Saturday, March 31, 2012

ဖတ်စရာ မှတ်စရာ (၁၄)


အကျွန်ုပ်ကို နှစ်ခြင်းမင်္ဂလာပြုလုပ်ပြီးနောက်
မကြာမီ ကျေးလက်မှ မြန်မာမိဘနှစ်ပါးက မွေးဖွားသော 
မျက်နှာဖြူကလေးတစ်ဦးကို အကျွန်ုပ် တွေ့ရလေသည်။

မြန်မာပြည်တွင် မြန်မာစစ်စစ် မိဘနှစ်ပါးက မွေးသော ထိုကလေးသည်
တစ်ကိုယ်လုံး အင်္ဂလိပ်၊ အမေရိကန်တို့ အသားဖြူသကဲ့သို့ နီစပ်စပ်ဖြူသည်၊
မျက်လုံးပြာသည်၊ မျက်ခုံးမွေးဖြူသည်၊ ဆံပင် ရွှေရောင်၊
ခြေမွေး လက်မွေး အားလုံးဖြူသည်၊ နှုတ်ခမ်း နီမြန်းသည်၊ 
သူ့ကို အသားညိုသော မြန်မာမိဘက မွေးဖွားသည်ဟုပြောလျှင် ယုံနိုင်ဖွယ်မရှိချေ။
သူ့ကို မောင်ကြာဖြူဟု အမည်ပေးထားကြလေသည်။

ထိုသူသည် ဘ၀ဟောင်းက နိုင်ငံခြားသား မျက်နှာဖြူဖြစ်ခဲ့ပြီးနောက်
ယခုဘ၀ မြန်မာမိဘများ ၀မ်းမှာ ပဋိသန္ဓေ တည်နေ၀င်စားပြီး
မွေးဖွားလာသော လူဝင်စားဖြစ်သည်ဟု လူအများက ယုံကြည်နေကြလေသည်။
တစ်နေ့သ၌ အကျွန်ုပ်သည် အိန္ဒိယပြည်မှ ကမ္ဘာကျော်လူဝင်စား
သန္တိဒေ၀ီ (Shanti Devi) အကြောင်းကို စာတစ်အုပ်တွင် ဖတ်ရလေသည်။

သန္တိဒေ၀ီကို ၁၉၂၆ ခုနစ်တွင် မွေးဖွားသည်။
သုံးနှစ်သမီးအရွယ်ကစပြီး ဘ၀ဟောင်းက လင်တွေ သားတွေ
ကျန်ရစ်ခဲ့သည့်အကြောင်းကို စပြောသည်။
လင်နာမည် ကေဒါနာသ် ဖြစ်ကြောင်း၊ မထုရာပြည်နယ်တွင် နေထိုင်လျက်ရှိသေးကြောင်း၊
လုဒဂီ (ဘ၀ဟောင်းက သူ့နာမည်) နှင့် ကေဒါနာသ်တို့နေထိုင်သည့်အိမ်ကို ပြနိုင်ကြောင်း၊
ထိုအိမ်တွင် ဘာတွေရှိနေသည်ကို ပြောနိုင်ကြောင်း ပြောလေသည်။

လုဒဂီသည် ဘ၀ဟောင်းတွင် မီးဖွားစဉ် ကွယ်လွန်ခဲ့ကြောင်းကိုလည်း ပြောသည့်ပြင်
မီးဖွားစဉ် ခံစားရပုံများကိုပါ အသက်သုံးနှစ်လောက်တွင် ပြောသည် ဆို၏။
နောက်ဤကိစ္စကို လူသိရှင်ကြားဖြစ်ပြီး
ပါမောက္ခ ကိရှန်ချန္ဒခေါင်းဆောင်ကာ စုံစမ်းခဲ့ကြလေသည်။

သန္တိဒေ၀ီပေးသော ဘ၀ဟောင်းက လိပ်စာအတိုင်း
မထုရာပြည်နယ်ရှိ လင်ဟောင်းကို သွားရှာကြသည်။
ပြောသည့်အတိုင်း ဟုတ်သည်။
မီးဖွားရင်း လုဒဂီသေခဲ့ရသည်မှာလည်း မှန်သည်။
နောက်ပါမောက္ခ ချန္ဒ - က ကေဒါနာသ်ကို နယူးဒေလီတွင်
သူ၏ဇနီးဟောင်းဖြစ်ခဲ့ဘူးသူနှင့် လာတွေ့ဖို့ ဖိတ်ကြားသည်။
ဤသို့ဖိတ်ကြားခြင်းမှာ သန္တိဒေ၀ီသည် 
ဘ၀ဟောင်းက လင်တော်ခဲ့သူကို  မှတ်မိခြင်း ရှိ မရှိ သိရန်ဖြစ်၏။

နယူးဒေလီတွင် ကေဒါနာသ်နှင့် သူ့သားများသည်
သန္တိဒေ၀ီနှင့် ဆုံကြသည်တွင် သန္တိဒေ၀ီသည် ချက်ချင်းမှတ်မိကာ
ရှေးဘ၀က လုဒဂီပြုမူသည့်အတိုင်း လင်နှင့်သားကို ပြုမူဆက်ဆံသည်ကို
ပညာရှင်အားလုံး တွေ့မြင်ကြရလေတော့၏။

သို့သော် ပညာရှင်များသည် ပိုပြီးသေချာအောင်
သန္တိဒေ၀ီကို မထုရာသို့ ခေါ်သွားကြသည်။
မထုရာသို့ရောက်သောအခါ သန္တိဒေ၀ီက သူတို့ကို
၎င်း၏ ဘ၀ဟောင်းက အိမ်ရှိရာသို့ တန်းတန်းမတ်မတ် ခေါ်ငင်သွားလေတော့သည်။

သူနေခဲ့သော အိမ်ကိုသာ ပြသည်မဟုတ်သေး။
သူ့ယောက္ခမ အိမ်ကိုပါ လိုက်ပြသေးသည်။
ထို့နောက် ဘ၀ဟောင်းက လုဒဂီ၏ အတွင်းပစ္စည်း လက်ဝတ်ရတနာများ
သိုဝှက်ထားရာ အရပ်ကိုပါ ပြသခဲ့လေသည်။
အချက်အလက်အားလုံး မှန်ကန်နေလေသည်။

ဤအကြောင်းအရာကို တိတိကျကျ ကြားသိရပြီးနောက်တွင်
အကျွန်ုပ်၏ ရင်ထဲ၌
ထာဝရဘုရားသခင်ဖန်ဆင်းခြင်း အယူဝါဒနှင့်ပတ်သက်၍
ဒွိဟသံသယဖြစ်ခဲ့မိကြောင်း။

ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်း စာ ၉၈

Friday, March 30, 2012

တလွဲ


ဗမာစကားမပြောတတ်တာနဲ့ပတ်သက်လို့
သတိရမိတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြဦးမယ်။

တခါတုန်းက ရွာတစ်ရွာမှာ ဒကာတစ်ယောက်ဟာ
မိုးလေ၀သညီညွတ်မျှတတဲ့အလျှောက် လယ်ယာများအောင်မြင်တဲ့အတွက်
ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါတယ်။
ကျောင်းဘုန်းကြီးတစ်ပါးကိုလည်း စိတ်ကြိုက်ရွေးချယ်ပင့်ဆောင်ပြီး ကိုးကွယ်ထားသတဲ့။

ကျောင်းဒကာနဲ့ ကျောင်းအမဟာ တစ်ဦးတည်းသောသမီးပျိုကို
ဆရာတော်ဘုန်းကြီးထံလှူရန် ပစ္စည်းအမျိုးမျိုးနဲ့ 
နေ့စဉ်ဆွမ်းချိုင့်ပို့ပြီး လှူဒါန်းဆက်ကပ်စေပါတယ်။

ကျောင်းဒကာရဲ့သမီးကလည်း ကျောင်းရောက်တဲ့အခါ တံမြက်လှည်း
ရေတော် ပန်းတော်ဆက်ကပ် ဝေယျာဝစ္စအ၀၀ကို သေချာကျနစွာ ပြုလုပ်ပြီးမှ
ဘုန်းတော်ကြီးကို ရိုသေစွာ ၀တ်ချကာ အိမ်ကို ပြန်လာလေ့ရှိပါတယ်။

ဒါပေမဲ့ ကျောင်းဒကာရဲ့သမီးဟာ 
ကျောင်းကိုသွားလို့ ပြန်တဲ့အခါတိုင်း ဘုန်းတော်ကြီးကို ၀တ်ချပြီး
“အရှင်ဘုရား၊ တပည့်တော်မ ကြွပါဦးမယ်ဘုရား” လို့ 
အမြဲလျှောက်ထားတတ်သတဲ့။

ဘုန်းတော်ကြီးကလည်း 
“ဒီကလေးမ စကားပြော တယ်မချောဘဲကိုး၊ 
ဘယ့်နှယ် ဘုန်းကြီးကို သူက ပြန်ပါဦးမယ်ဘုရားလို့ မပြောဘဲ
ကြွပါဦးမယ်ချည်းပြောနေရသလဲ မသိဘူး၊ 
ဒီကိစ္စ ကျောင်းအမကြီး ကျောင်းကိုလာမှ ပြောရဦးမယ်” လို့တွေးပြီး
ကျောင်းအမကြီး ကျောင်းကို အလာစောင့်နေတာပေါ့။

တစ်နေ့ ကျောင်းအမကြီးဆွမ်းပို့လာတဲ့အခါ ဘုန်းတော်ကြီးက
“ကျောင်းအမကြီး၊ သင့်သမီးဟာ နည်းမဟုတ် လမ်းမကျ၊ 
ပြန်မယ်လို့ ဦးချတဲ့အခါတိုင်း ဘုန်းကြီးကို တပည့်တော်မ ကြွပါဦးမယ်လို့
ပြောတဲ့စကား အလွန်ပဲ မှားတာပေါ့။ 
ဘုရားယဉ်ကျေးမှုနဲ့ လားလားမှ မလျှော်၊ ဒကာမကြီး ဆုံးမမှ တော်ရော့မယ် လို့
ဆီးကြိုပြောပါတယ်။

အဲဒီအခါ ကျောင်းအမကြီးက
“အရှင်ဘုရား၊ ဟုတ်ရဲ့လားဘုရား၊ ရိုင်းလိုက်လေဘုရား၊ 
ဒီသမီးဟာ သူအမိန့်ရှိလိုက်ရင် ဒီလိုပဲဘုရား” လို့ 
ဘုန်းတော်ကြီးကို လျှောက်ထားပါသတဲ့။

အဲဒီအခါ ဘုန်းတော်ကြီးက
“အင်း၊ သမီးမှားလို့ အမေဖြစ်သူကို ပြောခါမှ သာပြီး မှားတော့တာပဲ။ 
အင်း တတ်နိုင်ပါဘူး၊ ကျောင်းဒကာလာမှပဲ သူတို့သားအမိဖြစ်ပျက်ပုံကို 
အကြောင်းစုံပြောပြရမှာပဲ” လို့ စိတ်ကူးပြီး 
ကျောင်းဒကာ ကျောင်းအလာကို မျှော်နေမိသတဲ့။

ကျောင်းဒကာလည်း စီးပွါးရေးရာ လယ်ယာကိစ္စနဲ့ အလုပ်များနေတာမို့
ကျောင်းကို ရောက်မလာနိုင်ဘဲ ဖြစ်နေတာပေါ့။

ဘုန်းကြီးကလည်း 
“ဒီကျောင်းဒကာကလည်း ကျောင်းကို လာနိုင်ခဲသားပဲ” လို့ မျှော်နေတုန်း
တစ်နေ့တော့ ကျောင်းဒကာဟာ ပျာယီးပျာယာကျောင်းကို ရောက်လာသတဲ့။

အဲဒီအခါ ဘုန်းတော်ကြီးက
“ကျောင်းဒကာကြီး၊ ကျောင်းဒကာကြီးရဲ့ သမီးဟာ စိတ်ကြီးဝင်နေသလားမှ မသိဘူး၊
ကျောင်းကပြန်တော့မယ်စိတ်ကူးလို့ ဘုန်းကြီးကို ဦးချရင် 
တပည့်တော်မ ကြွပါဦးမယ်လို့ချည်း အမြဲမှားပြီး လျှောက်ထားနေတာပဲ။ 
အင်း၊ သူက ငယ်ရွယ်သူမို့ မှားတာကို ဘုန်းကြီး သည်းခံပါတယ်။
ဒါပေမဲ့ ကျောင်းအမကြီး ကျောင်းကိုလာတော့
ကျောင်းအမကြီးသမီး စကားမှားကြောင်း ပြောမိတဲ့အခါ
“ဒီသမီး အမိန့်ရှိလိုက်ရင် ဒီလိုချည်းပဲ” လို့
ကျောင်းအမကြီးကပါ ထပ်ပြီးမှားပြန်တယ် ကျောင်းဒကာကြီးရဲ့။
ကျောင်းဒကာ ကျောင်းအမတွေဖြစ်ပြီး ဘုန်းကြီးနဲ့ စကားမပြောတတ်တာကတော့ 
မတော်ပါဘူး။ အဲဒါ ကျောင်းဒကာသိအောင် ဘုန်းကြီးက ပြောပြပေးတာပါ” လို့
ညည်းညည်းညူညူ ပြောပြလိုက်သတဲ့။

အဲဒီအခါ ကျောင်းဒကာကြီးက စိတ်ဆိုးမာန်ဆိုးနဲ့
“အရှင်ဘုရား၊ သမီးမှားရာမှာ မိခင်ကပါ ရောမှားလို့ 
သဘောထား ဒီလောက်ရိုင်းတာတွေ၊
သူတို့ကို ဒီကျောင်းထဲမှာ တစ်ခါလာပြီး ခြေတော်ရာမှ မချပါစေနဲ့ဘုရား”
လို့ ဘုန်းတော်ကြီးကို လျှောက်လိုက်သတဲ့။

