာ
အလုပ်လုပ်ကြလေသည်။ ထိုမိမိတို့ကိုယ်တိုင် အလုပ်မှရသော အခကြေးငွေ
အမြတ်အစွန်းကို ကျောင်းစရိတ်ပြု၍ နေကြကုန်၏။

ဆရာကြီးဆက်ပြီးရေးထားသည်က ထိုကဲ့သို့ လုပ်သည့်အတွက်ကြောင့်
မိဘတွေမှာ ငွေကုန်သက်သာသည်။ လူငယ်တွေဟာ
ကိုယ်တိုင် ပိုက်ဆံရှာရသည့်အတွက်ကြောင့် ငွေတန်ဘိုးကို သိလာနိုင်သည်။
အလုပ်အကိုင်ကို နားလည်လာသည်။
အလုပ်လုပ်ရမည်ဟူသော အသိအလေ့အကျင့် ရလာစေသည်။
သွက်လက်ကျန်းမာစေသည်။ ထို့အပြင် အရေးအကြီးဆုံးက
မိမိကိုယ်ကို မိမိယုံကြည်ပြီး ခေါင်းမော်ဝံ့သောသတ္တိရှိလာစေသည်ဟု တိုက်တွန်းထားပါသည်။

အနောက်တိုင်းတွင် လူငယ်များ အရွယ်ရောက်လာစပြုလျှင်
မိမိကျောင်းစရိတ်အတွက် ကျောင်းရက်ရှည်ပိတ်သည့်အခါများတွင်
အချိန်ပိုင်းနှင့်အလုပ်လုပ်ကြရသည်ကို ကျွန်တော်တို့ မကြာခဏ ကြားဖူးနေကြပါသည်။
ဆရာကြီးဦးဖိုးကျားက လူငယ်များကို အတုခိုးကြိုးပမ်းရန် တိုက်တွန်းခဲ့ပါသည်။
သို့သော် မအောင်မြင်ခဲ့သည်ကို စာဖတ်သူများ သိနိုင်ပါသည်။
ယခုထက်တိုင်လည်း အလွန်ဆင်းရဲချို့တဲ့သော မိသားစု၏ ကျောင်းသားအချို့မှအပ
အလုပ်လုပ်သည့်ကျောင်းသား ကျောင်းသူဟူ၍ မတွေ့မိသလောက်ပင် ဖြစ်ပါသည်။

နောက်ထပ်သိလာရပုံကလည်း ရှိသေးသည်။
သူတို့ဆီမှာ အရွယ်ရောက်လာလျှင် ကိုယ့်ဘ၀ကို ရပ်တည်နိုင်အောင်
မိဘကို မမှီခိုရအောင် ကြိုးပမ်းကြသကဲ့သို့ မိဘအရွယ်လွန် အိုမင်းလာလျှင်
ကိုယ်နှင့်မဆိုင်သကဲ့သို့ ဖြစ်လာကြတော့သည်ဟုလည်း သိနေရပြန်သည်။
အမေရိကန်၊ လန်ဒန်က ပြန်လာသော
(တက္ကသိုလ်တွင် သုံးကြသော အသုံးအရဆိုလျှင်)
ကန်ပြန် လန်ပြန်တို့ ပြန်လည်ပြောပြ ရေးသားချက် ဖတ်ရှုနားထောင်ရသလောက်ဆိုလျှင်
အချို့သက်ကြီးရွယ်အိုမိဘများ၏ ဘ၀မှာ ကြေကွဲစရာပင် ကောင်းလောက်အောင် ဖြစ်ပါသည်။

ကျွန်တော်တို့အဖို့ တပည့်ဟောင်းများ လာလာ ကန်တော့ကြသည်မှာ မကြာခဏဖြစ်ပါသည်။
လုံချည်ဆိုလျှင် ၀ယ်မ၀တ်ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။
အခြားအခြားသော ဆရာ့ဆရာကြီးများသည်လည်း ထိုနည်းတူပင် ဖြစ်ကြပါသည်။
ကျောင်းသားဟောင်းများ စုပေါင်းပြီး ဆရာ ဆရာမကြီးများကို ကန်တော့ကြပုံကို
ကျွန်တော်တို့ မကြာခဏ ကြည်နူးစွာ တွေ့နေကြရသည်။
ထိုသို့သော ချစ်ခင် ရိုသေနည်းမျိုးကို သူတို့ဆီမှာ ဘယ်တော့မှ မတွေ့နိုင်။

ရေးနေရင်း သတိရတာလေးတစ်ခုကို ထည့်လိုက်ရဦးမည်။
ကျွန်တော့မိတ်ဆွေဟောင်းဆရာကြီးတစ်ဦးက ပြောဖူးတာဖြစ်ပါသည်။
နာမည်တွေတော့ မေ့ကုန်ပါပြီ။ မင်းဘူးတွင် အလုပ်လုပ်ရာမှ
ပင်စင်ယူသွားသော ၀န်ထောက်ကြီးတစ်ယောက်အကြောင်း ဖြစ်ပါသည်။
အခြားကိစ္စအရပ်ရပ်ကြောင့် ပင်စင်ယူပြီး တစ်လကျော်ကျော်ခန့်မျှ မင်းဘူးတွင် သောင်တင်နေသေးသည်။
မင်းဘူးမှ မကွေးဘက်သို့ကူးတော့ လိုက်ပို့မည့်သူ တစ်ယောက်မျှ မရှိ။
မင်းစေကတောင် သူ့ကို အသိအမှတ်မပြုတော့။
သည်လိုနှင့် မကွေးဘက်ကမ်း သေတ္တာလေးဆွဲပြီး တက်လာတော့
ဗန်ကောက်လုံခြည်၊ ပိုးတိုက်ပုံအကျအန အခြွေအရံနှင့် လူတစ်ယောက်က ပြေးလာတဲ့ပြီး
လက်ထဲက သေတ္တာကို ဆွဲယူလိုက်ရင်း
“ဟော ဆရာပါလား၊ ကျွန်တော် ဆရာ့တပည့် ဘယ်သူဘယ်ဝါ” စသည်ဖြင့်
ဝမ်းသာအားရ တရိုတသေဖြစ်နေခဲ့သည်။
ဝန်ထောက်ဘ၀မကူးမီ ကျောင်းဆရာဘ၀ ခေတ္တ၀င်လုပ်ခဲ့စဉ်က တပည့်ဟောင်းပေကိုး။
ကျွန်တော့်ကို ပြောပြသည့်ဆရာကြီးက
“မောင်အောင်သင်း၊ မင်း ကျောင်းဆရာဘ၀ကို မစွန့်ပါလေနဲ့၊
အိုလေ ချိုလေ ဘ၀ပါကွယ်” လို့ ပြောလိုက်ပါသေးသည်။
ကျွန်တော်စဉ်းစားကြည့်သည်။
သူတို့ရဲ့ အနောက်မှာကော ဒီလိုသုခမျိုး ရနိုင်ပါ့မလားပေါ့။

ဘာပဲပြောပြော၊ ဆရာကြီးဦးဖိုးကျားပြောသလိုမျိုး ကျောင်းသားလူငယ်တွေကို
ကိုယ့်အားကို ကိုးဆိုသည့် ကျားကျားယားယား အားမာန်တွေကိုလည်း ၀င်စေချင်သည်။
အနောက်တိုင်းလူငယ်များကို အားကျစေချင်သည်။
ကျွန်တော်တို့ အရှေ့တိုင်းအမျိုးသားယဉ်ကျေးမှုကိုလည်း ထိန်းစေချင်သည်။
အဲသလိုဆိုလျှင် ဘယ်လောက်များ ကောင်းမလဲဟုလည်း စိတ်ကူးယဉ်မိသည်။
သို့သော် စာရေးဆရာကြီး ဘားနဒ်ရှောကိုလည်း သတိရမိပြန်သည်။

နာမည်ကြီးရုပ်ချောပြဇာတ်မင်းသမီးကြီးတစ်ယောက်က
ပွဲလမ်းတစ်ခုမှာ ဘားနဒ်ရှောနှင့်တွေ့တော့
“မစ္စတာ ရှော၊ ရှင်နဲ့ ကျွန်မနဲ့ အိမ်ထောင်ကျပြီး ကျွန်မလိုရုပ်ချောပြီး
ရှင့်လိုပညာကြီးတဲ့ သားလေးတစ်ယောက်ရရင် ဘယ်လောက်ကောင်းမလဲ?”

ကျုပ်လိုအရုပ်ဆိုးပြီး ခင်ဗျားလိုတုံးတဲ့ သားကြီးတစ်ယောက်ရနေတော့
ဘယ့်နှယ်လုပ်မလဲ” တဲ့။

(အောင်သင်း ၏ ရှင်ဘုရင်ပါပဲ စာအုပ်လေးမှ)

Monday, August 27, 2012

ဥုံ ဂါထာရွတ်ဆိုမှု


မြန်မာဗုဒ္ဓဘာသာဝင်များထဲတွင်
"ဥုံ" ပါသော ဂါထာကို ရွတ်ဆိုသူတို့၏ အရေအတွက်လည်း နည်းဟန်မတူပါ။
အစဉ်အလာအရဆိုသလိုပင် "ဥုံ" ပါသောဂါထာများကို ရွတ်ဆိုခဲ့သည်မှာ
အလေ့အထတစ်ခုနှယ် ဖြစ်နေခဲ့ပါသည်။
 "ဥုံ" ဟူသည်မှာ မည်သို့ အဓိပ္ပာယ်သက်ရောက်သည်။
ဗုဒ္ဓဘာသာနှင့် ဆိုင်သော ဝေါဟာရ ဟုတ်၏-မဟုတ်၏ ဟူသည်ကို စိစစ်ခဲ့ခြင်း ရှိဟန်မတူ။ တစ်ဦးတစ်ယောက်က "ဥုံ" ဆိုလျှင် နောက်လူတို့ကလည်း "ဥုံ" ခံကြပေသည်။
အမှားတစ်ခုသည် ဝေဖန်သူ၊ ပြုပြင်သူ၊ တည့်မတ်သူ မရှိသောအခါ "ရှင်သန်" နေခဲ့သည်။
"အမှား" ကိုပင် "အမှန်" ထင်သည်မှာ အစဉ်အလာဖြစ်လာတတ်သောကြောင့်
"အမှားကြာလျှင် အမှန်ဖြစ်သည်" ဟူ၍ပင် ပြောစမှတ်ပြုလာပြန်သည်။
အမှန်သော် "အမှား" သည်မည်မျှပင် ကြာစေ "အမှန်" မဖြစ်ပါချေ။
"အမှား" တစ်ခုသည် အစဉ်ထာဝရ "အမှား" သာ ဖြစ်ပါ၏။

 "ဥုံ" ပါသော ဂါထာကို ဗုဒ္ဓဘာသာဝင်တို့ ရွတ်ဆိုခဲ့ကြသည်မှာ ကာလအားဖြင့် ကြာမြင့်ခဲ့ပြီ။
နှစ်ကာလ မည်မျှပင်ကြာစေ "ဥုံ" သည် ထေရ၀ါဒနှင့် မည်သို့မျှ မဆိုင်ဟူသော
"အမှန်တရား" ကား အရောင်မှန်၍မသွား၊ ပြောင်းလဲ၍ မသွား။
ယင်းအမှန်တရားဟူသော စိန်သည် အချိန်ကာလ၏ တိုက်စားမှုကြောင့်
အမှန်မှားမှုနွံတွင် နှစ်ပရိစ္ဆေဒ ရှည်ကြာစွာ နစ်မြှုတ်နေခဲ့ရစေကာမူ
တာဝန်သိသော ရဟန်းပညာရှိ၊ လူပညာရှိကြီးတို့၏ ဖော်ထုတ်မှုကြောင့်
ယနေ့သော် ၀င်းလက်တောက်ပစွာ ပေါ်ထွက်လာခဲ့ချေပြီ။
"ဥုံ" ကို အမွန်အမြတ်ပြုရအောင်၊
"ဥုံ" ကိုဦးထိပ်ထားရအောင်၊
"ဥုံ" ကို ဂါထာတွေ၏ ရှေ့မှာထားရအောင်
ယင်းတို့သည် ဘယ်ကစတင်ခဲ့ပါသနည်း။
"ဥုံ" ဟူသည်ကား "အဘယ်နည်း"၊
"ဥုံ" ၏ဇာတိသည် "အဘယ်ကနည်း"၊
"ဥုံ" ၏ ဇစ်မြစ်သည် "အဘယ်ဘာသာကနည်း"။

"ဥုံ" ၏ သမိုင်းကြောင်းကို ကောက်မည်ဆိုလျှင်
ခရစ်ကြိုနှစ် (၁၂၀၀) ခန့်က စခဲ့သည်ဟု ပညာရှင်တို့က ဆိုပါသည်။
ဟိန္ဒူဘာသာယဉ်ကျေးမှု ထွန်းကားသော ဝေဒခေတ်ကပင်
"ဥုံ" ဟူသော "အသံ" (၀ဏ္ဏ) ကို မန္တန်တစ်ခုအဖြစ် လက်ခံရွတ်ဆိုခဲ့ကြပါသည်။
နတ်၊ ဘုရားအသီးသီးတို့ကို ပင့်ဖိတ်ဆုတောင်းရာတွင်
"ဥုံ" ကို ဂီတအဖွဲ့၏ အစမှာထားပြီး ရွတ်ဆိုခဲ့ကြပါသည်။

ဗြဟ္မဏကျမ်းများ ပေါ်ပေါက်လာချိန်တွင်မူ "ဥုံ" သည် ဟိန္ဒူအဘိဓမ္မာဝေါဟာရဖြစ်သော
တထာ (တို့အတူဖြစ်၏) ဟူသော စကားလုံးနှင့် အဓိပ္ပာယ် တစ်ထပ်တည်း ဖြစ်ခဲ့ပါသည်။ နောင်နိပါနိသျှစ်ကျမ်းများ ခေတ်တွင်မူ "ဥုံ" ကိုဖန်ဆင်းရှင် ဗြဟ္မာကြီး၏
အကြီးဆုံးသော သားတော်ဖြစ်သဖြင့် "ဥုံ" မပါလျင်မူ မည်သည့်ကျမ်းကိုမျှ မရွတ်ဆိုစကောင်း၊
"ဥုံ" ကို အကြိမ်တစ်ထောင်ရွတ်ဆိုလျှင် လိုရာသိဒ္ဓိ ပြီးစီးနိုင်သည်ဟု ယုံကြည်ကြပါသည်။

ခေတ်အလိုက် "ဥုံ" နှင့် ပတ်သတ်သော အယူအဆများ အမျိုးမျိုး ပြောင်းလဲခဲ့ကြပါသည်။ ဝေဒခေတ်အစပိုင်းတွင် "ဥုံ" သည် ထိုခေတ်၏ "သရဏဂုံသုံးပါး" ဖြစ်သော
မီးနတ်၊ လေနတ်၊ နေနတ် တို့ကို ကိုယ်စားပြုသော သင်္ကေတ ဖြစ်ပါသည်။
ဥပနိသျှစ်ကျမ်းတွင်မူ "ဥုံ" သည် ပရမေသွာရ၊ ဟိရညဂမ္ဘ နှင့်
ပဇာပတိဆိုသော နတ်ဘုရားသုံးပါးကို ကိုယ်စားပြုလာပါသည်။
ဟိန္ဒူဝါဒ ပေါ်ထွန်းလာသော အခါတွင်မူ "ဥုံ" သည် ဟိန္ဒူဘာသာဝင်တို့၏
ရတနာသုံးပါးဖြစ်သော ဗြဟ္မနတ်မင်း၊ ဗိဿနိုးနတ်မင်း၊ သျှီဝနတ်မင်း တို့၏
ကိုယ်ပွားမန္တာန် အဖြစ်ရောက်ရှိလာပြန်ပါသည်။
ဤသည်မှာ "ဥုံ"၏ သမိုင်းကြောင်း၊ "ဥုံ" ၏ ဇာတိ၊ "ဥုံ" ၏ ဇစ်မြစ်ဖြစ်သည်။
ထို့ကြောင့် "ဥုံ" သည်-
(၁) ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ပါသေးသလော။
(၂) ဗုဒ္ဓ၊ ဓမ္မ၊ သံဃ တည်းဟူသော ရတနာသုံးပါးနှင့် ဆိုင်ပါသေးသလော။
(၃) ထေရ၀ါဒပဋိကတ်တော်နှင့် သက်ဆိုင်ပါသေးသလော။
မည်သို့မျှ မသက်ဆိုင်ပါချေ။

ယင်းသိဲု့ ဗုဒ္ဓဘာသာနှင့် လုံးဝ မပတ်သတ်၊ မသက်ဆိုင်စေကာမူ-
ဘယ်ဂါထာကို ဘယ်နှစ်ခေါက်၊ "ဥုံ" မပါလျှင် အာနိသင် မရှိဘူးဟူ၍ လည်းကောင်း၊
 "ဥုံ" ဘုရား၊ တရား၊ သံဃ ရတနာမြတ်သုံးပါး နှင့် ဟူ၍လည်းကောင်း
"ဥုံ" နမောတေ၀ိဇေတုံမေ ဟူ၍ လည်းကောင်း
"ဥုံ" ကပ္ပိယံ ကရောဟိ၊ "ဥုံ" ကပ္ပိယံဘန္တေ ဟူ၍ လည်းကောင်း၊
"ဥုံ" ဣတိပိသော ပိဋိကတ္တယံ၊ ..... ဟူ၍ လည်းကောင်း
"ဥုံ" ကို အမျိုးမျိုးနေရာပေး ချီးမြှင့်ခဲ့ကြပေသည်။

စင်စစ်သော် "ဥုံ" ဟူသည်မှာ "ထေရ၀ါဒအသုံး" မဟုတ်ပါ။
မဟာယန၀ါဒီများသာ အသုံးပြုကြခြင်း ဖြစ်ပါသည်။
ယင်းနှင့် စပ်လျဉ်း၍ ကမ္ဘာ့ ဗုဒ္ဓသာသနာပြု မြောင်းမြဆရာတော်ဘုရားကြီး
အရှင်ဉာနိက- က ဤသို့ မိန့်တော်မူခဲ့ဖူးပါသည်။
"ဥုံ တို့ သြောင်း တို့ဆိုတာ ထေရ၀ါဒမှာ မရှိပါဘူး။
မဟာယနတွေ အသုံးပြုကြတာပါ"
"ဥုံ" ကိုရွတ်ဆိုမှုသည် မိမိ၏ ဘုရားရှင်(မြတ်ဗုဒ္ဓ) အပေါ်ထားရှိရမည့် သဒ္ဓါတရား
မည်မျှ နိမ့်ကျသွားသည်ကို ဖော်ပြကြောင်း ဆရာတော် အရှင် ၀ိရိယ (အမရပူရ) ကလည်း
အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါသည်။
"ဥုံ" ဆိုသည်မှာ ဗိဿနိုးရယ်၊ သျှီဝရယ်၊ ဗြဟ္မာရယ် ဆိုတဲ့ ဟိန္ဒူတို့ရဲ့ ကိုးကွယ်ရာ
ပုဂ္ဂိုလ်ကြီးသုံးဦးကို ဆိုလိုကြောင်း သဘောပေါက်လောက်ပါတယ်။
ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ပွားများရာကျတော့ ရှေ့က အခြား ပုဂ္ဂိုလ်တွေကို
ဦးတည်ရည်ရွယ် ရွတ်ဆိုတာ ကိုယ့် ကိုးကွယ်ရာ ဘုရားရှင် အပေါ်မှာ ထားရှိရမယ့်
ကိုယ့်သဒ္ဓါတရား ခိုင်မာမှုကို ဘယ်လောက်နှုန်းနဲ့သွားတယ်ဆိုတာ
လွယ်လွယ်နဲ့ သဘောပေါက် နိုင်ပါတယ်။

ဤမျှဆိုလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့် "ဥုံ" နှင့်
"ဥုံပါသောဂါထာ" တို့အပေါ်မည်သို့ သဘောထားသင့်သည် ဟူသောအချက်မှာ
ပီပြင်ထင်ရှားသွားပြီဟု သဘောပေါက်ရပါသည်။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေး မှ
Credit: mmcybermedia

Friday, August 24, 2012

ဂိုဏ်းသာသနာ

"သာသနာ" ဟူသောစကား၏ အဓိပ္ပာယ်မှာ "အဆုံးအမ" ဟူ၍ ဖြစ်ပါသည်။
"ဗုဒ္ဓသာသနာ" ဟူသည်မှာ မြတ်ဗုဒ္ဓ၏ အဆုံးအမတော်ဟု အဓိပ္ပာယ်ရပါ၏။

မြတ်ဗုဒ္ဓ၏ အဆုံးအမသာသနာတော်သည်
'သုတ်'၊ '၀ိနည်း'၊ 'အဘိဓမ္မာ' ဟူသော "ပိဋကတ်သုံးပုံ" ဖြစ်ပါသည်။
ဤသည်ကိုပင် "ပရိယတ္တိသာသနာတော်" ဟုဆို၏။
မြတ်ဗုဒ္ဓ၏ "အဆုံးအမအနှစ်ချုပ်" မှာ ဓမ္မပဒတွင် ပါရှိသည့်အတိုင်း-
(၁) မကောင်းမှု ဟူသမျှ မပြုခြင်း
(၂) ကောင်းမှုနှင့် ပြည့်စုံစေခြင်း
(၃) စိတ်ကိုဖြူစင်အောင်ထားခြင်း တို့ပင်ဖြစ်ပါ၏။
ဤလုပ်ငန်းသုံးရပ်ကို ဆောင်ရွက်ဖြစ်အောင်၊ ရှင်သန်အောင်၊
ပြုစု ပျိုးထောင်ခြင်းကို "သာသနာပြုနည်း" ဟု
ထိုက်ထိုက်တန်တန် ခေါ်ဆိုနိုင်မည် ထင်ပါသည်။
"သာသနာပြုနည်း" မှာ
စာသင်စာချတည်းဟူသော "ပရိယတ္တိနည်းလမ်း" နှင့်
ဝိပဿနာဘာဝနာနည်းများကို ပို့ချပြသသော "ပရိပတ္တိနည်းလမ်း" ဟူ၍
နည်းနှစ်နည်းရှိပါ၏။ ဤသည်ကိုပင် ဂန္တဓူရ နှင့် ၀ိပဿနာဓူရ ဟူ၍ခေါ်ပါ၏။
ယင်းဓူရနှစ်ဖြာအနက် တစ်ခုခုကိုထမ်းဆောင်မှသာ "သာသနာပြု" ဟုခေါ်နိုင်ပါ၏။

မြန်မာပြည်တွင် "သာသနာပြုသည်" ဟူသော အကြောင်းပြချက်ဖြင့်
ဖွဲ့စည်းထားသော "လောကီဂိုဏ်းများ" အများအပြား ရှိပါ၏။
အမည်အမျိုးမျိုး၊ အသွင်အမျိုးမျိုး ကွဲပြားသော ယင်းဂိုဏ်းတို့သည်
ဆေးကု၏။ ပယောဂအစွဲချွတ်၏။
အင်းကို ပြာချသောက်ခိုင်းသော ဂိုဏ်းလည်းရှိ၏။
ဂိုဏ်းအမျိုးအမည် မည်မျှပင် များပြားနေစေကာမူ
ဂိုဏ်းလုပ်ငန်း၏ ရည်ရွယ်ချက်ကို မည်သို့ပင် ဖော်ပြထားသည် ဖြစ်စေ၊
ယင်းဂိုဏ်းတို့သည်-
(၁) ပရိယတ္တိစာပေများကို သင်ကြားခြင်း၊ ပို့ချခြင်း၊ ဖြန့် ဖြူးခြင်း ဟူသော
ဂန္တဓူရတာဝန်ကို လည်းကောင်း၊
(၂) ၀ိပဿနာဘာဝနာပွားများနည်းကို လမ်းညွှန်ပြသ ပို့ချခြင်းဟူသော
ဝိပဿနာဓူရ တာဝန်ကိုလည်းကောင်း ထမ်းဆောင်ကြခြင်းမရှိပါ။
(မြတ်စွာဘုရားရှင် လက်ထပ်တော်အခါကလည်း
"သာသနာပြုအမည်ခံ" ဂိုဏ်းဟူ၍ လုံးဝမရှိခဲ့။
သာသနာပြု အမည်ခံ ဂိုဏ်းဆရာဟူ၍ လုံးဝမရှိခဲ့ပါ။)

အထက်ပါ သာသနာပြုလုပ်ငန်းကြီးနှစ်ရပ်ကို မည်မည်ရရဆောင်ရွက်ခြင်းမရှိသော
"ဂိုဏ်းများ" သည် "သာသနာပြုသည်" ဟူသော ဆိုင်းဘုတ်ကို
ချိတ်ဆွဲသည့်အပြင် "ဂိုဏ်းသာသနာ" ဟူသော အသုံးအနှုန်းကို သုံးစွဲတတ်ကြပါသည်။
"ဗုဒ္ဓသာသနာ" ဟူသော "ပင်မအိမ်ကြီး" အပေါ်တွင်
"ဂိုဏ်းသာသနာ" ဟူ၍ သီးခြားအိမ်ငယ်ထပ်ဆင့် တည်ဆောက်ခြင်းပင် ဖြစ်၏။
လုံးဝ မပြုသင့်သော အမှုသာ ဖြစ်ပါ၏။

စင်စစ်သော် ထေရ၀ါဒသာသနာတော်မြတ်သည်
"မြတ်ဗုဒ္ဓ"၏ သာသနာတော်သာလျှင် ဖြစ်ပါ၏။
ဘုရားရှင်သည် ဤသာသနာတော်မြတ်ကို
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဟူသော အချိန်နှင့်ပါရမီတော်များကို
အရင်းအနှီးပြုပြီးမှ တည်ဆောက်ထားခြင်း ဖြစ်ပါ၏။
လွယ်လင့်တကူ အချိန်တိုတို အတွင်းမှာ
ပေါ်ပေါက်လာသော "သာသနာတော်" မဟုတ်ပါ။
ဤသာသနာတော်သည် "ဘုရားရှင်၏သာသနာတော်" မှအပ
မည်သူ၏သာသနာတော်မှ မဟုတ်ပါ။

သို့ဖြစ်၍ လောကီဂိုဏ်းအချို့က မဆင်မခြင်သုံးစွဲလေ့ရှိသော
"ဂိုဏ်းသာသနာ" ဟူသော အသုံးအနှုန်းမှာ မြတ်စွာဘုရား၏ ကျေးဇူးတော်ကို
မထောက်ထားသော "အဂါရ၀အသုံးအနှုန်း" သာဖြစ်ပါ၏။
ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ထွန်းလင်းဝေဖြာရာ ပြည်မြန်မာတွင်
လုံးဝ ရှင်သန်ခွင့် မရှိသင့်သော "အသုံးအနှုန်း"လည်း ဖြစ်ပါသတည်း။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia

Wednesday, August 22, 2012

ရှင်ပြုရာတွင် စုံ မ အယူ


"သားရှင်ပြုခြင်း" သည် ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးတမ်စဉ်လာဖြစ်၏။
မိမိ၏ သာဖြစ်သူကို သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းဖြစ်သောကြောင့် မွန်မြတ်ပါ၏။
ကောင်းမွန်သော မြန်မာ့ရိုးရာ ယဉ်ကျေးမှုလည်း ဖြစ်ပါ၏။
သို့သော် ယခုခေတ် "သားရှင်ပြုနည်း" ကား
ဘုရားရှင်လက်ထက် "ရှင်ရာဟုလာ ရှင်ပြုနည်း" နှင့်မူ မတူတော့ပေ။
ရှင်ရာဟုလာကို သာသနာ့ဘောင်အတွင်း သွတ်သွင်းစဉ်က နတ်လည်းမပြ၊
ရှင်လောင်းလည်း မလှည့်၊ ဗောင်း နားဋောင်း စလွယ် စသည့်
ရှင်လောင်းတို့၏ အဆင်တန်ဆာ အဆောင်အယောင်များလည်း ၀တ်ဆင်ခြင်းမရှိခဲ့။
ပကတိအေးချမ်းစွာ၊ ငြိမ်သက်စွာ၊ သန့်စင်စွာ အနှစ်အသားကျကျ
ပကာသနမစွက်ဘဲ "ရှင်ပြု" ခဲ့ခြင်းပင် ဖြစ်ပါ၏။

သာသနာတော်၏ ဖခင်ဖြစ်တော်မူသော "ဘုရားရှင်" ၏ သားတော် "ရာဟုလာ" ကို
ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ ရှင်ပြုပေးချင်ပါက ဘုရားရှင်ကို ကြည်ညိုသော ရှင်ဘုရင်များ၊
မှူးမတ်များ၊ သူဌေးသူကြွယ်များက အစွမ်းကုန် ပုံအောလှူဒါန်းကြပေလိမ့်မည်။
တုမနှိုင်းသာအောင် ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်ပေလိမ့်မည်။
သို့တစေ ဘုရားရှင်သည် ပကာသနကို နှစ်မြို့တော်မူဟန်မတူ၊
အနှစ်အသားကျကျ ငြိမ်သက်အေးချမ်းစွာပင်
"ရှင်ရာဟုလာ" အား သာသနာ့အမွေကို ခံတော်မူစေခဲ့သည်။

ရှင်ပြုမင်္ဂလာပွဲများကို ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ရာ
ဗုဒ္ဓနည်းမကျသော အယူအမြင်များ၊ လုပ်ရပ်များ ရောစွက်လာခဲ့ပေသည်။
ယင်းတို့ရောစွက်လာရာတွင် "စုံ-မရှင်မပြုကောင်း" ဟူသောအယူအစွဲလည်းပါဝင်ပါ၏။

ရှင်ပြုမင်္ဂလာပွဲ ကျင်းပတော့မည်ဆိုလျှင်
"ရှင်လောင်းက ဘယ်နှစ်ပါးလဲ"
"စုံ ရှင်မပြုကောင်းဘူး"၊
"မ-မှရှင်ပြုကောင်းတယ်" ဟူ၍ ပြောတတ်ကြ၏။
မည်သူက စတင်တီထွင်သွားခဲ့သည်မသိ၊
နှောင်းလူအဆက်ဆက်ကလည်း ထိုအယူအဆမှာ သဘာဝကျ- မကျ၊
ယုတ္တိတန်-မတန်၊ ဘုရားဟောနှင့် ညီညွတ်ခြင်း ရှိ-မရှိ...
ဘာတစ်ခုမျှ မဆန်းစစ် မဝေဖန်၊
အကြောက်တရားအခြေခံဖြင့် အစဉ်အလာဆိုသလို လက်ခံခဲ့ကြချေတော့သည်။

စုံဂဏန်းဟူသည် သင်္ချာ၌ ၂၊၄၊၆၊၈... ဖြစ်ပြီး၊ မဂဏန်းဟူသည်
၁၊ ၃၊ ၅၊ ၇၊ ၉... ဖြစ်ပါ၏။ သို့ဖြစ်ရာ ရှင်လောင်းများအား
နှစ်ပါး၊ လေးပါး၊ ခြောက်ပါး၊ ရှစ်ပါး စသည်စုံဂဏန်းဖြစ်နေလျှင် ရှင်မပြုကောင်း၊
သုံးပါး၊ ငါးပါး... စသည် မ-ဂဏန်းဖြစ်နေမှ ရှင်ပြုကောင်းသည် ဟူသော အယူဝါဒသည်
(၁) ထေရ၀ါဒ ပိဋကတ်တော်များတွင် ပါဝင်ပါ၏လော။
(၂) ကျေးဇူးတော်ရှင် မြတ်ဘုရားက ရှင်လောင်းအရေအတွက်ကို "စုံ" မပြုသင့်၊
"မ" မှသာ ပြုသင့်သည်ဟု ဟောကြားတော်မူခဲ့၍လော။

အမှန်အားဖြင့် ဤ စုံ-မ အယူအဆမှာ ထေရ၀ါဒ ပိဋကတ်တော်တွင်လည်းမပါ၊
ဘုရားရှင်က မိန့်တော်မူခဲ့ခြင်းလည်းမရှိ၊
အဌကထာ၊ ဋီကာနည်းလည်း မဟုတ်ပါ။

ရှင်ပြုရာတွင် ရှင်လောင်းအရေအတွက်ကို စုံဖြစ်မှ ပြုကောင်းသည်၊
မ-ဖြစ်မှ ပြုကောင်းသည် ဟူသော အယူဝါဒကို
ရှေးရှေးဆရာတော်ဘုရားကြီးများက နှစ်မြို့တော်မမူပါ။
အင်မတန် စက်ဆုတ်တော် မူပါသည်။

ကျေးဇူးရှင် ညောင်လေးပင် တောရဆရာတော်ဘုရားကြီးက-
"အချို့ကား ရှင်ပြုရာ၌ "စုံ" ဖြစ်လျှင် ရှင်မပြုကောင်း၊
အမျိုးတော်သူဖြစ်စေ ထည့်၍ "မ"ဖြစ်မှ ပြုကောင်းသည်ဟု
သာသနာတော်နှင့် စုံ-မ  တန်-မတန် ဟူ၍မသိ။ အယူသည်းလှ၏။
ဘုရားလက်ထက်က ပြုလုပ်သည်တို့ကို ပြောပြသော်လည်း
နောက်တစ်ပွဲရောက်လျှင် စုံ-မ ပြောချင်ကြသေး၏" ဟူ၍ မိန့်တော်မူဖူးပါ၏။

စင်စစ် ရှင်ပြုခြင်းသည် မွန်မြတ်သော သာသနာရေးကိစ္စဆောင်ရွက်နေခြင်းဖြစ်၏။
ကလေးကလား စုံ-မ ၀ှက်တမ်းကစားနေခြင်းမဟုတ်ကြောင်း သတိဆင်ခြင်ဖို့လိုပါ၏။

သို့ဖြစ်၍ ရှင်ပြုမင်္ဂလာပွဲ ပြုလုပ်ရာတွင်
ရှင်ကို စုံ မပြုကောင်း၊ မ ဖြစ်မှသာ ပြုကောင်းသည်ဟူသော အယူသည်
အခြေအမြစ်မရှိသော ကလေးကလား အယူအစွဲသာ ဖြစ်သောကြောင့်
"အစဉ်အလာ" အဖြစ် လက်ခံကောင်းသော အယူမဟုတ်ပါပေ။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia

Tuesday, August 21, 2012

ဇာတာရက်ချုပ်


ဗေဒင်ယုံကြည်မှု လောင်ရိပ်အောက်တွင် ကျရောက်နေသောသူများသည်
ကလေးတစ်ယောက် ဖွားမြောက်လာသော်
"ဇာတာရက်ချုပ်" ပြုလုပ်တတ်ကြသည်မှာ အစဉ်အလာဖြစ်ခဲ့ပါသည်။
လူမှန်သမျှ "ဇာတာရက်ချုပ်" ရှိရမည်။
ဇာတာရက်ချုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဟူ၍လည်း "အယူသီး" တတ်ကြပါ၏။
ဤသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာကို အစဉ်တစိုက် ဆန့်ကျင်ဖီလာလုပ်ခဲ့သော
ဗြဟ္မဏ ပုဏ္ဏားတို့၏ မှိုင်းမိထားရခြင်းဖြစ်ပါ၏။
      ကောင်းပြီ။

"ဇာတာရက်ချုပ်" ပြုလုပ်ခြင်းသည်
   (၁) ဗုဒ္ဓဘာသာဝင်တို့၏ လုပ်ငန်းဟုတ်ပါသလော။
   (၂) လူတိုင်း "ဇာတာရက်ချုပ်" ပြုလုပ်ရမည်ဟု ဘုရားရှင်က ညွှန်ကြားထားသလော။
   (၃) "ဇာတာရက်ချုပ်" က လူတို့၏ ဘ၀ကံကြမ္မာကို ကောင်းအောင်ဆိုးအောင် ဖန်တီးနိုင်ပါသလော။
   (၄) ဇာတာရက်ချုပ် ပြုလုပ်သော အလေ့အထကို စတင်တီထွင်သူများသည် ဗုဒ္ဓဘာသာဝင်များလော။ ဗုဒ္ဓဘာသာကို အိန္ဒိယနိုင်ငံမှ လုံးဝပျောက်ကွယ်သွားအောင်
အစဉ်တစိုက် နှောက်ယှက်တိုက်ခိုက်ခဲ့သော "ဗြဟ္မဏ" များလော။
    
စင်စစ်သော် ဇာတာရက်ချုပ် ပြုလုပ်ခြင်းသည် ဗုဒ္ဓဘာသာ အယူမဟုတ်ပါ။
ဗုဒ္ဓဘာသာနှင့်လည်း လုံးဝမပတ်သတ်ပါ။
ဗုဒ္ဓဘာသာနှင့် အယူအမြင် အတွေးအခေါ်တို့တူညီခြင်းမရှိသော
ဗြဟ္မဏပုဏ္ဏားတို့တီထွင်သွားခဲ့သော လုပ်ငန်းသာ ဖြစ်ပါ၏။
သူတို့သည် အဘယ်ကြောင့် ဤလုပ်ငန်းကိုတီထွင်သွားခဲ့ရသနည်း။
သူတို့သည် ဆေးကုသခြင်း၊ အ၀တ်အထည်ချုပ်လုပ်ခြင်း၊ စသော လူသားအကျိုးပြု
လူမှုဝန်ဆောင်မှု လုပ်ငန်းများကို လက်ကြောတင်းစွာ လုပ်ကိုင်စားသောက်ခြင်း မပြုလိုကြ။
စပါးစိုက်ပျိုးခြင်း စသော လူသားအကျိုးပြု ကုန်ပစ္စည်းထုတ်လုပ်မှု
လုပ်ငန်းများကိုလည်း အပင်ပန်းခံ ဆောင်ရွက်လိုခြင်းမရှိကြ။
ထိုအခါ "စားပေါက်ချောင်" စေလိုသော ရည်ရွယ်ချက်ဖြင့်
"ဇာတာရက်ချုပ်" ကိုတီထွင်ခဲ့ခြင်းသာဖြစ်၏။
လူတိုင်းမဖြစ်မနေ "ဇာတာရက်ချုပ်" ပြုလုပ်ကြမည်ဆိုလျှင်
ဇာတာဖွဲ့သူ ပညာရှင်တို့ ၀င်ငွေကောင်းလာပေမည်။ မိမိတို့၏ အကျိုးစီးပွားအတွက်
ဗြဟ္မဏပုဏ္ဏားတို့သည် ကိုယ်ဖဲ ကိုယ်ချိုးပြီး ကိုယ့်ဖာသာဝေခဲ့ကြခြင်းသာ ဖြစ်၏။

