Tuesday, July 24, 2012

ဖတ်သင့်သောစာတိုတစ်ပုဒ်


သင့်မှာ၊ ရဟန်းပညာရှိလည်း မရှိ လူပညာရှိလည်း မရှိ
(ပင်းယ စကြိုသူမြတ်)

ချစ်ဦးညို
 
မြန်မာ့သမိုင်း (ရာဇ၀င်)နဲ့ မြန်မာစာပေသမိုင်းကို ပြန်ကြည့်ရင်
မင်းလုပ်သူ ဘုရင်များကို ဆုံးမသြ၀ါဒ ပေးတော်မူကြတဲ့ ရဟန်း ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံးမစာတွေဟာ တသီးတခြားကို ထင်ရှားနေတာတွေ့ ရပါတယ်။
ကန်တော်မင်းကျောင်းဆရာတော်ရဲ့ လောကသာရ ဆုံးမစာဟာ လူသိများလှပါတယ်။
မင်းကို ဆုံးမခန်းမှာ ပျို့လင်္ကာသွားနဲ့ ရေးထားတဲ့ အပိုဒ် ၂၅ ပိုဒ်ပါဝင်ပါတယ်။ ထင်ရှားကျော်ကြားလှတဲ့ ပါတော်မူတမ်းချင်း ကဗျာကို ရေးဖွဲ့သူ
ဆီးပန်းနီဆရာတော်ရဲ့ ‘ခတျောဝါဒ ဆုံးမစာ’ ဆိုရင်လည်း
သီပေါမင်းထံပို့သွင်းတဲ့ ပျို့လင်္ကာသွား ၃၂ ပိုဒ် ပါရှိပြီး နိဂုံး သံပေါက်မှာ
‘မင်းပဓာန၊ မျိုးလေးဝ၊ ဆုံးမပေးသည့်စာ၊
မညီမမျှ၊ ကျင့်လေက၊ ရောက်စွပါယ်လေးရွာ၊
အညီအမျှ၊ ကျင့်လေက၊ ပေါက်ထ ၀တိံသာ’ရယ်လို့ သတိပေးတော်မူခဲ့ပါတယ်။
ဒီဆုံးမစာတွေကို ဖတ်ရတဲ့အခါ
ကဗျာလင်္ကာသွားအနေနဲ့ စာတစ်စောင်ပေတစ်ဖွဲ့ မရှိခဲ့သော်လည်း
ဘုရင်နှင့် မျက်နှာချင်းဆိုင်ပြီး မရွံ့မရှား စကားအရေးဆို ဆုံးမခဲ့တဲ့
ရဟန်းပုဂ္ဂိုလ်တစ်ပါးကို သတိရမိပါတယ်။
ပင်းယစကြိုသူမြတ်၊ အရှင်ဇောတယန္တပါ။

သက္ကရာဇ် ၇၆၆မှာ ရာဇာဓိရာဇ်ဟာ ရေတပ်အင်အားကြီးစွာနဲ့ ဆန်တက်လာပြီး စစ်ကိုင်မြို့ရေ၀န်းမှာ တပ်ချ၊ အင်းဝအထက်ကို ကျော်တက်၊ တကောင်းအထိချီ၊ တကောင်းကိုသိမ်းပြီးမှ ပြန်စုန်ဆင်း၊ အင်းဝကို အင်အားပြ၀ိုင်းထားလိုက်တယ်။ ဘုရင်မင်းခေါင်ဟာ ညီလာခံခေါ်ပြီး ဟံသာဝတီမင်းနဲ့သူ့တပ် ပြန်သွားအောင်
နှုတ်ရေးလက်ရေးနဲ့ ဘယ်သူများ ကြံနိုင်ပါ့မလဲ တိုင်ပင်တဲ့အခါ
မှူးမတ်ဗိုလ်ပါ၊ ရဟန်း၊ လူပညာရှိများ အားလုံးထဲက ပင်းယစကြိုသူမြတ်သာ
ရဲရဲဝံ့ဝံ့ထွက်ပြီး အာမခံ တာဝန်ယူလိုက်ပါတယ်။

