Tuesday, April 24, 2012

သွေးလှူဒါန်းပွဲ အဖွင့်အမှာစကား


ဒီနေ့သွေးလှူဒါန်းပွဲနဲ့ ကျန်းမာရေးပညာပေးဟောပြောပွဲကို လာရောက်ဟောပြောပေးတဲ့ ဆရာဝန်ကြီးများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ သွေးလှူရှင်များနဲ့အတူ ပရိသတ်အားလုံးကို မင်္ဂလာပါလို့ ရှေးဦးစွာ နှုတ်ခွန်း ဆက်သလိုက်ပါရစေ။

ဦးဇင်းအနေနဲ့ အခု အဖွင့်အမှာစကားပြောကြားပေးရမယ်ပေါ့။ ကျန်းမာရေး ပညာပေးဟောပြောပေး ရမှာက အခုရှေ့ဆုံးအတန်းမှာ ရောက်နေတဲ့ ဆရာဝန်ကြီးတွေရဲ့အလုပ်ပါ။ သို့သော်လည်း ဦးဇင်းအနေနဲ့ ရံဖန်ရံခါ အခွင့်အခါသင့်တိုင်း ဦးဇင်းနဲ့နီးစပ်တဲ့ မြန်မာပြည်ကလာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်လူရွယ် တွေကို ဗုဒ္ဓ ဘာသာရှုဒေါင့်ကနေပြီး ကျန်းမာရေး အသိပညာပေးလေးတွေ ပြောပြလေ့ ရှိပါတယ်။


ဦးဇင်းတို့ဗုဒ္ဓဘာသာစာပေမှာ
(၁) အာယုက္ခယ၊ သက်တမ်းကုန်လို့သေဆုံးခြင်း၊
(၂) ကမ္မက္ခယ၊ ကံကုန်လို့ သေဆုံးခြင်း၊
(၃) ဥဘယက္ခယ၊ အသက် ကံနှစ်မျိုးစလုံးကုန်လို့ သေဆုံးခြင်းနဲ့
(၄) ဥပစ္ဆေဒက၊ ရုတ်တရက် (accident လိုမျိုး) ဖြစ်ပြီးသေဆုံးခြင်းလို့
သေဆုံးရခြင်းသဘောတရား လေးမျိုးရှိတယ်လို့ ဖတ်မှတ်ရပါတယ်။

မလေးရှားနိုင်ငံကိုလာပြီး အလုပ်လုပ်နေကြတဲ့ လူငယ်လူရွယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားရာမှာ သေခြင်း (၂) မျိုးထဲက တစ်မျိုးမျိုးနဲ့သေကြရတာကို လေ့လာတွေ့ရှိရပါတယ်။

ပထမတစ်မျိုးက အရက်အလွန်အကျွံသောက်လို့ သေဆုံးကြရတာဖြစ်ပြီး နောက်တစ်မျိုးက ကျန်းမာရေးဗဟုသုတနည်းလို့ သေဆုံးကြရတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရွယ်မရောက်ခင် သေဆုံးကြရတာဟာ Education (ပညာရေး) ရော Knowledge (ဗဟုသုတ) ပါ နည်းပါးကြလို့ ဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။

ဒါ့ကြောင့် အရင် ပထမအကြိမ် (ကပုန်း၊ နာရေးကူညီမှုအသင်း) က ဦးစီးကျင်းပတဲ့ သွေးလှူဒါန်းပွဲတုန်းက တက်ရောက်လာတဲ့ ဆရာမဒေါက်တာ စီလေးခိုင်ကို “ကျန်းမာရေးပညာပေးဟောပြောပွဲလေး လုပ်ပေးရရင် ကောင်းမှာပဲ” လို့ အကြံပြုခဲ့ပါတယ်။

ဒီနေ့ ဒီကျန်းမာရေးပညာပေးဟောပြောပွဲ အစီအစဉ်လေးက ဒါကို အကောင်အထည်ဖော်တာပါ။

တကယ်တော့ ဦးဇင်းအနေနဲ့ ဘာသာရေးရှုဒေါင့်ကနေပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ အခါအားလျှော်စွာ စွမ်းနိုင်သလောက် ဒီနိုင်ငံကိုရောက်နေတဲ့ မြန်မာကလေးငယ်တွေကို သွန်သင်ဆုံးမလေ့ရှိပါတယ်။


ပြီးခဲ့တဲ့ နှစ်ဆန်း (၁) ရက်နေ့ကပဲ မြန်မာအလုပ်သမား စုစုပေါင်း (၅၀) ၀န်းကျင်ရှိတဲ့ စက်ရုံတစ်ရုံက နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်ရွတ်ပွဲအတွက် ဦးဇင်းကို ပင့်လို့ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ငါးပါးသီလ ထဲက သုရာမေရယနဲ့ ဆက်စပ်တဲ့ တရားလေး တစ်ပုဒ်ဟောခဲ့ပါသေးတယ်။ မိဝေး ဖဝေး ဆရာသမားဝေးတဲ့ အရပ်ဒေသဖြစ်တဲ့ ဒီမလေးရှာကို ရောက်နေကြတဲ့ လူငယ်တွေအတွက် သုရာမေရယ - သေရည်အရက် မသောက်ဖို့ မကြာမကြာဟောပေးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီအရက်ကို အလွန်အကျွံသောက်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားရရှာတဲ့ လူငယ်လေးတွေ မကြာခဏ တွေ့နေ မြင်နေ ကြားနေရလို့ပါ။

