Tuesday, November 29, 2011

ငရဲပြည် နတ်ပြည်


ငယ်ဆရာတော်တစ်ပါးက ပြောပြခဲ့ဘူးတယ်။ 
မငြင်းခုံရမည့်အရာ သုံးမျိုးရှိသတဲ့။
အဲ့ဒါတွေကတော့
(၁) Love = အချစ်ကိစ္စ
(၂) Politics = နိုင်ငံရေးနဲ့
(၃) Religion = ဘာသာရေးယုံကြည်မှုတွေမှာ  မငြင်းခုံသင့်ဘူးတဲ့။


သူဆက်လက်ရှင်းပြပါတယ်။
လူတစ်ဦးတစ်ယောက်က တစ်ယောက်ယောက်ကို ချစ်ကြိုက်ရာဝယ်
သူကြိုက်လို့ သူချစ်တဲ့သူကို ဘေးလူတစ်ယောက်အနေနဲ့
မလှတာ လှတာ ဝေဘန်ဘို့မသင့်ကြောင်း၊ ကိုယ်ထင် ခုတင်ရွှေနန်းဆိုသည့်အတိုင်း
သူကြိုက်လို့ သူချစ်နေတဲ့သူဟာ (နဖူးတွင် ဗုကြီးပင်ပေါက်နေလင့်ကစား)
သူ့အတွက် အလှဆုံးဖြစ်နေတတ်ကြောင်း၊
ဒါ့ကြောင့် ဒီအချစ်ကိစ္စမှာ ဒီလိုမျိုးကိစ္စမှာ အငြင်းမပွါးသင့်ကြောင်း ရှင်းပြဘူးပါတယ်။


နိုင်ငံရေးမှာလည်း အတူတူပဲတဲ့။
သူကြိုက်တဲ့ပါတီ၊ သူနှစ်သက်တဲ့နိုင်ငံရေးသဘောတရားတွေကို
ကိုယ်မကြိုက်ရကောင်းလားဆိုပြီး ငြင်းခုံမှုမပြုသင့်ကြောင်း ပြောပြပါတယ်။


အဲ၊ နောက်ဆုံးဘာသာရေးမှာဆို ပိုလို့တောင်ငြင်းခုံမှုမပြုရဘူးတဲ့။
သူကိုးကွယ်ယုံကြည်တဲ့ ဘာသာက မကောင်းဘူး၊ 
ငါကိုးကွယ်တဲ့ဘာသာက ကောင်းတယ် လို့ လုံးဝမပြောပါနဲ့တဲ့။
ဘာသာရေးယုံကြည်မှုမှာ လုံးဝမငြင်းခုံပါနဲ့တဲ့။
ငယ်ဆရာပြောခဲ့ဘူးတဲ့ မငြင်းခုံရမည့် အရာသုံးမျိုးပါ။


အိန္ဒိယမှာကျောင်းတက်တုန်းက နိုင်ငံအတော်များများက 
ဘာသာပေါင်းစုံက ကျောင်းသားအတော်များများနဲ့ဆက်ဆံဘူးတယ်။
ကျောင်းသားဆိုတော့ တက်ကြွလန်းဆန်းတဲ့လူငယ်လူရွယ်တွေချည်းပဲ။
ငယ်ဆရာသမားဆုံးမစကားကို မေ့လျှော့ကာ
ဘာသာရေးအကြောင်းတွေ ကအစ လူငယ်များပီပီ ငြင်းကြ ခုံကြလေ့ရှိတယ်။
သူ့ဘာသာ ကိုယ့်ဘာသာအားနည်းချက်တွေကို ထောက်ပြကြတယ်။


တကယ်တော့ ဘာသာအယူဝါဒယုံကြည်ချက်တွေဟာ 
ငြင်းခုံသင့် ငြင်းခုံရမည့်အရာတွေမဟုတ်ပါဘူး။
ဘာသာတရားတစ်ခုခုကို တည်ထောင်တဲ့ဘာသာရေးခေါင်းဆောင်ကြီးတွေဟာ
သူ့ပတ်ဝန်ကျင် သူ့လောကကို ငြိမ်းချမ်းစေလိုလို့
တိုးတက်စေလိုလို့ အဆင့်အတန်းမြင့်စေလိုလို့  တည်ထောင်ခဲ့ကြတာလို့ ထင်မြင်မိပါတယ်။
နောင်လာနောက်သားများက ဘာသာရေးခေါင်းဆောင်ကြီးတွေ ဟောကြားခဲ့တဲ့
အဆုံးအမတွေအပေါ်မှာ မှတ်ချက်ချတာ ဖွင့်ဆိုတာတွေကတော့
အင်မတန်သတိထားရမည့်ကိစ္စပါ။


