မတူတာလေးတွေ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ပထုန်ဌာနီအရပ်ရှိ ဓမ္မကာယကျောင်းတိုက်ကြိးမှ
တပို့တွဲလပြည့်မာဃပူဇော်ပွဲတက်ရောက်ရန် ဖိတ်ကြားသဖြင့်
သာသနာရေးဝန်းကြီးဌာနမှ အခြားအဖွဲ့ဝင်များနှင့်အတူ ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့သည်။
မာဃပူဇော်ပွဲ အပြီးတွင် မိမိတို့မြန်မာအဖွဲ့ဝင်များအား ထိုင်းနိုင်ငံတစ်ဝန်းရှိ
တန်ခိုးကြီးဘုရားများသို့ ဒေသန္တရဘုရားဖူး ပို့ဆောင်ပေးကြသဖြင့်
ထိုင်းနိုင်ငံအလယ်ပိုင်းနင့် မြောက်ပိုင်းဒေသများသို့
ဟိုက်ဝေးလမ်းမကြီးအတိုင်း ဘန်ကောက်မှ မြောက်ပိုင်းသို့
ကားဖြင့် ထွက်ခွါလာခဲ့ရာ လမ်းမကြီးဘေးတစ်နေရာ၌
ဘုန်းကြီးပုံပါရှိသောဗီနိုင်းဖြင့် ပြုလုပ်ထားသော ဆိုင်းဘုတ်ကြီးတစ်ခု
ချိတ်ဆွဲထားသည်ကို ကားပေါ်မှ မြင်တွေ့ရ၏။
ထိုင်းစာများသာ ရေးသားထားသဖြင့် ဆိုင်းဘုတ်ကြီး၏ အဓိပ္ပါယ်ကို မသိရပေ။
သို့သော် ကားပေါ်ပါလာသော မြန်မာဆရာတော်တစ်ပါးက
ဆိုင်းဘုတ်၏ ပုံသဏ္ဍာန်ကိုကြည့်၍
“ဟေ့၊ ဒီမြို့မှာ ဒီနေ့ည တရားပွဲရှိတယ်ကွ ၊
တရားနာချင်တဲ့သူ ကားပေါ်က ဆင်းနေခဲ့’’ ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ထိုအခါ ကားနောက်ပိုင်း၌ ပါလာသော ထိုင်းစကားတတ်သောဘုန်းကြီးက
“ဆရာတော် …အဲဒါတရားပွဲ ကြော်ငြာဆိုင်းဘုတ်မဟုတ်ဘူးဘုရား၊
ဘုန်းကြီးပျံကြော်ငြာဆိုင်းဘုတ်ဘုရာ့ …” ဟု ပြန်၍ ပြောခဲ့သည်။
“ ဟေ …ဟုတ်လား၊ သိပေါင်ကွာ၊ ဒို့မန္တလေးမှာတော့ လမ်းဆုံလမ်းခွမှာ
ဘုန်းကြီးပါတဲ့ဆိုင်းဘုတ်တွေ့ရင် တရားပွဲကြော်ငြာဆိုတာ သေချာနေတာပဲကွ” ။
“ဒါ မန္တလေး မဟုတ်ဘူးဘုရာ့ …၊ ထိုင်း…ထိုင်း …” ဟုပြန်ပြောရာ
ကားပေါ်တွင် ပါလာသော မြန်မာအဖွဲ့သားများအားလုံး ၀ါးကနဲ ပွဲကျသွားခဲ့သည်။
ထိုင်းနိုင်ငံ၌ အနေကြာပြီး ထိုင်းစကားလည်း ကောင်းကောင်းပြောတတ်သော
မြန်မာရဟန်းတော်တစ်ပါးကို “နေစမ်းပါဦး ထိုင်းဆရာတော်ရဲ့၊
တပည့်တော်တို့ အခု ဘန်ကောက်ကနေ ကားမောင်းလာတာ
ထိုင်းနိုင်ငံမြောက်ပိုင်းတောင် ရောက်နေပြီ၊ လမ်းဘေးမှာ တွေ့ရတဲ့မြို့ရွာတွေ
တော်တော်များကို ကြည့်လိုက်တဲ့အခါ တပည့်တော်တို့ဆီမှာလို
