Monday, July 30, 2012
တန်ခိုးကြီးဘုရား
ဘုရားစေတီမှန်သမျှ တစ်ဆူတည်းသော ဂေါတမမြတ်စွာဘုရားကို
ကိုယ်စားပြုရည်မှန်း၍ တည်ထားခြင်းဖြစ်ပါ၏။
ယင်းသို့ မြတ်စွာဘုရားကို ရည်မှန်း၍ တည်ထားသော "ဘုရားစေတီ" အချင်းချင်း
မည်သည့်ဘုရားက "တန်ခိုးကြီးသည်"ဟု သုံးနှုန်းနေကြခြင်းမှာ
သင့်တော်လျှောက်ပတ်ပါ၏လော၊
မြန်မာပြည်အ၀န်းတွင် ဘုရားစေတီအများအပြားရှိလေရာ
"တန်ခိုးကြီးဘုရားဖူးမည်"ဟု အချို့သော ဘုရားဖူးလုပ်ငန်းရှင်များက ကြော်ငြာလေ့ရှိကြ၏။
ထိုဘုရားတို့သာ တန်ခိုးကြီးပြီး ကျန်သောဘုရားတို့က တန်ခိုးမရှိတော့ပြီလော။
      "တန်ခိုးကြီးဘုရား"ဟူသော အသုံးအနှုန်းနှင့် စပ်လျဉ်း၍
ဂါးဒီးယန်း ဦးစိန်ဝင်း၏ အမေးကို အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး၏ အဖြေမှာ
များစွာ မှတ်သားစရာ ကောင်းလှပါသည်။
ဂါးဒီးယန်းဦးစိန်ဝင်း၏ အမေးမှာ-
      "တန်ခိုးကြီးဘုရားကို တကူးတက သွား၍ ဖူးမြှော်ပူဇော်ခြင်းနှင်
့ အိမ်တွင်ကိုးကွယ်ထားသော ရုပ်ပွားတော်ကို ဖူးမြှော်ခြင်းတွင်
မည်သည့်ဖူးမြှော်ခြင်းက ပို၍ အကျိုးရှိပါသနည်း?"
ဆရာတော်ကြီး၏ ဖြေကြားတော်မူချက်မှာ ဤသို့ဖြစ်ပါ၏။
      "ဘုန်းကြီးအလိုအားဖြင့် သက်တော်ထင်ရှား မြတ်ဘုရား၏
ကိုယ်စားတော်ချည်းဖြစ်ကြသော ရုပ်ပွားတော်၊ စေတီတော်များကို
တန်ခိုးကြီးငယ် မခွဲခြားလိုပါ။
လူအသွားအလာများသည်ကိုတန်ခိုးကြီး
လူအရောက်အပေါက်နည်းသည်ကို တန်ခိုးငယ်ဟု ဆိုလိုလျှင်
တောကြီးတောင်ကြီးထဲ၌ လူတစ်ယောက်မှ အရောက်အပေါက်မရှိသော
ရုပ်ပွားတော်၊ စေတီတော်များကို တန်ခိုးမရှိသော ဘုရားဟုခေါ်ရမလို ဖြစ်နေပါသည်။
ထို့ကြောင့် ဤပြဿနာအတွက် အထူးဖြေဖွယ်ရာ မလိုပါ။
မိမိစိတ်က ဂုဏ်တော်ကို အာရုံပြုရာ၌ သဒ္ဓါ၊ ပညာ အတိမ်အနက်လိုက်၍သာ
အကျိုးရ ကွဲပြားဖွယ်ရှိပါသည်။
အကယ်၍ အလွန်ကြည်ညိုစွာ အာရုံပြုရာနိုင်ပါမူ
သက်တော်ထင်ရှား မြတ်ဘုရားကိုဖူမြင်ရသောအကျိုးကဲ့သို့ တန်းတူပင်ဖြစ်နိုင်ပါသည်။
ဥပမာ အသက်ရှိသော မိဘကိုမြင်တွေ့ရခြင်းနှင့် မိဘမရှိ၍ ဓါတ်ပုံကိုသာ ကြည့်ရခြင်း
ရိုသေလေးစားမှု မကွာလျှင် အကျိုးပေးမကွာနိုင်သကဲ့သို့တည်း"
      ဤသို့ဆိုလျှင် ဂေါတမမြတ်စွာဘုရား တစ်ဆူ တည်းကိုသာ မှန်းဆရည်ရွယ်တည်ထားသော "ဥဒ္ဒိဿစေတီ" ချင်းတူပါလျက် အချို့ချို့သော ဘုရားစေတီများကို
 "တန်ခိုးကြီးဘုရား" ဟူ၍ ရွေးချယ်သုံးနှုန်းခြင်းအပေါ် မည်သို့သဘောထားသင့်သည်၊ ထင်မြင်ယူဆသင့်သည်ကို မျှော်ခေါ်ဆင်ခြင်သုံးသပ်ကြည့်နိုင်ကြလိမ့်မည် ထင်ပါသည်။
ကျွန်တော် ကိုရင်ဝတ်တုန်းကလဲ ကျောင်းကဆရာတော်ကြီးကို လာလျောက်ကြတဲ့
တောနယ်က ဆင်းရဲတဲ့ ဒကာမ တချို့ကိုတွေ့ဖူးပါတယ်။
အဲဒီဒကာမတွေက ကျောင်းမှာ သူတို့သားတွေကို ဘုန်းကြီးကျောင်းသားအဖြစ်ထားပြီး
သူတို့ရဲ့ပညာရေးကို ဆရာတော်ကြီးက တာဝန်ယူရပါတယ်၊
ထားပေးတာကတော့ အစိုးရကျောင်းပါ၊
ကလေးတွေက ကျောင်းသားအရွယ်ဆိုတော့ အဆော့မက်တာပေါ့၊
ဘုရားဝတ်ပြုချိန်ဆိုရင် ကြိမ်နဲ့ခေါ်ရတယ်၊
ကလေးအမေဒကာမက အထက်မြန်မာပြည် တန်ခိုးကြီးဘုရားဖူးဖို့
သူ့သားကို ခေတ္တခဏလာခေါ်ကြတာပါ၊
အဲဒီတော့ သူတို့သားက ကျောင်းက ဘုရားကိုတောင် ၀တ်ပြုချိန်မမှန်ချင်တာ၊
ဘုန်းကြီးကသူ့ကိုမိန့်ပါတယ်၊
မင်းကတန်ခိုးကြီးဘုရားသွားဖူးဦးမယ် ဟုတ်လား၊
ငါ့ကျောင်းပေါ်ကဘုရားလဲ တန်ခိုးကြီးပါတယ်ကွာ ကျောင်းပေါ်က ဘုရားကိုအားနာပါဦးကွာ
တဲ့ဗျားးးး
မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
credit: mmcybermedia
Saturday, July 28, 2012
ဝစီပိတ်အကျင့်ဟူသည်
ဗုဒ္ဓဘာသာဝင်အများစုသည်
ဝစီပိတ်ကျင့်သူကို သူတော်စင်၊ သူတော်မြတ်ဟု ထင်မှတ်တတ်ကြ၏။
ဝစီပိတ်ကျင့်သူ ပုဂ္ဂိုလ်ထံသို့ သူ့ထက်ငါအလျင်အမြန်ချဉ်းကပ်ကြသည်။
ဝစီပိတ်ကျင့်သူကို လှူသော် ပို၍အကျိုးရှိသည်၊ ပို၍ကုသိုလ်ရသည်ဟု ယုံကြည်လျက်
ရက်ရက်ရောရော ပေးလှူတတ်ကြ၏။
ထိုသို့သော အခြေအနေတွင်
"၀စီပိတ်ကျင့်သူများ"၊ "၀စီပိတ်ကျင့်သူဟု ဆိုသူများ" တိုးပွားလာတော့၏။
ဝစီပိတ်အကျင့်သည် လာဘ်လာဘတို့ စုပြုံတည်မှီရာ ဟူ၍ဖြစ်လာသောအခါ
"၀စီပိတ်အကျင့်" ကို သာသနာတော်အကျင့်ပမာ
သဘောထားပြီး ကျင့်ကြံသူများ ပေါ်ပေါက်လာချေတော့သည်။
ဝစီပိတ်အကျင့်ဟူသည်-
         (၁) သာသနာတော်ဆိုင်ရာ ကျင့်စဉ်လော။
         (၂) မြတ်စွာဘုရားက "၀စီပိတ်" ကျင့်ရန် ညွှန်ကြားတော်မူခဲ့ပါ၏လော၊
         (၃) ၀စီပိတ်အကျင့်သည် သာသနာတော်အတွက်
အကျိုးကျေးဇူးတစ်စုံတစ်ရာကို ပေးဆောင်နိုင်စွမ်းရှိပါ၏လော။
ဝဇီပိတ်အကျင့်ကို အထင်ကြီးသူများ၊ ၀စီပိတ်ကျင့်သူကို
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဟု ထင်မှတ်နေသူများအနေဖြင့်
အထက်ပါ အတိုင်း ဝေဖန်စိစစ်ခဲ့ခြင်း ရှိဟန်မတူပါ။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် "၀စီပိတ်ဇာတ်လမ်း" တစ်ပုဒ်ရှိခဲ့ဖူးပါသည်။
ဝိနည်းမဟာဝါ ပါဠိတော်၊ ပဝါရဏာက္ခန္ဓကသုတ်တွင် ပါရှိသော ဇာတ်လမ်းဖြစ်ပါ၏။
ကောသလတိုင်းရှိ ကျောင်းတစ်ကျောင်းတွင် အတူတကွ
ဝါဆိုတော်မူသော ရဟန်းတော်များအား မြတ်စွာဘုရားက-
            "သင်တို့ချမ်းသာစွာ နေခဲ့ကြပါရဲ့လား" ဟုမေးတော်မူပါသည်။
        ရဟန်းတော်များက -
             "၀ါတွင်းသုံးလပတ်လုံး တစ်ပါးနှင့်တစ်ပါး စကားမပြောဘဲ
ချမ်းသာစွာ နေခဲ့ကြပါတယ် ဘုရား" ဟု ပြန်လည်လျှောက်တင်ထားခဲ့ပါသည်။
        ထိုအခါ မြတ်စွာဘုရားက-
             "အို မောဃပုရိသတို့ အဲဒီနှုတ်ပိတ်ဝစီပိတ်အကျင့်ဆိုတာ
အ-အကျင့်၊ အရုးကျင့်၊ တိရိစ္ဆာန်ကျင့်၊ တိတ္ထကျင့်ပဲ၊
သင်တို့ မချမ်းသာတဲ့အကျင့်ကို ကျင့်ခဲ့ပြီး ချမ်းသာတယ်လို့ ၀န်ခံနေကြတယ်။
အို မောဃပုရိသ၊ မဂ်ဖိုလ်မနီး အချည်နှီးသော ယောက်ျားတို့၊
ဒီကနေ့ကနေစပြီး ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်သည် အဲဒီ အ-အကျင့်၊ အရုးကျင့်၊ တိရိစ္ဆာန်ကျင့်၊
တိတ္ထကျင့်ကို ဘယ်တော့မှ မကျင့်ရ၊ ဘယ်နည်းနှင့်မှ မကျင့်ရ၊
ကျင့်တဲ့ရဟန်း ဒုက္ကဋ် အာပတ်သင့်စေ" ဟူ၍မိန့်တော်မူခဲ့ပါ၏။
ဘုရားရှင်သည် ရဟန်းတို့အား "၀စီပိတ်အကျင့်"ကို မကျင့်သုံးရန်
အာဏာဒေသနာတော်ဖြင့်ပင် ပညတ်တော်မူခဲ့ပါ၏။
ဤ၀စီပိတ်အကျင့်နှင့် စပ်လျဉ်း၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရားကလည်း
အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါ၏။
         "ဤခေတ်တွင် စကားမပြောဘဲနေသော ၀စီပိတ်ကျင့်စဉ်ဟုဆိုသော
ကျင့်စဉ်များရှိကြောင်း ကြားရပါသည်။ ခေတ်အားလျော်စွာ အဆန်းထွင်၍
ကျင့်ကြခြင်းများ ဖြစ်ပါသည်။ မြတ်စွာဘုရားလက်ထက်က ထိုကဲ့သို့ ကျင့်သူများရှိရာ
မြတ်စွာဘုရားက ပသုသံဝါသ သားကောင်(ကျွဲနွား)တို့၏ ပေါင်းဖော်နေထိုင်ခြင်း၊
 မုဂဗ္ဗတ-သူအတို့၏အကျင့်၊ တတ္ထိယ သမာဒါန- တိတ္ထိဂိုဏ်းဝင်တို့၏ ကျင့်သုံးခြင်း ဟု ပြောဆိုရှုတ်ချတော်မူကာ ရဟန်းတို့၏ အညှမညနလောမဏ အချင်းချင်းပြောဆိုဆက်ဆံ ကျင့်သုံးကြခြင်းကိုသာ အလိုရှိတော်မူပါသည်(၀ိဠ-ခ၊ ၃၅၆)။
ထို့ကြောင့် ထိုသို့သောစကား မပြောသော ၀စီပိတ်အကျင့်များကို အထင်ကြီးကာ အတုယူကျင့်သုံးခြင်းမပြုရန်လိုကြောင်း ဖြေကြားလိုပါသည်။"
      သူတော်ကောင်းတို့၏ "ပါးစပ်" သည် "ပိတ်" နေခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးတစ်စုံတစ်ရာ ဖြစ်ထွန်းပါမည်လော။ ပါးစပ်ကို ပိတ်နေခြင်းသည် ပါးစပ်ကို ကောင်းစွာ အသုံးချခြင်း မဟုတ်ပါ။
သူတော်ကောင်းတို့၏ပါးစပ်ဟူသည်...
