Monday, December 31, 2012

To 2013

၂၀၁၂ မှာ သူများတွေတော့ မသိဘူး၊
ကိုယ့်အတွက်တော့ အဆိုးဆုံးနဲ့ အကောင်းဆုံးတွေကို တွေ့ကြုံရင်ဆိုင်လိုက်ရတယ်။
ဝမ်းအနည်းဆုံးကာလနဲ့ ဝမ်းအသာဆုံးကာလတွေကို ဖြတ်ကျော်လိုက်ရတယ်။
ဘာတွေဖြစ်လာ ဖြစ်လာ၊ ဘယ်လိုကြုံတွေ့ ကြုံတွေ့၊
ပိုကောင်းဘို့ဖြစ်တာပဲနေမှာပါလို့ နှလုံးသွင်းထားသူအဖို့
ပုံမှန်ပဲ ၂၀၁၂ ဘ၀လမ်းခရီးကို လျှောက်လှမ်းနိုင်ခဲ့တယ်။
၂၀၁၃ - မှာလည်း ပုံမှန် လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်လျက်
အားလုံးကို A Very Happy New Year 2013. :D :D :D လို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

Monday, November 5, 2012

မလေးရှား၊ ကပုန်းကျောင်းကထိန်

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျား...
ကျွန်တော်များကပုန်းဘုန်းတော်ကြီးကျောင်းတွင်
့်သံဃာတော်အရှင်သူမြတ်တို့အား
ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းမည့်
စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီး ကို
အောက်ဖော်ပြပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ
ကျင်းပမည်ဖြစ်ပါသောကြောင့်
စေတနာကြည်လင် ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
လာရောက်ကြည်ညိုသဒ္ဓါပွါးများနိုင်ရန်အတွက်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
********************
အစီအစဉ်
နေ့ရက်
၁၃၇၄ - ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက် တနင်္ဂနွေနေ့
11 / 11/ 2012 Sunday

အချိန်
နံနက် (၇း၀၀) နာရီ အရုဏ်ဆွမ်းဆက်ကပ်
(၈း၀၀) နာရီ ပဒေသာပင်လှည့်
(၉း၀၀) နာရီ တရားဟော (Mandarin)
(၁၀း၃၀) နာရီ ပရိသတ်ဧည့်ခံ
(၁၁း၃၀) နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ(၁း၀၀) တရားဟော (မြန်မာ)
နေရာ
ကပုန်းကျောင်း
No. 19, Jalan 38, Desa Jaya,
Kepong 52100
15th Kathina Ceremony at Samnak Sambodhi Temple
On 11th Nov 2012 (Sunday)
19, Jalan 38, Desa Jaya, Kepong 52100

Programme

8:30am        Procession

9.15am        Guests or Devotees/taking seat in new building hall

9.30am    Arrival of Sangha Members and taking seats in new building hall

Administrating of 5 Precepts by Rev. Uttamasara

Mangala Sutta Chanting By Sunday Dhamma Class Students

9.45am    Speech by SSBA Chairman Mr. Yip Kum Fook

9.55am    Dhamma Talk in English with Mandarin translation
by Rev. Dr. Ashin Indaka

10.30am        Karaniya  Sutta Chanting By Reverends.

10.35am        Robes or Requisites Offering

11.00am               Transferring of Merit By Bhante Silacara

11.30am        Lunch Dana For Sangha

11.45am        Lunch for Guests or Devotees


Sadhu! Sadhu! Sadhu

Thursday, November 1, 2012

ကထိန်ပွဲ

ရန်ကုန်၊ Dhamma Garden Centre ကျောင်းတော် ကထိန်ပွဲ
၂၅၊ ၁၁၊ ၂၀၁၂ (တနင်္ဂနွေနေ့)

Yangon, Kathina Ceremony in Dhamma Garden Centre
on 25/11/2012 (Sunday)

Monday, October 29, 2012

ရသေ့မာယာ

ရှေးသရောအခါ ရွာတစ်ရွာ၌ ဒါယကာတစ်ယောက်ကိုးကွယ်ထားသော
ရသေ့တစ်ဦးရှိလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိက္ခတစ်ရာကို
ရသေ့ကမ္မဋ္ဌာန်းကျောင်းအနီးအပါး၌ မြှုပ်ထားပြီးလျှင်
“အရှင်ဘုရား၊ သတိပြုလိုက်ပါ” ဟု မှာထားသောအခါ
“ဟဲ့ဒါယကာ၊ ရသေ့ရဟန်းကို ယခုလိုကြည့်ရှုရစ်ဖို့ရန် မမှာကောင်းဘူး” ဟု
မိန့်လိုက်လေသတဲ့။
ထို့နောက် ရသေ့အကြံဖြစ်သည်မှာ
“ရွှေစင်နိက္ခတစ်ရာဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင်လည်လည်ရှိပြီ”
ဤသို့ကြံပြီးလျှင် ထိုရွှေများကို မိမိသွားမည့်လမ်းအနီး၌ ရွှေ့ပြောင်းမြှုပ်နှံထား၍
နက်ဖြန်ဆွမ်းစားအပြီးတွင်
“ဒကာတို့ကို မှီး၍နေခဲ့သည်မှာ အတော်ကြာပြီ၊ ကြာလွန်းတော့ သံယောဇဉ်ဖြစ်တတ်သည်၊
သို့ဖြစ်၍ တခြားအရပ်သို့ သွားဦးမည်” ဟုပြောလေရာ
ဒါယကာက အခါခါတားသော်လည်း တားမရသောကြောင့်
ရွာတံခါးထိအောင်ပင် လိုက်၍ပို့ရှာသေးသည်။
ထို့နောက် တော်တော်သွားပြီးကာမှ တဖန်ပြန်လာပြီးလျှင်
“ဒကာ၊ သင်တို့အမိုးပေါ်က သက်ငယ်မြက်တစ်ပင် ငါ၏ဆံကျစ်၌ ငြိပါလာသည်၊
ရသေ့ရဟန်းဆိုတာ မပေးလှူအပ်သောအရာကို မြက်တစ်ပင်မျှ မယူကောင်း” ဟုပြောသော်
ရိုးရှာသောဒကာက “သိပ်ပြီးသီလရှိတာပဲ” ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။
သို့ရာတွင် ထိုအခိုက်၌ ထိုဒါယကာ၏အိမ်မှာ အတော်ပါးနပ်သောဧည့်သည်ရောက်ရှိနေသဖြင့်
ထိုဧည့်သည်က “မိတ်ဆွေရဲ့ ဆရာထံမှာ ဘာများအပ်နှံထားပါသလဲ၊ အပ်ထားလျှင်
သွား၍ကြည့်စမ်းပါ” ဟုသတိပေးမှ သွား၍ကြည့်လေရာ ရွှေများမရှိတော့၍
ဧည့်သည်နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကာ
ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိကြလေသည်။
မှတ်ချက်
ဤ၀တ္ထု၌ ရသေ့၏ မိမိရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက်တစ်ပင်ကို
ပြန်၍ပေးခြင်းသည် ဤမာယာပင်ဖြစ်၏။
ဤသို့လျှင် ပရိယာယ်မာယာသည် ရသေ့ရဟန်းအချို့တိုင်အောင် ပြန့်နှံ့လျက်ရှိရကား
ယခုလို အပလီဥာဏ်၊ အလိမ်ဥာဏ်ခေါ် မာယာပေါသောကာလ်၌
လုံးဝပုံ၍ ယုံကြည်ထိုက်သူနည်းပါးသောကြောင့်
ရိုးသားဖြောင့်မတ်သူနှင့်ပေါင်းသင်းဆက်ဆံမိဖို့အရေးမှာ
ရှေးကံကောင်းမှသာ ဖြစ်နိုင်ပေလိမ့်မည်။

မဟာဂန္ဓာရုံဆရာတော်၊ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
ပုံ။ www.missgreenlady.com

Thursday, October 25, 2012

မိန်းမ မာယာ

ဖတ်စရာ မှတ်စရာ (၃၆)
 မာယာသည် မျက်လှည့်သည်နှင့်တူ၏။
မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်၍
ရွှေတုံးထင်အောင် လှည့်စားနိုင်သကဲ့သို့
ဤမာယာကလည်း လူတစ်ဖက်သား အထင်မှားအောင်
မိမိမှာရှိသောအပြစ်ကို ဖုံးကွယ်တတ်လေသည်။
မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည် ဟု ဆိုလိုသည်။

မိန်းမ မာယာ
ရှေးသရောအခါ တက္ကသိုလ်ဆရာကြီးမှာ တပည့်တစ်ယောက်ရှိလေသည်။
ထိုတပည့်၏မိန်းမသည် အခြားယောက်ကျားနှင့် ဖောက်ပြားလေ့ရှိ၏။
ထိုဖောက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏။
မဖောက်ပြားသောနေ့၌ကား ကျွန်ကဲ့သို့သဘောထား၍ စော်စော်ကားကားပြုလေ့ရှိ၏။
ထိုကဲ့သို့ ထူးခြားသောအမူအယာကို နားမလည်၍
စိတ်ရှုပ်လာသောတပည့်က မိမိဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ
ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံသဘောကို အမှန်အတိုင်းပြောပြလေသည်။

မှတ်ချက်
ဤ၀တ္ထုလာမိန်းမသည် အခြားယောက်ကျားနှင့်ဖောက်ပြားသောနေ့ဝယ်
မိမိအပြစ်ကို ကွယ်ကာလိုသောကြောင့်
ခင်ပွန်းအပေါ်မှာ များစွာ ကြင်နာဟန်ဆောင်လေသည်။
ထိုကြင်နာ ဟန်ဆောင်မှုသည် ဤမာယာပင်တည်း။

ဤမာယာကို တချို့အရာ၌ တင်္ခဏုပ္ပတ္တိဥာဏ် - ရုတ်တရက်အကြံကောင်းသောဥာဏ်
ဟုလည်း ခေါ်ရပြန်သည်။
(တင်္ခဏ - ထိုခဏ၌၊ ဥပ္ပတ္တိ၊ ဖြစ်ပေါ်လာသောဥာဏ်၊
ဥာဏ်ဆိုသော်လည်း ဥာဏ်အစစ်မဟုတ်၊ ဥာဏ်အတုသာဖြစ်သည်။
ဥာဏ်အစစ်ကား ကောင်းသောအရာ၌သာ ဖြစ်သည်။

ရုတ်တရက်ဥာဏ်ကောင်းသူ
အိမ်ရှင်မတစ်ယောက်သည် အစေခံယောက်ကျားကလေးနှင့် ဖောက်ပြားလေ့ရှိ၏။
အခါတပါးသော် ထိုယောက်ကျားကလေးအား နမ်းနေသည်ကို
အိမ်ရှင်ယောက်ကျား မြင်သွားလေသည်။
ထိုသို့မြင်သွားကြောင်းကိုလည်း အိမ်ရှင်မကိုယ်တိုင် သိလိုက်ရကား
မိမိ၏ခင်ပွန်းထံသို့ သွားပြီးလျှင်
“အရှင်၊ ဒီကောင်လေးဟာ မရိုးသားဘူး၊
ယနေ့အရှင့်အဖို့ထားတဲ့ မုန့်ကို ယူစားပြီး ကျွန်မက မေးတော့ မယူဘူးလို့ လိမ်တယ်၊
ယခု သူ့ပါးစပ်ကို နမ်းကြည့်တော့ ပါးစပ်က မုန့်စော်နံတယ်၊
မရိုးသားသူကို အိမ်မှာထားလို့ မတော်ဘူးထင်တယ်” ဟုပြောလေသည်။

ဤဝတ္ထု၌ အစေခံကို သူကနမ်းမှုသည်
လွန်စွာ ဆိုးရွားသောအပြစ်ကြီးဖြစ်ပါလျက် ထိုအပြစ်မပေါ်အောင်
လှည့်ပတ်တတ်သော ရုတ်တရက်အကြံမှာ မာယာပင်ဖြစ်သည်။
ဤမာယာသည် မိန်းမမှာသာ  ရှိသည်မဟုတ်။ ယောက်ကျားများ၌လည်း ရှိသည်ပင်။
 
မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
ပုံ။.zonma.co.cc

Saturday, October 20, 2012

ရဟန်းတော်များ၏ ပညာရေး

ပညာရေးသည် သင်ပေးတာအဓိကလား၊ သင်ယူတာအဓိကလား၊
မြန်မာနိုင်ငံ၏ လက်ရှိပညာရေး စနစ်သည် စာမေးပွဲကို ဗဟိုပြုထားသည်။
အစိုးရကလည်း စာမေးပွဲကိုဗဟိုပြု၊
ဆရာ၊ဆရာမ ကျောင်းသူ ကျောင်းသားမိဘများကလည်းစာမေးပွဲကိုဗဟိုပြု၊
စာသင်ခန်းသည် ကျောင်းသူ ကျောင်းသားများ၏ သင်ယူရာဌာနမဟုတ်တော့ဘဲ စာမေးပွဲဖြေရန်လေ့ကျင့်ပေးသောဌာနအဖြစ် ပြောင်းလဲသွားကြောင်း၊
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည်ကျောင်းသားများကို
ဘဝတစ်သက်တာ အသုံးဝင်မည့် ဗဟုသုတနှင့် နည်းပညာများကို ပေးစွမ်းနိုင်ရုံမကစဉ်းစားဆင်ခြင်နိုင်သော ဉာဏ်ကို ပေးသည့် ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ ဒီမိုကရေစီပညာရေးစနစ်ကို ကျင့်သုံးကြသောနိုင်ငံများသည်
'တက်ကြွစွာသင်ယူခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်း'
(Active Learning and Critical Thinking)
သင်ကြားနည်းစနစ်ကို အသုံးပြုကြကြောင်း
ဒီလှိုင်းစာစောင်တွင် ဖော်ပြခဲ့သော
'ဒီမိုကရေစီနှင့် ပညာရေးပြောင်းလဲမှု ကျောင်းသားတွေ ဘယ်လိုသင်မလဲ'
ဆောင်းပါးတွင် ဒေါက်တာသိန်းလွင် (ပညာရေး) က တင်ပြသွားပါသည်။
အထက်ပါ စကားစုသည် ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ကြသော ဘာသာကြီးလေးခု ရှိပါသည်။
ထိုအထဲတွင် ဗုဒ္ဓဘာ သာဝင်ဦးရေသည် ၆ဝ ရာခိုင်နှုန်းရှိပါသည်။
ရဟန်းတော်ဦးရေနှင့် သီလရှင်၊ အဘိုးအဘွားဦးရေတို့ သည် ခုနှစ်သိန်းခန့်ရှိပါသည်။ ထိုအရေအတွက်ဦးရေတို့ကို ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့က
ကျွေး မွေးပြုစုစောင့်ရှောက်ထားပါသည်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကဆရာတော်တစ်ပါးက
ရဟန်း၊ သီလရှင်၊ ဘိုးဘွားတို့နေ့စဉ် ကျွေးမွေးထားရသည့် ကုန်ကျစရိတ်မှာ (တစ်နေ့တာ) စစ်ကိုင်းတံတားကြီးတစ်စင်းစာမျှလောက်အထိ ရှိကြောင်း သြဝါဒပေးဖူးပါသည်။ ဟုတ်မည်ထင်ပါသည်။

ကောင်းပြီ။ ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကနေ ကျွေးမွေး၊
နေရာထိုင်ခင်း၊ အဆောက်အအုံတွေပေး၍ အကိုးကွယ်ခံ အဓိကရဟန်းတော်များနဲ့ သီလရှင်များသည် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကို ဘယ်လို အထောက်အပံ့တွေပေးနေပါသလဲဆိုတာ ဆန်းစစ်ဖို့လိုပါသည်။
အကိုးကွယ်ခံ သက်သက်နဲ့နေသွား မည်ဆိုလျှင်
ကြာလာရင် ပြတိုက်ထဲသွားကြည့်ရမည်ဖြစ်သည်။

ခေတ်သစ်စနစ်သစ်ပြောင်းလဲနေသည့် ဒီမိုကရေစီခေတ်မှာ
သာသနာ့ဝန်ထမ်း ရဟန်းသံဃာတွေကိုလည်း
စည်းစနစ်ကျနစွာ စိစစ်ဖို့ လိုလိမ့်မည်ဟု ထင်သည်။
ဒါမှသာ အထက်တန်းကျကျ မျက်နှာပန်းလှ လှ ကမ္ဘာ့အလယ်မှာ
ဗုဒ္ဓဘာသာရယ်လို့ ဝံ့ကြွားနိုင်မည်ဖြစ်ပါသည်။
အဲသလိုမှမဟုတ်ဘဲ ဝတ်ချင်သ လိုဝတ်၊ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်သလို ထွက်ဆိုရင်၊ လမ်းဘေးတကာ ဈေးတကာသပိတ်ပိုက်ပြီး အလှူခံနေမည်ဆိုရင်
ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာဝင်တွေ မျက်နှာငယ်ရမည်ဖြစ်ပါသည်။