ကျောင်းဒကာရဲ့စကားကို ကြားလိုက်ရတဲ့ ဘုန်းတော်ကြီးဟာ
“အင်း၊ ဘယ်လိုမျှ မတတ်နိုင်တော့ဘူး။ ကျောင်းဒကာမိသားစုတွေမှာ
ဒီလိုသာ အထပ်ထပ်လွဲမှားနေကြရင် ငရဲလားဖို့ပဲ ရှိတော့တယ်” လို့
ညည်းမိသတဲ့။

တော်ဝင်နွယ်၏ အပ္ပမာဒ ပုံပြင်များမှ

Thursday, March 29, 2012

ဖတ်စရာ မှတ်စရာ (၁၃)


ဥပေက္ခာဟူသောပါဠိစကားမှာ
သဒ္ဒါနက်အားဖြင့် သင့်တင့်အောင် ရှုခြင်း ဟူ၍ မြန်မာပြန်ဆိုရ၏။

သင့်တင့်အောင် ရှုခြင်းဟူသည်
ဆင်းရဲမှု ချမ်းသာမှု နှစ်ပါး ကွဲပြားရာမှာ
မည်သည့်ဖက်သို့မျှ တဖက်သတ်မလိုက်ပါပဲ
ဆင်းရဲမှုနှင့်လည်း သင့်တင့်၊ ချမ်းသာမှုနှင့်လည်း သင့်တင့်လေအောင်
ရှုခြင်းဟု ဆိုလိုသည်။

ဤကဲ့သို့ ရှုခြင်းကိုပင် ရှေးပညာရှိကြီးများက
လျစ်လျှူရှုခြင်း ဟူ၍ မြန်မာပြန်ဆိုခဲ့ကြသည်။

ဤပညာရှိတို့၏ စကားအဓိပ္ပါယ်ကို ကောင်းစွာ မစဉ်းစားမိက
လျစ်လျှူရှုခြင်း ဟူသည် အာရုံမပြု ဂရုမစိုက်ပဲ စွန့်ပစ်ထားလိုက်ခြင်းပင် ဖြစ်သည် ဟု
မှတ်ထင်ပြောဆိုမိတတ်ကြ၏။

ဤသို့ အာရုံမပြုပဲ စွန့်ပစ်ထားခြင်းကို ဥပေက္ခာခေါ်သည် မဟုတ်။
ဥပေက္ခာဟူသည် အာရုံပြုရမည်သာ ဖြစ်၏။

သို့ရာတွင်
ဆင်းရဲမှု အာရုံနှင့် တွေ့လျှင် တစ်မျိုး၊ ချမ်းသာမှုအာရုံနှင့်တွေ့လျှင် တစ်မျိုး
ဤကဲ့သို့ ထူးထွေကွဲလွဲခြင်း မရှိ၊
သာမညအားဖြင့် တစားတည်းထား၍
ရှုမြင်ဆင်ခြင်ခြင်းသာ ဖြစ်၏။

မဟာဗုဒ္ဓ၀င် ပထမတွဲ၊ [ကျီ]

Wednesday, March 28, 2012

ဖတ်စရာ မှတ်စရာ (၁၂)


စင်စစ် မိန်းမတို့သည် 
ကြောက်စိတ်အရင်းခံလည်း ရှိကြကုန်သည်။
မျှော်လင့်ချက်နှင့် အားကိုးကိုရှာလိုသော စိတ်လည်း ထာဝစဉ်ရှိကြသူများသာ ဖြစ်ကြ၏။

ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ခြင်း အစွန်းနှစ်ခုအကြားတွင်
သူတို့အသက်ရှင်နေကြလေသည်။

ထို့ကြောင့်လည်း
သတ္တိပါသော ယုံကြည်ချက် ရှိခဲခြင်းဖြစ်လေသည်။

တချို့မိန်းမများသည်
မိဘမျိုးရိုးအားဖြင့် ကိုးကွယ်သောဘာသာ အယူဝါဒကို စွန့်၍
လင်ယောက်ကျားရရှိသောအခါ
လင်ကိုးကွယ်သောဘာသာကို လိုက်ပြီး ကိုးကွယ်တတ်ကြသည်ကိုလည်း
အများအပြားပင် တွေ့ရသည်။

ထိုလင် ဦးစွာသေ၍
နောက်အိမ်ထောင်ပြုသောအခါ ဖြစ်စေ၊
မိဘအိမ်သို့ ပြန်ရောက်သောအခါ ဖြစ်စေ၊
ထိုမိန်းမသည် လင့်အခယူကို စွန့်ပြန်လေသည်။

စတုတ္ထအကြိမ်ရိုက် ဆန်းလွင်၏ 
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်း စာအုပ်
စာမျက်နှာ ၈၆ မှ ကူးယူဖော်ပြပါသည်။

Tuesday, March 27, 2012

ဖတ်စရာ မှတ်စရာ (၁၁)

ပညာပွါးကြောင်းခုနစ်ပါး
(၁) ပရိပစ္ဆနကထာ - 
ပညာရှိတို့ထံ အဖန်ဖန်မေးမြန်းခြင်း
(၂) ၀တ္ထုဝိသဒကိရိယာ - 
ကိုယ်တွင်းကိုယ်ပ နှစ်ဌာနလုံးသောဝတ္ထုတို့ကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရခြင်း။
ဆံပင် ခြေသည်းလက်သည်း မုတ်ဆိတ်ကျင်စွယ်တို့ ရှည်လျားခြင်း
တကိုယ်လုံးမှာ အတွင်းဓာတ် တောင့်တင်းခိုင်မာနေခြင်း
ချွေး ကြေးညှော်ထူထပ်ခြင်းတည်းဟူသော ကိုယ်တွင်းမစင်ကြယ်မှု မရှိစေရ။
အ၀တ်အစား ဟောင်းနွမ်းကာ မကောင်းသောအနံ့နံစော်ခြင်း၊ 
အိပ်ရာနေရာတို့၌ အမှိုက်သရိုက်ထူထပ်ခြင်းတည်းဟူသော
ကိုယ်ပမစင်ကြယ်မှုများလည်း မရှိစေရ။
ကိုယ်တွင်းကိုယ်ပ နှစ်ဌာန မစင်ကြယ်မှု ရှိနေသောအခါ
ဖြစ်ပေါ်သောပညာမှာလည်း အညစ်အကြေးထူထပ်သော 
မီးခွက် မီးစာ ဆီတို့မှဖြစ်သော မီးတောက်သည် မကြည်လင်သကဲ့သို့
မကြည်မလင် မစင်မကြယ်သာဖြစ်လာ၏။
အညစ်အကြေးကင်းစင်သော မီးခွက် မီးစာ ဆီတို့မှ ဖြစ်သော
မီးတောက်သည် ကြည်လင်စင်ကြယ်သကဲ့သို့ 
ကြည်လင်စင်ကြယ်ထွန်းပသော ပညာဥာဏ်ဖြစ်ပေါ်လာအောင်
ကိုယ်တွင်းကိုယ်ပ နှစ်ဌာန၀တ္ထုတို့ကို စင်ကြယ်စေရမည်ဟုဆိုလိုသည်။

(၃)
ဣန္ဒြိယသမတ္တပဋိပါဒနာ
သဒ္ဓါစသောဣနြေ္ဒတို့ ညီမျှအောင်ပြုခြင်း
သတ္တ၀ါတို့သန္တာန်၌ စိတ်စေတသိက်တို့ကို စိုးအုပ်နေသော
ဣနြေ္ဒတရားငါးပါးရှိသည့်အနက် သဒ္ဓိနြေ္ဒက အားကြီးနေလျှင်
အခြားဣနြေ္ဒလေးပါးတို့သည် အားနည်းကြသဖြင့် 
ဝီရိယိနြေ္ဒကလည်း 
မိမိ၏တာဝန်ဖြစ်သော ချီးမြှောက်အားပေးခြင်းကိစ္စကို မရွက်ဆောင်နိုင်။ 
သတိနြေ္ဒကလည်း အာရုံထင်စေခြင်းကိစ္စကို မရွက်ဆောင်နိုင်။
သမာဓိနြေ္ဒကလည်း မပျံ့လွှင့်ခြင်းကိစ္စကို မရွက်ဆောင်နိုင်။
ပညိနြေ္ဒကလည်း သိမြင်ခြင်းကိစ္စကို မရွက်ဆောင်နိုင်။
သို့ဖြစ်၍ သဒ္ဓိနြေ္ဒလွန်ကဲနေလျှင် ထိုလွန်ကဲနေသော သဒ္ဓိနြေ္ဒကို
အညီအမျှသာဖြစ်ရမည့်တရားသဘောကို ဆင်ခြင်ခြင်းဖြင့်သောလည်းကောင်း၊
သဒ္ဓိနြေ္ဒများ အားရှိစေမည့်နည်းကို နှလုံးမသွင်းခြင်းဖြင့်သော်လည်းကောင်း၊ 
ယုတ်လျှော့အောင် ညီမျှအောင် အားထုတ်ရာ၏။

အကယ်၍ ၀ီရိယိနြေ္ဒအားကြီးနေငြားအံ့။
ထိုအခါ သဒ္ဓိနြေ္ဒသည် မိမိ၏ဆိုင်ရာ ကြည်ညိုဖွယ်ဝတ္ထု၌ 
သက်ဝင်ကြည်ညိုခြင်းကိစ္စကို မရွက်ဆောင်နိုင်။
အခြားဣနြေ္ဒများလည်း မိမိတို့ဆိုင်ရာကိစ္စတို့ကို မရွက်ဆောင်နိုင်ကြ။
သို့ဖြစ်၍ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးစွာထားသင့်သည့်သဘောကို
ထင်စွာပွါးများခြင်းဖြင့် ထိုလွန်ကဲသောဝီရိယိနြေ္ဒကို ယုတ်လျှော့စေရာ၏။
ဤနည်းအတိုင်း အခြားဣနြေ္ဒုတို့မှာလည်း တပါးတပါးအားရှိနေခဲ့သော်
ကျန်သောဣနြေ္ဒတို့ မိမိတို့ဆိုင်ရာကိစ္စကို မရွက်ဆောင်နိုင်ဟူ၍ သိအပ်၏။

ဤဣနြေ္ဒတို့ညီမျှစေသောအရာ၌ အထူးအားဖြင့်
သဒ္ဓါနှင့်ပညာတို့၏ ညီမျှခြင်းကိုလည်းကောင်း၊
သမာဓိနှင့်ဝီရိယတို့၏ ညီမျှခြင်းကိုလည်းကောင်း၊
ပညာရှိသူတော်ကောင်းတို့ ချီးမွှမ်းကြကုန်၏။

သဒ္ဓါတရားအားကြီး၍ ပညာတရားနည်းပါးသောသူသည် 
အချီးနှီးသောကြည်ညိုခြင်းဖြင့် ကြည်ညိုနေတတ်၏။
ကြည်ညိုဖွယ်ဝတ္ထုဟုတ်မဟုတ်ကို သိမြင်နိုင်သောပညာတရား အားနည်းနေသည့်အတွက်
ကြည်ညိုဖွယ်မဟုတ်သောအရာ၌ ကြည်ညိုနေတတ်၏ဟု ဆိုလိုသည်။

ဘုရားတရားသံဃာ အစစ်မဟုတ်သည့်အရာတို့ကို
ဘုရားစစ် တရားစစ် သံဃာစစ်ဟူ၍
ထင်မြင်ယုံကြည်နေခြင်းသည် ယုံကြည်သည့်အတိုင်း မမှန်သည့်အတွက်
အကျိုးမပြီးအချီးနှီးသော ယုံကြည်ခြင်းသာ ဖြစ်၏ဟူ၍ ဆိုလို၏။
မိစ္ဆာအယူရှိသူတို့သည် မိမိတို့အယူမှားအတိုင်း
ဘုရားတရားဟူ၍ ထင်မြင်သောအရာကို ကြည်ညိုကြ၏။ 
ထိုသူတို့၏ ကြည်ညိုခြင်းကား သဒ္ဓါအစစ်မဟုတ်၊ 
မိစ္ဆာဓိမောက္ခသာဖြစ်ကြောင်း ကောင်းစွာသိမှတ်ရာ၏။

ပညာတရားအားကြီး၍ သဒ္ဓါတရားနည်းပါးနေသောသူသည်
လမ်းရိုးလမ်းမှန်ကို မရောက်တတ်ပဲ ကောင်းကျစ်စဉ်းလဲသော လမ်းဖက်သို့
လိုက်မှားကပ်ရောက်သွားတတ်၏။
လောက၌ ဆေးစားမှား၍ဖြစ်သောရောဂါကို ကုစားရန် ခဲယဉ်းသကဲ့သို့
သဒ္ဓါနည်းပါး ပညာများ၍ လမ်းမှားကပ်ရောက် ကောက်ကျစ်စဉ်းလဲသူကို
လမ်းမှန်ရောက်အောင် ပြုပြင်ကုစားဖို့ရန် ခဲယဉ်းလှ၏။

“ဒါနဟူသည် စေတနာဒါန ၀တ္ထုဒါနဟူ၍နှစ်မျိုးရှိရာ စင်စစ်မုချအားဖြင့်
စေတနာကသာ နောင်ဘ၀၌ ကောင်းကျိုးပေးနိုင်သည်။
ပစ္စည်းဝတ္ထုက တစုံတရာ ကောင်းကျိုးမပေးနိုင်။
သို့ဖြစ်၍ ပစ္စည်းဝတ္ထုကို လှူနေဖွယ်မလို၊ 
စေတနာကောင်းကောင်းထားလိုက်လျှင် လိုအပ်သောကောင်းကျိုး ရနိုင်သည်သာဖြစ်၏”
ဟူ၍ကောက်ကျစ်စဉ်းလဲကာ ဒါနစသောကုသိုလ်တို့ကို  မပြုပဲနေသဖြင့်
သေသောအခါ ငရဲသို့ ကျရောက်တတ်၏၊ 
သဒ္ဓါနှင့်ပညာနှစ်ပါးစုံ မျှတညီညွတ်မှသာလျှင်
ကြည်ညိုအပ်သောအရာ၌သာ ကြည်ညိုခြင်း
ကောက်ကျစ်စဉ်းလဲမှုမရှိခြင်းတို့ဖြင့် 
ကောင်းကျိုးအများဖြစ်ပွါးနိုင်သည်။