အုတ်ဂူဖြူဖြူဖွေးဖွေးလေးတွေလည်း မတွေ့ရပါလား ၊
သင်္ချိုင်းက တော်တော်ဝေးမှာ သွားထားလို့လား၊ ဆိုစမ်းပါဦး”
“အဝေးကြီးသွားထားလို့ မဟုတ်ဘူးဆရာတော်၊ ဒီမှာ သချိင်္ုင်းကို မရှိတာ” ။
“ ဟ …ဒါဆို ဒီမှာ လူသေရင် ဘယ်မှာ သွားသဂြိင်္ုဟ်မလဲ”
“ဆရာတော် …၊ ဒီမှာ ဘုန်းကြီးကျောင်းဟာ သချိင်္ုင်းပဲ၊
ဘုန်းကြီးကျောင်းမှာ သဂြိင်္ုဟ်တာပေါ့” ။
“တင့်ပါဘုရား ’’ ။
“ လက်စသတ်တော့ ဒို့တစ်တွေ သချိင်္ုင်းကုန်းမှာ ရောက်နေတာကိုးကွ”။
“ဆရာတော်ကလည်း သုသာန်ဓုတင် ဆောက်တည်ပြီးသား ဖြစ်တာပေါ့ဘုရား”
“ ဒါထက် ဒို့ဆီမှာတော့ ဘုန်းကြီးကျောင်းထဲ အလောင်းရှိရင်
လာဘ်ပိတ်တတ်တယ်ဆိုပြီး ရှေးကတည်ထားတဲ့ အရိုးအိုးစေတီကိုတောင်
ဖောက်ပြီး အရိုးကို ထုတ်ပစ်ကြသေးတယ်၊ ဒီမှာကော လာဘ်မပိတ်ဘူးလားကွ ”
“ ဆရာတော်ကလည်း ဒီမှာ အလောင်းများများ လာလေ လာဘ်ရလေပေါ့ဘုရား”
“ ဒါဆို အတော့်ကို ပြောင်းပြန်ဖြစ်နေပါလားဟေ့ …”
“ ဒီမှာ လူတစ်ယောက်သေတယ်ဆိုရင် နေ့ချင်းပဲ
ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို ပို့ရတယ်၊ ဘုန်းကြီးကျောင်းမှာ
အလောင်းထားဖို့ နေရာက အဆင်သင့်လုပ်ထားတာ၊
မသာရက်ကိုလဲ ကိုယ်ကြိုက်သလောက် ထားလို့ရတယ်၊
တချို့ပိုက်ဆံရှိတဲ့သူတွေဆို လ နဲ့တောင်ချီပြီး ထားကြတယ်၊
အဲဒီရက်ထားသလောက် အလောင်းနားသွားပြီး ကျောင်းက ဘုန်းကြီးတွေက
အဘိဓမ္မာကျမ်းစာတွေ ရွတ်ဖတ်ကြရတယ်၊
ဒီအခါ မသာရှင်တွေက အဘိဓမ္မာရွတ်ဖတ်တဲ့ သံဃာတွေကို လှူဒါန်းကြရတယ်၊
ရက်ကြာလေ များများရွတ်ရလေပေါ့ဘုရား”
“ အေး …သဘောပေါက်ပြီကွာ၊ အဘိဓမ္မာရွတ်တာတော့ ကောင်းတဲ့သဘောပဲကွ၊
အဘိဓမ္မာတရားက အခြားသုတ္တန်တို့ထက် ထူးကဲလွန်မြတ်တာဆိုတော့
သေသွားတဲ့သူကို အဲဒီ ထူးကဲလွန်မြတ်တရား နာစေချင်တဲ့ သဘောပဲ၊
ဒို့ဆီမှာတော့ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးတွေကို
မင်္ဂလာအခမ်းအနားအနေနဲ့ ခြိမ့်ခြိမ့်သဲသဲ ကျင့်ပနေကြတာ၊
ကာလံ ဒေသံပေါ့ကွာ”
ဓမ္မကာယကျောင်းတိုက်မှ ဒကာများနှင့် ဆက်စပ်၍ ထိုင်းလူမျိုးဒကာအိမ်သို့
မိမိတို့အဖွဲ့ ဆွမ်းစားကြွရောက်ကြသည်။
ဆွမ်းစားမှာ ဘုရားအနေကဇာတင် ဆွမ်းစားဖြစ်သည်။