         မြတ်ဘုရား၏ တရားတော်များကို ထပ်ဆင့်ဟောကြားရမည်။
         အကုသိုလ်၏ ဆိုးကျိုးကို ဟောပြောရမည်။
         ကုသိုလ်၏ ကောင်းကျိုးကို ပြောကြားရမည်။
      သို့မှသာလျှင် သာသနာတော်၏ အကျိုး၊အများ၏ အကျိုးကို "၀စီကံ" ဖြင့် သယ်ပိုးစွမ်းဆောင်နိုင်ခြင်းရှိပေလိမ့်မည်။ ဆိတ်ဆိတ်နေသော ၀စီကံသည် ဘာတစ်ခုမျှ၊ ကောင်းကျိုးမဆောင်၊ စားသောက်ဘုဉ်းပေးရာတွင် ပါးစပ်ကို အသုံးချပြီး မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်နိုင်ဖို့မူ ပါးစပ်ကို အသုံးချရမှန်းမသိသူသည် တာဝန်မဲ့သူသာဖြစ်ပါသည်။ဤမျှဆိုလျှင် ၀စီပိတ်ကျင့်စဉ်အပေါ် မှန်ကန်စွာ နှလုံးသွင်းနိုင်ပြီ ထင်ပါသည်။
မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia
Thursday, July 26, 2012
ဆွမ်းတော်တင်ကျ မစားကောင်းဘူးလား
မည်သည့်ပုဂ္ဂိုလ်က စတင်ဖြန့်ဖြူးခဲ့သည် မသိပါ။
"ဘုရားဆွမ်းတော်တင်ကျစားသော် ဘုန်းနိမ့်တတ်သည်၊
ဉာဏ်ထိုင်းတတ်သည်။ အာစက်လျှာစက်ညံ့သည်"
ဟူသော အယူအဆတစ်ခုသည် ဗုဒ္ဓဘာသာဝင်များအကြားတွင် ရှင်သန်ပျံ့နှံ့နေပါ၏။
ယင်းအယူအဆကို ယုံကြည်သူတို့မှာလည်း မနည်းလှပေ။
ကောင်းပြီ။ ဘုရားဆွမ်းတော်တင်ကျ စားရုံမျှဖြင့်
အဘယ်ကြောင့် ဉာဏ်ထိုင်းရသနည်း။
 ဘုန်းနိမ့်ရသနည်း။
ဉာဏ်ထိုင်းခြင်း၊ ဘုန်းနိမ့်ခြင်း စသည်တို့မှာ
မကောင်းမှု၏ အသီးအပွင့်ရလဒ်ဖြစ်လေရာ ဆွမ်းတော်တင်ကျစားခြင်းမှာ
မည်သည့် မကောင်းမှု အကုသိုလ်ထဲ အကျုံးဝင်သောကြောင့်နည်း။
ဤအယူဝါဒကို လက်ခံသိမ်းပိုက်သူတို့သည်
အထက်ပါ မေးခွန်းများကို ဂဃနဏ ရေရေရာရာ စိစစ်ဖြေဆိုပြီးမှ လက်ခံခဲ့ခြင်းလော။
အများပြောသော စကားကို ၀ိဘဇ္ဇဉာဏ်ဖြင့် စိစစ်ဝေဖန်မှု မပြုဘဲလက်ခံခဲ့ကြခြင်းလော။
စင်စစ်သော် ဤအယူအဆသည် ဘုရားရှင်ကို ကြည်ညိုသူတို့အား
များစွာ စိတ်အနှောက်အယှက်ဖြစ်စေပါသည်။
ဘုန်းတော် အနန္တ၊ ကံတော် အနန္တ၊ ဉာဏ်တော်အနန္တ ပိုင်ရှင်
ဘုရားရှင်၏ ပွဲတော်ကျကို စားသုံးမိသောကြောင့်
ဉာဏ်ထိုင်းခြင်း၊ ဘုန်းနိမ့်ခြင်း ဖြစ်ရသည် ဟူသည်မှာ
အတော် စိတ်မချမ်းမြေ့ဖွယ်ရာ အယူဝါဒပင်ဖြစ်ပါသည်။
မဇ္စျိမနိကာယ်၊ ဥပရိဏ္ဏသ အဌကထာ၊ ဒက္ခိဏ၀ိဘင်္ဂသုတ် အဖွင့်၌
 အဌကထာဆရာကြီးက-
  "ဆွမ်းတော်တင် ပစ္စည်းများသည်
အတုမရှိ စင်ကြယ်မြင့်မြတ်သော ဘုရားရှင်၏ ပစ္စည်းများဖြစ်၍
အလွန်စင်ကြယ်မွန်မြတ်သော ပစ္စည်းများဖြစ်ကြောင်း၊
ဆွမ်းတော်တင်တာမှာ သာမန်ပုဂ္ဂိုလ်များနှင့် မထိုက်တန်လောက်အောင် မြင့်မြတ်၍
ဘုရားခန်းရှင်း၊ သန့်ရှင်းရေး ဝေယျာဝစ္စလုပ်၊ ရောင်တော်ဖွင့်စသော အကျင့်များကို
ဆောင်ရွက်သည့် ပုဂ္ဂိုလ်အားပေးလှူရမှာ ဖြစ်ကြောင်း၊
ထို့ပြင် ဗုဒ္ဓဝေယျာဝစ္စလုပ်လျှင် အဖေ၏ ပစ္စည်းကို
သားက သုံးဆောင်ကောင်းသလို သုံးစားကောင်းကြောင်း၊
ထောပတ်နှမ်းဆီ စသည်တို့ကို စွန့်ပြီး ဆီမီးခွက်လုပ်ပူဇော်နိုင်ကြောင်း၊
အ၀တ်အထည်များကိုမူ စွန့်ပြီး အလံတံခွန်လုပ် လှူနိုင်ကြောင်း"
အကျယ်တ၀င့် ဖွင့်ပြရှင်းလင်းထားတော်မူခဲ့ပါသည်။
ထေရ၀ါဒပိဋကတ်တော်၌ ဆွမ်းတော်တင်ကျ စားသုံးသော် ဉာဏ်ထိုင်းသည်၊
ဘုန်းနိမ့်သည်ဟူ၍ ဖော်ပြထားချက် တစ်စုံတစ်ရာ မရှိပါ။
ဆွမ်းတော်ကျကို စားကောင်းစွန့်ကောင်းသည် ဟုသာ အဌကထာကြီးများတွင် ဖွင့်ဆိုထားပါသည်။
ဘုရားဆွမ်းတော်ကျသည် စားကောင်းသောအရာသာဖြစ်ပါသည်။
ဘုရားဆွမ်းတော်တင်ကျစားလျှင် ဘုန်းနိမ့်သည်၊ ဉာဏ်ထိုင်းသည်ဆိုခြင်းမှာ
 သဘာဝမတန်၊ ယုတ္တိမရှိသော စကားသာဖြစ်သည်။
သို့တစေ ဆွမ်းတော်တင်ကျကိုစားကောင်းသည်ဆိုတိုင်း
စည်းကမ်းမဲ့၊ အဆင်ချင်မဲ့ ချယူစားသောက်ခြင်းမျိုး မပြုအပ်ပါ၊
•    ဆွမ်းတော်တင်ကျကို မစားမီ ဗုဒ္ဓဝေယျာဝစ္စတစ်ခုခုကို ပြုလုပ်သင့်ပါသည်။
•    ဆွမ်းတော်တင်ကျကို အမှုမဲ့ အမှတ်မဲ့ ချယူစားသုံးခြင်းမျိုးကို မပြုသင့်ပါ။
ဗုဒ္ဓအဂါရ၀မှု မဖြစ်အောင် ရိုရိုသေသေ ချယူသင့်ပါသည်။
•    ဆွမ်းတော်မတင်မီကတည်းက ဆွမ်းတော်တင်ကျကိုစားသုံးမည်ဟူသော အတွေးအကြံမျိုး ကြိုတင်တွေးကြံထားခြင်းမျိုးကိုမူ မပြုသင့်ပါ။
အထက်ပါအတိုင်း ဆောင်ရွက်သော် ဘုရားဆွမ်းတော်တင်ကျ စားသည့်တိုင်အောင်
•    ဘုန်းနိမ့်ခြင်းမဖြစ်ပါ။
•    ဉာဏ်ထိုင်းခြင်းမဖြစ်ပါ။
•    အာစက်လျှာစက်ညံ့ခြင်း မဖြစ်ပါ။
မင်းနန် (မော်ကျွန်း) ၊ အယူအမြင်မှန်ကန်ရေး - မှ
Credit: mmcybermedia
Tuesday, July 24, 2012
ဖတ်သင့်သောစာတိုတစ်ပုဒ်
သင့်မှာ၊ ရဟန်းပညာရှိလည်း မရှိ လူပညာရှိလည်း မရှိ
(ပင်းယ စကြိုသူမြတ်)
ချစ်ဦးညို
မြန်မာ့သမိုင်း (ရာဇ၀င်)နဲ့ မြန်မာစာပေသမိုင်းကို ပြန်ကြည့်ရင်
မင်းလုပ်သူ ဘုရင်များကို ဆုံးမသြ၀ါဒ ပေးတော်မူကြတဲ့ ရဟန်း ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံးမစာတွေဟာ တသီးတခြားကို ထင်ရှားနေတာတွေ့ ရပါတယ်။
ကန်တော်မင်းကျောင်းဆရာတော်ရဲ့ လောကသာရ ဆုံးမစာဟာ လူသိများလှပါတယ်။
မင်းကို ဆုံးမခန်းမှာ ပျို့လင်္ကာသွားနဲ့ ရေးထားတဲ့ အပိုဒ် ၂၅ ပိုဒ်ပါဝင်ပါတယ်။ ထင်ရှားကျော်ကြားလှတဲ့ ပါတော်မူတမ်းချင်း ကဗျာကို ရေးဖွဲ့သူ
ဆီးပန်းနီဆရာတော်ရဲ့ ‘ခတျောဝါဒ ဆုံးမစာ’ ဆိုရင်လည်း
သီပေါမင်းထံပို့သွင်းတဲ့ ပျို့လင်္ကာသွား ၃၂ ပိုဒ် ပါရှိပြီး နိဂုံး သံပေါက်မှာ
‘မင်းပဓာန၊ မျိုးလေးဝ၊ ဆုံးမပေးသည့်စာ၊
မညီမမျှ၊ ကျင့်လေက၊ ရောက်စွပါယ်လေးရွာ၊
အညီအမျှ၊ ကျင့်လေက၊ ပေါက်ထ ၀တိံသာ’ရယ်လို့ သတိပေးတော်မူခဲ့ပါတယ်။
ဒီဆုံးမစာတွေကို ဖတ်ရတဲ့အခါ
ကဗျာလင်္ကာသွားအနေနဲ့ စာတစ်စောင်ပေတစ်ဖွဲ့ မရှိခဲ့သော်လည်း
ဘုရင်နှင့် မျက်နှာချင်းဆိုင်ပြီး မရွံ့မရှား စကားအရေးဆို ဆုံးမခဲ့တဲ့
ရဟန်းပုဂ္ဂိုလ်တစ်ပါးကို သတိရမိပါတယ်။
ပင်းယစကြိုသူမြတ်၊ အရှင်ဇောတယန္တပါ။
သက္ကရာဇ် ၇၆၆မှာ ရာဇာဓိရာဇ်ဟာ ရေတပ်အင်အားကြီးစွာနဲ့ ဆန်တက်လာပြီး စစ်ကိုင်မြို့ရေ၀န်းမှာ တပ်ချ၊ အင်းဝအထက်ကို ကျော်တက်၊ တကောင်းအထိချီ၊ တကောင်းကိုသိမ်းပြီးမှ ပြန်စုန်ဆင်း၊ အင်းဝကို အင်အားပြ၀ိုင်းထားလိုက်တယ်။ ဘုရင်မင်းခေါင်ဟာ ညီလာခံခေါ်ပြီး ဟံသာဝတီမင်းနဲ့သူ့တပ် ပြန်သွားအောင်
နှုတ်ရေးလက်ရေးနဲ့ ဘယ်သူများ ကြံနိုင်ပါ့မလဲ တိုင်ပင်တဲ့အခါ