ဝီရိယနှင့် သမာဓိတို့လည်း ညီမျှရမည်။ 
ဝီရိယနည်းပါး၍ သမာဓိကြီးမားနေလျှင် ထကြွအားထုတ်မှု မရှိပဲ
သမာဓိရအောင် ငြိမ်သက်စွာနေသည့်အယောင်ဖြင့်
ကောသဇ္ဇခေါ်သော အပျင်းဓာတ် လွှမ်းမိုး ဖိစီးခြင်းကို ခံရတတ်သည်။

ဝီရိယကြီးမား၍ သမာဓိနည်းပါးနေလျှင်လည်း တည်ကြည်မှု မရှိတော့ပဲ
အမြဲထကြွလုံ့လပြုနေသောသူမှာ
“ရည်ရွယ်သည့်အတိုင်း အကျိုးမဖြစ်ခဲ့သော်
ဤအလုပ်သည် အကျိုးဖြစ်စေနိုင်မည့်အလုပ်မဟုတ်၊ 
သို့ဖြစ်၍ ဤအလုပ်ကို စွန့်ပစ်ကာ အခြားအလုပ်တစ်ခုခုကို
ပြုလုပ်မှ သင့်လျော်မည်” စသည်ဖြင့်
စိတ်၏ပျံ့လွှင့်ခြင်း ဥဒ္ဓစ္စတရား လွှမ်းမိုးဖိစီးခြင်းကို ခံရတတ်သည်။

ဝီရိယနှင့် သမာဓိတို့ကို ညီမျှအောင် အားထုတ်လျှင်
ပျင်းရိခြင်း ကောသဇ္ဇတရားလည်း ၀င်ခွင့်မရ၊ 
စိတ်ပျံ့လွှင့်ခြင်း ဥဒ္ဓစ္စတရားလည်း ၀င်ခွင့်မရ၊
နှစ်ပါးစုံညီမျှသည့်အတွက် အပ္ပနာဟုခေါ်သော ဈာန်သမာဓိတရားကို လျှင်မြန်စွာ ရနိုင်သည်။

သတိနြေ္ဒမူကား ပိုလွန်သောဟူ၍ မရှိ၊ လိုလျှင်သာ လိုမည်။
ထို့ကြောင့် သတိသည် စားဖွယ်ဟင်းလျာဟူသမျှတို့၌ ပါဝင်ရသော 
ဆားနှင့်တူ၏ ဟူ၍လည်းကောင်း၊ အလုံးစုံသော မင်း၏ အရေးကိစ္စတို့၌
ပါဝင်ရသော အမတ်ချုပ်ကြီးနှင့်တူ၏ဟူ၍လည်းကောင်း ကျမ်းဂန်တို့၌ ပြဆိုထား၏။

သို့ဖြစ်၍ သတိကို အစွမ်းကုန်ထား၍ သဒ္ဓါနှင့်ပညာ၊ ၀ီရိယနှင့် သမာဓိတို့ကို 
အညီအမျှ ပွါးများအားထုတ်ရာ၏၊ တခုခုက ပိုနေလျှင် အပြစ်ရှိသည်။
ဤအကြောင်းကို ဆရာတော်ဦးဗုဓ်က
သဒ္ဓါလွန်လျှင် ကွန့်သည်၊
ပညာလွန်လျှင် ဆွံ့သည်၊
ဝီရိယလွန်လျှင် ပြန့်သည်၊
သမာဓိလွန်လျှင် တွန့်သည်၊
သတိမူက လွန်သည်မရှိဟူ၍ 
မဟာသတိပဋ္ဌာနသုတ်နိဿယ၌ ရေးသားတော်မူခဲ့သည်။

၎။ ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနံ - ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ဝေးစွာ ရှောင်ကြဉ်ခြင်း။
၅။ ပည၀န္တပုဂ္ဂလသေ၀န - ပညာရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
ပညာရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်းဟူသော စကားနှင့်စပ်၍
မှီဝဲခြင်းဟူသည် အဘယ်သို့သော သဘောဖြစ်သနည်း ဟု မေးရန်ရှိ၏။
ပညာရှိထံ သွားရောက်ချဉ်းကပ်ကာ နေ့ညဉ့်မကွာ နေထိုင်ရုံမျှဖြင့်
ပညာရှိကို မှီဝဲသည်မမည်။
ပညာရှိထံမှ တစုံတရာ ပညာရရှိအောင် ပြုလုပ်မှ ပညာရှိကို မှီဝဲသည်မည်၏။
လောက၌ လူမိုက်ကို မမှီဝဲရဟူသော မင်္ဂလာတရားတော်အရ
လူမိုက်ထံ သွားရောက်နေရုံမျှကို လူမိုက်ကို မှီဝဲသည်ဟု မဆိုရပေ။
လူမိုက်ကို ပူးကပ်ဖြားယောင်း ဆုံးမလိုသောကြောင့်
ထိုလူမိုက်ထံ သွားရောက်ခြင်းဖြစ်လျှင် မင်္ဂလာတရားမပျက်စီး။…
လူမိုက်တို့၏အကျင့် အယူဝါဒ တစုံတရာကို ခံယူမှသာ
ထိုလူမိုက်ကို မှီဝဲသည်ဟု ဆိုအပ်၏။
ပညာရှိကို မှီဝဲရမည်ဟူသော မင်္ဂလာတရားအရာ၌လည်း
ပညာရှိထံ သွားရောက်အတူနေကာမျှဖြင့် ပညာရှိကို မှီဝဲသည်ဟု မဆိုရ။
ပညာရှိထံမှ တရားနည်းလမ်းရရှိအောင် ယူမှသာလျှင်
ပညာရှိကို မှီဝဲသည်ဟု ဆိုအပ်၏။
သို့ဖြစ်၍ ပညာရှိသော ပုဂ္ဂိုလ်ကို  မှီဝဲခြင်းဟူရာ၌ ပညာရှိပုဂ္ဂိုလ်တို့နှင့်
အတူတကွ နေရုံမျှဖြင့် ကိစ္စမပြီး၊ ထိုပညာရှိထံမှ
ပညာအနည်းအများ ရရှိမှတ်သားရမှသာ 
မှီဝဲခြင်းဖြစ်ကြောင်းကို ကောင်းစွာ မှတ်ယူအပ်၏။

၆။ ဂမ္ဘီရဥာဏစရိယပစ္စဝေက္ခဏာ - 
နက်နဲသောဥာဏ်၏ ကျက်စားရာဖြစ်သော တရားသဘောတို့ကို ဆင်ခြင်ခြင်း။

၇။ တဒဓိမုတ္တတာ - ထိုဥာဏ်ပညာပွါးများမှု၌ ညွတ်ကိုင်းသော စိတ်ရှိခြင်း။

ဖန်ဖန်မေးမှု၊ ၀တ္ထု စင်စေ၊ ဣနြေ္ဒညီမျှ၊ ဗာလကိုကြဉ်၊ ဥာဏ်ရှိယှဉ်မှ၊
ဆင်ခြင်နက်လှ၊ ဓိမုတ္တဟု၊ 
ဥာဏပွါးကြောင်းခုနစ်တည်း။
(ဆရာတော်ဦးဗုဓ်)

မဟာဗုဒ္ဓ၀င် ပထမတွဲ

Monday, March 26, 2012

ရွှေထီးဆောင်းခဲ့တဲ့အချိန်

ပုဂံပြည် ရှင်အရဟံရောက်ပြီးတဲ့နောက် အနော်ရထာမင်းနဲ့ပြည်သူအများ
ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာပြီး သာသနာရောင်ဝါထွန်းလင်းခဲ့တယ်။

ပုဂံခေတ်မှာ ဗုဒ္ဓဘာသာရဟန်းတော်များ ပါဠိစာပေကျမ်းဂန်တွေကို 
(အထူးသဖြင့် ပါဠိသဒ္ဒါကျမ်းတွေကို) ရေးသားနိုင်တဲ့အထိ
ထူးချွန်တတ်မြောက်လာကြတယ်။

သီဟိုဠ်ဘုန်းကြီးတွေက သူတို့နိုင်ငံက ရေးသားထုတ်ဝေတဲ့
ကစ္စည်းသဒ္ဒါလိုမျိုး ပါဠိသဒ္ဒါကျမ်းတွေနဲ့ မာနတက်နေပြီး
မြန်မာဘုန်းကြီးတွေကို ဘာမှမတတ်ဘူးလို့ အထင်သေးနေတဲ့အချိန်၊

ပုဂံခေတ်မြန်မာရဟန်းတော်တစ်ပါးဖြစ်တဲ့ ရှင်အဂ္ဂ၀ံသက
သဒ္ဒနီတိလို ပါဠိသဒ္ဒါကျမ်းကြီးကို ရေးသားထုတ်ဝေလိုက်တော့
“မြန်မာဘုန်းကြီးများလဲ ပါဠိစာပေအတော့်ကို တတ်သကိုး၊ ဒို့နိုင်ငံမှာရှိတဲ့ ပါဠိသဒ္ဒါကျမ်းထက် မြန်မာဘုန်းကြီးရေးတဲ့ပါဠိသဒ္ဒါကျမ်းက ပိုကောင်းတယ်ဟေ့” ဆိုပြီး
သီဟိုဠ်ရဟန်းတော်များ ပုဂံခေတ်မြန်မာရဟန်းတော်များကို 
ဦးအကြိမ်ကြိမ်ညွတ်ကာ ပြန်လည်မော်ကြည့်လာရသည်အထိ ဖြစ်ခဲ့ဘူးပါတယ်။

ဒို့ခေတ်မှာလဲ ဘယ်သူကများ သီဟိုဠ်ရဟန်းတော်များ မော်ကြည့်လာအောင် 
စွမ်းဆောင်နိုင်မလဲ?

ကြားဘူးတာလေး ပြောကြည့်ချင်တယ်။
ဟုတ်မဟုတ်တော့ မသေချာပါဘူး။

မြန်မာပြည်က တိပိဋက (ပိဋကတ်သုံးပုံ) အောင်ပြီးသားဆရာတော်တစ်ပါး
သီဟိုဠ်နိုင်ငံကို ကိစ္စတစ်ခုနဲ့ သွားတယ်တဲ့။
အစည်းအဝေးပြီးတော့ ခန်းမထဲက ထွက်တဲ့အချိန်
မြန်မာပြည်က ပိဋကတ်သုံးပုံအောင်ထားတဲ့ ဘုန်းကြီးရောက်နေတယ် ဆိုတာသိတော့
သတင်းထောက်တွေက ၀ိုင်းအုံလာတာပေါ့။

အင်္ဂလိပ်လို ပြောကြည့်တယ်။ အင်္ဂလိပ်လို မေးပါတယ်။
တိပိဋကဆရာတော် နားမလည်ပါဘူး။ ဘာမှကို မသိပါဘူး။
ပါဠိလို ပြောတယ်။ မေးပါတယ်။
ပိဋကတ်သုံးပုံအောင်ထားတဲ့ဆရာတော်က
ပရိစယော နတ္တိ လို့ပြောသတဲ့။
အဓိပ္ပါယ်က အလေ့အကျင့်မရှိလို့ မပြောတတ်ဘူး ပေါ့။

သတင်းထောက်များက ‘ဟာကွာ’ ဆိုတဲ့စကားမျိုးပြောပြီး
နောက်ဆုတ်ပြန်ကုန်သတဲ့။

ဒီအဖြစ်အပျက်လေးက သူများပြောတာ ကြားဘူးတာပါ။
ဟုတ် မဟုတ် မသေချာပါဘူး။

ဟုတ်ခဲ့ရင်လဲ ပိဋကတ်သုံးပုံအောင်ပြီးသားဆရာတော်မှာ အပြစ်မရှိပါဘူး။
အင်္ဂလိပ်စကား သူမှ မသင်ဘူးတာ၊ ဘယ်ပြောတတ်မလဲ။
ပိဋကတ်သုံးပုံသာ သူအောင်ထားတာ၊ ပါဠိစကားပြော အလေ့အကျင့်မရှိတော့
သူ ပါဠိစကား ဘယ်ပြောတတ်မလဲ။

ဒါပေမဲ့ ဒီလိုမျိုးတွေ မဖြစ်အောင် ဒို့နိုင်ငံ ဘုန်းကြီးများပညာရေး
ဘယ်လိုပြုပြင်ပြောင်းလဲရမလဲ။ 

ဗုဒ္ဓဘာသာနိုင်ငံတွေက ဗုဒ္ဓဘာသာဘုန်းကြီးတွေ 
ကိုယ့်ကို ပညာရေးနဲ့လေးစားလာအောင်
(ပုဂံခေတ်ကရဟန်းတော်တွေကို မော်ကြည့်လာသလို
ဒို့ခေတ်ရဟန်းတော်တွေကို မော်ကြည့်လာအောင်)
ဘယ်လိုပညာရေးမျိုးတွေ ပြဌာန်းသင်ယူ သင်ပေးသင့်သလဲ။
ဝိုင်းဝန်းစဉ်းစားရမှာပါ။

ပုဂံခေတ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဗိသုကာအတတ်ပညာတွေလဲ
အတော်လေးကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပြီဆိုတာ သိရတယ်။
ကျန်စစ်သားလှူဒါန်းထားတဲ့ အာနန္ဒာစေတီတော်ကြီးအပါအ၀င်
စေတီပုထိုးတွေကို ကြည့်လိုက်။
ပုဂံခေတ်က အင်ဂျင်နီယာတွေ ဘယ်လောက်တော်တယ်ဆိုတာ အထင်အရှားတွေ့မြင်ရမှာပါ။