ငါးပါးသီလထဲက နောက်ဆုံးသီလက “သုရာမေရယ မဇ္ဇပမာဒဋ္ဌာန - မေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေရည်အရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း” ပေါ့။ ဆိုတော့ အရက်ကို မေ့လျှော့အောင်သောက်မှ ဒီသီလကျိုးပျက်တာလား၊ ဆေးဖြစ် ၀ါးဖြစ်သောက်ရင် ဒီသီလ မကျိုးဘူးလား။

ဘုရားရှင်သက်ရှိထင်ရှားရှိစဉ်အခါက ရဟန်းတစ်ပါး လေနာရောဂါစွဲကပ်ရာ ဆီကျက်ထဲ အရက်ရောပြီး သုံးစွဲသောက်သုံးခွင့်ပြုခဲ့ကြောင်း ဖတ်မှတ်ဘူးပါတယ်။။ သို့သော် အဲ့ဒီအရက်ကို အရက်အနံ့ အရက်အဆင်း အရက်အရသာမရှိအောင် ကြိုချက်ပြီး သောက်သုံးသင့်ကြောင်း ဘုရားရှင် ထပ်မံမိန့်ကြားခဲ့ပါတယ်။
(၀ိနည်း၊ မဟာဝါ)

ဖတ်ဖူးတဲ့ စာအုပ်ကို အတိအကျမညွှန်းဆိုနိုင်တော့ပါဘူး။ အဲ့စာအုပ်ထဲမှာ အရက်သောက်တဲ့အခါ အဆင့်သုံးဆင့်ရှိတယ်တဲ့။
နံပါတ် ၁ အဆင့်က မဒ၊ တစ်ပက် နှစ်ပက်လောက်သောက်ပြီး ရီဝေေ၀ဖြစ်တဲ့အဆင့်၊
နံပါတ် ၂ အဆင့်က ဥမ္မဒ၊ အနည်းငယ်တိုးသောက်ပြီး စကားများလာတဲ့အဆင့်၊
နံပါတ် ၃ အဆင့်က ပမာဒ၊ တိုးတိုးသောက်လာကာ မူးလာပြီး မေ့လျော့သွားတဲ့အဆင့်တဲ့။

ငါးပါးသီလထဲမှာ ဒီနောက်ဆုံးသီလသဘောက အရက်သောက်ရာမှာ နံပါတ် ၃ အဆင့် မေ့လျော့တဲ့အဆင့်မရောက်အောင် သောက်တတ်ဖို့လိုပါတယ်။ ၁ အဆင့် ၂ အဆင့်ဖြစ်တဲ့ ရီဝေေ၀ စကားများတာလောက်အဆင့်တွေလောက် သောက်တာကတော့ တော်သေးတယ်။ ခွင့်လွတ်မယ်ဆို ခွင့်လွတ်လို့ ရသေးတယ်ပေါ့။ အဲ၊ ၃ အဆင့်ဖြစ်တဲ့ ဇနီးမယား သမီးသား မေ့တဲ့အဆင့်၊ ရတနာသုံးပါး၊ ဆရာသမားတွေကို မေ့တဲ့အဆင့်ရောက်အောင် မသောက်ဖို့ အထူးမှာကြားလိုတယ်လို့ ပြောပြ ဟောပြဖြစ်ပါတယ်။

ဒီတော့ တရားနာပရိသတ်ထဲက တစ်ယောက်က ဦးဇင်းက အရက်သောက်ဖို့ Discount ချပေးတယ်ဟေ့ တဲ့။ တကယ်တော့ Discount ချပေးတာ မဟုတ်ပါဘူး။ ကလေးတွေသောက်နေတာ တော်တော့ကို လွန်နေပြီ။ မသောက်နဲ့လို့ ဒုန်းတိကြီးပြောမရအတူတူ နည်းနည်းတော့သောက်၊ အလွန်အကျွံမသောက်နဲ့လို့ ပြောတာက ပိုအဆင်ပြေမလားလို့ ပြောပြဖြစ်တာပါ။ တကယ်တော့ ငါးခုမြောက်သီလအလိုအရ တစ်စက်မှ မသောက်သင့်တာတော့ အမှန်ပါ။

