Sunday, April 1, 2012

ဖတ်စရာ မှတ်စရာ (၁၆)


မြန်မာပြည်၌ ဒက္ခိဏသာခါ ရုပ်ပွားတော် ကိုးကွယ်မှုလည်း ခေတ်စားလှသည်။ ဤရုပ်ပွားတော်နှင့် ပတ်သက်၍လည်း ဖြစ်ရပ်ဇာတ်လမ်းများ ထွေးယှက်နေသည်။

ဒက္ခိဏသာခါဆိုသည်မှာ မြန်မာဘာသာဖြင့် တောင်အကိုင်း ဟူ၍ အဓိပ္ပာယ် ရသည်။ ဘီစီ ၃-ရာစုတွင် ရှင်မဟိန္ဒနှင့် သင်္ဃမိတ္တာ ထေရီမယ်တို့သည် သီဟိုဠ်သို့ သာသနာပြု ကြွခဲ့ကြသည်။

သီဟိုဠ်ကျွန်းသားတို့ ကိုးကွယ်ရန် မဟာဗောဓိပင်မှ လက်ယာတောင်ကိုင်းကို ဖြတ်ယူ၍ သီဟိုဠ်ကျွန်း၌ စိုက်ပျိုးခဲ့၏။ ထိုဗောဓိပင်မှ အသားတို့ကို ရုပ်ပွားထုလုပ် ကိုးကွယ်ရာမှ ဒက္ခိဏသာခါဘုရား ပေါ်ပေါက်လာသည် ဆို၏။

မြန်မာနိုင်ငံတွင် သက္ကရာဇ် ၇၈၈-ခုနှစ်၌ နန်းတက်သော မိုးညှင်းမင်းတရားလက်ထက် သီဟိုဠ်ကျွန်းမှ ဒက္ခိဏသာခါ ရုပ်ပွားတော် အဆူရေ ၃၀၀-ကျော် ရောက်ရှိလာရာ 
ရဟန်းရှင်လူ မှူးမတ်ပြည်သူတို့ အမြတ်တနိုး ကိုးကွယ်ခဲ့ကြသည်။ 
ထိုအချိန်မှ စ၍ ဒက္ခိဏသာခါ ရုပ်ပွားတော် ကိုးကွယ်မှု ခေတ်စားလာလေသည်။

ရှေးဦးက ဒက္ခိဏသာခါ ရုပ်ပွားများမှာ အခြားရုပ်ပွားများကဲ့သို့ပင် 
အချိုးအဆစ် ပြေပြစ်စွာ ထုလုပ်ခဲ့ကြသည်။ 
အခြားရုပ်ပွားများနှင့် ခြားနားသည်မှာ ကြာပန်းဆောင်းခြင်းသာ ထူးသည်။ 
ဤသို့ ကြာပန်းဆောင်းသော ဖြစ်ရပ်မှာမူ မဟာယာနဂိုဏ်းနှင့် ယှက်နွယ်နေပြန်သည်။ မဟာယာနကျမ်းတို့၌ ဤသို့ ရေးဆိုထားသည်။

ကောသလမင်းနှင့် မလ္လိကာ မိဖုရားတို့သည် ဘုရားရှင်အထံသို့ လာကြရာ 
ဘုရားရှင် မရှိခိုက်နှင့် ကြုံနေ၏။ ရှင်မောဂ္ဂလာန်သည် တန်ခိုးတော်ဖြင့် လိုက်ရှာရာ 
ဘုရားရှင်သည် ကြာမျိုး ၅-ပါး ဖူပွင့်နေသည့် အနောတတ္တ အိုင်ထဲ၌
 ကြာပွင့်ကြီးတစ်ခုပေါ်မှာ ဈန်ဝင်စားနေ၏။ 
အိုင်စောင့်နတ်ကြီး ၉-ဦးတို့ကလည်း 
ဘုရားရှင်ကို ကြာပွင့်ထီး တစ်လက်စီဖြင့် ဆောင်းမိုးပေးထားကြသည်။ 

ဤဖြစ်စဉ်ကို တွေ့မြင်လာခဲ့ရသဖြင့် ရှင်မောဂ္ဂလာန်သည် 
ကောသလနှင့် မလ္လိကာမိဖုရားတို့အား ပြန်လည် ပြောပြ၏။ 
မင်းနှင့် မိဖုရားတို့သည် ဘုရားရှင် စံမြန်းနေပုံကို စိတ်ကူးဖြင့် ကြည်ညိုသွားကြသည်။ ဤပုံသဏ္ဌာန်မျိုးကို ရုပ်တုပြုလုပ်၍ ကိုးကွယ်လိုကြောင်း 
ရှင်မောဂ္ဂလာန်အား လျှောက်ထားကြသည်။ ခွင့်ပြုချက် ရသဖြင့် မင်းနှင့် မိဖုရားတို့သည် ကြာပန်းဆောင်း ရုပ်ပွားကို ကိုးကွယ်ခဲ့ကြသည်ဟု ဆိုလေသည်။

ဤအဆိုအရ ဒက္ခိဏသာခါ ရုပ်ပွားများမှာ မဟာယာနတို့ အယူအဆအရ 
ထုလုပ် ကိုးကွယ်ခဲ့ကြသည်ဟု ဆိုနိုင်ပြန်ပါသည်။ 