ပုဂံခေတ်ရဟန်းတော်များသာ ဗုဒ္ဓဘာသာစာပေတတ်ကျွမ်းကြတာမဟုတ်ဘူး။
တိုင်းသားပြည်သူတွေလဲ ပါဠိစာပေတတ်ကျွမ်းကြတယ်တဲ့။
မင်းမှုထမ်းနေတဲ့ အမတ်ကြီးတစ်ယောက်ဆို 
ပါဠိကျမ်းစာ ဋီကာတစ်အုပ်တောင် ရေးသွားခဲ့တယ်။

ပုဂံခေတ်ပြည်သူပြည်သားများလဲ ပါဠိစကားပြောလောက်ကတော့ အေးဆေးပဲတဲ့။
ဗိုင်းငင်ရင်း၊ ရေခပ်ရင်း၊ လယ်ထွန်ရင်း ပါဠိဂါထာတွေ သီကုံးလေ့ရှိသတဲ့။
ပါဠိစကားတွေ ပြောလေ့ရှိသတဲ့။

အော်၊ ခုခေတ်များတော့ ပါဠိစကားမပြောနဲ့။ 
ဗမာစကားတောင် ကောင်းကောင်းမပြောတတ်တော့ဘူး။

ဗမာစကား မပြောတတ်တာနဲ့ပတ်သက်လို့
မနက်ဖန်ကျမှ ပုံပြင်လေးတစ်ပုဒ်ပြောပြအုံးမယ်။

Sunday, March 25, 2012

ဖတ်စရာ မှတ်စရာ (၁၀)

သီလအရာ၌  သီလဆောက်တည်သည် ဟု ဆိုခြင်းသည်
သီလခံယူသည်ဟု သဒ္ဒါနက် ထွက်ပေ၏။
ရှေးပညာရှိများက “သီလကို ရဟန်းသံဃာတော်များက ပေးရသည်၊
ဒါယကာ ဒါယိကာမတို့က ရဟန်းသံဃာတော်များထံမှ ခံယူရသည်” ဟူသော
အဓိပ္ပါယ်ကို သိစေခဲ့ပြီးလျှင် သီလခံယူလိုသော် ရဟန်းသံဃာတော်တစ်ပါးပါးထံ ချဉ်းကပ်လျက်
(အဟံ ဘန္တေ တိသရဏေန သဟ ၊ပ၊ သီလံ ဒေထ မေ ဘန္တေ) ဟူ၍
သီလတောင်းပုံပါဠိအစဉ်ကို အထင်အရှားထားခဲ့သည့်အတိုင်း
ယနေ့အထိ သီလဆောက်တည်လိုသောသူတို့သည် ထိုအစဉ်အတိုင်း ရွတ်ဆို တောင်းခံကြရ၏။
ယဉ်ကျေးကောင်းမြတ်လှသော အစီအစဉ်ပင် ဖြစ်ပေ၏။

(ဤတွင် “သီလံ ဒေထ မေ ဘန္တေ” ဟူသော နောက်ဆုံးစကားအရ
“အရှင်ဘုရား အကျွန်ုပ်အား သီလကို ပေးတော်မူပါ” ဟူသော
အဓိပ္ပါယ်ထွက်ရှိနေသည်ကို အစွဲပြုကာ 
ယခုအခါ အချို့သူတို့သည် 
“သီလခံယူလိုပါလျက် ရဟန်းသံဃာမတွေ့၍ မခံယူရပဲ ဖြစ်နေသည်” ဟု
ညည်းညူတတ်ကြ၏။

“ရဟန်းသံဃာမတွေ့လျှင်လည်း စေတီ ရုပ်ပွါး ဘုရားထံမှာ ခံယူလျှင်လည်း ရပါသည်” ဟု
သဘာဝအမှန်ကို သိသူတို့က ပြောဆိုစေကာမူ
ဘုရားဆင်းတုတော်က သီလပေးတတ်သည် မဟုတ်၍ မကျေနပ်ပဲ ရှိနေတတ်၏၊

စင်စစ်မှာ 
သီလကို ရဟန်းများထံ တောင်း၍ ရဟန်းများက ပေးမှ ရနိုင်သည်ဟူ၍ မမှတ်အပ်ပေ။
စေတီရုပ်ပွါး ဘုရားရှေ့မှောက်၌ ဆောက်တည်လျှင်လည်း ရနိုင်သည်သာ ဖြစ်ပေ၏။

မဟာဗုဒ္ဓ၀င်၊ ပထမတွဲ

Saturday, March 24, 2012

ဖတ်စရာ မှတ်စရာ (၉)


ယုတ်မာသောသဘောအပါအ၀င် လပနဟူသည်မှာ
ကျောင်းသို့လာကြသောလူများကို မြင်လျှင်
“ဒကာတို့.. အဘယ်အကျိုးငှာ လာကုန်သနည်း၊  ရဟန်းတို့ကို ပင့်ဖိတ်ရန် လာကြသလော၊
ပင့်လို၍လာကြလျှင် ရှေ့က သွားနှင့်ကြ၊
ငါနောက်က သပိတ်ကို ပိုက်၍ လိုက်ခဲ့မည်” ဟူ၍ကိုယ်က ဦးအောင်ပြောခြင်း၊
“တိဿမထေရ်ဆိုသည်မှာ ငါပင်ဖြစ်သည်၊ ငါ့ကို ဘုရင်မင်းမြတ်က ကြည်ညိုသည်၊
အမတ်ကြီး ၀န်ကြီးတွေက ကြည်ညိုသည်” စသည်ဖြင့် ပြောဆိုခြင်း၊
လူများနှင့်စကားပြောဆိုရာမှာ မဆန့်ကျင်ရအောင်
မပျင်းရိအောင် အခွင့်ပေးကာ အလိုလိုက်ကာ လိုက်ကာ ပြောခြင်း၊
သူဌေးကြီး စက်ပိုင်ကြီးစသည်ဖြင့် မြှောက်ပင့်၍ ပြောဆိုခြင်း၊
ဤသို့လျှင် မိမိအားမလှူချင် လှူချင်အောင် ကြံဆောင်၍ အမျိုးမျိုးပြောဆိုခြင်းသည်
လပနခေါ်သည့် ယုတ်မာသော သဘောမည်၏။

ယုတ်မာသောသဘောအပါအ၀င် နေမိတ္တိကတာ ဟူသည်မှာ
မလှူပဲ မနေနိုင်အောင် နိမိတ်အချက်ပြခြင်း ပြုခြင်းတည်း။
နိမိတ်အချက်ပြပုံမှာ…
ခဲဖွယ်ဘောဇဉ်ကို ယူ၍သွားသူကို မြင်လျှင် “ခဲဖွယ်ဘောဇဉ်ကို ရခဲ့ပြီလား၊
အဘယ်မှ ရခဲ့သနည်း၊ အဘယ်သို့ရအောင် ပြုရပါသနည်း” စသည်ဖြင့်
မိမိလည်း အလိုရှိသည့် အရိပ်နိမိတ်ကို ပြခြင်း၊
နွားကျောင်းသားများကို တွေ့မြင်သောအခါ နွားကလေးများကို ညွှန်ပြလျက်
“ဤနွားငယ်များသည် နို့ရည်ကို သောက်စို့၍ ကြီးပွါးရသလော၊
ရေကိုသာ သောက်၍ ကြီးပွါးရသလော” ဟုမေး၍
နွားကျောင်းသားများက
“နို့ရည်ကို သောက်၍ ကြီးပွါးရသော နွားလေးများ ဖြစ်ပါသည်ဘုရား” ဟုလျှောက်ထားလေလျှင်
“ဟုတ်မည် မထင်ပါ၊ နွားကလေးများ နွားနို့သောက်ရလျှင်
ရဟန်းများလည်း နွားနို့ကို ရကြကုန်ရာ၏ (ရကြမှာပေါ့)”
ဤသို့စသည်ဖြင့် နွားကျောင်းသားကလေးများက မိဖတို့ကို တဆင့်ပြောကြားသိစေ၍
နွားနို့လှူအောင် အရိပ်အရောင်ပြောဆိုခြင်း၊
ထို့ထက်နီးကပ်၍ ပြောဆိုခြင်း များသည် လပနခေါ်သည့် ယုတ်မာသောသဘောဖြစ်၏။

မဟာဗုဒ္ဓ၀င်၊ ပထမတွဲ

Friday, March 23, 2012

ဖတ်စရာ မှတ်စရာ (၈)

ဤနိဗ္ဗာန်ဟူသောပရမတ္တတရားမှာ 
စိုးရိမ်ပူပန်ခြင်း၊ ဆင်းရဲခြင်း အလုံးစုံတို့ ကင်းရှင်း အေးငြိမ်းသော သဘောကြီးဖြစ်၏။
ဤကဲ့သို့အေးငြိမ်းခြင်းကို ထက်မြက်သောပညာဖြင့်
ဆင်ခြင်နိုင်မှ ထင်ရှားသိမြင်နိုင်မည်ဖြစ်၏။
သညာဖြင့်ကြည့်လျှင် ပျောက်ကွယ်သွားမည်သာ ဖြစ်၏။

ယခုကာလ အချို့သောသူတို့က
“နိဗ္ဗာန်ဟူသည် ထီးနန်းဘုံဗိမာန်ကြီးနှင့်လော၊ 
နိဗ္ဗာန်ဝင်စံသောပုဂ္ဂိုလ်များသည် မည်သည့်အခြေအနေတွင် စံနေရပါသနည်း” စသည်ဖြင့် မေးတတ်၏။
ဤသို့မေးမြန်းခြင်းသည်
ပရမတ္ထစင်စစ်ဖြစ်၍ ပညာ၏အရာသာဖြစ်သောနိဗ္ဗာန်ကို
သညာဖြင့်သာ မေးမြန်းခြင်းဖြစ်သည်ဟူ၍ မှတ်ယူအပ်၏။

အမှန်အားဖြင့်ကား
နိဗ္ဗာန်မှာ ထီးနန်းဘုံဗိမာန်ကြီးဟူ၍လည်း မရှိ။
ဝင်စံတည်နေသည့် ပုဂ္ဂိုလ်ဟူ၍လည်း မရှိဟု မှတ်အပ်၏။

(သန္တိနိဗ္ဗာန်ကို အရဟတ္တမ့်ဖိုလ်ပေါက် အာရုံပြု မျက်မှောက်ပြုရသော ပုဂ္ဂိုလ်တို့မှာ
ထိုဘ၀နောက်ဆုံးဖြစ်သော ပရိနိဗ္ဗာနစုတိ၏ နောက်ကာလ၀ယ်
တစုံတခုသော ဘ၀မှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာအသစ်မဖြစ်တော့ပဲ
မီးတောက်ကြီး ငြိမ်းသည့်ပမာ ငြိမ်းအေးရပ်စဲသွားသည်ကို
ပရိနိဗ္ဗာန်စံသည်ဟု ခေါ်ဆိုခြင်းဖြစ်သည်၊
ပုဂ္ဂိုလ်အကောင်အထည်ကြီးဖြင့် နိဗ္ဗာန်၌ တည်နေသည် မဟုတ်ချေ။)

….ပုထုဇန်ဖြစ်သူတို့မှာ နိဗ္ဗာန်၏သဘောကို အရိယာတို့ကဲ့သို့ အပြည့်အစုံ မသိနိုင်ကုန်။
မသိပါပဲလျက် အရိယာတို့၏ အသိဥာဏ်မျိုးကဲ့သို့ အသိဥာဏ်ပေါက်အောင်
ပြောဆိုရေးသားပါလျှင် မှားယွင်းနိုင်ခွင့် ရှိပေသည်။
နိဗ္ဗာန်ကို မဆိုထားဘိ၊ စာထဲမှာသာ တွေ့ရှိဘူး၍
ကိုယ်တိုင် မမြင်ဘူး မတွေ့ဘူးသော လောကီဝတ္ထုတစ်ခုခုကိုပင်
ကိုယ်တိုင်တွေ့ဘူး မြင်ဘူးသည့်အနေ ပြောဆိုမိချေက မှားယွင်းတတ်ပေသည်။
ပုထုဇန်ဖြစ်သော သူငါတို့သည် နိဗ္ဗာန်နှင့်စပ်၍
အရိယာအရှင်မြတ်တို့ကဲ့သို့ အကုန်အစဉ် မသိမြင်နိုင်သည့်အတွက်
ရှေးဆိုခဲ့ပြီးသည့်အတိုင်းသာ မမှားအောင် ဖြေဆိုရာ၏။

ဗုဒ္ဓ၀င်၊ ပထမတွဲ

Thursday, March 22, 2012

လိုက်ဖက်

ရှင်အရဟံကြောင့် အနော်ရထာမင်းဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာတယ်။
ယုံကြည်ပြီးနောက် ပုဂံပြည်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့
အရေးအကြီးဆုံးအရာတွေကို ထားရှိပူဇော်လိုတယ်။
ဒီအတွက် အနော်ရထာမင်း ရှင်အရဟံအထံတော်မှ အကြံတောင်းတယ်။

ရှင်အရဟံက 
ဘုရား တရား သံဃာရတနာသုံးပါးနဲ့ ပတ်သက်တဲ့
ဘုရားရတနာအတွက် ဘုရားရှင်ရဲ့ ဓာတ်တော်
တရားရတနာအတွက် ပိဋကတ်သုံးပုံ
သံဃာရတနာအတွက် ရဟန်းသံဃာတော်တွေကို 
ပင့်ဖိတ် ထားရှိပူဇော်သင့်ကြောင်းမိန့်ပါတယ်။

ဒီမိန့်ကြားချက်အရ
အနော်ရထားမင်းကြီး ဘုရားရှင်ရဲ့ ဓာတ်တော်ရဘို့
သူ့ရဲ့သံတမန်တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊
ကမ္ဗောဒီးယားနိုင်တို့အထိ စေလွှတ်ပါတယ်။
ဒါပေမဲ့ မရခဲ့ပါဘူး။

တရားရတနာအတွက် ပိဋကတ်သုံးပုံရဘို့ ရှင်အရဟံရဲ့ ဇာတိ
မွန်ပြည်နယ် သထုံမြို့ကို သံတမန်တွေစေလွှတ်ပြီး တောင်းခံပါတယ်။