စကြိုသူမြတ်ဟာ ဦးစွာ ရာဇာဓိရာဇ်ထံ မေတ္တာစာစေပါတယ်။
တွေ့လိုကြောင်းလည်း အကြောင်းကြားလိုက်တယ်။
ရာဇာဓိရာဇ်ကလည်း ငါငြင်းရင် ရတနာသုံးပါးအ၀င် တစ်ပါးရတနာ(သံဃာ)ကို
မျက်နှာလွှဲရာ ရောက်လိမ့်မယ်ဆိုပြီး ဆွမ်းဖိတ် (ပင့်) ပါတယ်။
စကြိုသူမြတ်က ရာဇာဓိရာဇ်အတွက် လက်ဆောင်ပဏ္ဍာများ စီစဉ် ယူဆောင်စေခဲ့တယ်။ (မှန်နန်းမှာ လူသုံးရာကိုင်ခန့်၊ အရေးတော်ပုံကျမ်းမှာ လူခြောက်ဆယ် ထမ်းပိုးရ) ဒီလက်ဆောင်တွေနဲ့ အတူ ဂိုဏ်းထောက် ဆရာတော်တစ်ပါးကို အဖော်ပြုပြိး
စကြိုသူမြတ်ဟာ လှေနဲ့ ဟံသာဝတီ တပ်စခန်းရှိရာ ကူးခဲ့ပါတယ်။
“အရှင်ဘုရားလက်ဆောင်တွေ များလှချည်လား”လို့
ရာဇာဓိရာဇ်က “ပြည်သွယ်စကားဆို”သေးတယ်လို့ ဆိုပါတယ်။
ပြီးတော့လည်း စိတ်ဝင်စားစရာလေးတစ်ကွက် စကြိုသူမြတ် ၀င်လာတာကို မြင်လျက်နဲ့ ရာဇာဓိရာဇ်က မှူးမတ်များနဲ့ ဆွေးနွေးနေဟန်ပြုပြီး မမြင်ဟန်၊ မသိဟန် ပြုသတဲ့၊
ခဏနေမှ အရှင်မြတ်ဘက် လှည့်ပြီး
“အရှင်ဘုရားတို့ ဘယ်အချိန်က ရောက်တော်မူကြပါသလဲ”လို့ မေးပါသတဲ့။
ဒီအခါ စကြိုသူမြတ် ဖြေလိုက်ပုံက
“မင်းမြတ် မြင်တော်မူကတည်းကပင် ငါတို့ရောက်နေကြတယ်”တဲ့။
ရာဇာဓိရာဇ်လည်း ပြုံးပြီး မြင့်သောနေရာမှာ ထိုင်တော်မူဖို့ ပင့်ပါတယ်။
စတွေ့ကြတဲ့ ဒီ ‘ထိတွေ့မှု’ကလေးကပဲ လှုပ်လှုပ်ရှားရှား စိတ်ဝင်စားစရာဖြစ်နေပါပြီ။

ဆက်ပြီးမေးကြ၊ လျှောက်ကြ၊ ဖြေကြတဲ့စကားတွေကလည်း
စိတ်ဝင်စားစရာ အတိပါပဲ။ နိုင်ပန်းလှရဲ့ အရေးတော်ပုံကျမ်းမှာတော့
‘ပင်းယ စကြိုသူမြတ် နှင့် ရာဇာဓိရာဇ်တို့ အပြန်အလှန် စကားစစ်ထိုးကြပုံ’လို့
မာတိကာမှာ ဖော်ပြပါတယ်။ ရဟန်းတစ်ပါးနဲ့ ဘုရင်တစ်ပါးတို့
စကားစစ်ထိုးကြတယ်ဆိုတဲ့ အသုံးအနှုန်းဟာ အနည်းငယ် ‘ပြင်း’ သယောင်ရှိပေမယ့်
သူတို့ ပြောကြဆိုကြတဲ့ စကားအသွားအလာ၊ အပေးအယူတွေ ကြည့်လိုက်တော့
‘စကားစစ်ထိုး’လို့ သုံးတာ သင့်မြတ်တယ် ဆိုရမှာပါပဲ။

ဒီစကားပွဲကို အရေးတော်ပုံကျမ်းမှာ ၁၅ မျက်နှာခန့်အထိ ဖော်ပြပါတယ်။
မှန်နန်းနဲ့ မဟာရာဇ၀င်ကြီးမှာလည်း အတော်များများလေး အသေးစိတ် ပြပါတယ်။
နေရာချုံ့ရမှာမို့ ဒီဆောင်းပါးမှာတော့ အများသုံး စကားလုံးအနေနဲ့
လှယ်ယူပြီး ဖောက်သည်ချပါရစေ။

ရာဇာဓိရာဇ်။   ။ တပည့်တော်ထံ ကြွရောက်တဲ့ ကိစ္စကို မိန့်ဆိုပါဘုရား။

စကြိုသူမြတ်။  ။ မင်းကြီး ကြိုးစားအားထုတ်ပြီး အင်းဝကို ဆန်တက်လာတဲ့ အကြောင်း ငါတို့သိချင်လို့ပါ။ သိရရင် ဂိုဏ်းဆရာ သံဃာတော်များ စုရုံးပြီး ဆွေးနွေး ဆောင်ရွက်ပေးဖို့ပါပဲ။