ထိုင်းဆရာတော်များလည်း ပင့်သံဃာအနေဖြင့် ပါရှိသည်ကို တွေ့ရ၏။
အနေကဇာတင်သောအခါ ရွတ်ဖတ်သော ပါဠိများမှာ
မြန်မာနိုင်ငံ၌ကဲ့သို့ပင် အားလုံးနီးပါးတူ၏။
အသံထွက်ပုံလောက်သာ ကွဲပြားသည်။
သို့သော် မြန်မာနိုင်ငံ ဘုရားအနေကဇာတင်ရာ၌ ပဋိစ္စသမုပါဒ်ရွတ်ပြီးလျှင်
“ဟေုတုပစ္စယော” စသော ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဌ်ကို ရွတ်ဖတ်လေ့ရှိသည်။
ရွတ်ဖတ်ရခြင်းအကြောင်းမှာ မြတ်စွာဘုရား ဘုရားအဖြစ်သို့
ရောက်တော်မူပြီး မကြာမီ ရတနာဃရသတ္တာဟ၌ စံနေတော်မူစဉ်
အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူသည်ကို အစွဲပြု၍
ရွတ်ဖတ်ခြင်းဖြစ်သည်။သဘာဝကျပါပေ၏ ။
သို့သော် ထိုင်းနိုင်ငံအနေကဇာတင်ပွဲသို့ ကြွလာသော မြန်မာဆရာတော်တစ်ပါးက
“ဟေတုပစ္စယော” ပါ ထည့်ရွတ်ရလျှင် ကောင်းမည်ဖြစ်ကြောင်း ပြောသောအခါ
ထိုင်းစကားတတ်သော ဘုန်းတော်ကြီးက
“ သွားမလုပ်နဲ့ဆရာတော်၊ ဒီပွဲမှာ ဟေတုပစ္စယော ရွတ်မိလျှင်
ဆရာတော်တို့အဖွဲ့ အိမ်ပေါ်က ဆင်းပြေးရလိမ့်မယ်၊
ဒီထိုင်းမှာ အဘိဓမ္မာတရားကို သုမင်္ဂလကိစ္စမှာ မသုံးဘူးဘုရား ၊
အသုဘကိစ္စအခမ်းအနားမှာသာ သုံးတာ” ဟု ပြောသဖြင့်
“ ဒါဆိုရင် တိတ်တိတ်နေကြဟေ့၊ ကြားသွားလိမ့်မယ်” ဟုဆိုကာ
နှုတ်ပိတ်ငြိမ်နေလိုက်ရ၏။
အနေကဇာတင်ပြီးသောအခါ
ပင့်သံဃာတော်တို့အား န၀ကမ္မလှူဒါန်းရန် ပြင်ဆင်ကျတော့၏။
မိသားစုဝင်အိမ်သားများအားလုံး ၀ထ္ထုငွေထည့်ထားသော
စာအိတ်လေးများကို ကိုယ်စီကိုင်ထားကြ၏ ။
ရွတ်စရာ, ဖတ်စရာရှိသည်တို့ကို ထိုင်းဆရာတော်က ရွတ်ဖတ်ပြီးသောအခါ
ဆရာတော်ကြီးမှစ၍ အစဉ်အတိုင်း ဆက်ကပ်ကြ၏ ။
မိမိအားဆက်ကပ်ရန် နေရာယူထားသောသူမှာ ဒကာမတစ်ဦးဖြစ်သည်။
အလှည့်ရောက်လျင် ဆက်ကပ်ရန် အသင့်ပြင်ထား၏။
မိမိကလည်း အကပ်ခံရန် လက်ကို အသင့်ပြင်ထား၏ ။
ဘေးနားတွင်ထိုင်နေသော ထိုင်းဆရာတော်က မိမိအား တတောင်ဖြင့်တို့၍
“လက်နဲ့ သွားအကပ်မခံနဲ့”ဟု ပြောပြီး သူ့လွယ်အိတ်ထဲမှ
တဘက်အ၀ါကလေးကို ထုတ်၍ ပေး၏။ ထိုတဘက်ကလေးကို ဖြန့်၍
ရှေ့တွင်ချထားပြီး တဘက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရ၏။
