Monday, January 30, 2012

ပညာရေးလောက လူလိမ်ကြီးများ (၃)



မောင်သာနိုး

အိန္ဒိယပြန်ဘုန်းကြီးလူထွက် MBBS ကြီးလိုပဲ
အခြားဘွဲ့တွေ ယူလာခဲ့ကြသူတွေကို နောင်တွေ့ရတယ်။
အများစုက M.A, ရံဖန်ပဲ Ph.D တွေ့ရတယ်။
တွေ့ရင် စိတ်ထဲက နားလည်လိုက်တယ်။
တချို့များ ဘွဲ့တစ်ခုတည်းတောင် မဟုတ်၊ နှစ်ခု သုံးခု ယူလာတာ။
အကြောင်းမသိရှာသူများကတော့ အထင်ကြီးရှာကြတာပလေ။
အကြောင်းသိသူကသာ ပြုံးမိတာပ။ ထုတ်တော့ မပြောမိပါဘူး။
ဒါပေမဲ့ တခါတလေ အကြောင်းတိုက်ဆိုင်လို့ ဒီအကြောင်း ပြောပြမိတယ်။
အဲဒီအခါ အတုဘွဲ့ယူထားသူကို ကြည်ညိုရင်းစွဲရှိသူက
ဒေါသူပုန်ထ၊ ရန်တွေ့တော့တာကလား။
သူတို့ဆရာသမားကို စော်ကားရက်လေခြင်းပေါ့။

နောက်တော့ ဒီဘွဲ့တွေကို ဟိုသွားယူစရာမလိုဘဲ ဒီကိုလာပေးတဲ့ စနစ်ပေါ်လာတယ်။
အိန္ဒိယကတောင် မဟုတ်၊ အမေရိကန်က၊ အင်္ဂလန်က၊
ပထမတော့ လူပြော သူပြောလောက် ကြားကြားနေရတာ၊
မယုံရအခက် ယုံရအခက်ဖြစ်နေမိသေးတယ်။
နောက်တော့ ကိုယ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံဖို့ ဖန်လာတာကိုး။
တစ်နေ့တော့ ဖိတ်စာကလေးရောက်လာတယ်။
တက္ကသိုလ်မှာ အတူနေခဲ့ အတူအလုပ်လုပ်ခဲ့သူတစ်ဦးဆီက။
သူတို့အသင်းမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် အမေရိကန် ဘယ်တက္ကသိုလ်က
ဘွဲ့နှင်းသဘင်လာရောက်ကျင်းပမယ် စသဖြင့်ပါတယ်။
စာကို ဖတ်လိုက်ရကတည်းက သိလိုက်ပါပြီ။
ကလိမ်ကညစ်တွေ ခြေလာရှုပ်ပြန်ပြီ။ စားပေါက်ထွင်ပြန်ပြီလို့။
ဒါပေမဲ့ ကိုယ့်အပေါင်းအသင်းတစ်ယောက်ကပါ
ဒီလောက် အောက်တန်းကျ ကလိန်ကျတဲ့ အလုပ်မျိုး လုပ်တဲ့ထဲ ပါနေတယ်ဆိုတာကိုတော့
အံ့သြခြင်းကြီးမက အံ့သြမိတယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်။
အကြောင်းသိရအောင် သွားကို သွားရမယ်လို့လည်း ဆုံးဖြတ်လိုက်မိတယ်။

သွားတော့ တွေ့ရတာပါပဲ။
ဘွဲ့နှင်းသဘင်တဲ့ဗျာ လုပ်နေလိုက်တာ။
ကြက်ပွဲကျနေတာပဲ။
သူတို့အသင်းတည်ရှိရာ အဆောက်အဦရှေ့ မြက်ခင်းပြင်မှာ
ခေါက်ကုလားထိုင်လေးတွေချပြီး ဧည့်သည်တွေ ထိုင်ရတယ်။
ဧည့်သည်တွေကို မျက်နှာချင်းဆိုင်ကာ စားပွဲကြီးတွေနဲ့
သူတို့ဆရာသမားကြီးတွေက ထိုင်ကြတယ်။
ဘွဲ့ယူမယ့်လူတွေ ပေးမယ့်ဆရာတွေက ၀တ်ရုံကြီးတွေနဲ့။
ဧည့်သည်တွေကို ကြည့်လိုက်တော့ သူတို့လူတွေအပြင်
စာရေးဆရာ သတင်းစာဆရာတွေ တော်တော်များများ လာကြတာ တွေ့ရတယ်။
ကျွန်တော်တို့ မိတ်ဆွေကြီးတို့ အမေရိကန်ကြီးတို့က
မိန့်ခွန်းတွေ ဘာတွေ ချွေကြပြီးနောက် ဘွဲ့လက်မှတ်တွေ ပေးတော့တာကိုး။
ဘွဲ့ယူသူ ၂၀ အစိတ်လောက် ရှိမယ်ထင်ပါတယ်။
ရိုးရိုးဘွဲ့အပြင် မဟာဘွဲ့တွေပါတယ်။
ကျွန်တော်တို့ပုဂ္ဂိုလ်ကြီးက ဒေါက်တာဘွဲ့ပေါ့လေ။
သူဦးစီးတဲ့ပွဲပေကိုး။
ဒီလောက်ကတော့ ရှိရမှာပ။

ဘွဲ့နှင်းသဘင်အခန်းအနားပြီးတော့ ပရိသတ်ကို ဒံပေါက်နဲ့ဧည့်ခံတယ်။
စာရေးဆရာနဲ့ သတင်းစာဆရာတွေကိုတော့
သီးခြားဧည့်ခံမယ်ဆိုလို့ အပေါ်ထပ်လိုက်သွားရတယ်။
ဟိုကျတော့ လူက သုံးဆယ်လောက်မှာ
Grand Royal Whisky လေးက တစ်လုံးတည်း။
ဝီစကီကလည်း ရွှေရောင်မဟုတ်။ အနက်ပတ်၊ အမြည်းက မပါ။
လူငယ်တချို့က အောက်ဆင်း ဒံပေါက်သွားတောင်းတယ်။
တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။
အချဉ်ပေါက်လာပြီး ပညာရေးဆိုတာ လေးနက်သင့်ပုံ၊
ဘွဲ့တစ်ခုကို ငွေပေးဝယ်တာ မဖြစ်သင့်ပုံ ဘာညာနဲ့ နာမည်မဖော်ပဲ
ယေဘုယျသဘော အနားက မိတ်ဆွေတချို့ကို ပြောနေမိတယ်။
ဘေးနားမှာ ၀တ်ရုံကြီးနဲ့ ရပ်နားထောင်သူ ကျောင်းဆရာတစ်ဦးက
သူ့ဦးထုပ်ကို ချွတ်၊ ရယ်သလို မောသလိုနဲ့ ကျွန်တော့်ကို လာဆောင်းပေးမယ်လုပ်တယ်။
လက်ထဲက ဘွဲ့စာရွက်လိပ်ကိုလည်း ‘ဆရာပဲ ယူပါတော့’ လို့
အတင်းထိုးပေးနေတယ်။
ရုတ်တရက်တော့ သူ့ကို သနားသလိုဖြစ်မိသော်လည်း
မဟုတ်တာ မမှန်တာကိုတော့ ဖော်ထုတ်ရမှာပဲလို့လည်း တွေးနေမိတယ်။
(အခုလည်း ဒါ့ကြောင့် ကောက်ရေးလိုက်တာပါပဲ)

မဟေသီ၊ ၂၀၀၄၊ ဧပြီ