Friday, June 29, 2012

ဖတ်စရာ မှတ်စရာ (၃၂)


မေး
ဆရာတော်ဘုရား၊ တပည့်တော်တို့ မြန်မာနိုင်ငံတွင် သုံးနေသော မြန်မာသက္ကရာဇ်၊
ကောဇာသက္ကရာဇ်၊ မဟာသက္ကရာဇ်နှင့် သာသနာသက္ကရာဇ်များအကြောင်းကို
သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါအရှင်ဘုရား။
ကျော်ကျော်ဦး၊ ပြည်မြို့

ဖြေ
မဟာသက္ကရာဇ်ဟူသည်မှာ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က
သုံးသော သက္ကရာဇ်ဖြစ်ပါသည်။ ၄င်းမှာ မြတ်စွာဘုရား၏ ဘိုးတော်
အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခအဘိညာဉ်ရ ဒေဝီလရသေ့နှင့် တိုင်ပင်၍
ရှေးရှေးသက္ကရာဇ် ၈၆၄၇ နှစ်မှ ၈၆၄၅ ကို ဖြို၍
၂ ခုကြွင်းထားခဲ့သော သက္ကရာဇ် ၆၈ တွင်
ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားတော်မူ၍
ဘုရားဖြစ်ပြီးနောက် မဟာသက္ကရာဇ် ၁၄၈ နှစ်တွင် ပရိနိဗ္ဗာန်စံတော်မူသည်။

ယင်းမဟာသက္ကရာဇ်က မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက်
ပထမသံဂါယနာတင်၍ သာသနာနှစ်အဖြစ်ပြုရန်
မဟာသက္ကရာဇ်ကို ပယ်ဖျက် (ဖြို) ၍ သာသနာနှစ် ၁ နှစ်မှစ၍
အသုံးပြုခဲ့သည်။

၎င်းသာသနာနှစ် ၆၂၄ သို့ရောက်သောအခါ
မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒရီမင်းလင်ထက်
ဒေါဒေါရသ ၆၂၂ ကို ဖြို ၂ ခုကြွင်း ထားခဲ့သည်။
ယင်းကို ကောဇာသက္ကရာဇ်ဟု ဆိုသည်။

ယင်းမှ တိုးပွါးလာသောနှစ် ၅၆၂ သို့ရောက်သောအခါ
ပုဂံပြည် ပုပ္ပားစောရဟန်းမင်းလက်ထက် ခန်းဆပဉ္စ (၅၆၀) ကို ဖြို၍
၂ ခုကြွင်းထားလျက် သုံးစွဲခဲ့လေသည်။

ထိုခေတ် ၂ ခုမှ တိုးတက်လာသော ဤယနေ့ (၁၃၇၄) ခုနစ်အထိ သက္ကရာဇ်မှာ
ကျော်ကျော်ဦးသိလိုသော မြန်မာသက္ကရာဇ်ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံ နှစ်ကြိမ်ဖြို ၆၂၂ နှင့် ၅၆၀ ကို ပေါင်းကြည့်လျှင် ၁၁၈၂ ဖြစ်သည်။
၎င်းနှင့် ယခုရောက်ဆဲ ၁၃၇၄ ကို ပေါင်းသော် ၂၅၅၆ ဖြစ်သည်။ သာသနာနှစ်ဖြစ်၏။

ထို့ကြောင့် တစ်တစ်ရှစ်နှစ်၊ သက္ကရာဇ်၊ ပေါင်းလစ်သာသနာ ဟူသော ဆောင်ပုဒ်ဖြင့်
သာသနာတော်နှစ်ကို အလွယ်တကူ သိနိုင်ပေသည်။။
ရဝေထွန်း

Wednesday, June 27, 2012

ဒို့ဘာသာ စာအုပ်


ဒီဘလော့ဂ်မှာ
ဒို့ဘာသာခေါင်းစဉ်ဖြင့် အပိုင်းအပိုင်း အဆက်အက်ရေခဲ့သောစာစုများ
စာအုပ်အဖြစ် ထွက်ရှိလို့လာပါပြီ။

Tuesday, June 26, 2012

ဖတ်စရာ မှတ်စရာ (၃၁)


