Friday, March 2, 2012

မဖြေနိုင်သော မေးခွန်းများ



ခရစ်တော်၏ အလောင်းအလျာဖြစ်သော သူငယ်သည်
တစ်ဆယ့်နှစ်နှစ်အရွယ်သို့ရောက်သောအခါ
ရေဟူဒီလူမျိုးတို့၏ထုံးစံအရ နွေဦးရာသီပွဲတော်အတွင်းဝယ်
ရေဟူဒီဘုန်းတော်ကြီးကျောင်းသို့ အဖိုးဖြစ်သူနှင့်အတူ လိုက်သွားလေသည်။

ထိုကျောင်း၌ ရေဟူဒီဆရာတော်များသည်
ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်းစသောတရားတို့ကို ဆွေးနွေးကြ၏။
ထိုအခါ ခရစ်တော်အလောင်းသူငယ်သည်
ထိုဘုန်းတော်ကြီးများထံ မေးမြန်းခွင့်တောင်းရာ
သူ့အဖိုး၏အရှိန်အ၀ါကြောင့် မေးမြန်းခွင့်ရလေသည်။

ဖန်ဆင်းပုံကို မေးခြင်း
(ထာဝရဘုရားသခင်) ယေဟိုးဝါသည်
အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ
အချို့ကို ပညာရှိ၊ အချို့ကို ပညာမဲ့
အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ
အချို့ကို လူချော လူလှ၊ အချို့ကို အရုပ်ဆိုး အကျည်းတန်
အချို့ကို အသက်ရှည်၊ အချို့ကို အသက်တို
အချို့ကို မျက်စိကောင်း၊ အချို့ကို မျက်မမြင်
အချို့ကို အားအင်ပြည့်၊ အချို့ကို အားအင်နဲ့
အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်
ဤသို့စသည်ဖြင့် လူချင်းမတူအောင် အဘယ့်ကြောင့် ဖန်ဆင်းပါသနည်း။

ကလေး၏အမေးကို ကြားရသော ရေဟူဒီဘုန်းတော်ကြီးများသည် မဖြေနိုင်။
ပရိသတ်အားလုံးသည် အံ့အားသင့်သွားကြသည်။
ထို့ကြောင့် ဘုန်းတော်ကြီးများက ထိုအဖြေကို
“ထာဝရဘုရားသခင် ယေဟိုးဝါသာလျှင် သိနိုင်စရာရှိပါသည်” ဟု ပြောကြလေသည်။

နောက်မေးခွန်း
“(ထာဝရဘုရားသခင်) ယေဟိုးဝါသည်
အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူ၍ သုံးပါးသောကာလကို သိပါလျက်
အဘယ်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း” ဟု ထပ်မံမေးသောအခါ
“ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ပေးဖို့ရန် (ထာဝရဘုရားသခင်) ယေဟိုးဝါသည်
ငရဲဘုံကို ဖန်ဆင်းခဲ့ပါသည်” ဟု ဖြေကြသည်။

“ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏ သဘောကို
ကြိုတင်၍ သိပါလျက် ဘာ့ကြောင့် ယုတ်မာညစ်ညမ်း ဆိုးသွမ်းမည့်သူတို့ကို
ဖန်ဆင်းလိုက်ပါသနည်း” ဟုထပ်၍မေးသောအခါ
ရေဟူဒီဘုန်းတော်ကြီးများသည်
မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ
ထိုမျှလောက် စဉ်းစားဥာဏ်ကြီးမားနေသော သူငယ်ကို
ဂိုဏ်းချုပ်အဖြစ်သို့ တင်မြှောက်ကြလေသည်။

(မဟာဂန္ဓာရုံဆရာတော်၏ ပျောက်ကွယ်နေသော ခရစ်တော်၏အကြောင်း မှ)