Wednesday, February 1, 2012

ပညာရေးလောက လူလိမ်ကြီးများ (၄)



မောင်သာနိုး

အင်္ဂလန်က ကိုယ်ပိုင်ကျောင်းတချို့ကတော့ အတိအကျ လိမ်တာတော့ မဟုတ်။
အမှန်ပဲ စာရင်းကိုင်စသည်မှာ လက်မှတ်ပေးတတ်ကြပုံကိုလည်း
Myanmar Times က ရေးထားတယ်။

မြန်မာကျောင်းသားတွေက အဲဒီလက်မှတ် certificate နဲ့
တက္ကသိုလ်က ဘွဲ့ဒီဂရီ academic degree ကွဲပြားခြားနားပုံကို
မသိနားမလည်ကြဘူးတဲ့။
ဗဟုသုတမရှိတော့လည်း အဲဒီလို ဖြစ်ရတာပေါ့။
တကယ်က လက်မှတ်ဆိုတာ ဘယ်သူကမဆို ကောက်ရေးပေးလို့ရတာဖြစ်တယ်။
ဘွဲ့ဒီဂရီဆိုတာက အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုက ပေးမှသာ ရနိုင်တာဖြစ်တယ်။
အကြောင်းမသိတော့ နိုင်ငံခြားက ရတာဆိုတိုင်း ဘွဲ့ထင်သွားတာ၊
အထင်ကြီးတာဖြစ်တယ်။

အစိုးရအသိအမှတ်ပြု တက္ကသိုလ်က ပေးတာတောင်
ဂုဏ်ထူးဆောင်ဘွဲ့ (honorary degree/doctorate) ဆိုတာကို
ကျောင်းတက်ပြီး ရတဲ့ဘွဲ့လို အသုံးမပြုနိုင်ဘူးဆိုတာကိုလည်း သိသင့်တယ်။
ဂုဏ်ပြုခံရဘူးတယ်လို့ မှတ်တမ်းတင်ရုံသာပဲ တင်နိုင်တယ်။

ဥပမာ၊ အငြိမ့်မင်းသမီး အမာစိန်တို့ နွဲ့နွဲ့စန်းတို့ကို
ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ၀ိဇ္ဇာဘွဲ့ ပေးဖူးတယ်။
အဲဒါကို
‘ဒေါ်အမာစိန်၊ ဘီအေ’၊ ‘ဒေါ်နွဲ့နွဲ့စန်း၊ ဘီအေ’ လို့ ဆိုင်းဘုတ်မချိတ်နိုင်ဘူး။
အလားတူ ဒေါ်စောမြအေးကြည်ကိုလည်း
ဘီအေလား အမ်အေလား မသိ၊ ပေးဘူးတယ်ထင်တယ်။
အင်္ဂလိပ်ခေတ်က လယ်တီဆရာတော်ကို ရန်ကုန်တက္ကသိုလ်က
D.Lit ဘွဲ့ပေးဖူးတယ်။
ဆရာတော်က သွားမယူဘူးလို့ ကြားဖူးတယ် ထင်တယ်။
ယူခဲ့တယ် ဆိုပါစို့။
ဆရာတော်အကြောင်း ပြောရင် ရေးရင်
Dr. Ledi လို့ မသုံးနိုင်ဘူး။
အလွန်ဆုံး ဆရာတော်ကို ဂုဏ်ထူးဆောင် Dr ဘွဲ့
ဆက်ကပ်ဖူးကြောင်း မှတ်တမ်းသာ တင်နိုင်တယ်။ ဒါပဲ။

ဘွဲ့ဆိုတာကလည်း တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည်
အသုံးအနှုန်းမတူကြတာကို သိသင့်တယ်။
ကျွန်တော်တို့က ဆရာဝန်ဘွဲ့ကို MBBS လို့ သုံးပေမဲ့
အမေရိကန်နဲ့ အခြားနိုင်ငံအချို့မှာတော့
MD (Medicine Doctor = Doctor of Medicine) လို့ သုံးကြတယ်။

ဘွဲ့ကို နိုင်ငံအများမှာ ဒီဂရီ (degree) လို့ခေါ်ကြပေမဲ့
ရုသျှစတဲ့နိုင်ငံတွေမှာတော့ ဒီပလုမ်း (diplom=diploma) လို့ သုံးကြတယ်။
ဒီပလိုမာခေါ်ပေမဲ့ ကျွန်တော်တို့ တိုင်းပြည်က ဒီပလိုမာကို ပြောတာမဟုတ်ဘူး။
ဘွဲ့ပဲဖြစ်တယ်။ ငါးနှစ်သင်ရပေမဲ့ သာမန်ဘွဲ့ပါပဲ။
မဟာဘွဲ့မဟုတ်ဘူး။
မဟာဘွဲ့ကို ‘ကန်ဒိဒတ်’ Kandidat (Candidate) လို့ခေါ်တယ်။
ပါရဂူဘွဲ့ကို ‘ဒေါက်တောရ်’ Doktor (Doctor) လို့ခေါ်ကြတယ်။
ဒီ ‘ကန်ဒိဒတ်’ နဲ့ ‘ဒေါက်တောရ်’ ကိုလည်း မရောထွေးသင့်ဘူး။

မြန်မာပြည်အပါအ၀င် တိုင်းပြည်တချို့မှာ
တက္ကသိုလ်အချို့ကို institute ခေါ်တဲ့အတွက် institution ခေါ်တာတွေ့ရလို့
အတူတူ မအောက်မေ့လိုက်နဲ့ဦး။
အစုအဖွဲ လုပ်ထားသမျှ ဒီလိုခေါ်လို့ ရတာကို သိ။
ကျောင်းထောင်ပြီး institution ခေါ်နိုင်တယ်။
Institute ခေါ်လဲ ရတာပါပဲ။
မြန်မာပြည်မှာကိုပဲ ကိုယ်ပိုင်းကျောင်းထောင်ပြီး
Institute အမည်တပ်ထားတာတွေ တစ်ကျောင်းမက ရှိခဲ့ဖူးပါတယ်။

မဟေသီ၊ ၂၀၀၄၊ ဧပြီ