ဇာတာရက်ချုပ် မလုပ်၍ကော ဘာဖြစ်မည်နည်း။
ဘာမှမဖြစ်ပါ။
ကမ္ဘာမှာရော၊ မြန်မာမှာပါ "ဇာတာရက်ချုပ်" မရှိသူတွေ အနတဂ္ဂမ၊ ဒုနှင့်ဒေး။
ထိုသူများထဲတွင် ဘ၀၌ အောင်မြင်ကျော်ကြားနေသူတွေ
မရေမတွက် နိုင်အောင် ရှိနေသည်ပင်။ အချို့ဆိုလျှင် ဇာတာရက်ချုပ် မဆိုထားဘိ၊
ငယ်စဉ်ကပင် သူများမွေးစားတာခံခဲ့ရသဖြင့်
မိမိ၏ မွေးရက်၊ မွေးသက္ကရာဇ် ကို မသိသူတွေ ရှိခဲ့သည်။
ထိုသူများတွင်လည်း ကံ၊ ဥာဏ်၊ ၀ီရိယ အစွမ်းဖြင့် ဘ၀တွင်
လူတစ်လုံး သူတစ်လုံး ဖြစ်နေကြသူတွေ ရှိသည်ပင်။
ကမ္ဘာတွင် အောင်မြင်ကျော်ကြားနေသူ ပုဂ္ဂိုလ်များမှာ မည်သည်မျှ "ဇာတာ" မဖွဲ့ကြ။
ဇာတာရက်ချုပ် မရှိကြ။
ကောင်းပြီ။ ဇာတာရက်ချုပ်လုပ်ထားကြသူတွေကော၊
ထိုသူတိုင်း ဘ၀တွင်အောင်မြင်ကျော်ကြားကြပါသလား။ ချမ်းသာကြပါသလား။
တစ်သက်လုံး "ဇာတာ" ကို မြတ်မြတ်နိုးနိုး ထုပ်ထုပ်ပိုက်ပိုက် လုပ်နေသူများတွင်
ဆင်းဆင်းရဲရဲ၊ ချို့ချို့ငဲ့ငဲ့ နှင့် ဘ၀မှ ထွက်ခွာခဲ့သူတွေလည်း အနတဂ္ဂမပင်။

အမှန်တော့ "ဇာတာရက်ချုပ်" ဆိုသည်က ဇာတာရှင်၏ ကောင်းကံ၊ ဆိုးကံကို
မည်သို့မျှ ဖန်တီးပေးနိုင်စွမ်းမရှိ။ ခြယ်လှယ်စိုးမိုးနိုင်ခြင်းမရှိ။
ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီးက
"ဇာတာခွင် အတိုင်း သတ္တ၀ါတွေ ဖြစ်ကြရတာမဟုတ်ကြောင်း"
အောက်ပါအတိုင်း ဆုံးမတော်မူခဲ့ဖူးပါ၏။

"ဗေဒင်အတိုင်းသာ သတ္တ၀ါတွေ ဖြစ်နေကြရရင် သိဒ္ဓတ္တမင်းသား ဖွားမြင်သောအခါ
ဖွားဘက်တော် ခုနစ်ယောက်လဲ တစ်ချိန်တည်း မွေးဖွားကြတယ်။
ဖွားဘက်တော်တို့၏ ဇာတာခွင်နဲ့ သိဒ္ဓတ္တမင်းသား ဇာတာခွင်သည် အတူတူပဲ။
သိဒ္ဓတ္တမင်းသား ဘုရားဖြစ်လျှင် ဖွားဘက်တော်တွေလဲ ဖြစ်သင့်တယ်။
အခုတော့ သတ္တ၀ါတွေ ဖြစ်ကြရတာ ဗေဒင်၏ ဇာတာခွင်အတိုင်းမဟုတ်။
ကံကြမ္မာအတိုင်းသာ ဖြစ်ရသောကြောင့် သိဒ္ဓတ္တမင်းသားက ဘုရားဖြစ်တာ၊
ကာဠုဒါလီတို့က ရဟန္တာ ဖြစ်ကြရတယ် မဟုတ်လား"
"မှန်ပါ့ဘုရား"
 "အဲဒါကြောင့် ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး၊ ရက်ရာဇာ၊ စွမ်းရက်နောရက်၊
ဝါရမိတ္တူ၊ ကမ္ဘာပျက်တို့သည် ပညတ်တွေဟု မှတ်၊ ကောင်းကျိုး ဆိုးကျိုးမပေးနိုင်။
ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာမဟုတ်ဘူးကွယ့်။
ပညတ်စွဲကွာအောင် ခွာရတာပဲကွယ့် မောင်ရဲ့"

ဇာတာရက်ချုပ် ပြုလုပ်ခြင်းသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မည်သို့မျှ မပတ်သတ်။
ဗုဒ္ဓဘာသာဝင်တို့၏ အယူမဟုတ်။
ဗြဟ္မဏ ဘာသာဝင်တို့၏ အယူဖြစ်သောကြောင့်
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် ဤအယူ၊ ဤအလေ့အထအပေါ်
မည်သို့ခံယူရမည်ကို ဝေဖန်စိစစ်ဥာဏ်ရှိသူတိုင်း ဝေဖန်ဆုံးဖြတ်နိုင်ပါလိမ့်မည်။

မင်းနန် အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia

Monday, August 20, 2012

နေ့နံအလိုက် နာမည်မှည့်ခြင်း


မြန်မာဗုဒ္ဓဘာသာဝင်အများစုသည်
ဗုဒ္ဓဘာသာနှင့် မပတ်သတ်သော အလေ့အထတစ်ခုကို
အစဉ်အလာပမာ လက်ခံနေကြပါသည်။
ယင်းမှာ "နေ့သင့်နံသင့် နာမည်မှည့်ခြင်း" ပင်ဖြစ်ပါ၏။
ဤအယူအဆမှာ မြတ်စွာဘုရားရှင်က မဂ်ဖိုလ်မှ ဖီလာဖြစ်သော တိရိစ္ဆာန်အတတ်ဟုဆန့်ကျင်ရှုတ်ချတော်မူခဲ့သော "ဗေဒင်" မှ မွေးဖွားလာခြင်းဖြစ်ပါသည်။

ဗေဒင်ပညာ၏ အခြေခံယုံကြည်ချက်မှာ ကိတ်ဂြိုဟ်မှအပ ကျန်ဂြိုဟ်ကြီး ရှစ်လုံးတို့က
လူ၏ ကံကြမ္မာကို ဖန်တီးကြကုန်သည် ဟုယူဆထားခြင်းဖြစ်ပါ၏။
(ဤယုံကြည်ချက်ပင်လျှင် ဗုဒ္ဓဓမ္မမှ ဆန့်ကျင် ဝေးကွာသွားခြင်း ဖြစ်ပါ၏။
မြတ်ဗုဒ္ဓက လူသည် မိမ်ဘ၀ကို မိမိဖာသာ ဖန်တီးသည်ဟု ဟောတော်မူခဲ့ပါ၏။)

ဤဂြိုဟ်ကြီးရှစ်လုံးတို့အကြား၌ မြန်မာအက္ခရာများကို အောက်ပါအတိုင်း ခွဲခြားထားပါသည်။ ဗြဟ္မဏပုဏ္ဏားတို့၏ မှိုင်းမိခြင်းခံရသော ပုဂ္ဂိုလ်တို့၏ လက်ချက်ဖြစ်ဟန်တူပါသည်။
က၊ ခ၊ ဂ၊ ဃ၊ င ... တနင်္လာ
စ၊ ဆ၊ ဇ၊ စ်၊ ည ... အဂၤ ါ
ဋ၊ ဌ၊ ဍ၊ ဏ၊ တ၊ ထ၊ ဓ၊ န ... စေန
ပ၊ ဖ၊ ဗ၊ ဘ၊ မ ... ၾကာသပေတး
ယ၊ ရ ... ရာဟု
လ၊ ၀ ... ဗုဒၶဟူး
သ၊ ဟ ...ေသာၾကာ
အ ..... တနင်္ဂနွေ
အထက်ပါအတိုင်း ခွဲခြားထားသည့် နေ့အလိုက်နာမည်များကို မှည့်ခြင်းသည်
အစဉ်အလာအမာ ဖြစ်ခဲ့ပါသည်။ လူဝတ်ကြောင် များသာမဟုတ်၊
ရဟန်းသာမဏေနှင့် သီလရှင်များတွင်လည်း ဤ အလေ့အထရှင်သန်နေဆဲပင် ဖြစ်ပါသည်။
ထို့အပြင် အချို့က သိမ်သမုတ်ရာ၌ နိမိတ်ဖြေကြားရန်အတွက်
အရပ်ရှစ်မျက်နှာတို့၌ နေ့သင့်နံသင့် ပုဂ္ဂိုလ်တို့ကို နေရာချထားတတ်ကြ၏။
(ဘုရားရှင် ရွှေလက်ထက်တော်အခါက ဤသို့ ပြုမူခဲ့ခြင်းမရှိပါ)

ဗြဟ္မဏပုဏ္ဏားတို့၏ "နေ့သင့်နံကို နာမည်မှည့်ခြင်း" အလေ့အထကို
မြန်မာဗုဒ္ဓဘာသာဝင်များအကြား ထာဝစဉ် ရှင်သန်နေအောင် ရေလောင်းနေသူများရှိပါ၏။
၉၅-ခုနှစ်၊ မေလထုတ် မဂ္ဂဇင်းကြီးတစ်စောင်တွင်
"နေ့သင့်နံကိုက်မှည့်ထိုက်သလော" ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြထားရာ၊
ယင်းဆောင်းပါးတွင် ဖော်ပြထားသည်များမှ အချက်အချို့မှာ ဤသို့ပါ။

"နာမည်မှည့်ခြင်းအမျိုးမျိုးရှိရာ မဟာဘုတ်တိုင်အထက်ဂြိုဟ်
အင်္ဂ၀ိဇ္ဇာတိုင် အထက်ဂြိုဟ်ဖြင့် မှည့်ခြင်း၊ ယက္ခတိုင်အောက်မှ အထက်သို့တက်၍မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဉ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဉ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို ဆပွတ်အုပ်၍မှည့်ခြင်း... စသည်တို့ဖြစ်သည်။"

မွေးနံကိုက်မှည့်ခြင်းဖြင့် ရနိုင်သောအကျိုးကျေးဇူးများမှာ-
(၁) တနင်္ဂနွေသားကို တနင်္ဂနွေနံဖြင့် မှည့်လျှင် ချမ်းသာကြီးအံ့။
      (၂) တနင်္လာသားကို တနင်္လာနံဖြင့် မှည့်လျှင် ခွန်အားစွမ်းပကား ကြီးမားအံ့။
      (၃) အင်္ဂါသားကို အင်္ဂါနံဖြင့် မှည့်လျှင် ဥစ္စာရအံ့။
      (၄) ဗုဒ္ဓဟူးသားကို ဗုဒ္ဓဟူးနံဖြင့် မှည့်လျှင် ကျေးကျွန်၊ ကျွဲနွားများ အံ့။
      (၅) ကြာသပတေးသားကို ကြာသပတေးနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
      (၆) သောကြာသားကို သောကြာနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
      (၇) စနေသားကို စနေနံဖြင့် မှည့်လျှင် ငယ်စဉ်က အလှူပေးရအံ့။ - ဟူ၍
"အကောင်းဟောချည်း" ကိုသာတွေ့ရလေသည်။
မည်သည့်နေ့သားမဆို မွေးနံအလိုက် နေ့နံကိုက် မှည့်ခြင်းဖြင့် အဆိုးမပါ။ အကောင်းသာဖြစ်ခြင်း၊
မွေးနံကို သိရှိမှတ်သားဖို့လည်း လွယ်ကူခြင်းတို့ကြောင့် နေ့နံအလိုက် မှည့်ခြင်းသည်
အသုံးပြုသင့်သော နည်းစနစ်တစ်ခုဖြစ်ပါသည်။
"အစမွေးနံ၊ အရင်းခံ၊ ဘုန်းကံတိုးတက်လှ" ဟူသော
ဆိုရိုးစကားနှင့်လည်း ကိုက်ညီမည် ဖြစ်ပါသတည်း။

ရှေးအခါက လူတစ်ရာလျှင် ကိုးဆယ်နီးပါးခန့်
နာမည်ကိုမွေးနံဖြစ့် မှည့်ကြသည်ချည်းဖြစ်၏။
တနင်္ဂနွေသားတစ်ရာလျှင် ကိုးဆယ်ခန့် တနင်္ဂနွေနံဖြင့် မှည့်ကြလင့်ကစား၊
ထို ကိုးဆယ်မှာ ဘယ်နှစ်ယောက်ချမ်းသာပါသနည်း။
ချမ်းသာခြင်းဟူသည် "နာမည်" နှင့်မဆိုင်၊
ကံ၊ ဥာဏ်၊ ၀ီရိယ တို့နှင့်သာသက်ဆိုင်၏။
ရှေးခေတ်အခါက ကျေးလက်နေ ပြည်သူအများစုက
နေ့နံသင့် အမည်ပေးခြင်း၌ ပို၍ ယုံကြည်ကြ၏။
တစ်ရွာလုံးတွင် နေ့သင့်နံသင့် နာမည်မမှည့်သူဟူ၍ တစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်၊
နေ့သင့်နံသင့် နာမည်မှည့်သူတွေချည်း ဖြစ်ပါလျက်
တစ်ရွာလုံးတွင် ချမ်းသာသူက လက်ချိုးရေတွက်၍ ရပြီး ဆင်းရဲသူက အများစုဖြစ်ပါ၏။
နေ့သင့်နံသင့် နာမည်မှည့်ပါလျက် ဘာကြောင့် မချမ်းသာပါသနည်း။
"အစမွေးနံအရင်းခံ ဘုန်းကံတိုးတက်လှ" ဟူသည်ကို
ဆိုရိုးစကားဟု (အထက်ပါ ဆောင်းပါးတွင်) ရေးခဲ့၏။
ဆိုရိုးစကားဖြစ်လျှင်လည်း၊ သာသနာပြင်ပ ဗြဟ္မဏ၀ါဒီတို့၏
နောက်လိုက်ငယ်သားများက ပြောသော "ဆိုရိုးစကား" သာဖြစ်မည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ဆိုရိုးစကားမဟုတ်ပါ။

ထေရ၀ါဒကမူ ဘုန်းကံဟူသည် ပုဂ္ဂိုလ်၏ ကံ၊ ဥာဏ်၊ ၀ီရိယနှင့် ပြုအပ်သော
ကုသိုလ်မှု၊ အကုသိုလ်မှုတို့ အပေါ်တွင်သာ တည်ပါ၏။ နာမည်နှင့် မဆိုင်ပါချေ။

နေ့နံအလိုက် နာမည်ပေးခြင်းနှင့် စပ်လျဉ်း၍ တည်တော်ဆရာတော်ဘုရားကြီးက
"လောကီအယူအဆအရသာ နေ့နံလိုက်ပြီး နာမည်မှည့်ခေါ်ကြခြင်းဖြစ်ပါသည်။
လောကုတ္တရာလမ်းက ဘုရားအရိယာ သူတော်မြတ်များသည်
နေ့နံအလိုက် နာမပညတ်ကို အဓိကထားပြီး သုံးစွဲတော်မမူကြပါ။
ထို့ကြောင့် ဘုရားရှင်တို့၏ ဘွဲ့တော်များမှာ
နေ့နံအလိုက် မတွေ့ရခြင်း ဖြစ်ပါသည်" ဟူ၍ မိန့်တော်မူခဲ့ပါ၏။

နာမည်မှည့်ခြင်းအပေါ် တည်မှီ၍ ချမ်းသာခြင်းလည်း မဖြစ်နိုင်။ ဆင်းရဲခြင်းလည်း မဖြစ်နိုင်။
နာမည်မှည့်၍ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်ဖြစ်ကြောင်း
နာမည်ကျော် လက္ခဏာဆရာကြီး ဆရာစန္ဒြက
(ဘ၀ခရီးနှင့် အတွေ့အကြုံများ စာအုပ်၊ စာမျက်နှာ ၁၉၂ တွင်) ဤသို့ရေးသားခဲ့ပါ၏။
ယခု အသက်ကြီးလာသောအခါ
ငါးရာငါးဆယ် ဇာတ်တော် ပထမတွဲ၊ စာမျက်နှာ (၄၆၈)တွင်
နာမသိဒ္ဓိဇာတ်ကို မြတ်စွာဘုရားဟောတော်မူသည်။
နာမည်ဆိုသည်မှာ အလကား၊ မောင်သက်ရှည်လို့ မှည့်သော်လည်း အသက်တိုသွားနိုင်သည်။ မောင်ချမ်းသာဟု မှည့်သော်လည်း ဆင်းရဲနိုင်သည်။
မိမိတို့ပြုခဲ့သော အတိတ်ဘ၀ကုသိုလ်များဖြင့်သာ အကျိုးပေးကြကုန်သည်။
ပုဗ္ဗေစကတပုညတာ၊ ရှေးကံက စီမံသည့်အတိုင်း ဖြစ်ရသည်။
မောင်သက်ရှည်ဆိုသူသည် ငယ်ငယ်က သေသွားသည်။
သူဌေးမဆိုသူလည်း ဆင်းရဲနေသည်။
      အမည်ဟူသည်ကား ပညတ်များဖြစ်သည်။ အမည်ဖြင့် ပြီးစီးသည်မရှိ။
ကံဖြင့်သာလျှင် လုပ်ကြရသည်။ အလွန်မှန်သည်။
နာမည်မှည့်၍သာ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်။
ဤကဲ့သို့ နားမလည်ဘဲ အလွဲလွဲ အမှားမှားတွေ ဖြစ်နေသည်။

"နေ့နံအလိုက် နာမည်မှည့်ခြင်းသည် ကြီးပွားချမ်းသာစေ၏" ဟူသော အယူမှာ
ကံ-ကံ၏ အကျိုးကို ပစ်ပယ်သောအယူဖြစ်ပါ၏။ ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖြစ်သော
"ကမ္မဿကတာ သမ္မာဒိဌိဥာဏ်" ကိုတားဆီးပိတ်ဆို့သော အယူဖြစ်ပါ၏။
ဘုရားရှင်လက်ထက်တော်အခါကမူ ဘုရားအပါအ၀င် အရိယာသူတော်စင်များသည်
နေ့နံအလိုက် နာမပသုတ်ကို အဓိကထားပြီးသုံးစွဲတော်မမူပါ။
ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်ကြီးတို့၏ ဘွဲ့တော်များမှာလည်း နေ့နံအလိုက် မဟုတ်ပါ။
သို့ဖြစ်၍ "နေ့နံအလိုက် နာမည်မှည့်ခြင်း" သည်
ထေရ၀ါဒ ဗုဒ္ဓဘာသာအယူမဟုတ်ဘဲ၊
ဟိန္ဒူဗြဟ္မဏတို့၏ ဂြိုဟ်ကြီးကိုးလုံးအယူဝါဒမှ မြစ်ဖျားခံလာသော
အလေ့အထတစ်ခုဖြစ်ကြောင်း အသိရှင်း၊ အမြင်လင်းစေလိုပါသည်။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia

Saturday, August 18, 2012

အတိတ်နိမိတ်ယုံကြည်မှု


ကြွက်သည် အ၀တ်၏ အနားနှစ်ဖက်ကိုခဲမူ စီးပွားလျှော့အံ့။
လေးထောင့်အနားကိုခဲမူ စီးပွားတက်အံ့။
အ၀တ်၏ ကြွင်းသောနေရာကိုခဲမူ ဘေးဖြစ်အံ့။
ကြွက်သည် (လူကိုခဲမူ) လက်ကိုခဲမူ ရွှေငွေရအံ့။
ခြေကိုခဲမူ လာဘ်ရအံ့။
သလုံးကိုခဲမူ ရောဂါရအံ့။
(သုတသနိကျမ်း)

ထေရ၀ါဒပိဋကတ်တော်ကို ဓမ္မရတနာအဖြစ် ကိုးကွယ်သော မြန်မာနိုင်ငံ၌
ရသေ့တို့၏ စိတ်ဖြေရာ ကျမ်းစာများကို ဆိုနိုင်သော အတိတ်ဟော၊ နိမိတ်ဟောကျမ်းများလည်း ဖြစ်ထွန်းခဲ့သည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပေပြီ။
ဗြဟ္မဏပုဏ္ဏားတို့၏ ကျမ်းစာများဖြစ်သော ယင်းကျမ်းစာများ၏ သြဇာသက်ရောက်မှုကလည်း မသေးငယ်လှပေ။ အဘယ့်ကြောင့်ဆိုသော် ရှေးမြန်မာအများစုသည် အတိတ်နိမိတ်တို့အပေါ်၌
ယုံကြည်မှု ကြီးမားခဲ့သောကြောင့်ဖြစ်ပါ၏

အတိတ်နိမိတ်ယုံကြည်မှုသည်-
         (၁) သမ္မာဒိဌိလော၊ မိစ္ဆာဒိဌိလော။
         (၂) ထေရ၀ါဒ ပိဋကတ်က ယင်းယုံကြည်မှုကို လက်ခံပါ၏လော။
         (၃) ဘုရားရှင်က ယင်းယုံကြည်မှုကို ချီးမွမ်းတော်မူပါ၏လော။
         (၄) ယင်းယုံကြည်မှုသည် "ထေရ၀ါဒ ဗုဒ္ဓဘာသာ" နှင့် ကိုက်ညီပါသလော၊ ဆန့်ကျင်ပါသလော။

အတိတ်စွဲ၊ နိမိတ်စွဲများ၌ အယူသီးခဲ့ကြသော ရှေးသူတော်ဟောင်းတစ်ချို့သည်
အထက်ပါ မှတ်ကျောက်များအပေါ်တွင် "အတိတ် နိမိတ် ယုံကြည်မှု" ကိုတင်လျက် ဝေဖန်ဆန်းစစ်ခဲ့ခြင်းရှိဟန်မတူ။
စင်စစ် "အတိတ်နိမိတ်" ဟူ၍ တစ်ဆက်တည်း တစ်စပ်တည်း ရောထွေးခေါ်ဆိုနေကြလင်းကစား
ယင်းမှာ သီးခြားအဓိပ္ပာယ် ရှိသော ဝေါဟာရနှစ်ခုကို ပေါင်းစည်းထားခြင်း ဖြစ်ပါ၏။

မြန်မာအဓိပ္ပာယ် အဘိဓာန်ကျမ်း၌ "အတိတ်" "နိမိတ်" တို့ကို ဤသို့ ဖွင့်ဆိုထားပါသည်။
အတိတ်။   ။ နောင်လာမည့် ကာလတွင် ဖြစ်ပျက်မည့်အကြောင်းကို သိစေနိုင်သော နိမိတ်၊ နောင်အခါတွင် ဖြစ်ပျက်မည့် အချင်းအရာ၏ ရှေ့ပြေးဖြစ်ရပ်လက္ခဏာ။
နိမိတ်   ။   ။ ကောင်းမည်၊ ဆိုးမည်၊ ဖြစ်မည်၊ ပျက်မည် စသည်တို့ကို
 ကြိုတင်သိစေနိုင်သော အမှတ်လက္ခဏာ။

အထက်ပါ ဖွင့်ဆိုချက်နှစ်မျိုးမှာ သဘောချင်းတူညီနေသည်ကို တွေ့ရပေလိမ့်မည်။
အတိတ် နိမိတ်နှင့် စပ်လျဉ်း၍ ရေစကြို အရှင်ဧသိကဆရာတော်က
သူ၏ သဘောထားကို တင်ပြခဲ့သည်မှာ မှတ်သားဖွယ်ကောင်းလှပါသည်။

အမှန်မူ အတိတ်နှင့်နိမိတ်သည် ခြားနားမှုရှိရပါမည်။ ခြားနား၍သာ ခွဲခြားအသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ စာရေးသူ၏ သဘောထားဖြင့် ပြောရလျှင်
အတိတ်ဆိုသည်မှာ ယုတ္တိမဲ့ အယူအဆသာဖြစ်ပါသည်။
နိမိတ်မှာမူ ယုတ္တိရှိ ယုတ္တိမဲ့ နှစ်မျိုးကို အခြေခံနေပါသည်။

ရှင်းပါဦးမည်။
အိပ်မက်တိတ္ထံခေါ်သော ကျမ်းစာများကို တွေ့ဖူးကြားဖူးကြပေလိမ့်မည်။
ဤသို့မြင်မက်လျှင် ဤသို့ဖြစ်မည် စသည်ဖြင့် ဟောစာတမ်းအမျိုးမျိုး ပြုလုပ်ထားသည်။
အိပ်မက်သည် လူတိုင်းလိုလို မြင်မက်နေကြသည်။ အိပ်မက်ကောင်းလည်း မက်သည်။ အိပ်မက်ဆိုးလည်းမက်သည်။ အိပ်မက်ကောင်းလျှင် အတိတ်ကောင်းသည်။
အိပ်မက်ဆိုးလျှင် အတိတ်မကောင်း။ အတိတ်ကောင်းမကောင်းကို ကြည့်၍
အကျိုးပေးကောင်း မကောင်းကို ဟောဆိုကြသည်။

ဤသို့သော အတိတ်ဟောများမှာ ယုတ္တိမဲ့ ဟောဆိုချက်များသာဖြစ်သည်။
အိပ်မက်၏ အကျိုးကို ဟောပြ၍လည်း မှန်ကန်လိမ့်မည် မဟုတ်ချေ။
      ဤအတိတ်စွဲ၊ နိမိတ်စွဲ အယူအဆများသည်လည်း လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အန္တရာယ်ပြုနေသော ယုံကြည်မှုများဖြစ်သည်။
ဗုဒ္ဓဘုရားရှင်ကလည်း ဤအတိတ်နိမိတ်များကို လက်မခံပဲ တော်လှန်ဟောကြားခဲ့လေသည်။


အတိတ်နိမိတ်ကို ယုံကြည်ခြင်းသည် မိစ္ဆာဒိဌိဖြစ်ကြောင်းကို
ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီးက ဤသို့မိန့်တော်မူခဲ့ပါသည်။
"ပုထုဇဉ်မှန်သမျှ နိမိတ်ကောက်တဲ့သူတွေ များတယ်။
ယုတ်စွဆုံး မျက်ခုံးလှုပ်တာတောင် လာဘ်ရမယ်လို့ နိမိတ်ကောက်တတ်ကြတယ်။
လက်ဖ၀ါးယားရင် ငွေရမယ်လို့ နိမိတ်ကောက်တတ်ကြတယ်။
အိမ်မြှောင်စုတ်ထိုးတာ၊ ငှက်မြည်တာ၊ ခွေးဟောင်တာ မကျန်
ပုထုဇဉ်တွေဟာ နိမိတ်ကောက်တတ်ကြတယ်။
နိမိတ်ကောက်တဲ့အတိုင်း မှန်ချင်လည်းမှန်သွားတတ်တယ်။
ဒီလိုမှန်သွားရင် ဒီဟာကို မြင်လို့၊ ဒီအသံကြားလို့ရယ်လို့
နိမိတ်ကြောင့် အကျိုးအပြစ်တွေ ဖြစ်ပေါ်လာတယ်လို့ ယူဆသွားတတ်ကြတယ်။
အတိတ်နိမိတ်ဆိုတာ ကံရဲ့ ရှေ့ပြေး နေမထွက်ခင်ထင်လာတဲ့ အာရုဏ်အရောင်ပဲ။
အာရုဏ်အရောင်ကို မြင်လျှင် အာရုဏ်အရောင်ရဲ့ နောက်မှာ နေမင်းရှိတယ်။
မကြာခင် နေမင်းထွက်ပေါ်လာမှာပဲလို့ သိသလို နိမိတ်ထင်ပြီး အကျိုးအမြတ်ဖြစ်ပေါ်လာလျှင်လဲ
ဒီအကျိုး ဒီအမြတ်က ငါပြုလုပ်ခဲ့ဖူးတဲ့ ကံကြောင့်ဆိုတာ ပြတ်ပြတ်သားသား သိထားဖို့လိုတယ်။

ဒီလိုကံကြောင့်ဆိုတာ မမြင်ဘဲ ကံကိုမျက်ကွယ်ပြုထားပြီး
ဒီအတိတ်နိမိတ်ကြောင့် ဒီလိုဖြစ်တာပဲလို့ ယုံကြည်ခဲ့လျှင် (မင်္ဂလိကဒိဌိ) လို့ခေါ်တယ်။
မင်္ဂလိကဒိဌိဆိုတာ အယူမှားမို့ မိစ္ဆာဒိဌိလို့ခေါ်တယ်"

အတိတ်နိမိတ်ကို ယုံကြည်ခြင်းသည် ကမ္မဿကတာ သမ္မဒိဌိကို ဆီးတားပိတ်ဆို့သော
'မြူခိုးများ'၊ 'မှိုင်းငွေ့များ' ဖြစ်ပါသည်။ ယင်းအယူလွဲ အယူမှားမှ ရုန်းမထွက်နိုင်သေးသမျှ
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပါ။
အတိတ်နိမိတ်စွဲ ၌ယုံကြည်ခြင်းသည် အညံ့စားဗုဒ္ဓဘာသာဝင်တို့၏
အသွင်လက္ခဏာတစ်ရပ်ဖြစ်ကြောင်း မြတ်ဗုဒ္ဓကိုယ်တော်တိုင်က
(အင်္ဂုတ္တိုရ် ပါဠိတော်) တွင် ဟောတော်မူခဲ့ပြီး ဖြစ်ပါ၏။
    
ဤမျှဆိုလျှင် - ထေရ၀ါဒ၏ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်လိုသူအဖို့
အတိတ်နိမိတ် ယုံကြည်မှုအပေါ် မည်သို့သဘောထားမည် ဟူသောအချက်မှာ
ရှင်းလင်းပြတ်သားသွားပြီး ထင်ပါသည်။

မင်းနန် - မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia

Friday, August 17, 2012

သေပြီး ၇ ရက်


အန္တရာဘ၀၀ါဒ
လူတစ်ယောက်သေဆုံးသောအခါ (၇) ရက်မလည်မီ
မိမိပိုင်ဆိုင်ရာနေအိမ် (ဘုံ) ထဲတွင် တစ္ဆေသူရဲဘ၀နှင့် ရှိနေပြီး
(၇)ရက် ပြည့်မြောက်သောအခါမှသာ မိမိလားမြောက်ရမည့် ဘုံဘ၀အထွေထွေသို့
ကူးပြောင်းရောက်ရှိသည်ဟူသော "အယူဝါဒ" တစ်ခုရှိပါ၏။
ယင်းအယူအဆ၌ သက်ဝင်ယုံကြည်သူဦးရေမှာလည်း အထုအထည် ပမာဏကြီးမားလှပါ၏။
      ကောင်းပြီ လူသေသောအခါ လားရာဂတိတစ်ခုသို့ တိုက်ရိုက်ကူးပြောင်းခြင်းမရှိဘဲ
တစ္ဆေသူရဲဘ၀ကို "ကြားခံ" ထားရသည်ဆိုခြင်းမှာ မှန်ကန်ပါသလော။
ယင်းအယူဝါဒသည် ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် ကိုက်ညီပါ၏လော။

လူသေပြီးနောက် တစ္ဆေသူရဲဘ၀နှင့် (၇)ရက်နေပြီးမှ တစ္ဆေသူရဲဘ၀ကို ကြားခံထားပြီးမှ
ဘုံဘ၀တစ်ခုခုသို့ ကူးပြောင်းရောက်ရှိသည်ဟူသော အယူမှာ "အန္တရာဘ၀၀ါဒ" ဖြစ်ပါသည်။
ယင်း အန္တရာဘ၀၀ါဒ သည် ထေရ၀ါဒဗုဒ္ဓဓမ္မ နှင့် ဆန့်ကျင်ခြားနားသော အယူဝါဒ ဖြစ်ပါ၏။

ဗုဒ္ဓဒေသနာတော်အရမူ လူကွယ်လွန်သောအခါ စုတိစိတ်ချုပ်ပြီးနောက်
နောက်တစ်ဘ၀မှာ ပဋိသန္ဓေစိတ် (ချက်ချင်း) ဖြစ်သည်ဟု ဆိုပါသည်။
ကြားခံဘ၀တစ်စုံတစ်ရာ မရှိပါချေ။

တစ်ခါက ပြင်သစ်ပညာရှင်များက ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးအား
"၀ိညာဉ်သည် အတွယ်ရှိမှ ဖြစ်ပါသလား
(သို့) မတွယ်မီ အလွတ်အလျောက် ဖြစ်နေပါသလား။
အစိမ်းတစ္ဆေဖြစ်သည် ဆိုသောစကား မှန်ပါသလား"
ဟူ၍ မေးမြန်းလျှောက်ထားပါသည်။

ဆရာတော်ဘုရားကြီးက-
"အတွယ်ရှိမှ ဖြုတ်သည်။ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ်အလျော်ဖြစ်၍နေရသည် မဟုတ်ပေ။
အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ်အလျောက်ဖြစ်၍
နေရသေးသည်ဟူသော အယူသည် အန္တရာဘ၀ဒိဌိ အယူမည်၏။
ထိုအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပယ်ဖျက်လျက်ရှိကြ၏။

သတ္တ၀ါတို့၌ ပြုခဲ့သောကံအမျိုးမျိုးရှိကြ၏။
ကွယ်လွန်သောအခါ သူပြုခဲ့သောကံနှင့် လျော်ညီထိုက်တန်သည့် ဘုံဘ၀သို့ ရောက်ရပေသည်။ ကွယ်လွန်သူ၌ အားအရှိဆုံးဖြစ်သော 'ကံ' တစ်ခုသည်
မိမ်၏သက်ဆိုင်ရာဘုံ၌ မိမိနှင့် သက်ဆိုင်ရာဘ၀ကိုသာ ဖြစ်စေပါ၏။
အခြားသောဘ၀တစ်ခုကို ကြားခံမပြုပါ။"
လူတစ်ယောက်၏ နောက်ဆုံးစုတိစိတ်ဖြစ်ပြီးသည်နှင့်
ဘ၀သစ် ပဋိသန္ဓေစိတ်သည် ချက်ချင်းဖြစ်ပေါ်ကြောင်းကို
ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးကလည်း ဤသို့မိန့်တော်မူခဲ့ပါ၏။
         လူတစ်ယောက်၏ နောက်ဆုံးစုတေစိတ်နှင့် ဘ၀သစ်ပဋိသန္ဓေစိတ်သည် လက်ဖျောက်တစ်ချက်တီးချိန်ကို
ကုဋေတစ်သိန်းလောက်စိတ်လျှင် တစ်စိတ်လောက်သာ အချိန်ကြာ၏။
ဘ၀ဟောင်းကစုတေသည်နှင့် တစ်ပြိုင်နက် ဘ၀သစ်မှာ ဖြစ်ရတော့၏ ဟုဆိုလိုသည်။

အိမ်အနီးအပါး၌ တစ္ဆေပြိတ္တာဖြစ်နေသူများသည် ထိုတစ္ဆေ္ဆဘ၀မှာပင် အသစ်ဖြစ်ရ၏။
နတ်ပြည်နှင့် ငရဲပြည်သို့ ရောက်မည့်သူလည်း
ထိုအတောအတွင်းမှာပင် ထိုဘ၀သစ်၌ ဖြစ်ပြီးလေ၏။
ထို့ကြောင့် အလောင်းကောင်ကို သင်္ချိုင်းမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ
သရဏဂုံတင်ကြောင်းကို သေလွန်သူတို့သိဖို့အရေးမှာ အလှမ်းဝေးလှချေ၏။
သိမည်ဆိုလျှင် အိမ်အနီး၌ သုသာန်အနီး၌ တစ္ဆေ၊ ပြိတ္တာဖြစ်နေသူလောက်သာ သိခွင့်ရှိသည်။
      အကယ်တန္တု သေဆုံးသူသည် ကံအကြောင်းမလှသောကြောင့်
တစ္ဆေသရဲဟု ခေါ်သော ပရဒတ္တူပဇီဝိတ ပြိတ္တာဖြစ်လျှင်
ထိုပြိတ္တာဘုံ၌ (၇)ရက်မျှ ခေတ္တနေခြင်းမဟုတ်။
မိမိပိုင်ဘုံမှာ ကာလအပိုင်းအခြားမရှိ နေခြင်းမျိုးသာ ဖြစ်ပါ၏။

တစ္ဆေသူရဲဖြစ်တိုင်းလည်း သူ့မိသားစုနှင့် အိမ်ရာ အဆောင်အဦး အနီးအပါးမှာ မနေထိုင်ပါ။
မိမိ၏ မိသားစုနှင့် အိမ်ရာ ဥစ္စာအပေါ် စွဲလမ်းတပ်မက်သော တစ္ဆေသူရဲတွေသာ
အိမ်အနီးဝန်းကျင်တွင် ကျင်လည်နေခြင်းဖြစ်ပါသည်။
သေဆုံးပြီး (၇)ရက်ကြာမှ ရက်လည်ဆွမ်းသွတ်ခြင်းသည်
အန္တရာဘ၀၀ါဒီတို့၏ အယူဝါဒ တစ်စိတ်တစ်ဒေသ ၀င်ရောက်ရောနှောခြင်း ဖြစ်ပါသည်။

ကွယ်လွန်သူအတွက် ရည်မှန်းပြီး သပိတ်သွတ်ဆွမ်းကျွေး အလှူဒါနပြု အမျှဝေခြင်းသည်
(၇)ရက် ရည်လည်မှမဟုတ်ဘဲ သေဆုံးပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာပင် ပြုလုပ်နိုင်ပါသည်။ ကွယ်လွန်သူကလည်း ပရဒတ္ထုပဇီဝပြိတ္တာဖြစ်နေ၊
အမျှဝေခြင်းကိုလည်း သာဓုခေါ်နိုင်ခဲ့လျှင်
တစ်ရက်နှစ်ရက် အတွင်းမှာ ပြိတ္တာဘ၀မှ လွတ်မြောက်လျှင်လည်း လွတ်မြောက်နိုင်ပေလိမ့်မည်။
သို့မဟုတ် ပြိတ္တာဘ၀ အဆင့်အတန်းမြင့်မားနိုင်ပေလိမ့်မည်။

