Friday, December 2, 2011

လောက၀တ် = လောကွတ်



(၁)
မနေ့ မနက်က ဒကာတစ်ယောက်ရောက်လာတယ်။
ဦးသုံးကြိမ်ချပြီး
“ဘုန်းဘုန်း ပိန်သွားတယ်နော်၊ နေကောင်းလား” တဲ့
နောက်တစ်နာရီခန့်အကြာ နောက်တစ်ဦးရောက်လာပြန်ပါတယ်။
“ဘုန်းဘုန်း၊ ၀လာတယ်၊ ကျန်မားရေးကောင်းတယ်မို့လား” တဲ့။

(၂)
မန္တလေး၊ သာသနာ့တက္ကသိုလ်တက်နေတုန်းက
သဘောတူသူငယ်ချင်းတွေစုပြီး အင်္ဂလိပ်စကားပြောတတ်တဲ့
အင်္ဂလိပ်သင်တန်းပေးနေတဲ့ ဆရာတစ်ယောက်ကို (ငှားပြီး) ခေါ်ပြီး
အင်္ဂလိပ်စကားပြော သင်ကြားစေတယ်။

အဲ့ဆရာက မဆိုးပါဘူး။ 
အင်္ဂလိပ်စကားပြော တမူထူးခြား သင်ကြားပေးတယ်။
တခါတလေ သူ့သင်တန်းက တပည့်မလေးတွေခေါ်လာပြီး
အင်္ဂလိပ်စကားပြောပြတယ်၊ သရုပ်ပြသင်ကြားပေးတယ်ပေါ့။
သင်တန်းသားဖြစ်တဲ့ဒို့တတွေကလည်း 
သူတို့အင်္ဂလိပ်စကားပြောပြတာတွေကိုကြည့်ပြီး အားတွေကျလို့။

အဲ့ဆရာက အခြေခံက စသင်ပေးတယ်။
အင်္ဂလိပ်စကားပြောလူတစ်ယောက်ယောက်ကပဲဖြစ်ဖြစ်၊ 
နိုင်ငံခြားသားတစ်ယောက်ယောက်ကပဲဖြစ်ဖြစ်
စတွေ့လို့ စနှုတ်ဆက်ပြီဆိုရင် How are you? လို့ပြောလိမ့်မယ်တဲ့။
မြန်မာလိုတော့ နေကောင်းလားပေါ့လေ။
ဒီလို How are you? နေကောင်းလား လို့မေးလာတဲ့အခါ
ကိုယ်ဘယ်လောက်ပင် နေမကောင်းဖြစ်နေပါစေ၊ 
ဘယ်လောက်ပင် ဗိုက်အောင့် ဗိုက်နာဖြစ်နေပါစေ၊
မျက်နှာမှာ အပြုံးလေးပြပြီး
I am fine, thank you. နေကောင်းပါတယ်ဗျာ၊ ကျေးဇူးပါလို့
ပြန်ပြောပါ တဲ့။
ဘာလို့လဲဆိုလို့ရှိရင် How are you? နေကောင်းလားလို့မေးတာဟာ
လောက၀တ်တရားအရ လောကွတ်သဘောအရ မေးတာဖြစ်ပြီး
မေးတဲ့သူက Positive Answer ဖြစ်တဲ့ 
နေကောင်းပါတယ်ဆိုတဲ့အဖြေကို
မျှော်လင့်ပြီးလောက၀တ်အနေနဲ့ လောကွတ်သဘောမေးတာဖြစ်လို့ပါ တဲ့။

(၃)
တချို့က ဒီလိုလောက၀တ်သဘောအရ နေကောင်းလား မေးတာကိုပင်
“နေကောင်းတာ မမြင်ဘူးလား” ဟု ငေါ့တော့တော့ ပြန်ပြောတာကို ခံရဘူးပါတယ်။
တကယ်တော့ ဒီလိုလောက၀တ်မျိုးကို 
ဘုရားရှင်ပင် ကျင့်သုံးလေ့ရှိတာကို တွေ့ရပါတယ်။

ဘုရားရှင်က ရဟန်းတော်တွေကို တွေ့တဲ့အခါ
ကစ္စိ ခမနီယံ၊ ကစ္စိ ယာပနီယံ
ရဟန်းတို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာရှိကြရဲ့လားလို့ မေးလေ့ရှိပါတယ်။
ဒါကို ဘိုစကားနဲ့ပြောရင် How are you? ပါဘဲ။

(၄)
မနေ့ မနက်က ဒကာတစ်ယောက်ရောက်လာတယ်။
ဦးသုံးကြိမ်ချပြီး
“ဘုန်းဘုန်း ပိန်သွားတယ်နော်၊ နေကောင်းလား” တဲ့
နောက်တစ်နာရီခန့်အကြာ နောက်တစ်ဦးရောက်လာပြန်ပါတယ်။
“ဘုန်းဘုန်း၊ ၀လာတယ်၊ ကျန်မားရေးကောင်းတယ်မို့လား” တဲ့။

ဒါက ကျောင်းကို ရောက်လာတဲ့ဒကာတွေရဲ့ လောက၀တ်စကားပါပဲ။
ပထမဒကာက ဘုန်းဘုန်း ပိန်သွားတယ်နော်တဲ့။
ဒုတိယဒကာက ဘုန်းဘုန်းဝလာတယ်တဲ့။
သူတို့တတွေရဲ့ ရင်ထဲမှာ တကယ်တော့ ဘုန်းဘုန်းပိန်တာ ၀တာဟာ
ဘာမှ အရေးမကြီးပါဘူး။ ပိန်ချင်လဲ ပိန်မယ်။ ၀ယ်ချင်လဲ ၀မယ်ပေါ့။
အရင်အတိုင်းပဲ ဖြစ်ချင်လဲ ဖြစ်မယ်ပေါ့။

ဒါပေမဲ့ ဒါ လောက၀တ်သဘောအရ စကားပြောဘို့ (လျှောက်တင်ဘို့)
အစပျိုးနိဒါန်းချီလိုက်တဲ့ စကားသက်သက်မျှသာပါ လို့ နားလည်မိပါတယ်။

ဒါမျိုးလောက၀တ်လေးတွေဟာ လောကကြီးမှာ လိုအပ်ပါတယ်။
ချစ်ဖွယ်လည်းကောင်းပါတယ်။

ပုံ၊ http://www.zwani.com