ရာဇာဓိရာဇ်။   ။တပည့်တော် စစ်ချီလာတာ အလိုဆန္ဒ အကြောင်းလေးပါး ကြောင့်ပါ။
(၁) အထူးထူးသောအရပ်ကို ကြည့်လို၍။
(၂) ဘုန်းလက်ရုံးခွန်အား ပြလို၍။
(၃) တိုင်းနိုင်ငံ ကျယ်လိုပြီး ဆင်မြင်းဗိုလ်ပါများ အလိုရှိ၍။
(၄) ပုဂံအ၀ရဲ့ ဘုရားပုထိုး မွေးတော် ဓာတ်တော်များကို ရှိခိုး ပူဇော်လို၍။
ဆန်တက်လာပါတယ်။

[အရေးတော်ပုံကျမ်းမှာတော့
(၁) မင်းကြီးစွာ လက်ထက်က စော်ကား အထင်သေးခဲ့သည်ကို ပြန်လည်ချေပဖို့၊
(၂) အင်းဝကို ဟံသာဝတီထဲ ခွင်ပြိုင်ပြု ချဲ့ထွင်ဖို့၊
(၃) စေတီပုထိုး ဓာတ်တော်ဖူးမြင်ဖို့၊
(၄) အောင်မြင်တဲ့ စစ်ကြောင်းနဲ့ ရောက်ရှိခဲ့ကြောင်း ပေထက်အက္ခရာ တင်ပြီး
နောင်လူတို့ ပြောစမှတ်ပြုဖို့လို့ ဖော်ပြပါတယ်။]

စကြိုသူမြတ်။  ။ သာသနာတော် ဒါယကာမင်းမြတ်တွင်
တရားတော်နှင့်အညီ ဟောကြားဆုံးမမည့် ရဟန်းပညာရှိလည်းမရှိ၊
 ပြည်ထဲအမှု၌ အမြော်အမြင် အလိမ္မာနှင့် ပြည့်စုံသော အမတ် သေနာပတိလည်း မရှိ။

ရာဇာဓိရာဇ်။   ။ဘယ်လို အမိန့်တော်မူလိုက်ပါသလဲ ဘုရား။

စကြိုသူမြတ်။  ။(ဇမ္ဗူဒိပ်ကျွန်း၊ တာဝတိံသာ၊ အသုရာ၊ မဟာအ၀ီစိတို့ရဲ့ ယူဇနာတွေ၊
ရေနေ၊ တောနေ၊ လူနေတွေကို ရှင်းပြပြီး လောဘ၊ ဒေါသ၊ မောဟဖုံးလွှမ်းလို့
ငရဲသွားရသူ သတ္တ၀ါများသာ ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းပြပြီးမှ)
ကြွလာတဲ့ အကြောင်းလေးပါးမှာ…
ဓာတ်တော် ပုထိုးစေတီများကို ဖူးမြင်ပူဇော်လို၍ ဆိုတဲ့ တစ်ပါးသာ တရားနဲ့ညီတယ်၊ ကျန်သုံးပါကတော့ နတ်ရွာနိဗ္ဗာန်နဲ့ ဖီလာပဲ၊
ဒါကြောင့် ရဟန်းပညာရှိ မရှိလို့ ငါဆိုတယ်။

ပညာရှိအမတ် သေနာပတိ မရှိလို့ ဆိုတဲ့အကြောင်းက
သင့်ခမည်းတော် ဗညားဦးနဲ့ အင်းဝမင်းကြီးစွာတို့ လက်ထက်မှာ
 နှစ်ပြည်ထောင် မီးမသေ၊ ရေမနောက် ရှေ့တစ်ပြေးတည်း ဖြစ်ခဲ့ကြတယ်။
သင့်လက်ထက်မှာ ဒီလိုမဖြစ်လာ။ ပြည်သူ လူ ရဟန်းအပေါင်းတို့
ချမ်းသာရမည့်အကြောင်းကို သင့်အား လျှောက်မယ့်သူ မရှိလို့
ပညာရှိ အမတ်သေနာပတိ မရှိဟု ငါဆိုတယ်။

