Tuesday, March 27, 2012

ဖတ်စရာ မှတ်စရာ (၁၁)

ပညာပွါးကြောင်းခုနစ်ပါး
(၁) ပရိပစ္ဆနကထာ - 
ပညာရှိတို့ထံ အဖန်ဖန်မေးမြန်းခြင်း
(၂) ၀တ္ထုဝိသဒကိရိယာ - 
ကိုယ်တွင်းကိုယ်ပ နှစ်ဌာနလုံးသောဝတ္ထုတို့ကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရခြင်း။
ဆံပင် ခြေသည်းလက်သည်း မုတ်ဆိတ်ကျင်စွယ်တို့ ရှည်လျားခြင်း
တကိုယ်လုံးမှာ အတွင်းဓာတ် တောင့်တင်းခိုင်မာနေခြင်း
ချွေး ကြေးညှော်ထူထပ်ခြင်းတည်းဟူသော ကိုယ်တွင်းမစင်ကြယ်မှု မရှိစေရ။
အ၀တ်အစား ဟောင်းနွမ်းကာ မကောင်းသောအနံ့နံစော်ခြင်း၊ 
အိပ်ရာနေရာတို့၌ အမှိုက်သရိုက်ထူထပ်ခြင်းတည်းဟူသော
ကိုယ်ပမစင်ကြယ်မှုများလည်း မရှိစေရ။
ကိုယ်တွင်းကိုယ်ပ နှစ်ဌာန မစင်ကြယ်မှု ရှိနေသောအခါ
ဖြစ်ပေါ်သောပညာမှာလည်း အညစ်အကြေးထူထပ်သော 
မီးခွက် မီးစာ ဆီတို့မှဖြစ်သော မီးတောက်သည် မကြည်လင်သကဲ့သို့
မကြည်မလင် မစင်မကြယ်သာဖြစ်လာ၏။
အညစ်အကြေးကင်းစင်သော မီးခွက် မီးစာ ဆီတို့မှ ဖြစ်သော
မီးတောက်သည် ကြည်လင်စင်ကြယ်သကဲ့သို့ 
ကြည်လင်စင်ကြယ်ထွန်းပသော ပညာဥာဏ်ဖြစ်ပေါ်လာအောင်
ကိုယ်တွင်းကိုယ်ပ နှစ်ဌာန၀တ္ထုတို့ကို စင်ကြယ်စေရမည်ဟုဆိုလိုသည်။

(၃)
ဣန္ဒြိယသမတ္တပဋိပါဒနာ
သဒ္ဓါစသောဣနြေ္ဒတို့ ညီမျှအောင်ပြုခြင်း
သတ္တ၀ါတို့သန္တာန်၌ စိတ်စေတသိက်တို့ကို စိုးအုပ်နေသော
ဣနြေ္ဒတရားငါးပါးရှိသည့်အနက် သဒ္ဓိနြေ္ဒက အားကြီးနေလျှင်
အခြားဣနြေ္ဒလေးပါးတို့သည် အားနည်းကြသဖြင့် 
ဝီရိယိနြေ္ဒကလည်း 
မိမိ၏တာဝန်ဖြစ်သော ချီးမြှောက်အားပေးခြင်းကိစ္စကို မရွက်ဆောင်နိုင်။ 
သတိနြေ္ဒကလည်း အာရုံထင်စေခြင်းကိစ္စကို မရွက်ဆောင်နိုင်။
သမာဓိနြေ္ဒကလည်း မပျံ့လွှင့်ခြင်းကိစ္စကို မရွက်ဆောင်နိုင်။
ပညိနြေ္ဒကလည်း သိမြင်ခြင်းကိစ္စကို မရွက်ဆောင်နိုင်။
သို့ဖြစ်၍ သဒ္ဓိနြေ္ဒလွန်ကဲနေလျှင် ထိုလွန်ကဲနေသော သဒ္ဓိနြေ္ဒကို
အညီအမျှသာဖြစ်ရမည့်တရားသဘောကို ဆင်ခြင်ခြင်းဖြင့်သောလည်းကောင်း၊
သဒ္ဓိနြေ္ဒများ အားရှိစေမည့်နည်းကို နှလုံးမသွင်းခြင်းဖြင့်သော်လည်းကောင်း၊ 
ယုတ်လျှော့အောင် ညီမျှအောင် အားထုတ်ရာ၏။