နောက်ပြီး အရည်အချင်းပြည့်သည့် သာသနာ့ ဝန်ထမ်းရဟန်းတော်များကို အခွင့်အရေးတစ်ရပ်ပေးရင် မကောင်းပေဖူးလားဟု တွေးမိသည်။
ဥပမာ-နိုင်ငံတော်ကဖြစ်စေ၊ လူမှုရေးအဖွဲ့အစည်းကဖြစ်စေ၊
ပစ္စည်းလေးပါး ပြည့်စုံအောင် ထောာက်ပံ့ပေးသင့်သည်။
ပြည်သူလူထုအပေါ် အမြဲတမ်းမှီခိုနေရမည် ဆိုရင်လည်း သဘာဝမကျပေ။
ပြည်သူလူထုမှာ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ လုံးပတ်ချာနေရ၍ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း ရဟန်းတော်တွေက ဗုဒ္ဓဘာသာဝင်ပြည်သူလူထုကို ဘာတွေလုပ်ပေးနေသလဲဆိုတာ အရေးကြီးသည်။
တိုက်ပိတ်ပြီး ရဟန်းတော် အချင်းချင်း စာပေသင်ကြားပို့ချခြင်းဖြင့်လည်း ခရီး မတွင်နိုင်ပေ။ ယနေ့ကာလတွင် B.A၊ M.A၊ Ph.D ဘွဲ့ရ ရဟန်းတော်တွေပေါသော်လည်း
၎င်းရဟန်း တော်များသည် ဒကာ၊ ဒကာမတွေထံ အလှူခံရင်း ရုန်းကန်နေကြရပါသည်။
သာသနာ့ဝန်ထမ်း ရဟန်းတော်များအနေဖြင့် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့ကို
တစ်စိတ်တစ်ပိုင်း အနေနဲ့ အားကိုးသင့်၊ အားကိုးထိုက်အောင် လုပ်ငန်းတစ်ခုခုလုပ်ဆောင်ပေးနိုင်ရမည်။
ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်တို့ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးသည်
ပြတိုက်တွင်သွားထားရမည့် ပညာရေးစနစ်ဖြစ် ပါသည်။
 ကမ္ဘာတွင်ဝင့်ကြွားနိုင်အောင် များစွာကြိုးစားဖို့လိုပါသည်။
ဥပမာ-၂ဝဝ၄ ကမ္ဘာအေးမဟာပါသာဏ လိုဏ်ဂူတွင်ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံအစည်း အဝေးကိုကြည့်ရင်
သာသနဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကိုသိနိုင်ပါသည်။
ထိုညီလာခံအ စည်းအဝေးပွဲတွင်
မည်သည့် တိပိဋကဓရတစ်ပုံဆောင်၊ နှစ်ပုံဆောင်၊ သုံးပုံဆောင်တွေမှ
အင်္ဂလိပ်လို ဝင်ရောက်ဆွေးနွေးသူ မရှိသလောက်နည်းခဲ့သည်။ ရေငုံနှုတ်ပိတ်နေကြသည်များသည်။
ထိုအစည်းအဝေးပွဲကို သင်ခန်းစာယူ၍ ယခုအခါ တိပိဋကဓရ ဆရာတော်တစ်ပါးသည် အောက်စ်ဖို့တက္ကသိုလ်တွင် မခံချင်စိတ်ဖြင့် အင်္ဂလိပ်စာသင်ယူနေသည်။ ပညာသင်သည်ဆိုသည်မှာ ကြီးငယ်အချိန်မရွေးပါ။
သို့ သော်လည်း လူ့ဘဝသည်အချိန်တိုတောင်းလှပါသည်။
ထိုသို့ခေတ်ရှေ့ရေးကို ကြိုတင်မြင်တော်မူ၍
မင်းကွန်းတိပိဋကဆရာတော်ကြီးဦးစီး၍ မန္တလေး၊ ရန်ကုန်တို့တွင်
နိုင်ငံတော်ပရိယတ္တိ သာသန တက္ကသိုလ်ဆိုပြီးနှစ်ခု တည်ထောင်ခဲ့ပါသည်။
နောက်ပေါ် ထွန်းတော်မူလာသည့် တိပိဋကဓရဆရာတော်များ လုပ်ဆောင်ချက်များက မင်းကွန်းဆရာတော်ကြီး နှင့်ယှဉ်လျှင်
အကောင်အထည် ဖော်နိုင်မှုအားနည်းသည်ဟုမြင်ပါသည်။
မင်းကွန်းဆရာတော်ကြီး၏ ခြေလှမ်းကို လိုက်မနင်းနိုင်ရင်
မင်းကွန်းဆရာတော်ကြီး၏ ဂုဏ်သိက္ခာကိုတက်စေမှာမဟုတ်ပါ။

နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်သည် မန္တလေး၊ ရန်ကုန်နှစ်ခုသာရှိ၍
ထပ်မံတိုးဖွဲ့ ဖွင့်လှစ်ရန် လိုပါသည်။ ဓမ္မာစရိယ သုံးကျမ်းအောင်ပြီးကာမှ
တက်ရသည့် I.T.B.M-U ခေါ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ဆိုပြီး တက္ကသိုလ်လည်းရှိပါသည်။ ထိုတက္ကသိုလ်ကတော့
ပြည်ပရဟန်းတော်များကို အဓိကရည်ရွယ်၍ ဖွင့်ထားခြင်းဖြစ်ပါသည်။
အမေရိကန်၊ ဂျပန်၊ အရှေ့တောင်အာရှမှ ကြွလာသည့် ရဟန်းတော်များနှင့်
မြန်မာရဟန်းတော် အနည်းငယ်တို့ တက်ရောက်နေကြပါသည်။
မန္တလေး၊ ရန်ကုန်တက္ကသိုလ်နှစ်ခုတွင် တက်ရောက်ရမည့် ရဟန်းတော်များသည်
ပထမကြီးတန်း အောင်၊ အင်္ဂလိပ်စာ ၁ဝ တန်း၊ တက္ကသိုလ် ဝင်တန်းအဆင့်ရှိရမည်ဖြစ်ပါသည်။ တစ်နှစ်ကိုတက္ကသိုလ် နှစ်ခုပေါင်း ၆ဝ ကျော်ကျော်လောက်သာ ဝင်ခွင့်ပေးထားပါသည်။
တစ်နှစ်ကို ပထမကြီး တန်းအောင် သံဃာအရေအတွက်က ၅,ဝဝဝ ကျော်နှင့်
ဓမ္မာစရိယကျမ်းပြီး အရေအတွက်က ၂၅ဝ ကျော်တို့ဖြစ်ပါ သည်။
အောင်သည့် အရေအတွက်နဲ့ တက္ကသိုလ်တို့မှာ လုံးဝမျှတမှုမရှိပါ။

သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကို အခုအချိန်ပြောင်းလဲပြီး
ခေတ်မီမီ စီမံမည်ဆိုရင် နောက်မကျသေးပါ။ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏
ပညာရေးတွင် ပါဠိပထမပြန်ကစ၍ အင်္ဂလိပ်၊ သင်္ချာတို့ကိုတွဲ၍ သင်သင့်ပါသည်။
ယနေ့ မ-ဟ-န ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ထေရဝါဒသြဝါဒစရိယဆရာတော်ကြီး ဦးသျှောင်ဆရာတော်ကြီးနှစ်ပါးတို့မှာ လောကီ (B.A) ဘွဲ့ အသီးသီး
ရရှိတော်မူ ထားကြသည့် ဆရာတော်ကြီး များဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူလူထုတို့အတွက် တစ်ထောင့်တစ်နေရာက
အကျိုးရှိစေရန် သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပ
ညာရေးကို အဆင့်မြင့် ပညာရေးအဖြစ် ပြောင်းလဲသင့်ပါကြောင်း ….။
 
7 DAY NEWS JOURNAL
http://www.maukkha.org/ မှ ကူးယူဖော်ပြပါသည်။

Thursday, October 18, 2012

အားလုံးကို သတိပေး ခြင်း

ဆရာတော် သံဃာတော်များ အနေဖြင့် ဘုရားရှင်လက်ထက်တော်အခါကအတိုင်း
လောကီရေးရာမဖက် ဘဝထွက်မြောက်ရေးသက်သက် ရည်မှန်း၍
နေထိုင်သွားကြမည်ဆိုလျှင် အလေးအမြတ်
ဂါရဝပြု၍ ဦးညွတ်ကြိုဆိုနေလျှက်ပါဘုရား။
သိုသော် ယခုအချိန် သာသနာနောက်ပိုင်း ခေတ်ရိုင်းကြီးထဲမှာ
ထိုကဲ့သို့ လောကီရေးရာ မဖက် ဘဝထွက်မြောက်ရေး သက်သက်
နေထိုင်သွား၍ မဖြစ်တော့ ။ တပည့်တော်တို့ သံဃာထုအားလုံး
ကိုယ့် လူမျိုး နှင့် ကိုယ့်နိုင်ငံမှာ ကိုယ့်ဘာသာ သာသနာ
မကွယ်ပျောက်အောင် ဆောင်ရွက်ကြဖို့ လိုအပ်နေပါပြီ ။
ရှေးရိုးလမ်းရိုးဟောင်းကြီးအတိုင်း ဆက်လျှောက်နေပါက
ကိုယ့်လူမျိုးနှင့် ကိုယ့်နိုင်ငံမှာ ကိုယ့်ဘာသာ သာသနာ ကွယ်ပျောက်ပြီး
အဝေးရောက်သွားပါလိမ့်မယ် ။

“သုခါ သံဃဿ သာမဂ္ဂီ ၊ သာမဂ္ဂါနံ ၊ တပေါသုခေါ”
ဆိုသည်အတိုင်း ဘာသာ သာသနာ မကွယ်ပျောက်အောင် စော်ကား မခံရအောင်
တပည့်တော်တို့ သံဃာအားလုံး ညီညီညွတ်ညွတ် လုပ်ကြဖို့ ဖြစ်ပါတယ် ။

ပြည်သူ ပြည်သားများနှင့် ရဟန်းသံဃာတို့ ပေါင်းစုပြီး
ဘာသာခြားတို့၏ တိုက်ခိုက်မှု အန္တရာယ်မှ ခုခံ တွန်းလှန်နိုင်ကြဖို့ ဖြစ်ပါတယ် ။
ပြည်သူပြည်သားတို့ နှင့် ရဟန်းသံဃာတို့ အားလုံးစည်းလုံးမှု မရှိလျှင်
ဘာသာသာသနာနှင့် လူမျိုးပါ မကျန် အားလုံး ကွယ်ပျောက်လိမ့်မယ် ဆိုတာ
သူတစ်ပါးတိုင်းပြည်ကို ကြည့်သောအားဖြင့် သတိရှိကြဖို့ ဖြစ်ပါတယ်။

ဘာသာခြားတို့၏ စိတ်ကြိုက် သူများ နိုင်ငံခိုလုံ အရေခြုံ သမားတို့၏ စားကွက် ဟားကွက်မှာ
ပက်လက်မျော ကြရမည့်အဖြစ်ကို သာသနာပြုရဟန်းတော်များနှင့်
တိုင်းပြည် ရှိ ဗုဒ္ဓဘာသာ လူမျိုးတို့အားလုံး ကြိုတင် သတိရှိစွာ ဆင်ခြင်နှိုင်းဆပြီး
သာသနာပြု စိတ်ဓာတ် လူမျိုးစိတ်ဓာတ် တိုင်းပြည်ကာကွယ်လိုတဲ့ စိတ်ဓာတ်တို့ဖြင့်
စွန့်စွန့်စားစား အားမွေး ဓားသွေး ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ် ။
 
အရှင်နန္ဒမဉ္ဖူ( မဂဓတက္ကသိုလ်)
ရဲ့ Facebook မှာ ကူးယူဖော်ပြပါသည်။

Friday, October 12, 2012

သင်တန်းများ


မြန်မာပြည် စာသင်တိုက် ဆရာတော်ကြီးတွေလည်း ခေတ်နဲ့အညီ ခေတ်ကို အံတုဘို့
ခေတ်ကို ရင်ဘောင်တန်းနိုင်ဘို့ ကြိုးစား ရုန်းကန်လာတာကို တွေ့ရပါတယ်။
ဒီပုံလေးကတော့ ရန်ကုန်၊ အလုံ၊ ကွင်းကျောင်းစာသင်တိုက်က
တပည့်စာသင်သား အပါး (၃၅)ပါးကို အင်္ဂလိပ်စာတတ်ဖို့နဲ့ ကွန်ပျူတာ တတ်ဖို့
ဗဟန်း၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဓမ္မဂါးဒင်းမှာ အင်္ဂလိပ်စာ လာရောက်သင်ယူနေတာဖြစ်ပါတယ်။


ကွန်ပျူတာသင်တန်း
ဓမ္မဥယျာဉ်ကျောင်း (Dhamma Garden Centre)


Sunday Dhamma School ရင်သွေးငယ်များ

Thursday, October 4, 2012

ကြာပင်အောက်က ဖား


ဇောင်းတောကန်ရွာကနေ မြို့ တက်ဈေးဝယ်လာတဲ့ သူငယ်ချင်း နိုင်လင်းနဲ့ လဘက်ရည်ဆိုင်မှာတွေ့တော့  စကားတွေ ရေပက် မ၀င်အောင် ပြောဖြစ်ကြပါတယ်။
နိုင်လင်းက ဇောင်းတာကန်ရွာ တွဲဘက်ကျောင်းဆရာ လူပျိုကြီးပါ။
မိန်းမ မယူဘဲ မိခင်အိုကြီးကို လုပ်ကျွေးပြုစုနတဲ့ သားလိမ္မာ တစ်ဦးဆိုရင် မမှားဘူး။
သူနဲ့က တစ်လမှာ တစ်ကြိမ်လောက်တော့ မြို့တက်ဈေးဝယ်လာခိုက်
တွေ့ဆုံရတာမို့ စကားတွေက ပြောလို့ မ၀ကြဘူး။
ဒီတခေါက်မှာတော့ နိုင်လင်းက အကူအညီတစ်ခုတောင်းပါတယ်။
ဟေ့ကောင်၊  မင်းအားရင် ငါနဲ့ စာအုပ်ဆိုင်လိုက်ခဲ့ပါကွာ။
`“ ဘာလဲ၊ ကျောင်းစာအုပ်တွေ ၀ယ်မလို့လား”
`“မဟုတ်ပါဘူးကွာ၊ အမေမှာလိုက်တဲ့ စာအုပ်တွေ ရှာချင်လို့ပါ။”
`ပြောပြောဆိုဆိုပဲ သူ့ အင်းချီအိတ်ကပ်ထဲက စာရွက်ကလေး တစ်ရွက်ထုတ်ပြလို့ ဖတ်ကြည့်လိုက်တော့ ---
---
`“ ငါ့ကိုမချစ်ပါနဲ့”
`“အချစ်ကံခေပေမယ့် ၊အနှစ်ကျန်စေရမယ်”
`“လမ်းခွဲတာ ၀မ်းနည်းစရာလား”
`“မချစ်တတ်၊ မမုန်းတတ်တဲ့လူ့  ”
`“ ဆေးပေါင်းခတဲ့ မျက်ရည်”
`“အနေဝေးပေမယ့် အဝေးနေ မဟုတ်ပါ”
`“အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်”
“ဟေ့ကောင် နိုင်လင်း၊ မင်းအမေ ဒီအရွယ်အထိ အချစ်ဝတ္တုတွေ ဖတ်နေတုန်းပဲလား”
“အင်း၊ မင်းတော့ ကြာပင်အောက်က ဖားနဲ့ တူနေပြီနော်၊
အဲဒါ တရားစာအုပ်မှ တရားစာအုပ် နာမည်တွေကွ။”
`“ဟေ”
မောင်ခင်မှိုင်း။ချောက်
မဟေသီ၂၇၁။ ဇွန် ၂၀၀၇
ပုံ၊ http://mamasusiemay.blogspot.com/2010/07/blog-post_18.html

Wednesday, September 19, 2012

လူရာဝင်ဖို့ (၄)

ပျော်ရွှချမ်းမြေ့စွာ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းနိုင်ဘို့
အိမ်ထောင်သည်တို့ လိုက်နာရမည့်နောက်ဆုံးအချက်က
သမပညာ ဖြစ်ဖို့လိုပါတယ်။

သမပညာမှာ
ပညာကို အသေးစိတ်သိခြင်းလို့ ဘာသာပြန်ဆိုလို့ရမယ်။
Knowing in detail ပေါ့။
(ပ - အသေးစိတ်၊ ညာ - သိခြင်း)
သမ ကတော့ တူညီတာ။
ဒါ့ကြောင့် သမပညာ - အသေးစိတ်သိမှု တူညီတာ။
အသေးအဖွဲကိစ္စလေးတွေကအစ သိတဲ့နေရာမှာ တူညီနေရမယ်။

ဆိုလိုတာက လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာ
လင်လုပ်တဲ့စီးပွါးရေး စတာတွေကို မယားသိပိုင်ခွင့်ရှိရပါမယ်။
သိနေရပါမယ်။
ဒီလိုဘဲ။ မယားသွားတဲ့နေရာ၊ မယားစားတဲ့အစားအစာ၊
မယားလုပ်တဲ့စီးပွါးရေး စတာတွေကို လင်လုပ်တဲ့သူက
သိကို သိနေရပါမယ်။

လင်နဲ့မယားကြားမှာ လျှို့ဝှက်ချက်ဆိုတာ မထားရဘူး။
လင်နဲ့မယားကြား လျှို့ဝှက်ချက်ထားရင် ပေါက်ကြားလာတဲ့တစ်နေ့
ပြဿနာ စတက်တော့တာပါဘဲ။

လျှို့ဝှက်ချက်ထားတဲ့သူအပေါ်မှာ ယုံကြည်ဘို့မလွယ်တော့ပါဘူး။
နောက်ဘယ်လောက်ကြီးဘဲ ကောင်းတာကို မှန်မှန်ကန်ကန်လုပ်လုပ်
တစ်ခါ မရိုးသားခဲ့တဲ့အတွက် ယုံကြည်မှုရဘို့ရန် ခဲရင်းပါတယ်။
လင်မယားကြား ဒီလို ယုံကြည်မှုမရှိတော့ဘူးဆိုရင်
ဒီလင် ဒီမယား ဘယ်လိုလုပ် ပျော်ရွင်မှု ချမ်းမြေ့မှု သာယာမှု
အပြည့်အ၀ ရနိုင်တော့မလဲ။

ဒါ့ကြောင့်
လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းဆုံဘို့
နှစ်ကိုယ်ကြားလျှို့ဝှက်ချက်လုံးဝမထားဘဲ
အစစအရာရာမှ တူညီတဲ့အသိ၊ တူညီတဲ့သိခြင်း ရှိနေရပါမယ်။

သမပညာကို နောက်တစ်မျိုး စဉ်းစားကြည့်ရအောင်။

ပညာကို ရိုးရိုးလေး ပညာလို့ဘာသာပြန်ပြီး
သမ ကို တူညီတာလို့ဘာသာပြန်ကြည့်ရအောင်။
အိမ်ထောင်ပြုလိုတဲ့သူတွေ သမပညာလို့ခေါ်တဲ့ ပညာတူညီဘို့လဲ လိုအပ်ပါတယ်။
ပညာဆိုတဲ့နေရာမှာ တက္ကသိုလ်က ပေးလိုက်တဲ့အတတ်ပညာကို ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ပိုင်အသိပညာကို ဆိုလိုတာပါ။

 အစပထမတော့ အချစ်မှာ မျက်စိမရှိဆိုတဲ့ ဆိုရိုးကို လက်ကိုင်ပြုပြီး
မိုးမမြင်လေမမြင်နဲ့ ချစ်လို့ ယူလိုက်ကြတာ။
အိမ်ထောင်ကျပြီးကာမှ ဇနီး (သို့) ခင်ပွန်းလုပ်တဲ့သူက
ပွဲနေပွဲထိုင် မ၀တ်တတ်တဲ့၊ မစားတတ်တဲ့၊ မသွားတတ်တဲ့၊ မပြောတတ်တဲ့
လူကြားသူကြား မနေတတ်တဲ့ ကိုယ့်အိမ်ထောင်သည်တွေ တွေ့ဘူးမှာပေါ့။
လင်မယားကြား Education Gap နဲ့ Intellectual Gap ကွာဟလွန်းအားကြီးရင်လဲ
အပြည့်အ၀ ပျော်ရွှင်မှု မရနိုင်ပါဘူး။