ရာဇာဓိရာဇ်။   ။ အင်းဝဘုရင်က မဟာမိတ်လမ်းစဉ် ဖျက်ပြီး
 တပည့်တော်ရဲ့ ရေမြေကို သူ့ပိုင်နက်ထဲ သွတ်သွင်းဖို့ကြံဆောင်တာပါ။
တပည့်တော် အပေါ် ဒီလိုဆိုရင် တပည့်တော်လက်ကို ဆွဲချုပ်ထားပြီး
တင်ပါးကို ရိုက်နှက်စေသလို ဖြစ်မနေပါလားဘုရား။

စကြိုသူမြတ်။  ။ မင်းကြီးလျှောက်တင်သလိုဆိုရင် ငါ့မှာ ကိုယ့်လူကို အနိုင်ပေး၊
တစ်ဖက်လူ ရှုံးစေလိုစိတ်ရှိတဲ့ ရဟန်းသိက္ခာပုဒ်များကို
မစောင့်ထိန်းသူအနေနဲ့ ဒုဂ္ဂတိလားရမှာပါ။ ငါ ဒီလိုမဟုတ်ပါ။
သတ္တ၀ါ အပေါင်းတိုကို ထာဝစဉ် မေတ္တာပို့ပါတယ်။
ငါ့ဇာတိ စိတ်ရင်းအရ အင်းဝနှင့် ဟံသာဝတီ နှစ်ပြည်သားတို့ကို သာတူညီမျှ ချစ်ပါတယ်။ စစ်ကြီးဖြစ်ရင် နှစ်ပြည်ထောင်လုံး ကြီးမားတဲ့ အပူမီးလုံးကြီး တောက်ပါမယ်။
 သူက အလျင်ပြုလို့ ကိုယ်က ရန်ငြိုးဖွဲ့ပြီး လက်စားချေရမယ်လို့ ဘုရားဟော မရှိပါဘူး။
ခန္တီတရား လက်ကိုင်ထားဖို့သာ သာသနာ့ဒါယကာကို ငါ သတိပေးပါတယ်။

ရာဇာဓိရာဇ်။   ။ သင့်မြတ်ပါတယ် ဘုရား။
သို့သော် အင်းဝမင်းကြီးစွာ ဟံသာဝတီသို့ စုန်ဆင်းတုန်းက
ဘာကြောင့် ဒီလို တရားမပြခဲ့ပါသလဲ။
တပည့်တော် တုံ့ပြန်ဖို့လာခါမှ ခန္တီတရား လက်ကိုင် ထားပါဆိုတာ
တစ်ဖက်သတ် ဖြစ်မနေပါလား။

စကြိုသူမြတ်။  ။ (ပြုံးလျက်ပင်) ကကုသန်ဘုရားလက်ထက် သာသနာတော် ကတည်းက ခန္တီတရားဟာ ယနေ့ထိ တစ်ခုတည်းပါ။
မင်းကြီးအနေနဲ့ တရားတော်ကိုသာကြည့်ပါ။
(မဟာအ၀ိစိ ငရဲ၊ ပဉ္စာနန္တရိယကံတို့ကို ရှင်းပြပြီး)
စစ်ဗျူဟာခင်းပြီး တိုက်ခိုက်သတ်ဖြတ်တဲ့ အဖြစ်ကြောင့်
အပါယ်လေးပါက လွတ်ကင်းနိုင်ပါ့မလား မင်းမြတ်။

ရာဇာဓိရာဇ်။   ။ ရာဇဓမ္မမှာ အကျိုးနဲ့အပြစ်ဟာ ဒွန်တွဲနေပါတယ်။
သံသရာ ကျင်လည်သမျှ
ဘယ်သူမှ အပြစ်ပါပ အကုသိုလ်ကံက လွတ်အောင် မရုန်းနိုင်ပါ။
စိတ်ကြံစည်သမျှ ပညာဥာဏ်နဲ့ နှိုင်းဆခြင်းသာ မဓာနပါဘုရား။

စကြိုသူမြတ်။  ။စစ်ဗျူဟာခင်းမယ်ဆိုလဲ စစ်အင်္ဂါလေးပါးကို မင်းကြီးသိထားဖို့ လိုပါတယ်။ (လေးပါးကို ရှင်းပြပြီး) ကာလ၊ ဒေသ၊ ဥတုကို မင်းကြီးမေ့နေသလား
(အင်းဝဒေသ မိုးဦးလေဦး မြစ်ရေလျှံခြင်းကို ပြောပြပြီး)
ဒီလိုအချိန်မှာ မင်းကြီးရဲ့လှေတွေ၊ တပ်သားတွေ ဒုက္ခရောက်မယ်။
အင်းဝကို မတိုက်ရဘဲ အလိုအလျောက် ပျက်စီးပါလိမ့်မယ်။