မှူးမတ်ဗိုလ်ပါ၊ ရဟန်း၊ လူပညာရှိများ အားလုံးထဲက ပင်းယစကြိုသူမြတ်သာ
ရဲရဲဝံ့ဝံ့ထွက်ပြီး အာမခံ တာဝန်ယူလိုက်ပါတယ်။
စကြိုသူမြတ်ဟာ ဦးစွာ ရာဇာဓိရာဇ်ထံ မေတ္တာစာစေပါတယ်။
တွေ့လိုကြောင်းလည်း အကြောင်းကြားလိုက်တယ်။
ရာဇာဓိရာဇ်ကလည်း ငါငြင်းရင် ရတနာသုံးပါးအ၀င် တစ်ပါးရတနာ(သံဃာ)ကို
မျက်နှာလွှဲရာ ရောက်လိမ့်မယ်ဆိုပြီး ဆွမ်းဖိတ် (ပင့်) ပါတယ်။
စကြိုသူမြတ်က ရာဇာဓိရာဇ်အတွက် လက်ဆောင်ပဏ္ဍာများ စီစဉ် ယူဆောင်စေခဲ့တယ်။ (မှန်နန်းမှာ လူသုံးရာကိုင်ခန့်၊ အရေးတော်ပုံကျမ်းမှာ လူခြောက်ဆယ် ထမ်းပိုးရ) ဒီလက်ဆောင်တွေနဲ့ အတူ ဂိုဏ်းထောက် ဆရာတော်တစ်ပါးကို အဖော်ပြုပြိး
စကြိုသူမြတ်ဟာ လှေနဲ့ ဟံသာဝတီ တပ်စခန်းရှိရာ ကူးခဲ့ပါတယ်။
“အရှင်ဘုရားလက်ဆောင်တွေ များလှချည်လား”လို့
ရာဇာဓိရာဇ်က “ပြည်သွယ်စကားဆို”သေးတယ်လို့ ဆိုပါတယ်။
ပြီးတော့လည်း စိတ်ဝင်စားစရာလေးတစ်ကွက် စကြိုသူမြတ် ၀င်လာတာကို မြင်လျက်နဲ့ ရာဇာဓိရာဇ်က မှူးမတ်များနဲ့ ဆွေးနွေးနေဟန်ပြုပြီး မမြင်ဟန်၊ မသိဟန် ပြုသတဲ့၊
ခဏနေမှ အရှင်မြတ်ဘက် လှည့်ပြီး
“အရှင်ဘုရားတို့ ဘယ်အချိန်က ရောက်တော်မူကြပါသလဲ”လို့ မေးပါသတဲ့။
ဒီအခါ စကြိုသူမြတ် ဖြေလိုက်ပုံက
“မင်းမြတ် မြင်တော်မူကတည်းကပင် ငါတို့ရောက်နေကြတယ်”တဲ့။
ရာဇာဓိရာဇ်လည်း ပြုံးပြီး မြင့်သောနေရာမှာ ထိုင်တော်မူဖို့ ပင့်ပါတယ်။
စတွေ့ကြတဲ့ ဒီ ‘ထိတွေ့မှု’ကလေးကပဲ လှုပ်လှုပ်ရှားရှား စိတ်ဝင်စားစရာဖြစ်နေပါပြီ။
ဆက်ပြီးမေးကြ၊ လျှောက်ကြ၊ ဖြေကြတဲ့စကားတွေကလည်း
စိတ်ဝင်စားစရာ အတိပါပဲ။ နိုင်ပန်းလှရဲ့ အရေးတော်ပုံကျမ်းမှာတော့
‘ပင်းယ စကြိုသူမြတ် နှင့် ရာဇာဓိရာဇ်တို့ အပြန်အလှန် စကားစစ်ထိုးကြပုံ’လို့
မာတိကာမှာ ဖော်ပြပါတယ်။ ရဟန်းတစ်ပါးနဲ့ ဘုရင်တစ်ပါးတို့
စကားစစ်ထိုးကြတယ်ဆိုတဲ့ အသုံးအနှုန်းဟာ အနည်းငယ် ‘ပြင်း’ သယောင်ရှိပေမယ့်
သူတို့ ပြောကြဆိုကြတဲ့ စကားအသွားအလာ၊ အပေးအယူတွေ ကြည့်လိုက်တော့
‘စကားစစ်ထိုး’လို့ သုံးတာ သင့်မြတ်တယ် ဆိုရမှာပါပဲ။
ဒီစကားပွဲကို အရေးတော်ပုံကျမ်းမှာ ၁၅ မျက်နှာခန့်အထိ ဖော်ပြပါတယ်။
မှန်နန်းနဲ့ မဟာရာဇ၀င်ကြီးမှာလည်း အတော်များများလေး အသေးစိတ် ပြပါတယ်။
နေရာချုံ့ရမှာမို့ ဒီဆောင်းပါးမှာတော့ အများသုံး စကားလုံးအနေနဲ့
လှယ်ယူပြီး ဖောက်သည်ချပါရစေ။
ရာဇာဓိရာဇ်။   ။ တပည့်တော်ထံ ကြွရောက်တဲ့ ကိစ္စကို မိန့်ဆိုပါဘုရား။
စကြိုသူမြတ်။  ။ မင်းကြီး ကြိုးစားအားထုတ်ပြီး အင်းဝကို ဆန်တက်လာတဲ့ အကြောင်း ငါတို့သိချင်လို့ပါ။ သိရရင် ဂိုဏ်းဆရာ သံဃာတော်များ စုရုံးပြီး ဆွေးနွေး ဆောင်ရွက်ပေးဖို့ပါပဲ။
ရာဇာဓိရာဇ်။   ။တပည့်တော် စစ်ချီလာတာ အလိုဆန္ဒ အကြောင်းလေးပါး ကြောင့်ပါ။
(၁) အထူးထူးသောအရပ်ကို ကြည့်လို၍။
(၂) ဘုန်းလက်ရုံးခွန်အား ပြလို၍။
(၃) တိုင်းနိုင်ငံ ကျယ်လိုပြီး ဆင်မြင်းဗိုလ်ပါများ အလိုရှိ၍။
(၄) ပုဂံအ၀ရဲ့ ဘုရားပုထိုး မွေးတော် ဓာတ်တော်များကို ရှိခိုး ပူဇော်လို၍။
ဆန်တက်လာပါတယ်။
[အရေးတော်ပုံကျမ်းမှာတော့
(၁) မင်းကြီးစွာ လက်ထက်က စော်ကား အထင်သေးခဲ့သည်ကို ပြန်လည်ချေပဖို့၊
(၂) အင်းဝကို ဟံသာဝတီထဲ ခွင်ပြိုင်ပြု ချဲ့ထွင်ဖို့၊
(၃) စေတီပုထိုး ဓာတ်တော်ဖူးမြင်ဖို့၊
(၄) အောင်မြင်တဲ့ စစ်ကြောင်းနဲ့ ရောက်ရှိခဲ့ကြောင်း ပေထက်အက္ခရာ တင်ပြီး
နောင်လူတို့ ပြောစမှတ်ပြုဖို့လို့ ဖော်ပြပါတယ်။]
စကြိုသူမြတ်။  ။ သာသနာတော် ဒါယကာမင်းမြတ်တွင်
တရားတော်နှင့်အညီ ဟောကြားဆုံးမမည့် ရဟန်းပညာရှိလည်းမရှိ၊
 ပြည်ထဲအမှု၌ အမြော်အမြင် အလိမ္မာနှင့် ပြည့်စုံသော အမတ် သေနာပတိလည်း မရှိ။
ရာဇာဓိရာဇ်။   ။ဘယ်လို အမိန့်တော်မူလိုက်ပါသလဲ ဘုရား။
စကြိုသူမြတ်။  ။(ဇမ္ဗူဒိပ်ကျွန်း၊ တာဝတိံသာ၊ အသုရာ၊ မဟာအ၀ီစိတို့ရဲ့ ယူဇနာတွေ၊
ရေနေ၊ တောနေ၊ လူနေတွေကို ရှင်းပြပြီး လောဘ၊ ဒေါသ၊ မောဟဖုံးလွှမ်းလို့
ငရဲသွားရသူ သတ္တ၀ါများသာ ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းပြပြီးမှ)
ကြွလာတဲ့ အကြောင်းလေးပါးမှာ…
ဓာတ်တော် ပုထိုးစေတီများကို ဖူးမြင်ပူဇော်လို၍ ဆိုတဲ့ တစ်ပါးသာ တရားနဲ့ညီတယ်၊ ကျန်သုံးပါကတော့ နတ်ရွာနိဗ္ဗာန်နဲ့ ဖီလာပဲ၊
ဒါကြောင့် ရဟန်းပညာရှိ မရှိလို့ ငါဆိုတယ်။
ပညာရှိအမတ် သေနာပတိ မရှိလို့ ဆိုတဲ့အကြောင်းက
သင့်ခမည်းတော် ဗညားဦးနဲ့ အင်းဝမင်းကြီးစွာတို့ လက်ထက်မှာ
 နှစ်ပြည်ထောင် မီးမသေ၊ ရေမနောက် ရှေ့တစ်ပြေးတည်း ဖြစ်ခဲ့ကြတယ်။
သင့်လက်ထက်မှာ ဒီလိုမဖြစ်လာ။ ပြည်သူ လူ ရဟန်းအပေါင်းတို့
ချမ်းသာရမည့်အကြောင်းကို သင့်အား လျှောက်မယ့်သူ မရှိလို့
ပညာရှိ အမတ်သေနာပတိ မရှိဟု ငါဆိုတယ်။
ရာဇာဓိရာဇ်။   ။ အင်းဝဘုရင်က မဟာမိတ်လမ်းစဉ် ဖျက်ပြီး
 တပည့်တော်ရဲ့ ရေမြေကို သူ့ပိုင်နက်ထဲ သွတ်သွင်းဖို့ကြံဆောင်တာပါ။
တပည့်တော် အပေါ် ဒီလိုဆိုရင် တပည့်တော်လက်ကို ဆွဲချုပ်ထားပြီး
တင်ပါးကို ရိုက်နှက်စေသလို ဖြစ်မနေပါလားဘုရား။
စကြိုသူမြတ်။  ။ မင်းကြီးလျှောက်တင်သလိုဆိုရင် ငါ့မှာ ကိုယ့်လူကို အနိုင်ပေး၊
တစ်ဖက်လူ ရှုံးစေလိုစိတ်ရှိတဲ့ ရဟန်းသိက္ခာပုဒ်များကို
မစောင့်ထိန်းသူအနေနဲ့ ဒုဂ္ဂတိလားရမှာပါ။ ငါ ဒီလိုမဟုတ်ပါ။
သတ္တ၀ါ အပေါင်းတိုကို ထာဝစဉ် မေတ္တာပို့ပါတယ်။
ငါ့ဇာတိ စိတ်ရင်းအရ အင်းဝနှင့် ဟံသာဝတီ နှစ်ပြည်သားတို့ကို သာတူညီမျှ ချစ်ပါတယ်။ စစ်ကြီးဖြစ်ရင် နှစ်ပြည်ထောင်လုံး ကြီးမားတဲ့ အပူမီးလုံးကြီး တောက်ပါမယ်။
 သူက အလျင်ပြုလို့ ကိုယ်က ရန်ငြိုးဖွဲ့ပြီး လက်စားချေရမယ်လို့ ဘုရားဟော မရှိပါဘူး။
ခန္တီတရား လက်ကိုင်ထားဖို့သာ သာသနာ့ဒါယကာကို ငါ သတိပေးပါတယ်။
ရာဇာဓိရာဇ်။   ။ သင့်မြတ်ပါတယ် ဘုရား။
သို့သော် အင်းဝမင်းကြီးစွာ ဟံသာဝတီသို့ စုန်ဆင်းတုန်းက
ဘာကြောင့် ဒီလို တရားမပြခဲ့ပါသလဲ။
တပည့်တော် တုံ့ပြန်ဖို့လာခါမှ ခန္တီတရား လက်ကိုင် ထားပါဆိုတာ
တစ်ဖက်သတ် ဖြစ်မနေပါလား။
စကြိုသူမြတ်။  ။ (ပြုံးလျက်ပင်) ကကုသန်ဘုရားလက်ထက် သာသနာတော် ကတည်းက ခန္တီတရားဟာ ယနေ့ထိ တစ်ခုတည်းပါ။
မင်းကြီးအနေနဲ့ တရားတော်ကိုသာကြည့်ပါ။
(မဟာအ၀ိစိ ငရဲ၊ ပဉ္စာနန္တရိယကံတို့ကို ရှင်းပြပြီး)
