Friday, April 20, 2012

အင်တာနက်လူ့အဖွဲ့အစည်း


အိုင်ပက်ဆိုတာ
ကျွန်တော်တို့ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာပလို
မြို့သားတွေနဲ့ မကင်းတဲ့အရာ တစ်ခုဖြစ်တယ်။
နွေရောက်ပြီဆို ရေနည်းတဲ့ကန်တွေ၊ မြောင်းငယ် ချောင်းငယ်တွေကို
မြေနဲ့ တာတမံပိတ်ပြီး အိုင်ထဲက ရေကို ပက်ထုတ်၊
နွံထဲကျန်ခဲ့တဲ့ ရေနည်းငါးတွေကို အလွယ်တကူ ဖမ်း၊
ကိုယ်လည်းစား၊ ပိုတာလည်း ရောင်း
တော်တော်တွက်ခြေကိုက်တဲ့အလုပ် ဖြစ်ပါတယ်လို့
ကျွန်တော်ပြောတော့ ကြားတဲ့လူငယ်တွေက ရယ်ပါတယ်။

သူတို့ပြောတဲ့အိုင်ပက် (iPad) ဆိုတာက
ကွန်ပျူတာသင်ပုန်းကို ခေါ်တယ်တဲ့။
ရေးတေးတေးရှိပါပြီ။ 
ကျွန်တော်တို့က ကျောင်းတက်တုန်း ကျောက်သင်ပုန်း၊ ကျောက်တံ ကိုင်ခဲ့ရသူတွေကိုး။

ခေတ်လူငယ်တွေအတွက်တော့ ဒီပစ္စည်းဟာ မရှိမဖြစ်ပေါ့။
မကြာခင် နာမည်ကြီး ကွန်ပျူတာကုမ္ပဏီ အက်ပဲလ်က
အိုက်ပက်ထုတ်ရောင်းတာ တစ်လအတွင်း
အလုံးရေတစ်သန်း ရောင်းရတယ်တဲ့။

ဗြိတိသျှဘုရင်မကြီးကိုယ်တိုင်တောင် အဲဒီရောဂါစွဲကပ်နေလို့
(သူ့မြေး ၀ီလျံနဲ့ ဟာရီ သုံးနေတာမြင်ပြီး)
အဲဒီအကြောင်းသိတဲ့ အမေရိကန်သမ္မတ အိုဘားမားကတောင်
ဘုရင်မကြီးကို လက်ဆောင်တစ်ခုပေးခဲ့တယ်လို့ သိရပါတယ်။

အဲသလို လက်ဆောင်ပေးမယ့်သူမရှိတဲ့ (၁၇) နှစ်အရွယ်
တရုတ်က လူငယ်လေးတစ်ယောက်ကတော့
သူ့ကျောက်ကပ်ကို ထုတ်ရောင်းပြီး ၀ယ်ခဲ့ပါတယ်တဲ့။
ဒီသတင်းကလည်း ကျောချမ်းစရာပါပဲ။
ခေတ်ပေါ်အသုံးအဆောင်တွေကို ခေတ်နဲ့အမှီလိုက်ပြီး သုံးစွဲချင်တာနဲ့
 လွဲမှားတဲ့အတွေးအခေါ် အကျင့်အကြံတွေ
လူငယ်တွေကြားထဲ အမြစ်မတွယ်အောင် ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ လိုပါတယ်။
……….
တစ်ခုထူးခြားတယ်လို့ ဆိုရမယ့်အဖြစ်တစ်ခုကတော့
ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ စံပြနိုင်ငံဖြစ်တဲ့
အမေရိကန်နိုင်ငံသမ္မတ အိုဘားမားဟာ
သူ့သမီးနှစ်ယောက် (တစ်ယောက်က ၁၃ နှစ်၊ တစ်ယောက်က ၁၁ နှစ်)
နာမည်ကျော်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်သုံးစွဲခွင့်ကို
ပိတ်ပင်ထားတယ်ဆိုတဲ့ သတင်းပါပဲ။
Facebook ဆိုတာ အင်မတန်ကျယ်ပြန့်တဲ့ လူမှုဆက်ဆံရေးဝက်ဘ်ဆိုက်ပါ။
သမ္မတက သူ့သမီးတွေဟာ သူတို့အလုပ် သူတို့လုပ်ဖို့အတွက်
သူတို့မသိတဲ့လူပေါင်းများစွာ 
(ဖေ့စ်ဘွတ်သုံးစွဲသူ ၈၄၅ သန်း) လိုအပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မကြာခင် သတင်းတစ်ပုဒ်မှာ 
ဟောလိဝုဒ်အကျော်အမော်တွေဖြစ်တဲ့ တွမ်ခရုစ်တို့၊ အော်လန်ဒိုဘလွန်းတို့ဟာလည်း
အင်တာနက်သုံးစွဲလေ့မရှိကြောင်း ထုတ်ပြောလိုက်တာ တွေလိုက်ရပါတယ်။

နာမည်ကျော်စုံတွဲတွေဖြစ်တဲ့ ဂျိုလီနဲ့ ဘရက်ပစ်တို့ ကလေးတွေကို
(မွေးစားတာရော၊ သူတို့မွေးတာရေား အားလုံး ၆ ယောက်)
အင်တာနက်မှာ သူတို့နာမည်ရှာကြည့်ဖို့ ပိတ်ပင်ထားတယ်တဲ့။
ကလေးတွေရဲ့ ကွန်ပျူတာတွေမှာ သူတို့နာမည်တွေ ရှာမရအောင်
ပိတ်ပင်ထားတာပါပဲ။
ဒါမျိုးတွေလည်း ရှိသေးတယ်လို့ ပြောရတော့မှာပေါ့။

သစ္စာနီ၊ ဗြုတ်စဗြင်းတောင်း ရီဗြူး