လောကုတ္တရာရေးရာမှာလဲ ပညာနဲ့ပတ်သက်ပြီးတူညီရပါမယ်။
ဒါနရေးရာ ဒါနအသိပညာ၊ သီလရေးရာ သီလအသိပညာ၊
ဘာဝနာရေးရာ ဘာဝနာအသိပညာတွေမှာ တူညီရပါမယ်။
ဒါမှသာ ဒီလင်ဒီမယား ဒီဘ၀မှာ ပေါင်းဆုံရရုံတင်မကဘဲ
ဖြစ်လေရာဘုံဘ၀မှာ (ဘုရားအလောင်းတော်တို့လို)
အတူတကွ ပေါင်းဆုံရပြီး ပါရမီဖြည့်ဘက်တွေ ဖြစ်နေမှာပါ။

လင်နဲ့မယားအကြား အဆင်ပြေဖို့
ဘုရားရှင်ဟောကြားပေးခဲ့တဲ့တရားတော်ကလည်း
သဒ္ဓါ၊ သီလ၊ စာဂ ပညာ တရားလေးမျိုးပါပဲ။
ဒီတရားလေးမျိုးကို သားသမီးနဲ့ မိဘအကြား ဟောကြားခဲ့တာကိုလည်း
ဗုဒ္ဓဘာသာစာပေမှာ တွေ့ရပါတယ်။

ဘုရားရှင် အလိုကျ
သားသမီးများအနေနဲ့ မိဘတွေကို
အကောင်းဆုံး ကျေးဇူးဆပ်နည်းနဲ့ ကျေးဇူးဆပ်ချင်ရင်
(၁) အဿဒ္ဓေ သဒ္ဓါသမ္ပဒါယ သမာဒပေတိ -
ဘာသာရေး မကိုင်းရှိုင်းတဲ့ မိခင်ဖခင်တွေကို ဘာသာရေးကိုင်းရှိုင်းလာအောင်
ပြုမူဆောင်ရွက်ပေးပါ တဲ့။
(၂) ဒုဿီလေ သီလသမ္ပဒါယ သမာဒပေတိ -
သီလမရှိတဲ့ သီလမဆောက်တည်နိုင်တဲ့ မိခင် ဖခင်တွေကို
သီလရှိလာအောင် သီလဆောက်တည်နိုင်လာအောင်
သီလ ဆောက်တည်ချင်လာအောင် ပြုမူဆောက်ရွက်ပေးပါတဲ့။
(၃) မစ္ဆရီ စာဂသမ္ပဒါယ သမာဒပေတိ -
နှမျှောတွန့်တိုပြီး ဒါနမျိုးစေ့မချချင်တဲ့ မိခင်ဖခင်တွေကို
ဒါနအမှုပြုချင်လာအောင် တိုက်တွန်းပေးပါ တဲ့။
(၄) ဒုပ္ပညေ ပညာသမ္ပဒါယ သမာဒပေတိ -
(ဒီမှာ ပညာကို ၀ိပဿနာပညာ ကို ယူလိုက်မယ်၊ ဆိုတော့
ဝိပဿနာပညာမရသေးတဲ့ မိခင်ဖခင်တွေကို ၀ိပဿနာပညာတွေ ရလာအောင်
ပြုမူဆောင်ရွက်ပေးပါတဲ့။
ဒါကို အဖြောင့် ထင်သာမြင်သာအောင် ဘာသာပြန်ပြပေးရရင်
တရားမထိုင်ချင်တဲ့ မိခင်ဖခင်တွေကို
တရားထိုင်ချင်စိတ်ဖြစ်ပေါ်လာအောင် ပြုမူဆောင်ရွက်ပေးပါတဲ့။

ဘုရားရှင်က ဒီလေးမျိုးကို မိဘတွေ ကျင့်သုံးချင်လာအောင်
ကျင့်သုံးလာအောင် သားသမီးတွေအနေနဲ့
ပြုလုပ်ပေးသင့်တယ်၊ ပြုလုပ်ပေးရမယ်တဲ့။
ဒါဟာ မိဘတွေကို အကောင်းဆုံး ကျေးဇူးဆပ်နည်းနဲ့ ကျေးဇူးဆပ်တာပါတဲ့။

ဘုရားရှင်ညွှန်ပြခဲ့တဲ့ ဒီတရား ၄ ပါးကို စဉ်းစားကြည့်လိုက်ရင်
အတိတ်ကံတစ်ခုခုကြောင့် ဒီဘ၀မှာ ဆုံးစည်းလို့ မိသားစုတစ်စုတည်းမှာ
အတူတူလူလာဖြစ်တဲ့သူတွေအနေနဲ့
နိဗ္ဗာန်မရမီ သံသရာခရီးလျှောက်လှမ်းရာမှာ
အဆင့်မြင့်မြင့်လျှောက်လှမ်းရဘို့ ဒီတရားလေးပါးကို ကျင့်သုံးအောင်
အချင်းချင်း တိုက်တွန်းကြဘို့ပါဘဲ။

ဒီတရားလေးပါးကို မိသားစုအချင်းချင်း ကျင့်သုံးစေတာဟာ
သံသရာခရီးလျှောက်လှမ်းရာမှာ အဆင့်မြင့်မြင့် လျှောက်လှမ်းနိုင်ဘို့အရေး
 လက်တွဲ ခေါ်ရာလည်း ရောက်ပါတယ်။
သံသရာခရီးအတွက် ဖေးမကူညီရလည်း ရောက်ပါတယ်။

ဒါ့ကြောင့် ဒီတရားလေးပါး မကျင့်သုံးချင်တဲ့ မကျင့်သုံးနိုင်တဲ့
မိဘတွေကို ကျင့်သုံးစေတာဟာ ဒီဘ၀ကောင်းစားရေးအတွက်သာမဟုတ်ပဲ
သံသရာခရီးကောင်းစားရေးအတွက်ပါဖြစ်လို့
အကောင်းဆုံးကျေးဇူးဆပ်နည်းလို့ ဘုရားရှင်ဟောခဲ့တာနေမှာလို့ စဉ်းစားမိပါတယ်။

ဆိုတော့ကား
မိဘတွေကိုသာမဟုတ်၊
နီးစပ်ရာ ညီ အစ်ကို၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတို့ကိုလည်း
ဒီတရားလေးမျိုးကို ကျင့်သုံးချင်လာအောင် တိုက်တွန်းသင့်ပါတယ်။

ပြန်ပြီးအကျဉ်းချုပ်လိုက်ရင်
ဘုရားရှင်က ဒီ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာဆိုတဲ့ဒီတရားလေးမျိုးကို
ပိုက်ဆံချမ်းသာဖို့၊ အခြံအရံပေါများဖို့၊ အသက်ရှည်ဖို့၊ ကောင်းရာသုဂတိရောက်ဖို့
ကျင့်သုံးသင့်ကြောင်းဟောကြားခဲ့ပါတယ်။
လင်နဲ့မယား၊ ဇနီးနဲ့ခင်ပွန်းအကြား အဆင်ပြေဖို့
ကျင့်သုံးသင့်ကြောင်း ဟောကြားခဲ့ပါတယ်။
မိဘနဲ့သားသမီးအကြား အဆင်ပြေဖို့
ကျင့်သုံးသင့်ကြောင်း ဟောကြားခဲ့ပါတယ်။

နေရာတိုင်းမှာ ဒီတရားလေးမျိုးကို ကျင့်သုံးသင့်ကြောင်း
ဘုရားရှင်ဟောကြားခဲ့တာကို ထောက်ဆပြီး
ဒီတရားလေးမျိုးဟာ လောကလူသားအတွက် အလွန်အရေးပါပြီး
ဘုရားရှင်အနေနဲ့ လူသားတွေကို အလွန်ကျင့်သုံးစေလိုကြောင်း ထင်ရှားပါတယ်။
ဒါ့ကြောင့် မွေးနေ့ရှင်ဒကာကြီးအပါအ၀င်
မိသားစုအားလုံး၊ ဆွေမျိုးဥာတကာ မိတ်ဆွေအပေါင်းအသင်းအားလုံး
ဒီတရားလေးမျိုးကို ကျင့်သုံးနိုင်ကြပါစေ၊
ဒီတရားလေးမျိုးကျင့်သုံးနိုင်ပြီး မိမိတို့ဘ၀အဆင့်အတန်း တစ်ဆင့်ထက်တစ်ဆင့်
မြင့်သထက် မြင့်လာပြီး မိမိတို့ ရည်မှန်းတဲ့ ပန်းတိုင်ကို လှမ်းကိုင်နေကြပါစေ။
သာဓု သာဓု သာဓု

(ဟောခဲ့ဘူးတဲ့တရားကို ပြန်လည်ရေးတင်လိုက်တာပါ)

Monday, September 17, 2012

လူရာဝင်ဖို့ (၃)

 
ဒီလင် ဒီမယားသက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းဆုံဘို့ နောက်အရေးကြီးတဲ့အချက်တစ်ချက်က
သမသဒ္ဓါ - ယုံကြည်မှု တူညီရပါမယ်။

သဒ္ဓါ - ယုံကြည်မှု၊ သမ - တူညီတာ၊
ဆိုတော့ သမသဒ္ဓါဆိုတာ ယုံကြည်မှုတူညီတာကို ပြောတာ။

တကယ်ပျော်ရွှင်တဲ့အိမ်ထောင်သည်တွေဖြစ်ဖို့
သက်ဆုံးတိုင်အိုအောင်မင်အောင်ပေါင်းဆုံဘို့အတွက်
နိုင်ငံရေးယုံကြည်ချက်တွေ၊ စီးပွါးရေးယုံကြည်ချက်တွေ
လူမှုရေးယုံကြည်ချက်တွေ စတဲ့လောကီရေးရာအဖြာဖြာမှာ
လင်မယားနှစ်ဦးစလုံး ယုံကြည်ချက်တူညီရပါမယ်။

ဒီလိုယုံကြည်ချက်တူညီမှသာ လင်မယား ပြုံပျော်ရွှင်စွာ
သက်ဆုံးတိုင်အိုအောင်မင်းအောင် ပေါင်းဆုံနိုင်မှာပါ။

နိုင်ငံရေးကိစ္စပဲ ဆိုပါစို့။
တစ်ယောက်က ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို ကြိုက်ပြီး
တစ်ယောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကြိုက်တယ်ဆိုရင်
ဒီလိုအကြိုက်ချင်းမတူတဲ့လင်မယားကြား
အမြဲတမ်းငြင်းခုံမှုတွေ တိုးပွါးပြီး လင်မယား ကွဲသွားနိုင်ပါတယ်။
အိုအောင်မင်အောင် ပေါင်းဆုံဘို့ မလွယ်ပါဘူး။
အိုအောင် မင်းအောင်ပေါင်းဆုံရသည်ထားဦး၊
လင်မယားကြား ပျော်ရွှင်မှုတော့ အပြည့်အ၀ရမှာ မဟုတ်တော့ပါဘူး။

ယုံကြည်မှုတူညီတာနဲ့ပတ်သက်လို့ ဒီထက်အရေးကြီးတာက
ဘာသာရေးယုံကြည်မှုတူညီဘို့ဘဲ။ ဘာသာအယူတူညီဘို့ပဲ။
ဘာသာရေးမှာ တူညီတဲ့ယုံကြည်မှုရှိမှသာ ဒီလင် ဒီမယား ပျော်ပျော်ရွှင်ရွှင်
ချမ်းချမ်းမြေ့မြေ့ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းဆုံနိုင်မှာပါ။

တစ်ယောက်က ဗုဒ္ဓဘာသာကို ယုံကြည်တယ်ဆိုရင်
ကျန်တစ်ယောက်က ဗုဒ္ဓဘာသာကို ယုံကြည်တဲ့သူဘဲ ဖြစ်သင့်ပါတယ်။
အဲ့လိုမဟုတ်ဘဲ တစ်ယောက်က မွတ်စလင်ဘာသာဝင်ဖြစ်ပြီး
တစ်ယောက်က ဗုဒ္ဓဘာသာဝင်ဆိုရင်
အိမ်ထောင်ရေးသာယာဘို့ မလွယ်ပါဘူး။
အိမ်ထောင်ရေးသာယာဘို့မပြောနဲ့။
ဒူးနဲ့မျက်ရည်သုတ်ရဖို့ အင်မတန်နီးစပ်ပါတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့သူက ဘုရားဆင်းတုတော်အိမ်မှာထား ကိုးကွယ်းချင်တယ်။
သောက်တော်ရေ၊ ပန်းစသည်ကပ် လှူဒါန်းချင်တယ်။
မွတ်စလင်ဘာသာဝင်ဖြစ်တဲ့သူက ဒါကို လက်ခံမှာ မဟုတ်ပါဘူး။
မွေးလာတဲ့ခလေးအတွက်ရော၊
ဗလီကို ပို့ရမှာလား။ ဘုန်းကြီးကျောင်းပို့ ရှင်ပြုပေးရမှာလား။
ဘာသာရေးယုံကြည်ချက်မတူတဲ့သူတွေ အိမ်ထောင်ကျပြီဆိုရင်
ပြဿနာတွေ အများကြီး တက်လာနိုင်ပါတယ်။

ဒါတင်မကပါဘူး။
နောင်ဘ၀မှာလဲ ပြန်လည်ဆုံဆည်းလိုတဲ့ ဒီလင် ဒီမယားအတွက်
ဒီ သမသဒ္ဓါလို့ဆိုတဲ့ ယုံကြည်မှုတူညီရမယ်ဆိုတဲ့အချက်ဟာ
အင်မတန်အရေးကြီးပါတယ်။

လောကကြီးထဲမှာ ဘာသာတရားအသီးသီးရှိကြတယ်ဆိုပေမဲ့
အမှန်တရားဟာ တစ်ခုသာရှိတယ်ဆိုရင်
ဘာသာမတူဘဲ အိမ်ထောင်ပြုထားတဲ့လင်မယားနှစ်ဦး၊
ကွယ်လွန်တဲ့အခါ မှားတဲ့ဘာသာအယူရှိတဲ့သူက
ငရဲပြည်သွားရမှာဖြစ်ပြီး မှန်တဲ့ဘာသာအယူရှိတဲ့သူက
ကောင်းတဲ့ဘုံသွားရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဘာသာရေးမှာ ယုံကြည်မှုမတူတဲ့သူကို
အိမ်ထောင်ပြုရင် နောင်ဘ၀ပြန်လည် မဆုံဆည်းနိုင်တော့ပါဘူး။
ဘုရားရှင်က ဒါကို မြင်လို့
နောင်ဘ၀မှာလဲ ဒီလင် ဒီမယားပြန်လည်ဆုံဆည်းချင်သေးသပဆိုရင်
သမသဒ္ဓါ - ယုံကြည်မှုတူညီကြပါ လို့ပြောတာပါ။

ပျော်ရွှချမ်းမြေ့စွာ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းနိုင်ဘို့
အိမ်ထောင်သည်တို့ နောက်ထပ်လိုက်နာရမည့်အချက်က
သမစာဂ ဖြစ်ဖို့လိုပါတယ်။

စာဂ - ထောက်ပံ့မှု၊ ပေးကမ်းမှု၊ လှူဒါန်းမှု၊ သမ - တူညီတာ။
ဆိုတော့ သမစာဂဆိုတာ
ထောက်ပံ့မှုတူညီ၊ ပေးကမ်းမှုတူညီတာ၊ လှူဒါန်းမှုတူညီတာကို ပြောတာ။

အိမ်ထောင်ကျလို့ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင်
အရင်မိဘနှစ်ဦးသာ ရှိရာက
သူ့ဘက်က မိဘနှစ်ဦး၊ ကိုယ့်ဘက်က မိဘနှစ်ဦးဆိုပြီး
မိဘက လေးဦးဖြစ်လာပါတယ်။

မိဘလေးဦးဖြစ်လာသလို
သူ့ဘက် ကိုယ့်ဘက် ညီအစ်ကို မောင်နှမ၊
သူ့ဘက် ကိုယ့်ဘက် ဆွေမျိုး၊ သူ့ဘက်ကိုယ့်ဘက် သူငယ်ချင်းဆိုပြီး
အသိုင်းအ၀ိုင်းလဲ တိုးပွါးလာပါတယ်။

ဒီလို သူ့ဘက်ကိုယ့်ဘက် ရှိလာတဲ့ တိုးပွါးလာတဲ့ အသိုင်းအ၀ိုင်းကို
ထောက်ပံ့တဲ့နေရာမှာ တူညီမှုရှိရပါမယ်။
သို့မှသာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်သည်တွေဖြစ်လာမှာ ဖြစ်ပြီး
သက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းဆုံရမှာပါ။

ဟိုတလောက စင်္ကာပူက ဇနီးမောင်နှံအကြောင်းကြားလိုက်ပါသေးတယ်။
ဇနီးလုပ်တဲ့သူက သူ့မိဘတွေကိုတော့ စင်္ကာပူကို အကြာကြီး ခေါ်ထားပြီး
လင်လုပ်တဲ့သူရဲ့ မိဘတွေ တစ်ပတ်လောက်လာလည်တာကိုကြတော့
ဆောင့်ကြီးအောင့်ကြီးနဲ့ မကြည်မဖြူဆက်ဆံတာကို တွေ့ရကြောင်း ကြားရပါတယ်။

စာရေးသူနဲ့ သိတဲ့ ဇနီးမောင်နှံစုံတွဲတစ်တွဲလည်း ဒီလိုဘဲ။
သူ့တူလေး ၁၀ တန်းအောင်တော့ ၀ယ်ပေးလိုက်တဲ့ပစ္စည်း
လစာ တစ်လစာနဲ့တောင် မလောက်ဘူးတဲ့။
ကိုယ့်တူ ၁၀ တန်းအောင်လို့
အ၀တ်အစားလေး တစ်စုံဝယ်ပေးတာကို ဒီနေ့အထိပြောလို့မပီးသေးဘူးလို့
ခင်ပွန်းလုပ်တဲ့သူက ပြောဘူးပါတယ်။

ဒါတွေဟာ သူ့ဘက် ကိုယ့်ဘက် မကြည့်တတ်တာပါ။
သူ့ဘက်ကိုယ့်ဘက် ထောက်ပံ့မှု မတူညီတာပါ။

ဒီလို ထောက်ပံ့မှုမတူညီရင် ဒီလင် ဒီမယား သက်ဆုံးတိုင်
အိုအောင်မင်းအောင် ပေါင်းဆုံရဘို့ မလွယ်ကူပါဘူး။
သက်ဆုံးတိုင်ပေါင်းဆုံရသည်ထား၊၊
(မတတ်သာလို့သာ မျိုသိပ်အောင့်အီးသည်းခံနေရတာ ဖြစ်တဲ့အတွက်)
ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်မှာ မဟုတ်ပါဘူး။

ဒါတင်မကပါဘူး။
သမစာဂဆိုတဲ့ ပုဒ်မှာပါတဲ့ စာဂ ဆိုတဲ့စကားလုံးကို
ပေးကမ်းလှူဒါန်းမှုလို့လဲ ဘာသာပြန်ရပါတယ်။ စာဂနဲ့ ဒါန အဓိပ္ပါယ်တူပေါ့။

ဆိုတော့ ပေးကမ်းလှူဒါန်းတဲ့နေရမှာလဲ တူညီဘို့ သမစာဂဖြစ်ဖို့ လိုအပ်ပါတယ်။
ပေးကမ်းလှူဒါန်းတဲ့နေရာမှာ လင်ရော မယားပါ စိတ်တူ ကိုယ်တူ လှူဒါန်းသင့်ပါတယ်။
လင်က သိန်းတစ်ရာလှူဒါန်းလိုပေမဲ့ မယားစိတ်ပါမှ လှူဒါန်းတာ အကောင်းဆုံးပါဘဲ။

ဒီလို လင်ရော မယားပါ စိတ်တူ ကိုယ်တူ အလိုတူလှူဒါန်းပါမှ
(အထက်တစ်နေရာမှာ ပြောခဲ့သလို)
တူညီတဲ့အကျိုးတရားတွေ ရမှာဖြစ်တဲ့အတွက်
ဖြစ်လေရာဌာန၊ ဖြစ်လေရာဘ၀မှာ တစ်နေရာတည်း တစ်ဘ၀တည်းမှာဖြစ်ပြီး
ပြန်လည်ဆုံစည်းရမှာပါ။
 
ဆက်ရန်...

