Saturday, December 3, 2011

ဒကာမောင်ပေါက် ဥပုသ်စောင့်သလို




ရှေးရှေးတုန်းက ရွာတစ်ရွာမှာ
မောင်ပေါက်နဲ့ မကောက်လို့ အမည်ရတဲ့ ဇနီးမောင်နှံနှစ်ဦး ရှိခဲ့ဖူးတယ်။
မကောက်က သဒ္ဓါစရိုက်ရှိသူပီပီ ဥပုသ်သီလ ဆောက်တည်တာကို ၀ါသနာပါတယ်။ မောင်ပေါက်ကတော့ မကောက်နဲ့ညားပြီးကတည်းက တစ်ကြိမ်တစ်ခါမျှ
ဥပုသ် စောင့်တာမျိုးမရှိဘဲ ဘာသိဘာသာပဲနေသတဲ့။

အဲဒီလို မောင်ပေါက် တစ်ခမျှ ဥပုသ်စောင့် မလိုက်တာကို
မကောက်က မကြိုက်နှစ်သက်တော့ ဥပုသ်စောင့်ဖို့ မကြာခဏ တိုက်တွန်းတတ်ပါတယ်။
ဒါပေမယ့် မောင်ပေါက်ကတော့ ဥပုသ်စောင့်ပါမယ်လို့လည်း အာမ မခံ၊
ဘာမျှလည်း ပြန်မပြောဘဲ ပြုံးရုံးပြုံးနေတတ်တယ်။
မကောက်လည်း မောင်ပေါက်ဟာ ဥပုသ်မစောင့်ရုံကလွဲပြီး
အရက်မသောက်၊ ဖဲမရိုက်၊ အပျော်အပါး မလိုက်စားဘဲ
အိမ်မှု ကိစ္စအ၀၀ကို လေးစားမှန်မှန် ဆောင်ရွက်တတ်တာမို့
သူ့ယောကျာ်းရဲ့ ပြန်မပြော၊ နားမထောင်ပုံစံကို ခွင့်လွှတ်နိုင်ပါတယ်။

ဒီလိုနဲ့ ၀ါကျွတ်ဖို့ တစ်ဥပုသ်ပဲ လိုတော့တဲ့ သီတင်းကျွတ်လဆန်း (၈)ရက်နေ့မှာတော့
မကောက်က မောင်ပေါက်ကို ဥပုသ်စောင့်ဖို့ တိုက်တွန်း ပြန်ပါတယ်။
“ကိုပေါက်။ တော် … ဒီလိုချည်းနေလို့ မဖြစ်ပါဘူး။
ဝါတွင်းမှာ ဥပုသ်လေးဘာလေး စောင့်ဦးမှပေါ့။ သူများကဲ့ရဲ့ စရာဖြစ်နေပါ့မယ်။
သီလမရှိရင် အသက်မရှည်ဘူး ကိုပေါက်ရဲ့။
ကိုပေါက်လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ပဲ၊
ဒီလောက်တော့သိမှာပါ၊ မဟုတ်ဘူးလား။
ဒီဥပုသ်မှာ ကျုပ်နဲ့ အတူတူ ဥပုသ်လိုက်ခဲ့ပါနော်” ဆိုတော့၊
မောင်ပေါက်က “ဟ .. မကောက်ရဲ့ မင်းပြောတာကလွယ်တယ်၊
ငါက ဥပုသ်ကို တစ်ခါမျှ စောင့်ဖူးတာ မဟုတ်ဘဲ”လို့ ပြောသတဲ့။

ဒီအခါ ဇနီးမကောက်က
“အမလေး … ကိုပေါက်ရယ် ..
ဥပုသ် သီလစောင့်တာများ ခက်တာမဟုတ်ပါဘူး။
ဘုန်းကြီးဆိုတဲ့အတိုင်း လိုက်ပြီး ဆိုရုံပါပဲ”လို့ သင်ပေးပါတယ်။
မောင်ပေါက်ကလည်း “ဟယ် .. ဒါလောက်လွယ်မှန်းသိရင် ငါဥပုသ် စောင့်ပါတယ်ဟယ်။
အစက ပြောရောပေါ့”လို့ ဆိုပြီး မကောက်ရဲ့ ပြောစကားအတိုင်း အ၀တ်အစားလဲ၊
တဘက်ကလေး ခေါင်းပေါင်းကာ ဥပုသ်စောင့်ဖို့ ဘုန်းတော်ကြီး ကျောင်းကို အစောကြီးရောက်သွားသတဲ့။
ဘုန်းကြီးကလည်း ကျောင်းကို တစ်ခါမျှ မလာဘူးတဲ့ မောင်ပေါက်ရောက်လာတာမို့
ဆီးကြိုပြီး နှုတ်ဆက်ပါတယ်။ အဲဒီအခါမှ အိမ်က ထွက်လာကတည်းက
ဘုန်းကြီးဆိုသမျှ လိုက်ပြီးဆိုရမယ်လို့ စိတ်ကူးထားတဲ့အတိုင်း
ဘုန်းကြီးနောက်က လိုက်ပြီးဆိုပါတော့တယ်။

“ဒကာမောင်ပေါက် ဥပုသ်စောင့်လာသလား”
“ဒကာမောင်ပေါက် ဥပုသ်စောင့်လာသလား”
“အို … ဒီကောင် ငါ့ပြောင် နေပြန်ပြီ”
“အို … ဒီကောင် ငါ့ပြောင် နေပြန်ပြီ”
“ဟဲ့ .. နင် ရူးများနေသလား”
“ဟဲ့ .. နင် ရူးများနေသလား”
“တယ် … ငါ ရိုက်မိပြန်တော့မယ်”
“တယ် … ငါ ရိုကမိပြန်တော့မယ်”