အကယ်၍ ၀ီရိယိနြေ္ဒအားကြီးနေငြားအံ့။
ထိုအခါ သဒ္ဓိနြေ္ဒသည် မိမိ၏ဆိုင်ရာ ကြည်ညိုဖွယ်ဝတ္ထု၌ 
သက်ဝင်ကြည်ညိုခြင်းကိစ္စကို မရွက်ဆောင်နိုင်။
အခြားဣနြေ္ဒများလည်း မိမိတို့ဆိုင်ရာကိစ္စတို့ကို မရွက်ဆောင်နိုင်ကြ။
သို့ဖြစ်၍ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးစွာထားသင့်သည့်သဘောကို
ထင်စွာပွါးများခြင်းဖြင့် ထိုလွန်ကဲသောဝီရိယိနြေ္ဒကို ယုတ်လျှော့စေရာ၏။
ဤနည်းအတိုင်း အခြားဣနြေ္ဒုတို့မှာလည်း တပါးတပါးအားရှိနေခဲ့သော်
ကျန်သောဣနြေ္ဒတို့ မိမိတို့ဆိုင်ရာကိစ္စကို မရွက်ဆောင်နိုင်ဟူ၍ သိအပ်၏။

ဤဣနြေ္ဒတို့ညီမျှစေသောအရာ၌ အထူးအားဖြင့်
သဒ္ဓါနှင့်ပညာတို့၏ ညီမျှခြင်းကိုလည်းကောင်း၊
သမာဓိနှင့်ဝီရိယတို့၏ ညီမျှခြင်းကိုလည်းကောင်း၊
ပညာရှိသူတော်ကောင်းတို့ ချီးမွှမ်းကြကုန်၏။

သဒ္ဓါတရားအားကြီး၍ ပညာတရားနည်းပါးသောသူသည် 
အချီးနှီးသောကြည်ညိုခြင်းဖြင့် ကြည်ညိုနေတတ်၏။
ကြည်ညိုဖွယ်ဝတ္ထုဟုတ်မဟုတ်ကို သိမြင်နိုင်သောပညာတရား အားနည်းနေသည့်အတွက်
ကြည်ညိုဖွယ်မဟုတ်သောအရာ၌ ကြည်ညိုနေတတ်၏ဟု ဆိုလိုသည်။

ဘုရားတရားသံဃာ အစစ်မဟုတ်သည့်အရာတို့ကို
ဘုရားစစ် တရားစစ် သံဃာစစ်ဟူ၍
ထင်မြင်ယုံကြည်နေခြင်းသည် ယုံကြည်သည့်အတိုင်း မမှန်သည့်အတွက်
အကျိုးမပြီးအချီးနှီးသော ယုံကြည်ခြင်းသာ ဖြစ်၏ဟူ၍ ဆိုလို၏။
မိစ္ဆာအယူရှိသူတို့သည် မိမိတို့အယူမှားအတိုင်း
ဘုရားတရားဟူ၍ ထင်မြင်သောအရာကို ကြည်ညိုကြ၏။ 
ထိုသူတို့၏ ကြည်ညိုခြင်းကား သဒ္ဓါအစစ်မဟုတ်၊ 
မိစ္ဆာဓိမောက္ခသာဖြစ်ကြောင်း ကောင်းစွာသိမှတ်ရာ၏။

ပညာတရားအားကြီး၍ သဒ္ဓါတရားနည်းပါးနေသောသူသည်
လမ်းရိုးလမ်းမှန်ကို မရောက်တတ်ပဲ ကောင်းကျစ်စဉ်းလဲသော လမ်းဖက်သို့
လိုက်မှားကပ်ရောက်သွားတတ်၏။
လောက၌ ဆေးစားမှား၍ဖြစ်သောရောဂါကို ကုစားရန် ခဲယဉ်းသကဲ့သို့
သဒ္ဓါနည်းပါး ပညာများ၍ လမ်းမှားကပ်ရောက် ကောက်ကျစ်စဉ်းလဲသူကို
လမ်းမှန်ရောက်အောင် ပြုပြင်ကုစားဖို့ရန် ခဲယဉ်းလှ၏။