ထိုအခါ ဒကာမက စာအိတ်ကလေးကို တဘက်ပေါ်တင်လိုက်၏။
ပြီးတော့ ၀တ်ချလိုက်သည်။ ထိုအခါမှ စာအိတ်ကို ယူလိုက်ရတော့သည်။
အမျိုးသမီး ခန္ဓာကိုယ်နှင့် ထိစပ်နေသော ပစ္စည်းဝထ္ထုကို ရဟန်းတော်များ မထိကောင်းပါ၊ ၀ိနည်းတားမြစ်ချက်ရှိပါ၏။
သို့သော် ထိုတားမြစ်ချက်မှာ ရာဂစိတ်ဖြင့် ထိခြင်းကိုသာ တားမြစ်ပါသည်။
ယခု အလှူဒါန ပြုရာတွင် ထိုတားမြစ်ချက်ကို အသုံးပြုခြင်းမှာ
အနာနဲ့ဆေး လွဲနေသည်ဟု ထင်ပါသည်။
သို့သော် သူတို့ဓလေ့ ၊သူတို့ထုံးစံဟုသာ သဘောထားလိုက်ပါသည်။
မိမိတို့အဖွဲ့ အယုဒ္ဓယမြို့ဟောင်းသို့ ဘုရားဖူးရောက်သွား၏။
တန်ခီုးကြိး ဘုရားတစ်ဆူ၌ရှိသော ဂန္ဓကုဋီတိုက်ထဲသို့ ၀င်သွားသောအခါ
ဘုရားဖူးများ စည်ကားနေသည်ကို တွေ့ရ၏။
ဂန္ဓကုဋီတိုက် အ၀င်ဝနားတွင် ထိုင်းဘုန်းကြီးနှစ်ပါးကို တွေ့ရ၏။
တစ်ပါးက ဘုရားဖူးလာသူများကို ပရိတ်ရေပက်ဖျန်းပေးနေ၏။
တစ်ပါးကမူ လက်ဖွဲ့အဆောင်တောင်းသူများအား လက်ဖွဲ့ပေးနေသည်ကိုတွေ့ရ၏။
ဘုန်းကြီးထံမှ လက်ဖွဲ့အဆောင်တောင်း၍ ဆောင်ထားခြင်းကို
ထိုင်းလူမျိုးတို့ လွန်စွာသဘောတွေ့ကြ၏။
လက်ဖွဲ့တောင်းသောဒကာမအား ထိုင်းဘုန်းကြီးက
ကိုယ်တိုင် လက်ဖွဲ့ကို ချည်နှောင်၍ ပေးနေသည်ကို တွေ့ရ၏။
ထိုအခါ မိမိက ထိုင်းဆရာတော်အား
“ဒါကျတော့ ထိလို့ ရသလား” ဟု အသာလက်တို့၍ မေးလိုက်၏။
“ဒါက ဒါလေ…၊ဟိုဟာက ဟိုဟာပေါ့…”ဟု ပြန်ပြောသဖြင့် အသာပြုံး၍ နေလိုက်ရသည်။
ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်နေသော
မြန်မာရွှေ့ပြောင်း အလုပ်သမား မိသားစုထဲမှ ပုဂ္ဂိုလ်တစ်ဦး ရောဂါရပြီး
အသက်ဆုံးပါး သွားခဲ့သည်။ ထိုအခါ ဆုံးသွားသည့် ပုဂ္ဂိုလ်၏ ရုပ်အလောင်းကို
မည်သို့ သဂြိုလ်ရမည်ကို မသိကြ၍ ကိုယ့်ထက်အရင်
ထိုင်းနိုင်ငံမှာ ရောက်နှင့် နေသောသူများကို အကူအညီတောင်းခံရ၏။
ထိုသူများ၏ အကူအညီများဖြင့် မိမိနေအိမ်နှင့် နီးသော
ထိုင်းဘုန်းကြိးကျောင်းကို သွားလျှောက်ထားတော့မှ
ထိုင်းဘုန်းကြီးများက ကျောင်းယူလာဖို့ပြောလေ၏။
သို့နှင့် ဘုန်းကြီးကျောင်းကို ရုပ်အလောင်းသွားဖို့ထားလိုက်ရ၏။
ရွှေ့ပြောင်းအလုပ်သမားဖြစ်၍ အလုပ်မအားသည်က တစ်ကြောင်း၊
ပိုက်ဆံမရှိသည်က တစ်ကြောင်းကြောင့် ရက်ကြာကြာမထားနိုင်ပေ။