Friday, September 14, 2012

လူရာဝင်ဖို့ (၂)


သဒ္ဓါ - ဘာသာတရားကို ကိုင်းရှိုင်းမှု၊ ယုံကြည်မှု
သီလ - ငါးပါးသီလ၊ ရှစ်ပါးသီလစသည်
စာဂ - စွန့်ကြဲပေးကမ်း ထောက်ပံ့ လှူဒါန်းခြင်း
ပညာ - အသိ ဥာဏ်ပညာ ဗဟုသုတရှိခြင်း
ဒီလေးမျိုးကို အိမ်ထောင်ရှင် လင်မယားအကြားမှာလည်း ကျင့်သုံးဖို့
ဟောကြားထားပါတယ်။

အိမ်ထောင်ဆိုလို့ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကို
ပြောပြအုံးမယ်။
ဟိုတစ်နေ့က တရုတ်ဗုဒ္ဓဘာသာဝင်တစ်ဦးရောက်လာတယ်။
ဟိုအကြောင်း ဒီအကြောင်းစပ်စုပြီး
ဗုဒ္ဓဘာသာဝင်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်အကြောင်းမေးပါတယ်။

တချိန်တည်းမှာဘဲ
ဒီနိဗ္ဗာန်ကို ရောက်ဖို့ ရဖို့ ခံစားရဖို့ တွေ့ကြုံရဖို့ ရဟန်းမဖြစ်မနေပြုရပါသလား။
ဗုဒ္ဓဘာသာရှုဒေါင့်က အိမ်ထောင်ပြုမှုအပေါ် ဘယ်လိုမြင်ပါသလဲလို့ ဆက်မေးပါတယ်။

အိမ်ထောင်ပြုခြင်း ဆိုတာ လူ့မှုလုပ်ငန်းတွေထဲက လုပ်ရိုးလုပ်စဉ်တစ်ခုပါ။
ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့
သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ
လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။

လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ
ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။

ဒါ့ကြောင့် လူတစ်ဦးတစ်ယောက်အိမ်ထောင်ပြုတာဟာ
ကုသိုလ်၊ အကုသိုလ်နဲ့ မဆိုင်ပါဘူး၊
အိမ်ထောင်ပြုတာ ကောင်းတယ်၊ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောလို့မရပါဘူး။

ဒီထက်ရှင်းရှင်းပြောရရင်
အိမ်ထောင်ပြုတာဟာ ဘာသာရေးနဲ့လုံးဝ မပတ်သက်ပါဘူး။
အိမ်ထောင်ပြုတယ် မပြုဘူးဆိုတာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။

လူဖြစ်လာလို့ လူ့လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်လိုက်တာပါဘဲ။

ဗုဒ္ဓဘာသာက လူတစ်ဦးတစ်ယောက်ကို အိမ်ထောင်ပြုပါလို့လဲ မတိုက်တွန်းပါဘူး။
ဘုန်းကြီး၊ သီလရှင်ဝတ်ပါလို့လဲ မတောင်းဆိုပါဘူး။

ကိုယ်ဖြစ်ချင် လုပ်ချင်တဲ့အရာကို ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချကာ
ကိုယ်လုပ်တဲ့လုပ်ငန်းက ဖြစ်ထွန်းလာတဲ့ အကျိုးဆက်ကို
ကိုယ်ကဘဲ တာဝန်ယူရတာ ဗုဒ္ဓဘာသာပါ။

ဒါပေမဲ့လဲ အိမ်ထောင်ရေးမှာ လောလောဆယ်ကျင့်သုံးနေတဲ့
တစ်လင် တစ်မယားဓလေ့ထုံးစံ၊ မယားပြိုင်ဓလေ့ထုံးစံတွေနဲ့ပတ်သက်လို့
ဘယ်ဓလေ့ထုံးစံကို ကျင့်သုံးရမယ်လို့ ဗုဒ္ဓဘာသာစာပေမှာ တိတိပပ မတွေ့ရပေမဲ့
တစ်လင်တစ်မယားစနစ်ကိုသာ ဦးစားပေးအကြံပြုထားတဲ့ သုတ္တန်တွေ အတော်တွေ့ရပါတယ်။

အိမ်ထောင်ကျပြီးသား အမျိုးကောင်းသား အမျိုးကောင်းသမီးဟာ
တစ်ဦးအပေါ် တစ်ဦးသစ္စာရှိဘို့၊
မိမိလင်ယောက်ကျား (သို့) မိမိဇနီးမယားမှတပါး
တခြားသူနဲ့ မကျူးလွန်ဘို့၊ မပစ်မှားဘို့ စတဲ့
ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်ရေးအတွက် အကြံပေးထားတာတွေ ရှိပါတယ်။

ဗုဒ္ဓစာပေတစ်နေရာမှာ
“ကိုယ့်မိန်းမမှတစ်ပါး တခြားသောမိန်းမတွေနဲ့ ကျူးလွန်ဖောက်ပြန်တာဟာ
 စီးပွါးရေး လူမှုရေးစတဲ့လုပ်ငန်းတွေအဆင်မပြေမှုရဲ့  အဓိကတရားခံဘဲ” တဲ့။

ဒါ့ကြောင့်
လူသားတိုင်း ခါးဝတ်ပုဆိုးလို (ခါးဝတ်ဘောင်းဘီလို)
ခိုင်မြဲအောင်ကျင့်ဆောင်ရမဲ့ငါးပါသီလထဲမှာ
ဒီအိမ်ထောင်ရေးဖောက်ပြန်မှုမှ ရှောင်ကြည်ရမဲ့သီလကို ထည့်သွင်းထားတာလို့ ယူဆနိုင်မယ်။

ဗုဒ္ဓဘာသာစာပေမှာ
အိမ်ထောင်ရှင်တွေအတွက် အကြံပြုထားတာတွေ လေ့လာဘူးပါတယ်။
ဒီဘ၀မှာလည်း ပျော်ရွှင်ချမ်းမြေ့စွာ သက်ဆုံးတိုင်
အိုအောင်မင်းအောင် ပေါင်းလိုလှတဲ့
နောင်ဘ၀မှာလည်း
ပြန်လည်ဆုံဆည်းလိုကြတဲ့ အိမ်ထောင်ရှင် ဇနီးမောင်နှံတို့ကို
ဟောထားတဲ့ အကြံပြုချက်ကလည်း အစောက ပြောခဲ့တဲ့ အချက်လေးချက်ပါပဲ။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က
ဇနီးမောင်နှံနှစ်ဦးက ဘုရားရှင်ကို လျှောက်တယ်။

ဒီဘ၀မှာလဲ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နဲ့
သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းလိုလှတယ်။
နောင်ဘ၀မှာလဲ ပြန်လည်ဆုံဆည်းလိုလှတယ်။
ဒီအတွက်ကျင့်ဆောင်ရမဲ့နည်းလမ်းလေးရှိရင် ညွှန်ပြစမ်းပါတဲ့။

ဒီတော့ ဘုရားရှင်က
ဒီအတွက် လိုက်နာရမဲ့အချက်က
နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။

သမသီလဆိုတာ
သီလ က အလေ့အကျင့်၊ ၀ါသနာ၊ သမ - တူညီတာ။
ဆိုတော့ သမသီလ ဆိုတာ အလေ့အကျင့် ၀ါသနာတူညီတာ။

လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းဆုံဘို့ အရေးအကြီးဆုံးအချက်က
သမသီလ - အိမ်ထောင်ရှင် အကြင်လင်မယားနှစ်ဦးစလုံး
အလေ့အကျင့်၊ ၀ါသနာတူညီဘို့ပါဘဲ။

သမသီလဆိုတဲ့ပုဒ်ကိုဘဲ
သီလ ကို သီလလို့ဘာသာပြန်ပြီး သမကို တူညီတာလို့ ဘာသာပြန်ရင်
သမသီလ ဆိုတာ တူညီသောသီလ လို့ အဓိပ္ပါယ်ရပါတယ်။

ဆိုတော လင်မယားဖြစ်ပြီဆိုရင်
သမသီလ - တူညီတဲ့သီလကို ဆောက်တည်ကျင့်သုံးရပါတယ်။

လင်ယောက်ကျားက ငါးပါးသီလဆောက်တည်တယ်ဆိုရင်
ဇနီးမယားကလဲ ငါးပါးသီလပဲ ဆောက်တည်ရပါတယ်။
ဒီလိုဘဲ၊ တစ်ယောက်က ရှစ်ပါးသီလဆို နောက်တစ်ယောက်က
ရှစ်ပါးသီလ ဆောက်တည်ရပါတယ်။
ဒါကို သမသီလ - တူညီတဲ့သီလ လို့ပြောတာ။

ဒီလို တူညီတဲ့သီလကို ဆောက်တည်မှသာ
ဒီဘ၀မှာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်သည်ဘ၀ပိုင်ရှင်တွေဖြစ်လာမှာ ဖြစ်ပြီး
အိုအောင်မင်းအောင် ပေါင်းဆုံရမှာပါ။

အဲ့လိုမဟုတ်ဘဲ တစ်ယောက်က ငါးပါးသီလကိုစောင့်သုံးပြီး
တစ်ယောက်က ရှစ်ပါးသီလကို စောင့်သုံးတယ်ဆိုရင်
သမသီလ - တူညီတဲ့သီလ မရှိတော့ပါဘူး။
ဒါ့ကြောင့် ညနေစာစားဘို့ကိစ္စတွေလဲ မတူညီတော့ဘူးပေါ့။
မတူညီတော့ ပျော်ရွှင်မှု အပြည့်အ၀ မရနိုင်တော့ဘူးပေါ့။

ဒီထက်ဆိုးတာက ဗြဟ္မစရိယ၊ အဗြဟ္မစရိယကိစ္စတွေ။

ဆိုတော့ ဘုရားရှင်ဟောကြားခဲ့တဲ့ လင်မယားကြား
သမသီလ - တူညီတဲ့သီလရှိရမယ်ဆိုတာ အတော်ခရီးရောက်ပါတယ်နော့။

ဒါတင်မကသေးဘူး၊
နောင်ဘ၀မှာလဲ ဒီဇနီးမောင်နှံက ပြန်လည်ဆုံဆည်းချင်တာဆိုတော့
ဒီသမသီလ - တူညီတဲ့သီလစောင့်ထိန်းမှုက အရေးပါနေပြန်ရော။

ကိုယ်တို့ဗုဒ္ဓဘာသာမှာ နတ်ပြည်က ခြောက်ထပ်ရှိတာမို့လား။
ဒီလင်ဒီမယား တူညီတဲ့သီလစောင့်ထိန်းမှုရှိမှသာ
နောင်ဘ၀မှာ နတ်ပြည်များရောက်ခဲ့ရင် နတ်ပြည်တစ်ထပ်တည်းမှာ
နတ်သားနတ်သမီးဖြစ်မှာမို့လား။

အဲ၊ တစ်ယောက်က ငါးပါးသီလစောင့်ထိန်းပြီး
တစ်ယောက်က ရှစ်ပါးသီလစောင့်ထိန်းတယ်ဆိုရင်နတ်ပြည်ခြောက်ထပ်မှာ
ငါးပါးသီလစောင့်ထိန်းသူက အဆင်းနိမ့်တဲ့နတ်ပြည်မှာ နတ် သွားဖြစ်ပြီး
ရှစ်ပါးသီလစောင့်ထိန်းသူက အဆင့်မြင့်တဲ့ နတ်ပြည်မှာ နတ် သွားဖြစ်မှာပေါ့။
ဒီတော့ ဘယ်လိုလုပ် နောင်ဘ၀မှာ ပြန်လည်ဆုံဆည်းနိုင်မလဲ။

ဒါ့ကြောင့် ဒီဘ၀မှာတင်မက နောင်ဘ၀မှာပြန်လည်ဆုံဆည်းလိုရင်
သမသီလရှိရမယ်လို့ ဘုရားရှင်ဟောခဲ့တာလို့ ယူဆမိပါတယ်။
ဆက်ရန်….
(လွန်ခဲ့တဲ့ရက်အနည်းငယ်က မွေးနေ့ပွဲတစ်ခုမှာ ဟောခဲ့တဲ့ တရားတော်)

Wednesday, September 12, 2012

လူရာဝင်ဘို့ (၁)


ဆွမ်းတော့ဘုဉ်းပေးပြီးသွားပြီ ဒကာ၊
သီလပေး အနုမောဒနာတရားချီးမြှင့်ရအုံးမယ်။
၁၀ မိနစ်လောက် တရားနာယူလိုက်ကြအုံး။
နို့ နေပါဦး၊ ဒီနေ့ ဆွမ်းပင့်ကပ်တာက ဘာအတွက် ကပ်တာလဲ ဒကာရဲ့။
ဘာအတွက်ကပ်တယ်ဆိုတာသိမှ အနုမောဒနာတရားဟောရတာ အဆင်ပြေမယ်မို့လား။

တပည့်တော် မွေးနေ့ပါဘုရား

ဒကာ့အသက် ဘယ်လောက်ရှိသွားပြီလဲဟဲ့

တပည့်တော်အသက် လေးဆယ်ပြည့် မွေးနေ့ပါဘုရား။

ဒီလိုဆို ဒကာ့အသက်က ဦးဇင်းအသက်နဲ့ သိပ်မကွာဘူးပဲဟ။

ဦးဇင်းအသက်က ဘယ်လောက်မို့လဲဘုရာ့။

၄၀ ထဲမှာပဲ ဒကာ

အော်၊ တပည့်တော်က တပည့်တော်ထက် အတော်ငယ်မယ်ထင်နေတာ၊
ဦးဇင်းသက်တော်ကို ၃၀ လောက်ပဲ ထင်နေတာဘုရား..။

ဦးဇင်းအသက်ကို ဒကာခန့်မှန်းတာက ကြီးနေသေးတယ်၊
ဟိုနေ့က မလေး-တရုတ်ကပြားဒကာမတစ်ယောက်ကျောင်းလာတယ်၊
သူက ဦးဇင်းအသက်ကို ၂၆ နှစ် လောက်ပဲ ထင်နေတာ ဒကာရဲ့။
ဒါတွေထားပါတော့လေ။ အနုမောဒနာတရား ဟောကြပါစို့။

အများပြောနေတဲ့စကားကို ယူပြောရရင်
အခုဒကာ့အသက် ၄၀ ပြည့်ပြီဆိုတော့ ဘ၀စပြီပေါ့။
လူရယ်လို့ဖြစ်လာပြီဆိုရင် လူရာဝင်ဘို့ လိုပါတယ်။
လူရာဝင်ဘို့ ကြိုးစားရပါမယ်။
ကျောင်းသားအရွယ်မှာ ကျောင်းစာတော်ရင် အဲ့ကျောင်းသားဟာ
ကျောင်းစာသင်ခန်းထဲမှာ လူရာဝင်တော့တာပါပဲ။

ကျောင်းပြီးလို့ ဘွဲ့ရတဲ့အခါ စီးပွါးရှာတဲ့အရွယ်ရောက်လာပြန်တော့လည်း
ပိုက်ဆံများများရှာနိုင်တဲ့သူဟာ လူရာဝင်တော့တာပါပဲ။

ဒကာ့အသက် ဒီနေ့ ၄၀ ပြည့်ပြီဆိုတော့ လူရာဝင်ဘို့အတွက်
ကျောင်းစာတော်ရုံနဲ့ မလုံလောက်တော့ပါဘူး။
ပိုက်ဆံများများရှာနိုင်ရုံနဲ့ မလုံလောက်တော့ပါဘူး။
အသက် ၄၀ ကျော်လာသူအဖို့ လူရာသူရာဝင်ဘို့အတွက်
နံပါတ် (၁) သဒ္ဓါသမ္ပဒါ - သဒ္ဓါတရားနဲ့ပြည့်စုံရပါမယ်။
သဒ္ဓါတရားနဲ့ပြည့်စုံရမယ်ဆိုတာ ယုံကြည်မှုနဲ့ ပြည့်စုံရမယ်လို့ ပြောတာပါ။
ယုံကြည်မှုဆိုတာ ဘုရား၊ တရား၊ သံဃာ - ရတနာသုံးပါးယုံကြည်မှုကို ပြောတာပါ။

ဆိုတော့ သဒ္ဓါသမ္ပဒါ - သဒ္ဓါတရားနဲ့ပြည့်စုံရမယ်ဆိုတာကို
တိုက်ရိုက်နားလည်အောင် ပြောပြရမယ်ဆိုရင် ဘာသာရေးကိုင်းရှိုင်းရမယ်လို့ ပြောတာပါ။