မွန်ပြည်နယ်ကို အုပ်စိုးနေတဲ့ မနူဟာမင်းက 
မောက်မောက်မာမာနဲ့ ပြောဆိုလိုက်လို့
ရရင်ရ၊ မရရင်ချ မူကို စွဲကိုင်ကာ
မရသည့်အဆုံး စစ်တိုက်ပြီး ပိဋကတ်သုံးပုံကို အရယူနိုင်ခဲ့ပါတယ်။
သထုံက မွန်ရဟန်းတော်များကိုလည်း ပင့်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် မွန်ဘုရင် မနူဟာမင်းကိုပါ ဖမ်းဆီးပြီး
ပုဂံနေပြည်တော်ကို ခေါ်ဆောင်ခဲ့ပြီး အကျင်းချထားခဲ့တယ်လို့ ဆိုပါတယ်။

ကိုရင်ဘ၀တုန်းက ပုဂံကိုရောက်တော့ အတူသွားဖော် ပုဂံနယ်သားဦးဇင်းက
ပုဂံ တစ်နေရာမှာရှိတဲ့ အဆောက်အဦအောက်ထပ်လေးကိုပြပြီး
“ဒါ မွန်ဘုရင် မနူဟာမင်းကို အကျဉ်းချတဲ့နေရာပေါ့” 
လို့ ပြောပြတာ မှတ်မိနေတယ်။

အဲ့ဒီအကျဉ်းချတယ်ဆိုတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ 
မနူဟာဘုရားဆိုတာရှိတယ်။
မွန်ဘုရင် မနူဟာမင်း အကျဉ်းကျစဉ် အနော်ရထာမင်းထံ ခွင့်ပန်ပြီး
တည်ထားတဲ့ဘုရားလို့ ဆိုပါတယ်။
ပုဂံ မြင်းကပါ အရပ်မှာပါ။

ဘုရားဂူအတွင်း ရှေ့ဘက်မှာ ထိုင်တော်မူ ဆင်းတုတော်ကြီးသုံးဆူရှိပြီး
အနောက်ဘက်မှာ လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူရှိပါတယ်။
ဆင်းတုတော်ကြီးတွေဟာ တော်တော့ကို ကြီးပါတယ်။
စေတီဂူအတွင်း နေရာအပြည့်နီးပါးပါဘဲ။

ဆင်းတုတော်ကြီးဟာ
မလှုပ်သာ မလှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း 
နေနေရသည့်ပုံပန်းသဏ္ဌာန်ဖြစ်နေပါတယ်။

ခရီးအတူသွား ပုဂံနယ်သားဦးဇင်းပြောပြတာက
မွန်ဘုရင် မနူဟာမင်းဟာ သူအကျဉ်းကျနေစဉ် ဘုရားစေတီတည်ဆောက်ပြီး
သူ့စိတ်ခံစားချက်ကို အနောရထာမင်းသိအောင် ပြသသွားတာလို့ ပြောပြပါတယ်။

ဒီမနူဟာဘုရားအတွင်းက သပိတ်ကြီးကလဲ အတော်ကြီးပါတယ်။
ဆင်းတုတော်နဲ့ လိုက်ဖက်အောင် လုပ်ထားတာ နေမှာပေါ့လေ။

ဒီနေရာမှာ ဖြူးမြို့နားက ကညွတ်ကွင်းဆိုတဲ့မြို့လေးမှာရှိတဲ့
ငါးထပ်ကြီးဘုရားက ဘုရားဆင်းတုတော်ကြီးကို သတိရမိတယ်။
ဒီဆင်းတုတော်ကြီးကလဲ အတော့်ကို ကြီးတာ။

တစ်နေ့ တောရွာက လယ်သမားတစ်ယောက် 
ငါးထပ်ကြီးဘုရားဆင်းတုတော်ကြီးကို လာဖူးသတဲ့။
ဘုရားဖူးရင်း လယ်သမားဆိုတော့ လယ်အလုပ်ပဲ စိတ်ရောက်နေတာပေါ့။
ပထမဦးဆုံး ဘုရားဆင်းတုတော်ကြီးရဲ့ လက်တော်ကြီးကို 
လယ်သမား ဖူးတွေ့ရတယ်။ မြင်တွေ့ရတယ်ပေါ့။

ဒီတော့ လယ်သမားက 
“အားပါးပါး၊ လက်ကြီးက အကြီးကြီးပါလား၊ ဒီလောက်ကြီးတဲ့လက်ရှိတဲ့သူကို ငှားပြီး
ငါ့လယ်ထဲက စပါးတွေ ရိပ်လိုက်လို့ကတော့ ခဏလေးနဲ့ ပြီးသွားမှာ” 
လို့ စဉ်းစားတယ်တဲ့။

အဲ့လိုစဉ်းစားရင်း ဆင်းတုတော်ကြီးရဲ့ လက်ကနေ တဖြေးဖြေးနဲ့ အပေါ်မော့ဖူးလိုက်တော့
ဆင်းတုတော် ပါးစပ်ကြီးကို တွေ့လိုက်ရသတဲ့။ 
ပါးစပ်ကလဲ ခန္ဓာကို အချိုးအစားနဲ့ညီအောင် အကြီးကြီး လုပ်ထားရတာပေါ့။

ဒီတော့ လယ်သမားက
“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီလောက်ကြီးတဲ့ပါးစပ်နဲ့ဆို 
ငါ့လယ်ထဲက ထွက်တဲ့စပါး သူစားလို့ ကုန်လိမ့်မယ်” 
လို့ ပြန်စဉ်းစားမိပြန်သတဲ့။

လူများ တယ်ခက်ပါလားနော်၊ 

ဘုရားဆင်းတုတော်ဖူးနေတဲ့အချိန်တောင် 
ကိုယ့်အလုပ် ကိုယ့်စီးပွါးရေးကို အလွန်အမင်းသတိရနေကြတယ်။

Wednesday, March 21, 2012

ဖတ်စရာ မှတ်စရာ (၇)

တစ်ခါတစ်ရံ ကွန်တော် သတ္တ၀ါတွေရဲ့ လောကထဲက လူတွေရဲ့ လောကကို
သြော် ဘုရားသခင်က ဖန်ဆင်းထားတဲ့ သတ္တ၀ါတွေပါကလားဆိုတဲ့
အမြင်မျိုးနဲ့ ကြည့်ဖို့ ကြိုးစားပါတယ်။

ဒီအခါ ဘာတွေ တွေ့ရလဲဆိုတော့
လူတွေထဲမှာ တချို့က လှပတယ်၊ တချို့က အရုပ်ဆိုးတယ်၊
တချို့က ဆင်းရဲပင်ပန်းကြတယ်၊ တချို့ကတော့ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြတယ်၊
တချို့ကြတော့ ကျန်းမာကြတယ်၊ တချို့ကျတော့ ရောဂါထူနေကြတယ်၊
တချို့က ပညာဥာဏ်ကြီးမားတယ်၊ တချို့က ဥာဏ်ပညာ ကင်းမဲ့တယ်။
တချို့က မွန်မြတ်တယ်၊ တချို့က ယုတ်ညံ့တယ်။
တချို့က ကျော်ဇောကိတ္တိရှိတယ်၊ တချို့က နုံချာတယ်၊
ဒါတွေက မမြင်ချင် အဆုံး မြင်နေရတယ်၊ 

ဒီအခါ ကျွန်တော် စဉ်းစားပါတယ်၊
လူတွေဟာ ဘုရားသခင်က ဖန်ဆင်းခြင်းတူပါလျက် 
ဘာကြောင့်များ ဆူကြုံနိမ့်မြင့် ဖြစ်နေရပါလိမ့်နော် လို့။
ကျွန်တော် ဥာဏ်မမှီလို့များလားမသိပါဘူး…။

ဒီပြဿနာအတွက် ကျွန်တော် အဖြေရှာလို့ မရခဲ့ဘူး။
ဘုရားသခင်ကတော့ လူသားတိုင်းအပေါ်မှာ တူသောကရုဏာတရား ထားမှာပါပဲ။
အပြစ်ဒုစရိုက်အကုသိုလ်ဆိုလို့ ဘာမှ မလုပ်ဖူးသေးတဲ့ မွေးစကလေးတွေတောင် မတူကြဘူး။
တချို့ ခြေလက်အင်္ဂါ မစုံကြဘူး။
တချို့ ဆွံ့အ နားမကြား ဖြစ်လာကြတယ်။
တချို့ မျက်စိ ကန်းလာကြတယ်။
တချို့ ရောဂါတွေ ပါလာကြတယ်။
ဒါဟာ ဘာ့ကြောင့်လဲ၊ မိဘကြောင့်ပဲလား။
ဒါမှ မဟုတ် တခြားပယောဂတွေကြောင့်လား၊

ကျမ်းဂန်မှာတော့ အားလုံး ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ ဆိုတာလည်း ဖတ်ရပါတယ်။
ဒါဆိုတော့လည်း ဘုရားသခင်အပေါ်မှာ အထင်လွဲမှားစရာတွေ ဖြစ်လာနိုင်ပါတယ်။
ကျွန်တော်စဉ်းစားခဲ့တာ ကြာပါပြီ။ အဖြေတော့ မရသေးပါဘူး….။

ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်းစာအုပ် 
(စတုတ္ထအကြိမ်ရိုက်) စာမျက်နှာ-၅၁ မှ ကူးယူဖော်ပြပါသည်။

Tuesday, March 20, 2012

ဖတ်စရာ မှတ်စရာ (၆)

အားရှစ်မျိုး
၁။ ငိုကြွေးခြင်းသည် ကလေးသူငယ်တို့၏ ကိုးစားရာ အားတည်း။
၂။ အမျက်ထွက်ခြင်းသည် မိန်းမတို့၏ ကိုးစားရာ အားတည်း။
၃။ လက်နက်အမျိုးမျိုးသည် ခိုးသူ ဒါးပြတို့၏ ကိုးစားရာ အားတည်း။
၎။ ကျယ်ဝန်းစွာသောနိုင်ငံနယ်ပယ်ကို အစိုးရခြင်းသည် ပြည့်ရှင်းမင်းတို့၏ ကိုးစားရာ အားတည်း။
၅။ သူတပါးတို့ကို ကြံကြံဖန်ဖန် ကဲ့ရဲ့ ခြင်းသည် လူမိုက်တို့၏ ကိုးစားရာ အားတည်း။
၆။ သေချာစွာ စူးစိုက်ဆင်ခြင်ခြင်းသည် ပညာရှိတို့၏ ကိုးစားရာ အားတည်း။
၇။ အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းသည် အကြားအမြင်များသောသူတို့၏ ကိုးစားရာ အားတည်း။
၈။ သူတပါးတို့၏ လွန်ကျူးလာသည့် အပြစ်ကို အမျက်မထွက် သည်းခံခြင်းသည်
ရဟန်း၊ ပုဏ္ဏားတို့၏ ကိုးစားရာ အားတည်း။

အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌက၊ ဂဟပတိဝဂ်၊ ပထမဗာလသုတ်

Monday, March 19, 2012

ပန်းဦး

အနော်ရထာမင်းလဲ ရှင်အရဟံကို မြင်တော့ 
ဒါမျိုးကိုယ်တော် အရင်တစ်ခါမှ မမြင်ဘူးတော့
အတော်ထူးဆန်းနေတာပေါ့။

ရှင်အရဟံကလည်း 
သွားတဲ့နေရာ၊ လာတဲ့နေရာ၊ ပြောတဲ့နေရာ ဆိုတဲ့နေရာတွေမှာ 
အတော်လေးကို ဣနြေ္ဒရရ သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ်ရှိပုံပေါက်ပါတယ်။

အနော်ရထာမင်းက သူကိုးကွယ်နေတဲ့ အရည်းကြီးရဟန်းတွေနဲ့
ရှင်အရဟံကို ချိန်ထိုးကြည့်ပုံပေါက်တယ်။

အရည်းကြီးရဟန်းတွေကို အဲ့ခေတ်က ရှင်မထီးလို့ခေါ်ပါတယ်။

စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားတဲ့ ရှင်မထီးရဲ့ပုံပန်းသဏ္ဌာန်က
“ရှေးအတီတွေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊
မုဆိတ်မွေး ဗလပြစ်၊ မဲညစ်သည့် စီဝရံနှင့်၊
တာတေလံ အကျင့်ဆိုးသော၊
ရှင့်သိုးတကာ့ခေါင်ထီး၊ ရှင်မထီး” တဲ့။

ရှင်မထီးဆိုသူ အရည်းကြီးတွေက
ဆံပင်ကို လက်လေးသစ်လောက်ရှည်အောင်ထားလေ့ရှိတယ်တဲ့။
မုဆိတ်မွေးက ဗလပြစ်နဲ့။
စီဝရံဆိုတာက ပါဠိစကား၊ မြန်မာလို သင်္ကန်း။
ဒါ့ကြောင့်သူတို့ဝတ်ဆင်တဲ့သင်္ကန်းက မဲညစ်ညစ်အရောင်ရှိတဲ့သင်္ကန်း။

အခုခေတ်တောင် တချို့ဆရာတော်တွေ ဒီလိုသင်္ကန်းဝတ်တာတွေ့ဘူးတယ်။

ဆံရှည်ထားတာ၊ မုတ်ဆိတ်မွေးဗလပြစ်ရှိတာ၊ 
ညစ်ထေးထေးသင်္ကန်းဝတ်တာဟာ ပြဿနာတော့ မဟုတ်ပါဘူး။
ပြဿနာက တာတေလံ အကျင့်ဆိုးသော ဆိုတာပဲ။
အကျင့်ဆိုးတာက တာတေကိုလံနေတာပဲ။
အကျင့်ဆိုးတာက ပတ်ဝန်းကျင် သူတို့ကို ကိုးကွယ်နေတဲ့သူတွေကိုပါ
ထိခိုက်နေတော့ ပြဿနာပေါ့။