စစ်ဗျူဟာခင်းပြီး တိုက်ခိုက်သတ်ဖြတ်တဲ့ အဖြစ်ကြောင့်
အပါယ်လေးပါက လွတ်ကင်းနိုင်ပါ့မလား မင်းမြတ်။
ရာဇာဓိရာဇ်။   ။ ရာဇဓမ္မမှာ အကျိုးနဲ့အပြစ်ဟာ ဒွန်တွဲနေပါတယ်။
သံသရာ ကျင်လည်သမျှ
ဘယ်သူမှ အပြစ်ပါပ အကုသိုလ်ကံက လွတ်အောင် မရုန်းနိုင်ပါ။
စိတ်ကြံစည်သမျှ ပညာဥာဏ်နဲ့ နှိုင်းဆခြင်းသာ မဓာနပါဘုရား။
စကြိုသူမြတ်။  ။စစ်ဗျူဟာခင်းမယ်ဆိုလဲ စစ်အင်္ဂါလေးပါးကို မင်းကြီးသိထားဖို့ လိုပါတယ်။ (လေးပါးကို ရှင်းပြပြီး) ကာလ၊ ဒေသ၊ ဥတုကို မင်းကြီးမေ့နေသလား
(အင်းဝဒေသ မိုးဦးလေဦး မြစ်ရေလျှံခြင်းကို ပြောပြပြီး)
ဒီလိုအချိန်မှာ မင်းကြီးရဲ့လှေတွေ၊ တပ်သားတွေ ဒုက္ခရောက်မယ်။
အင်းဝကို မတိုက်ရဘဲ အလိုအလျောက် ပျက်စီးပါလိမ့်မယ်။
ရာဇာဓိရာဇ်။   ။ပြုံးပြီး) တပည့်တော်က စစ်အင်္ဂါ လေးပါးသာမက ရှစ်ပါးအထိ သိပါတယ်။
(ရှစ်ပါးကို ရှင်းပြပြီး) အရှင်ဘုရားပြောပြတဲ့ လေးပါး
မှန်တယ် မှားတယ် တပည့်တော် မပြောလိုပါ။
စကြိုသူမြတ်။  ။မင်းနှစ်ပါးစလုံးရဲ့ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးအတွက် မည်သည့်ဘက်မှ မလိုက်စားဘဲ ငါ ယခုလို ကြိုးစား သတိပေးနေတာပါ မင်းကြီး။
စကားအရှိန်ကောင်းနေစဉ်မှာပဲ ရွှေကြက်ယက် ဘုရားက ဖမ်းလာခဲ့တဲ့
သုံ့ပန်း ခုနှစ်ယောက် (မြန်မာစာပေမူအရ ဘုရားကျွန်သီးတော်များ)ကို
မင်းကြီးထံ ဆက်လာပါတယ်။ ဒီအခါ စကြိုသူမြတ်က
ဘုရားအမှု ဝေယျာဝစ္စ လုပ်သူများကို အန္တရယ်ပြု သတ်ဖြတ်တာ
ငါ မျက်ဝါးထင်ထင် မြင်ရပြီ၊ အပြစ်ကြီးလှတယ်။ ငါ တရားသံဝေဂ ဖြစ်လှတယ်။
ငါတို့ကို ပြန်ခွင့်ပြုပါတော့လို့ မိန့်ပြီး ထွက်ခွာမယ်လုပ်ပါတယ်။
ဒီအခါမှ ရာဇာဓိရာဇ် စိုးရိမ်လှစွာနဲ့ မေးမြန်းပြီး စိတ်ကြမ်းများလျော့ပါး၊
သမပဋိပတ်စိတ်တွေဝင်၊ ရတနာသုံးပါးကို သတိရလာပြီး
ဘုရားကျွန်သီးတွေကိုသတ်သူ သူ့ရဲမက်တွေကို အပြစ်ပေးပါမယ်လို့ ဆိုပါတယ်။
ဒီအခါ စကြိုသူမြတ်က ထပ်မံတားမြစ်ပြီး ရဲမတ်တွေကိုပါ အပြစ်လွှတ်ဖို့ အလှူခံပါတယ်။
ဘုရင်က သဘောတူပြီး သုံ့ပန်းတွေကိုပါ လှူပါတယ်။
ပြီးမှ “တပည့်တော် အရှင်ဘုရားရဲ့ သြ၀ါဒကို မဆန့်ကျင်တော့ပါ။
စစ်ပြီး စုန်ဆင်းပါတော့မယ်၊ ဒီရောက်ခဲ့တာ အစွဲပြုလို့ ဘုရားကျောင်းတော်
တစ်ဆောင် ဆောက်လုပ် လှူဒါန်းချင်ပါတယ်။
တပည့်တော်မှာ သဒ္ဓါတရား ဖြစ်ပေါ်လာပါတယ်”လို့ လျှောက်ပါတယ်။
စစ်သွေးစိတ်မာန်တက်နေတဲ့ ဘုရင်တစ်ပါးကို ရင်ဆိုင်တွေ့ အရေးဆို
စစချင်းပဲ ‘သင့်မှာရဟန်းပညာရှိလည်း မရှိ၊ လူပညာရှိလည်း မရှိ’ လို့ ရဲရဲပြောခဲ့တဲ့
 အဖွင့်စကားဟာ ဆွေးနွေးပွဲရဲ့ အရေးပါသော ပဏမစကားလုံး ဖြစ်ပါတယ်။
နောက်ပိုင်း အင်းဝ-ဟံသာဝတီ အပြန်အလှန် စစ်ထိုးခဲ့ကြပေမယ့် ဒီတစ်ချီမှာ
စကြိုသူမြတ်အရှင် ငြိမ်းချမ်းရေး လုပ်ဆောင်တာ
အောင်မြင်ခဲ့တာကတော့ ဧကန်ဖြစ်ပါတယ်။
ရာဇောဝါဒ ဆုံးမစကားအဖြစ် ပင်းယစကြိုသူမြတ်ရဲ့
နှုတ်ထွက်သြ၀ါဒ စကားလုံးဟာလည်း ‘သမိုင်းဝင်’ ဖြစ်နေပါတော့တယ်။
Credit: mmcybermedia
Saturday, July 21, 2012
ဓမ္မဥယျာဉ် ၀ါတွင်းသင်တန်း
ဝါတွင်းကာလ  -  တနင်္ဂနွေဓမ္မသင်တန်း
အမျိုးဘာသာ သာသနာတိုးတက်စေရန်နှင့် လိမ္မာယဉ်ကျေးသော 
သားသမီးရတနာလေးများဖြစ်စေရန် ရည်ရွယ်၍ ဓမ္မဥယျာဉ်ကျောင်းတွင် 
ဝါတွင်း (၃) လ တနင်္ဂနွေနေ့တိုင်း ကလေးများအတွက် 
အခြေခံဗုဒ္ဓဘာသာသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လစ်ပို့ချပေးမည်ဖြစ်ပါသည်။
ဝါတွင်းကာလနှင့် ဆီလျှော်စေရန် ရည်သန်၍ ကလေးများအား မြတ်စွာဘုရား၏တရားဦး ဓမ္မစကြာတရားတော်နှင့် သက်ဆိုင်သော သင်္ခန်းစာများ ပို့ချသွားမည်ဖြစ်ပါသည်။
ဓမ္မစကြာတရားတော်ကို မှန်ကန်စွာ ရွတ်ဖတ်တတ်ခြင်း
အဓိပ္ပါယ်ကို ကောင်းစွာသဘောပေါက်နားလည်ခြင်းရှိစေရန်သင်ကြားခြင်းနှင့်
သင်ယူမှုကို အထောက်အကူဖြစ်စေရန်အတွက် လက်မှု/ လှုပ်ရှားမှုအချိန်၊ ပုံပြင်ချိန်တို့ဖြင့်လည်း ဖြည့်စွက်ပို့ချပေး မည်ဖြစ်ပါသည်။
သင်တန်းကာလ
၂၀၁၂ - ခုနစ်၊ သြဂုတ်လ (၅) ရက်မှ အောက်တိုဘာ (၂၈) ရက်အထိ။
သင်တန်းချိန်
မွန်းလွဲ ၁း၀၀ နာရီမှ ၃း၃၀ နာရီအထိ
အသက်အရွယ်
၎ - ၆ တန်း ကျောင်းသား၊ ကျောင်းသူများ
ဝတ်စုံ
ဘာသာရေးနှင့်သင့်တော်သည့် ဝတ်စားဆင်ယင်မှု
အမည်စာရင်းပေးသွင်းရန်
ဇူလိုင်လ (၃၁) နောက်ဆုံးသတ်မှတ်ရက်ထား၍ တာဝန်ခံဆရာတော်ဦးဥတ္တမထံတွင် စာရင်းပေးသွင်းရန်။
ဆက်သွယ်ရန်
တာဝန်ခံဆရာတော် ဦးဥတ္တမ (B.A, M.A)
ဓမ္မဥယျာဉ်ကျောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗဟန်း၊ ရန်ကုန်
ဖုန်း - ၄၃၀၂၁၆၊ ၀၉၄၂၁၀၉၆၀၄၆
ဒေါ်ခင်စန္ဒာ (၀၁-၆၆၃၀၅၀
Dhamma Garden Centre
Vassa - Sunday Dhamma Class
Dear Parents
We warmly invite your child to join us in our Vassa - rain retreat ‘Sunday Dhamma Classes’. Vassa is a time for learning and contemplation. In keeping with this beautiful tradition, and most suitable of the period, the classes will focus on learning the Dhammacakkappavattana Sutta. Generally known as the first sermon, this Sutta holds the essence of the Buddha’s teaching – ‘The four Noble truths’.   
By introducing our children to the first teaching of our Lord Buddha, we hope to help them develop an understanding of the sermon. How it relates to them. How it can be applied to their everyday life, along with how to recite the sutta properly.  Hopefully at the same time, to instil a lifelong practice of - living the Noble Eight Fold way, a fondness of our Sasana , cultural traditions and striving to uphold them.
May all be well,
Ven Ashin Uttama
B.A., M.A. Buddhism
(Registrar- Dhamma Garden Centre).
Class information
Duration:            (August 5 ~ October 28, 2012)
Time:                (9:00 ~ 11:30 a.m. Sundays)
Venue:
Dhamma Garden Centre, Shwe Kyet Yet Monastery, 
Bogyoke Museum Lane, Bahan Township.