ဟုတ်ပါတယ်။
အသက် ၄၀ အောက်အရွယ် အသက် ၃၀၊ ၂၀ အရွယ်တွေမှာတုန်းက
ဘာသာရေးမကိုင်းရှိုင်းတာ၊ ဘာသာရေးလုပ်ငန်း မလုပ်တာ၊
ဘာသာရေးအခန်းအနား၊ ဘာသာရေးပွဲတွေမှာ ထဲထဲဝင်ဝင်မလုပ်တာ
သိပ်မသိသာသေးပါဘူး။
အဲ၊ အသက် ၄၀ ပြည့်လို့ ကျော်လာပြီဆိုရင်တော့ ဘာသာရေးလုပ်ငန်းတွေ
ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သင့်ပါတယ်။
သို့မှသာ ကိုယ့်ဝန်းကျင် လူ့အဖွဲ့အစည်းက ကိုယ့်ကို အသိအမှတ်ပြုလာပြီး
ကိုယ့်ကို လူစာရင်း သူစာရင်းထဲ သွင်းပေးမှာပါ။
ကိုယ်က လူရာသူရာ ၀င်လာမှာပါ။

အသက် ၄၀ ကျော်လာသူအဖို့ လူရာသူရာဝင်ဘို့အတွက်
နံပါတ် (၂) ဖြည့်ကျင့်ရမှာက သီလသမ္ပဒါ - သီလနဲ့ ပြည့်စုံရမယ်တဲ့။
သီလဆိုရာမှာ များများစားစားမဟုတ်တောင် အခြေခံ ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းဖို့ပါပဲ။
အခြေခံကျင့်ဝတ်ဖြစ်တဲ့ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊
သူ့အိမ်ယာပြစ်မှားခြင်း၊ သူ့လိမ်ပြောခြင်း၊ အရက်သောက်၊ ဘိန်းရှူ၊ ဖိုးထိုးခြင်းတို့မှ
ရှောင်ကြဉ်ခြင်းလို့ ဆိုတဲ့ ဒီငါးပါးသီလမှ မလုံခြုံဘူးဆိုရင်
ထိုအသက် ၄၀ ကျော်လာသူကို အဖက်လုပ်ချင်တဲ့သူ နည်းပါးမှာပါ။
ထိုသူဟာ တဖြေးဖြေး လူ့အဖွဲ့အစည်း အပြင်ဘက်ရောက်သွားပြီး
လူရာသူရာ ၀င်နိုင်မယ် မဟုတ်တော့ပါဘူး။

လူရာသူရာဝင်ဘို့ နံပါတ် (၃) ဖြည့်ကျင့်ရမှာက
စာဂသမ္ပဒါ - ထောက်ပံ့မှုနဲ့ ပြည့်စုံရမယ်တဲ့။ ပြည့်စုံတဲ့ထောက်ပံ့မှုရှိရမယ်ပေါ့။

အိမ်ထောင်သည်တွေအဖို့ ဇနီးမယား သမီးသားတွေကို ထောက်ပံ့ရမယ်။
အိမ်ထောင်မရှိသူအဖို့ မိဘတွေကို ထောက်ပံ့ရမယ်။
ဒီလိုထောက်ပံ့မှာသာ ပတ်ဝန်းကျင်က
လူကောင်း သူကောင်းသတ်မှတ်မှာ ဖြစ်ပြီး လူရာသူရာသွင်းမှာပါ။
ဒီလိုမျိုး မထောက်ပံ့ပဲ ဇနီးမယား သမီးသားတွေကို မိဘတွေကို
ပစ်ထားလိုက်မယ်ဆိုရင် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက
ထိုသူ့ကို လူကောင်း သူကောင်းအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။

လူရာသူရာဝင်ဖို့ နောက်ဆုံး နံပါတ် (၄) အချက်က ပညာသမ္ပဒါတဲ့။
အသိဥာဏ်ပညာ အတွေးအခေါ် ဗဟုသုတရှိရမယ်ပေါ့။
အသက်ကြီးလာပြီး အသိဥာဏ်မရင့်ကျက်ပဲ ကလေးကုလားလို
ပြုမူ ပြောဆို ကြံစည်နေမယ်ဆိုရင်လည်း လူရာသူရာ မ၀င်နိုင်ပါဘူး။
လူရာသူရာဝင်ဖို့ အတွက် ဒီအချက်လေးချက်ကို လိုက်နာကျင့်သုံးစေချင်ပါတယ်။

ဒီအချက်လေးချက်ကို ဦးဇင်းတို့ဘုရားရှင်က
နေရာအတော်များများမှာ ဟောကြားပေးထားတာ တွေ့ရလို့ပါ။

ဒီအချက်လေးချက်နဲ့ပတ်သက်လို့
(ဘယ်ဘာသာဝင်မဆို ဘာလူမျိုးမဆို အသက်ကြီးလာလို့ အသိဝင်လာတာနဲ့)
လူသားတွေ ပထမဆုံးလိုလားတောင့်တာတာက
ပိုက်ဆံချမ်းသာချင်တာတဲ့ (ဘောဂါ မေ ဥပ္ပဇ္ဇန္တု)။

လူဟာ ပိုက်ဆံရှိလာပြီဆိုရင် ပိုက်ဆံရှိရုံနဲ့ မပြည့်စုံသေးဘူး။ မလုံလောက်သေးဘူး။
ထပ်ပြီး လိုလားတောင့်တတယ်။
ဒုတိယထပ်ပြီးလိုလားတောင့်တာတာက
သူငယ်ချင်းအပေါင်းအသင်း၊ ဆွေးမျိုးဥာတကာ၊ အခြံအရံ အသိုင်းအဝိုင်းနဲ့
တင့်တောင့် တင့်တယ်နေချင်လာတယ်တဲ့ ။ (ယသော မေ အာဂစ္ဆတု)

လူတစ်ယောက်ဟာ ပိုက်ဆံလည်း ရှိလာပြီ၊
အသိုင်းအဝိုင်းလည်း တောင့်လာပြီဆိုရင် အသက်ရှည်ရှည် နေချင်လာတယ်။
မသေချင်ကြတော့ဘူး။
ဟုတ်တယ်။ စီးပွါးရေးအဆင်မပြေတဲ့သူတွေကတော့ သေသွားအေးတာပဲဆိုပြီး
တခါတရံ သေချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။
ဒါ့ကြောင့် ပိုက်ဆံရှိ ချမ်းသာပြီး အသိုင်းအဝိုင်းတောင့်တင်းသူအဖို့
တတိယလိုလားတောင့်တတာက
စိရံ ဇီဝါမိ ဒီဃမာယုံ ပါလေမိ - အသက်ရှည်ရှည် နေပါရစေတဲ့။

လူဆိုတာ သေမျိုးပဲ။ ဘယ်လောက်ပဲ အသက်ရှည်ရှည်နေရ နေရ၊
အချိန်တန်ရင် သေကြရမှာ။ အဲ့လိုသေတဲ့အခါမှာလည်း
ကောင်းတဲ့ဘုံဘ၀ကို ရောက်ချင်ကြတယ်။
ဒါ့ကြောင့် စတုတ္ထမြောက်နောက်ဆုံးလိုလားတောင့်တတာက
သုဂတိံ သဂ္ဂံ ဥပပဇ္ဇာမိ - သေတဲ့အခါမှာလည်း ကောင်းရာသုဂတိ လားပါရစေ တဲ့။

ဒီလေးမျိုးကို ဘယ်လိုလူမျိုးမဆို ဘယ်ဘာသာဝင်မဆို လိုချင်ကြတယ်၊
လိုလားတောင့်တကြတယ်တဲ့။
ဗုဒ္ဓဘာသာစာပေမှာ ဒီလေးမျိုးကိုလိုချင်တယ်ဆိုရင် အစောကပြောခဲ့တဲ့
အချက်လေးချက် လိုက်နာကျင့်သုံးရပါတယ်။
၁။ ဘာသာတရားကိုင်းရှိုင်းရမယ်၊
၂။ အခြေခံငါးပါးသီလ လုံခြုံရမယ်၊
၃၊ တာဝန်ဝတ္တရားရှိသည့်အားလျှော်စွာ ထောက်ပံ့ရမည့်သူကို ထောက်ပံ့ရမယ်၊
၎။ အသိဥာဏ်ပညာ ဗဟုသုတ ပြည့်စုံကြွယ်ဝရမယ်။

ဒီအချက်လေးချက်ကို ဘုရားရှင်က လင်နဲ့မယားကြား ၊ ဇနီးခင်ပွန်းကြား
ညီတူညီမျှ ကျင့်သုံးဖို့ ဟောကြားထားပါသေးတယ်။

ဆက်ရန်…
(လွန်ခဲ့တဲ့ရက်အနည်းငယ်က မွေးနေ့ပွဲတစ်ခုမှာ ဟောခဲ့တဲ့ တရားတော်)

Wednesday, September 5, 2012

ပိဋကသုံးပုံ နှုတ်ငုံဆောင် တိပိဋကဓရဆရာတော်များ

၁။ ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ
(၀ိသိဋ္ဌတိပိဋကဓရ မဟာတိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက၊
အဂ္ဂမဟာပဏ္ဍိတ၊ အဘဓိဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊
ဓမ္မနာဒကျောင်းတိုက် မင်းကွန်းတောင်ရိုး။
(ဇာတိ - မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျည်းပင်ရွာ ၁၂၇၃-၁၃၅၄)

၂။ ဘဒ္ဒန္တနေမိန္ဒ
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ)၊ မဟာဝိသုတာရာမအလယ်တိုက်၊ ပခုက္ကူမြို့။
(ဇာတိ - မကွေးတိုင်း မြိုင်မြို့နယ် ဂွေးပင်တွင်းရွာ ၁၂၈၉ - ၁၃၅၃)

၃။ ဘဒ္ဒန္တကောသလ္လ
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ)၊ ပွင့်လှသိမ်ကုန်းကျောင်းတိုက်၊ ပြည်မြို့။
(ဇာတိ - ပဲခူးတိုင်း ပြည်မြို့နယ် ၀က်ထီးကန် ၀ါရုံဆိပ်ရွာ၊ ၁၂၈၉ - ၁၃၅၇ )

၎။ ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ)၊
မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်၊ ဗဟန်း၊ ရန်ကုန်။
(ဇာတိ - စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ် အင်ကြင်းပင်ရွာ၊ ၁၃၀၈ -၁၃၆၈)

၅။ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ)၊
မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်၊ ဗဟန်း၊ ရန်ကုန်။
(ဇာတိ - စစ်ကိုင်းတိုင်း ဂန့်ဂေါမြို့နယ် လက်ပံရွာ၊ ၁၃၀၄ - )

၆။ ဘဒ္ဒန္တ၀ါယာမိန္ဒာဘိဝသ  
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ)၊
တိပိဋကျောင်းတော် ရန်ကုန်။ (ဇာတိ - မကွေးတိုင်း ရေစကြိုမြို့နယ် ရွှေကျောင်းရွာ၊ ၁၃၁၆ - )

၇။ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ  
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက)၊
တိပိဋကနိကာယ ကျောင်းတိုက်၊ မင်းကွန်း။
(ဇာတိ - ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ပန်းတောစုရွာ၊ ၁၃၂၅ - )

၈။ ဘဒ္ဒန္တ၀ံသပါလာလင်္ကာရ
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက)၊
တိပိဋကနိကာယ ကျောင်းတိုက်၊ မင်းကွန်း။
(ဇာတိ - စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ခွက်ခွင်းစံပြကျေးရွာ၊ ၁၃၂၇ - )

၉။ ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက)၊
တိပိဋကနိကာယ ကျောင်းတိုက်၊ မင်းကွန်း။
(ဇာတိ - မန္တလေးတိုင်း မြင်းခြံမြို့နယ် လေးအိမ်တန်းရွာ၊ ၁၃၂၉ - )

၁၀။ ဘဒ္ဒန္တသုန္ဒရ
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက)၊
စွန်းလွန်းဂူ ၀ိပဿနာကျောင်းတိုက်၊ သင်္ကန်းကျွန်း၊ ရန်ကုန်။
(ဇာတိ - မကွေးတိုင်း မြိုင်မြို့နယ် ကျောက်တိုင်ရွာ။ ၁၃၁၇ - )

၁၁။ ဘဒ္ဒန္တဣန္ဒပါလ
(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက)၊
တိပိဋကနိကာယ ကျောင်းတော် ရန်ကုန်။
(ဇာတိ - ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မန်ကျည်းကျွန်းရွာ၊ ၁၃၂၂ - )

Credit: mmcybermedia

Wednesday, August 29, 2012

အရှေ့ နှင့် အနောက်


မနေ့တစ်နေ့က အမျိုးသားပညာဝန် ဦးဖိုးကျား၏
ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်လိုက်မိပါသည်။
‘ဆယ်သန်း’ သတင်းစာတွင် ရေးခဲ့သော ဆောင်းပါးလေးဖြစ်ပါသည်။
ဆယ်သန်း သတင်းစာဆိုသည်က
သတင်းစာဆရာ၊ စာရေးဆရာကြီး မြို့မမောင်ဦးစီးပြီး
ထုတ်ခဲ့သော စာစောင်ဖြစ်ပါသည်။

ဆယ်သန်းဆိုသည်က ထိုအခါတုန်းက မြန်မာပြည်လူဦးရေကို ဆိုလိုတာပါ။
မှတ်မိသလောက် ထိုအခါက မြန်မာတစ်ပြည်လုံးမှာ လူဦးရေမှာ ဆယ့်လေးသန်းလောက်ရှိသည်။
ဆယ်သန်းလောက်သောလူတွေကို မျက်စိဖွင့်လှုံ့ဆော်မည်ဟူသော သဘောပါပဲ။
‘ဆယ်သန်း’ ၏ ကြွေးကြော်သံက ‘ခေတ်ကြီးကို အတင်းပြောင်းမည်’ တဲ့။
ဆရာဦးဖိုးကျားတို့လို မျိုးချစ်စိတ် ပြည်ချစ်စိတ်ကြီးမားသော သူတွေ
တခဲနက် ၀ိုင်းဝန်းအားပေးရေးသားခဲ့သော စာစောင်ဖြစ်သည်။
ကျွန်တော်တို့တတွေက အရွယ်အားဖြင့် ငယ်လွန်းသေးသဖြင့်
ထိုစာစောင်ကို ကိုင်ရုံလောက်ကိုင်ကြည့်ပြီး
ခေါင်းစီးစာတမ်းကလေးတွေလောက်ကိုသာ ဖတ်ကြည့်မိခဲ့သည်။
ဆောင်းပါးတွေက မြင့်လွန်းတော့ စိတ်မ၀င်စားနိုင်ပါ။

ဆရာဦးဖိုးကျား၏ဆောင်းပါးလေးအကြောင်းကို ပြန်ကောက်လိုက်ရဦးမည်။
ဆောင်းပါးခေါင်းစဉ်က ‘ကျောင်းသားနှင့်အလုပ်’ တဲ့။
ဆရာကြီးက ဆောင်းပါးအစမှာ
အလုပ်ကို ယုံကြည်ကြောင်း၊ အလုပ်မလုပ်ပါဘဲ လတ်ကော့လတ်ကော့နေသူများကို
မြင်ပြင်းကတ်ကြောင်း စသည်ဖြင့် နိဒါန်းပျိုးလိုက်ပါသည်။
ပြီးတော့ ဆက်ရေးတာက.
ကျွန်ုပ်တို့သည် အင်္ဂလိပ် ၇ တန်းကျောင်းတွင်နေစဉ် ဆရာကြီးထံမှ
အမေရိကန်ပြည်တွင် မိဘစရိတ်နှင့် ကျောင်းနေရသူများ
အလွန်မျက်နှာငယ်အောက်ကျရကြောင်း ကြားရလေသည်။
မိဘမည်မျှပင် ချမ်းသာစေကာမူ သားသမီးတို့သည် ကျောင်းအားချိန်၌
သတင်းစာရောင်းခြင်း၊ အချိန်နှင့် အစေခံအလုပ်၊ အချိန်နှင့် စာရေးအလုပ်၊
တံမြက်လှည်း၊ ရေခပ်စသည်တို့ဖြင့် အလှည့်သင့်ရာ မိမိတို့နှင့် တော်သင့်ရာ
အလုပ်လုပ်ကြလေသည်။ ထိုမိမိတို့ကိုယ်တိုင် အလုပ်မှရသော အခကြေးငွေ
အမြတ်အစွန်းကို ကျောင်းစရိတ်ပြု၍ နေကြကုန်၏။

ဆရာကြီးဆက်ပြီးရေးထားသည်က ထိုကဲ့သို့ လုပ်သည့်အတွက်ကြောင့်
မိဘတွေမှာ ငွေကုန်သက်သာသည်။ လူငယ်တွေဟာ
ကိုယ်တိုင် ပိုက်ဆံရှာရသည့်အတွက်ကြောင့် ငွေတန်ဘိုးကို သိလာနိုင်သည်။
အလုပ်အကိုင်ကို နားလည်လာသည်။
အလုပ်လုပ်ရမည်ဟူသော အသိအလေ့အကျင့် ရလာစေသည်။
သွက်လက်ကျန်းမာစေသည်။ ထို့အပြင် အရေးအကြီးဆုံးက
မိမိကိုယ်ကို မိမိယုံကြည်ပြီး ခေါင်းမော်ဝံ့သောသတ္တိရှိလာစေသည်ဟု တိုက်တွန်းထားပါသည်။

အနောက်တိုင်းတွင် လူငယ်များ အရွယ်ရောက်လာစပြုလျှင်
မိမိကျောင်းစရိတ်အတွက် ကျောင်းရက်ရှည်ပိတ်သည့်အခါများတွင်
အချိန်ပိုင်းနှင့်အလုပ်လုပ်ကြရသည်ကို ကျွန်တော်တို့ မကြာခဏ ကြားဖူးနေကြပါသည်။
ဆရာကြီးဦးဖိုးကျားက လူငယ်များကို အတုခိုးကြိုးပမ်းရန် တိုက်တွန်းခဲ့ပါသည်။
သို့သော် မအောင်မြင်ခဲ့သည်ကို စာဖတ်သူများ သိနိုင်ပါသည်။
ယခုထက်တိုင်လည်း အလွန်ဆင်းရဲချို့တဲ့သော မိသားစု၏ ကျောင်းသားအချို့မှအပ
အလုပ်လုပ်သည့်ကျောင်းသား ကျောင်းသူဟူ၍ မတွေ့မိသလောက်ပင် ဖြစ်ပါသည်။