၂၀၀၄ - ခုနစ်က မလေးရှားနိုင်ငံကနေပြီး ထိုင်းနိုင်ငံကို ရထားနဲ့ ခရီးသွားဘူးတယ်။
မလေးရှားနိုင်ငံ Butterworth ဆိုတဲ့မြို့ကနေပြီး
ထိုင်းနိုင်ငံ ဘန်ကောက်အထိ။ နာရီပေါင်း ၂၀ လောက်ကြာတယ်။
ဆိုတော့ ရထားပေါ်မှာ နာရီ ၂၀ ကြာ နေရတယ်ပေါ့။
ခရီးသွားတို့ထုံးစံအတိုင်း ရထားပေါ်မှာ ငြီးငွေ့လာတဲ့အခါ ကိုယ့်အနီးအနားက လူကို
မိတ်ဆွေဖွဲ့ စကားပြောလေ့ရှိကြတာပေါ့။
အဲ့တုန်းက ရထားပေါ်မှာ 
ဂရိနိုင်ငံက လူကြီးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် နေရာရတယ်။
အလ္လာပ သလ္လာပစကားတွေပြောဆိုရင်း ဘာသာရေးအကြောင်းရောက်လာတယ်။
ကိုယ်က ဘာသာရေးခေါင်းဆောင်ဆိုတော့ 
ဘာသာရေးစကားပြောချင်တာလည်းဖြစ်ပါလိမ့်မယ်။
ငြင်းခုံတဲ့အဆင့်မရောက်သည့်တိုင် 
အကြိတ်အနယ်ဆွေးနွေးတဲ့အဆင့်အထိရောက်ခဲ့ပါတယ်။


ပထမဦးဆုံး သူမေးတာက 
“ငရဲပြည်နဲ့ နတ်ပြည်ကို ယုံလား” တဲ့။
“ဘာသာတစ်ခုကို တည်ထောင်ရာမှာ 
တည်ထောင်သူတစ်ယောက်အနေနဲ့ ပထမဦးဆုံး ပြောဟောရမှာက
ငရဲပြည်နဲ့ နတ်ပြည်အကြောင်းပဲဖြစ်တယ်” လို့ ဖြေကြားခဲ့ပါတယ်။


“ခင်ဗျားက ခင်ဗျားရဲ့ဦးဏှောက်ကို ဖွင့်ထားတာပဲ” ဆိုတဲ့ 
သူ့တုန့်ပြန်ချက်ကို ထောက်ဆခြင်းအားဖြင့် ဒီအဖြေကို သဘောကျပုံပေါက်ပါတယ်။


ငရဲပြည် နတ်ပြည်နဲ့ပတ်သက်လို့ မလေးရှားနိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓဘာသာကို 
မျိုးစေ့ချပေးခဲ့တဲ့ မလေးရှားထေရ၀ါဒဗုဒ္ဓဘာသာဖခင်ကြီး
ဒေါက်တာကေသီရိဓမ္မာနန္ဒ ဟောခဲ့တဲ့တရားလေးကို ဆက်ပြောပြဖြစ်တယ်။


A monk was once preaching about heaven and hell. 
Someone from the audience who did not believe in heaven and hell 
challenged the monk, stating that he was misleading innocent people 
by talking about non-existent places. 
The man was very fierce and in a raised voice he asked the monk 
to prove where these two places exist.
Seeing his angry mood, the monk said: 
‘Do you know that you are now in hell?’ 
The man at once realised the concept of hell 
according to the monk’s expression.
Then with a smiling face, again he asked: 
‘All right. Now tell me, where heaven is.
’ The monk calmly replied: ‘Now you are in heaven.’