ဘုရားဆွမ်းတော်ကပ်ရာတွင်…

ဗုဒ္ဓဘာသာအများရဲ့ အလွဲတွေထဲက နောက်ထပ်အလွဲတစ်ခုက
ဘုရားဆွမ်းတော် ကပ်တာလေးပါ။ ဆွမ်းတော်ကပ်လှူတာကို ပြောတာပါ။
နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။
 
ဆွမ်းတော်ကပ်တာ ဆိုတဲ့အတွက်
သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။
ဘုရားက ဘာမှမပြောဘူးဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။
ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာ ဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။ ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူ၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။
အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊ ထန်းလျက်တွေနဲ့
စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။
ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး
ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။
ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။
ကိုယ်စားတဲ့အခါ ဟင်းသုံးလေးမျိုးနဲ့ စားနေပြီး
ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလိုတင်တာပါ။
 
တမင်တကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။
ဒီလိုပဲ တင်ရတယ်ထင်လို့ ထမင်းပန်းကန်လေးအပေါ်မှာ
သကြားထန်းလျက်လေး ပုံပြီးတင်တာ ဖြစ်မှာပါ။
ရှေးအစဉ်လာကတည်းက ဒီလိုတင်ရတယ်လို့ သိနေခဲ့လို့ တင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။
အဲဒီလို ပုံပြီးတင်တာဆိုရင်တော့ ဘုရားဆွမ်းတော်ကပ်တယ်လို့ ပြောလို့မရဘဲ
နတ်တင်သလို တင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။
ဗုဒ္ဓဘာသာဝင် အချို့ရဲ့ ဘုရားစင်မှာ ဒီလိုနတ်တင်သလို
ဘုရားဆွမ်းတော် တင်တာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။

တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။
ဆွမ်းတော်မတင်ဘဲ ဆွမ်းတော်ကပ်သင့်ပါတယ်။
ကပ်တယ်ဆိုကတည်းက သက်တော်ထင်ရှား ဘုရားကို အာရုံပြုပြီး
ဘုရားရှင်ကို အိမ်မှာပင့်ပြီး ကပ်သလိုမျိုး သေချာကျနစွာ ကပ်သင့်ပါတယ်။
နည်းတာများတာက အဓိကမကျပါဘူး။
ဆွမ်းတော်ကို ဆွမ်း၊ ဆွမ်းဟင်းစသည် သီးသန့်စီပြင်ပြီး ကိုယ်စားသလိုမျိုး
ဦးဦးဖျားဖျား ရိုရိုသေသေ ကပ်လှူသင့်ပါတယ်။
အများကြီး ၀ိုင်းလိုက်ပြင်ပြီး ကပ်လှူဖို့မဟုတ်ပါဘူး။
ကိုယ်စားတဲ့အထဲက မစားခင် အဦးအဖျား လှူတဲ့သဘောနဲ့
စေတနာရှေ့ထားပြီး ကပ်လှူစေချင်တာပါ။
ကပ်ပြီးရင်လည်း မေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။
နောက်နေ့ တစ်ခါကပ်ခါနီးမှ စွန့်ပြီးကပ်တာမျိုး မဖြစ်သင့်ပါဘူး။
သူ့အချိန်လေးနဲ့သူ ကပ်ပြီး စွန့်သင့်ပါတယ်။
အရုဏ်ကပ်ပြီး တစ်ခါစွန့်၊ နေဆွမ်းမှာလည်း မွန်းမတည့်မီကပ်ပြီး
မွန်းတည့်၁၂နာရီ မကျော်မီ စွန့်သင့်ပါတယ်။
ဆွမ်းမှမဟုတ်ပါဘူး။ တခြား ပန်း၊ သစ်သီး၊ သောက်တော်ရေ စတာတွေကိုလည်း
သေသေချချာ ကျကျနန ပြင်ဆင်ကပ်သင့်ပါတယ်။

သောက်တော်ရေကတော့ အချိန်ပြည့် ကပ်ထားလို့ ရပါတယ်။
ကပ်တဲ့ သောက်တော်ရေခွက်တော့
ကိုယ့်အိမ်မှာ ပုံမှန်သောက်နေတဲ့ သောက်ရေခွက် အနေအထားတော့ ရှိသင့်ပါတယ်။
တချို့ ဘုရားသောက်တော်ရေကို အရက်ခွက်အရွယ် အသေးလေးတွေနဲ့
တစ်နေကုန် တစ်ခါပဲ ကပ်တာတွေ ရှိပါသေးတယ်။
အလကားရတဲ့ ရေကိုတောင် နဲနဲသေးသေးလေးပဲ ကပ်တော့ ပြောစရာဖြစ်တာပေါ့။
ကိုယ်ကိုယ်တိုင်လည်း အဲဒီလောက် သေးသေးလေးကို တစ်နေကုန်သောက်ပြီး
နေနိုင်မနေနိုင် ဆင်ခြင်သင့်ပါတယ်။