ဤ "အန္တရာရာဘ၀အယူဝါဒ" အပေါ်တွင် ချမ်းမြေ့ ရိပ်သာ ဆရာတော်ကြီးကလလည်း
အောက်ပါအတိုင်း ဝေဖန်ဆုံးဖြတ်တော်မူခဲ့ဖူးပါသည်။
"လူသေလို့ ရုပ်ခန္ဓာကြီး ပျက်စီးသွားတဲ့အခါ၊ အသက်ဝိညာဉ်ကလေးဟာ
ရုပ်ခန္ဓာကြီးထဲက မပျက်စီးဘဲ ထွက်ခွါသွားပြီးတော့ သင်္ချိုင်းမှာဖြစ်စေ၊
သေသူရဲ့ အိမ်နားပတ်ဝန်းကျင်မှာ ဖြစ်စေ လှည့်လည်သွားနေတယ်လို့ အချို့ယူဆကြတာပေါ့။
သေသူရဲ့ဝိညာဉ်ဟာ သူရှိနေကြောင်းကို သိရအောင် ကိုယ်ထင်ရင်လဲ ပြတယ်။
အိမ်တံခါးကိုလဲ လာခေါက်တယ်။ အိမ်အောက်မှာ ဖြစ်စေ၊ အိမ်ထဲမှာဖြစ်စေ၊ ခြေသံ တရှပ်ရှပ်နဲ့ သွားလာလှုပ်ရှားနေတယ် စသည်ဖြင့် ယူဆစွဲလန်းကြတယ်။
ဒါကိုပဲ သူရဲ တစ္ဆေလို့ ခေါ်ဝေါ်သမုတ်ကြပြန်တယ်။ သူ့ကို ရည်မှန်းပြီး ရက်လည်ဆွမ်းသွတ်ခြင်း စတဲ့ ဒါနကုသိုလ်ကို ပြုလုပ်ရင် အဲဒီဝိညာဉ် အတ္တလေးက သာဓုခေါ်ပြီး တွယ်ရာမဲ့ တ၀ဲလည်လည်နေတဲ့
သူရဲ၊ တစ္ဆေဘ၀မှ ကျွတ်လွတ်သွားတယ်။ အဲဒီလို ကျွတ်လွတ်သွားပြီးမှပဲ သူရောက်ထိုက်တဲ့ နောက်ဘ၀တစ်ခုကို ရောက်သွားရတယ်လို့ အများအားဖြင့် ယူဆစွဲလမ်းကြတယ်။

ဒီ အယူအဆမျိုးကတော့ ရောက်ထိုက်တဲ့ဘ၀မျိုးကို မရောက်ရသေးမီ
'ကြားခံအန္တရာဘ၀' တစ်ခုရှိသေးတယ်လို့ယူဆတဲ့ အယူမှားပါပဲ။

ဗုဒ္ဓရှင်တော်မြတ်ဘုရား အဘိဓမ္မာဒေသနာတော် အရကတော့ စုတိစိတ်ချုပ်ငြိမ်းတဲ့နောက်
နောက်တစ်ဘ၀မှာ ပဋိသန္ဓေစိတ်ဖြစ်တာဟာ တစ်စက္ကန့်တောင်မကြာပါဘူး။
'အန္တရာဘ၀၀ါဒ' ကို မစွန့်မူ၍ အမြဲယူက "နီယတမိစ္ဆာဒိဌိ" ဖြစ်ကြောင်း
ကျေးဇူးရှင် စတုဂီရိတောင်လေးလုံးဆရာတော်ကြီးကလည်း ဤသို့ သတိပေးတော်မူခဲ့ပါသည်။
"လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။
သေလေပြီးလျက် အစားလာ၍ စားဦးမည်ဟု ခွက်နှင့် ထမင်းကို
အလောင်းအပါးတွင် တည်ထားကြသည်။ သေသော်စုတိစိတ်အဆုံး၌
ပဋိသန္ဓေစိတ်ဖြစ်၍ ဘ၀ခြားလေပြီဖြစ်လျက် အိမ်မှာ ခုနစ်ရက်နေခြင်းစသည်ကို
အဘယ်သို့ ပြုနိုင်မှာအံ့နည်း။

ပစ္စုပ္ပန်ဘ၀အဆုံး သေခြင်းစုတိစိတ်ဖြစ်၍ ချုပ်သည်၏ အခြားမဲ့၌
ပဋိသန္ဓေစိတ်ဖြစ်မြဲ ဖြစ်သည်။ သေခြင်းတိစိတ် နှင့် ပဋိသန္ဓေ စိတ်အကြားမရှိ။

ထို့ကြောင့် သေပြီးသော အသက်ဝိညာဉ်သည် အိမ်မှာ (၇)ရက်နေပြီးမှ
ဘ၀တစ်ပါးသို့ သွားသည်ဟူသော မှားသော အယူကို စွန့်ကုန်ရှာ၏။
မစွန့်မူ၍ အမြဲယူပါက နိယတမိစ္ဆာဒိဌိ ဖြစ်ရာသည်။

အချုပ်ဆိုရသော်-
                     လူသေသောအခါ (၇)ရက်မလည်မီ တစ္ဆေသူရဲ ၀ိညာဉ်ဘ၀နှင့်
အိမ်တွင် ဝေ့၀ဲကျင်လည်နေသည်ဟူသော အန္တရာဘ၀၀ါဒသည်
ထေရ၀ါဒဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ဖီလာဖြစ်သော အယူဝါဒဖြစ်သောကြောင့်
ဗုဒ္ဓဘာသာဝင်တိုင်း လွတ်လွတ်စွန့်လွှတ်ရှောင်ခွာအပ်ပါ၏။

မင်းနန်၊ မော်ကျွန်း - အယူအမြင်မှန်ကန်ရေး မှ
Credit: mmcybermedia

Thursday, August 16, 2012

ဝိညာဉ် လိပ်ပြာအယူ

"ဓမ္မနိဿတ္တိ-နိဇ္ဇ၀= သတ္တ၀ါလည်း မဟုတ်၊ ဇီဝ= အသက်လိပ်ပြာလည်းမဟုတ်၊
နာမ်ရုပ် ဓမ္မသင်္ခါရသာဟုတ်၏" ဟူ၍ မြတ်ဗုဒ္ဓက ဟောတော်မူခဲ့ပါသည်။
သို့စဉ်လျက် "၀ိညာဉ်လိပ်ပြာ" ရှိသည်ဟူသော အယူအစွဲသည်
အစဉ်အလာအားဖြင့် ခိုင်မြဲလာခဲ့ပါသည်။

အထူးသဖြင့် ယင်းအယူအစွဲသည်
ကျေးလက်ဒေသတို့၌ ပိုမိုအားကောင်းရှင်သန်ပျံ့နှံ့လျက်ရှိပါ၏။
      ကျေးလက်တောရွာများ၌ အချို့မိန်းမတို့သည် နေ၀င်မိုးချုပ်တော့မည်ဆိုလျှင်
"သားလေးရဲ့ အသက်လိပ်ပြာလာလာ၊ ဘယ်မှ မသွားနဲ့၊ အမေနဲ့ အတူ အိပ်ရအောင်"
စသည်ဖြင့် ပြောလေ့ရှိတတ်ကြပါသည်။
အညာရွှေလီဒေသ၌ အများဆုံး ပြောဆိုတတ်သည်ဟု
ဆောင်းပါးတစ်စောင်တွင် ဖတ်ရဖူးပါသည်။

အချို့ကမူ လူသေသောအခါ အပ်ချည်မျှင်နှင့် ကွင်းလုပ်ပြီး
ကလေးသူငယ်များ၏ လက်တွင်စွပ်ပေးထားသည်။
အချို့ကမူ လက်တွင်မစွပ်ပဲ လည်ပင်းတွင် စွပ်သည်။
ဤသည်မှာ သေသူနှင့်လိပ်ပြာခွဲသည်ဟု ဆိုပါသည်။

အချို့ကမူ လူသေသောအခါ ရက်မလည်မီ (၇ ရက်မပြည့်မီ) အိမ်ပေါ်တွင်
သင့်လျော်သောနေရာ၌ အိပ်ရာနေရာခင်းပေးထားရသည်။
သေသူ၏ ၀ိညာဉ်လိပ်ပြာကလေးက ထိုအိပ်ရာနေရာတွင် နေထိုင်သည်ဟု ယူမှတ်ကြ၏။ ကျန်ရစ်သူမိသားစုက ထမင်းစားတော့မည်ဆိုလျှင်
သေသူအတွက်ခင်းကျင်းထားသော အိပ်ရာနေရာဘေး၌ ထမင်းဟင်းကို ချထားပေးရသည်။
ဝိညာဉ်လိပ်ပြာကို ထမင်းကျွေးသည့် သဘောပင် ဖြစ်၏။

လူသေကို သုသာန်တွင် မြှုတ်နှံ (သို့) သင်္ဂြိုလ်ပြီးစီးသောအခါတွင်လည်း
သုသာန်မှ သစ်ကိုင်း၊ သစ်ခက် တစ်ခုခုချိုးဖဲ့လျက်
"ငါနှင့် လိုက်ခဲ့" ဟု သေသူ၏ လိပ်ပြာကို ခေါ်ခဲ့ခြင်းမျိုးလည်း ရှိ၏။
ယင်းသို့ ခေါ်ရာ၌ပင် "လမ်းမှာစကားမပြောနဲ့" ဟုပညတ်ခြင်း မျိုးလည်းရှိပါသည်။

ဤလိပ်ပြာရှိသည်ဟူသော အယူအဆသည်
ထေရ၀ါဒ ဗုဒ္ဓ ဓမ္မနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ခြားနားပါသည်။
ဤလိပ်ပြာအယူဝါဒမှာ သာသနာပြင်ပ ဗြဟ္မဏတို့၏ အယူဝါဒသာ ဖြစ်ကြောင်း
မြတ်ဗုဒ္ဓက အောက်ပါအတိုင်း ဟောတော်မူခဲ့ပါ၏။

"ဤလောက၌ အချို့သော သမဏ၊ ဗြဟ္မဏတို့သည်
သမထတရားကို ပြင်းစွာ အားထုတ်ခြင်းကြောင့် လည်းကောင်း၊
အဖန်တလဲလဲ လုံ့လပြုခြင်းကြောင့် လည်းကောင်း၊
မမေ့မလျော့ မပေါ့မဆ အားထုတ်ခြင်းကြောင့် လည်းကောင်း၊
 ကောင်းစွနှလုံးသွင်းခြင်းကြောင့် လည်းကောင်း၊
စိတ်တည်ကြည်မှု အပ္ပနာ သမာဓိရကြလေသည်။
ထိုအပ္ပမာသမာဓိကြောင့် တစ်သိန်းမက
များလှသော ဘ၀တို့၌နေခဲ့ဖူးသည့် အရပ်ဒေသ၊
အမျိုးအမည်၊ အဆင်း၊ စားသုံးခဲ့ရသည့် အာဟာရ၊ ချမ်းသာဆင်းရဲ၊
အသက်အပိုင်းအခြားတို့ကို အထောက်အထားနှင့်တကွ ပြောပြနိုင်ကြလေသည်။
ထို့ကြောင့် သမဏ၊ ဗြဟ္မဏတို့က ဤခန္ဓာကိုယ်သည်
လိပ်ပြာ(အသက်ကောင်လေး) ရှိ၏။ ခိုင်မြဲ၏။ ဟုအယူရှိခဲ့ကြလေသည်။"
(ဒိဃနိကာယ်၊ သုတ်သီလက္ခန်ပါဠိတော်၊ ဗြဟ္မဇာလသုတ်မှ)

လူသေသောအခါ သေသူ၏ ၀ိညာဉ်လိပ်ပြာအတွက် ထမင်းကျွေးခြင်းအပေါ်
ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရားက ဤသို့ဝေဖန်သုံးသပ်တော်မူခဲ့ပါသည်။

"ရှေးက ဤသို့သေသူအတွက် ထည့်ပေးသော ထမင်းကို ကုမီး္ဘထမင်းဟုခေါ်သည်။
သို့သော် ယင်းတို့မှာ အယူသီးမှုများသာဖြစ်သည်။
သေသူကလည်း စားသောက်နိုင်သည်မဟုတ်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာမရှိမီက အယူအဆများဖြစ်ရာ
ဗုဒ္ဓဘာသာ သာသနာတော်အရ သေသူအတွက် ရတနာသုံးပါးအား လှူဒါန်း၍
ပတ္တိဒါနခေါ် အမျှဝေခြင်းသာ သဘောမှန် ဖြစ်ပါသည်။
အမျှပေးဝေသည်ကို သေသူကရောက်ရာဘ၀ သာဓုအနုမောဒနာခေါ်နိုင်က
ကုသိုလ်အကျိုးခံစားရ၍ ဒုဂ္ဂတိဘ၀၌ ဖြစ်နေရသည့်တိုင်အောင် သုဂတိသို့ ရောက်ရှိနိုင်သည်။"
     
ထေရ၀ါဒဗုဒ္ဓဓမ္မအလိုအရမူ
"၀ိညာဉ်လိပ်ပြာ" ရှိသည်ဟူသောအယူသည် သဿတဒိဠိ ဖြစ်ပါ၏။
ဤအယူအစွဲသည် မြတ်ဗုဒ္ဓ၏ အနတ္တ၀ါဒ နှင့် ဆန့်ကျင်ခြားနားသောကြောင့်
ဤအယူအစွဲကို ဗုဒ္ဓဘာသာဝင်ပီသသူတိုင်း ယတိပြတ် ပယ်စွန့်အပ်ပါသည်။
 
(မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေး မှ)
Credit: mmcybermedia)

Wednesday, August 15, 2012

ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ


မည်သည့်ခေတ်က မည်သည့်ပုဂ္ဂိုလ်က စတင်၍ သုံးနှုန်းခဲ့သည်ဟု မသိပါ။ မြန်မာဗုဒ္ဓဘာသာဝင်များအကြားတွင်
အမှန်တရားပမာ လက်ဆင့်ကမ်းပြောဆို သုံးနှုန်းရေးသားနေသော စကားတစ်ခုရှိသည်။
ယင်းကား-
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ"
ဟူ၍ဖြစ်သည်။

မိခင်မေတ္တာဖွဲ့ သီချင်းတို့တွင်လည်း သည်စကားကို ကြားရဖူးပါသည်။
မိဘမေတ္တာဖွဲ့ စာစီစာကုံးတို့တွင်လည်း သည်စာသားကို တွေ့မြင်ရဖူးသည်။
လူကြီးမိဘတို့က သားသမီးတို့ကို မိဘကျေးဇူးသိရန် ဆိုဆုံးမသည့် အခါတွင်လည်း
 "သည်အသုံးအနှုန်း" ကို ကိုးကားပြောဆိုတတ်ကြ၏။
ကောင်းပြီ။
       
(၁) ဘုရားရှင်သော်မှ မိခင်၏ ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင်
ဆပ်နိုင်တော်မူသည်မှာ "အမှန်တရား" ပေလော။
         (၂) ဘုရားရှင်ကိုယ်တော်တိုင်က "သူသည် မိခင်၏ ကျေးဇူးကိ
ု နို့တစ်လုံးဖိုးသာကျေအောင် ဆပ်နိုင်သည်" ဟုမိန့်တော်မူခဲ့၍လော။
         (၃) မယ်တော် "မာယာ" နှင့် မိထွေးတော် "ဂေါတမီ" တို့က ဘုရားရှင်သည်
သူတို့အပေါ် နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်သည်ဟု ပြောခဲ့၍လော။
         (၄) ထေရ၀ါဒ ပိဋကတ်တော်များတွင်
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ" ဟူသော စာသားပါဝင်ပါ၏လော။
            ဤသို့ဆန်းစစ်လေ့လာသင့်သည်။

စင်စစ်သော် "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောအသုံးအနှုန်းမှာ
ထေရ၀ါဒပိဋကတ်တော်တွင် လုံးဝမပါဝင်ပါ။
ယင်းစကားမှန်၏ - မှား၏ ဟူသည်ကို မိထွေးတော် ဂေါတမီ၏ မြတ်စွာဘုရားထံ
လျှောက်ထားချက်ကို လေ့လာကြည့်ရုံမျှနှင့် အဖြေမှန်ကို တွေ့နိုင်ပါသည်။
မိထွေးတော် ဂေါတမီက ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါ၏။
"သားတော် ဘုရား၊ သားတော်ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်က
သားတော်ရဲ့ပကတိ ကိုယ်ခန္ဓာ ကြီးထွားပြီး အို၊ နာ၊ သေ ကိုပဲ ပေးစွမ်းနိုင်ပါတယ်။
သားတော်ဘုရားက မယ်တော်ကို တိုက်ကျွေးတဲ့ ဓမ္မနို့ရည်က
မယ်တော်ရဲ့တရားခန္ဓာကိုယ်ကြီးကို ကြီးထွားစေပြီး မအို၊ မနာ၊ မသေရာ မြတ်နိဗ္ဗာန်ကို ပေးပါတယ်။
သားတော် ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်ထက်
သားတော်ဘုရားက တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်က တန်ဖိုးကြီးလှပါတယ်။
သားတော်ဘုရားသည် မယ်တော်အပေါ်မှာ နို့ဖိုးအကြွေးမရှိတော့ပါ။
နို့ဖိုးကြွေးကျေပါပြီ"

မိထွေးတော် "ဂေါတမီ" ကိုယ်တော်တိုင်က ဘုရားရှင်အား
နို့ဖိုးကြွေးမရှိတော့ပါဟု လျှောက်ထားခဲ့ပါလျက်
ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ ဟူသော စကားကို စတင်၍ ဖြန့်ဖြူးသူက ဖြန့်ဖြူးပြီး
မဝေဖန် မစိစစ်မူလျက် လွယ်လွယ်ပင် နို့သက်ခံခြင်း၊ ယူငင်သိမ်းပိုက်လက်ခံခြင်းမှာ
များစွာ ၀မ်းနည်းဖွယ်ကောင်းလှပါ၏။

ကောင်းပြီ။ ဘုရားရှင်သည် မိထွေးတော် "ဂေါတမီ" အပေါ်တွင်သာ
ကျေးဇူးကို ကျေပြွန်အောင် ပေးဆပ်နိုင်ပါ၏လော။
မွေးမယ်တော်ဖြစ်သော "မယ်တော်မာယာ" အပေါ်တွင်လည်း
မွေးကျေးဇူးကို ကျေအောင်ဆပ်နိုင်ပါ၏လော။
ဆန်းစစ်သော်-
မြတ်စွာဘုရားသည် မယ်တော်ရင်းကိုလည်း နတ်ပြည်တက်၍
အဘိဓမ္မာတရားဟောကြားပြီး ကျေးဇူးဆပ်တော်မူခဲ့ပါ၏။
ဘုရားရှင်၏ အဘိဓမ္မာတရားကို နာကြားပြီးသောအခါ "မယ်တော်မိ နတ်သား" မှာ
သောတာပန်ဖြစ်သွားပြီး "ဘုံစဉ်စံ အရိယာ" ဖြစ်သွားသောကြောင့်
"အပါယ်ဘေး" မှ လွတ်မြောက်သွားခဲ့ပါသည်။