ဒီနေရာမှာ နောက်တစ်ခုပြောပြချင်တာက ဘုရားရှင်ဟာ စားဝတ်နေရေး ကျန်းမာရေးဆိုတဲ့ ဒီအရေးလေးမျိုးအတွက် ဆွမ်း၊ သင်္ကန်၊ ကျောင်း၊ ဆေးဆိုပြီး ပစ္စည်းလေးပါးကို ရဟန်းတော်တို့ရဲ့ အဓိကလိုအပ်ချက်တစ်ခုအဖြစ် အရေးကြီးတဲ့နေရာမှာ ပြောခဲ့ ဟောခဲ့ပါတယ်။ နောက်ပြီး ၀ိနည်း မဟာဝါပါဠိတော်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးအခန်းကဏ္ဍကို တခန်းတနား ဖော်ပြထားပါတယ်။
ဘုရားရှင်ဟောကြားခဲ့တဲ့ ဆေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာ ဘယ်လောက်အထိ သိပ္ပံနည်းကျသလဲဆိုတာ သိဘို့ ဒီမှာ ရောက်နေတဲ့ ဆရာဝန်ကြီးတွေနဲ့ လက်တွဲပြီး ဦးဇင်းသုတေသနပြုလုပ်ချင်ပါတယ်။ စာတမ်းလေး ရေးချင်ပါတယ်။

ဥပမာဆိုပါစို့၊ ယားနာ ၀ဲနာပေါက်နေသူကို ဆေးမှုန့်သုတ်လိမ်းပေးဘို့ ဘုရားရှင်က မိန့်ပါတယ်။ ယားတဲ့အဆင့်သာရှိနေသေးပြီး အနာဖြစ်တဲ့အဆင့်မရောက်သေးတဲ့သူကို နွားချေးခြောက်သုံးဖို့ ခွင့်ပြုတာဟာ ဘယ်လိုသဘောဆောက်သလဲ။ ဆက်လက်လေ့လာသင့်ပါတယ်။ အဲ့ဒီဝိနည်းမဟာဝါစာအုပ် ထဲမှာပဲ မြွေအကိုက်ခံရတဲ့ရဟန်းကို ကျင်ကြီး၊ ကျင်ငယ်၊ ပြာ၊ မြေညက် ပေးရမယ်လို့ ဘုရားရှင်မိန့်ပါတယ်။
ထူးဆန်းတာတစ်ခုကိုလည်း တွေ့ရပါတယ်။ ဒကာမတစ်ယောက်က ရဟန်းတစ်ပါးကို ပေးလိုက်တဲ့ ပီယဆေးကြောင့် အနာရောဂါ ပေါ်ပေါက်လာပါတယ်။ ဒါကို ဘုရားရှင်က “ထွန်သွားမှာကပ်နေတဲ့မြေကို ဖျော်ပြီး သောက်ရမယ်” လို့အမိန့်ရှိပါတယ်။

ပိယဆေး အနာနဲ့ ထွန်သွားမှာကပ်နေတဲ့မြေဖျော်သောက်တာ ဘယ်လို ဆက်စပ်မှုရှိသလဲ။

ဟိုနေ့က ဒီနိုင်ငံက ထုတ်တဲ့စာစောင်ထဲမှာ ဗေဒင်ဆရာက တနင်္ဂနွေသားအတွက် ယတြာကို
“သခွားသီးတစ်လုံး၌ သွားကြားထိုးတံ ၂၆ ချောင်းစိုက်ပြီး ရေမျှောပါလေ” တဲ့။
တနင်္ဂနွေသားရယ် သွားကြားထိုးတံ ၂၆ ချောင်းရယ် ရေမျှောရတာရယ်က ဘယ်လို ဆက်စပ်မှုရှိသလဲ။
စဉ်းစားမိတာကို သတိရမိလို့ ပြောပြတာပါ။

ဘာပဲဖြစ်ဖြစ်လေ၊ ဒီနေ့ဒီအချိန်ကာလ သွေးလှူဒါန်းပွဲမှာ ကျန်းမာရေးပညာပေးဟောပြောပေးတာ တကယ်တော့ လူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာပါပဲ။ ဘုရားရှင်က “ငါဘုရားကို ပြုစုလုပ်ကျွေးလိုသောရဟန်းသည် မကျန်းမာတဲ့သူကို ပြုစုလုပ်ကျွေးရာမည်၏” တဲ့။
ဒီဘုရားရှင်စကားတော်ကို ကြည့်ပြီး ဘုရားရှင်ဟာ မကျန်းမမာသူတွေကို ဘယ်လောက်ပြုစုစေချင်သလဲ၊ ဘုရားရှင်ရဲ့ မကျန်းမမာသူတွေအပေါ် စောင့်ရှောက်စေလိုတဲ့ဆန္ဒ အထင်းသားပေါ်လွင်နေပါတယ်။

ဒါ့ကြောင့် ဒီနေ့ သွေးလှူဒါန်းနေတဲ့သူတွေရော၊ ကျန်းမာရေးပညာပေးဟောပြောနေတဲ့ ပညာရှင်တွေပါ ဘုရားရှင်ဆန္ဒတော်နှင့်အညီ ပြုမူကျင့်ကြံနေထိုင်နေကြခြင်းသာဖြစ်ပါကြောင်း
ပြောကြားရင်း ဦးဇင်းရဲ့ အဖွင့်အမှာစကားကို နိဂုံးချုပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

(၂၂၊ ၄၊ ၂၀၁၂ တနင်္ဂနွေနေ့က အဖွင့်အမှာစကားပြောဖြစ်ခဲ့တာကို စာအဖြစ်ပြောင်းလဲတင်ပြလိုက်တာပါ။)