Saturday, November 26, 2011

မြင်ကွင်းကောင်းကို ရှာကြစို့



မလေးရှားနိုင်ငံမှာ ထုပ်ဝေတဲ့ အတော်အတန်သင့် နာမည်ရ ဂျာနယ်တစ်စောင်မှာ
ကာတွန်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
ဦးဇင်းနှစ်ပါးက လူဝတ်လဲပြီး စားသောက်ဆိုင်မှာ စားနေကြတုန်း ဒကာမတစ်ယောက်က
“ဟိုဘက်ဝိုင်းမှာ ညစာ စားနေတာ ဒို့ကျောင်းက ဦးဇင်းတွေနဲ့ တူလိုက်တာ ” လို့
ပြောလိုက်တဲ့အခါ
“လူမှားနေပြီ ဒကာမကြီး ” လို့ တစ်ပါးကပြောတော့
“ ဟိုက် ..သွားပါပြီ ကိုယ်တော်” လို့
နောက်တစ်ပါးက ထပ်ပြောလိုက်တဲ့ ကာတွန်းလေးပါ။

ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဘာသာရေးကို သရော်တဲ့ ကာတွန်းမျိုးကို ထည့်ကြသလဲ
ဆိုတာတော့ သက်ဆိုင်သူတွေသာ သိကြမှာပါ။ ဘာသာရေး သရော်တဲ့ ကာတွန်းမျိုးကို
ဂျာနယ်ထဲမှာ ဖေါ်ပြလိုက်လို့ ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ကောင်းကျိုး ဆိုးကျိုး
ဘယ်ဟာ ပိုများလာမလဲဆိုတာတော့ ဥာဏ်ရှိသူတိုင်း စဉ်းစားမိကြမှာပါ။

လုပ်ပိုင်ခွင့်ရှိတဲ့သူတွေဟာ မိမိတို့ရဲ့လုပ်ပိုင်ခွင့်တွေကို နေရာတကာမှာလိုက်ပြီး
အသုံးချနေကြလို့ မိမိတို့မြေ မိမိတို့ရေဟာ အောက်ကျ နောက်ကျ ဖြစ်နေရတယ်လို့လည်း
အတွေးစတစ်ခု ၀င်လာမိပါတယ်။

လိပ်ပြာမသန့်တဲ့ ရည်ရွယ်ချက်တွေနဲ့ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ဒေါင့်မျိုးစုံမှာ အသုံးချ
နေကြမယ်ဆိုရင်တော့ ဒီလုပ်ပိုင်ခွင့်တွေကဘဲ မိမိတို့ဘ၀ကို အောက်ကျသွားအောင်
ပို့ဆောင်ပေးမှာ သေချာပါတယ်။

အကောင်း အဆိုး အကြောင်း အကျိုးတွေဟာ နေရာတိုင်းမှာ ရှိတာပါ။ မြတ်စွာဘုရား
တည်ထောင်လာခဲ့တဲ့ သာသနာတော်ကြီးထဲမှာ ရဟန်းကောင်း ရဟန်းဆိုး အမျိုးမျိုး
ရှိတာဟာ သိပ်တော့ ဆန်းမယ်မထင်ပါဘူး။

ဒါပေမဲ့ သာသနာစိတ်နဲ့ သာသနာ့တာဝန်တွေကို ခေတ်အဆက်ဆက် သယ်ဆောင်
လာခဲ့ကြတဲ့ ရဟန်းကောင်း ရဟန်းမြတ်တွေ အများကြီးရှိလို့
သာသနာတော်သက်တမ်းဟာ (၂၅၄၄) ခုနှစ် ရှိလာခဲ့ပါပြီ။

သာသနာပြုစိတ်ဓာတ်တွေနဲ့ လောကလမ်းစဉ် ဓမ္မလမ်းစဉ်တွေကို ဟောဖေါ်
ညွှန်ပြနေကြတဲ့ ရဟန်းမြတ်တွေ သာသနာတော်ကြီးထဲမှာ အများကြီးရှိပါတယ်။
ဒီရဟန်းကောင်း ရဟန်းမြတ်တွေရဲ့ ဂုဏ်တော်တွေကို ကြည့်တတ် မြင်တတ်မှသာ
ကြည်ညိုမှု သဒ္ဓါတရားတွေ ဖြစ်ပေါ်လာပြီး ကုသိုလ်တွေ ရကြမှာပါ။

ဒီလိုမှ မဟုပ်ဘဲ ဂျာနယ်ထဲက ကာတွန်းမျိုးလောက်ကိုသာ ကြည့်တတ် မြင်တတ်
သွားမယ်ဆိုရင် အကုသိုလ်တွေ ဖြစ်ပေါ်လာပြီး
လှူချင် တန်းချင်စိတ်တွေ ရှိလာတော့မှာ မဟုပ်ပါဘူး။

ကုသိုလ်ဖြစ်ဘို့ မဖြစ်ဘို့ဆိုတာကလည်း အသင့်အတင့် နှလုံးသွင်းကောင်းဖို့ လိုပါတယ်။
ကြည့်တတ် မြင်တတ်ဖို့ လိုပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်း အဆိုး
ဒွန်တွဲနေတာဖြစ်လို့ အဆိုးတွေကိုသာ ကြည့်တတ် မြင်တတ်နေမယ်ဆိုရင်
ကုသိုလ်တွေ ဖြစ်မလာတော့ပါဘူး။ အကောင်းဘက်ကို ကြည့်တတ် မြင်တတ်မှ
ကုသိုလ်တွေ ဖြစ်လာမှာပါ။ ကောင်းတာတွေ ဖြစ်လာမှာပါ။
ကောင်းတဲ့မြင်ကွင်းတွေကို ရှာတတ်ဖို့ လိုပါတယ်။