တရက်ထဲထားပြီး ထိုကျောင်း၌ရှိသော မီးသဂြိုလ်စက်မှာပင် အသုဘကိစ္စကို ပြီးလိုက်ရ၏။
မြန်မာ့ထုံးစံကတော့ မီးသဂြိုလ်ပြီးရင် ကိစ္စပြီးတော့၏။
ထို့ကြောင့်အိမ်ပြန်၍ ကိုယ့်အလုပ်ကို လုပ်နေကြ၏။
သဂြိုလ်ပြီး နောက်တစ်နေ့တွင် ထိုင်းဘုန်းကြီးအိမ်ကိုကြွလာပြီး
လက်ထဲမှာလည်း အိုးလေးတစ်လုံးပါလာလေ၏။
ဗုဒ္ဓဘာသာထုံးစံအရ အိမ်ကိုကြွလာသည့် ဘုန်းကြီးကို အိမ်သားတွေက ၀ိုင်းပြီးဦးချကြ၏။
နောက်တော့ ထိုင်းဘုန်းကြီးက သူ့လက်ထဲက အိုးကလေးကို
အိမ်သားတစ်ယောက်ဆီ ပေးလိုက်၏။
မနေ့က သဂြို်လ်သော အလောင်း၏ အရိုးအိုးလို့လည်း ပြောလိုက်၏။
ထို့နောက် ထိုင်းဘုန်းကြီးပြန်ကြွသွားလေ၏။
မြန်မာမိသားစု အဲဒီအိုးကလေးကို ဘယ်ထားရမှန်းမသိ ဖြစ်နေကြလေ၏။
စိတ်ထဲမှာလည်း ကြောက်ရွံ့နေကြ၏။
အိမ်ခန်းကျဉ်းကျဉ်းလေးမှာ မိသားစုလိုက် အတူနေကြရသည်ဖြစ်၍
အတော်အခက်တွေ့နေကြရ၏။
ထိုင်းနိုင်ငံမှာ အနေကြာပြီဖြစ်သော မြန်မာတစ်ဦးဆီကို အကြံတောင်းတော့မှ
သူ၏ အကြံပေးချက်အရ မြစ်ဆိပ်မှာသွားပြီး ရေထဲမျှောလိုက်ရလေ၏။
ထိုင်းတွေကတော့ ထိုသို့အရိုးအိုးကို ပို့ပြီဆိုလျင် ရိုရိုသေသေ လက်ခံယူပြီး လာပို့သောဘုန်းကြီးကိုလည်း လှူရန်တွေ လှူကြလေသည်။
ဘုန်းကြီးကလည်း သေသွားသောသူရော အိမ်သူအိမ်သားတွေရော
အားလုံးကိုမေတ္တာပို့ ဆုတောင်းပေးလေ၏။ ထိုအိုးကလေးကိုလည်း
အိမ်မှာရက်တော်တော်ကြာအောင် ထားကြသေး၏။ ပြီးမှ ဘုန်းကြီးကျောင်းကို
ဆွမ်းအုပ်ကန်တော့ပွဲနှင့် အတူသွားရောက် ပို့ဆောင်ကြလေ၏။
ထိုင်းဘုန်းကြီးကျောင်း၏ ပတ်ပတ်လည် အုတ်တံတိုင်းမှာ
အရိုးအိုးထားဖို့ နေရာလေးတွေ လုပ်ထားသည်ကိုလည်း တွေ့ရ၏။
မိမိတို့ ဆွေမျိုးသားခြင်း၏ အရိုးအိုးထားသည့်ကျောင်းသည်
မိမိတို့ ကိုးကွယ်သည့် ကျောင်းဖြစ်၏။
ဤနည်းဖြင့် ဆရာ-ဒကာ ဆက်စပ်မှုရှိအောင် စီမံထားသော ဓလေ့ထုံးစံဟု ဆိုနိုင်သည်။
ဤသည်တို့ကား ထေရ၀ါဒဗုဒ္ဓသာသနာကို ကိုးကွယ်ကြသော
နယ်နိမိတ်ချင်းလည်း ဆက်စပ်နေသော ထိုင်း-မြန်မာတို့၏ မတူသော
ဓလေ့ထုံးစံလေးတွေ ဖြစ်ပါ၏။
ဘဒ္ဒန္တကေသရ (မော်ကွန်းထိန်း)
မန်း၊ သာသနာ့တက္ကသိုလ် ၂၀၁၁-နှစ်ပတ်လည်စာစောင်မှ







