သီလအရာ၌ သီလဆောက်တည်သည် ဟု ဆိုခြင်းသည်
သီလခံယူသည်ဟု သဒ္ဒါနက် ထွက်ပေ၏။
ရှေးပညာရှိများက “သီလကို ရဟန်းသံဃာတော်များက ပေးရသည်၊
ဒါယကာ ဒါယိကာမတို့က ရဟန်းသံဃာတော်များထံမှ ခံယူရသည်” ဟူသော
အဓိပ္ပါယ်ကို သိစေခဲ့ပြီးလျှင် သီလခံယူလိုသော် ရဟန်းသံဃာတော်တစ်ပါးပါးထံ ချဉ်းကပ်လျက်
(အဟံ ဘန္တေ တိသရဏေန သဟ ၊ပ၊ သီလံ ဒေထ မေ ဘန္တေ) ဟူ၍
သီလတောင်းပုံပါဠိအစဉ်ကို အထင်အရှားထားခဲ့သည့်အတိုင်း
ယနေ့အထိ သီလဆောက်တည်လိုသောသူတို့သည် ထိုအစဉ်အတိုင်း ရွတ်ဆို တောင်းခံကြရ၏။
ယဉ်ကျေးကောင်းမြတ်လှသော အစီအစဉ်ပင် ဖြစ်ပေ၏။
(ဤတွင် “သီလံ ဒေထ မေ ဘန္တေ” ဟူသော နောက်ဆုံးစကားအရ
“အရှင်ဘုရား အကျွန်ုပ်အား သီလကို ပေးတော်မူပါ” ဟူသော
အဓိပ္ပါယ်ထွက်ရှိနေသည်ကို အစွဲပြုကာ
ယခုအခါ အချို့သူတို့သည်
“သီလခံယူလိုပါလျက် ရဟန်းသံဃာမတွေ့၍ မခံယူရပဲ ဖြစ်နေသည်” ဟု
ညည်းညူတတ်ကြ၏။
“ရဟန်းသံဃာမတွေ့လျှင်လည်း စေတီ ရုပ်ပွါး ဘုရားထံမှာ ခံယူလျှင်လည်း ရပါသည်” ဟု
သဘာဝအမှန်ကို သိသူတို့က ပြောဆိုစေကာမူ
ဘုရားဆင်းတုတော်က သီလပေးတတ်သည် မဟုတ်၍ မကျေနပ်ပဲ ရှိနေတတ်၏၊
စင်စစ်မှာ
သီလကို ရဟန်းများထံ တောင်း၍ ရဟန်းများက ပေးမှ ရနိုင်သည်ဟူ၍ မမှတ်အပ်ပေ။
စေတီရုပ်ပွါး ဘုရားရှေ့မှောက်၌ ဆောက်တည်လျှင်လည်း ရနိုင်သည်သာ ဖြစ်ပေ၏။
မဟာဗုဒ္ဓ၀င်၊ ပထမတွဲ

No comments:
Post a Comment