ဒီလို ဘုန်းကြီးပြောသမျှ နောက်ကလိုက်ပြီး ဆိုနေတဲ့အခါ
ဘုန်းကြီးက စိတ်တိုလာပြီးတော့ မောင်ပေါက်ကိုထပြီး နပန်းလုံးပါရော။
ဒီအခါ မောင်ပေါက်ကလည်း ပြန်ပြီး နပန်းလုံးတာမို့
ဘုန်းကြီးနဲ့ မောင်ပေါက် ဘတစ်ပြန် ကျားတစ်ပြန်
အထက်ရောက်လိုက် အောက်ရောက်လိုက်နဲ့ ဖြစ်နေတော့တာပေါ့။
တော်တော်ကြာတဲ့အခါ ကျောင်းပေါ်မှာ ဖျန်ဖြေသူလည်းမရှိ။
နှစ်ဦးသားလုံးလည်း အားအင်ကုန်ခန်း နွမ်းနယ်နုံးချည့်နေတာမို့
လူချင်းခွဲလိုက်ကြသတဲ့။

အဲဒီအခါ မောင်ပေါက်လည်း ခေါင်းကပြုကျနေတဲ့ တဘက်ကလေးကို
ကောက်ယူပြီး မောမောပန်းပန်းနဲ့ အိမ်ပြန်လာခဲ့တာပေါ့။
ဒီလိုအိမ်ကို အစောကြီးပြန်လာတဲ့ မောင်ပေါက်ကိုကြည့်ပြီး
“ဘာကြောင့် အစောကြီး ပြန်လာပါလိမ့်”လို့ တွေးနေတဲ့ မကောက်က
“ဟင် .. ကိုပေါက် … ပြန်လာတာစောလှ ချည်လား”လို့ မေးပါတယ်။
ဒီတော့ မောလွန်းလို့ ရေအိုးစင်မှာ ရေသောက်နေတဲ့ မောင်ပေါက်က
“အေး … စောစောပြန်လာလို့သာပေါ့ကွာ၊ မိုးများချုပ်ရင် သေရချည်ရဲ့”လို့
ညည်းညူပြီး ပြောတဲ့အခါ အကြောင်းစုံမသိသေးတဲ့ မကောက်က
ထမင်းဆာတာကို ရည်ရွယ်ပြောတာမှတ်လို့
“ကိုပေါက်နှယ်၊ ဆာတတ်လိုက်တာတော်၊ မနက် အစောကြီး ရှိပါသေးတယ်”လို့
ပြောဆိုပါတယ်။ ဒီအခါ မောင်ပေါက်က
“ဟေ့ .. မကောက်၊ ဥပုသ်စောင့်တယ်ဆိုတာ မင်းပြောတော့ လွယ်လွယ်လေးရယ်၊
အမှန်တော့ မလွယ်လှဘူးခင်ဗျ။ နပန်းချတတ်မှ ဖြစ်တာ”လို့
ပြန်ပြောလိုက်ပါသတဲ့။

ဒီပုံပြင်ကလေးနဲ့စပ်ပြီး ပြောလိုတာကတော့
ပုံပြင်ထဲက မောင်ပေါက်လို လူတွေဟာ အပြင်လောကမှာလည်း
အထင်အရှား ရှိနေပါတယ်။ မောင်ပေါက်လောက် အမြီးအမောက်မတည့်၊
ကပေါက်တိ ကပေါက်ချာ မဖြစ်ရုံပဲရှိပါတယ်။
သူတို့တစ်တွေလည်း သူများတွေ “ဥပုသ်စောင့်”ဆိုလို့သာ လိုက်ပြီးစောင့်ကြရတာပါ။
“အဖြူ၊ အမည်း” ကွဲကွဲပြားပြား နားလည်တာမျိုးလည်း မဟုတ်၊
အတိမ်အနက်ကို ဥာဏ်သက်ဝင် ပုံလည်း မရှိကြပါ။
နံနက်စောစော ဘုန်းတော်ကြီးကျောင်းကိုသွားပြီး သီလခံယူ။
စားသောက်ပြီးရင် လေကန်၊ အချိန်တန် ညနေစောင်းရင် စိပ်ပုတီး လက်ဆွဲပြီး
အိမ်ပြန်လာရင် ‘ဥပုသ်သည်’ပီပြင်ပြီလို့ ခံယူထားကြတဲ့ သူတွေပဲ များပါတယ်။

တကယ်တော့ ဥပုသ်ရဲ့ အဓိပ္ပါယ်၊ ဥပုသ်စောင့်ခြင်းရဲ့ ရည်ရွယ်ချက်၊
ဥပုသ်သည်ရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ၊ စနစ်တကျ ဥပုသ် စောင့်ပုံအစီအစဉ်၊
ဥပုသ်အမျိုးမျိုး ကွဲပြားပုံနဲ့ ဥပုသ်ရဲ့ အကျိုးတွေဟာ အလေးအနက်ပြုထိုက်၊ မြတ်နိုးတန်ဖိုးထားထိုက်တဲ့ (မြန်မာ့ဓလေ့) ဘာသာရေး ယဉ်ကျေးမှု
အမွေအနှစ်တွေပဲ ဖြစ်ပါတယ်။

တော်ဝင်နွယ်
အပ္ပာမာဒ ဓမ္မရသမဂ္ဂဇင်း၊ ၂၀၀၁ခုနှစ်၊ သြဂုတ်လ