Monday, November 21, 2011

စိပ်ပုတီးနှင့်ရှင်သီဝလိ



ရှေးခေတ်က တရုတ်နှင့် ပီရူးနိုင်ငံတို့တွင် ချည်ကြိုးဖြင့် အထုံးပုတီး ပြုလုပ်ပြီး 
မှတ်တမ်းမှတ်ရာသဘော အသုံးပြုခဲ့ကြသည်။ 
တစ်ဖန် ဗြာဟ္မဏ၊ ဟိန္ဒူ၊ ဂျိန်း၊ ခရစ်ယာန်၊ မူစလင်တို့လည်း 
သစ်စေ့၊ ၀ါး၊ ဖန်၊ ကျောက်ပုတီးစသည်တို့ကို အသုံးပြုကြသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့သည်လည်း ပုတီးကို အဆင်တန်ဆာ အဖြစ်လည်းကောင်း၊ 
ဘာသာရေး အသုံးအဆောင် အဖြစ်လည်းကောင်း အသုံးပြုခဲ့ကြသည်။ 
ဂိုဏ်းသမားတို့ကလည်း ဂိုဏ်းသုံးပစ္စည်းအဖြစ် အသုံးချကြသည်။

မြန်မာနိုင်ငံတွင် အဆင်တန်ဆာအဖြစ် ပုတီးများကို 
ပျူခေတ်ကပင် တွင်ကျယ်စွာ သုံးစွဲနေကြသည်။ 
ဘာသာရေး အသုံးအဆောင်ပုတီးကိုကား နောက်ခေတ်ရောမှ သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ 
ထိုဘာသာရေး အသုံးဖြစ်သော စိပ်ပုတီးမှာမူ 
ဟိန္ဒူတို့ထံမှ နည်းယူ၍ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဟိန္ဒူဝါဒ ကျင့်ထုံးများတွင် ဥပါသန ခေါ် ကျင့်ထုံးတစ်ခု ရှိသည်။ 
ဤကျင့်ထုံးမှာ ဘုရားထီး၊ ဘုရားမတို့၏ 
ဂုဏ်ကို ဖွဲ့ဆိုထားသော မန္တန်တို့ကို ရွတ်ဆိုရသည့် အလုပ်ဖြစ်သည်။ 
ထိုဂုဏ်တို့ကို ရွတ်ဖတ် ပူဇော်ရာ၌ ဇပ္ပ ခေါ် စိပ်ပုတီးဖြင့် ရွတ်ဖတ်မှုလည်း ပါဝင်သည်။ 
ထို့ကြောင့် ဟိန္ဒူတို့က စိပ်ပုတီးကို ဇပ္ပမာလာ ဟု ခေါ်ကြသည်။

ဇပ္ပ = ရွတ်ဆိုခြင်း၊ သရဇ္ဈာယ်ခြင်း ၊
မာလာ= ပန်း၊ သို့မဟုတ် အစဉ်အတန်း-ဟူ၍ အဓိပ္ပယ်ရပေသည်။

ဇပ္ပမာလာ၏ အဓိပ္ပာယ်မှာ တစ်ခုခုကို ရွတ်ဆိုသောအခါ 
အကြိမ်ပေါင်းကို မှတ်သားရန်အတွက် သီကုံးထားသည့် အရာဝတ္ထု ဟူ၍ ဖြစ်ပါသည်။ 
ဟိန္ဒူဘာသာတွင် ဗိဿနိုးဂိုဏ်းဝင်တို့သည် ၁၀၈-လုံး ပုတီးကို အသုံးပြုလေ့ ရှိကြ၏။ 
မြန်မာတို့ကလည်း ၁၀၈-လုံး ပုတီးကိုပင် အသုံးပြု များကြသည်။

မြန်မာနိုင်ငံ၌ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့သည် 
မည်သည့်ခေတ်က စတင်၍ အသုံးပြုခဲ့သည်ဟု မသိရပေ။ 
ပုဂံခေတ် အပယ်ရတနာလိုဏ်ဂူဘုရားအတွင်း၌ 
တွေ့ရသည့် နံရံဆေးရေး အထောက်အထားများအရ 
ဟိန္ဒူရသေ့ကြီးများဟု ယူဆရသော ရသေ့ကြီးများ ပုံတို့၌ 
စိပ်ပုတီးများကို ကိုင်ဆောင်ထားကြ၏။ 
ရသေ့တို့သည် စိပ်ပုတီးကို ကိုင်၍ မန္တန်ရွတ်နေဟန် ရှိပေသည်။