“ဒါနဟူသည် စေတနာဒါန ၀တ္ထုဒါနဟူ၍နှစ်မျိုးရှိရာ စင်စစ်မုချအားဖြင့်
စေတနာကသာ နောင်ဘ၀၌ ကောင်းကျိုးပေးနိုင်သည်။
ပစ္စည်းဝတ္ထုက တစုံတရာ ကောင်းကျိုးမပေးနိုင်။
သို့ဖြစ်၍ ပစ္စည်းဝတ္ထုကို လှူနေဖွယ်မလို၊ 
စေတနာကောင်းကောင်းထားလိုက်လျှင် လိုအပ်သောကောင်းကျိုး ရနိုင်သည်သာဖြစ်၏”
ဟူ၍ကောက်ကျစ်စဉ်းလဲကာ ဒါနစသောကုသိုလ်တို့ကို  မပြုပဲနေသဖြင့်
သေသောအခါ ငရဲသို့ ကျရောက်တတ်၏၊ 
သဒ္ဓါနှင့်ပညာနှစ်ပါးစုံ မျှတညီညွတ်မှသာလျှင်
ကြည်ညိုအပ်သောအရာ၌သာ ကြည်ညိုခြင်း
ကောက်ကျစ်စဉ်းလဲမှုမရှိခြင်းတို့ဖြင့် 
ကောင်းကျိုးအများဖြစ်ပွါးနိုင်သည်။

ဝီရိယနှင့် သမာဓိတို့လည်း ညီမျှရမည်။ 
ဝီရိယနည်းပါး၍ သမာဓိကြီးမားနေလျှင် ထကြွအားထုတ်မှု မရှိပဲ
သမာဓိရအောင် ငြိမ်သက်စွာနေသည့်အယောင်ဖြင့်
ကောသဇ္ဇခေါ်သော အပျင်းဓာတ် လွှမ်းမိုး ဖိစီးခြင်းကို ခံရတတ်သည်။

ဝီရိယကြီးမား၍ သမာဓိနည်းပါးနေလျှင်လည်း တည်ကြည်မှု မရှိတော့ပဲ
အမြဲထကြွလုံ့လပြုနေသောသူမှာ
“ရည်ရွယ်သည့်အတိုင်း အကျိုးမဖြစ်ခဲ့သော်
ဤအလုပ်သည် အကျိုးဖြစ်စေနိုင်မည့်အလုပ်မဟုတ်၊ 
သို့ဖြစ်၍ ဤအလုပ်ကို စွန့်ပစ်ကာ အခြားအလုပ်တစ်ခုခုကို
ပြုလုပ်မှ သင့်လျော်မည်” စသည်ဖြင့်
စိတ်၏ပျံ့လွှင့်ခြင်း ဥဒ္ဓစ္စတရား လွှမ်းမိုးဖိစီးခြင်းကို ခံရတတ်သည်။

ဝီရိယနှင့် သမာဓိတို့ကို ညီမျှအောင် အားထုတ်လျှင်
ပျင်းရိခြင်း ကောသဇ္ဇတရားလည်း ၀င်ခွင့်မရ၊ 
စိတ်ပျံ့လွှင့်ခြင်း ဥဒ္ဓစ္စတရားလည်း ၀င်ခွင့်မရ၊
နှစ်ပါးစုံညီမျှသည့်အတွက် အပ္ပနာဟုခေါ်သော ဈာန်သမာဓိတရားကို လျှင်မြန်စွာ ရနိုင်သည်။

သတိနြေ္ဒမူကား ပိုလွန်သောဟူ၍ မရှိ၊ လိုလျှင်သာ လိုမည်။
ထို့ကြောင့် သတိသည် စားဖွယ်ဟင်းလျာဟူသမျှတို့၌ ပါဝင်ရသော 
ဆားနှင့်တူ၏ ဟူ၍လည်းကောင်း၊ အလုံးစုံသော မင်း၏ အရေးကိစ္စတို့၌
ပါဝင်ရသော အမတ်ချုပ်ကြီးနှင့်တူ၏ဟူ၍လည်းကောင်း ကျမ်းဂန်တို့၌ ပြဆိုထား၏။