ဤသို့ဖြင့် ဘုရားရှင်သည် "မိခင်ရင်း" အပေါ်တွင်လည်းကောင်း၊
"မိထွေးတော် ဂေါတမီ" အပေါ်တွင်လည်းကောင်း၊ မိခင်ကျေးဇူးများကို ကျေပြေစေရန်
အမြတ်ဆုံးသော လောကုတ္တရာနည်းအားဖြင့် ကျေးဇူးဆပ်တော်မူခဲ့ပါ၏။
မိခင်ကျေးဇူးကို ဖွဲ့ဆိုရာတွင် အသုံးပြုသော
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောစကားကြောင့်-
         (၁) ဤလောက၌ သူတစ်ထူး၏ ကျေးဇူးကို သိတော်မူရ၌
အနှိုင်းမဲ့ဖြစ်တော်မူသော "ဘုရားရှင်" အား ပြစ်မှား စော်ကားရာ ရောက်ခြင်း။
         (၂) ဘုရားရှင်သော်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ရာ သာမန်ပုထုဇဉ်လူသားတို့အဖို့ မိခင်ကျေးဇူးကို ကျေပြေအောင်
မဆပ်နိုင်သည်မှာ အပြစ်ပြောဖွယ်မလိုဟူ၍ ခံယူကြခြင်း၊
             မိခင်ကျေးဇူးကို ဆပ်ရကောင်းမှန်း မသိသူတို့အဖို့
ဆင်ခြေတက်စရာ၊ စောဒကတက်စရာ "စကား" တစ်ခုအဖြစ် အသုံးချနိုင်ခြင်း။
         (၃) "မိခင်ကျေးဇူး ကျေပြေအောင်ဆပ်နည်း" ရှိုသည်ဟုပင် မသိတော့ခြင်း။.....
ဟူသော "ရလဒ်ဆိုးများ" ထွက်ပေါ်လာပါသည်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် မိဘ၏ ကျေးဇူးကို အထူးအသိအမှတ်ပြုတော်မူပါ၏။
တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀၏နုတ၀ဂ်၊ ၅-၁၁ ဗြဟ္မကသုတ်တွင် မိဘကျေးဇူးကို
ဤသို့ ဖော်ကျူးမြွက်ကြားတော်မူခဲ့ပါ၏။
         "ရဟန်းတို့၊ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည်
ဗြဟ္မာ နှင့် အတူနေထိုင်သည်မည်၏။
မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည်
လက်ဦးဆရာနှင့် အတူ နေထိုင်သည်မည်၏။
"ရဟန်းတို့၊  ဗြဟ္မာဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
လက်ဦးဆရာ ဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဝေးမှ သယ်ပိုးလာရသော ပစ္စည်းကိုပင် ခံယူထိုက်သည့် အလှူခံပုဂ္ဂိုလ်မြတ်ဆိုသည်ကား
အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဘယ့်ကြောင့်နည်းဟူမူကား
အမိအဖတို့သည် သားသမီးတို့အား အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်၊
ကြီးပြင်းအောင် စောင့်ရှောက်သော ပုဂ္ဂိုလ်၊
ရင်သွေးကို နို့တိုက်၍ မွေးမြူပြုစုသော ပုဂ္ဂိုလ်တို့ ဖြစ်ကြသောကြောင့်တည်း"

ဘုရားရှင်သည် "မိဘတို့၏ ကျေးဇူး" ကို အထက်ပါအတိုင်း
အသိအမှတ်ပြု ဖော်ညွှန်းတော်မူခဲ့ပြီး မိဘကျေးဇူးကို ကျေပြေအောင် တုံ့ဆပ်နည်းကိုလည်း
(ဒုကအင်္ဂုတ္တိရ်။ ၄-သမစိတ္တ၀ဂ်၊ ဒုတိယသုတ်) တွင်
အောက်ပါအတိုင်း နည်းပေးညွှန်ပြ သြ၀ါဒပေးတော်မူခဲ့ပါ၏။
"ရဟန်းတို့၊ ပုဂ္ဂိုလ်နှစ်ဦးကို လွယ်ကူစွာ ကျေးဇူးတုန့်ပြန်ဆပ်နိုင်သည်ဟု ငါမဟောပေ။ အဘယ်ပုဂ္ဂိုလ်နှစ်ဦးဟူမူ မွေးသည့်မိခင် နှင့် မွေးသည့် ဖခင်တို့ ဖြစ်၏။
         ရဟန်းတို့ အသက်တစ်ရာတမ်း၌ဖြစ်၍ အသက်တစ်ရာရှည်သောသူသည် (အသက်ထက်ဆုံး)
အမိကို လက်ျာပခုံးထက်၌ ထား၍ အဖကိုလက်ဝဲ ပခုံးထက်၌ ထား၍
ထိုပခုံးထက်၌ပင် အမိအဖတို့အား မကောင်းသော အနံ့အသက်ကင်းအောင်
အမွှေးအကြိုင် လိမ်းပေးခြင်း၊ ညောင်းညာပင်ပန်းခြင်း မရှိအောင် နှိပ်နယ်ပေးခြင်း၊
ရေးနွေးတန်လျှင် ရေနွေး၊ ရေအေးတန်လျှင် ရေအေး ချိုးပေးခြင်း၊
ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်းဖြင့် လုပ်ကျွေးပြုစုရာ၏။
အမိအဖတို့ကိုလည်း ထိုပခုံးထက်တွင်ပင်  ကျင်ကြီးကျင်ငယ်စွန့်ခြင်းကို ပြုကုန်ရာ၏။
ရဟန်းတို့၊ ဤသို့ပင် လုပ်ကျွေးပြုစုသော်လည်း အမိအဖတို့အပေါ်၌
လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။
အမိအဖတို့အား ကျေးဇူးတုံ့ပြန်ဆပ်သည် မမည်သေးပေ။
        
ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော
မိဘတို့ကို သဒ္ဓါတရား မရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တို သော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘတို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။"

ကျေးဇူးတော်ရှင် မြတ်ဘုရားသည်
လောကုတ္တရာနည်းအားဖြင့် မိခင်ကျေးဇူးကို ကျေပြေအောင်
 ပေးဆပ်တော်မူခဲ့ပြီးဖြစ်သောကြောင့်
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ" ဟူသော "ကြီးမားသော အမှား" အား
ဆန့်ကျင်ကြပါစို့။

မင်းနန် (မော်ကျွန်း) - အယူအမြင်မှန်ကန်ရေး မှ
Credit: mmcybermedia

Monday, August 13, 2012

မိန်းမ မ၀င်ရ ပညတ်ချက်


မြန်မာဘာသာရေးနယ်ပယ်၌ ထေရ၀ါဒနှင့် မပတ်သတ်ဘဲ
ဗြဟ္မဏ၀ါဒမှ ၀င်ရောက်လာဟန် လက္ခဏာရှိသော ဓလေ့တစ်ခုရှိပါ၏။

ယင်းဓလေ့ကား
သိမ်များ၊ ဘုရားတန်ဆောင်းများထဲသို့ "မိန်းမ မ၀င်ရ" ဟု တားမြစ်ခြင်းပင် ဖြစ်ပါသည်။

ဤ ဓလေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် တွင်ကျယ်ပျံ့နှံ့မှုတော့ မရှိပါ။
ကျိုက္ခမီ၊ ကျိုက်မရော၊ ကတိုးကော့နှပ်နှင့် ကျိုက်ထီးရိုး စသည်တို့၌သာ ခေတ်စားပါ၏။
မြန်မာပြည်ရှိ အခြားမြို့ရွာ နယ်ပယ်အများတို့တွင်ကား
ယင်းသို့ "မိန်းမ မ၀င်ရ" ဟုတားမြစ်ထားသော ဘာသာရေး အဆောက်အဦး ဟူ၍
မရှိသလောက်ပင် ဖြစ်ပါ၏။

ဗုဒ္ဓမြတ်စွာသည် လူဝတ်ကြောင်ဖြစ်သော ယောက်ျားနှင့် မိန်းမတို့အား
အတန်းအစားခွဲခြားတော် မမူခဲ့ပါ။ မိန်းမတို့ကို နှိမ့်ချ၍ မထားခဲ့ပါ။
ဧတဒဂ်ပေးတော်မူရာ၌ပင် ဘိက္ခုတို့ကို ပေးတော်မူသကဲ့သို့
ဘိက္ခုနီမတို့ကိုလည်း ပေးတော်မူပါ၏။
ဘုရားရှင်သည် သူ၏ ရှေ့မှောက်သို့
"မာတုဂါမများ" (အမျိုးသမီးများ) လာရောက်၍ မဖူးရဟူ၍လည်း ပညတ်တော်မမူခဲ့ပါ။

မိန်းမများကို ဟိုအဆောက်အဦးထဲ မ၀င်ရ၊ ဒီအဆောက်အဦးထဲ မ၀င်ရဟူ၍
ပညတ်ခြင်းမှာ ဟိန္ဒူဘာသာ စည်းကမ်းနည်းလမ်းများသာ ဖြစ်ပါသည်။

ဟိန္ဒူဝါဒ၌ မိန်းမတို့၏ အခန်းကဏ္ဍသည် အလွန်တရာသေးသိမ်၏။
မိန်းမများကို ယောက်ျားတို့ သုံးဆောင်ဖွယ်ရာ ပစ္စည်းဘဏ္ဍာတို့တွင်
အကောင်းမွန် အမြင့်မြတ်ဆုံးသော ပစ္စည်းဘဏ္ဍာ တစ်ခုဟုပင် ယူဆထားကြပါ၏။
ရှေးအခါက မီးသင်္ဂြိုဟ်ခံရသော ဓလေ့ထုံးစံပင် ရှိခဲ့ဖူးပါသည်။
ဟိန္ဒူတရားဥပဒေကျမ်းအရ ယောက်ျားသည် မိန်းမယူရာ၌ အကန့်အသတ်မရှိ၊
အလိုရှိသလောက် ယူနိုင်ခွင့်လည်း ပေးထား၏။

"မိန်းမ မ၀င်ရ၊ မတက်ရဟူသော တားမြစ်ချက်မှာ
လူမျိုးဓလေ့အယူအဆမျိုးသာ ဖြစ်ရာ ဘာသာရေး ပညတ်ချက်မဟုတ်ပါ။
ထိုမ၀င်ရဆိုသော သိမ်ကျောင်းတန်ဆောင်းများအတွင်းသို့ မိန်းမများ ၀င်ရောက်၍
ပန်း၊ ဆီမီး၊ ရေကပ်လှူခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားအားထုတ်ခြင်း စသည်တို့အတွက်
ဘာသာရေးတားမြစ်ချက်မရှိ၍ အပြစ်ဖြစ်သည်ဟုကား မဆိုနိုင်။
ဆိုစရာလည်း အကြောင်းမရှိ။
သို့သော် ရပ်ရွာဓလေ့လူမျိုး အယူအဆပိုင်ဆိုင်ရာ တားမြစ်ချက်များဖြစ်၍
လိုက်နာရှောင်ကြဉ်ခြင်းဖြင့် အပန်းမကြီးပါ"

အနှိုင်းမဲ့ ကျေးဇူးတော်ရှင်မြတ်ဘုရားသက်ရှိထင်ရှားရှိစဉ်ကပင်
သူ့ထံတော်မှောက်သို့ မာတုဂါမများ (အမျိုးသမီး) ကို ၀င်ရောက်ဖူးမြှော်ခွင့် ပေးခဲ့ပါလျက်
ဘာသာရေး အဆောက်အဦးထဲ
"မိန်းမ မ၀င်ရ" ဟုတားမြစ်ခြင်းမှာ
တရားမျှတသော ပညတ်ချက် ဟုတ်၏- မဟုတ်၏ ဟူသည်ကို
အသိဥာဏ်ရှိသူတိုင်း မှန်ကန်စွာ ဆုံးဖြတ်နိုင်လိမ့်မည်။

မင်းနန် (မော်ကျွန်း) - အယူအမြင်မှန်ကန်ရေး မှ
Credit: mmcybermedia

Saturday, August 11, 2012

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ


အစီအစဉ်
 
နေ့ရက်
၁၃၇၄ - ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၀) ရက်၊ တနင်္ဂနွေနေ့
12 / 08/ 2012 Sunday
 
အချိန်
နံနက် ၇း၀၀ နာရီ အရုဏ်ဆွမ်းဆက်ကပ်
နံနက် ၉း၀၀ နာရီ ပရိသတ်များစတင်ဧည့်ခံ
နံနက် ၁၁း၃၀ နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ (၁း၀၀) တရားဟော
 
နေရာ
ကပုန်းကျောင်း
19, Jalan 38, Desa Jaya,
Kepong 52100
 
HP: 017 2422336

Friday, August 10, 2012

မီးလွတ်စားခြင်း

ဗုဒ္ဓဘာသာများထဲတွင်
"မီးလွတ်စားခြင်း" ကို သာသနာတော်အကျင့်ဟု ထင်မှတ်သူများ ရှိပါသည်။
မီးလွတ်စားသော ပုဂ္ဂိုလ်များကိုလည်း
သူတော်စင် သူတော်မြတ်အလား သဘောထား ကြည်ညိုကြ၏။
"မီးလွတ်စားခြင်း" ဟူသည် မီးဖြင့် ချက်ပြုတ်ကြော်လှော်ထားခြင်းမရှိသော
အစားအစာ၊ သစ်သီးသစ်ဥတို့ကိုသာ စားသုံးခြင်းကို ဆိုလိုပါသည်။
မီးလွတ်စားခြင်းဟူသည်-
(၁) သာသနာတော်ကျင့်စဉ် ဟုတ်ပါ၏လော။
(၂) ဘုရားရှင်က ထင်းမီးလွတ်သော အစားအစာကို စားခြင်းသည်
'အကျင့်မြတ်' ဟု ဟောတော်မူခဲ့ပါ၏လော။
(၃) ဗုဒ္ဓအလိုကျ 'မီးလွတ်စားနည်း' ရှိပါသလော
စသည် စသည်ဖြင့် ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်း ပြုလုပ်ရန် လိုပါသည်။

စင်စစ်သော် သရက်သီးစားခြင်း၊ ငှက်ပျောသီးစားခြင်း၊
သစ်သီးသစ်ဥစားခြင်း စသည် ထင်းမီးလွတ်စားခြင်းသည် သာသနာတော် ကျင့်စဉ်မဟုတ်ပါ။
ဘုရားရှင်က ထင်းမီးလွတ်စားရန်လည်း ညွှန်ကြားတော်မူခြင်း မရှိခဲ့ပါ။

မြန်မာအဘိဓာန် (စာ-၂၆၉)တွင်မူ
'မီးလွတ်' ဟူသောပုဒ်ကို အောက်ပါအတိုင်း ဖွင့်ဆိုခဲ့ပါသည်။
မီးလွတ် (ကြိယာ) - မီးလောင်ဘေးမှ လွတ်ကင်းသည်။
မီးလွတ်  (နာမ်)    - မီးဖြင့် စီမံချက်ပြုတ်ခြင်းမပြုဘဲ
အများအားဖြင့် အဓိဌာန်နှင့် စားသောက်သော သစ်သီးသစ်ဥ စသည်၊
ဤသည်မှာ ယေဘုယျအားဖြင့် အများနားလည်ထားသည့်အတိုင်း ဖွင့်ဆိုထားချက်မျှသာ ဖြစ်၏။
ထေရ၀ါဒ ပိဋကတ်တော်အလိုအရ မဟုတ်ပါ။
ထေရ၀ါဒ ပိဋကတ်တော်တွင် မီး ၇ ပါးကို ဖော်ပြ ဖွင့်ဆိုထားပါသည်။

အင်္ဂုတ္တနိကာယ်၊ သတ္တကနိပါတ်၊ အဂ္ဂိသုတ်၌-
(၁) ရာဂမီး          -   လိုချင်တပ်မက်ခြင်း။
(၂) ဒေါသမီး        -   စိတ်ဆိုးစိတ်ပျက်ခြင်း။
(၃) မောဟမီး       -   အမှန်တရားကို မသိခြင်း။
(၄) အာဟုနေယျမီး    -   မိဘ ဆရာသမား စသော ကျေးဇူးရှင်များကို မပြစ်မှားခြင်းကြောင့်
ဆင်းရဲဒုက္ခနှင့် မတွေ့ကြုံရခြင်း။
(၅) ဂဟပတိမီး       -    အိမ်ရှင် လင်ယောက်ျားကို မပြစ်မှားမစော်ကားသောကြောင့်
အိမ်ထောင်ရှင် အမျိုးသမီးတို့ ဆင်းရဲဒုက္ခ မတွေကြုံရခြင်း။
(၆) ဒက္ခိနေယျမီး     -   ရဟန်းသံဃာ စသော အလှူခံ ပုဂ္ဂိုလ်မြတ်များကို
မစော်ကားသောကြောင့် ဆင်းရဲဒုက္ခ မတွေ့ကြုံရခြင်း။
(၇) ထင်းမီး          -   အစားအသောက်ကို ကျက်အောင် ချက်ပြုတ် ဖုတ်ကင်သော မီး။

အထက်ပါ မီး ၇ ပါးတွင်
(၁) ရာဂမီး၊ (၂) ဒေါ်သမီး၊ (၃) မောဟမီး သုံးမျိုးကို ပယ်အပ်၏။
ရှောင်ကျဉ်အပ်၏။ မမှီဝဲအပ်။
ရာဂ၊ ဒေါသ၊ မောဟမီးတို့ တငြီးငြီး တောက်လောင်လျှင်
ဆင်းရဲဒုက္ခများစွာနှင့် ကြုံတွေ့ရပြီး ကွယ်လွန်သော်
ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စသောဘုံသို့ လားရောက်တတ်ပါ၏။
ထို့ကြောင့် ဤမီးသုံးမျိုးမှာ ငြိမ်းစေအပ်၊ မတောက်ပစေအပ် သော မီး ၃ မျိုး ဖြစ်ပါ၏။

အာဟုနေယျမီး၊ ဂဟပတိမီး၊ ဒက္ခိနေယျမီး ဟူသော မီး ၃ မျိုးမှာ
ဆောင်ထားရမည့် မီးများဖြစ်ပါ၏။
ယင်းမီးသုံးမျိုးကို ကောင်းစွာ အလေးအမြတ်ပြု၍ မြတ်နိုးကော်ရော် ပူဇော်အပ်ပါ၏။

ထင်းမီးမှာမူ တစ်ခါတစ်ရံ တောက်လောင်စေအပ်၏။
တစ်ခါတစ်ရံ လျစ်လျူရှုထားအပ်၏။ တစ်ခါတစ်ရံ ငြိမ်းစေအပ်၏။
တစ်ခါတစ်ရံ မငြိမ်းပဲ ထားအပ်၏။
ဤသို့လျှင် မြတ်စွာဘုရားက မိန့်တော်မူပါသည်။

သစ်သီးသစ်ဥစားခြင်းသည် ထင်းမီးလွတ်သည် မှန်၏။
သို့သော် အစားအစာအပေါ် သာယာစွဲမက်နေလျှင် လောဘမီး မလွတ်၊
အစားအစာအပေါ် မကြိုက်မနှစ်သက်လျှင် ဒေါသမီးမလွတ်၊
အစားအစာကို ပိုင်းခြားမသိဘဲ တွေဝေနေလျှင် မောဟမီး မလွတ်ပါချေ။
စစ်မှန်သော မီးလွတ်စားခြင်းသည်
ဒေါသမီး၊ လောဘမီး၊ မောဟမီးတို့ ကင်းလွတ်စွာ စားသောက်ခြင်းသာ ဖြစ်ပါ၏။
     