နောက်ထပ်သိလာရပုံကလည်း ရှိသေးသည်။
သူတို့ဆီမှာ အရွယ်ရောက်လာလျှင် ကိုယ့်ဘ၀ကို ရပ်တည်နိုင်အောင်
မိဘကို မမှီခိုရအောင် ကြိုးပမ်းကြသကဲ့သို့ မိဘအရွယ်လွန် အိုမင်းလာလျှင်
ကိုယ်နှင့်မဆိုင်သကဲ့သို့ ဖြစ်လာကြတော့သည်ဟုလည်း သိနေရပြန်သည်။
အမေရိကန်၊ လန်ဒန်က ပြန်လာသော
(တက္ကသိုလ်တွင် သုံးကြသော အသုံးအရဆိုလျှင်)
ကန်ပြန် လန်ပြန်တို့ ပြန်လည်ပြောပြ ရေးသားချက် ဖတ်ရှုနားထောင်ရသလောက်ဆိုလျှင်
အချို့သက်ကြီးရွယ်အိုမိဘများ၏ ဘ၀မှာ ကြေကွဲစရာပင် ကောင်းလောက်အောင် ဖြစ်ပါသည်။

ကျွန်တော်တို့အဖို့ တပည့်ဟောင်းများ လာလာ ကန်တော့ကြသည်မှာ မကြာခဏဖြစ်ပါသည်။
လုံချည်ဆိုလျှင် ၀ယ်မ၀တ်ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။
အခြားအခြားသော ဆရာ့ဆရာကြီးများသည်လည်း ထိုနည်းတူပင် ဖြစ်ကြပါသည်။
ကျောင်းသားဟောင်းများ စုပေါင်းပြီး ဆရာ ဆရာမကြီးများကို ကန်တော့ကြပုံကို
ကျွန်တော်တို့ မကြာခဏ ကြည်နူးစွာ တွေ့နေကြရသည်။
ထိုသို့သော ချစ်ခင် ရိုသေနည်းမျိုးကို သူတို့ဆီမှာ ဘယ်တော့မှ မတွေ့နိုင်။

ရေးနေရင်း သတိရတာလေးတစ်ခုကို ထည့်လိုက်ရဦးမည်။
ကျွန်တော့မိတ်ဆွေဟောင်းဆရာကြီးတစ်ဦးက ပြောဖူးတာဖြစ်ပါသည်။
နာမည်တွေတော့ မေ့ကုန်ပါပြီ။ မင်းဘူးတွင် အလုပ်လုပ်ရာမှ
ပင်စင်ယူသွားသော ၀န်ထောက်ကြီးတစ်ယောက်အကြောင်း ဖြစ်ပါသည်။
အခြားကိစ္စအရပ်ရပ်ကြောင့် ပင်စင်ယူပြီး တစ်လကျော်ကျော်ခန့်မျှ မင်းဘူးတွင် သောင်တင်နေသေးသည်။
မင်းဘူးမှ မကွေးဘက်သို့ကူးတော့ လိုက်ပို့မည့်သူ တစ်ယောက်မျှ မရှိ။
မင်းစေကတောင် သူ့ကို အသိအမှတ်မပြုတော့။
သည်လိုနှင့် မကွေးဘက်ကမ်း သေတ္တာလေးဆွဲပြီး တက်လာတော့
ဗန်ကောက်လုံခြည်၊ ပိုးတိုက်ပုံအကျအန အခြွေအရံနှင့် လူတစ်ယောက်က ပြေးလာတဲ့ပြီး
လက်ထဲက သေတ္တာကို ဆွဲယူလိုက်ရင်း
“ဟော ဆရာပါလား၊ ကျွန်တော် ဆရာ့တပည့် ဘယ်သူဘယ်ဝါ” စသည်ဖြင့်
ဝမ်းသာအားရ တရိုတသေဖြစ်နေခဲ့သည်။
ဝန်ထောက်ဘ၀မကူးမီ ကျောင်းဆရာဘ၀ ခေတ္တ၀င်လုပ်ခဲ့စဉ်က တပည့်ဟောင်းပေကိုး။
ကျွန်တော့်ကို ပြောပြသည့်ဆရာကြီးက
“မောင်အောင်သင်း၊ မင်း ကျောင်းဆရာဘ၀ကို မစွန့်ပါလေနဲ့၊
အိုလေ ချိုလေ ဘ၀ပါကွယ်” လို့ ပြောလိုက်ပါသေးသည်။
ကျွန်တော်စဉ်းစားကြည့်သည်။
သူတို့ရဲ့ အနောက်မှာကော ဒီလိုသုခမျိုး ရနိုင်ပါ့မလားပေါ့။

ဘာပဲပြောပြော၊ ဆရာကြီးဦးဖိုးကျားပြောသလိုမျိုး ကျောင်းသားလူငယ်တွေကို
ကိုယ့်အားကို ကိုးဆိုသည့် ကျားကျားယားယား အားမာန်တွေကိုလည်း ၀င်စေချင်သည်။
အနောက်တိုင်းလူငယ်များကို အားကျစေချင်သည်။
ကျွန်တော်တို့ အရှေ့တိုင်းအမျိုးသားယဉ်ကျေးမှုကိုလည်း ထိန်းစေချင်သည်။
အဲသလိုဆိုလျှင် ဘယ်လောက်များ ကောင်းမလဲဟုလည်း စိတ်ကူးယဉ်မိသည်။
သို့သော် စာရေးဆရာကြီး ဘားနဒ်ရှောကိုလည်း သတိရမိပြန်သည်။

နာမည်ကြီးရုပ်ချောပြဇာတ်မင်းသမီးကြီးတစ်ယောက်က
ပွဲလမ်းတစ်ခုမှာ ဘားနဒ်ရှောနှင့်တွေ့တော့
“မစ္စတာ ရှော၊ ရှင်နဲ့ ကျွန်မနဲ့ အိမ်ထောင်ကျပြီး ကျွန်မလိုရုပ်ချောပြီး
ရှင့်လိုပညာကြီးတဲ့ သားလေးတစ်ယောက်ရရင် ဘယ်လောက်ကောင်းမလဲ?”

ကျုပ်လိုအရုပ်ဆိုးပြီး ခင်ဗျားလိုတုံးတဲ့ သားကြီးတစ်ယောက်ရနေတော့
ဘယ့်နှယ်လုပ်မလဲ” တဲ့။

(အောင်သင်း ၏ ရှင်ဘုရင်ပါပဲ စာအုပ်လေးမှ)

Monday, August 27, 2012

ဥုံ ဂါထာရွတ်ဆိုမှု


မြန်မာဗုဒ္ဓဘာသာဝင်များထဲတွင်
"ဥုံ" ပါသော ဂါထာကို ရွတ်ဆိုသူတို့၏ အရေအတွက်လည်း နည်းဟန်မတူပါ။
အစဉ်အလာအရဆိုသလိုပင် "ဥုံ" ပါသောဂါထာများကို ရွတ်ဆိုခဲ့သည်မှာ
အလေ့အထတစ်ခုနှယ် ဖြစ်နေခဲ့ပါသည်။
 "ဥုံ" ဟူသည်မှာ မည်သို့ အဓိပ္ပာယ်သက်ရောက်သည်။
ဗုဒ္ဓဘာသာနှင့် ဆိုင်သော ဝေါဟာရ ဟုတ်၏-မဟုတ်၏ ဟူသည်ကို စိစစ်ခဲ့ခြင်း ရှိဟန်မတူ။ တစ်ဦးတစ်ယောက်က "ဥုံ" ဆိုလျှင် နောက်လူတို့ကလည်း "ဥုံ" ခံကြပေသည်။
အမှားတစ်ခုသည် ဝေဖန်သူ၊ ပြုပြင်သူ၊ တည့်မတ်သူ မရှိသောအခါ "ရှင်သန်" နေခဲ့သည်။
"အမှား" ကိုပင် "အမှန်" ထင်သည်မှာ အစဉ်အလာဖြစ်လာတတ်သောကြောင့်
"အမှားကြာလျှင် အမှန်ဖြစ်သည်" ဟူ၍ပင် ပြောစမှတ်ပြုလာပြန်သည်။
အမှန်သော် "အမှား" သည်မည်မျှပင် ကြာစေ "အမှန်" မဖြစ်ပါချေ။
"အမှား" တစ်ခုသည် အစဉ်ထာဝရ "အမှား" သာ ဖြစ်ပါ၏။

 "ဥုံ" ပါသော ဂါထာကို ဗုဒ္ဓဘာသာဝင်တို့ ရွတ်ဆိုခဲ့ကြသည်မှာ ကာလအားဖြင့် ကြာမြင့်ခဲ့ပြီ။
နှစ်ကာလ မည်မျှပင်ကြာစေ "ဥုံ" သည် ထေရ၀ါဒနှင့် မည်သို့မျှ မဆိုင်ဟူသော
"အမှန်တရား" ကား အရောင်မှန်၍မသွား၊ ပြောင်းလဲ၍ မသွား။
ယင်းအမှန်တရားဟူသော စိန်သည် အချိန်ကာလ၏ တိုက်စားမှုကြောင့်
အမှန်မှားမှုနွံတွင် နှစ်ပရိစ္ဆေဒ ရှည်ကြာစွာ နစ်မြှုတ်နေခဲ့ရစေကာမူ
တာဝန်သိသော ရဟန်းပညာရှိ၊ လူပညာရှိကြီးတို့၏ ဖော်ထုတ်မှုကြောင့်
ယနေ့သော် ၀င်းလက်တောက်ပစွာ ပေါ်ထွက်လာခဲ့ချေပြီ။
"ဥုံ" ကို အမွန်အမြတ်ပြုရအောင်၊
"ဥုံ" ကိုဦးထိပ်ထားရအောင်၊
"ဥုံ" ကို ဂါထာတွေ၏ ရှေ့မှာထားရအောင်
ယင်းတို့သည် ဘယ်ကစတင်ခဲ့ပါသနည်း။
"ဥုံ" ဟူသည်ကား "အဘယ်နည်း"၊
"ဥုံ" ၏ဇာတိသည် "အဘယ်ကနည်း"၊
"ဥုံ" ၏ ဇစ်မြစ်သည် "အဘယ်ဘာသာကနည်း"။

"ဥုံ" ၏ သမိုင်းကြောင်းကို ကောက်မည်ဆိုလျှင်
ခရစ်ကြိုနှစ် (၁၂၀၀) ခန့်က စခဲ့သည်ဟု ပညာရှင်တို့က ဆိုပါသည်။
ဟိန္ဒူဘာသာယဉ်ကျေးမှု ထွန်းကားသော ဝေဒခေတ်ကပင်
"ဥုံ" ဟူသော "အသံ" (၀ဏ္ဏ) ကို မန္တန်တစ်ခုအဖြစ် လက်ခံရွတ်ဆိုခဲ့ကြပါသည်။
နတ်၊ ဘုရားအသီးသီးတို့ကို ပင့်ဖိတ်ဆုတောင်းရာတွင်
"ဥုံ" ကို ဂီတအဖွဲ့၏ အစမှာထားပြီး ရွတ်ဆိုခဲ့ကြပါသည်။

ဗြဟ္မဏကျမ်းများ ပေါ်ပေါက်လာချိန်တွင်မူ "ဥုံ" သည် ဟိန္ဒူအဘိဓမ္မာဝေါဟာရဖြစ်သော
တထာ (တို့အတူဖြစ်၏) ဟူသော စကားလုံးနှင့် အဓိပ္ပာယ် တစ်ထပ်တည်း ဖြစ်ခဲ့ပါသည်။ နောင်နိပါနိသျှစ်ကျမ်းများ ခေတ်တွင်မူ "ဥုံ" ကိုဖန်ဆင်းရှင် ဗြဟ္မာကြီး၏
အကြီးဆုံးသော သားတော်ဖြစ်သဖြင့် "ဥုံ" မပါလျင်မူ မည်သည့်ကျမ်းကိုမျှ မရွတ်ဆိုစကောင်း၊
"ဥုံ" ကို အကြိမ်တစ်ထောင်ရွတ်ဆိုလျှင် လိုရာသိဒ္ဓိ ပြီးစီးနိုင်သည်ဟု ယုံကြည်ကြပါသည်။

ခေတ်အလိုက် "ဥုံ" နှင့် ပတ်သတ်သော အယူအဆများ အမျိုးမျိုး ပြောင်းလဲခဲ့ကြပါသည်။ ဝေဒခေတ်အစပိုင်းတွင် "ဥုံ" သည် ထိုခေတ်၏ "သရဏဂုံသုံးပါး" ဖြစ်သော
မီးနတ်၊ လေနတ်၊ နေနတ် တို့ကို ကိုယ်စားပြုသော သင်္ကေတ ဖြစ်ပါသည်။
ဥပနိသျှစ်ကျမ်းတွင်မူ "ဥုံ" သည် ပရမေသွာရ၊ ဟိရညဂမ္ဘ နှင့်
ပဇာပတိဆိုသော နတ်ဘုရားသုံးပါးကို ကိုယ်စားပြုလာပါသည်။
ဟိန္ဒူဝါဒ ပေါ်ထွန်းလာသော အခါတွင်မူ "ဥုံ" သည် ဟိန္ဒူဘာသာဝင်တို့၏
ရတနာသုံးပါးဖြစ်သော ဗြဟ္မနတ်မင်း၊ ဗိဿနိုးနတ်မင်း၊ သျှီဝနတ်မင်း တို့၏
ကိုယ်ပွားမန္တာန် အဖြစ်ရောက်ရှိလာပြန်ပါသည်။
ဤသည်မှာ "ဥုံ"၏ သမိုင်းကြောင်း၊ "ဥုံ" ၏ ဇာတိ၊ "ဥုံ" ၏ ဇစ်မြစ်ဖြစ်သည်။
ထို့ကြောင့် "ဥုံ" သည်-
(၁) ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ပါသေးသလော။
(၂) ဗုဒ္ဓ၊ ဓမ္မ၊ သံဃ တည်းဟူသော ရတနာသုံးပါးနှင့် ဆိုင်ပါသေးသလော။
(၃) ထေရ၀ါဒပဋိကတ်တော်နှင့် သက်ဆိုင်ပါသေးသလော။
မည်သို့မျှ မသက်ဆိုင်ပါချေ။

ယင်းသိဲု့ ဗုဒ္ဓဘာသာနှင့် လုံးဝ မပတ်သတ်၊ မသက်ဆိုင်စေကာမူ-
ဘယ်ဂါထာကို ဘယ်နှစ်ခေါက်၊ "ဥုံ" မပါလျှင် အာနိသင် မရှိဘူးဟူ၍ လည်းကောင်း၊
 "ဥုံ" ဘုရား၊ တရား၊ သံဃ ရတနာမြတ်သုံးပါး နှင့် ဟူ၍လည်းကောင်း
"ဥုံ" နမောတေ၀ိဇေတုံမေ ဟူ၍ လည်းကောင်း
"ဥုံ" ကပ္ပိယံ ကရောဟိ၊ "ဥုံ" ကပ္ပိယံဘန္တေ ဟူ၍ လည်းကောင်း၊
"ဥုံ" ဣတိပိသော ပိဋိကတ္တယံ၊ ..... ဟူ၍ လည်းကောင်း
"ဥုံ" ကို အမျိုးမျိုးနေရာပေး ချီးမြှင့်ခဲ့ကြပေသည်။

စင်စစ်သော် "ဥုံ" ဟူသည်မှာ "ထေရ၀ါဒအသုံး" မဟုတ်ပါ။
မဟာယန၀ါဒီများသာ အသုံးပြုကြခြင်း ဖြစ်ပါသည်။
ယင်းနှင့် စပ်လျဉ်း၍ ကမ္ဘာ့ ဗုဒ္ဓသာသနာပြု မြောင်းမြဆရာတော်ဘုရားကြီး
အရှင်ဉာနိက- က ဤသို့ မိန့်တော်မူခဲ့ဖူးပါသည်။
"ဥုံ တို့ သြောင်း တို့ဆိုတာ ထေရ၀ါဒမှာ မရှိပါဘူး။
မဟာယနတွေ အသုံးပြုကြတာပါ"
"ဥုံ" ကိုရွတ်ဆိုမှုသည် မိမိ၏ ဘုရားရှင်(မြတ်ဗုဒ္ဓ) အပေါ်ထားရှိရမည့် သဒ္ဓါတရား
မည်မျှ နိမ့်ကျသွားသည်ကို ဖော်ပြကြောင်း ဆရာတော် အရှင် ၀ိရိယ (အမရပူရ) ကလည်း
အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါသည်။
"ဥုံ" ဆိုသည်မှာ ဗိဿနိုးရယ်၊ သျှီဝရယ်၊ ဗြဟ္မာရယ် ဆိုတဲ့ ဟိန္ဒူတို့ရဲ့ ကိုးကွယ်ရာ
ပုဂ္ဂိုလ်ကြီးသုံးဦးကို ဆိုလိုကြောင်း သဘောပေါက်လောက်ပါတယ်။
ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ပွားများရာကျတော့ ရှေ့က အခြား ပုဂ္ဂိုလ်တွေကို
ဦးတည်ရည်ရွယ် ရွတ်ဆိုတာ ကိုယ့် ကိုးကွယ်ရာ ဘုရားရှင် အပေါ်မှာ ထားရှိရမယ့်
ကိုယ့်သဒ္ဓါတရား ခိုင်မာမှုကို ဘယ်လောက်နှုန်းနဲ့သွားတယ်ဆိုတာ
လွယ်လွယ်နဲ့ သဘောပေါက် နိုင်ပါတယ်။

ဤမျှဆိုလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့် "ဥုံ" နှင့်
"ဥုံပါသောဂါထာ" တို့အပေါ်မည်သို့ သဘောထားသင့်သည် ဟူသောအချက်မှာ
ပီပြင်ထင်ရှားသွားပြီဟု သဘောပေါက်ရပါသည်။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေး မှ
Credit: mmcybermedia

Friday, August 24, 2012

ဂိုဏ်းသာသနာ

"သာသနာ" ဟူသောစကား၏ အဓိပ္ပာယ်မှာ "အဆုံးအမ" ဟူ၍ ဖြစ်ပါသည်။
"ဗုဒ္ဓသာသနာ" ဟူသည်မှာ မြတ်ဗုဒ္ဓ၏ အဆုံးအမတော်ဟု အဓိပ္ပာယ်ရပါ၏။

