Wednesday, December 7, 2011

ညီမျှနေဘို့


ဘုရားရှင်ကို မေးတဲ့ နတ်သားရဲ့ နံပါတ် (၃) မေးခွန်းက
ကိံသု နရာနံ ရတနံ - အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။
လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။

အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း 
ဒီမေးခွန်းကို ဒကာကြီးကို မေးကြည့်တော့
ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရား တဲ့။
သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဟုတ်သလိုလိုပဲ။

လူတွေရဲ့ ရတနာဆိုတဲ့ နတ်သားရဲ့ စကားမှာပါတဲ့ လူဆိုတာ 
ဗုဒ္ဓဘာသာဝင်တွေကိုသာ လူလို့ခေါ်တာမဟုတ်ဘူး။
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အင်္ဂလိပ်ရော တရုတ်ရော၊ ကုလားရော လူတွေပဲ။
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အဲ့ဒီလူတွေအတွက်
ဘုရား တရား သံဃာကို ရတနာလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရမလဲ။
ဆိုတော့ ရတနာဆိုတာ အများနဲ့သက်ဆိုင်တဲ့ လူသားအားလုံးရဲ့ ရတနာဖြစ်ရပါမယ်။

ဘုရားရှင်ရဲ့ အဖြေက
ပညာ နရာနံ ရတနံ - ပညာသာ လူတွေရဲ့ ရတနာဖြစ်ပါတယ်တဲ့။

ဘာသာရေးကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ
ယုံကြည်မှု (သဒ္ဓါ) တရားသက်သက်နဲ့တင် မလုံလောက်ဘူး။
အစစအရာရာ စဉ်းစားတွေးခေါ်တတ်တဲ့ ဝေဘန်ပိုင်းခြားတတ်တဲ့ 
ပညာလဲ ပါရမယ်လို့ ဘုရားရှင်ဆိုလိုဟန် ရှိပါတယ်။

ပညာနဲ့ယုံကြည်မှသာ ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ တန်ဘိုးရှိမှာပါ။ 
ဒါကြောင့် ပညာဟာ လူသားအားလုံးရဲ့ ရတနာပါ လို့ 
ဘုရားရှင်ဖြေကြားခဲ့တာလို့ နားလည်မိတယ်။

မှန်ပါတယ်။
ပညာကင်းတဲ့ ယုံကြည်မှု (သဒ္ဓါ) ဟာ အကြည်ညိုမှားတတ်ပါတယ်။
ပညာနဲ့သဒ္ဓါ၊ သဒ္ဓါနဲ့ပညာ ညီတူညီမျှ ရှိနေရပါမယ်။
တစ်ခုက တစ်ခုထက် မပိုလွန်ရပါဘူး။
တစ်ခုက တစ်ခုထက်ပိုလွန်သွားရင် မကောင်းတတ်ပါဘူး။

မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အများစုက
သဒ္ဓါအားကောင်းပြီး ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာအားနည်းတယ်လို့ ဆိုရမလားပဲ။
ယုံလွယ်တတ်ကြတယ်။ နာမည်ကြီးတာနောက် လိုက်တတ်ကြတယ်။
မှား၏ မှန်၏ မဝေဘန်ကြဘူး။ 

ဘယ်လောက်အထိ မဝေဘန်သလဲဆိုရင် 
ရန်ကုန် မန္တလေး ကားလမ်းဘေးမှာ “မြွေဘုရား” ဆိုပြီး 
မုခ်ဦးအကြီးကြီးတည်ဆောက်ထားတာဟာ
မှားသလား မှန်သလား တင့်တယ်သလား မတင့်တယ်ဘူးလားလို့ 
မဝေဘန်တတ်လောက်တဲ့အထိပါဘဲ။

မြွေဘုရားဆိုတဲ့မုခ်ဦးအကြီးကြီးကို ရုတ်တရက်တွေ့လိုက်တော့
အတော်စိတ်မသက်မသာဖြစ်မိတယ်။
ဘယ့်နှယ်၊ မြွေက ဘုရားဖြစ်သွားရတာတုန်း၊ 
ဘုရားက မြွေဖြစ်သွားရတာတုန်း လို့ ချက်ချင်း အတွေးဝင်လာတယ်။

နောက်မှ ဒေသခံ ဦးဇင်းတစ်ပါးကို မေးကြည့်တော့
ရိုက်စားလုပ်ထားမှန်းသိရတယ်။

ဒါမျိုးအထူးအဆန်းဖန်တီးထားတာကိုလဲ ဒို့မြန်မာဗုဒ္ဓဘာသာဝင်တွေက
ကြိတ်ကြိတ်တိုးပဲ။

ဒါဟာ ယုံကြည်မှု သဒ္ဓါအားကောင်းပြီး 
စဉ်းစားဝေဘန်မှု ပညာအားနည်းတာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့သာဓကပဲ။

စာပေမှာတော့
ဗလ၀သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ၊ အ၀တ္ထုသ္မိံ ပသီဒတိ တဲ့။

အဓိပ္ပါယ်က
ယုံကြည်မှုသဒ္ဓါတရားအားကြီးပြီး ပညာအားနည်းတဲ့သူဟာ 
မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတတ်၏၊ 
ကြည်ညိုဖွယ်မဟုတ်သောအရာဝတ္ထု ပုဂ္ဂိုလ်တို့၌ ကြည်ညိုတတ်၏ တဲ့။

အနောက်နိုင်ငံက ပုဂ္ဂိုလ်များကြတော့ ပညာအားကြီးပြီး
သဒ္ဓါတရားအားနည်းတယ်။
သိဒ္ဓတ္ထမင်းသားက မိန်းမယူပြီး ကလေးတစ်ယောက်ရမှ 
ပစ်ထားခဲ့တာ တရားသလား၊ လုပ်မကျွေးချင်လို့လား။
မိသားစုတာဝန် မထမ်းဆောင်ချင်လို့လားနဲ့ လားပေါင်းများစွာ
လာနေတာနဲ့ တကယ့်အနှစ်ဖြစ်တဲ့အကျင့်ဆီကို 
မရောက်နိုင်တော့ဘူး။

ဒီလို ဝေဘန်စပ်စုမှု ပညာအားကြီးပြီး ယုံကြည်မှု သဒ္ဓါအားနည်းတဲ့သူအတွက်
စာပေမှာလာတာက
ဗလ၀ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ တဲ့။
ပညာကြီးပြီး သဒ္ဓါအားနည်းတဲ့သူဟာ စဉ်းလဲသောအဖို့ ကောက်ကျစ်သည့်အပိုင်းသို့
ရောက်သွားတတ်၏ လို့ အဓိပ္ပါယ်ရပါတယ်။

ဒါ့ကြောင့် အရာခပ်သိမ်းမှာ အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာ
ယုံကြည်မှု သဒ္ဓါအားကြီးတာလည်း မကောင်းဘူး။
ဝေဘန်မှု ပညာအားကြီးတာလည်း မကောင်းဘူး။

သဒ္ဓါနဲ့ ပညာ ညီမျှနေဘို့ လိုပါတယ်။

ပုံ၊ မိုးမခ