ရှင်မထီး အရည်းကြီးတွေရဲ့ တာတေလံအကျင့်ဆိုးတာနဲ့ပတ်သက်ပြီး
လေ့လာသိရှိရတာက
အနော်ရထာမင်းလက်ထက် ပုဂံပြည် ရှင်မထီးအရည်းကြီးတွေကို
ပန်းဦးဆက်သရတဲ့အလေ့ရှိတယ်တဲ့။

ပန်းဦးဆက်သရတယ် ဆိုတာက
အရွယ်ရောက်လို့ အိမ်ထောင်ပြုတော့မယ်ဆိုရင်
မင်္ဂလာလက်ထပ်ပွဲ ကျင်းပကြရတယ်။
ဒီလို မင်္ဂလာပွဲလက်ထပ်ကျင်းပပြီးတဲ့အချိန် 
သတိုးသားက သတိုးသမီးကို ရှင်မထီး အရည်းကြီးရဟန်းတော်ကြီးတွေကို
ဆက်ကပ် လှူဒါန်းရတယ်တဲ့။
သတိုးသားနဲ့ သတိုးသမီးအတူမအိပ်ခင် သတိုးသားက သတိုးသမီးကို
အရည်းကြီးရဟန်းတော်တွေကို ဦးဦးဖျားဖျားလှူဒါန်းတာကို
ပန်းဦးဆက်သတယ်လို့ ခေါ်တယ်။

ဆိုလိုတာက သတိုးသမီးနဲ့ အရည်းကြီး တစ်ညအိပ်စေတယ်ပေါ့။

အနော်ရထာမင်းရဲ့ ပုဂံပြည်မှာ ဒီလို တာတေလံအကျင့်ဆိုးကြီး အမြစ်တွယ် တည်ရှိနေခဲ့ပါတယ်။
အဲ့ဒီခေတ် အဲဒီအခါက ဒီလိုလုပ်ရင် ကုသိုလ်ရတယ်လို့ စွဲစွဲမြဲမြဲယုံကြည်နေတဲ့အတွက်
ဒီလိုလုပ်ငန်းတွေကို အချိန်တန်ရင် ပျော်ပျော်ရွှင်ရွှင်ပဲ ပြုလုပ်လေ့ရှိခဲ့ပါတယ်။
သူတို့ကို သူတို့တော့ ဒါမျိုးကို စိတ်သန့်သန့်နဲ့ ပြုလုပ်လေ့ရှိပြီး
တာတေလံ အကျင့်ဆိုးလို့ ဘယ်ယူဆပါ့မလဲ။

ဆံပင်က လက်လေးသစ်လောက်ရှည်ပြီး မုဆိတ်မွေးဗလပြစ်နဲ့
မဲမဲညစ်ညစ်သင်္ကန်းတွေဝတ်ဆင်ထားတဲ့ တာတေလံအကျင့်ဆိုးကြီးကို 
လက်ခံကျင့်သုံးနေတဲ့ ရှင်မထီးအရည်းကြီးတွေ 
ခေတ်ကောင်းနေချိန် စည်ပင်ပြန့်ပွါးနေချိန်၊
ဦးခေါင်းပြောင်ပြောင် သင်္ကန်းကို သပ်သပ်ယပ်ယပ်ဝတ်ဆင်ထားတဲ့
မွန်ပြည်နယ်က ရှင်အရဟံ ပုဂံပြည် အနော်ရထာမင်းရဲ့ နန်းတော်ထဲ
မုဆိုးကောင်းမှုနဲ့ ရောက်လို့သွားပါတယ်။

အနော်ရထာမင်းကြီးက 
ဘာလဲ၊ ဘယ်သူလဲလို့မေးတော့
ရှင်အရဟံလို့ခေါ်ကြောင်း၊ 
ဗုဒ္ဓဘုရားရှင်ရဲ့ တပည့်သားသာဝက ရဟန်းတော်တစ်ပါးဖြစ်ပါကြောင်း 
ပြောတော့
အနော်ရထာမင်းကြီးက 
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို ဟောကြားပေးဘို့ လျှောက်တယ်။

ရှင်အရဟံက 
အပ္ပမာဒေါ အမတံ ပဒံ စတဲ့ ဓမ္မပဒပါဠိတော်ထဲမှာပါတဲ့ 
ဂါထာတစ်ပုဒ်ကို အခြေခံပြီးဟောလိုက်တာ
အနော်ရထာမင်းကြီး ချက်ချင်းပဲ ရှင်အရဟံကို သဘောကျသွားတယ်။

ရှင်အရဟံဟောကြားလိုက်တဲ့ ဗုဒ္ဓဘုရားရှင်တရားတော်ကို 
သက်ဝင်ယုံကြည်သွားတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းသူ့ကိုယ်သူ ကြေငြာပြီး
ရှင်မထီး အရည်းကြီးတွေကို လူဝတ်လဲစေတယ်။
ရှင်မထီးအရည်းကြီးတွေရဲ့ တာတေလံအကျင့်ဆိုးတွေကို ပပျောက်အောင်
ရှင်အရဟံနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်။
ဒါ့ကြောင့် ဒီနေ့ ဒီလို ပန်းဦးဆက်တဲ့အလေ့အကျင့်တွေမရှိတော့ဘူး။

ဒီနေရာမှာ ပြောချင်တာက
တကယ်လို့သာ ရှင်အရဟံမထေရ်
ပုဂံပြည်သွားပြီး သာသနာမပြုခဲ့ရဘူးဆိုရင်
ဒီနေ့ ဒီအချိန်အခါ ပန်းဦးဆက်တဲ့အလေ့အကျင့် မရှိနိုင်တော့ဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူး။
ဒါပေမဲ့ ရှင်အရဟံ ဗုဒ္ဓဘာသာရဟန်းတော် ကျေးဇူးကြောင့်
ဒီအကျင့်ဆိုးကြီး ကွယ်ပျောက်သွားခဲ့ပါပြီ။

ဒီတစ်ချက်နဲ့တင်
ဒို့နိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေအနေနဲ့
ရတနာသုံးပါးထဲက သံဃရတနာကို အလွန်အမင်း ကျေးဇူးတင်ထိုက်ပါတယ်။
သံဃံ သရဏံ ဂစ္ဆာမိ လို့ခေါ်တဲ့ သံဃရတနာကို လှိုက်လှိုက်လှဲလှဲ ကိုးကွယ်သင့်ပါတယ်။

ဟုတ်တယ်လေ။ စဉ်းစားကြည့်ပါအုံး။
ရှင်အရဟံသာ ကံအားလျှော်စွာ ပုဂံမြေကို ခြေချခွင့်မရခဲ့ရင်
ကိုယ့်သတိုးသမီးကို ကိုယ့်ဇနီးသစ်လေးကို
ဆံကေသာ လက်လေးသစ်
မုဆိတ်မွေး ဗလပြစ်
မဲညစ်တဲ့သင်္ကန်းကြီးဝတ်ထားပြီး
တာတေလံ အကျင့်ဆိုးတဲ့ ရှင်မထီးအရည်းကြီးကို
ဒီနေ့ခေတ်တိုင်အောင် ဦးဦးဖျားဖျား လှူဒါန်းနေရအုံးမှာ။

Sunday, March 18, 2012

ဖတ်စရာ မှတ်စရာ (၅)

(ခန္တီ - သည်းခံခြင်းဆိုရာဝယ်) 
ကောင်းသောအရာနှင့်တွေ့လျှင်လည်း စိတ်မတက်၊
မကောင်းသောအရာနှင့်တွေ့လျှင်လည်း စိတ်မျက်ပဲ
သည်းခံနိုင်ရမည်ဟူ၍ အဓိပ္ပါယ်ရရှိသည်။

ဆိုလိုရင်းမှာ
ကောင်းသောလောကဓံနှင့်တွေ့၍ လောဘဖြစ်လျှင်၎င်း၊
မကောင်းသောလောကဓံနှင့်တွေ့၍ ဒေါသဖြစ်လျှင်၎င်း၊
ထိုကောင်း မကောင်းသောအာရုံကို သည်းခံနိုင်သည် မမည်ချေ။

ကောင်းသောလောကဓံနှင့်တွေ့၍ လောဘမဖြစ်မှ၎င်း၊
မကောင်းသောလောကဓံနှင့်တွေ့၍ ဒေါသမဖြစ်မှ၎င်း သည်းခံခြင်းမည်သည်ဟူ၍
ဆိုလိုရင်းအဓိပ္ပါယ်ထွက်ရှိသည်။

(သည်းခံခြင်းဆိုရာဝယ်)
သူတပါးတို့က အမြတ်တနိုးပြုလာခြင်းကိုလည်း သည်းခံရမည်၊
မထီမဲ့မြင်ပြုလာသည်ကိုလည်း သည်းခံရမည်ဟု အဓိပ္ပါယ်ယူရမည်ကဲ့သို့ ရှိနေသော်လည်း
မထီမဲ့မြင်မှု စော်ကားမှုပြုလာသည်ကိုသာ လူတို့သည် မခံချင်ကြ၊ ဒေါသထွက်တတ်ကြသည်။
မြတ်နိုးမှု အရိုအသေပြုလာသည်ကိုကား မည်သူမျှ မခံချင်ဟူ၍ မရှိ၊ 
မည်သူမျှ ဒေါသမထွက်ကြ၊၊
အများမခံချင် ဒေါသထွက်မည့်အရာကို ဒေါသမထွက်ပဲ ခံနိုင်မှသာလျှင်
သည်းခံသည်ဟု ဆိုထိုက်သည်။

လယ်တီဆရာတော်ကြီးကမူ မင်္ဂလသုတ်နိဿယ၌
“ခန္တီ စ၊ သုခနှင့်တွေ့သော်လည်း စိတ်မတက်၊ ဒုက္ခနှင့်တွေ့သော်လည်း စိတ်မပျက်
အမျက်မထန် သည်းခံခြင်း၎င်း” ဟူ၍ အနက်ပြန်ဆိုတော်မူသည်။
သမ္မာနာဝမာနက္ခမော ဟူသောပါဠိတော်နှင့် ညီလှပေ၏။

ဗုဒ္ဓ၀င်၊ ပထမတွဲ

Saturday, March 17, 2012

ဖတ်စရာ မှတ်စရာ (၄)

(ခရစ်ယာန်ဘာသာအယူအဆတွေနဲ့ အစ္စလာမ်ဘာသာ) 
အယူအဆတွေတူတယ်ဆိုတာထက် သမိုင်းအခြေခံတူတယ်လို့ဆိုရင် 
ပိုပြီး မှန်မလားပဲ။ အမှန်တော့ ဒါဟာ သဘာဝကျပါတယ်။ 
ဘာဖြစ်လို့လဲဆိုတော့ ဘာသာအယူဝါဒနှစ်ခုစလုံးက သဲကန္တာရမှာ
မွေးဖွားထွန်းကားခဲ့တဲ့ ဘာသာတရားတွေကလည်းဖြစ်ပြန်၊
ပြီးတော့ အာရပ်၊ အစ္စရေး ပတ်ဝန်းကျင်ဒေသမှာ ပေါ်ပေါက်ခဲတာလည်းဖြစ်ပြန်ဆိုတော့
ဒါ မဆန်းပါဘူး။ ………

အဓိကကျတဲ့ အချက်က စပြီး တစ်ချက်ချင်းပြောရရင်တော့
ပထမဆုံးပြောရမှာက
လောကကို ဖန်ဆင်းတော်မူတဲ့ ထာဝရဘုရားသခင်ကို
အစ္စလာမ်မှာ အလ္လာဟ်လို့ခေါ်ပါတယ်။ ခရစ်ယာန်မှာ ယေဟောဝါ လို့ခေါ်တယ်။
ကျမ်းဂန်မှာလာတဲ့ ထာဝရဘုရားသခင်ရဲ့ ဂုဏ်တော်တွေကို ပြဆိုချက်တွေ
 အားလုံးဟာ တစ်ထပ်တည်း တူကြပါတယ်။

ဘုန်းတော် အနန္တ၊ ကံတော် အနန္တ၊ ဥာဏ်တော် အနန္တ၊
 အကြွင်းမရှိ အဆုံးမရှိ ပကတိအားဖြင့်
အမှီအခို မရှိ၊ သူ့အပြင် ဖန်ဆင်းသူ မရှိ၊ 
သူသာလျှင် အရာခမ်းသိမ်းတို့၏ အကြောင်းတရားပြုပြင် ဖန်တီးသူ၊
သူ့ကို ဘယ်သူကမှ မဖန်တီးနိုင်ဘူး၊
မေတ္တာတော်ရှင် ကရုဏာတော်ရှင်စတဲ့ ဂုဏ်ပုဒ်တွေအားလုံးဟာ
အလ္လာဟ်နှင့် ယေဟောဝါ ထပ်တူထပ်မျှပါပဲ။

ပြီးတော့ ဖန်ဆင်းခြင်းဆိုတဲ့သဘောမှာ တူပါတယ်။
လူ့သမိုင်းဟာ ပထမဖန်ဆင်းတော်မူခဲ့တဲ့ လူသားတို့ရဲ့ 
ဖခင်ကြီး အာဒမ်နှင့် ဟောင်ဝါ (ဧ၀) က စခဲ့တယ်ဆိုတာတွေ၊
ပြီးတော့ အာဒမ်နှင့် ဟောင်ဝါကို 
ဂျန္နတ် အမတသုခဘုံ (အေဒင်ဥယျာဉ်တော်) ကြီးထဲမှာ ထားခဲ့ပုံ၊ 
မသေသော အသက်ကို ပေးခဲ့ပုံ၊ 
အာဒမ်ကို မြေကြီးနှင့်ဖန်ဆင်းပြီး ဧ၀ (ဟောင်ဝါ) ကိုတော့ 
အာဒမ်ရဲ့ ကိုယ်ပွါးအဖြစ် ဖန်ဆင်းတော်မူခဲ့ပုံ၊ 
သူတို့နှစ်ဦးကို အမတသုခံဘုံမှာ လိုတာ အကုန်ရအောင် ပေးထားပုံ၊ 
သို့သော် တစ်ခုသောအပင်၏ အသီးကို မစားရဘူးလို့ တားဆီးထားပုံ၊
(အကုန်တူပါတယ်)