မြတ်ဗုဒ္ဓ၏ အဆုံးအမသာသနာတော်သည်
'သုတ်'၊ '၀ိနည်း'၊ 'အဘိဓမ္မာ' ဟူသော "ပိဋကတ်သုံးပုံ" ဖြစ်ပါသည်။
ဤသည်ကိုပင် "ပရိယတ္တိသာသနာတော်" ဟုဆို၏။
မြတ်ဗုဒ္ဓ၏ "အဆုံးအမအနှစ်ချုပ်" မှာ ဓမ္မပဒတွင် ပါရှိသည့်အတိုင်း-
(၁) မကောင်းမှု ဟူသမျှ မပြုခြင်း
(၂) ကောင်းမှုနှင့် ပြည့်စုံစေခြင်း
(၃) စိတ်ကိုဖြူစင်အောင်ထားခြင်း တို့ပင်ဖြစ်ပါ၏။
ဤလုပ်ငန်းသုံးရပ်ကို ဆောင်ရွက်ဖြစ်အောင်၊ ရှင်သန်အောင်၊
ပြုစု ပျိုးထောင်ခြင်းကို "သာသနာပြုနည်း" ဟု
ထိုက်ထိုက်တန်တန် ခေါ်ဆိုနိုင်မည် ထင်ပါသည်။
"သာသနာပြုနည်း" မှာ
စာသင်စာချတည်းဟူသော "ပရိယတ္တိနည်းလမ်း" နှင့်
ဝိပဿနာဘာဝနာနည်းများကို ပို့ချပြသသော "ပရိပတ္တိနည်းလမ်း" ဟူ၍
နည်းနှစ်နည်းရှိပါ၏။ ဤသည်ကိုပင် ဂန္တဓူရ နှင့် ၀ိပဿနာဓူရ ဟူ၍ခေါ်ပါ၏။
ယင်းဓူရနှစ်ဖြာအနက် တစ်ခုခုကိုထမ်းဆောင်မှသာ "သာသနာပြု" ဟုခေါ်နိုင်ပါ၏။

မြန်မာပြည်တွင် "သာသနာပြုသည်" ဟူသော အကြောင်းပြချက်ဖြင့်
ဖွဲ့စည်းထားသော "လောကီဂိုဏ်းများ" အများအပြား ရှိပါ၏။
အမည်အမျိုးမျိုး၊ အသွင်အမျိုးမျိုး ကွဲပြားသော ယင်းဂိုဏ်းတို့သည်
ဆေးကု၏။ ပယောဂအစွဲချွတ်၏။
အင်းကို ပြာချသောက်ခိုင်းသော ဂိုဏ်းလည်းရှိ၏။
ဂိုဏ်းအမျိုးအမည် မည်မျှပင် များပြားနေစေကာမူ
ဂိုဏ်းလုပ်ငန်း၏ ရည်ရွယ်ချက်ကို မည်သို့ပင် ဖော်ပြထားသည် ဖြစ်စေ၊
ယင်းဂိုဏ်းတို့သည်-
(၁) ပရိယတ္တိစာပေများကို သင်ကြားခြင်း၊ ပို့ချခြင်း၊ ဖြန့် ဖြူးခြင်း ဟူသော
ဂန္တဓူရတာဝန်ကို လည်းကောင်း၊
(၂) ၀ိပဿနာဘာဝနာပွားများနည်းကို လမ်းညွှန်ပြသ ပို့ချခြင်းဟူသော
ဝိပဿနာဓူရ တာဝန်ကိုလည်းကောင်း ထမ်းဆောင်ကြခြင်းမရှိပါ။
(မြတ်စွာဘုရားရှင် လက်ထပ်တော်အခါကလည်း
"သာသနာပြုအမည်ခံ" ဂိုဏ်းဟူ၍ လုံးဝမရှိခဲ့။
သာသနာပြု အမည်ခံ ဂိုဏ်းဆရာဟူ၍ လုံးဝမရှိခဲ့ပါ။)

အထက်ပါ သာသနာပြုလုပ်ငန်းကြီးနှစ်ရပ်ကို မည်မည်ရရဆောင်ရွက်ခြင်းမရှိသော
"ဂိုဏ်းများ" သည် "သာသနာပြုသည်" ဟူသော ဆိုင်းဘုတ်ကို
ချိတ်ဆွဲသည့်အပြင် "ဂိုဏ်းသာသနာ" ဟူသော အသုံးအနှုန်းကို သုံးစွဲတတ်ကြပါသည်။
"ဗုဒ္ဓသာသနာ" ဟူသော "ပင်မအိမ်ကြီး" အပေါ်တွင်
"ဂိုဏ်းသာသနာ" ဟူ၍ သီးခြားအိမ်ငယ်ထပ်ဆင့် တည်ဆောက်ခြင်းပင် ဖြစ်၏။
လုံးဝ မပြုသင့်သော အမှုသာ ဖြစ်ပါ၏။

စင်စစ်သော် ထေရ၀ါဒသာသနာတော်မြတ်သည်
"မြတ်ဗုဒ္ဓ"၏ သာသနာတော်သာလျှင် ဖြစ်ပါ၏။
ဘုရားရှင်သည် ဤသာသနာတော်မြတ်ကို
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဟူသော အချိန်နှင့်ပါရမီတော်များကို
အရင်းအနှီးပြုပြီးမှ တည်ဆောက်ထားခြင်း ဖြစ်ပါ၏။
လွယ်လင့်တကူ အချိန်တိုတို အတွင်းမှာ
ပေါ်ပေါက်လာသော "သာသနာတော်" မဟုတ်ပါ။
ဤသာသနာတော်သည် "ဘုရားရှင်၏သာသနာတော်" မှအပ
မည်သူ၏သာသနာတော်မှ မဟုတ်ပါ။

သို့ဖြစ်၍ လောကီဂိုဏ်းအချို့က မဆင်မခြင်သုံးစွဲလေ့ရှိသော
"ဂိုဏ်းသာသနာ" ဟူသော အသုံးအနှုန်းမှာ မြတ်စွာဘုရား၏ ကျေးဇူးတော်ကို
မထောက်ထားသော "အဂါရ၀အသုံးအနှုန်း" သာဖြစ်ပါ၏။
ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ထွန်းလင်းဝေဖြာရာ ပြည်မြန်မာတွင်
လုံးဝ ရှင်သန်ခွင့် မရှိသင့်သော "အသုံးအနှုန်း"လည်း ဖြစ်ပါသတည်း။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia

Wednesday, August 22, 2012

ရှင်ပြုရာတွင် စုံ မ အယူ


"သားရှင်ပြုခြင်း" သည် ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးတမ်စဉ်လာဖြစ်၏။
မိမိ၏ သာဖြစ်သူကို သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းဖြစ်သောကြောင့် မွန်မြတ်ပါ၏။
ကောင်းမွန်သော မြန်မာ့ရိုးရာ ယဉ်ကျေးမှုလည်း ဖြစ်ပါ၏။
သို့သော် ယခုခေတ် "သားရှင်ပြုနည်း" ကား
ဘုရားရှင်လက်ထက် "ရှင်ရာဟုလာ ရှင်ပြုနည်း" နှင့်မူ မတူတော့ပေ။
ရှင်ရာဟုလာကို သာသနာ့ဘောင်အတွင်း သွတ်သွင်းစဉ်က နတ်လည်းမပြ၊
ရှင်လောင်းလည်း မလှည့်၊ ဗောင်း နားဋောင်း စလွယ် စသည့်
ရှင်လောင်းတို့၏ အဆင်တန်ဆာ အဆောင်အယောင်များလည်း ၀တ်ဆင်ခြင်းမရှိခဲ့။
ပကတိအေးချမ်းစွာ၊ ငြိမ်သက်စွာ၊ သန့်စင်စွာ အနှစ်အသားကျကျ
ပကာသနမစွက်ဘဲ "ရှင်ပြု" ခဲ့ခြင်းပင် ဖြစ်ပါ၏။

သာသနာတော်၏ ဖခင်ဖြစ်တော်မူသော "ဘုရားရှင်" ၏ သားတော် "ရာဟုလာ" ကို
ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ ရှင်ပြုပေးချင်ပါက ဘုရားရှင်ကို ကြည်ညိုသော ရှင်ဘုရင်များ၊
မှူးမတ်များ၊ သူဌေးသူကြွယ်များက အစွမ်းကုန် ပုံအောလှူဒါန်းကြပေလိမ့်မည်။
တုမနှိုင်းသာအောင် ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်ပေလိမ့်မည်။
သို့တစေ ဘုရားရှင်သည် ပကာသနကို နှစ်မြို့တော်မူဟန်မတူ၊
အနှစ်အသားကျကျ ငြိမ်သက်အေးချမ်းစွာပင်
"ရှင်ရာဟုလာ" အား သာသနာ့အမွေကို ခံတော်မူစေခဲ့သည်။

ရှင်ပြုမင်္ဂလာပွဲများကို ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ရာ
ဗုဒ္ဓနည်းမကျသော အယူအမြင်များ၊ လုပ်ရပ်များ ရောစွက်လာခဲ့ပေသည်။
ယင်းတို့ရောစွက်လာရာတွင် "စုံ-မရှင်မပြုကောင်း" ဟူသောအယူအစွဲလည်းပါဝင်ပါ၏။

ရှင်ပြုမင်္ဂလာပွဲ ကျင်းပတော့မည်ဆိုလျှင်
"ရှင်လောင်းက ဘယ်နှစ်ပါးလဲ"
"စုံ ရှင်မပြုကောင်းဘူး"၊
"မ-မှရှင်ပြုကောင်းတယ်" ဟူ၍ ပြောတတ်ကြ၏။
မည်သူက စတင်တီထွင်သွားခဲ့သည်မသိ၊
နှောင်းလူအဆက်ဆက်ကလည်း ထိုအယူအဆမှာ သဘာဝကျ- မကျ၊
ယုတ္တိတန်-မတန်၊ ဘုရားဟောနှင့် ညီညွတ်ခြင်း ရှိ-မရှိ...
ဘာတစ်ခုမျှ မဆန်းစစ် မဝေဖန်၊
အကြောက်တရားအခြေခံဖြင့် အစဉ်အလာဆိုသလို လက်ခံခဲ့ကြချေတော့သည်။

စုံဂဏန်းဟူသည် သင်္ချာ၌ ၂၊၄၊၆၊၈... ဖြစ်ပြီး၊ မဂဏန်းဟူသည်
၁၊ ၃၊ ၅၊ ၇၊ ၉... ဖြစ်ပါ၏။ သို့ဖြစ်ရာ ရှင်လောင်းများအား
နှစ်ပါး၊ လေးပါး၊ ခြောက်ပါး၊ ရှစ်ပါး စသည်စုံဂဏန်းဖြစ်နေလျှင် ရှင်မပြုကောင်း၊
သုံးပါး၊ ငါးပါး... စသည် မ-ဂဏန်းဖြစ်နေမှ ရှင်ပြုကောင်းသည် ဟူသော အယူဝါဒသည်
(၁) ထေရ၀ါဒ ပိဋကတ်တော်များတွင် ပါဝင်ပါ၏လော။
(၂) ကျေးဇူးတော်ရှင် မြတ်ဘုရားက ရှင်လောင်းအရေအတွက်ကို "စုံ" မပြုသင့်၊
"မ" မှသာ ပြုသင့်သည်ဟု ဟောကြားတော်မူခဲ့၍လော။

အမှန်အားဖြင့် ဤ စုံ-မ အယူအဆမှာ ထေရ၀ါဒ ပိဋကတ်တော်တွင်လည်းမပါ၊
ဘုရားရှင်က မိန့်တော်မူခဲ့ခြင်းလည်းမရှိ၊
အဌကထာ၊ ဋီကာနည်းလည်း မဟုတ်ပါ။

ရှင်ပြုရာတွင် ရှင်လောင်းအရေအတွက်ကို စုံဖြစ်မှ ပြုကောင်းသည်၊
မ-ဖြစ်မှ ပြုကောင်းသည် ဟူသော အယူဝါဒကို
ရှေးရှေးဆရာတော်ဘုရားကြီးများက နှစ်မြို့တော်မမူပါ။
အင်မတန် စက်ဆုတ်တော် မူပါသည်။

ကျေးဇူးရှင် ညောင်လေးပင် တောရဆရာတော်ဘုရားကြီးက-
"အချို့ကား ရှင်ပြုရာ၌ "စုံ" ဖြစ်လျှင် ရှင်မပြုကောင်း၊
အမျိုးတော်သူဖြစ်စေ ထည့်၍ "မ"ဖြစ်မှ ပြုကောင်းသည်ဟု
သာသနာတော်နှင့် စုံ-မ  တန်-မတန် ဟူ၍မသိ။ အယူသည်းလှ၏။
ဘုရားလက်ထက်က ပြုလုပ်သည်တို့ကို ပြောပြသော်လည်း
နောက်တစ်ပွဲရောက်လျှင် စုံ-မ ပြောချင်ကြသေး၏" ဟူ၍ မိန့်တော်မူဖူးပါ၏။

စင်စစ် ရှင်ပြုခြင်းသည် မွန်မြတ်သော သာသနာရေးကိစ္စဆောင်ရွက်နေခြင်းဖြစ်၏။
ကလေးကလား စုံ-မ ၀ှက်တမ်းကစားနေခြင်းမဟုတ်ကြောင်း သတိဆင်ခြင်ဖို့လိုပါ၏။

သို့ဖြစ်၍ ရှင်ပြုမင်္ဂလာပွဲ ပြုလုပ်ရာတွင်
ရှင်ကို စုံ မပြုကောင်း၊ မ ဖြစ်မှသာ ပြုကောင်းသည်ဟူသော အယူသည်
အခြေအမြစ်မရှိသော ကလေးကလား အယူအစွဲသာ ဖြစ်သောကြောင့်
"အစဉ်အလာ" အဖြစ် လက်ခံကောင်းသော အယူမဟုတ်ပါပေ။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia

Tuesday, August 21, 2012

ဇာတာရက်ချုပ်


ဗေဒင်ယုံကြည်မှု လောင်ရိပ်အောက်တွင် ကျရောက်နေသောသူများသည်
ကလေးတစ်ယောက် ဖွားမြောက်လာသော်
"ဇာတာရက်ချုပ်" ပြုလုပ်တတ်ကြသည်မှာ အစဉ်အလာဖြစ်ခဲ့ပါသည်။
လူမှန်သမျှ "ဇာတာရက်ချုပ်" ရှိရမည်။
ဇာတာရက်ချုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဟူ၍လည်း "အယူသီး" တတ်ကြပါ၏။
ဤသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာကို အစဉ်တစိုက် ဆန့်ကျင်ဖီလာလုပ်ခဲ့သော
ဗြဟ္မဏ ပုဏ္ဏားတို့၏ မှိုင်းမိထားရခြင်းဖြစ်ပါ၏။
      ကောင်းပြီ။

"ဇာတာရက်ချုပ်" ပြုလုပ်ခြင်းသည်
   (၁) ဗုဒ္ဓဘာသာဝင်တို့၏ လုပ်ငန်းဟုတ်ပါသလော။
   (၂) လူတိုင်း "ဇာတာရက်ချုပ်" ပြုလုပ်ရမည်ဟု ဘုရားရှင်က ညွှန်ကြားထားသလော။
   (၃) "ဇာတာရက်ချုပ်" က လူတို့၏ ဘ၀ကံကြမ္မာကို ကောင်းအောင်ဆိုးအောင် ဖန်တီးနိုင်ပါသလော။
   (၄) ဇာတာရက်ချုပ် ပြုလုပ်သော အလေ့အထကို စတင်တီထွင်သူများသည် ဗုဒ္ဓဘာသာဝင်များလော။ ဗုဒ္ဓဘာသာကို အိန္ဒိယနိုင်ငံမှ လုံးဝပျောက်ကွယ်သွားအောင်
အစဉ်တစိုက် နှောက်ယှက်တိုက်ခိုက်ခဲ့သော "ဗြဟ္မဏ" များလော။
    
စင်စစ်သော် ဇာတာရက်ချုပ် ပြုလုပ်ခြင်းသည် ဗုဒ္ဓဘာသာ အယူမဟုတ်ပါ။
ဗုဒ္ဓဘာသာနှင့်လည်း လုံးဝမပတ်သတ်ပါ။
ဗုဒ္ဓဘာသာနှင့် အယူအမြင် အတွေးအခေါ်တို့တူညီခြင်းမရှိသော
ဗြဟ္မဏပုဏ္ဏားတို့တီထွင်သွားခဲ့သော လုပ်ငန်းသာ ဖြစ်ပါ၏။
သူတို့သည် အဘယ်ကြောင့် ဤလုပ်ငန်းကိုတီထွင်သွားခဲ့ရသနည်း။
သူတို့သည် ဆေးကုသခြင်း၊ အ၀တ်အထည်ချုပ်လုပ်ခြင်း၊ စသော လူသားအကျိုးပြု
လူမှုဝန်ဆောင်မှု လုပ်ငန်းများကို လက်ကြောတင်းစွာ လုပ်ကိုင်စားသောက်ခြင်း မပြုလိုကြ။
စပါးစိုက်ပျိုးခြင်း စသော လူသားအကျိုးပြု ကုန်ပစ္စည်းထုတ်လုပ်မှု
လုပ်ငန်းများကိုလည်း အပင်ပန်းခံ ဆောင်ရွက်လိုခြင်းမရှိကြ။
ထိုအခါ "စားပေါက်ချောင်" စေလိုသော ရည်ရွယ်ချက်ဖြင့်
"ဇာတာရက်ချုပ်" ကိုတီထွင်ခဲ့ခြင်းသာဖြစ်၏။
လူတိုင်းမဖြစ်မနေ "ဇာတာရက်ချုပ်" ပြုလုပ်ကြမည်ဆိုလျှင်
ဇာတာဖွဲ့သူ ပညာရှင်တို့ ၀င်ငွေကောင်းလာပေမည်။ မိမိတို့၏ အကျိုးစီးပွားအတွက်
ဗြဟ္မဏပုဏ္ဏားတို့သည် ကိုယ်ဖဲ ကိုယ်ချိုးပြီး ကိုယ့်ဖာသာဝေခဲ့ကြခြင်းသာ ဖြစ်၏။