ပန်းကပ်တာလည်း ရှိသေးတယ်။
ကြာကြာခံအောင်၊ နောက်မလဲရအောင် ဆိုပြီး ကပ်လှူကြတယ်လေ။
ဇော်စိမ်းဇော်ကြားတဲ့။ ကပ်ပြီးပန်းအိုးထဲမှာ အမြစ်ပါ ပေါက်လာတော့ ပိုခံတာပေါ့တဲ့။
အဲဒါဆိုလဲ ကပ်မနေနဲ့တော့ပေါ့။
ပန်းလည်းလှပြီး အနံ့အသက်ရှိတဲ့ ပန်းဆို ဘုရားရှင်ကို ပိုပြီးပူဇော်လို့ ကောင်းတာပေါ့။

ပြီးတော့ သစ်သီးကပ်တာတွေ ရှိပါသေးတယ်။
ဈေးသွား ငှက်ပျောသီး၊ သရက်သီး အစိမ်းအလုံး လှလှလေးတွေ ၀ယ်လာပြီ
ဘုရားစင်ပေါ်တင်ကပ်ထား၊ မှည့်တဲ့အခါကျတော့ စွန့်ပြီး ကိုယ်စားပစ်လိုက်တာတွေ ရှိပါတယ်။
ဒီတော့ ဘုရားစင်က သစ်သီးအုပ်တဲ့စင်လို ဖြစ်နေပြန်ပါတယ်။
အဲဒီလို မဖြစ်သင့်ပါဘူး။
 
သစ်သီးအစိမ်းအလှတွေ ၀ယ်လာလို့ ဘုရားစင်မှာ ကပ်လှူထားဖြစ်ရင်လည်း
မှည့်တဲ့အခါမှာ သေချာကျကျနနခွဲပြီး ဇွန်းလေး၊ ခက်ရင်းလေးတွေထည့်ကာ
အချိန်ကာလကြည့်ပြီး ကပ်လှူသင့်ပါတယ်။
 
ဒါမှ သစ်သီးဆွမ်းကပ်ရာ ရောက်မှာပေါ့။ ခုတော့ အစိမ်းဝယ်တင်ထားပြီး
ကိုယ်တော်အဆင်ပြေသလို ဘုဉ်းပေးဆိုတာမျိုး ဖြစ်နေပါတယ်။
မထူးပါဘူး။ ဓားနဲ့ ဇွန်း၊ ခက်ရင်းပါတင်ပြီး မှည့်ရင်အရှင်ဘုရား ကိုယ်တိုင်ပဲ ခွဲစားပါဘုရားလို့
တစ်ခါတည်း ကပ်ထားလိုက်ပေါ့။ ပိုသက်သာတာပေါ့။ ထားပါလေ။
ပြောချင်တာက ဘာပဲကပ်ကပ် သက်တော်ထင်ရှား ဘုရားကို ရည်မှန်းပြီး
ကိုယ်တတ်နိုင်သမျှကို နည်းသည်များသည်မဟုတ်ဘဲ
သေချာကျကျနန ကိုယ်နဲ့ထပ်တူ စဉ်းစားကာ ဦးဦးဖျားဖျား ကပ်လှူကြဖို့ ပြောတာပါ။

ဘုရားရှင်ရဲ့ အလုပ်အကျွေး အရှင်အာနန္ဒာမထေရ်လိုပေါ့။
အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး
နောက်ပိုင်းမှာလည်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တုန်းကလိုပဲ
မပျက်မကွက် ပြင်ဆင်ကာ “အရှင်ဘုရား ဒီအချိန်က မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်၊
ဒီအချိန်က အရုဏ်ဆွမ်းဘုဉ်းရမယ့် အချိန်၊
ဒီအချိန်က နေ့ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား“ စသည်ဖြင့်
သက်တော်ထင်ရှား ဘုရားရှင်ကို လုပ်ကျွေးနေတဲ့ ပုံစံအတိုင်း
ကပ်လှူလုပ်ကျွေးတယ်လို့ ဆိုပါတယ်။
 