Age range:           
9  ~ 11 years (Grades 4/5)
Medium:              
English + basic knowledge of 3rd Standard Myanmar
Dress code:
white loose fitting top & longyi / pants or clothing below knee level
Last date of enrolment:    
31st July 2012
Refreshments:        will be provided
Enrolment- Pls contact:     
Ven. Ashin Uttama
Dhamma Garden Centre
01-430216 / 09-421096046 
Or
Tr. Kim   (Daw Kim Sandar) 01 – 663050
*we regret that due to space difficulty, child placement is limited to date of enrolment
Friday, July 20, 2012
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
နေ့ရက်
၁၃၇၄ - ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၀) ရက်၊ တနင်္ဂနွေနေ့
12 / 08/ 2012 Sunday
အချိန်
နံနက် ၇း၀၀ နာရီ အရုဏ်ဆွမ်းဆက်ကပ်
နံနက် ၉း၀၀ နာရီ ပရိသတ်များစတင်ဧည့်ခံ
နံနက် ၁၁း၃၀ နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ (၁း၀၀) တရားဟော
နေရာ
ကပုန်းကျောင်း
19, Jalan 38, Desa Jaya,
Kepong 52100
HP: 017 2422336
Wednesday, July 18, 2012
ဖတ်စရာ မှတ်စရာ (၃၅)
ဆင်းတုရှိခိုးတာ အကျိုးရှိသလား
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။
ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့
သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။
သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။
ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ
အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။
ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။
ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊
ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး
ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊
ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။
ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ
စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး
ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက
မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့
ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။
စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့
မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊
ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့
ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။
ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို
ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ
ရည်မှန်းပြီး ပူဇော်ရပါတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်
အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို
ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့
ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား
စွပ်စွဲမှုများသာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့
ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊
ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်
နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး
မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့
အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊
သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။
ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ
ရှာဖွေလို့ ရနိုင်ပါတော့မလဲ။
(ဒေါက်တာမင်းတင်မွန်)
www.burmaborn.blogspot.com မှကူးယူဖော်ပြပါသည်။ တန်ဖိုးရှိသော
ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
Thursday, July 12, 2012
စတုတ္ထမဏ္ဍိုင်ရဲ့ နံပါတ်မဲ့ ဝေဒနာ
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ခုရက်ပိုင်းတွေမှာ “တနင်္ဂနွေ ဗုဒ္ဓယဉ်ကျေးမှုကျောင်း”များပေါ်ပေါက်ရေးအတွက် တိုက်တွန်းအကြံပေးဖို့ ဇာတိချက်ကြွေ အညာဒေသမြို့ ရွာ တော်တော်များများကို ရောက်ဖြစ်ခဲ့ပါတယ်။
မိမိဇာတိနဲ့ မဝေးလှတဲ့ အညာမြို့တစ်မြို့က တောင်သူတစ်ပိုင်း ကုန်သည်တစ်ပိုင်း ဒကာကြီး တစ်ယောက်က “အခုဆို ဒီနိုင်ငံမှာ ခေတ်ကြီးက အတော်ကြီးကို ပြောင်းလဲတိုးတက်လာနေပြီဆိုတာ ဆရာတော်တို့ကော သတိထားမိကြရဲ့လား'' ဆိုပြီး မေးလာပါတယ်။
 “ဟုတ်ကဲ့ … ဂျာနယ်တွေထဲမှာတော့  ဖတ်လိုက်ရပါတယ်” ဆိုတော့
“တပည့်တော်တို့ တောသူတောင်သားတွေကတော့ ဂျာနယ်တွေ ဘာတွေ သိပ်မဖတ်ရလို့ ဘာတွေတိုးတက်တယ်ဆိုတာ သေသေချာချာတော့ မသိပါဘူး။ အခုလို မြို့ပေါ်ရောက်လာတဲ့အခါမှာ သတိပြုမိ တာကတော့ အရင်ကထက် ကားသစ်သစ်တွေ အတွေ့ရများသလို ကားတွေလည်း ပိုရှုပ်လာတယ်။ တပည့်တော်တို့အတွက်တော့ လမ်းကူး လမ်းဖြတ် ပိုပြီး ခက်ခဲလာတာပဲ ထူးပါတယ်ဘုရား”ဆိုပြီး စကားရပ်သွားတယ်။
တစ်အောင့်လောက်နေတော့ “အခုဆိုရင် တောင်သူလယ်သမားတွေမှာ စိုက်ပျိုးစရိတ်တွေက ကြီး၊ မိုးလေ၀သ မမှန်လို့ ကောက်ပဲ သီးနှံတွေက အထွက်ဖျဉ်း၊ ဈေးနှုန်းတွေကကျနဲ့ အတော်လေးကို ကသီလင်တ ဖြစ်နေကြရတာ၊ ကြားရသလောက်တော့ ဒီလိုဖြစ်ရတာဟာ အညာရော အောက်ရော ရှိသမျှ တောင်သူ လယ်သမား အားလုံးလိုလိုပဲ။ ခုဆို တောင်သူလုပ်ငန်းခွင်သစ်က စကြရတော့မှာ စရိတ်စကဆိုတာက ခက်ခဲကြနဲ့၊ ဘယ်ကတောင် စရမှန်းမသိလောက်အောင်တောင် ဖြစ်နေကြတာ။ ဒါတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက သိရှိစီစဉ်ပေးဖို့ ဂျာနယ်တွေ ဘာတွေကများ ရေးကြ သားကြတာ ရှိမလားလို့ပါ”တဲ့။
“အဲ .. ဂျာနယ်တွေမှာ အတွေ့ရများနေတာကတော့ ကားတင်သွင်းခွင့်တွေ ကားဈေးကျနေတာတွေ အကြောင်းရယ်၊ လျှပ်စစ်မီးတွေ ပျက်လို့ ဒုက္ခရောက်ကြတဲ့ အကြောင်းတွေရယ်၊ ပြီးတော့ နိုင်ငံက ချစ်ခင်လေးစားခြင်းခံရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပုံတွေရယ်ပဲ ဒကာကြီး”
“ကားဈေးက တပည့်တော်တို့ တောသူတောင်သားနဲ့ ဘာမှ မပတ်သက်ဘူးဘုရား။ ကားဈေးတွေ ဘယ်လောက်ကျနေနေ ကားခတွေက တက်မြဲ တက်နေတာပဲဟာ။ လျှပ်စစ်မီးပျက်တယ်ဆိုတဲ့ ဒုက္ခကလည်း တောရွာမှာ လုံးဝကို မကြုံဖူးဘူး။ အစကတည်းက လျှပ်စစ်မီးဆိုတာ ဘာမှန်းတောင် သိမှ မသိကြတဲ့ ဥစ္စာ။ အပြင်က လျှပ်စစ်မီးဆိုတာကတော့ ဘယ်တုန်းကမှ မရဘူးလို့ အထွေအထူး တောင်းတတယ်ရယ်လို့လည်း တယ်မရှိကြပါဘူး။ အရှင်ဘုရားတို့လို မြို့ပေါ်နေခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေက ညည်းပြလို့သာ ကြားရဖူးတာပါ။ ကျေးလက်တောနယ်တွေ မဖွံ့ဖြိုးဘူး ဆိုတာလည်း အပြင်က လျှပ်စစ်မီးတွေ မလင်းနိုင်လို့ဆိုတာက အဓိကအကြောင်းရင်း မဟုတ်ဘူးထင်တယ်ဘုရား။ ကိုယ်လည်း ဒီလို အမှောင်ထုထဲမှာပဲ လူလားမြောက်လာ ရတာဆိုတော့ ဒီကိစ္စကို သိပ်တော့လည်း မဝေခွဲတတ်ဘူး။ ကိုယ့်အတွေ့ကြုံနဲ့ကိုယ် စဉ်းစားရ သလောက် ပြောရမယ်ဆိုရင်တော့ တောသူတောင်သားများမှာ အဓိက ဒုက္ခပေးနေတာက အတွင်းမှာ အသိပညာအလင်း မရတဲ့ ကိစ္စပဲ”
အသိပညာနည်းပါးကြတော့ အရှည်ကို မတွေးတော မဆင်ခြင်တတ်ကြဘူး။ ထစ်ခနဲဆို ရိုက်ဟယ်၊ နှက်ဟယ်၊ ခုတ်ဟယ်၊ ထစ်ဟယ်နဲ့။ လုပ်လို့ ကိုင်လို့ ရသမျှကလေးတွေလည်း စားရသောက်ရတယ်ရယ်လို့ကို တယ်မရှိကြဘူး။ ရုံးစား ဂါတ်စားနဲ့ လုံးပါးပါးကုန်ကြတာက အများသားကလား။ ခုတော့ ရွာမှာ ရပ်ရွာ လူကြီး တွေ ရော၊ ကျောင်းဘုန်းကြီးတွေရော တောင့်တနေကြတာက အပြင်မှာ လျှပ်စစ်မီးလင်းဖို့ မဟုတ်ပါဘူး ။ နောင်လာ နောင်သားတွေအတွက် အသိပညာ လင်းရေးပါပဲ။
“အလယ်တန်း ပညာကလေးလောက်မှ ကိုယ်စီတတ်ကြပါစေ”ဆိုပြီး ကြိုးစားနေကြတာလဲ ကြာလှပြီ။ ကိုယ့်ဘက်က တတ်စွမ်းသမျှ မြေနေရာတို့၊ အဆောက်အဦတို့ဆိုတာတွေလည်း အတော်စုံပါပြီ။ ကျောင်းဖွင့်ပေးဖို့ကတော့ ခုအထိ ဘာသံမှကို မကြားရသေးဘဲဖြစ်နေတယ်။ အဲဒီအကြောင်းတွေရော ဂျာနယ်တွေမှာ ရေးကြ သားကြ အကြံပေး တိုက်တွန်းကြတာတွေများ ပါမိသလားလို့”။
