Friday, April 6, 2012

ဖတ်စရာ မှတ်စရာ (၂၀)


တစ်နေ့ ဆရာကားကို မိမိက
“ဆရာသင်တာ နားလည်ရ ခက်တယ်၊ နည်းနည်း လွယ်အောင် သင်ပေးပါ” ရန်
တောင်းပန်ပြောဆိုလိုက်ရာ
ဆရာကား ပြန်ဖြေသောစကားများကို တစ်သက် မမေ့နိုင်တော့ပါ။
“လွယ်တာ မလိုက်နှင့်၊ လွယ်တာ လိုက်ရင် အခက်ကြုံတော့ ပိုခက်ရော၊ 
ဆရာက စာသင်တာကို ရေးကူးသင်တယ်လို့ သဘောထားတယ်၊ 
ရေကူးသင်တဲ့အခါ တပည့်လုပ်သူကို ဆရာက ကူးမခိုင်းပဲ
သူကချည်း ဆင်းကူးပြနေရင် တပည့်က ရေကူးတတ်ရောလား။
တပည့်တို့စိတ်ထဲမှာ ဘယ်လို ထင်သလဲ၊ ကဲ ပြောပါဦး”

“မတတ်နိုင်ပါဘူး ဆရာ”

“ဟုတ်တယ်၊ မတတ်ဘူး၊ ဘာဖြစ်လို့ မတတ်သလဲဆိုတော့
ဆရာရဲ့ လုပ်ပုံက နည်းလမ်း မမှန်လို့ဘဲ၊
ရေကူးတတ်စေချင်ရင်  ဆရာဟာ သူ့တပည့်ကို ရေထဲကို တွန်းချရဲရမယ်၊
ဆရာ့ကိုတော့ တပည့်တို့က ရက်စက်တယ် ထင်ချင်လည်း ထင်၊
ရေထဲကို တွန်းချတဲ့ ဆရာပဲ လုပ်ချင်တယ်၊
ဒီတော့ တပည့်တို့ မှတ်ထားဖို့က ဆရာ့နည်းဟာ အင်္ဂလိပ်လိုဆိုတော့
Either swim or sink method (ကူးချင်ကူး မကူးချင် နစ်) ဆိုတဲ့နည်းပဲကွဲ့”

ပါမောက္ခ ဆရာကား၏ ထိုစကားသည် စာသင်ရာမှာသာ မက
ဘ၀တစ်လျှောက်လုံးမှာ လုပ်သမျှ ကိုင်သမျှ အလုပ်များအတွက်လည်း
မှန်ကန်သော လမ်းညွှန်စကားဖြစ်လေသည်။

ကူးချင်ကူး၊ မကူးချင်နစ်မည်မှာ မုချဖြစ်၏။
ဘ၀ဟူသော သမုဒ္ဒရာဝယ် ကူးခတ်နေသူတိုင်းသည်
အမြဲကူးနေရမည်သာ။
မကူးဘဲ နေသည်နှင့် နစ်မွန်းရပေလိမ့်မည်။
လူသည် ကူးရင်းခတ်ရင်းပင် တတ်လည်း တတ်သွားမည်။
လိုရာအရပ်သို့လည်း ရောက်သွားပေလိမ့်မည်။

ဘ၀သည် 
ရပ်နေ၍ ရကောင်းသော နေရာမျိုး မဟုတ်သည်ကို
အကျွန်ုပ်သည် ပို၍ သဘောပေါက်လာပါသည်။

ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်း