အရှင်အာနန္ဒာမထေရ်လောက် မလုပ်နိုင်ကြပေမယ့် ဗုဒ္ဓဘာသာများဟာ
ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ ကိုယ်စားတဲ့အရာလေးတွေကို
တတ်နိုင်သမျှ ကျကျနနပြင်ဆင်ကာ ရိုရိုသေသေ ကပ်လှူကြစေချင်တာပါ။
ဒါကြောင့်မို့ ဘုရားဆွမ်းတော်ကပ်တာကို နတ်တင်သလိုမျိုး ဖြစ်သလို မတင်ကြဘဲ
နည်းများမဆို စေတနာ သဒ္ဓါတရားအပြည့်နဲ့ သေချာကျကျနန ပြင်ဆင်ကပ်လှူကြဖို့
အလွဲလေးတွေကို မလွဲအောင် သတိပေးတင်ပြခြင်း ဖြစ်ပါတယ်။

Credit : http://mmcybermedia.com/community/index.php?topic=45543.0

Monday, June 25, 2012

အချစ်ကို အမွေပြတ်စွန့်လွတ်ခြင်း (က)


(၁)
အချစ်နိဒါန်း
အချစ်သည် ကမ္ဘာတည်သရွေ့ သက်ရှိမျိုးဆက်မပြတ်သေးသရွေ့ တည်ရှိနေမည့်အရာဖြစ်၏။
အနာဂါမ် ရဟန္တာများမှလွဲလျှင် သက်ရှိသတ္တ၀ါတိုင်း၌ အချစ်ရှိနေကြသည်သည်။
“သစ်ပင်တိုင်း၌ အမြစ်နှင့်မကင်းသကဲ့သို့ လူသားတိုင်းမှာလည်း အချစ်နှင့်မကင်း”
ဟူသော စကားရှိ၏။
အမှန်စင်စစ် အချစ်ဟူသည် လူသားများ၌သာမက
သက်ရှိသတ္တ၀ါတိုင်းမှာပင် တည်ရှိနေပေသည်။
သို့ဖြစ်၍ “လူသားတိုင်းမှာ အချစ်နှင့်မကင်း” ဟု ဆိုမည့်အစား
“သက်ရှိသတ္တ၀ါတိုင်းမှာ အချစ်နှင့်မကင်း” ဟုသာ ဆိုသင့်ပေသည်။
သက်ရှိတို့၏ အမြင်အရ ဆားမပါသောဟင်းသည် အရသာမရှိသကဲ့သို့
လောကတွင် အချစ်မရှိလျှင်လည်း အရာရာသည် လေးနက်မှုမရှိတော့။
သက်ရှိတို့၏ဘ၀သည်
အချစ်ကြောင့်ပေါက်ဖွားလာရပြီး အချစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။
အချစ်ကြောင့် ရှင်သန်လန်းဆန်း၍
အချစ်ကြောင့်ပင် ညှိုးနွမ်းသွေ့ခြောက်ရ၏။
ရေသောက်မြစ်မရှိသောသစ်ပင်သည် မရှင်သန်နိုင်သကဲ့သို့
အချစ်မရှိသောသူမှာလည်း သွေ့ခြောက်နွမ်းလျ မရွှင်ပျနိုင်ပေ။
အချစ်သည် သက်ရှိများ၏ ရေသောက်မြစ်ပေတည်း။