ဒီအကြောင်းတွေကို ကုရ်အာန်ကျမ်းတော်ထဲက
စူရာဘာကရာ အပိုဒ် (၂း၃၅၊ ၂း၃၆၊ ၂း၃၇၊ ၂း၃၈) တွေမှာ အတိအလင်းရေးထားပါတယ်။
အာဒမ် ဧ၀ နှင့်ပတ်သက်သမျှ အားလုံးတူပါတယ်..၊

သစ်သီးကို မစားရဘူးလို့ ဘုရားသခင်က တားထားတာကို စေတန်ပေါ့လေ၊
ကုရ်အာန်မှာတော့ အာရဗီအသံထက်က ရှိုက်တန်လို့ ထွက်ပါတယ်။
သူက မြွေယောင်ဖန်ဆင်းပြီး သစ်သီးကို စားဖို့ တိုက်တွန်းတယ်၊
အာဒမ်နှင့် ဧ၀ က မာရ်နတ်စေတန်ရဲ့ စကားကို အမှန်ထင်ပြီး စားမိတယ်၊
ဘုရားသခင်က အာဒမ်နှင့် ဧ၀ကို အပြစ်ပေးပြီး 
အမတသုခဘုံဖြစ်တဲ့ ဧဒင်ဥယျာဉ်ကြီးထဲက နှင်ထုတ်တယ်၊
ပြီးတော့ သေဒဏ်ကိုလည်း ချမှတ်ခဲ့တယ်။

.. နောက်ပိုင်း နောဧတို့၊ အာဗြာဟံတို့ အကြောင်းအရာတွေလည်း တူပါတယ်။
စူရာဘာကရာ အပိုဒ် ၂း၉၇ မှာ ရေးက ပို့ချပြီး ကျမ်းဂန်များမှာ ပါတာတွေကို 
အဟုတ်အမှန်တွေချည်းပဲလို့ ကုရ်အာန်က ထောက်ခံကြောင်း ဖော်ပြထားပါတယ်။

ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်း စာ ၄၈၊ ၄၉

Friday, March 16, 2012

Sexy ၀တ်စုံ

အသောကမင်းကြီးရဲ့ ကျေးဇူးနဲ့ ဘီစီ ၂၃၅ ခန့်မှာ 
ဗုဒ္ဓဘာသာမြန်မာနိုင်ငံကို မွန်ပြည်နယ် သထုံတ၀ိုက်ရောက်လာတယ်ပဲ ဆိုပါစို့။
အဲ့ဒီအချိန်ကစပြီး သထုံတ၀ိုက် ဗုဒ္ဓဘာသာ အတော်စည်ပင်ပြန့်ပွါးခဲ့ပုံပေါ်ပါတယ်။

ဒါ့ကြောင့် သထုံဒေသမှာရှိတဲ့ မွန်လူမျိုးတွေဟာ
မြန်မာနိုင်ငံအလည်ပိုင်းနဲ့ အထက်ပိုင်းမှာရှိတဲ့လူမျိုးတွေထက်စောပြီး
ဗုဒ္ဓဘာသာအရသာနဲ့ ဗုဒ္ဓဘာသာကျင့်စဉ်တွေကို
သုံးဆောင်ခံစားကျင့်သုံးခွင့်ရခဲ့တယ်လို့ မှတ်ယူနိုင်တယ်။

ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ စာပေများကို
သထုံတ၀ိုက်မှာရှိတဲ့ မွန်လူမျိုးတွေက အရင်ကျင့်သုံးခွင့်ရတဲ့အတွက်
ဗုဒ္ဓဘာသာယဉ်ကျေးမှုအဆင့်အတန်း၊ စာပေမြင့်မားမှုမှာ 
သူတို့က ရှေးပိုကျတယ်လို့ ဆိုနိုင်ပါတယ်။

လူနဲ့သူနဲ့တူအောင်နေနိုင်တာ သူတို့က ပိုစောတယ်လို့ဆိုရမယ်။

ဒါ့ကြောင့် အညာသားရှင်ဘုရင် အနော်ရထာတို့ မွန်ဘုရင် မနူဟာမင်းဆီသွားပြီး
ပိဋကတ်သုံးပုံတောင်းတော့ 
“မင်းတို့လိုအရိုင်းအစိုင်းတွေနဲ့ ပိဋကတ်နဲ့လားလားမှ မထိုက်” လို့ 
ပြောလွှတ်လိုက်တာဖြစ်မယ်။
ထား။

ဒီနေရာမှာ ပြောချင်တာက 
သထုံတ၀ိုက်မှာ အသောကမင်းလက်ထက်ကစပြီး
ဗုဒ္ဓဘာသာစတင်ရောက်ရှိထွန်းကားလာတယ်လို့ ပြောလိုရင်းဖြစ်တယ်။

နောက်ပိုင်းနှစ်အတန်အကြာ အေဒီ ၁၁ ရာစုမှာ
မွန်ပြည်နယ်မှာ မနူဟာဆိုသူ ရှင်ဘုရင်လုပ်အုပ်ချုပ်နေတယ်။
သူနဲ့ခေတ်ပြိုင်၊ ဗုဒ္ဓဘာသာ ဘုန်းကြီးဘက်က ရှင်အရဟံဆိုတဲ့ဘုန်းကြီးရှိတယ်။

အညာ ပုဂံဒေသမှာက
သူနဲ့ခေတ်ပြိုင် အနော်ရထာ ရှင်ဘုရင်လုပ် အုပ်ချုပ်နေတယ်။
အဲ့အချိန် ပုဂံဒေသမှာ အနော်ရထာမင်းတို့တတွေက အရည်းကြီးတွေ ကိုးကွယ်ကြတယ်။

ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့မွန်ပြည်နဲ့ အရည်းကြီးကိုးကွယ်နေတဲ့ ပုဂံပြည်
ဘာသာယဉ်ကျေးမှု အတော်ကွာဟမှုရှိပါတယ်။

သထုံတ၀ိုက် ဗုဒ္ဓဘာသာယဉ်ကျေးမှုမြင့်မားနေချိန် 
ကမ္ဗောဒီးယားမှာ ခမာဘုရင်တွေ အုပ်စိုးတယ်။

ဒီခမာဘုရင်တွေက ဟိန္ဒူဘာသာဝင်တွေ။
ဒါ့ကြောင့် ကမ္ဗောဒီးယားနိုင်ငံမှာ ထင်ရှားတဲ့ အန်ကောဝပ်ကျောင်းတော်ကြီးကို ကြည့်လိုက်ရင်
ဟိန္ဒူယဉ်ကျေးမှု ဘယ်လောက်လွှမ်းမိုးသွားတယ်ဆိုတာ ခန့်မှန်းသိရှိနိုင်တယ်။
အဲ့ဒီ ဟိန္ဒူခမာဘုရင်တွေ နယ်ချဲ့လာတာ ထိုင်းကိုရောက်လာတယ်။
ထိုင်းနိုင်ငံမှတဆင့် နယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ်ဘက်ကို ရောက်လာတယ်။

ဟိန္ဒူတွေ ဗုဒ္ဓဘာသာထွန်းကားတဲ့ မွန်ပြည်နယ်ဘက်ရောက်လာတော့
ဗုဒ္ဓဘာသာဘုန်းကြီးတွေ သိပ်အဆင်မပြေဘူးပေါ့။

မနူဟာမင်းလက်ထက် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဖြစ်တဲ့ ရှင်အရဟံလည်းပဲ
ဟိန္ဒူဘာသာဝင်တွေဝင်ရောက်လာတဲ့ မွန်ပြည်နယ်မှာ သိပ်နေလိုဟန်မရှိတော့လို့ ထင်ပါရဲ့။
အထက်ဗမာပြည် ပုဂံကို ကြွပါတယ်။
ပုဂံပြည် တောထဲတစ်နေရာမှာနေနေပြီးတော့ တရားကျင့်နေပါတယ်။

မုဆိုးတစ်ယောက်က သားကောင်လိုက်ရင်းနဲ့ 
တောထဲမှာနေနေတဲ့  မွန်ပြည်နယ်သားရဟန်းတော် ရှင်အရဟံကို တွေ့သွားတယ်။
ခေါင်းပြောင်ပြောင် ပခုံးတစ်ဖက်ဖေါ်ထားတဲ့ ရှင်အရဟံကိုတွေ့တော့
ပုဂံသားမုဆိုးမျက်စိထဲ အတော်ထူးဆန်းသွားတယ်။

ဟုတ်တယ်။ အခုခေတ်မှာလဲပဲ 
ခေါင်းပြောင်ပြောင်နဲ့ ပခုံးတစ်ဖက်ဖော်ထားတဲ့ ရဟန်းတော်တွေရဲ့ အသွင်အပြင်ကို
ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ သီဟိုဠ်၊ ထိုင်း၊ မြန်မာနိုင်ငံက လူတွေက 
မထူးဆန်းပေမဲ့ တခြားနိုင်ငံက လူတွေက အထူးအဆန်းဖြစ်ပြီး ကြည့်လေ့ရှိတယ်။

အိန္ဒိယမှာနေတုန်းကဆိုရင် ကုလားတစ်ယောက်က
သင်္ကန်းကို လာကိုင်ပြီး 
“ဒီဝတ်စုံက မြန်မာနိုင်ငံက ရိုးရာဝတ်စုံလား” လို့တောင် မေးဘူးတယ်။

ဘုရားရှင်က မြို့ထဲရွာထဲ သွားရင် သင်္ကန်းရုံသွားဘို့ ပညတ်ထားတဲ့ဝိနည်းစည်းကမ်းရှိပါတယ်။
အဲ့ဝိနည်းစည်းကမ်းကို မလိုက်နာပဲ ပခုံးတစ်ဖက်ဖော်သွားရင်
မြန်မာနိုင်ငံတွင်းမှာဆိုရင် ဘာမှ အထူးအဆန်းမဟုတ်ပေမဲ့
တခြားနိုင်ငံတွေမှာဆိုရင် အတော်အဆင်မပြေတာ တွေ့ရတယ်။

အိန္ဒိယက ကုလားတစ်ယောက်က ဒီအ၀တ်အစားက 
လူရိုင်းတွေ ၀တ်တဲ့အ၀တ်အစားနဲ့တူတယ်တဲ့။

မလေးရှားက တရုတ်မတစ်ယောက်က 
ဒီလိုပခုံးတစ်ဖက်ဖော်ပြီး ၀တ်ထားတဲ့အ၀တ်အစားဟာ
အတော့်ကို sexy ဖြစ်တယ်တဲ့။

ရဟန်းတော်များ သင်္ကန်းမခြုံပဲ သင်္ကန်းမရုံပဲ မြို့တွင်းရွာတွင်းသွားရင်
ဒီလို အဆင်မပြေမှုလေးတွေ ရှိတာတော့ အမှန်ပဲ။
ဒါ့ကြောင့် သင်္ကန်းကို သေသေချာချာ သပ်သပ်ယပ်ယပ် ရုံပြီးမှသာ
သွားသင့်ပါတယ်။

တောထဲမှ တစ်ကိုယ်တည်း ဦးခေါင်းပြောင်ပြောင်နဲ့ ပခုံးတစ်ဖက်ဖော်ထိုင်နေတဲ့
ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်တဲ့ရှင်အရဟံကို မြင်လိုက်တဲ့အချိန်
မုဆိုးမျက်စိထဲ မယုံနိုင်လောက်အောင်ကို ဖြစ်သွားတယ်။
 လူရော ဟုတ်ရဲ့လား၊ တစ္ဆေလား၊ သရဲလားစသဖြင့် တွေးတော့တာပေါ့။

မုဆိုးက ပါလာတဲ့မြှားနဲ့ချိန်တွယ်ပြီး 
ငြိမ်ငြိမ်နေဘို့ အသာအယာလိုက်လာဘို့ပြောဆိုကာ
ရှင်အရဟံကို အနော်ရထာမင်းရှိရာ နန်းတွင်းကို ခေါ်ဆောင်သွားတယ်။

Thursday, March 15, 2012

ဖတ်စရာ မှတ်စရာ (၃)

ကာလအပိုင်းအခြားရှိသောသီလ (ကာလပရိယန္တသီလ) ဟူသည် 
အဘယ်နည်းဟူမူကား
ရတနာသုံးပါးသို့ ဆည်းကပ်လေ့ရှိသော ယောက်ကျားမိန်းမတို့သည် 
အလှူလှူဒါန်းကြစဉ် လူမှုကိစ္စဆုံးသည့်တိုင်အောင် သီလကို ဆောက်တည်ကြကုန်၏။
ယခုကာလ တထိုင်သီလဟုပြောကြသော သီလမျိုးတည်း။
ကျောင်းသို့သွားရောက်ကြသောအခါ 
ကျောင်း၌ နေသမျှကာလအပိုင်းအခြားရှိသောသီလကို ဆောက်တည်ကြကုန်၏။
(ကျောင်းသို့ သွားရောက်သောအခါ ကျောင်းက မပြန်မီအတွင်းသာ
သီလကို ဆောက်တည်သည်ဟု ဆိုလိုသည်။)

တစ်ရက်သော်၎င်း၊ နှစ်ရက်သော်၎င်း၊ ထိုထက်အလွန်များ၍သော်၎င်း
ညဉ့်နေ့တို့ကို ပိုင်းခြား၍ သီလကို စောင့်သုံးကြကုန်၏။
ဤသို့စောင့်သုံးအပ်သော သီလများသည်
ကာလပရိယန္တသီလ(ကာလအပိုင်းအခြားရှိသောသီလ) မည်၏ဟုဆိုလိုသည်။
(ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ)