ဇာတာရက်ချုပ် မလုပ်၍ကော ဘာဖြစ်မည်နည်း။
ဘာမှမဖြစ်ပါ။
ကမ္ဘာမှာရော၊ မြန်မာမှာပါ "ဇာတာရက်ချုပ်" မရှိသူတွေ အနတဂ္ဂမ၊ ဒုနှင့်ဒေး။
ထိုသူများထဲတွင် ဘ၀၌ အောင်မြင်ကျော်ကြားနေသူတွေ
မရေမတွက် နိုင်အောင် ရှိနေသည်ပင်။ အချို့ဆိုလျှင် ဇာတာရက်ချုပ် မဆိုထားဘိ၊
ငယ်စဉ်ကပင် သူများမွေးစားတာခံခဲ့ရသဖြင့်
မိမိ၏ မွေးရက်၊ မွေးသက္ကရာဇ် ကို မသိသူတွေ ရှိခဲ့သည်။
ထိုသူများတွင်လည်း ကံ၊ ဥာဏ်၊ ၀ီရိယ အစွမ်းဖြင့် ဘ၀တွင်
လူတစ်လုံး သူတစ်လုံး ဖြစ်နေကြသူတွေ ရှိသည်ပင်။
ကမ္ဘာတွင် အောင်မြင်ကျော်ကြားနေသူ ပုဂ္ဂိုလ်များမှာ မည်သည်မျှ "ဇာတာ" မဖွဲ့ကြ။
ဇာတာရက်ချုပ် မရှိကြ။
ကောင်းပြီ။ ဇာတာရက်ချုပ်လုပ်ထားကြသူတွေကော၊
ထိုသူတိုင်း ဘ၀တွင်အောင်မြင်ကျော်ကြားကြပါသလား။ ချမ်းသာကြပါသလား။
တစ်သက်လုံး "ဇာတာ" ကို မြတ်မြတ်နိုးနိုး ထုပ်ထုပ်ပိုက်ပိုက် လုပ်နေသူများတွင်
ဆင်းဆင်းရဲရဲ၊ ချို့ချို့ငဲ့ငဲ့ နှင့် ဘ၀မှ ထွက်ခွာခဲ့သူတွေလည်း အနတဂ္ဂမပင်။

အမှန်တော့ "ဇာတာရက်ချုပ်" ဆိုသည်က ဇာတာရှင်၏ ကောင်းကံ၊ ဆိုးကံကို
မည်သို့မျှ ဖန်တီးပေးနိုင်စွမ်းမရှိ။ ခြယ်လှယ်စိုးမိုးနိုင်ခြင်းမရှိ။
ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီးက
"ဇာတာခွင် အတိုင်း သတ္တ၀ါတွေ ဖြစ်ကြရတာမဟုတ်ကြောင်း"
အောက်ပါအတိုင်း ဆုံးမတော်မူခဲ့ဖူးပါ၏။

"ဗေဒင်အတိုင်းသာ သတ္တ၀ါတွေ ဖြစ်နေကြရရင် သိဒ္ဓတ္တမင်းသား ဖွားမြင်သောအခါ
ဖွားဘက်တော် ခုနစ်ယောက်လဲ တစ်ချိန်တည်း မွေးဖွားကြတယ်။
ဖွားဘက်တော်တို့၏ ဇာတာခွင်နဲ့ သိဒ္ဓတ္တမင်းသား ဇာတာခွင်သည် အတူတူပဲ။
သိဒ္ဓတ္တမင်းသား ဘုရားဖြစ်လျှင် ဖွားဘက်တော်တွေလဲ ဖြစ်သင့်တယ်။
အခုတော့ သတ္တ၀ါတွေ ဖြစ်ကြရတာ ဗေဒင်၏ ဇာတာခွင်အတိုင်းမဟုတ်။
ကံကြမ္မာအတိုင်းသာ ဖြစ်ရသောကြောင့် သိဒ္ဓတ္တမင်းသားက ဘုရားဖြစ်တာ၊
ကာဠုဒါလီတို့က ရဟန္တာ ဖြစ်ကြရတယ် မဟုတ်လား"
"မှန်ပါ့ဘုရား"
 "အဲဒါကြောင့် ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး၊ ရက်ရာဇာ၊ စွမ်းရက်နောရက်၊
ဝါရမိတ္တူ၊ ကမ္ဘာပျက်တို့သည် ပညတ်တွေဟု မှတ်၊ ကောင်းကျိုး ဆိုးကျိုးမပေးနိုင်။
ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာမဟုတ်ဘူးကွယ့်။
ပညတ်စွဲကွာအောင် ခွာရတာပဲကွယ့် မောင်ရဲ့"

ဇာတာရက်ချုပ် ပြုလုပ်ခြင်းသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မည်သို့မျှ မပတ်သတ်။
ဗုဒ္ဓဘာသာဝင်တို့၏ အယူမဟုတ်။
ဗြဟ္မဏ ဘာသာဝင်တို့၏ အယူဖြစ်သောကြောင့်
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် ဤအယူ၊ ဤအလေ့အထအပေါ်
မည်သို့ခံယူရမည်ကို ဝေဖန်စိစစ်ဥာဏ်ရှိသူတိုင်း ဝေဖန်ဆုံးဖြတ်နိုင်ပါလိမ့်မည်။

မင်းနန် အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia

Monday, August 20, 2012

နေ့နံအလိုက် နာမည်မှည့်ခြင်း


မြန်မာဗုဒ္ဓဘာသာဝင်အများစုသည်
ဗုဒ္ဓဘာသာနှင့် မပတ်သတ်သော အလေ့အထတစ်ခုကို
အစဉ်အလာပမာ လက်ခံနေကြပါသည်။
ယင်းမှာ "နေ့သင့်နံသင့် နာမည်မှည့်ခြင်း" ပင်ဖြစ်ပါ၏။
ဤအယူအဆမှာ မြတ်စွာဘုရားရှင်က မဂ်ဖိုလ်မှ ဖီလာဖြစ်သော တိရိစ္ဆာန်အတတ်ဟုဆန့်ကျင်ရှုတ်ချတော်မူခဲ့သော "ဗေဒင်" မှ မွေးဖွားလာခြင်းဖြစ်ပါသည်။

ဗေဒင်ပညာ၏ အခြေခံယုံကြည်ချက်မှာ ကိတ်ဂြိုဟ်မှအပ ကျန်ဂြိုဟ်ကြီး ရှစ်လုံးတို့က
လူ၏ ကံကြမ္မာကို ဖန်တီးကြကုန်သည် ဟုယူဆထားခြင်းဖြစ်ပါ၏။
(ဤယုံကြည်ချက်ပင်လျှင် ဗုဒ္ဓဓမ္မမှ ဆန့်ကျင် ဝေးကွာသွားခြင်း ဖြစ်ပါ၏။
မြတ်ဗုဒ္ဓက လူသည် မိမ်ဘ၀ကို မိမိဖာသာ ဖန်တီးသည်ဟု ဟောတော်မူခဲ့ပါ၏။)

ဤဂြိုဟ်ကြီးရှစ်လုံးတို့အကြား၌ မြန်မာအက္ခရာများကို အောက်ပါအတိုင်း ခွဲခြားထားပါသည်။ ဗြဟ္မဏပုဏ္ဏားတို့၏ မှိုင်းမိခြင်းခံရသော ပုဂ္ဂိုလ်တို့၏ လက်ချက်ဖြစ်ဟန်တူပါသည်။
က၊ ခ၊ ဂ၊ ဃ၊ င ... တနင်္လာ
စ၊ ဆ၊ ဇ၊ စ်၊ ည ... အဂၤ ါ
ဋ၊ ဌ၊ ဍ၊ ဏ၊ တ၊ ထ၊ ဓ၊ န ... စေန
ပ၊ ဖ၊ ဗ၊ ဘ၊ မ ... ၾကာသပေတး
ယ၊ ရ ... ရာဟု
လ၊ ၀ ... ဗုဒၶဟူး
သ၊ ဟ ...ေသာၾကာ
အ ..... တနင်္ဂနွေ
အထက်ပါအတိုင်း ခွဲခြားထားသည့် နေ့အလိုက်နာမည်များကို မှည့်ခြင်းသည်
အစဉ်အလာအမာ ဖြစ်ခဲ့ပါသည်။ လူဝတ်ကြောင် များသာမဟုတ်၊
ရဟန်းသာမဏေနှင့် သီလရှင်များတွင်လည်း ဤ အလေ့အထရှင်သန်နေဆဲပင် ဖြစ်ပါသည်။
ထို့အပြင် အချို့က သိမ်သမုတ်ရာ၌ နိမိတ်ဖြေကြားရန်အတွက်
အရပ်ရှစ်မျက်နှာတို့၌ နေ့သင့်နံသင့် ပုဂ္ဂိုလ်တို့ကို နေရာချထားတတ်ကြ၏။
(ဘုရားရှင် ရွှေလက်ထက်တော်အခါက ဤသို့ ပြုမူခဲ့ခြင်းမရှိပါ)

ဗြဟ္မဏပုဏ္ဏားတို့၏ "နေ့သင့်နံကို နာမည်မှည့်ခြင်း" အလေ့အထကို
မြန်မာဗုဒ္ဓဘာသာဝင်များအကြား ထာဝစဉ် ရှင်သန်နေအောင် ရေလောင်းနေသူများရှိပါ၏။
၉၅-ခုနှစ်၊ မေလထုတ် မဂ္ဂဇင်းကြီးတစ်စောင်တွင်
"နေ့သင့်နံကိုက်မှည့်ထိုက်သလော" ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြထားရာ၊
ယင်းဆောင်းပါးတွင် ဖော်ပြထားသည်များမှ အချက်အချို့မှာ ဤသို့ပါ။

"နာမည်မှည့်ခြင်းအမျိုးမျိုးရှိရာ မဟာဘုတ်တိုင်အထက်ဂြိုဟ်
အင်္ဂ၀ိဇ္ဇာတိုင် အထက်ဂြိုဟ်ဖြင့် မှည့်ခြင်း၊ ယက္ခတိုင်အောက်မှ အထက်သို့တက်၍မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဉ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို အညွန့်အုပ်၍ မှည့်ခြင်း၊ မွေးနံကို ပဉ္စပွတ်အုပ်၍ မှည့်ခြင်း၊
မွေးနံကို ဆပွတ်အုပ်၍မှည့်ခြင်း... စသည်တို့ဖြစ်သည်။"

မွေးနံကိုက်မှည့်ခြင်းဖြင့် ရနိုင်သောအကျိုးကျေးဇူးများမှာ-
(၁) တနင်္ဂနွေသားကို တနင်္ဂနွေနံဖြင့် မှည့်လျှင် ချမ်းသာကြီးအံ့။
      (၂) တနင်္လာသားကို တနင်္လာနံဖြင့် မှည့်လျှင် ခွန်အားစွမ်းပကား ကြီးမားအံ့။
      (၃) အင်္ဂါသားကို အင်္ဂါနံဖြင့် မှည့်လျှင် ဥစ္စာရအံ့။
      (၄) ဗုဒ္ဓဟူးသားကို ဗုဒ္ဓဟူးနံဖြင့် မှည့်လျှင် ကျေးကျွန်၊ ကျွဲနွားများ အံ့။
      (၅) ကြာသပတေးသားကို ကြာသပတေးနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
      (၆) သောကြာသားကို သောကြာနံဖြင့် မှည့်လျှင် ချမ်းသာအံ့။
      (၇) စနေသားကို စနေနံဖြင့် မှည့်လျှင် ငယ်စဉ်က အလှူပေးရအံ့။ - ဟူ၍
"အကောင်းဟောချည်း" ကိုသာတွေ့ရလေသည်။
မည်သည့်နေ့သားမဆို မွေးနံအလိုက် နေ့နံကိုက် မှည့်ခြင်းဖြင့် အဆိုးမပါ။ အကောင်းသာဖြစ်ခြင်း၊
မွေးနံကို သိရှိမှတ်သားဖို့လည်း လွယ်ကူခြင်းတို့ကြောင့် နေ့နံအလိုက် မှည့်ခြင်းသည်
အသုံးပြုသင့်သော နည်းစနစ်တစ်ခုဖြစ်ပါသည်။
"အစမွေးနံ၊ အရင်းခံ၊ ဘုန်းကံတိုးတက်လှ" ဟူသော
ဆိုရိုးစကားနှင့်လည်း ကိုက်ညီမည် ဖြစ်ပါသတည်း။

ရှေးအခါက လူတစ်ရာလျှင် ကိုးဆယ်နီးပါးခန့်
နာမည်ကိုမွေးနံဖြစ့် မှည့်ကြသည်ချည်းဖြစ်၏။
တနင်္ဂနွေသားတစ်ရာလျှင် ကိုးဆယ်ခန့် တနင်္ဂနွေနံဖြင့် မှည့်ကြလင့်ကစား၊
ထို ကိုးဆယ်မှာ ဘယ်နှစ်ယောက်ချမ်းသာပါသနည်း။
ချမ်းသာခြင်းဟူသည် "နာမည်" နှင့်မဆိုင်၊
ကံ၊ ဥာဏ်၊ ၀ီရိယ တို့နှင့်သာသက်ဆိုင်၏။
ရှေးခေတ်အခါက ကျေးလက်နေ ပြည်သူအများစုက
နေ့နံသင့် အမည်ပေးခြင်း၌ ပို၍ ယုံကြည်ကြ၏။
တစ်ရွာလုံးတွင် နေ့သင့်နံသင့် နာမည်မမှည့်သူဟူ၍ တစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်၊
နေ့သင့်နံသင့် နာမည်မှည့်သူတွေချည်း ဖြစ်ပါလျက်
တစ်ရွာလုံးတွင် ချမ်းသာသူက လက်ချိုးရေတွက်၍ ရပြီး ဆင်းရဲသူက အများစုဖြစ်ပါ၏။
နေ့သင့်နံသင့် နာမည်မှည့်ပါလျက် ဘာကြောင့် မချမ်းသာပါသနည်း။
"အစမွေးနံအရင်းခံ ဘုန်းကံတိုးတက်လှ" ဟူသည်ကို
ဆိုရိုးစကားဟု (အထက်ပါ ဆောင်းပါးတွင်) ရေးခဲ့၏။
ဆိုရိုးစကားဖြစ်လျှင်လည်း၊ သာသနာပြင်ပ ဗြဟ္မဏ၀ါဒီတို့၏
နောက်လိုက်ငယ်သားများက ပြောသော "ဆိုရိုးစကား" သာဖြစ်မည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ဆိုရိုးစကားမဟုတ်ပါ။

ထေရ၀ါဒကမူ ဘုန်းကံဟူသည် ပုဂ္ဂိုလ်၏ ကံ၊ ဥာဏ်၊ ၀ီရိယနှင့် ပြုအပ်သော
ကုသိုလ်မှု၊ အကုသိုလ်မှုတို့ အပေါ်တွင်သာ တည်ပါ၏။ နာမည်နှင့် မဆိုင်ပါချေ။

နေ့နံအလိုက် နာမည်ပေးခြင်းနှင့် စပ်လျဉ်း၍ တည်တော်ဆရာတော်ဘုရားကြီးက
"လောကီအယူအဆအရသာ နေ့နံလိုက်ပြီး နာမည်မှည့်ခေါ်ကြခြင်းဖြစ်ပါသည်။
လောကုတ္တရာလမ်းက ဘုရားအရိယာ သူတော်မြတ်များသည်
နေ့နံအလိုက် နာမပညတ်ကို အဓိကထားပြီး သုံးစွဲတော်မမူကြပါ။
ထို့ကြောင့် ဘုရားရှင်တို့၏ ဘွဲ့တော်များမှာ
နေ့နံအလိုက် မတွေ့ရခြင်း ဖြစ်ပါသည်" ဟူ၍ မိန့်တော်မူခဲ့ပါ၏။

နာမည်မှည့်ခြင်းအပေါ် တည်မှီ၍ ချမ်းသာခြင်းလည်း မဖြစ်နိုင်။ ဆင်းရဲခြင်းလည်း မဖြစ်နိုင်။
နာမည်မှည့်၍ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်ဖြစ်ကြောင်း
နာမည်ကျော် လက္ခဏာဆရာကြီး ဆရာစန္ဒြက
(ဘ၀ခရီးနှင့် အတွေ့အကြုံများ စာအုပ်၊ စာမျက်နှာ ၁၉၂ တွင်) ဤသို့ရေးသားခဲ့ပါ၏။
ယခု အသက်ကြီးလာသောအခါ
ငါးရာငါးဆယ် ဇာတ်တော် ပထမတွဲ၊ စာမျက်နှာ (၄၆၈)တွင်
နာမသိဒ္ဓိဇာတ်ကို မြတ်စွာဘုရားဟောတော်မူသည်။
နာမည်ဆိုသည်မှာ အလကား၊ မောင်သက်ရှည်လို့ မှည့်သော်လည်း အသက်တိုသွားနိုင်သည်။ မောင်ချမ်းသာဟု မှည့်သော်လည်း ဆင်းရဲနိုင်သည်။
မိမိတို့ပြုခဲ့သော အတိတ်ဘ၀ကုသိုလ်များဖြင့်သာ အကျိုးပေးကြကုန်သည်။
ပုဗ္ဗေစကတပုညတာ၊ ရှေးကံက စီမံသည့်အတိုင်း ဖြစ်ရသည်။
မောင်သက်ရှည်ဆိုသူသည် ငယ်ငယ်က သေသွားသည်။
သူဌေးမဆိုသူလည်း ဆင်းရဲနေသည်။
      အမည်ဟူသည်ကား ပညတ်များဖြစ်သည်။ အမည်ဖြင့် ပြီးစီးသည်မရှိ။
ကံဖြင့်သာလျှင် လုပ်ကြရသည်။ အလွန်မှန်သည်။
နာမည်မှည့်၍သာ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားတွေချည်း ချမ်းသာနေမည်။
ဤကဲ့သို့ နားမလည်ဘဲ အလွဲလွဲ အမှားမှားတွေ ဖြစ်နေသည်။

"နေ့နံအလိုက် နာမည်မှည့်ခြင်းသည် ကြီးပွားချမ်းသာစေ၏" ဟူသော အယူမှာ
ကံ-ကံ၏ အကျိုးကို ပစ်ပယ်သောအယူဖြစ်ပါ၏။ ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖြစ်သော
"ကမ္မဿကတာ သမ္မာဒိဌိဥာဏ်" ကိုတားဆီးပိတ်ဆို့သော အယူဖြစ်ပါ၏။
ဘုရားရှင်လက်ထက်တော်အခါကမူ ဘုရားအပါအ၀င် အရိယာသူတော်စင်များသည်
နေ့နံအလိုက် နာမပသုတ်ကို အဓိကထားပြီးသုံးစွဲတော်မမူပါ။
ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်ကြီးတို့၏ ဘွဲ့တော်များမှာလည်း နေ့နံအလိုက် မဟုတ်ပါ။
သို့ဖြစ်၍ "နေ့နံအလိုက် နာမည်မှည့်ခြင်း" သည်
ထေရ၀ါဒ ဗုဒ္ဓဘာသာအယူမဟုတ်ဘဲ၊
ဟိန္ဒူဗြဟ္မဏတို့၏ ဂြိုဟ်ကြီးကိုးလုံးအယူဝါဒမှ မြစ်ဖျားခံလာသော
အလေ့အထတစ်ခုဖြစ်ကြောင်း အသိရှင်း၊ အမြင်လင်းစေလိုပါသည်။

မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia