Thursday, April 26, 2012

မရှိမုန့်နဲ့ လျှစ်စစ်မီး


(၁)
ကိုရင်ဘ၀တုန်းက စာမေးပွဲအတွက် ဓမ္မပဒစာဝါတက်တော့
ဓမ္မပဒ၀တ္ထုတွေထဲက (၁၂) ခုမြောက်ဖြစ်တဲ့ ဒေ၀ဒတ်ဝတ္ထုမှာ
သာကီဝင်မင်းသား (၆) ယောက်အကြောင်းကို ဖတ်မှတ်ရတယ်။
သာကီဝင်မင်းသား (၆) ယောက်ဆိုတာက
ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ် တို့ဖြစ်တယ်။
သူတို့ဘ၀အကြောင်းလေးတွေက အတော်စိတ်ဝင်စားဖွယ်ကောင်းတယ်။

(၂)
တစ်နေ့ သူတို့တွေ အလောင်းအစားလုပ်ကြတယ်။ ရှုံးသူ အိမ်က မုန့်ယူကျွေးကြေး။ 
လောင်းကစားဝိုင်းမှာ အနုရုဒ္ဓါဆိုသူချည်း ရှုံးတာ။
ရှုံးတိုင်း ရှုံးတိုင်း သူ့မင်းချင်းအစေခံကို အိမ်ကမုန့်အယူခိုင်းပြီး ကျွေးရတာပေါ့။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မက လေးကြိမ်းတိုင်အောင် ဆက်တိုက်ရှုံးတော့
အမေကြော်ထားတဲ့ အိမ်ကမုန့် ကုန်ပြီပေါ့။
ဆိုတော့ အတောင်းလွှတ်လိုက်သူကို 
မုန့်မရှိတော့ဘူး လို့ပြောဆိုကာ အကြောင်းပြန်လိုက်တယ်။
အနုရုဒ္ဓါမင်းသားက မရှိဆိုတဲ့စကား တစ်ခါမျှ မကြားဘူးတဲ့အတွက်
မရှိဆိုတာကို မုန့်အထူးတစ်မျိုးလို့အထင်ရောက်ကာ မရှိမုန့်သာယူခဲ့ပါတော့လို့
ပြောပြီး မင်းချင်းအစေခံကို မိခင်ထံကို ပြန်စေလွှတ်လိုက်ပါတယ်။

ဒါနဲ့ မိခင်လုပ်သူကလည်း 
ဘာမှမပါတဲ့ ခွက်လွတ်တစ်လုံးကို နောက်ခွက်လွတ်တစ်လုံးနဲ့ ဖုံးအုပ်ပြီး ပေးလွှတ်လိုက်တယ်။
အနုရုဒ္ဓါမင်းသားရဲ့ အတိတ်ကုသိုလ်ကံကြောင့်
ဖုံးအုပ်ထားတဲ့ ခွက်ဗလာထဲကို နတ်တွေက နတ်သုဒ္ဓါတွေ ထည့်ပေးတယ်လို့ ဆိုပါတယ်။
အနုရုဒ္ဓါမင်းသားဆီ အဲ့ခွက်ဗလာရောက်သွားတဲ့အချိန်
အဖုံးလဲ ဖွင့်လိုက်ရော၊ 
အင်မတန်အမွှေးအနံ့တွေမြိုင်နေတဲ့ မုန့်တွေ ပြည့်နေတာကို တွေ့သွားတော့တာပေါ့။
အင်မတန်ထူးကဲတဲ့အရသာရှိတဲ့ ဒီလိုမုန့်မျိုး အခုမှ ချက်ကျွေးရလေမလားဆိုပြီး 
မိခင်ကြီးအပေါ်မှာ သားဖြစ်သူ အနုရုဒ္ဓါမင်းသား စိတ်ကွက်တော့တာပဲ။
“ခင်ဗျားတို့ ကျုပ်ကို တကယ်မချစ်ဘူး။ တကယ်မချစ်လို့သာ ဒီလောက်ကောင်းတဲ့မုန့်မျိုး
ဒီအရွယ်ရောက်မှ ချက်ကျွေးတာပေါ့၊ ဘယ့်နှယ် ညာနှယ်နဲ့ စွပ်စွဲပြီး
ကျွန်တော့်ကို တကယ်ချစ်တယ်ဆိုရင်
ဒီနေ့ကစပြီး ဒီမရှိမုန့်သာ ကြော်ကျွေးပါတော့” လို့ ပူဆာတော့တာပဲ။

(၃)
တစ်နေ့ ကိမိလ၊ ဘဒ္ဒိယ၊ အနုရုဒ္ဓါဟူသောမင်းသားသုံးယောက်
ထမင်းဘယ်ကလာသလဲ၊ ထမင်းဘယ်ကဖြစ်သလဲ ဆိုတဲ့အပေါ်မှာ 
အငြင်းအခုံဖြစ်ကြတယ်။
ကိမိလဆိုတဲ့မင်းသားက ထမင်း ကျီ၌ဖြစ်၏ တဲ့။
ဘဒ္ဒိယဆိုတဲ့မင်းသားက ထမင်းမည်သည်ကား အိုးခွက်၌ဖြစ်သည်ဟု ဆိုပြန်တယ်။
အနုရုဒ္ဓါမင်းသားကတော့
“သင်တို့နှစ်ယောက်သည် ဘယ်ဒေသ ဘယ်ဌာနအတွင်းမှ
ထမင်းဖြစ်သည်ကိုမျှ မသိမကျွမ်းကြလေ။
ထမင်းမည်သည်ကား ရတနာတို့ဖြင့်စီခြယ်အပ်သော ရွှေခွက်ထဲ၌
ဖြစ်ပေါ်လာသည်” ဟူ၍ ပြောဆိုပြစ်တင်လိုက်တယ်။
သူ့အလို ထမင်းဟာ ထမင်းပန်းကန်က ဖြစ်လာတယ်ပေါ့။

(၄)
ကိုရင်ဘ၀တုန်းက ဓမ္မပဒစာဝါလိုက်စဉ် 
ဒီသာကီဝင်မင်းသားတွေအကြောင်းသင်ကြားလေ့လာတဲ့အခါ
ဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့ သံသယဖြစ်မိတာ အမှန်ပဲ။
ဘယ့်နှယ်ကြောင့် မရှိမုန့်ဆိုတာကို ဒီမင်းသားတွေ တောင်းနေရတာလဲ။
ဘယ့်နှယ်ကြောင့် ဒီမင်းသားတွေ ထမင်းဖြစ်ပေါ်လာရာ အရပ်ကို မသိရတာလဲပေါ့။

(၅)
၁၉၉၉၊ ၂၀၀၀ ခုနစ်တွေတုန်းက သီရိလင်္ကာသွားပြီး ပညာသင်ဖြစ်တယ်။
ကိုးရီးယားက ကိုရင်လေးနဲ့ 
သီရိလင်္ကာဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အတူနေရတယ်။
တစ်နေ့ 
မိုးတွေအလွန်အမင်းရွာနေတဲ့အချိန်၊ လျှပ်စစ်မီး ပျက်သွားတယ်။
ကိုးရီးယားက ကိုရင်လေးက အခန်းထဲက ထွက်လာပြီး
“သူ့အနေနဲ့ သူ့ဘ၀မှာ လျှပ်စစ်မီးပျက်တာ မကြုံဘူးကြောင်း၊
လျှပ်စစ်မီးဆိုတာ အိမ်နံရံက ထွက်တယ်လို့ပဲ ထင်ခဲ့ကြောင်း၊
ယခုလိုမီးပျက်သွားတာကို အံ့သြမိကြောင်း” 
တတွတ်တွတ်နဲ့ပြောပါတယ်။

(၆)
ခုခေတ် ဒီကိုးရီးယားကိုရင်လေးက လျှပ်စစ်လာရာအရပ်၊ 
လျှပ်စစ်ဘယ်ကဖြစ်လာတယ်ဆိုတာကို မသိဘူးဆိုတော့
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ၀န်းကျင်က
သာကီဝင်မင်းသားတွေ ထမင်းဘယ်ကဖြစ်လာတယ်ဆိုတာကို မသိဘူးဆိုတာ 
မလွန်ပါဘူးလို့ နားလည်မိသွားတယ်။