ဤအဋ္ဌကထာကို ထောက်၍ တနေ့လုံးမဟုတ်ပဲ
သံဃာများကို အိမ်သို့ပင့်၍ လှူဒါန်းနေဆဲ့အခိုက်မှာပင်ဖြစ်စေ၊
ကျောင်းသို့သွား၍ ကျောင်း၌နေသမျှကာလ အခိုက်မှာပင်ဖြစ်စေ
သီလစောင့်သုံးနိုင်ကြောင်း၊ ထိုသို့စောင့်သုံးအပ်သောသီလကို
ကာလပရိယန္တသီလ (ကာလအပိုင်းအခြားရှိသောသီလ) 
ဟူ၍ ခေါ်ဆိုကြောင်း သိသာထင်ရှားပေ၏။

ထို့ကြောင့်
ညဉ့်တွင် ပိုင်းခြားသတ်မှတ်၍ ဆောက်တည်လိုက ဆောက်တည်နိုင်၏၊
နေ့တွင်ပိုင်းခြားသတ်မှတ်၍ ဆောက်တည်လိုက ဆောက်တည်နိုင်၏၊

ထို့ကြောင့်ပင်
“ဥပုသ်နေ့များမှာ ညစာစားခြင်းမှ မရှောင်နိုင်သေးသော ကလေးသူငယ်တို့ကို
နံနက်ပိုင်းအတွက် ကာလသတ်မှတ်ကာ ဥပုသ်သီလ ဆောက်တည်စေကောင်း၏” ဟူ၍
ဆရာတို့မိန့်ဆိုကြသည်။
မိန့်ဆိုကြသည့်အတိုင်း သဘောယုတ္တိအားဖြင့်လည်း သင့်လျော်သည်။

အကြောင်းမှာ..
မြတ်သောအကျင့်ကို တနေ့လုံးကျင့်မှ ကုသိုလ်ရမည်၊ 
တစိတ်တပိုင်းကျင့်လျှင် ကုသိုလ်မရဟု ဆိုဖွယ်မရှိ၊ 
ကျင့်နိုင်သမျှပင် ကုသိုလ်ရသောကြောင့်တည်။

ဗုဒ္ဓ၀င်၊ ပထမတွဲ

မိမိ၏ Sunday Dhamma School သို့ လာရောက်၍ ပညာသင်ကြားနေသော
ကျာင်းသားငယ်များကိုလည်း
ညနေ (၇) နာရီအထိသာ ဥပုသ်သီလစောင့်သုံးစေပါသည်။ 

Wednesday, March 14, 2012

ခုတုံး

တတိယသံဂါယနာတင်ပွဲကျင်းပပြီးတော့
အသောကမင်းကြီး နိုင်ငံရပ်ခြားသို့ သာသနာရောက်ရှိပြန့်ပွါးအောင်
ကိုးတိုင်းကိုးဌာနသာသနာပြုစီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့တယ်။
ကိုးတိုင်းကိုးဌာနထဲမှာ ရှင်သောဏနဲ့ ရှင်ဥတ္တရမထေရ်တို့က 
သုဝဏ္ဏဘူမိအရပ်ကို သာသနာပြုကြွရကြောင်း အရင်ပြောပြခဲ့တယ်။

သမိုင်းသုတေသီတို့က မြန်မာနိုင်ငံမှာရှိတဲ့ မွန်ပြည်နယ်၊ သထုံဒေသဟာလဲ
သုဝဏ္ဏဘူမိထဲမှာ အကျုံးဝင်တယ်လို့ ယူဆပြောဆိုကြတယ်။

ဒီယူဆချက်မှန်တယ်ဆိုရင်
အသောကမင်းလက်ထက် (ဘီစီ ၂၃၅) ခန့်က  မြန်မာပြည်ကို ဗုဒ္ဓဘာသာ
သာသနာရောက်ရှိတယ်လို့ ဆိုနိုင်တယ်။

ဒါပေမဲ့ တချို့က ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက
ဘုရားရှင်ကိုယ်တော်တိုင် မြန်မာနိုင်ငံကို ရောက်ဖူးကြောင်း၊
ဒါ့ကြောင့် ဘုရားရှင်အဆုံးအမဖြစ်တဲ့ ဗုဒ္ဓသာသနာဟာ
ဘုရားရှင်လက်ထက်ကတည်းက ရောက်ရှိကြောင်း
ရေးသားဖော်ပြကြတယ်။

ဒါနဲ့စပ်လို့ သာသနာ့တက္ကသိုလ်ကျောင်းသားဘ၀တုန်းက 
ညနေတိုင်း အညောင်းပြေ တက်ခဲ့တဲ့ မန္တလေးတောင်ကို သတိရမိတယ်။

မန္တလေးမှာနေတုန်း မန္တလေးတောင်ပေါ်တက်ရင်
လက်ညှိုးထိုး ရပ်တော်မူဘုရား (ဗျာဒိတ်ပေးဘုရား) ကြီး တွေ့ရလိမ့်မယ်။
ရပ်တော်မူဘုရားဘေးက ကျုံ့ကျုံ့လေးထိုင်ပြီး ရပ်တော်မူဘုရားကြီးကို
လက်အုပ်ချီနေတာက ရှင်အာနန္ဒာ။
ဒီရပ်တော်မူဘုရားကြီးနဲ့ရှင်အာနန္ဒာတို့ ရုပ်တုတွေ
မန္တလေးတောင်ပေါ် ဘယ်လို ရောက်လာကြတာတုန်း။

ဇာတ်လမ်းက
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါတုန်းက
မြတ်စွာဘုရားနဲ့အတူ ရှင်အာနန္ဒာတို့
မန္တလေးတောင်ကို ကြွလာကြတယ်တဲ့။

ကြွလာပြီး ရှင်အာနန္ဒာကို တောင်ခြေ လွင်ပြင်ကျယ်ကြီးကို လက်ညှိုးထိုးပြကာ
အာနန္ဒာ၊ ငါဘုရားပရိနိဗ္ဗာန်စံပြီး နောင်နှစ်ပေါင်း ၂၅၀၀ ကြာရင်
ဟိုးနေရာမှာ မင်းတုန်းမင်းဆိုတဲ့ရှင်ဘုရင် ပေါ်ပေါက်လာပြီး
ငါဘုရားသာသနာကို အကြီးအကျယ်ထောက်ပံ့ပြီး
သာသနာတိုးတက် စည်ပင်ပြန့်ပွါးအုံးမယ် လို့
ကြိုတင်ဟောကိန်းထုတ်သတဲ့။ 
စာစကားနဲ့ပြောရရင် ဗျာဒိတ်ပေးတယ်ပေါ့။

တကယ်တော့
မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ မန္တးလေးကို တစ်ခါမှ မရောက်ဘူးပါဘူး။
ဒီရပ်တော်မူနဲ့ ရှင်အာနန္ဒာတို့ရုပ်တုကို မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက်
နှစ်ပေါင်း ၂၅၀၀ ခန့်မှာ ပေါ်လာတဲ့ မင်းတုန်းမင်းကြီး
လူလည်ကျပြီး ဖန်တီးထားတာလို့ပဲ ပြောချင်ပါတယ်။

သူ့ရဲ့ နောင်တော် ခမည်းတော်တို့ ရှင်ဘုရင်လုပ်အုပ်ချုပ်နေတဲ့ 
ထီးဟောင်း နန်းဟောင်း နေပြည်တော်ဟောင်းမှာ 
နေချင်စိတ်ကုန်လို့
နေရာကောင်းလိုက်ရှာရင်း
မန္တလေးတောင်ခြေက ပျံ့ပျူးသာယာတဲ့မြေပြင်ကြီးကို ကြည့်ပြီး 
သရေ (သွားရေ) ကျမိတာက စတာပါ။

ရှင်ဘုရင့်တို့ရဲ့ ရူးသွပ်မှုသဘာဝအရ
ဘုရင်မင်းတုန်းလဲ ဘုရင်ထဲက ဘုရင်တစ်ပါးဆိုတော့ 
ထီးဟောင်း နန်းဟောင်း နေပြည်တောဟောင်းမှာ နေလိုတဲ့ဆန္ဒမရှိတော့တဲ့အချိန်။
ငါဘုရင်ဖြစ်သခိုက် ငါလဲ ထီးသစ် နန်းသစ် နေပြည်တော်သစ်တည်ထောင်ပြီးနေရရင်
ပိုကောင်းမယ်လို့ မင်းတုန်းမင်း ယူဆမိဟန်တူပါရဲ့။

ထီးသစ် နန်းသစ် နေပြည်တော်သစ်တည်ထောင်ဘို့ဆိုတာလဲ
အတွေးလွယ်သလောက် အရေးကျ အတော်ခက်သား။

တိုင်းသားပြည်သူ လူအများတို့ သဘောထား။
ဘုရင်ပြောင်းရင် နောက်က ၀န်းကြီး ၀န်လေးတွေ၊ တိုင်းသားပြည်သူတွေ
အကုန်လိုက်ပြောင်းရတာ။ သူတစ်ယောက်တည်း ပြောင်းသွားလို့ ဖြစ်တာမှ မဟုတ်တာ။
ထိုအတွက် ကုန်ကျစရိတ်၊ 
တိုင်းသားပြည်သူ လူအများစီးပွါးရေး စသည်
အကုန်ကြည့်ရတယ်။

တိုင်းသူပြည်သားက ငတ်ပြတ်နေပြီး 
ရှင်ဘုရင်လုပ်တဲ့သူက တစ်ထီးတစ်နန်းနေချင်တဲ့ စိတ်ရိုင်းကြောင့်
ပြည်သူ့ငွေမြောက်များစွာ သုံးပြီး ထီးသစ် နန်းသစ် နေပြည်တော်သစ် တည်မယ်ဆိုရင်
ပြည်သူ့အမျက်တော် ရှ လာနိုင်တယ်။
ဒါကို မင်းတုန်းမင်း စဉ်းစားခဲ့တယ်။
(ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလေး စဉ်းစားဖော်ရတာကို ကျေးဇူးတင်ပါတယ်)

စဉ်းစားတယ်၊ ငါဘယ်လို ထီးနန်းသစ် တည်ထောင် ပြောင်းရွှေ့ နေထိုင်ရရင်ကောင်းမလဲ။
မင်းတုန်းမင်း စဉ်းစားတယ်။

နောက်ဆုံးတော့ အကြံတစ်ခုရလိုက်တယ်။
ငါ့တိုင်းပြည်လူမျိုးတွေ ဗုဒ္ဓဘာသာကို အလွန်ရိုသေလေးစားကြတာပဲ။ 
အကယ်၍ ဘုရားကို ခုတုံးလုပ် ထီးသစ် နန်းသစ် နေပြည်တော်သစ် တည်ထောင်လိုက်ရရင်
ကောင်းမှာပဲ ဆိုပြီး လုပ်လိုက်တာ
ရှင်အာနန္ဒာနဲ့ လက်ညှိုးထိုးရပ်တော်မူဘုရားကြီး မန္တလေးတောင်ပေါ်ရောက်လာတော့တာပဲ။

သမိုင်းထဲက ရှင်ဘုရင်တွေ
မြတ်စွာဘုရားကို
တရားကို
ရဟန်းသံဃာတော်တွေကို
ဘယ်လောက်များ
ခုတုံးလုပ်
ကိုယ်ကျိုးအတွက် အမြတ်ထုတ်သွားကြပြီလဲ။

မြန်မာနိုင်ငံ ဘုရားရှင် သာသနာစတင်ရောက်ရှိတာနဲ့ ဆက်စပ်ပြီး တွေးမိတာပါ။

Tuesday, March 13, 2012

ဖတ်စရာ မှတ်စရာ (၂)


မိလိန္ဒမင်းကြီးက အရှင်နာဂသိန်မထေရ်ကို
“အရှင်ဘုရား၊ မြတ်စွာဘုရားသည် ဒေ၀ဒတ်ကို ရဟန်းပြုပေးလိုက်လျှင်
နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟု သိတော်မူသည် မဟုတ်ပါလော၊
သိပါလျက် အဘယ့်ကြောင့် ရဟန်းပြုပေးပါသနည်း၊
ရဟန်းပြုမပေးလျှင် သံဃာကို သင်းခွဲ၍ မဖြစ်နိုင်သည် မဟုတ်ပါလော” ဟု
မေးလျှောက်ရာ

အရှင်နာဂသိန်မထေရ်က
“မင်းကြီး၊ ဒေ၀ဒတ်သည် နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟုမြတ်စွာဘုရား မြင်တော်မူ၏။
မြင်တော်မူသော်လည်း အကယ်၍ ရဟန်းပြုမပေးက
သံဃဘေဒက = သံဃာကို သင်းခွဲသောကံထက် ဆိုးဝါးကြမ်းကြုတ်သည့်
နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြုလိမ့်မည် ဧကန်ဖြစ်၏။

သံဃဘေဒကကံသည် 
အပါယ်သို့ ကျစေမည်ဖြစ်သော်လည်း ကာလအပိုင်းအခြားရှိသေး၏။
ရဟန်းပြုမပေးလျှင် နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြု၍
ကာလအပိုင်းအခြားမရှိ ငရဲဒုက္ခခံရမည်ကို သိမြင်တော်မူသောကြောင့်
“ငါဘုရား၏သာသနာ၌ ရဟန်းပြုလျှင် ဒေ၀ဒတ်ခံရမည့် ဒုက္ခသည် 
အပိုင်းအခြားရှိလိမ့်မည်ဟု သနားတော်မူသောကြောင့်
ကြီးလေးသောဒုက္ခ ပေါ့အောင်ပြုသည့်အနေ(ဖြင့်)
မြတ်စွာဘုရားသည် ဒေ၀ဒတ်ကို ရဟန်းပြုပေးပေသည်” စသည်ဖြင့် 
ဥပမာအမျိုးမျိုး ဖော်ပြဖြေဆိုတော်မူသည်။

(မိလိန္ဒပဥှာ၊ ၄-မေဏ္ဍက၀ဂ်၊ ၃-ဒေ၀ဒတ္တပဗ္ဗဇ္ဇပဥှာ၊ စာ ၁၁၃ မှ)
ဗုဒ္ဓ၀င် ပတွဲ၊ မု