အင်းဝခေတ်တွင်မူ ဗုဒ္ဓဘာသာဝင်တို့လည်း စိပ်ပုတီးကို အသုံးပြုလာကြပြီ ဖြစ်သည်။ 
အင်းဝခေတ်တွင် ရာဇာဓိရာဇ်နှင့် စကြိုသူမြတ်တို့ တွေ့ဆုံပွဲ၌ 
သီတင်းသည် ၃၀၀-တို့က စိပ်ပုတီး ကိုယ်စီဖြင့် လိုက်ပါရကြောင်း 
သမိုင်းဟောင်းတို့၌ တွေ့ရှိရသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့သည် ဟိန္ဒူတို့ အထံမှ စိပ်ပုတီးအသုံးကို နည်းယူ၍ 
အသုံးပြုခဲ့ကြသည်။ ဤသို့ ကျင့်သုံးသည်ကို မှားသည်ဟု မဆိုနိုင်ပါ။ 
မည်သည့် အယူဝါဒမှ နည်းယူ၍ ကျင့်သုံးသည် ဖြစ်စေ၊ ဗုဒ္ဓဘာသာတို့က 
ဗုဒ္ဓဘာသာ နည်းဟန်ဖြင့် အသုံးပြုခြင်းသာ ပဓာန ဖြစ်သည်။

ဟိန္ဒူတို့က မန္တန်ရွတ်ရာ၌ အသုံးပြုသည်။ 
ဗုဒ္ဓဘာသာတို့က ဗုဒ္ဓဂုဏ်တော် ရွတ်ပွားရာ၌ အသုံးပြုသည်။ 
ဤသို့ ခြားနားသွားကြပါသည်။ 
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဂုဏ်တော်အာရုံ ပွားထုံရန် အလို့ငှာ 
စိပ်ပုတီးကို အသုံးပြုသင့်ကြပါသည်။ 
စန္ဒရားသည် မြန်မာတို့ တီထွင်သော တူရိယာပစ္စည်း မဟုတ်သော်လည်း
မြန်မာတေးကို တီးခတ်ရန်အတွက် အသုံးပြုခဲ့ ကြသကဲ့သို့ မှတ်ယူနိုင်ပေသည်။

သို့ရာတွင် အချို့ပုဂ္ဂိုလ်တို့သည် စိပ်ပုတီးနှင့် ပတ်သက်၍ 
ယုံကြည်မှု အပိုအကဲများ ဖြစ်လာပါသည်။ နံ့သာပုတီး၊ ဂြိုဟ်တိုင်ပုတီး၊ 
ဓာတ်သားပုတီး၊ ပန်းပေါင်းပုတီး၊ ဂမုန်းပေါင်းပုတီး စသည်ဖြင့် 
စိတ်ကူးပေါ်ရာ တီထွင်၍ အသုံးပြုလာကြသည်။ 
စိပ်ပုတီး၏ တန်ခိုးကိုလည်း အမျိုးမျိုး ယုံကြည်လာကြသည်။ 
ပုတီးကို ရေစိမ်သောက်လျှင် ဘာရောဂါ ပျောက်မည် စသည်မျိုး ဖြစ်၏။

အချို့ပုဂ္ဂိုလ်တို့လည်း ပုတီးခေါင်းမှ ကြိုးအဖျားကို ကိုင်ကာ 
အသက်ဝင်လာသယောင် ထင်အောင် တောင်ရမ်း မြောက်ရမ်း လုပ်ပြီး 
ပရမ်းပတာ ဟောကိန်းဖြင့် လုပ်စားနေကြသည်။ 
ဤယုံကြည်မှုမျိုးကား 
သဘာဝလွန် ယုံကြည်မှု ဖြစ်လာသောကြောင့် အစွန်းရောက်ခဲ့လေပြီ။

ယခုအချိန်တွင် မြန်မာနိုင်ငံ၌ 
ဘိုးဘိုးအောင်ဆိုသူ၏ စိတ်ကူးယဉ်ဘိုးတော်ပုံ၌လည်းကောင်း၊ 
အခြားပုဂ္ဂိုလ်ပုံတို့၌လည်းကောင်း စိပ်ပုတီးထည့်၍ ထုလုပ် ရေးဆွဲကြသည်။ 
စိပ်ပုတီးသည် ဤမျှ တွင်ကျယ်နေပြီ။ 
ထိုအထဲတွင် ရှင်သီဝလိပုံတော်ကို 
စိပ်ပုတီးဖြင့် ထုလုပ်ကြသည်ကား မလျော်ကန်လှပေ။ 
အဘယ့်ကြောင့်ဆိုသော် ရှင်သီဝလိခေတ်က 
စိပ်ပုတီးကို အသုံးပြုလေ့ မရှိသောကြောင့်တည်း။

ထေရ၀ါဒဗုဒ္ဓဘာသာ စာ ၁၅၆
ပုံ၊ http://yatanavasa.blogspot.com/2011/02/blog-post_14.html