(၂)
အချစ်ကို ဖွင့်ဆိုခြင်း
အချစ်ဟူသည် သက်ရှိသက်မဲ့အာရုံများအပေါ်၌
ချစ်ခင် တပ်မက် နှစ်သက် စွဲလမ်း တွယ်တာခြင်းပင်ဖြစ်၏။
ကာမ၊ ရတိ၊ ပေမ၊ တဏှာ၊ ရာဂဟူသောပါဠိဝေါဟာရများသည်
အချစ်၏ပါဠိဘာသာ အမည်သညာများဖြစ်၏။
ဆန့်ကျင်ဘက်လိင်တို့၏ (လင်မယား၊ သမီးရည်းစား) အချစ်၊ မိဘချစ်၊
သားသမီးအချစ်၊ မိတ်ဆွေအချစ်၊ ဆရာသမားအချစ်၊
တပည့်အချစ် စသည်ဖြင့် မည်သည့်သံယောဇဉ်မျိုးကို မဆို
အချစ်ဟူ၍ပင် ခေါ်ဆိုရပေသည်။
သို့ဖြစ်၍ မေတ္တာစစ် မေတ္တာမှန် မဟုတ်သည့် အချစ်ဟူသမျှကို
ဤစာတမ်း၌ “အချစ်” ဟူသောအမည်ဖြင့် ခေါ်ဝေါ်သုံးစွဲသွားပေမည်။
ဗုဒ္ဓအဘိဓမ္မာအရ အချစ်ကို တရားကိုယ်ကောက်လျှင်
တဏှာပေမ (လောဘ) တရားတစ်ခုတည်းသာဖြစ်၏။
အချို့က “အချစ်” ကို “မေတ္တာ” ဟု ထင်မှတ်နေကြ၏။
ထိုသို့မဟုတ်ပေ။
အချစ်နှင့်မေတ္တာသည် တစ်သီးတစ်ခြားစီသာဖြစ်လေသည်။
အချစ်သည် တပ်မက်မှု လောဘဖြစ်၍
မေတ္တာမှာမူ သတ္တ၀ါအများကို ကောင်းစားစေလိုခြင်း၊
ချစ်ခင်မြတ်နိုးခြင်းသဘော အဒေါသတရားသာ ဖြစ်ပေသည်။
လူသားတို့မှာ အချစ်၏ လှည့်စားမှုကြောင့် တပ်မက်မှု တဏှာပေမကို
မေတ္တာဟု ထင်မှတ်နေကြခြင်းဖြစ်၏။
မေတ္တာဟူသော ပါဠိဝေါဟာရကို “ချစ်ခြင်း” ဟုမြန်မာမှုပြုထားသောကြောင့်
ထိုသို့ရောထွေးထင်မှတ်သွားခြင်းလည်းဖြစ်နိုင်ပေသည်။
ရိုးရိုးတန်းတန်း အကျိုးလိုလားမှုသာ မေတ္တာ တည်း။
သားချစ် မယားချစ် ဆွေမျိုးချစ် သံယောဇဉ်ချစ်မှာ မေတ္တာအတုသာ။
တရားကိုယ်အားဖြင့် တဏှာပေမတရားတည်း။
အမှန်စင်စစ် အချစ်နှင့် မေတ္တာသည် ဆန့်ကျင်ဘက်ရန်သူများဖြစ်၏။
အချစ် (ရာဂ) သည် ပေးကမ်းခြင်း၊ ချစ်ဖွယ်ပြောဆိုခြင်း
စသောဂုဏ်ကို ရှုခြင်း၏ အစွမ်းဖြင့် သဘောတူသောကြောင့်
မေတ္တာ၏ အနီးကပ်ဆုံး ရန်သူဖြစ်၏။
မိတ်ဆွေ၏ နှုတ်ပမာ အပြောချိုသာသော ရန်သူကဲ့သို့
မိတ်ဆွေနှင့်တူသောအချင်းအရာအားဖြင့် ဖျက်ဆီးတတ်သောကြောင့်
အချစ်သည် မေတ္တာ၏ အနီးကပ်ဆုံးရန်သူဖြစ်သည်။

(မောင်သုသု၏ အချစ်ကို အမွေပြတ်စွန့်လွတ်ခြင်း မှ)
ဆက်လက်ဖော်ပြပါမည်။

Saturday, June 23, 2012

ဓမ္မဂါးဒင်းကျောင်းဖွင့်ပွဲ

၁၇၊ ၆၊ ၂၀၁၂ တနင်္ဂနွေနေ့က 
ရန်ကုန်က ဓမ္မဂါးဒင်းစင်တာကို ဖွင့်ဖြစ်တယ်။
အခန်းအနားမှူးအဖြစ် ဦးဒေ၀ိန္ဒက ဆောင်ရွက်ပြီး

 
ရှေးဦးစွာ ငါးပါးသီလ ခံယူဆောက်တည်တယ်။


 ယင်းနောက် ရဟန်းတော်များ အင်္ဂလိပ်စာနှင့် ကွန်ပြူတာကို
ဘာ့ကြောင့်သင်သင့်ကြောင်းကို နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများနှင့်
ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်အရှင်မြတ်တို့အား
ဒေါက်တာအရှင်ဣန္ဒကမှ ရှင်းလင်းလျှောက်ထားပါသည်။


ဆက်လက်ပြီး နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌဆရာတော်ဘုရားကြီးက
သြ၀ါဒချီးမြှင့်ပါသည်။


ထို့နောက် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပါသည်။

ထို့နောက် ရေစက်သွန်းချ အမျှပေးဝေကာ အန်းအနားကို 
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။


Friday, June 22, 2012

ဖတ်စရာ မှတ်စရာ (၃၀)


သိက္ခာပုဒ်နှင့် မညီသောရဟန်းများ
 
မေး
အရှင်ဘုရား၊ ဝိနည်းသိက္ခာပုဒ်နှင့်မညီသောရဟန်းသံဃာများကို
ဝေဘန်ပြောဆိုပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား။
(ဦးခင်မောင်သိန်း၊ ညောာင်ရွှေမြို့နယ်)

ဖြေ
ဘုန်းတော်ကြီးဦးသီလအတ္ထုပ္ပတ္တိ၌
“ဟဲ့ ငတိုး၊ ရှင်ဘုရင်ကြီးတစ်ဦးမှာ သားတော် ၂ ပါးရှိတယ်။
အကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူများတယ်။
အငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေများတယ်။
ထိုလူယုတ်မာလေးကို လက်ဖြင့် သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ။
(သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ်ဘုရား)
ဒါဖြင့် သွားကန်လျှင်ကော?
(ခြေဖြတ်ခံရပါလိမ့်မယ်ဘုရား။
ဆဲရေးတိုင်းထွာလျှင်ကော?
(အာဟက်ခံရပါလိမ့်မယ်ဘုရား)

အေး အေး၊ မင်းတို့ ဒီလိုသိလျှင်တော်ပြီ။
ဘုရားရှင်သားတော်တွေအပေါ်လည်း နင်တို့သတိထားတတ်ရောပေါ့ဟုမိန့်တယ်။
ဆူးပေါ်ဖက်ကျမို့ ငါဖြင့်လန့်လိုက်လေကွယ်၊ မောင်းဘိုးအင်ရယ်ဟု
ညောင်လေးပင်မြို့၌ ဦးဘိုးအင်ဆိုသည့် သူ၏မိတ်ဆွေအား
ရှေ့နေဦးတိုးကြီးက ပြန်၍ပြောပြဖူးသည်ဆို၏ ဟု ပါရှိသည်။
ထိုဘုန်းတော်ကြီးဦးသီလ စကားတော်အတိုင်း မှတ်သားအပ်ပါသည်။
ရဝေထွန်း
(ဘာသာရေးပြဿနာများ)

Thursday, June 21, 2012

ဓမ္မဂါးဒင်းပညာရေး


၁၀၊ ၆၊ ၂၀၁၂ (တနင်္ဂနွေ)နေ့က ဓမ္မဂါးဒင်းစင်တာမှာ အစည်းအဝေးလေးကျင်းပဖြစ်ခဲ့ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ အခန်းအနားမှူးအဖြစ် ဦးဒေ၀ိန္ဒ က ဆောင်ရွက်ပြီး
အခန်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လစ်ခဲ့ပါတယ်။
 
ဒေါက်တာအရှင်ဣန္ဒက က
ဘာ့ကြောင့် ဒီဓမ္မဂါးဒင်းကို ဖွင့်လစ်ရသလဲ ဆိုတာနဲ့ စပ်လျင်းပြီး
ဖွင့်လစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို အကျဉ်းချုပ်အဖွင့်အမှာစကား ပြောကြားပါတယ်။
(အကျယ်ကို http://www.dhammagarden.com/p/about.html မှာ ရှု)
 
ဆက်လက်၍ ဓမ္မဂါးဒင်းစင်တာကို
ဘယ်အချိန်မှာ ဘယ်လိုကျောင်းသားတွေကို ဘယ်လိုနည်းနဲ့
လက်ခံသင်ကြားပေးမလဲ ဆိုတာကို အကြံပေးဆွေးနွေးဘို့
ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်တွေကို လျှောက်ကြားပါတယ်။
 
ဒေါက်တာနန္ဒက၊ ဒေါက်တာနောဓိဥာဏ၊ ဒေါက်တာပါရမီနဲ့ ဦးတောသန (လန်ဒန်)တို့က
အသီးအသီးအဆိုပြု အကြံပေးကြပါတယ်။
 
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခန်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။