Monday, December 5, 2011

အကောင်းဆုံးအရာ



ညက ပိဋကတ်စာပေထဲက ဇရာသုတ်ဆိုတာလေးကို ပြန်ဖတ်ဖြစ်တယ်။
နတ်သားတစ်ယောက်ကမေးတာကို 
ဘုရားရှင်က ဖြေထားတဲ့သုတ်တော်လေး။ 
တိုတိုလေးပဲ။ 
နတ်သားက ဂါထာလေးတစ်ပုဒ်နဲ့ မေးထားတာကို 
ဆရာဘုရားရှင်က ဂါထာလေးတစ်ပုဒ်နဲ့ဖြေထားတာ။

အမေး
ကိံသု ယာဝဇရာ သာဓု
ဘယ်ဟာက အိုသည့်တိုင်အောင် ကောင်းတာပါလဲ?
နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၁) မေးခွန်းပါ။

ဘုရားရှင်အဖြေကို မသိခင် ဒီမေးခွန်းရဲ့ အဖြေကို ကိုယ့်ကိုယ်ကို ဖြေကြည့်ရအောင်။

မြန်မာပြည်အိမ်တစ်အိမ်မှာ တရားဟောရင်း ဒီမေးခွန်းကို မေးမိတော့
ဒကာကြီးက ထပြောတယ်။
“တပည့်တော်ရဲ့ ဇနီးက အိုသည့်တိုင်အောင် ကောင်းတာပါ”တဲ့။
အတွေးတစ်မျိုးနဲ့ ရီခဲ့ရသေးတယ်။

ဒကာကြီးဆိုလိုတာက ဒီလိုပါ။
သားသမီးတွေကို အမြဲတမ်း အိုသည့်တိုင်အောင် အားမကိုးရဘူး။
အရွယ်ရောက်လာရင် ကိုယ့်အိုးကိုယ့်အိမ်ထူပြီး မိဘတွေထံပါးမှ ခွဲခွါသွားကြတာချည်းပဲ။
ကိုယ့်ဇနီးမယားကသာ အိုသည့်တိုင်အောင် နောက်ဆုံးသေသည့်တိုင်အောင်
ကိုယ်နဲ့ မခွဲမခွါပေါင်းသင်းဆက်ဆံပြီး ဆေးပေးမီးယူ လုပ်ပေးဖော်ရတာ လို့
ဒကာကြီးက ပြောချင်တာဖြစ်မှာပါ။

အဲ့ဒကာကြီးရဲ့သားကတော့ အိုသည့်တိုင်အောင် ကောင်းတာက ပိုက်ဆံပါတဲ့။
ပိုက်ဆံသာ ကိုယ့်မှာ အမြဲတမ်းရှိနေမယ်ဆိုရင် 
အိုသည့်တိုင်အောင် ဘာမဆို လုပ်လို့ရတာဖြစ်လို့ 
အိုသည့်တိုင်အောင် ကောင်းတဲ့အရာဟာ ပိုက်ဆံလို့ပြောရတာပါတဲ့။

ဒကာမကြီးကတော့ အိုသည့်တိုင်အောင် ကောင်းတဲ့အရာကို
စိတ်ချမ်းသာမှုလို့ ပြောတယ်။
သူပြောတာက ဟုတ်သလိုလိုတော့ ရှိပါတယ်။
ဒါပေမဲ့ ဒါဟာ အကျိုးတရားကြီးပဲ။
စိတ်ချမ်းသာမှုဖြစ်ပေါ်လာအောင် ဘာတွေ လုပ်ရမလဲ။
အကြောင်းတရားကို ရှာရအုံးမှာပါ။

ကဲ၊ ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။
ဘုရားရှင်ရဲ့ အဖြေက 
သီလံ ယာဝ ဇရာ သာဓု၊ သီလက အိုသည့်တိုင်အောင် ကောင်းတာပါ တဲ့။

ဘုရားရှင်ရဲ့ ဒီအဖြေကို ဖတ်ပြီး အတော်စဉ်းစားဖြစ်တယ်။
သီလ က ဘာလို့ အိုသည့်တိုင်အောင် ကောင်းတာလဲပေါ့။
တချိန်တည်းမှာပဲ ဗုဒ္ဓဘာသာဝင်တွေသိတဲ့ ငါးပါးသီလကို ရွတ်ဆိုမိတယ်။
သူတပါးအသက်မသတ်နဲ့၊ 
သူ့ဥစ္စာမခိုးနဲ့၊ 
သူ့အိမ်ယာ မပြစ်မှားနဲ့၊
လိမ်မပြောနဲ့၊
မေ့လျှော့စေတတ်တဲ့အရက်၊ ဘိန်းစတာတွေကို မသောက်နဲ့၊ မသုံးစွဲနဲ့။