“အဲဒီ ပညာရေးနဲ့ ပတ်သက်လို့တော့ ရှေးက တက္ကသိုလ်ကြီးတွေ ပြန်လည်ထွန်းပေါ်ရေးတွေ ဘာတွေ အကြောင်းလောက် ပဲ တွေ့ရ တယ်။ ကျေးလက်ပညာရေးတွေ အကြောင်းတော့ သိပ်ကျယ်ကျယ်လောင်လောင် မကြားမိဘူး။ ကျေးလက်က လူတွေက ဂျာနယ်တွေ ဘာတွေ သိပ်မဖတ်ဘူးဆိုတော့လဲ ဂျာနယ်တွေက ဘယ်သိပ်အရေးစိုက်မလဲဗျာ၊ သူတို့ဖောက်သည်တွေ စိတ်ဝင်စားမှာကိုပဲ အဓိကထားကြပုံရပါတယ်။ ဂျာနယ်တွေကို စတုတ္ထမဏ္ဍိုင်ကြီးလို့တော့ ပြောတာပဲ။ ဒီမဏ္ဍိုင်ကြီးကလည်း ကားဝယ်နိုင်သူတွေ၊ လျှပ်စစ်မီးနဲ့ ပတ်သက်သူတွေ၊ တက္ကသိုလ်ကြီးတွေ အကြောင်းပဲ စိတ်ဝင်စားနေကြတာထောက်တော့ ဧကန္တ ဒီမဏ္ဍိုင်ကြီး ကားတိုက်ခံရလို့ပဲ ယိုင်သွားသလား၊ ဓာတ်လိုက်လို့ပဲ မှိုင်သွားသလား၊ တက္ကသိုလ်ကို မတွေ့ရလို့ပဲ ငိုင်သွားသလားတော့မသိဘူး။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့တော့ ဘာမှ ဟုတ်တိပတ်တိ အသံမြည်တာ မတွေ့မိဘူးဗျာ”ဆိုတော့ ဒကာကြီးလဲ ရောပြီး ယိုင်သလိုလို၊ မှိုင်သလိုလို၊ ငိုင်သလိုလိုကြီးနဲ့ ငေးသွားတယ်။
တအောင့်လောက်နေတော့ “လွတ်လပ်ရေးရပြီးခါစ တပည့်တော် ငယ်ငယ်တုန်းကပေါ့လေ၊ ဒီနယ်တစ်ဝိုက်မှာက ကွန်မြူနစ်ရော၊ ရဲဘော်ဖြူတို့ ရဲဘော်ဝါတို့ရော၊ ရောင်စုံသူပုန်တွေရဲ့ အနှိပ်စက် အတော်လေး ခံကြရတာပေါ့။ နောက်တော့ ပြူစောထီးဆို တာတွေလဲ ပေါ်လာသေးတယ်။ အဲဒီတုန်းက ဘကြီးတို့လဲ ရှိသေးတယ်။ သူတို့ကတော့ ကိုလိုနီခေတ်လဲ ကြုံဖူး၊ ရှင်ဘုရင်ခေတ်အကြောင်းလဲ သိဖူးကြတာကိုး။ သူတို့ကို မေးကြည့်ဖူးတယ်။“လွတ်လပ်ရေးရပြီးတာနဲ့ မရသေးခင်ကနဲ့ ဘယ်လိုထူးသလဲ”လို့။ “ဖိနှိပ်ပုံတွေ အမျိုးမျိုးပြောင်း လဲလာတာပေါ့ကွာ၊ တို့ တောသူတောင်သားတွရဲ့ ဘဝကတော့ လက်ပြောင်းပြီး အဖိနှိပ်ခံရတာပဲ ထူးပါတယ်”တဲ့။
ဒကာကြီး ပြောတာကို ကြားရတော့ ခပ်ငယ်ငယ် မန္တလေးရောက်ခါစလောက်က မြဝတီမဂ္ဂဇင်းထဲမှာ လား မသိဘူးဖတ်လိုက်ရဖူးတဲ့ “အပြာဂိုဏ်း” ဆိုတဲ့ ဝတ္ထုတိုလေးကို ပြေးပြီး သတိရမိတယ်။ စာရေးဆရာတော့ အတိအကျမမှတ်မိဘူး။
ဇာတ်လမ်းကို မှတ်မှတ်မိမိရှိနေတာကတော့ ခုနဒကာကြီးပြောသလိုပဲ မိမိတို့ ဇာတိမြေ ရိုးမတောင်ခြေက ရွာတွေမှာ မိမိကိုယ်တိုင် ကြားတတ် မှတ်တတ်တဲ့ အရွယ်အထိ ကြုံတွေ့ခဲ့ရတဲ့ ခေတ်အခြေအနေကို ဇာတ်အိမ်ဖွဲ့ထားတာဖြစ်လို့ ကောင်းကောင်းကြီးကို မှတ်မိနေတာ။
ဇာတ်လမ်းက ရိုးမတောင်ခြေ ရောင်စုံသူပုန်နယ်မြေထဲက ရွာကလေးတစ်ရွာ။ အဲဒီရွာကို အနီဂိုဏ်း၊ အဝါဂိုဏ်း(ဒါက ဗကပနဲ့ မဟာမိတ်လုပ်ထားတဲ့ ပြည်သူ့ရဲဘော်ပါတီတဲ့)၊ အဖြူဂိုဏ်း(သူကတော့ လကျာ်ယိမ်း ပြည်သူ့ရဲဘော်ဆိုလားပဲ)ဆိုပြီး သုံးဂိုဏ်းရှိတယ်။ ရွာတွေမှာ သူတို့ရဲ့ ပါတီဝင် အမာခံတွေဆိုတာလည်း ရှိတယ်။ ညညဆိုရင် ရွာထဲကို တစ်ဂိုဏ်းဂိုဏ်းကတော့ ရောက်လာတတ်ကြတာ တယ်မပြတ်လှဘူး။
ရောက်လာရင် ဆိုင်ရာဂိုဏ်းတွေက သူတို့ အမာခံတွေကိုတော့ သိပြီးသား။ သိပ်မသဲကွဲတဲ့ အိမ်တွေ ဆိုရင်တော့ “မင်းက ဘယ်ဂိုဏ်း သားလဲ” မေးတယ်။ ကိုယ့်ဂိုဏ်းသားဆိုရင် ချမ်းသာပေးတယ်။ ကိုယ့်ဂိုဏ်းသား မဟုတ်ရင် ငွေဖြစ်စေ၊ ပစ္စည်းဖြစ်စေ တောင်းတယ်။ ဘာမှ မရဘူးဆိုရင်တော့ “ဒီလောက်တောင် မွဲရသလား” ဆိုပြီး ခြေနဲ့ ကန်၊ သေနတ်ဒင်နဲ့ ဆောင့် ဆိုသလို ညှင်းဆဲကြပါတယ်။
ရိုးလည်း ရိုး၊ ကြောက်လည်း ကြောက်တတ်တဲ့ မိသားစုများကတော့ ရွာထဲမှာ မနေဘူး။ ယာနား ချောင်းနား တောထဲမှာပဲ ဖြစ်သလို ပုန်းနေကြရတာ။ နောက်တော့ “ရွာထဲက အိမ်မှာ လူမတွေ့ရင် အဲဒီအိမ် မီးရှို့မယ်”လို့ အမိန့်ထုတ်ကြတော့ ရွာလူကြီးက “တစ်ရွာလုံး မီးဘေးမသင့်အောင် ကိုယ့်အိမ်ကိုယ် ပြန်နေကြ၊ တောထဲမှာ ညအိပ်ညဉ့်နေ မလုပ်ရ၊ လုပ်တဲ့လူ သူပုန်ကို စာရင်းပေးမယ်” ဆိုပြီး အမိန့် ထုတ်လာလို့ ညရောက်ရင် ရွာပြန်နေကြရတယ်။
တစ်ညမှာ သူပုန်အုပ်စု ရွာထဲဝင်လာတယ်။ တစ်အိမ်တက်ဆင်း မေးလိုက်၊ တိုက်လိုက်၊ ယူလိုက်၊ ရိုက်လိုက် လုပ်လာကြရာက အလွန်ရိုးပြီး ကြောက်တတ်တဲ့ မိသားစုအိမ်ရှေ့ ရောက်လာတယ်။ ဒီရွာမှာ ညညဆို အိမ်ပေါ်မှာ အိပ်ကြတဲ့ထုံးစံ မရှိဘူး။ အိမ်နောက်ဖေးမှာ ပုန်းကျင်းတွေ တူးပြီး အဲဒီထဲမှာပဲ အိပ်ကြရ တာ။
ရောက်လာတဲ့ သူပုန်အဖွဲ့(ဂိုဏ်း)က “ဟေ့ .. အိမ်ပေါ်က လူတွေ ဆင်းခဲ့စမ်း”လို့ အော်တော့ ဘာသံမှ ပြန်မကြားဘူး၊ “လူမရှိရင် အိမ်မီးနဲ့ ရှို့ကွာ”လို့ ပြောသံကြားတော့မှ ပုန်းကျင်းထဲမှာ အိမ်ရှင်မ လုပ်သူက သူ့ယောကျာ်းကို “ရှင် ယောက်ျားပဲ၊ သွားရှင်းလိုက်၊ မဟုတ်ရင် အိမ်မီးရှို့ခံရလို့ တစ်ရွာလုံး ပြာပုံဖြစ်သွား လိမ့်မယ်”ဆိုပြီး တိုက်တွန်းလွန်းမက တိုက်တွန်းလို့ အိမ်ရှင် ယောက်ျားက အင်္ကျီမပါ၊ လုံခြည်စုတ် တိုနံ့နံ့လေး ဝတ်ပြီး ရောက်လာတယ်။ ဘာလုပ်ရမှန်းမသိလို့ ဒူးတုပ်ပြီး လက်အုပ်ကလေး ချီလို့တဲ့။
“မင်း ဘယ်ဂိုဏ်းကလဲ ပြော”ဆိုတော့ ဘာမှ မပြောတတ်ဘူး။ အဲဒီလူက ပါတီတွေ ဂိုဏ်းတွေဆိုတာလဲ တကယ်ကို မသိတဲ့လူ။ သေနတ်ဒင်နဲ့ ဆောင့်တွန်းပြီး ကြိမ်းမောင်းလိုက်တော့မှ “ ကျုပ် ... ကျုပ်တို့က အပြာဂိုဏ်းပါ”လို့ တုန်တုန်ယင်ယင် ပြောသတဲ့။ “ဟေ .. ဒီနယ်မှာ အနီရယ်၊ အဝါရယ်၊ အဖြူရယ် သုံးဂိုဏ်းပဲ ရှိတာ။ မင်းတို့က အပြာဂိုဏ်းဆိုတော့ ပါတီသစ်ပေါ့လေ။
ပြောစမ်း ခေါင်းဆောင် ဘယ်သူလဲ၊ ဘယ်ဝါဒလဲ” ဆိုပြီး အော်ငေါက်ခြောက်လှန့်မေးတော့မှ “ဘာ .. ဘာ ပါတီမှလဲ မဟုတ်ပါဘူး၊ ဘာဝါဒတွေဆိုတာလဲ မသိပါဘူး၊ ကျုပ်တို့ကတော့ သေနတ်ပါတဲ့လူတွေ လာသမျှ ပြာနေအောင် ကြောက်နေကြရတဲ့ “အပြာဂိုဏ်း” သားတွေ ပါဗျာ”လို့ ပြန်ပြောလိုက်ပါသတဲ့။
ခုလည်း ဒကာကြီး ပြောပုံအရတော့ “သူ့ရွာလဲ အပြာဂိုဏ်းသားတွေချည်းများ စုနေကြရလေ ရော့သလား”လို့ တွေးနေမိတယ်။ “တပည့်တော်တို့ အလှည့်ရော ဘယ်တော့လောက်များ ကျပါ့မလဲနော်”ဆိုတဲ့ အသံကြားလိုက်တော့မှ ငယ်ငယ်က ပုံရိပ်ကလေးတွေ ကို တွေးနေ ရာက ပြန်သတိလည်လာတယ်။
“သူ့ မေးခွန်းကို ဘယ်လို ဖြေလိုက်ရပါ့” လို့ စဉ်းစားပေမယ့် အဖြေက ပေါ်မလာဘူး၊ မဆီမဆိုင်ပဲလား၊ ဆီဆိုင်လို့လားတော့ မသိဘူး။ စာသင်သားဘဝမှာ အဘိဓမ္မာသင်ရတုန်းက ဆရာသမား သင်ပြပုံကလေး တွေကို ပြန်သတိရလိုက်မိတယ်။
အဘိဓမ္မာသင်တဲ့ ဆရာတော်က အတော်စာသင်ကောင်းတယ်။ ခြောက်သွေ့သွေ့ အဘိဓမ္မာဘာသာရပ်ကို အသက်ဝင်လာအောင် လူနဲ့ တွဲကပ်ပြီး သင်ပြလေ့ရှိတယ်။
ဒွါရခြောက်ပါး၊ အာရုံခြောက်ပါးနဲ့ ပတ်သက်ပြီး “စက္ခုနာ သံဝရော သာဓု” စတဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်တို့ကို သတိနဲ့ စောင့်ပေးဖို့ လိုအပ်တဲ့ အကြောင်းသင်ပြတဲ့အခါ ဘလက်ဘုတ်မှာ လူပုံကြီးရေးပြီး မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အပြင်ဒွါရ ငါးခုနဲ့ ဝမ်းဗိုက်အလယ်မှာ “ဟဒယ” ဆိုတဲ့ မနောဒွါရပုံတွေကို ရေးပြထားတယ်။ ပြီးတော့မှ -
“ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြ - အပေါ်ဆုံးမှာ မျက်စေ့၊ အဲဒီနဲ့ မတိမ်းမယိမ်း ကပ်လျှက်အောက်မှာ နား၊ ပြီးတော့ နှာခေါင်း၊ အဲဒီအောက်က ပါးစပ်၊ ဒီဒွါရလေးခုက ဦးခေါင်းပိုင်းမှာ ရှိတယ်၊ တစ်ကိုယ်လုံးကို အပေါ်စီးကနေ နေရာယူထားကြတာပေါ့။ အဲဒီအောက် က ခြေဖျားအထိ တစ်ကိုယ်လုံးကြီးက ကာယဒွါရ၊ အလယ်က အတွင်းမှာ နေရာယူထားတာက မနောဒွါရပေါ့။
“မနောဒွါရ” ဆိုတာ စိတ်ရဲ့ တည်မှီဖြစ်ပွားရာ ဒွါရပဲ။ “စိတ်” ဆိုတာကို ရှေးလူကြီးများက “စေစားတတ်တဲ့ တရား”လို့ သုံးကြတယ်။ ဟုတ်လဲ ဟုတ်တယ်။ သူက စေပြီးတော့သာ စားတတ်တာ၊ လုပ်မစားတတ်ဘူး။ သူက စားချင်ပြီဆိုရင် မျက်စေ့၊ နား၊ နှာစတဲ့ အပြင်ဒွါရတွေကိုပဲ ခိုင်းစားတာလေ။ ဒွါရတွေဆိုတာ အတွင်းက စိတ်က စားချင်တဲ့ အာရုံတွေကို ဆိုင်ရာဆိုင်ရာ အလိုက် ရှာဖွေပြီး စားပေးနေရတဲ့ စိတ်ရဲ့ အစေအပါး ဝန်ထမ်းတွေပေါ့။
အများထင်နေတာက ပါးစပ်ကသာ စားတတ်တယ်ထင်နေကြတာ ဒွါရမှန်သမျှ သူ့ဆိုင်ရာ အာရုံကို စားကြတာချည်းပါပဲ။
ဒီထဲမှာ ဘယ်ဒွါရက အစားအကြီးဆုံး မှတ်သလဲ။ ပါးစပ်က တစ်နေ့ နှစ်ကြိမ် သုံးကြိမ် စားနေရလို့ အစားကြီးတယ် မမှတ်နဲ့။ သူ့အထက်က “နှာခေါင်း”ကိုကြည့် ဘယ်တော့မှ ဝတယ်ရယ်လို့ကို မရှိဘူး။ အဲဒီအထက်မှာ “နား”ဆိုတာကို ကြည့်ဦး၊ နှာခေါင်းထက် ဆိုးပြန်ရော။ နှာခေါင်း ကမှ ကောင်းတဲ့အနံ့လေးကိုသာ ရွေးပြီး ကြိုက်တတ်တာ။ နားကတော့ ကောင်းတာလည်း ကြားချင်၊ မကောင်းတာလည်း ကြားချင်နဲ့ ပိုပြီး အစားကြီးပြန်ရော။ အပေါ်ဆုံးက မျက်စေ့ကျတော့ ပိုဆိုးသေး။