ဒီနေရာမှာ မိမိကြားဘူးတဲ့ မစိုးရိမ်ကျောင်းဒကာကြီးရဲ့ မြင်ကွင်း ရှာတတ်ပုံလေးကို
ပြောပြချင်ပါတယ်။ မန္တလေးမြို့က မစိုးရိမ်ကျောင်းဒကာကြီးဆိုတာ သာသနာပြု စံပြပုဂ္ဂိုလ်ကြီးပါ။
တစ်နေ့တော့ လူတစ်ယောက်က ကျောင်းဒကာကြီးစီ လာပြီး
“ ဗျို့..ကျောင်းဒကာကြီး..ခင်ဗျားကသာ ရွှေကျောင်းကြီးတွေ ဆောက်ပြီး
သံဃာတော်တွေကို လှူတန်းနေတာ၊ အခု ခင်ဗျား ကိုးကွယ်နေတဲ့ ဦးဇင်းတွေက
ခြင်းခတ် နေကြပါလား ”လို့ လာပြီး ပြောပါတယ်။
(မလှူချင်ရင် အပြစ်ရှာပြော ဆိုတဲ့ဆရာသမားတွေရဲ့အဆုံးအမ အတိုင်းပေါ့)

“ဟာ..ဟုပ်လား အဲဒါဆို ကျုပ်ကို လိုက်ပြဗျာ” ဆိုပြီး
မစိုးရိမ်ကျောင်းတိုက်ကြီးထဲကို ရောက်လာခဲ့ကြပါတယ်။
“အော် ဟုပ်သားပဲ ခြင်းခတ်နေကြတာ ဘယ်နှစ်ပါးတုန်း” လို့
ကျောင်းဒကာကြီးက မေးလိုက်ပါတယ်။
“ ခင်ဗျားကလဲ ခြင်းတစ်ဝိုင်းစာ ငါးပါးပေါ့ဗျ
ခင်ဗျားလည်း မြင်နေတာပဲ ”လို့ ပြောလိုက်ပါတယ်။

“လာဗျာ အမောပြေ အလယ်ကျောင်းကြီးပေါ် ခဏတက်ရအောင်”လို့ ခေါ်လာခဲ့ပါတယ်။
စာအုပ်ကိုယ်စီနဲ့ စာတက် စာကျက်နေတဲ့ သံဃာတော်တွေကို မြင်လိုက်ရတော့
“ကဲဗျာ ဒီသံဃာတော်တွေ ဘယ်နှစ်ပါးလောက် ရှိမတုန်း” လို့
ကျောင်းဒကာကြီးက မေးလိုက်ပါတယ်။
“ ဟာ အများကြီးပေါ့ ဘယ်လိုလုပ် ရေတွက်လို့ ရမှာတုန်း” လို့ ပြန်ပြောလိုက်ပါတယ်။
“ဒါဆို ခုနက ခြင်းခတ်နေတဲ့သံဃာတွေနဲ့ အခုမြင်နေရတဲ့ သံဃာတွေဟာ ဘယ်ကပိုများသလဲ” လို့ ကျောင်းဒကာကြီးက ထပ်ပြီးမေးလိုက်ပါတယ်။
“အခု မြင်နေရတဲ့ သံဃာတွေက ပိုများတာပေါ့ ကျောင်းဒကာကြီးရယ်”လို့ ဖြေလိုက်ပါတယ်။

“ခင်ဗျား သေချာမှတ်ထားစမ်းပါဗျာ ကျုပ်က ဒီလို ကုသိုလ်ရမဲ့ မြင်ကွင်းမျိုးကို ကြည့်ပြီး
သာသနာပြုတာပါ၊ အကုသိုလ်ရမဲ့ မြင်ကွင်းမျိုးကို လိုက်ရှာကြည့်နေမယ်ဆိုရင်
ဘယ်လိုလုပ် သာသနာပြုလို့ ရတော့မှာတုန်း” လို့ ကျောင်းဒကာကြီးက အဲဒီလူကို
ပြောဆိုဆုံးမ လွှတ်လိုက်ပါတယ်။
အလွန်မှတ်သားဖို့ အတုယူဖို့ ကောင်းပါတယ်။

သာသနာပြုကြတဲ့နေရာမှာ ဆရာ ဒကာ လက်တွဲညီဖို့ အလွန်အရေးကြီးပါတယ်။
ဆရာ ဒကာတွေထဲမှာလည်း စွမ်းနိုင်အားရှိသူတွေ လုပ်ပိုင်ခွင့်ရှိသူတွေဟာ
သာသနာတော်ကြီးအတွက် အရေးပါ အရာရောက်လှပါတယ်။ ဒီပုဂ္ဂိုလ်တွေက
လမ်းချော်သွားကြမယ်ဆိုရင်ဖြင့် သာသနာတော်ကြီး ဆုပ်ယုတ်သွားမှာ သေချာပါတယ်။
သာသနာတော်ကြီး စည်ပင်ပြန့်ပွားဘို့ ဆရာ ဒကာ ညီညာစွာဖြင့် မြင်ကွင်းကောင်းတွေ
ရှာကြပါစို့လို့ စေတနာစကား ရေးသားလိုက်ပါတယ်။

အရှင်ကောသလ္လ(မစိုးရိမ်)
ရေးထားတာလေးပါ