သို့ဖြစ်၍ သတိကို အစွမ်းကုန်ထား၍ သဒ္ဓါနှင့်ပညာ၊ ၀ီရိယနှင့် သမာဓိတို့ကို 
အညီအမျှ ပွါးများအားထုတ်ရာ၏၊ တခုခုက ပိုနေလျှင် အပြစ်ရှိသည်။
ဤအကြောင်းကို ဆရာတော်ဦးဗုဓ်က
သဒ္ဓါလွန်လျှင် ကွန့်သည်၊
ပညာလွန်လျှင် ဆွံ့သည်၊
ဝီရိယလွန်လျှင် ပြန့်သည်၊
သမာဓိလွန်လျှင် တွန့်သည်၊
သတိမူက လွန်သည်မရှိဟူ၍ 
မဟာသတိပဋ္ဌာနသုတ်နိဿယ၌ ရေးသားတော်မူခဲ့သည်။

၎။ ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနံ - ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ဝေးစွာ ရှောင်ကြဉ်ခြင်း။
၅။ ပည၀န္တပုဂ္ဂလသေ၀န - ပညာရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
ပညာရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်းဟူသော စကားနှင့်စပ်၍
မှီဝဲခြင်းဟူသည် အဘယ်သို့သော သဘောဖြစ်သနည်း ဟု မေးရန်ရှိ၏။
ပညာရှိထံ သွားရောက်ချဉ်းကပ်ကာ နေ့ညဉ့်မကွာ နေထိုင်ရုံမျှဖြင့်
ပညာရှိကို မှီဝဲသည်မမည်။
ပညာရှိထံမှ တစုံတရာ ပညာရရှိအောင် ပြုလုပ်မှ ပညာရှိကို မှီဝဲသည်မည်၏။
လောက၌ လူမိုက်ကို မမှီဝဲရဟူသော မင်္ဂလာတရားတော်အရ
လူမိုက်ထံ သွားရောက်နေရုံမျှကို လူမိုက်ကို မှီဝဲသည်ဟု မဆိုရပေ။
လူမိုက်ကို ပူးကပ်ဖြားယောင်း ဆုံးမလိုသောကြောင့်
ထိုလူမိုက်ထံ သွားရောက်ခြင်းဖြစ်လျှင် မင်္ဂလာတရားမပျက်စီး။…
လူမိုက်တို့၏အကျင့် အယူဝါဒ တစုံတရာကို ခံယူမှသာ
ထိုလူမိုက်ကို မှီဝဲသည်ဟု ဆိုအပ်၏။
ပညာရှိကို မှီဝဲရမည်ဟူသော မင်္ဂလာတရားအရာ၌လည်း
ပညာရှိထံ သွားရောက်အတူနေကာမျှဖြင့် ပညာရှိကို မှီဝဲသည်ဟု မဆိုရ။
ပညာရှိထံမှ တရားနည်းလမ်းရရှိအောင် ယူမှသာလျှင်
ပညာရှိကို မှီဝဲသည်ဟု ဆိုအပ်၏။
သို့ဖြစ်၍ ပညာရှိသော ပုဂ္ဂိုလ်ကို  မှီဝဲခြင်းဟူရာ၌ ပညာရှိပုဂ္ဂိုလ်တို့နှင့်
အတူတကွ နေရုံမျှဖြင့် ကိစ္စမပြီး၊ ထိုပညာရှိထံမှ
ပညာအနည်းအများ ရရှိမှတ်သားရမှသာ 
မှီဝဲခြင်းဖြစ်ကြောင်းကို ကောင်းစွာ မှတ်ယူအပ်၏။

၆။ ဂမ္ဘီရဥာဏစရိယပစ္စဝေက္ခဏာ - 
နက်နဲသောဥာဏ်၏ ကျက်စားရာဖြစ်သော တရားသဘောတို့ကို ဆင်ခြင်ခြင်း။

၇။ တဒဓိမုတ္တတာ - ထိုဥာဏ်ပညာပွါးများမှု၌ ညွတ်ကိုင်းသော စိတ်ရှိခြင်း။

ဖန်ဖန်မေးမှု၊ ၀တ္ထု စင်စေ၊ ဣနြေ္ဒညီမျှ၊ ဗာလကိုကြဉ်၊ ဥာဏ်ရှိယှဉ်မှ၊
ဆင်ခြင်နက်လှ၊ ဓိမုတ္တဟု၊ 
ဥာဏပွါးကြောင်းခုနစ်တည်း။
(ဆရာတော်ဦးဗုဓ်)

မဟာဗုဒ္ဓ၀င် ပထမတွဲ