ဘယ်တော့မှကို ဝတယ်မရှိရုံမကဘူး၊ သူများထဲ ဝင်စွက်ပြီး လုစားချင်သေးတယ်။ ကြည့်လေး နားက သီချင်း နားထောင်မယ်ဆိုရင်လဲ မျက်စေ့က အဆိုတော်လှ မလှဆိုတာ ဝင်နှောက်သေးတာ။ အောက်ဆုံးက ခန္ဓာကိုယ်ကြီး ကတော့ ရိုးအအကြီးပါ။ အပေါ်ပိုင်း အဝတ်နှစ်ထည်၊ အောက်ပိုင်းအဝတ်နှစ်ထပ် ဆိုရင် ကျေနပ်နေရတာ ပါပဲ။ သေချာတွက်ကြည့် လိုက်တော့ အပေါ်ရောက်လေ အစားကြီးလေပဲ တဲ့။
အားလုံးကတော့ ကိုယ့် အတွေးနဲ့ကိုယ် ရယ်ကြတယ်။
အတွင်းက ဆရာကြီးလုပ်ပြီး စေစားနေတဲ့ စိတ်က မျက်စေ့ကို သိပ်အားကိုးတယ်။ “တို့က မျက်မြင်ကိုယ်တွေ့မှလက်ခံနိုင်မယ်” ဆိုတာကို ကြည့်ပါလား။ မျက်စေ့နဲ့မြင်ရပြီဆိုရင် တစ်ကိုယ်လုံးနဲ့တွေ့ ရသလိုကို ယုံကြည်ပစ်လိုက်တော့တာ မဟုတ်လား။ ဒါကြောင့်လည်း မြတ်စွာဘုရားက “စက္ခုနာ သံဝရော သာဓု = မျက်စေ့ကို သတိနဲ့ စောင့်ပေးထားနိုင်မှ ကောင်းမယ်” လို့ ဟောတာပေါ့။ အဲ .. စဉ်းစားကြည့်ရင်တော့ မျက်စေ့ထက် ပိုကြောက်စရာကောင်းတာက “နား” ပဲ။ သူက ပိတ်တယ်လည်း မရှိဘူး၊ အမြဲပွင့်နေတာ၊ ပြီးတေ့ တံတိုင်းတို့ နံရံတို့နဲ့ ကွယ်တဲ့နေရာတွေက အသံကိုလည်း ကြားနိုင်တာလေ။
 ကဲ .. ဒီ့ပြင်ဟာ မကြည့်နဲ့ အခုဆို ရတနာ့ဂူနတ်ပွဲက နီးလာပြီး မဟုတ်လား။ အဲဒါ နားက “စန့်ဆို နံ့ကနဲ”ပဲ၊ ဘယ်ပွဲတွေပါမှာတဲ့။ ဘယ်မင်းသမီး မင်းသား၊ ဘယ်အဆိုတော်တွေ ဆိုတာ ကြားပြီးလိုက်ပြီ။ ကြားပြီး ဒီအတိုင်းမနေဘူး၊ သူ့သခင် “စိတ်”ဆီ သွားပြီး သတင်းပို့တယ်။ စိတ်က ကြည့်ချင်၊ ကြားချင်လာတာပေါ့။ အဲဒီတော့ ထုံးစံအတိုင်း စေစားတော့မှာပေါ့။ စေပြီဆိုတော့ သူအားထားတဲ့ အပေါ်ပိုင်းနဲ့စပြီး စည်းဝေးတိုင်ပင်တာပဲ။ စည်းဝေးကြတဲ့အခါ မျက်စေ့ကလည်း သူ့အတွက် အဆင်းတွေအများကြီး မြင်ရမှာဆိုတော့ ဒီကိစ္စ သဘောတူမှာပေါ့။ နားအတွက်ကလည်း အသံအမျိုးမျိုးတွေနဲ့။ နှာခေါင်းအတွက်ကလဲ အနံ့အမျိုးမျိုး စုံတယ်။ လျှာအတွက်ကလည်း ခဲဖွယ်စားဖွယ် စုံမှစုံဆိုတော့ အပေါ်ပိုင်းမှာ စားစရာဝေစုတွေ အသီးသီးနဲ့ဖြစ်လို့ ဘယ်သူကမှ မကန့်ကွက်ဘူး “လောကမှာ မျက်စေ့ကြီး နားကြီးရှိမှ ဗဟုသုတ စုံတယ်”ဆိုပြီး အတည်ပြုလိုက်ကြတော့တာပေါ့။
“ကဲ .. ဒါဖြင့် လူကြီးမင်းတို့ အဲလေ .. မျက်စေ့ကြီးမင်း၊ နားကြီးမင်းတို့ ရှုစားကြ နားဆင်ကြပေရော့” ဆိုတော့မှ သူတို့ကိုယ်သူတို့ အခြေအနေမှန်ကို သတိထားမိတယ်။ သူတို့ကလည်း “စေစား” ရဲ့ လက်အောက်ခံ “ဝေစား”တွေပဲကိုး။ အဲဒီတော့ လေသံချိုချိုကလေးနဲ့ “မိဖပြည် သူ ခြေထောက်များခင်ဗျား၊ သယ်ဆောင်ရွေ့ လျှားပေးတော်မူကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်”တွေ ဘာတွေ လုပ်လာကြပြန် တာပေါ့။
ပွဲခင်းဆီရောက်သွားပြီး အပေါ်ပိုင်းမှာတော့ စားစရာအာရုံကိုယ်စီနဲ့ ကြည့်လို့ ရှုလို့၊ နားသောတဆင်လို့၊ ရှုလိုက် ရှိုက်လိုက်၊ စားလိုက် သောက်လိုက်၊ ပျော်မဆုံး မော်မဆုံး၊ တပြုံးပြုံးပေါ့။ ဒီအချိန်မှာ ဝမ်းဗိုက်ကြီးကတော့ ပါးစပ်နဲ့ ရှယ်ယာလုပ်ထားတော့ သိပ်မဆိုးလှဘူး။ အောက်က ခြေထောက်တွေကတော့ ညောင်းညာတောင့်တင်းပြီး တစ်ခါတစ်ခါ ခြင်တို့က ကိုက်ခဲဖျော်ဖြေတာကို ခံစား ရင်း စောင့်ပေဦးတော့ပေါ့။
အဲ .. ပွဲခင်းမှာ “စီကနဲ” ဖြစ်လာပြီး ဆူကြဆဲကြ၊ ရိုက်ကြ ပုတ်ကြဆိုတာမျိုး ဖြစ်လာပြီဆိုတော့မှ “မျက်စေ့ကြီး နားကြီး မင်းတို့ မျက်စေ့သူငယ် နားသူငယ်ဆိုတာတွေ ဖြစ်ကုန်ပြီး ထုံးစံအတိုင်း “မိဖပြည်သူအောက်ခြေမင်းများခမျာ”ကို တ ကြ ပြန်ရောပေါ့။ အဲဒီမှာ ပြေးဟယ်၊ လွှားဟယ်တို့၊ ခလုတ်တိုက်ဟယ်၊ ဆူးငြိဟယ်တို့ ဆိုတာတွေကတော့ အောက် ခြေထောက်ကြီး အတွက် သမိုင်းပေး အမွေအနှစ်ဖြစ်တဲ့ အလှည့်ကျခွဲတမ်းကြီးပေါ့။ “နာမ် မလိမ္မာ၊ ရုပ်နစ်နာတယ်။ နာမ်လိမ္မာမှ၊ ရုပ်သက်သာတယ်” ဆိုတာ ဒါကိုပြောတာ။ ဒါကြောင့် ဓမ္မပဒ(၃၆)မှာ “စိတ္တံ ရက္ခေထ မေဓာဝီ = အသိဥာဏ်ရှိသူဟာ စိတ်ကို  သတိနဲ့ကပ်ပြီး စောင့်ထားကြ။ စိတ္တံ ဂုတ္တံ သုခါဝဟံ = စိတ်ကို လုံခြုံအောင် စောင့်ထားရင် ချမ်းသာကို ဆောင်နိုင် တယ်” လို့ ဟောတော်မူထားတာ”တဲ့။
“အရှင်ဘုရား ... ကြားသလား၊ တပည့်တော်တို့ အလှည့်ကလေးများ ရောက်အောင် အရှင်ဘုရား ပြောတဲ့ စတုတ္ထ မဏ္ဍိုင်ကြီးကရော ဘယ်လိုများ ရေးသားလှုံ့ဆော်နေတုန်း” ဆိုတာလေ။
အော် ... အဲ .. ဟုတ်ကဲ့၊ ခုတော့ ကြည့်ရှုနားထောင်လို့ ကောင်းကြတုန်း၊ စားတုန်း သောက်တုန်း ငေးမောတုန်းပဲ ရှိသေးထင်ပါရဲ့ဗျာ၊ “စီကနဲ” ဖြစ်ရင်တော့ အောက်ခြေမင်းတို့ အလှည့်လဲ ရောက်လာမယ်ထင်ပါရဲ့”လို့ပဲ ဖြေလိုက်ရမလား။   ဘယ်လိုများ ဖြေလိုက်ရပါ့။ ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
Credit: http://mmcybermedia.com/community/index.php?topic=20317.msg543681#new
Tuesday, July 10, 2012
ကိုယ့်ကိုယ်ကို အထင်ကြီးဖို့
လွန်ခဲ့သည့်နှစ်က နိုင်ငံပေါင်း ခြောက်နိုင်ငံတွင်
၁၃ နှစ်ရွယ် ကျောင်းသားကလေးများအား စံနှုန်းမီ သင်္ချာစစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။
ထိုအထဲတွင် တောင်ကိုးရီးယားကျောင်းသားကလေးများမှာ အတော်ဆုံးဖြစ်သည်။
ထို့နောက်တွင် စပိန်၊ ဗြိတိန်၊ အိုင်ယာလန်နှင့် ကနေဒါကျောင်းသားကလေးများက
ဒုတိယ၊ တတိယ စသဖြင့် အစဉ်လိုက်ရကြသည်။
အမေရိကန်ကျောင်းသားများမှာ ဘိတ်ဆုံးမှဖြစ်သည်။
သတင်းဆိုးတစ်ခုဖြစ်ပေ၏။
ထိုကျောင်းသားကလေးများအား သင်္ချာမေးခွန်းများအပြင်
နောက်ထပ်မေးခွန်းတစ်ခုကိုလည်း အဖြေခိုင်းသေးသည်။
ယင်းမေးခွန်းမှာ
‘ကျွန်တော်သည် သင်္ချာတွင် တော်ပါသည်’ ဆိုသည့် စာကြောင်းကို ဘေးတွင်
‘ယက်စ်’ ၊ ‘နိုး’ အဖြေခိုင်းဖြင်းဖြစ်၏။
ထိုမေးခွန်းတွင်မူ
ကိုးရီးယားကျောင်းသားကလေးများသည် ဘိတ်ဆုံးမှ လိုက်၏။
၂၃%သာလျှင် ယက်စ်ဖြေကြပြီး ကျန် ၇၇% မှာ နိုးဟု ဖြေကြသည်။
ထိုမေးခွန်းကို ဖြေရာတွင်မူ အမေရိကန်ကျောင်းသားကလေးများက
နံပါတ် ၁ စွဲလေသည်။ ၆၈% က သင်္ချာတော်သည်ဟု ဖြေကြပြီး
မတော်ဟုဖြေသူမှာ ၃၂% မျှသာရှိသည်။
အမေရိကန်ကျောင်းသားများသည် သင်္ချာတွင် ညံ့ကောင်းညံ့မည်။
သို့ရာတွင် ယခုခေတ်စားနေသော ကိုယ့်ကိုယ်ကို အထင်ကြီးသည့်
သင်ရိုးညွှန်းတမ်းမှ သင်ခန်းစာများကိုကား အလွန်ကျေညက်သူများ ဖြစ်ကြပါပေ၏။
ယခုတလော အမေရိကန်ကျောင်းများတွင် ခေတ်စားနေသည့် အယူအဆတစ်ရပ်မှာ
ကလေးငယ်များအား ကိုယ့်ကိုယ်ကို အထင်ကြီးမှု ရှိစေရန်
သင်ကြားရမည်ဆိုသည့် အယူအဆဖြစ်သည်။
ကျောင်းသားများအား ကိုယ့်ကိုယ်ကို အထင်ကြီးမှုရှိစေရန် သင်ကြားခြင်းသည်
အောင်မြင်မှုအတွက် သော့ချက်ဖြစ်သည်ဟု ယူဆနေကြသူများမှာ
ပညာရေးဝန်ထမ်းများသာ မဟုတ်ပါ။
မေရီလင်းပြည်နယ်က ဘုရင်ခံလည်းပါပါသည်။
သူက အလုပ်အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ အဖွဲ့ဝင်များသည်
ကိုယ့်ကိုယ်ကို အထင်ကြီးမှု ရှိသောသူများဖြစ်ရမည်ဟု မကြာခင်က ကြေငြာခဲ့ပါသည်။
(ထက်အောင်၏ ပညာရေးကို အမဲဖျက်ခြင်း မှ)
Monday, July 9, 2012
ကျွန်တော်တို့နိုင်ငံပညာရေး
ကျွန်တော်တို့နိုင်ငံပညာရေးက တွေးကြည့်လေ ရင်မောစရာ ကောင်းလေပါဘဲ။
မတွေးဘဲ
သတင်းဘဲ နားထောင်၊ တီဗီဘဲ ကြည့်၊ သတင်းစာကိုဘဲ ဖတ်မယ်ဆိုရင်တော့
အိုကေသလိုလိုပေါ့။
မနှစ်က ဆေးတက္ကသိုလ်ဝင်ခွင့် နောက်ဆုံးအမှတ်က ၅၅၀ ဆိုလားပါချင်ဗျ။
၆ ဘာသာကို အမှတ်ပေါင်း ၅၅၀ ရတယ်ဆိုတာ နဲနဲနောနော မဟုတ်ရပါ၊
ပျန်းမျှ အမှတ် ၉၀ ကျော်ပါ။
အင်း ဘယ်လိုများရကြပါလိမ့်၊
 မြန်မာစာ ဘိုင်အိုဆိုတာက ၇၀ ကျော်ရဘို့ဆိုတာ
ကျွန်တော်တို့ ငယ်ငယ်က အိမ်မက်တောင် မမက်ဘူးပါခင်ဗျာ။
တလောက စာစောင်တစ်ခုထဲမှာ ရီစရာရေးတာလေး ဖတ်လိုက်ရတယ်။
တိုင်းပညာရေးမှူးက ကျောင်းတွေကို စစ်ဆေးရေး သွားတာလေး ရေးထားတာပါ။
စစ်ဆေးရေးအဖွဲ့က ကျောင်းတစ်ကျောင်းရောက်တော့ သင်ထောက်ကူ ကမ္ဘာလုံးပုံစံတူလေးကိုင်ပြီး
၆ တန်းကျောင်းသားတစ်ယောက်ကို မေးခွန်းမေးပါသတဲ့။
မေးတဲ့မေးခွန်းက
ကမ္ဘာကြီးက ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ စောင်းနေရပါသလဲလို့ မေးပါတယ်။
ကျောင်းသားက ပြာပြသလဲဖြစ်သွားပြီး သူဖြေလိုက်ပုံက
