Monday, June 25, 2012

အချစ်ကို အမွေပြတ်စွန့်လွတ်ခြင်း (က)


(၁)
အချစ်နိဒါန်း
အချစ်သည် ကမ္ဘာတည်သရွေ့ သက်ရှိမျိုးဆက်မပြတ်သေးသရွေ့ တည်ရှိနေမည့်အရာဖြစ်၏။
အနာဂါမ် ရဟန္တာများမှလွဲလျှင် သက်ရှိသတ္တ၀ါတိုင်း၌ အချစ်ရှိနေကြသည်သည်။
“သစ်ပင်တိုင်း၌ အမြစ်နှင့်မကင်းသကဲ့သို့ လူသားတိုင်းမှာလည်း အချစ်နှင့်မကင်း”
ဟူသော စကားရှိ၏။
အမှန်စင်စစ် အချစ်ဟူသည် လူသားများ၌သာမက
သက်ရှိသတ္တ၀ါတိုင်းမှာပင် တည်ရှိနေပေသည်။
သို့ဖြစ်၍ “လူသားတိုင်းမှာ အချစ်နှင့်မကင်း” ဟု ဆိုမည့်အစား
“သက်ရှိသတ္တ၀ါတိုင်းမှာ အချစ်နှင့်မကင်း” ဟုသာ ဆိုသင့်ပေသည်။
သက်ရှိတို့၏ အမြင်အရ ဆားမပါသောဟင်းသည် အရသာမရှိသကဲ့သို့
လောကတွင် အချစ်မရှိလျှင်လည်း အရာရာသည် လေးနက်မှုမရှိတော့။
သက်ရှိတို့၏ဘ၀သည်
အချစ်ကြောင့်ပေါက်ဖွားလာရပြီး အချစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။
အချစ်ကြောင့် ရှင်သန်လန်းဆန်း၍
အချစ်ကြောင့်ပင် ညှိုးနွမ်းသွေ့ခြောက်ရ၏။
ရေသောက်မြစ်မရှိသောသစ်ပင်သည် မရှင်သန်နိုင်သကဲ့သို့
အချစ်မရှိသောသူမှာလည်း သွေ့ခြောက်နွမ်းလျ မရွှင်ပျနိုင်ပေ။
အချစ်သည် သက်ရှိများ၏ ရေသောက်မြစ်ပေတည်း။

(၂)
အချစ်ကို ဖွင့်ဆိုခြင်း
အချစ်ဟူသည် သက်ရှိသက်မဲ့အာရုံများအပေါ်၌
ချစ်ခင် တပ်မက် နှစ်သက် စွဲလမ်း တွယ်တာခြင်းပင်ဖြစ်၏။
ကာမ၊ ရတိ၊ ပေမ၊ တဏှာ၊ ရာဂဟူသောပါဠိဝေါဟာရများသည်
အချစ်၏ပါဠိဘာသာ အမည်သညာများဖြစ်၏။
ဆန့်ကျင်ဘက်လိင်တို့၏ (လင်မယား၊ သမီးရည်းစား) အချစ်၊ မိဘချစ်၊
သားသမီးအချစ်၊ မိတ်ဆွေအချစ်၊ ဆရာသမားအချစ်၊
တပည့်အချစ် စသည်ဖြင့် မည်သည့်သံယောဇဉ်မျိုးကို မဆို
အချစ်ဟူ၍ပင် ခေါ်ဆိုရပေသည်။
သို့ဖြစ်၍ မေတ္တာစစ် မေတ္တာမှန် မဟုတ်သည့် အချစ်ဟူသမျှကို
ဤစာတမ်း၌ “အချစ်” ဟူသောအမည်ဖြင့် ခေါ်ဝေါ်သုံးစွဲသွားပေမည်။
ဗုဒ္ဓအဘိဓမ္မာအရ အချစ်ကို တရားကိုယ်ကောက်လျှင်
တဏှာပေမ (လောဘ) တရားတစ်ခုတည်းသာဖြစ်၏။
အချို့က “အချစ်” ကို “မေတ္တာ” ဟု ထင်မှတ်နေကြ၏။
ထိုသို့မဟုတ်ပေ။
အချစ်နှင့်မေတ္တာသည် တစ်သီးတစ်ခြားစီသာဖြစ်လေသည်။
အချစ်သည် တပ်မက်မှု လောဘဖြစ်၍
မေတ္တာမှာမူ သတ္တ၀ါအများကို ကောင်းစားစေလိုခြင်း၊
ချစ်ခင်မြတ်နိုးခြင်းသဘော အဒေါသတရားသာ ဖြစ်ပေသည်။
လူသားတို့မှာ အချစ်၏ လှည့်စားမှုကြောင့် တပ်မက်မှု တဏှာပေမကို
မေတ္တာဟု ထင်မှတ်နေကြခြင်းဖြစ်၏။
မေတ္တာဟူသော ပါဠိဝေါဟာရကို “ချစ်ခြင်း” ဟုမြန်မာမှုပြုထားသောကြောင့်
ထိုသို့ရောထွေးထင်မှတ်သွားခြင်းလည်းဖြစ်နိုင်ပေသည်။
ရိုးရိုးတန်းတန်း အကျိုးလိုလားမှုသာ မေတ္တာ တည်း။
သားချစ် မယားချစ် ဆွေမျိုးချစ် သံယောဇဉ်ချစ်မှာ မေတ္တာအတုသာ။
တရားကိုယ်အားဖြင့် တဏှာပေမတရားတည်း။
အမှန်စင်စစ် အချစ်နှင့် မေတ္တာသည် ဆန့်ကျင်ဘက်ရန်သူများဖြစ်၏။
အချစ် (ရာဂ) သည် ပေးကမ်းခြင်း၊ ချစ်ဖွယ်ပြောဆိုခြင်း
စသောဂုဏ်ကို ရှုခြင်း၏ အစွမ်းဖြင့် သဘောတူသောကြောင့်
မေတ္တာ၏ အနီးကပ်ဆုံး ရန်သူဖြစ်၏။
မိတ်ဆွေ၏ နှုတ်ပမာ အပြောချိုသာသော ရန်သူကဲ့သို့
မိတ်ဆွေနှင့်တူသောအချင်းအရာအားဖြင့် ဖျက်ဆီးတတ်သောကြောင့်
အချစ်သည် မေတ္တာ၏ အနီးကပ်ဆုံးရန်သူဖြစ်သည်။

(မောင်သုသု၏ အချစ်ကို အမွေပြတ်စွန့်လွတ်ခြင်း မှ)
ဆက်လက်ဖော်ပြပါမည်။