ဒီငါးပါးသီလက အခြေခံ လူ့ကျင့်ဝတ်ဖြစ်တယ်။
လူတိုင်းစောင့်ထိမ်းရမဲ့ သီလဖြစ်တယ်။

ဒီသီလက အိုသည့်တိုင်အောင် ကောင်းတယ် လို့ ဘုရားရှင်မိန့်တယ်။
အခြေခံလူ့ကျင့်ဝတ်ဖြစ်တဲ့ လူတိုင်းစောင့်ထိန်းရမဲ့ ဒီသီလကို မစောင့်ထိန်းရင်
အိုသည့်တိုင်အောင် မကောင်းနိုင်ဘူးလို့ ပြောင်းပြန်တွေးမိတယ်။

တချိန်တည်းမှာပဲ ရွာက အရက်သမားဦးသာမောင်ကို သတိရမိတယ်။
အသက်က ၆၀ ကျော်နေပြီဆိုတော့ လူကြီးပိုင်းရောက်နေပြီပေါ့။
လူအိုအရွယ် ဇရာပိုင်းရောက်နေပြီ။ အရက်က သောက်တုန်း။
အကျိုးဆက်က ကလေးကရော ခွေးကရော သူ့ကို ဘယ်သူမှ မလေးစားဘူး။
သာရေး နာရေး ထမင်းစားဝိုင်းတွေမှာလည်း သူဘယ်တော့မှ 
လူကြားသူကြား၊ လူတော သူတော တိုးမစားရဲဘူး။
သူများတွေပြီးမှ ချောင်ကျကျတနေရာမှာ ခပ်ကုတ်ကုတ် ၀င်စားရတာချည်းပဲ။
သိရတာက ဒီဦးသာမောင်ဆိုတဲ့လူဟာ 
ငယ်ငယ်ကတည်းက အရက်သောက်လာတာ။ 

အင်း၊ ငယ်ငယ်တုန်းကတော့ သူသူကိုယ်ကို အရက်သောက်ကြတာချည်းပါဘဲ။
ဒါပေမဲ့ ဒီအရက်ကို စီးပွါးရေးလောကထဲဝင်တဲ့ အသက်သုံးဆယ်ကျော်အရွယ်တိုင်အောင်
လူမှန်းသူမှန်းမသိတဲ့အဆင့်အထိ နေ့စဉ်သောက်သုံးနေမယ်ဆိုရင်
ဦးသာမောင်လို အသက်ခြောက်ဆယ်အရွယ်အထိ သားမေ့ မယားမေ့
ဘုရားမေ့ တရားမေ့အဆင့်အထိ သောက်သုံးနေမယ်ဆိုရင်
ပတ်ဝန်ကျင် လူ့လောကကြီးနဲ့ အင်ဝင်ဂွင်ကျ ဖြစ်မယ်မထင်ပါဘူး။

အရက်သောက်သုံးပြီး မူးမူးမှောက်မှောက်ဖြစ်နေတဲ့သူဟာ
(ဗုဒ္ဓဘာသာဝင်ဆိုရင်) အိမ်ဘေးက ဓမ္မာရုံမှာ တရားပွဲရှိတောင်
တရားနာ မသွားဝံ့တော့ဘူး။ သွားဝံ့သည် ထား၊ 
နောက်ဆုံးတန်းမှာ ခပ်ကုတ်ကုတ်နဲ့ နာရတော့မှာ။

လူ့ကျင့်ဝတ်ငါးပါးသီလထဲက နောက်ဆုံးသီလကို ချိုးဖျက်လိုက်တာနဲ့
ရရှိလာတဲ့ ဆိုးကျိုးတွေကို စဉ်းစားမိတာပါ။

ဒါ့ကြောင့် လူ့လောကကြီးမှာ အိုသည့်တိုင်အောင် ကောင်းတာဟာ
ဇနီးမယားလည်း မဟုတ်ဘူး၊ ပိုက်ဆံလည်းမဟုတ်ဘူး။ 
သီလသာဖြစ်တယ်လို့ ဘုရားရှင် ဖြေကြားခဲ့တာပဲ လို့ ထပ်ဆင့်းနားလည်လိုက်ပါတယ်။