ဟာ အဲ့လိုစောင်းသွားတာ ကျွန်တော်လုပ်တာ မဟုတ်ပါဘူး ခင်ဗျ၊
ကျွန်တော် ဒီကမ္ဘာလုံးကို တစ်ခါမှ မကိုင်ဘူးပါဘူးခင်ဗျ လို့ အဖြေပေးပါတယ်။
အတန်းပိုင်ဆရာမကလဲ
ဟုတ်ပါတယ်၊ ဒီကလေးက ဒီလောက် အဆော့မသန်ပါဘူး၊
အခြားကလေးတွေ ဆော့လိုက်လို့ စောင်းသွားတာပါလို့ ဖြေပါတယ်။
ပထ၀ီသင်တဲ့ဆရာမကတော့ ဝင်ပြောပေးပါတယ်၊
ဟုတ်ပါတယ်ရှင့်၊ ဒီကမ္ဘာလုံးက စောင်းသွားတဲ့ကိစ္စက ကလေးတွေဆော့တာ မဟုတ်ရပါဘူးရှင့်၊
ကျွန်မက သူတို့ကို ပေးမဆော့ပါဘူး၊ ရိုရိုသေသေ ဘီရိုထဲ သိမ်းပါတယ်။
အမှန်က ဒီကမ္ဘာလုံးကြီးက ကျောင်းအုပ်ကြီးက မြို့ကယူလာကတည်းက
အစောင်းကြီးယူလာတာပါတဲ့ခင်ဗျ၊
ဒီလို မေးတာ ဖြေတာတွေလဲ ကြားရရော တိုင်းပညာရေးမှူးရဲ့ မျက်နှာက ဒေါသနဲ့ နီရဲလာပါတယ်။
ဒါနဲ့ ကျောင်းအုပ်ကြီးက ပြေရာ ပြေကြောင်း ပြောရရှာပါတယ်။
ဟုတ်ပါတယ်ခင်ဗျာ၊ ဒီကမ္ဘာလုံးကို တခြားစာအုပ်တွေ ဗလာစာအုပ်တွေ အများကြီးနဲ့ ရောသယ်မိလို့
စာအုပ်ပိပြီး စောင်းသွားတာပါခင်ဗျာ၊ နောက်တခါဆိုရင် ဒီလိုမစောင်းအောင် ဂရုစိုက်ပမယ်ဆိုပြီး
မျက်နှာသေလေးနဲ့ ပြောရှာပါတယ်။
မြို့နယ်ပညာရေးမှူးကလဲ စိတ်မကောင်းဖြစ်သွားတဲ့မျက်နှာနဲ့
ဆရာကြီးရာ၊ ကမ္ဘာလုံးစောင်းနေတာမြင်ရင်လဲ စောစောစီးစီး ကိုယ့်အားကိုယ်ကိုးပြီး
မိဘဆရာအသင်းရံပုံငွေနဲ့ ပြင်ထားရောပေါ့ဗျာ၊ အခုတော့ ပြောစရာဖြစ်ပြီပေါ့၊
တိုင်းပညာရေးမှူးကြီးခင်ဗျာ၊ နောက်ကို ဒီလို မဖြစ်စေရပါဘူးခင်ဗျ၊ အခုပဲ ရုံးစာထုတ်ပမယ်၊
ကျွန်တော့်မြို့နယ်တွေထဲက ကျောင်းတွေအားလုံး ကမ္ဘာလုံးကို ဂရုစိုက်ထိန်းသိမ်းဘို့နဲ့
စောင်းနေတာရှိရင် ချက်ချင်းပြန်ပြင်ဘို့ လိုအပ်ရင် အထက်ကို တင်ပြဘို့ ရုံးစာထုတ်ပမယ်ခင်ဗျာတဲ့။
တိုင်းပညာရေးမှူးကြီးလဲ နထင်ကို သွေးတိုးသွားတာဘဲ အဖတ်တင်ပါတယ်၊
ဖြေတဲ့လူတွေက အလွန်မရှိပါဘူး။
မေးတဲ့လူရဲ့ အပြစ်ပါခင်ဗျာ၊ ပညာရေးကို ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင်
အောက်ခြေ မူလတန်းအဆင့်ကစပြီး ပြောင်းနိုင်မှ သေချာမှာပါ။
Azawgyi ဆိုသူ mmcpcommunity.net ရေးတင်ထားတာလေးကို ပြန်လည် ကူးတင်ပေးလိုက်တာပါ။
Tuesday, July 3, 2012
ဖတ်စရာ မှတ်စရာ (၃၃)
ရုပ်ပွားဆင်းတုတော်က ခိုက်တာလား… ဗေဒင်ဆရာက ရိုက်တာလား…
လွဲနေတာလေးတွေကို ပြောနေရင်း နောက်ထပ်အလွဲ တစ်ခုကို သွားသတိရမိပါတယ်။ ဘုန်ဘုန်းမြန်မာပြည်မှာ ရှိနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။
တစ်နေ့ ဒကာမတစ်ယောက် စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့
ရုပ်ပွားဆင်းတုတော် တစ်ဆူယူလာပြီး ဘုန်းဘုန်းကျောင်းကို ရောက်လာပါတယ်။
ဒကာမက “အရှင်ဘုရား… ဒီဘုရားလေး အရှင်ဘုရားကျောင်းမှာ ထားချင်လို့ပါဘုရား..”တဲ့။
ဘုန်းဘုန်းက
“ဒကာမ ဒီဆင်းတုတော် တော်တော်သပ္ပာယ်သားပဲ..၊ ဆိုင်က၀ယ်ယူပြီး ပူဇော်တာလား..၊
ဘာအတွက် လာလှူတာလဲ..” စသဖြင့် မေးလိုက်ပါတယ်။
ဒီတော့ ဒကာမက
“ဆိုင်က၀ယ်လာတာ မဟုတ်ဘူးဘုရား…၊
တပည့်တော်မတို့ အိမ်မှာကိုးကွယ် ပူဇော်ထားတဲ့ ဆင်းတုတော်ပါ၊
အိမ်မှာ အစစ အရာရာ အဆင်မပြေ ဖြစ်နေလို့ ဗေဒင်ဆရာ သွားမေးကြည့်တော့
ဗေဒင်ဆရာက အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်က ခိုက်တာ၊
အဲဒီဆင်းတုတော်ကို ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊
ဘုရားစေတီမှာရှိတဲ့ ညောင်ပင်ရင်းမှာပဲ ဖြစ်ဖြစ် သွားလှူလိုက်ပါလို့ ပြောလို့
အဲဒါ အရှင်ဘုရားကျောင်းမှာ လာလှူတာပါဘုရား…”တဲ့။
ရင်ထဲမှာ တော်တော်ကို မကောင်းဖြစ်သွားတယ်။
ဒါလားဟဲ့ ဗုဒ္ဓဘာသာလို့လည်း စိတ်ထဲမှာ ရေရွတ်မိပါတယ်။
ဘုရားဆင်းတုတော်ကို ကျောင်းမှာလာလှူတာပါတဲ့။
ပြောလိုက်တဲ့စကားက လှူတယ်ပေါ့။
တကယ်တော့ ဗေဒင်ဆရာစကားအတိုင်း အိမ်မှာခိုက်လို့ ကျောင်းမှာလာစွန့်တာပါပဲ။ ဘုရားဆင်းတုတော်က ခိုက်တာဆိုပဲ။
ဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။ ဗေဒင်ဆရာက ရိုက်တာပါ။
ဗေဒင်ဆရာရိုက်တာကို ဆင်ခြင်တုံတရားမရှိ၊ အမှားအမှန် မခွဲခြားဘဲ လိုက်လုပ်နေကြတာပါ။
ဘုရားစင်မှာ လူတွေ ဘာပဲ ကပ်ကပ် အကောင်းအဆိုး၊ ဘာမှမပြော၊
ဘယ်လိုပဲနေနေ ဘာမှမလုပ်ဘဲ အချိန်ပြည့် ထားတဲ့နေရာမှာ ရှိနေတဲ့
ဒီရုပ်ပွားဆင်းတုတော်ကပဲ ခိုက်တယ်လို့ စဉ်းစဉ်းစားစား လုပ်ကြပါဦး။
ကိုယ့်ကံနိမ့်နေ၊ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ဘာသာမကောင်းတာတွေ ဖြစ်နေတာကိုပဲ
ဘုရားကိုပုံချပြီး ဘုရားက ခိုက်တယ်ပဲ ရှိရသေးတယ်။
ယနေ့ခေတ် ဗုဒ္ဓဘာသာ အများဟာ မကောင်းတာတွေကြုံ ဒုက္ခတွေဖြစ်ပြီဆိုရင်
ကိုယ့်ကိုကိုယ် ပြန်မကြည့်၊ ပြန်မစိစစ်တော့ဘဲ နီးစပ်ရာအားကိုးမှုကို ရှာတတ်ကြပါတယ်။
ကိုယ့်ကိုကိုယ် အားမကိုးဘဲ သူများအားကိုပြီး ဟိုမေးဒီမေး လုပ်တတ်ကြပါတယ်။
နောက်ဆုံး အဲဒီလို လူမျိုးတွေကို စောင့်စားနေကြတဲ့
ဗေဒင်လက္ခဏာ နတ်ဂိုဏ်းဆရာတွေဆီ ရောက်ကုန်ပါလေရော။
ဗေဒင်ဆရာစတဲ့ သူတွေဆိုတာ သူတို့ဆီရောက်လာတယ် ဆိုရင်
အပူတစ်ခုခုရှိလို့ ရောက်လာတယ်ဆိုတာ သိထားပြီးသားဆိုတော့
ရောက်တာနဲ့ တန်းပြီး အဆင်မပြေတာ တစ်ခုခု ရှိနေတယ်မဟုတ်လားဆိုတော့
ရောက်လာသူက ဟာ…သူသိနေပါလား..၊ ဘာမှ မပြောရသေဘူး သိပ်မှန်ပါလားနဲ့
သူပြောသမျှမှာ အကုန်ယုံ၊ အကုန်လိုက် လုပ်တော့တာပါပဲ။
အဲဒီ တစ်လွဲယုံကြည်မှု အားကောင်းခြင်းက ကိုယ့်အိမ်မှာ ကိုးကွယ်တဲ့
ဘုရားဆင်းတုတော်ကို စွန့်တဲ့အထိ ဖြစ်ကုန်ပါတော့တယ်။
တကယ်တော့ ဗုဒ္ဓဘာသာများဟာ
ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။
နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။
ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင်
အဆင်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလဒ်ပါပဲ။
အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့် လောကဓံပါ။
လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့ ကြုံနေတတ်ရသလို
အဆိုးတွေလည်း ရောက်နေမှာပါပဲ။
ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။
ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ်ဆင်ခြင်ရမှာပါ။
အဲဒါကို ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများသွားအားကိုတော့
သူများခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ
ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တော့တာပါ။
နောက်ဆုံးတော့ ဗေဒင်ဆရာကို အားကိုးမိလို့ ဗေဒင်ဆရာ ရိုက်တာခံရတဲ့အတွက်
မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို လုပ်ဖြစ်ကုန်တော့တာပါ။
အမှန်ဖြစ်သင့်တာက
အဆိုးတွေ ကြုံနေ၊ အဆိုးတွေ များနေရင် အကောင်းကို များများလုပ်သင့်တာပါ။
အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး
အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။
အကောင်းတွေ လုပ်နေရင်း အဆိုးတွေ ကြုံခဲ့ရင်တောင်
တအားဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူး။
ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့ သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင်
အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။
အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ခိုက်တယ်ဆိုတာ ရုပ်ပွားဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။
ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကို ပြန်ခိုက်စေတာ ဖြစ်တဲ့အတွက်
အခိုက်အတန့် အဆိုးတွေနဲ့ ခိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အကောင်းတွေပဲ ဖိလုပ်နေဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို မပြုပြင်၊ အကောင်းတွေနဲ့ မပြင်ဆင်ဘဲ
သူများအားကိုးပြီး ဗေဒင်ဆရာမေးတဲ့အဆင့် ရောက်သွားမယ်ဆိုရင်တော့
ဘုရားဆင်းတုတော်တွေပါ စွန့်ခိုင်းတတ်ကာ အပါယ်အထိရောက်အောင်
ထိုပုဂ္ဂိုလ်များက ရိုက်တတ်တဲ့အတွက်
ဗေဒင်ဆရာရိုက်မှာကို သတိပြုဆင်ခြင်ကြဖို့
မှားတတ်တဲ့ အမှားတစ်ခုအဖြစ် သတိပေး တင်ပြလိုက်ပါတယ်။
ရေးသူ၊ Parker
Credit: http://mmcybermedia.com/community/index.php?topic=45543.0