မြန်မာလိုနားလည်အောင်ပြောပြရရင်
တစ်နေ့သောအခါမှာ ဆရာတော်ကြီးထံ ဓားပြဗိုလ်ကြီး တစ်ယောက်လာတယ်။ 
အဲဒီ ဓားပြဗိုလ်ကြီးက လုယက် သတ်ဖြတ်ရာမှာ အညှာအတာကင်း ရက်စက်လွန်းလို့ 
အင်မတန် နာမည်ကြီးပြီး လူတိုင်းက ကြောက်ရွံ့ရသတဲ့။ 
ဆရာတော်ကြီးထံ ရောက်လာတဲ့ ဓားပြဗိုလ်ကြီးက 
“ဆရာတော်ဘုရား၊ လောကမှာ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ် ရှိပါသလား၊ 
ရှိရင် ငရဲ နဲ့ နတ်ပြည် အကြောင်း တပည့်တော်ကို သင်ပြ ပေးပါဦး”
လို့ မေးမြန်းလျှောက်ထားသတဲ့။


          အဲဒီအခါ ဆရာတော်ကြီးက ဓားပြဗိုလ်ကြီးရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး 
“မင်းလို  သူတစ်ပါးတွေရဲ့ အသက်ကို ရက်ရက် စက်စက် သတ်ဖြတ်ပြီး 
သူများ စည်းစိမ် ချမ်းသာတွေကို လုယက်ခိုးယူနေသူ တစ်ယောက်ကို 
နတ်ပြည်အကြောင်း သင်ပြပေးလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ 
အပိုပဲပေါ့”လို့ မိန့်ကြားလိုက်ပါတယ်။ 
ဆရာတော်ကြီးရဲ့ မထောက်မညှာ မိန့်ကြားတဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အခါ 
ဓားပြဗိုလ်ကြီးဟာ တစ်ခါတည်း မျက်စိ မျက်နှာပျက်ပြီး 
လက်တွေ တဆတ်ဆတ် တုန်လာအောင် ဒေါသတွေ ထွက်လာတယ်။


          ပြီးတော့ ပွက်ပွက်ဆူနေတဲ့  သူ့စိတ်ကို သူမထိန်းနိုင်တော့ဘဲ 
“ ဒီလောက် မိုက် ရိုင်း တဲ့ ကိုယ်တော်ကို ခေါင်းဖြတ် သတ်ပစ်တာပဲ နားအေးတယ်” ဆိုပြီး 
ဆောင်ဓားကို ထုတ်ကာ ဆရာတော်ကြီးရဲ့ ဦးခေါင်းထက်မှာ ချိန်ရွယ်လိုက်သတဲ့။


          အဲဒီအခါ ဆရာတော်ကြီးက 
“အဲဒါ ငရဲပဲ၊ မင်းအတွက် ငရဲတံခါးကြီးပွင့်သွားပြီ” လို့ အမိန့်ရှိလိုက်ပါတယ်။


          အဲဒီတော့မှ ဆရာတော်ကြီးဟာ အသက်နဲ့ရင်းပြီး သူနားလည်အောင် 
ငရဲရဲ့ သဘာဝကို သင်ပြ ပေးလိုက်လို့ ဓားပြဗိုလ်ကြီး သဘောပေါက် သွားတယ်။ 
ဒါကြောင့် မြှောက်ချီ ထားတဲ့ ဆောင်ဓားကို မြေကြီးပေါ်မှာ 
အသာ အယာချပြီး လက်အုပ် ချီကာ 
“ ကျေးဇူးကြီး လိုက်တာ အရှင်ဘုရား။ ခွင့်လွှတ်တော်မူပါ အရှင်ဘုရား”လို့ 
လျှောက်ထား တောင်းပန်ရင်း ဦးသုံးကြိမ်ချ ကန်တော့လိုက်ပါတယ်။


          အဲဒီအခါ ဆရာတော်ကြီးက 
“အဲဒါ နတ်ပြည်ပဲ၊ ဒကာကြီးအတွက် နတ်ပြည် တံခါးကြီး ပွင့်သွားပြီ”လို့ 
ထပ်မံပြီး အမိန့်ရှိလိုက်ပါတယ်။


          ဒီဓမ္မပုံပြင်လေးဟာ ငရဲ နဲ့ နတ်ပြည်ရဲ့ သဘာဝကို 
လူပြိန်း နားလည်အောင် တစ်စိတ်တစ်ဒေသ ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။


နောက်ထပ်သူမေးတဲ့မေးခွန်းက
ဗုဒ္ဓဘာသာမှာ ဘယ်လိုလူမျိုးကို လူတော်လူကောင်း သူတော်ကောင်းလို့ 
သတ်မှတ်ပါသလဲ တဲ့။


Ref: Buddhist Concept of Hell and Heaven by K Sri Dhammananda
တော်ဝင်နွယ်၏ အပ္ပမာဒဓမ္မရသပုံပြင်များ၊