ရာဇာဓိရာဇ်။   ။ပြုံးပြီး) တပည့်တော်က စစ်အင်္ဂါ လေးပါးသာမက ရှစ်ပါးအထိ သိပါတယ်။
(ရှစ်ပါးကို ရှင်းပြပြီး) အရှင်ဘုရားပြောပြတဲ့ လေးပါး
မှန်တယ် မှားတယ် တပည့်တော် မပြောလိုပါ။

စကြိုသူမြတ်။  ။မင်းနှစ်ပါးစလုံးရဲ့ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးအတွက် မည်သည့်ဘက်မှ မလိုက်စားဘဲ ငါ ယခုလို ကြိုးစား သတိပေးနေတာပါ မင်းကြီး။
စကားအရှိန်ကောင်းနေစဉ်မှာပဲ ရွှေကြက်ယက် ဘုရားက ဖမ်းလာခဲ့တဲ့
သုံ့ပန်း ခုနှစ်ယောက် (မြန်မာစာပေမူအရ ဘုရားကျွန်သီးတော်များ)ကို
မင်းကြီးထံ ဆက်လာပါတယ်။ ဒီအခါ စကြိုသူမြတ်က
ဘုရားအမှု ဝေယျာဝစ္စ လုပ်သူများကို အန္တရယ်ပြု သတ်ဖြတ်တာ
ငါ မျက်ဝါးထင်ထင် မြင်ရပြီ၊ အပြစ်ကြီးလှတယ်။ ငါ တရားသံဝေဂ ဖြစ်လှတယ်။
ငါတို့ကို ပြန်ခွင့်ပြုပါတော့လို့ မိန့်ပြီး ထွက်ခွာမယ်လုပ်ပါတယ်။
ဒီအခါမှ ရာဇာဓိရာဇ် စိုးရိမ်လှစွာနဲ့ မေးမြန်းပြီး စိတ်ကြမ်းများလျော့ပါး၊
သမပဋိပတ်စိတ်တွေဝင်၊ ရတနာသုံးပါးကို သတိရလာပြီး
ဘုရားကျွန်သီးတွေကိုသတ်သူ သူ့ရဲမက်တွေကို အပြစ်ပေးပါမယ်လို့ ဆိုပါတယ်။
ဒီအခါ စကြိုသူမြတ်က ထပ်မံတားမြစ်ပြီး ရဲမတ်တွေကိုပါ အပြစ်လွှတ်ဖို့ အလှူခံပါတယ်။
ဘုရင်က သဘောတူပြီး သုံ့ပန်းတွေကိုပါ လှူပါတယ်။
ပြီးမှ “တပည့်တော် အရှင်ဘုရားရဲ့ သြ၀ါဒကို မဆန့်ကျင်တော့ပါ။
စစ်ပြီး စုန်ဆင်းပါတော့မယ်၊ ဒီရောက်ခဲ့တာ အစွဲပြုလို့ ဘုရားကျောင်းတော်
တစ်ဆောင် ဆောက်လုပ် လှူဒါန်းချင်ပါတယ်။
တပည့်တော်မှာ သဒ္ဓါတရား ဖြစ်ပေါ်လာပါတယ်”လို့ လျှောက်ပါတယ်။

စစ်သွေးစိတ်မာန်တက်နေတဲ့ ဘုရင်တစ်ပါးကို ရင်ဆိုင်တွေ့ အရေးဆို
စစချင်းပဲ ‘သင့်မှာရဟန်းပညာရှိလည်း မရှိ၊ လူပညာရှိလည်း မရှိ’ လို့ ရဲရဲပြောခဲ့တဲ့
 အဖွင့်စကားဟာ ဆွေးနွေးပွဲရဲ့ အရေးပါသော ပဏမစကားလုံး ဖြစ်ပါတယ်။

နောက်ပိုင်း အင်းဝ-ဟံသာဝတီ အပြန်အလှန် စစ်ထိုးခဲ့ကြပေမယ့် ဒီတစ်ချီမှာ
စကြိုသူမြတ်အရှင် ငြိမ်းချမ်းရေး လုပ်ဆောင်တာ
အောင်မြင်ခဲ့တာကတော့ ဧကန်ဖြစ်ပါတယ်။
ရာဇောဝါဒ ဆုံးမစကားအဖြစ် ပင်းယစကြိုသူမြတ်ရဲ့
နှုတ်ထွက်သြ၀ါဒ စကားလုံးဟာလည်း ‘သမိုင်းဝင်’ ဖြစ်နေပါတော့တယ်။

Credit: mmcybermedia