ထင်းမီးလောင်သောကြောင့် ထင်းမီးမလွတ်သော အစားကို စားသောကြောင့်
အပါယ်ငရဲကျခြင်း၊ အကုသိုလ်ဖြစ်ခြင်းတို့ မဖြစ်နိုင်။
လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ကင်းလွတ်မှသာ အ
ကုသိုလ်မှ ကင်းဝေးလျက် အပါယ်ငရဲမှလည်း လွတ်မြောက်ပေလိမ့်မည်။
     
သစ်သီးသစ်ဥ စားရုံမျှဖြင့် မီးမလွတ်နိုင်ကြောင်း
မြောက်ဥက္ကလာပ ရွှေဥမင်ဆရာတော်ကြီးက ဤသို့ မိန့်တော်မူခဲ့ပါသည်။
         "မီးလွတ်စားတယ်ဆိုတာ ကြားဖူးကြမှာပေါ့"
         "မှန်ပါ၊ ကြားဖူးပါတယ် ဘုရား"
         "မီးလွတ်ဆိုပြီး ဘာတွေ စားကြပါလိမ့်"
         "သစ်သီးဝလံများ စားတာပါ ဘုရား"
         "အေး အဲဒီ သစ်သီးဝလံတွေ စားလို့ တကယ်ကော မီးလွတ်ကြရဲ့လား"
      မည်သူမျှ မဖြေနိုင်ဘဲ ရှိနေကြပါသည်။
         "မှတ်ထားကွယ့်၊
လောဘမီး၊ ဒေါသမီး၊ မောဟမီးဆိုတဲ့ မီးတွေလွတ်အောင် စားနိုင်မှ
တကယ်မီးလွတ်တယ်လို့ခေါ်တယ်၊
သစ်သီးသစ်ဖုတွေ စားရုံနဲ့ မီးမလွတ်နိုင်ဘူးနော်"

ကျေးဇူးရှင် အနန်းပင်တောရ ဆရာတော် ဘုရားကြီးကလည်း
မီးလွတ်စားနည်းအမှန်ကို ဤသို့ပင် ညွှန်ပြတော်မူခဲပါသည်။
         "စားတဲ့အခါမှာ စားကောင်းတဲ့ အစာဆိုရင် လောဘဖြစ်လာတတ်တယ်၊
များများစားချင်တယ်၊ ကုန်သွားမှာ စိုးရိမ်တယ်၊ လျှော့ပါးရင် ကုန်သွားမှာ နှမြောတယ်။
မကောင်းတဲ့ အစာဆိုရင်လဲ ဒေါသဖြစ်ရတယ်၊ မကျေနပ်ဘူး၊ စိတ်ဆိုးတယ်၊
ဒေါသကြောင့် စားရင် ပူလောင်ရတယ်။
ကောင်းတဲ့ အစာကို လောဘဖြစ်ရာကနေ ကုန်သွားလို့ ဒေါသဖြစ်ရတော့လည်း
လောဘကြောင့် ဒေါသဖြစ်ရတယ်၊။ ဒီတော့ လောဘ ဒေါသ မဖြစ်ရအောင် ဆင်ခြင်ပြီး
 အသိအမှတ်နဲ့စားရင် မီးလွတ်တာပေါ့။
မီးဖိုက မီးက ပြဿနာမဟုတ်ဘူး။ သူဟာသူ နေတာပါ။
အဲဒီတော့ သတိထားပြီး မီးလွတ်အောင် စားကြ၊ မီးလွတ်အောင် နေကြပေါ့။"

ဤသို့ဆိုလျှင် မီးလွတ်စားသောအကျင့်နှင့် မီးလွတ်စားသော ပုဂ္ဂိုလ်အပေါ်
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
မည်သို့သဘောထားရမည်ဟူသော အချက်မှာ ရှင်းလင်းပြတ်သားသွားပေပြီ။

(မင်းနန် - မော်ကျွန်း၊ အယူအမြင်မှန်ကန်ရေး မှ)
Credit: mmcybermedia

Wednesday, August 8, 2012

သိကြားသာသနာ


ကောင်းသူကို ကယ်တင်မည်၊ မကောင်းသူကို ဖယ်ရှားပါတော့မည်။
မကြာမီ "သိကြားသာသနာ" ရောက်လုနီးပါပြီ။
ခေတ်ဟောင်းသီချင်းတစ်ပုဒ်ထဲက သီချင်းအပိုဒ်တစ်ပိုဒ် ဖြစ်ပါသည်။
ဤသည်ကို ခေတ်ပောာင်းအဆိုတော်က ဆိုခဲ့သည်။
ယခုခေတ်တွင်လည်း ခေတ်သစ်အဆိုတော်တို့ ပြန်ဆိုထားသည်။

စင်စစ်မူ သုတ် ၀ိနည်း အဘိဓမ္မာဟူသော ပိဋကတ်သုံးပုံစလုံးတွင် ဘုရားရှင်က
သိကြားမင်းအား သာသနာတော်ကို စောင့်ရှောက်ရန်
မှာခဲ့သည် ဟူသော အချက်မှာ လုံးဝမပါပါ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က
ဒေ၀ဒတ်က ဘုရားရှင်အား "အရှင်ဘုရား သက်တော်ကြီရင့်ပါပြီ၊
အေးအေးဆေးဆေး နေတော်မူပါ။
သံဃာကို တပည့်တော် အုပ်ချုပ်၍ ဆုံးမပါမည်" ဟု လျှောက်တင်ထားပါသည်။
ထိုအခါ မြတ်စွာဘုရားက-
"သာသနာကို သင့်အားမအပ်နှံ၊ သင့်ကိုသာလျှင် မဟုတ်၊
လက်ျာတော်ရံ၊ လက်ဝဲတော်ရံတွေ ဖြစ်ကြသော
ရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလန်တို့ကိုပင် မအပ်" ဟုမိန့်တော်မူပါသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူခါနီးတွင်လည်း
သာသနာတော်ကို မည်သူ့အား လွှဲအပ်ခဲ့သည်ဟု မိန့်တော်မမူခဲ့ပါ။
'ငါဘုရားရှင်၏ ကိုယ်စား ဓမ္မနဲ့ ၀ိနယကို ထားချန်ရစ်သည်' ဟုသာမိန့်တော်မူခဲ့ပါ၏။

ယခုအခါ သာသနာတော်မှာ နှစ်ပေါင်း (၂၅၀၀)ကျော်ခဲ့ပြီ ဖြစ်သောကြောင့်
ဘုရားသာသနာကုန်ခဲ့ပြီ။ သိကြားသာသနာရောက်ပြီဟု
အချို့သူတို့ လွဲမှားစွာ ပြောဆိုနေကြပါသည်။
ဤအယူအဆမှ မြစ်ဖျားခံလာခြင်း ဖြစ်ပါ၏။
အမှန်အားဖြင့်မူ ဘုရားရှင်သည် သာသနာတော်အား
နှစ်ပေါင်းငါးထောင်သာ တည်မည်ဟု ဗျာဒိတ်တော် ချမှတ်ခဲ့ခြင်းမရှိပါ။
"သာသနာငါးထောင်"ကို ရဟန္တာခေတ်များဖြင့် ပိုင်းခြားသတ်မှတ်ရာမှ
"သာသနာငါးထောင် အယူဝါဒ" ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
ယင်းဝါဒပေါ် အခြေပြုပြီး သာသနာသက်တမ်း တစ်ဝက်ကျော်လျှင်
"သိကြားသာသနာရောက်ပြီ" ဟူသော ၀ါဒ ထပ်ဆင့်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါ၏။

သာသနာဟူသည် မြတ်ဘုရား၏ အဆုံးအမ သြ၀ါဒသာဖြစ်ရာ
သီလ၊ သမာဓိ၊ ပညာဟူသော သာသနာသည်
မည်သည့်နည်းဖြင့် သိကြားမင်းလက်ထဲ ရောက်ရှိပြီး သိကြားသာသနာ ဖြစ်ပါမည်နည်း။
ထေရ၀ါဒကျမ်းဂန်တို့တွင် "သိကြား" သာသနာဟူသော အသုံးအနှုန်း လုံးဝမရှိပါ။
      သာသနာတော်မြတ်ကြီးကို စတင်တည်ထောင်ခဲ့သူမှာ ဘုရားရှင်သာဖြစ်၍
သာသနာတော်သည် "ဘုရားသာသနာ" သာလျှင် ဖြစ်ပါ၏။
နှစ်ပေါင်းမည်မျှ ညောင်းညောင်း ကမ္ဘာပင် ပြောင်းသော်လည်း
သာသနာကား "ဘုရားသာသနာ"သာဖြစ်ပါ၏။
ဘုရားရှင်သည် သူ၏  သာသနာတော်မြတ်အား
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကိုယ်တော်စားလွဲအပ်ထားခဲ့ခြင်းမရှိပါ။

သိကြားမင်းသည် သာသနာကို ကူညီစောင့်ရှောက်ခဲ့သည့် အစဉ်အလာရှိခဲ့စေကာမူ
သာသနာနှစ်ထောင်ငါးရာနှစ်ကျော်လျှင် "ငါဘုရားသာသနာ မဟုတ်တော့၊
သင်သိကြားမင်း၏ သာသနာဖြစ်သည်။
သိကြားမင်းသာ သာသနာကိုစောင့်ရှောက်ပေတော့" ဟု
ဘုရားရှင်ကမိန့်ဆိုခဲ့ခြင်း အလျဉ်းမရှိခဲ့ပေ။
နတ်သိကြားအပေါ် အားထားမှုလွန်ကဲပြီး သိကြားသာသနာရောက်ပြီဟု
ဆန္ဒစွဲဖြင့် ထင်ရာမြင်ရာယူဆပြောဆိုနေခြင်းမှာ
 "ဘုရားရှင်၏ ရွှေမျက်နှာတော်"ကို မထောက်ထားရာ ရောက်ပါသည်။
    
သာသနာနှစ် နှစ်ထောင့်ငါးရာကျော်လျှင် "သိကြားသာသနာ" ရောက်ပြီ၊
သာသနာကို သိကြားမင်းစောင့်ရှောက်လိမ့်မည် ဟူသော ၀ါဒမှာ
ထေရ၀ါဒ သာသနာရေမြေမှာ မပွင့်လန်းအပ်သော "၀ါဒမှား"သာ ဖြစ်ပါ၏။

မင်းနန် (မော်ကျွန်း) အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia

Monday, August 6, 2012

အသုဘပွဲတွင် ရေအိုးခွဲခြင်း


တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ နေရာဒေသအလိုက်
ဆောင်ရွက်ကြသော "ဒုမင်္ဂလာဆိုင်ရာ" ဓလေ့ထုံးစံများကား များပြားလှ၏။
ယင်းဓလေ့ထုံးစံများထဲတွင် "အသုဘပွဲတွင် ရေအိုးခွဲခြင်းအလေ့" လည်းပါဝင်ပါသည်။

သက်မဲ့ခန္ဓာကိုယ်ကို အိမ်မှထုတ်ဆောင်သောအခါ
တစ်ပါတည်းယူဆောင်လာသော ရေအိုးကို ရိုက်ခွဲရ၏။
ယင်းသို့ရိုက်ခွဲရာ၌ ရေအိုးကွဲဖို့ အရေးကြီး၏ဟု ယုံကြည်ကြသည်၏ အချို့သည်
ရေအိုးကို ရိုက်ခွဲရာ၌ ပထမအကြိမ်တွင် မကွဲသော် ဒုတိယအကြိမ်ရိုက်ခွဲရ၏။
ယင်းသို့ပထမအကြိမ်တွင် ရေအိုးမကွဲသောအခါ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်လျှင်
ဗေဒင်ဆရာ နတ်ကတော်ဆရာထံ ချဉ်းကပ်မေးမြန်းပြီး ယတြာချေကြသူတွေပင် ရှိ၏။
ကောင်းပြီ။

အသုဘပွဲတွင် ရေအိုးကို ဘာကြောင့် ရိုက်ခွဲရသနည်း။
ယင်းသို့ရိုက်ခွဲရန် ဘုရားရှင်က ညွှန်ကြားထားခဲ့၍လော။
ပိဋကတ်တော်ထဲမှာ ပါဝင်၍လော။
မည်သူက စတင်ခဲ့သော 'ဓလေ့' နည်း။
      အစဉ်အလာသာ ဆောင်ရွက်လာခဲ့ကြသည်။
တိတိကျကျ ရေရေရာရာ အဖြရှာဖို့မူ စိတ်ဝင်စားခဲ့ဟန်မတူ။

အချို့ကမူ ဤအစဉ်အလာ ဓလေ့ထုံးစံမှာ ဘုရားဟော အဿကဇာတ်
(ဇာတက-ဋ္ဌ၊ ဒု-၁၄၂) နှင့် နှီးနွယ်ဆက်စပ်နေသည်ဟု ယူဆပြောဆိုကြပါသည်။
အဿကဇာတ်၏ အကျဉ်းချုပ်ကို တင်ပြပါမည်။

ကာသိတိုင်း၏ ဘုရင် 'အဿကမင်းကြီး' သည် အင်မတန်ချောမောလှပသော
သူ၏ မိဖုရားကြီး 'ဥပရီ' ကို အလွန်ချစ်ခင်စုံမက် မြတ်နိုးလှပါ၏။

တစ်နေ့၌ ဥပရီ မိဖုရားကြီး ကွယ်လွန်သွားပါသည်။
မင်းကြီးခမြာ မြတ်နိုးလွန်းလှသော မိဖုရားကြီး၏ အလောင်းကို မပစ်ရက်သောကြောင့်
မပုပ်သိုးစိမ့်သောငှာ စီမံထားရှိပြီး သူအိပ်သော ကုတင်အောက်တွင် ထားသည်။
သောကပရိဒေ၀၏ ဒဏ်ကို အပြင်းအထန် လူးလှမ့်ခံစားနေရရှာသည်။
မည်သူကမျှ ဖျောင်းဖျ၍ မရခဲ့ပါ။

ထိုအချိန်၌ ဘုရားလောင်းရသေ့သည် အဿကမင်းကို ဆုံးမရန်
မင်းကြီး၏ ဥယျာဉ်ထဲသို့ ကြွလာပါ၏။
ရသေ့မြတ်က သူ့အားဖူးမြော် လာသူတစ်ဦးအား-
         "အဿကမင်းက ငါ့ကိုလာပြီးမေးမယ်ဆိုရင် ငါကသူ့ကို
ဥပရီမိဖုရားရဲ့လားရာဂတိကို ပြောပြမယ်။ အဿကမင်းရဲ့ ရှေ့မှာပဲ
အဲဒီ ဥပရီ မိဖုရားကို စကားပြောခိုင်းမယ်" ဟုပြောကြားလိုက်ပါသည်။
ဤစကားကိုကြားလျှင်ကြားချင်း အဿက မင်းကြီးက ဘုရားအလောင်းတော် ရသေ့ထံ
ဝင်ရောက်လာပြီး
"အရှင်ဘုရားက ဥပရီမိဖုရားရဲ့ ဖြစ်ရာဌာနကို သိတယ်ဆိုတာ ဟုတ်ပါသလားဘုရား"
"ဟုတ်ပါတယ် ဒကာတော်မင်းမြတ်"
"မင်းမြတ်၊ သင့်ရဲ့ မိဖုရားဟာ ကိုယ့်ကိုကိုယ် အလှပြင်နေတာနဲ့ပဲ အချိန်ကုန်ပြီး
ကုသိုလ်ကောင်းမှု မပြုလုပ်ခဲ့တဲ့အတွက် ဒီဥယျာဉ်ထဲမှာပဲ နွားချေးပိုးမ ဖြစ်နေပါတယ်"
"တပည့်တော် မယုံနိုင်ပါ ဘုရား"
"ဒီလိုဆိုရင် နွားချေးပိုးမကို ခေါ်ပြပြီး စကားပြောခိုင်းမယ် ဆိုရင်ရော"
"ကောင်းပါတယ် ဘုရား"
      အလောင်းတော် ရှင်ရသေ့သည် သူ၏ တန်ခိုးဖြင့် နွားချေးပိုး ဇနီးမောင်နှံ နှစ်ကောင်လုံးကို
သူ့ရှေ့သို့ ရောက်အောင် ခေါ်လိုက်ပါသည်။

ထို့နောက် အဿကမင်းကြီးအား -
"မင်းကြီး ဒီနွားချေးပိုးဟာ သင်ရဲ့ ဥပရီမိဖုရားပဲ၊ သင့်ကို စွန့်ထားခဲ့ပြီး၊
နွားချေးပိုးဖိုရဲ့ နောက်က တကောက်ကောက် လိုက်ပါနေတယ်"
"အရှင်ဘုရား၊ ဥပရီလို မိန်းမတစ်ဦးက
နွားချေးပိုးမ ဖြစ်နေတယ်ဆိုတာ တပည့်တော် လုံးဝ မယုံနိုင်ပါ”
"မင်းကြီး သူ့ကို စကားပြောခိုင်းရမလား"
"ခိုင်းတော်မူပါ ဘုရား"
အလောင်းတော် ရသေ့သည် သူ၏ တန်ခိုးဖြင့် စေခိုင်းလိုက်ရာ
နွားချေးပိုးမက လူ့ဘာသာစကားနှင့် ပြန်ပြောပါသည်။
"နင်ဟာ အတိတ်ဘ၀တုန်းက ဘယ်သူလဲ"
"အရှင်ဘုရား တပည့်တော်ဟာ အဿကမင်းကြီးရဲ့ မိဖုရား ဥပရီပါ"
"သင်ဟာ အခု မင်းကြီးကို ချစ်သလား၊ ဒါမှမဟုတ် ဒီနွားချေးပိုးထီးကို ချစ်သလား"
"အရှင်ဘုရား၊ ဒီဥယျာဉ်အရပ်က တပည့်တော်ကို အင်မတန်ချစ်မြတ်နိုးတဲ့
လင်ဖြစ်သူ "အဿကမင်း" နဲ့ အတူ တပည့်တော် လှည့်လည်သွားလာနေကျအရပ်ပါ။
အသစ်ဖြစ်တဲ့ ချမ်းသာ ဆင်းရဲက အဟောင်းဖြစ်တဲ့ ချမ်းသာဆင်းရဲကို
ဖုံးကွယ်ပိတ်ဆို့ထားလိုက်ပါတယ်။ ဒီနွားချေးပိုးထီးကို သာပိုပြီး ချစ်ခင်မြတ်နိုးပါတော့တယ်"
ဘ၀ဟောင်းက ဥပရီမိဖုရားကြီး ဖြစ်ခဲ့ဖူးသော နွားချေးပိုးမ၏ စကားကို
ကြားလိုက်ရသောအခါ အဿကမင်းကြီးက စိတ်နာပြီး ပြင်းစွာ ဒေါသထွက်သွားပါသည်။

မိဖုရားအလောင်းကောင်ကို ခြေဖြင့် ကန်ပြီး ချက်ချင်းပင် သယ်ဆောင် သင်္ဂြိုလ်စေခဲ့ပါသည်။
အလောင်းအောက်က ကြမ်းပြင်ကို ရေဖြင့်ဆေးကြောပြီး ကြမ်းခင်းပြင်များကို ထုတ်နှုတ်ပစ်ခဲ့ပါသည်။