နောက်ပိုင်းတွင် ဒက္ခိဏသာခါ ရုပ်ပွားပုံများကို ဂိုဏ်းဆရာလုပ်သူတို့က 
အမျိုးမျိုး စိတ်ကူး၍ ချဲ့ထွင် ပြုလုပ်ကြသည်။ 
ရုပ်ပွားတော်တွင် မှို ၉-ချက် ရိုက်ခြင်းစသော အစီအမံများကို ထည့်သွင်းထားကြသည်။ ထိုရုပ်ပွားတော်ကို ကိုးကွယ်လျှင် လာဘ်ပေါများမည်။ 
အရောင်းအ၀ယ် ကောင်းမည်။ ရာထူးတိုးမည်။ 
အန္တရာယ် ကင်းမည်။ မီးဘေးမှ လွတ်မည်။ သိဒ္ဓိပေါင်းစုံ ပြီးစီးနိုင်သည် စသည်ဖြင့် 
ဂိုဏ်းဆရာတို့၏ အသုံးချခံ ရုပ်ပွားတစ်ဆူ ဖြစ်လာလေသည်။

အဆိုးရွားဆုံး ပြုလုပ်ချက်မှာ ရုပ်ပွားတော်၏ ပုံသဏ္ဌာန် ဖြစ်သည်။ 
ရုပ်ပွားပုံစံကို ပန်းပုမတတ်သူ ထုလုပ်သကဲ့သို့ 
ပုအိုင့်သော၊ လည်ကုပ်တိုသော ပုံဆိုးများကို ထုလုပ်ကြသည်။ 
(အမှန်စင်စစ်)
ဗုဒ္ဓဘုရားသည် လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့ဖြင့် ပြည့်စုံသူ ဖြစ်၍ 
အပြစ်ပြောဖွယ် မရှိ။

တင့်တယ်သော ရူပကာယတော် ရှိပါသည်။ 
ဤကဲ့သို့ ဆိုးရွားသော ပုံသဏ္ဌာန် ရုပ်ပွားတို့ကို ထုလုပ် ကိုးကွယ်နေကြသည်မှာ 
ဘုရားရှင်၏ ကြည်ညိုမြတ်နိုးဖွယ်ရာ ရုပ်အဆင်းကို ဖျက်ဆီးထား ခြင်းပင် ဖြစ်ပါတော့သည်။

ယနေ့ မြန်မာနိုင်ငံတော်တွင် ဗုဒ္ဓရုပ်ပွားတော်များကို 
ပုံစံအမျိုးမျိုး အယူအဆ အသွယ်သွယ်တို့ဖြင့် ထုလုပ် တည်ထား ကိုးကွယ်နေကြသည်။ 
- နှုတ်ခမ်းမွှေးတပ်သော ရုပ်ပွားများ ၊
- မျက်မှန်တပ်သော ရုပ်ပွားများ ၊
- မှဲ့တပ်သော ရုပ်ပွားများ ၊
- နဖူး၌ အဖုတပ်သော ရုပ်ပွားများ ၊
- လက်စွပ်ဝတ်သော ရုပ်ပွားများ ၊
- မြွေပတ်သော ရုပ်ပွားများ ၊
- ဆင်စီး မြင်းရံ ရုပ်ပွားများ-
စသည်ဖြင့် အမျိုးမျိုး ပြုလုပ်နေကြသည်။

အချို့ ရုပ်ပွားများမှာ မူလတင်ပျဉ်ခွေ ရုပ်ပွား၏ ဒူးနှစ်ဖက်နှင့် ပခုံးနှစ်ဖက်ပေါ်၌ မတ်ရပ်ရုပ်ပွားလေးများကို ထည့်သွင်း ထုလုပ်ထားသည်ကို တွေ့ရသည်။ 
ပလပ်စတစ်ဖြင့် လောင်းထားသော ရုပ်ပွားဖြစ်သည်။ 
ထိုရုပ်ပွားကို ကြည့်၍ ဆပ်ကပ်ပြနေသလားဟု ထင်မှားလောက်အောင် 
အရုပ်ဆိုး အကျည်းတန်နေပါသည်။

အချို့ ဘုရားရင်ပြင်ပေါ်၌ လူကြိုက်များသော ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်စသော 
ဘိုးတော်ဆိုသူ စိတ္တဇရုပ်ကောင်တို့ကို ပြုလုပ်ထားရာ 
ဗုဒ္ဓဘာသာအတွက် ရှက်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များ ဖြစ်ပေသည်။

ယခု ဖော်ပြခဲ့သော အကြောင်းရပ်များမှာ ထေရ၀ါဒ၌ ရောနှောနေသည့် ကိုးကွယ်မှုများ ထဲမှ ထင်ရှားသော ကိုးကွယ်မှုများ ဖြစ်ပါသည်။ မထင်မရှားဖြင့် ကိုးစားနေကြသော အသေးအမွှား ကိစ္စများလည်း အမြောက်အမြား ရှိနေချေသေး၏။

ရေစကြို အရှင်ဧသိက၊ ထေရ၀ါဒဗုဒ္ဓဘာသာ