အဿကမင်းကြီး၏ ဤထုံးကို နှလုံးမူလျက်
"ရေစက်ကုန်ပြီ"၊ "အိုးစားကွဲပြီ" ဆိုသောသဘောဖြင့် ရေအိုးခွဲခြင်းဖြစ်သည် ဟုဆိုကြပါ၏။
အဿကမင်းကြီး၏ထုံး နှလုံးမူရအောင် ကွယ်လွန်သူအပေါ် ကျန်ရစ်သူ မိသားစုက
(အဿကမင်းကြီးက ဥပရီမိဖုရားကြီးအပေါ် စိတ်နာသလို) စိတ်နာကြလို့လား။
"ရေစက်ကုန်ပြီ" ဟုဆိုရအောင် ကျန်ရစ်သူ မိသားစုတွေက
ကွယ်လွန်သူအပေါ် ဘာများနာကြည်းစရာတွေ ရှိခဲ့လို့လဲ။
"အိုးစားကွဲပြီ" ဟုဆိုရအောင် ကျန်ရစ်သူ မိသားစုက
ကွယ်လွန်သူအပေါ် ဘာများစိတ်ဆိုးစရာ ရှိလို့လဲ။

စင်စစ်မူ "ရေစက်ကုန်ပြီ"၊ "အိုးစားကွဲပြီ" ဆိုသည့် သဘောနှင့်
"ရေအိုးကို ရိုက်ခွဲခြင်း" သည် လက်တွေ့ခံစားချက်ကို သစ္စာဖောက်လိုက်ခြင်းသာဖြစ်ပါ၏။
လက်တွေ့တွင်မူ ကွယ်လွန်သူအပေါ် ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးသားချင်းများက
တမ်းတမ်းတတ ရှိကြသည်။ လွမ်းလွမ်းဆွတ်ဆွတ် ရှိကြသည်။ နှမြောတသ ရှိကြသည်။
ဖြစ်နိုင်လျှင် သေသူနှင့် ဘ၀ပေါင်း အသင်္ချေ ပြန်၍ဆုံချင်ကြပေသည်။
မလွန်ဆန်သာ၍သာ ကွယ်လွန်သူ၏ သက်မဲ့ခန္ဓာကိုယ်ကြီးကို "စွန့်ပစ်" ကြရသည်။
မည်သူကမျှ ကွယ်လွန်သူနှင့် ရေစက်လည်း မကုန်ချင်ကြ၊ အိုးစားလည်း မခွဲချင်ကြပါ။

အချို့ကမူ "ရေအိုးကွဲအောင် ရိုက်ခွဲ" မှ
သေသူ၏ ၀ိညာဉ်လိပ်ပြာက မိသားစုထံတွင် ရစ်ဝဲခြင်းမရှိနိုင်။
တ၀ဲလည်လည်တွယ်တာ ခြင်းမရှိနိုင်ဟု ဆိုတတ်ကြသည်။
မှားလေစွတကား။
ကွယ်လွန်သူမှန်သမျှ သူပြုခဲ့သော ကံ၏စေရာ ဘုံဘ၀တစ်ခုခုသို့
(သေသည်နှင့် တပြိုင်နက်) မိနစ်ပင်မခြား ကူးပြောင်းခဲ့ပြီး ဖြစ်ရာ
သူ၏လားရာဂတိသည် ရေအိုးကို ရိုက်ခွဲခြင်းနှင့် မဆိုင်ပေ။
သို့ဖြစ်၍ အသုဘပွဲတွင် ရေအိုးကို ရိုက်ခွဲသော ဓလေ့သည်
ဘာသာရေး ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊
လက်တွေ့စိတ်ခံစားမှု ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊
မည်သို့မျှ အဓိပ္ပာယ်မရှိသော "အယူသီးမှုတစ်ခု" သာဖြစ်သည်မှာ
ငြင်းပယ်၍ မရနိုင်ပါချေ။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေး မှ
Credit: mmcybermedia

Friday, August 3, 2012

ဗီဇာကုန်ရင် ပြန်ပေါ့


မနေ့က ၀ါဆိုလပြည့်နေ့။ ဒီနေ့ ၀ါဆိုလပြည့်ကျော် (၁) ရက်။
ဝါဆိုလပြည့်နေ့မှာ ၀ါဆိုရမည်ထင်ပြီး ညနေပိုင်း လူအတော်များများ ရောက်လာတယ်။
တကယ်တော့ ရဟန်းတော်များ ဝါစ ဆိုတဲ့နေ့က ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့။

“ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ၀ါတွင်းသုံးလပတ်လုံး
အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍
ဝါဆိုလ ခေါ်သည်” လို့  ဝါဆိုလကို ဖွင့်ဆိုကြတယ်။

ဝါဆိုလပြည့်နေမှာ ဗုဒ္ဓဘာသာနဲ့သက်ဆိုင်ရာ အဖြစ်အပျက်နဲ့ပတ်သက်ပြီး
 “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လ၀ါဆို’ လို့
 အလွယ်မှတ်ဆိုကြပါတယ်။

ဘုရားအလောင်းသိဒ္ဓတ္ထမင်းသား ပဋိသန္ဓေ ယူတဲ့နေ့၊ တောထွက်တဲ့နေ့၊
တရားဦး ဓမ္မစကြာ ဟောတဲ့နေ့တွေဟာ ဒီဝါဆိုလပြည့်နေမှာ ဖြစ်ခဲ့တယ်လို့ ဆိုလိုတာပါ။
ဒီလိုမျိုးဝါဆိုလပြည့်နေ့မှာ ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့အဖြစ်အပျက်တွေ
မြောက်များစွာ ဖြစ်ပျက်ခဲ့ပေမဲ့ ဘုရားဖြစ်ပြီး တရားဦးဓမ္မစကြာ ဟောတာကိုသာ အထူးအသိအမှတ်ပြုပြီး ဓမ္မစကြာအခါတော်နေ့လို့ ပြောဆိုလေ့ရှိပါတယ်။

ဒီနေ့ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှာ ရဟန်းသံဃာတော်များ
ဝါ စတင်ဆိုရပါမယ်။ ၀ါကပ်ရပါမယ်။
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ၀ါတွင်းသုံးလပတ်လုံး
အရေးတကြီးကိစ္စ (Emergency Case) မရှိပဲ ညဥ့်အိပ်ညဉ့်နေခရီးမသွားမူ၍
ကျောင်းတိုက်တစ်ခုရဲ့ အရာမ်အတွင်းမှာသာ နေထိုင်ခြင်းကို
ဝါဆို ၀ါကပ်ခြင်းလို့ခေါ်ပါတယ်။

ရဟန်းတော်များအနေဖြင့်
ဒီရက်ရောက်လာရင် ၀ါဆိုကို ဆိုရမည်၊ ၀ါကပ်ကို ကပ်ရမည် ဆိုတဲ့
ဘုရားရှင်ပညတ်ချက်ရှိပါတယ်။
ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ဒီရက်မှာ ၀ါမဆိုဖြစ် ၀ါမကပ်ဖြစ်ရင်
ဝါခေါင်လပြည့်ကျော် (၁) ရက်နေ့မှာ ၀ါဆိုခွင့် ၀ါကပ်ခွင့်ရှိပါတယ်။
ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ၀ါဆိုတဲ့ ရဟန်းတော်များအတွက်
သီတင်းကျွတ်လပြည့်နေ့မှာ
သုံးလပြည့်သွားလို့ သီတင်းကျွတ်လပြည့်နေ့မှာ ၀ါကျွတ်ပါတယ်။

ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့မှာ ၀ါဆိုတဲ့ရဟန်းတော်များအတွက်တော့
တန်ဆောင်မုန်းလပြည့်နေ့မှာမှ ၃ လ ပြည့်မှာမို့ အဲ့နေ့မှာမှ ၀ါကျွတ်မှာပါ။
ကထိန်ရာသီကို
သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ
သတ်မှတ်ထားလို့ ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့မှာ ၀ါစဆိုတဲ့ ရဟန်းတော်များအတွက်
ဝါမကျွတ်သေး ၀ါတွင်းကာလ မကုန်ဆုံးသေးတာဖြစ်သည့်အတွက်
ကထိန်သင်္ကန်းအလှူခံခွင့်မရှိပါဘူး။

အထက်မှာ ပြောခဲ့သလို
ဝါတွင်းကာလ ၃ လမှာ ခရီးသွားခွင့် မရှိပါဘူး။
 မဖြစ်မနေခရီးသွားရတော့မယ်ဆိုရင်တော့
(၇) ရက်အတွင်း (၇ ညမပြည့်မီ) ပြန်လာမည်လို့
အဓိဋ္ဌာန်ပြုရွတ်ဆိုပြီး ခရီးထွက်ခွင့်ရှိပါတယ်။
တစုံတခုသောအကြောင်းကြောင့် ၇ ညမပြည့်မီ ပြန်မလာနိုင်ဘူးဆိုရင်
ထိုရဟန်းတော်အတွက် ၀ါကျိုးပါတယ်၊ ၀ါပျက်ပါတယ်။
ဒီလိုဝါကျိုး ၀ါပျက်ပေမဲ့ သိက္ခာတော် ၁ ၀ါ ၊ ၂ ၀ါ စသည်ဖြင့်တော့ ရေတွက်နိုင်ပါတယ်။
ဒါပေမဲ့ ကထိန်အာနိသင် ကထိန်အကျိုးခံစားခွင့်တော့ မရတော့ပါဘူး။
ပြောခဲ့တဲ့အကြောင်းတွေကြောင့် ၀ါတွင်းကာလခရီးသွားတဲ့
ရဟန်းတော်များကို တွေ့မြင်ရရင်
အပြစ်မြင်ဘို့ မသင့်လှပါဘူး။

ဝါကျိုးဝါပျက်တာနဲ့ပတ်သက်လို့
နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ သီတင်းသုံးနေတဲ့ ဆရာတော်ကြီးစကားကို သတိရမိပါတယ်။
တစ်နေ့ မြန်မာပြည်က ဦးဇင်းတစ်ပါး ၀ါဆိုခါနီးအချိန်မှာ
နိုင်ငံခြားက အဲ့ဆရာတော်ကြီးကျောင်းကို အလည်ရောက်လာသတဲ့။
ဝါဆိုမည့်ရက် ၀ါဆိုချိန်ရောက်တော့ ဆရာတော်ကြီးနဲ့အတူ အလည်လာတဲ့ဦးဇင်းလဲ
ဝါအတူရောဆိုတာပေါ့။
ဝါလည်လောက်ရောက်တော့
အလည်လာတဲ့ဦးဇင်းရဲ့ နေထိုင်ခွင့်အချိန်ကာလက ကုန်ဆုံးတယ်တဲ့။
ဒါနဲ့ ဆရာတော်ကြီးကို
ဆရာတော်ဘုရား၊ ၀ါတွင်းကာလကြီး တပည့်တော်ရဲ့ ဒီနိုင်ငံမှာ နေထိုင်ခွင့်
ကုန်ဆုံးသွားပြီဘုရား လို့ လျှောက်တာပေါ့။
ဒီတော့ ဆရာတော်ကြီးက
နိုင်ငံခြားမျာ ၀ါနဲ့နေနေရတာ မဟုတ်ဘူး၊ ဗီဇာနဲ့နေနေရတာ၊
ဗီဇာကုန်ရင်တော့ မောင်ပဉ္စင်း ပြန်ရုံပဲလို့ မိန့်သတဲ့။

Wednesday, August 1, 2012

ကိုးန၀င်းဝါဒ


ဟိန္ဒူဗြဟ္မဏတို့၏ ဂြိုဟ်ကြီးကိုးလုံးအယူဝါဒနှင့် ဆက်နွယ်၍
ပေါ်ပေါက်လာသောဝါဒတစ်ခုကား "ကိုးန၀င်းဝါဒ" ဖြစ်ပါသည်။
ဤကိုးန၀င်းဝါဒသည် ထေရ၀ါဒဗုဒ္ဓသာသနာတော်မြတ်နှင့် မည်သို့မျှ မပတ်သတ်ပါ။
သို့တစေ ဗုဒ္ဓဘာသာဝင် အများစုကြားထဲတွင် ဂိုဏ်းဆရာများ၊ ဘိုးတော်များ၊
အင်းဘုန်းကြီးတို့၏ ပယောဂကြောင့် ဤကိုးန၀င်းဝါဒသည် ရှင်သန်ပျံ့နှံ့လျက်ရှိပါသည်။

      "ကိုး"ဂဏန်းကို ထူးဆန်းသော ဂဏန်းဟု ယူဆခြင်းမှာ
"ကိုး" နှင့် မြှောက်၍ ရသမျှသော ဂဏန်းဟူသမျှကို ပေါင်းသော်
"ကိုး" ပင်ရသောကြောင့်ပင်ဖြစ်သည်။
ဥပမာအားဖြင့် ၉ နှင့် ၂ မြှောက်သော် ၁၈ ရ၏။ ၁ နှင့် ၈ ပေါင်းသော် ၉ ပင်ပြန်ရ၏။
၉ နှင့် ၃ မြှောက်သော် ၂၇ ရ၏။ ၂ နှင့် ၇ ပေါင်းသော် ၉ ပင်ပြန်ရ၏။
စင်စစ် ဤသည်မှာ သင်္ချာသဘောအရသာ ဖြစ်ပါသည်။ ထူးဆန်းသည်ဟု မဆိုနိုင်။
အကယ်၍ ထူဆန်းသည်ဟု ဆိုစေ
ယင်းထူဆန်းမှုသည် လူတို့အား မည်သည့်အကျိုးကို ပေးစွမ်းနိုင်ပါအံ့နည်း။

      "ကိုး"ဂဏန်းနှင့် ပတ်သတ်သော အယူအစွဲများလည်း
ဒေသအလိုက် အမျိုးမျိုး အဖုံဖုံ ရှိသည်ဟု ဆိုပါသည်။
အချို့ဒေသတို့တွင် နတ်မကြိုက်သောကြောင့်ဟုဆိုကာ ကိုးဂဏန်းကို ရှောင်ကြသည်။
မည်သည့်နတ်က မည်သည့်အကြောင်းကြောင့်
"ကိုးဂဏန်း"ကို မကြိုက်မှန်းမူ ရေရေရာရာ သိဟန်မတူ။
နတ်မကြိုက်သည့် အရာတိုင်းကို လူသားဖြစ်သောမိမိက 'ရှောင်'ရသည်ဆိုတော့
မိမိ၏ လူအဖြစ် လူတန်ဖိုး လူ့သိက္ခာ သည် ဘာဖြစ်သွားပြီနည်း။
၃၇ မင်းဟုဆိုသော နတ်ကြိုက်တာကိုလုပ်ပြီး
နတ်မကြိုက်တာကို ရှောင်ဖို့ လူဖြစ်လာတာလား။
ဤသို့ဆိုလျှင် မိမိ၏ လူ့အဖြစ်သည် ဘာတန်ဖိုးမျှ မရှိတော့။
မသေချာ မရေရာသော အကြောက်တရားနှင့် ဥပါဒါန်တို့၏ ဖိစီးမှုအောက်တွင်
အကျဉ်းကျခံနေရသည့် ဘ၀သည် အောက်တန်းကျလွန်းလှပါ၏။

      အချို့သော ဒေသတို့တွင် လှည်းကိုးစီးဖြင့် ခရီးသွားပါက ဘေးအန္တရာယ်နှင့် တွေ့တတ်သည်၊ မသွားကောင်းဟူသော အယူအစွဲ ရှိ၏။
အချို့သော ဒေသတို့တွင်မူ လဆန်း ၉ ရက်၊ လဆုတ် ၉ ရက်တို့တွင်
အိမ်ဆောက်ပါက ဒုက္ခတွေ့ရတတ်သည်ဟုယုံကြည်တတ်ကြသည်။
အချို့ကမူ ကိုးယောက် ခရီးသွားပါက
လမ်းခရီးတွင် ဘေးအန္တရာယ်နှင့် ကြုံရတတ်သည်ဟု အယူသည်းတတ်ကြ၏။
ဤသည်မှာ ကိုးဂဏန်းနှင့် ပတ်သတ်သော အနိဌာရုံအစွဲ အချို့ဖြစ်ပါ၏။

      "ကိုးဂဏန်း"အပေါ် အကောင်းမြင်သမားများကမူ ကိုးဂဏန်းနှင့် တိုက်ဆိုင်နေလျှင် လုပ်ငန်းအောင်မြင်မည်။ ကံကောင်းမည်၊ အကြံအစည်အောင်မြင်မည်ဟု ယူဆကြသည်။ အချို့ထီထိုးသူများသည် ထီစာရွက်ပါ ဂဏန်းခြောက်လုံးကို ပေါင်း၍ ၉ ရလျှင်
(သို့) ဂဏန်းခြောက်လုံးကို ၉ ဖြင့် စား၍ပြတ်ပါက န၀င်းကျေသည် ဟုဆိုကာ ရွေးထိုးခြင်းမျိုး ရှိသည်။ ထီပေါက်ဂဏန်းတိုင်း ကိုးဖြင့်စား၍ပြတ်ပါသလော။
ဂဏန်းအားလုံးပေါင်းခြင်းသည် ကိုးရပါသလော။

      ကိုးန၀င်းဝါဒနှင့် ပတ်သတ်၍ တက္ကသိုလ်သောတုဇန ဆရာတော်ဘုရားက ဤသို့မိန့်တော်မူဖူးပါ၏။
         "တကယ်တော့ ဒီကိုးန၀င်းဝါဒဟာ ဟိန္ဒူဘာသာရေးကျမ်းဂန်များမှလာတဲ့
ဂြိုဟ်ကိုးလုံးနဲ့ ဆက်သွယ်ပြီး ဖြစ်ပေါ်လာတဲ့ ၀ါဒဖြစ်ပါတယ်လို့ဆိုပါတယ်။
ယခုအခါမှာတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နယ်ပယ်မှာရောနှောလုံးထွေးနေပြီး
ဗုဒ္ဓဘာသာဝင်တွေရဲ့ ပင်ကိုမူလအယူဝါဒတစ်မျိုးလို့တောင် ထင်စရာ ဖြစ်နေပါပြီ။
         ကိုးဂဏန်းနဲ့တိုက်ဆိုင်နေ၊ ကိုးန၀င်းကျေနေပေမယ့်
မအောင်မြင်တဲ့သူ၊ မကြီးပွားတဲ့သူတွေ အများကြီးရှိပါတယ်။
ရှေးကုသိုလ်ကံလည်းပါလာ၊ ယခုမျက်မှောက်ဘ၀မှာလည်း ဉာဏ်ဝီရိယစိုက်ထုတ်ပြီး အလွန်ကြိုးစားလုပ်သူများသာ အောင်မြင်ကြီးပွားနိုင်ပါတယ်"

      စင်စစ်သော် ကိန်းဂဏန်းအရေအတွက်ဟူသည်
ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်းမဟုတ်၊ ဣဌာရုံလည်းမဟုတ်၊ အနိဌာရုံလည်းမဟုတ်၊ အားကိုစရာလည်းမဟုတ်၊ ကြောက်စရာလည်းမဟုတ်ပါ။
      ထေရ၀ါဒပိဋကတ်တော်များတွင်
"ကိုးန၀င်း"၊ "တြင်းကြေ"၊ "န၀င်းကြေ"ဟူသော စကားလုံးများ လုံးဝမပါဝင်ပါ။
ကိုးန၀င်းအယူဝါဒသည် ဗုဒ္ဓဘာသာအယူဝါဒမဟုတ်ကြောင်း အသိလင်း အမြင်ရှင်းစေလိုပါသည်။

မင်းနန် (မော်ကျွန်း) - အယူအမြင်မှန်ကန်ရေး မှ
Credit: mmcybermedia