Friday, November 18, 2011

အတိတ် နိမိတ်



မြန်မာနိုင်ငံတွင် အတိတ်နိမိတ်စသည် ယုံကြည်မှုလည်း များလှသည်။ 
ယုံကြည်စရာ ပြုလုပ်ထားသော အရာများလည်း များပြားလှ၏။ 
အတိတ်ဟော နိမိတ်ဟောကျမ်းများကို ကြည့်လျှင် 
သဘာဝလောက၌ ရှိသော ပစ္စည်းတို့၏ လှုပ်ရှားမှု မှန်သမျှကို 
အတိတ်နိမိတ်ထဲ၌ ထည့်သွင်းထားကြ၏။ 
ဟောကွက် ပြောကွက်များ ပြုလုပ်ထားကြသည်။
မောင်းထောင်သာသနာပိုင် လူထွက် 
မဟာဓမ္မသင်္ကြန်ကဲ့သို့ ပုဂ္ဂိုလ်ကြီးများကလည်း 
နေမိတ္တက၀ိဇ္ဇာကျမ်းမျိုးကို ရေးသားကာ 
စိတ္တဇဝေဒနာကို ပြန့်ပွားအောင် ပြုလုပ်ထားခဲ့ကြသည်။ 

ဤသို့ဖြင့် လူတို့၏ စိတ်သန္တာန်ဝယ် 
အတိတ်စွဲရောဂါ နိမိတ်ဖတ်ဝေဒနာများ ကပ်ရောက်နေရလေသည်။

ဤအတိတ်နိမိတ် ယုံကြည်မှုများမှာလည်း 
အများအားဖြင့် အိန္ဒိယမှပင် ကူးစက်လာ သော ယုံကြည်မှုများ ဖြစ်သည်။ 
ဗြာဟ္မဏခေါ် ပုဏ္ဏားတို့၏လက်ရာ ကျမ်းအစဉ်အလာဟု သိရပေသည်။

ဟိန္ဒူဝါဒကျင့်ထုံးများတွင် သန္တိ ခေါ် ကျင့်စဉ်တစ်ခု ရှိသည်။ 
ထိုကျင့်စဉ်မှာ အတိတ်ဆိုး နိမိတ်ဆိုး တွေ့ကြုံသောအခါ 
ဘေးအန္တရာယ် ကင်းစင်ရေးအတွက် ယတြာချေရသော အလုပ်ဖြစ်သည်။

အိမ်၌ ထွန်းထားသော မီးခွက် ရုတ်တရက် ငြိမ်းခြင်း၊ 
အိမ်မြှောင်ကျခြင်း၊ စုတ်ထိုးခြင်း၊ မကောင်းသော အိမ်မက် မက်ခြင်း၊ 
လင်းတ နားခြင်း၊ ငှက်ဆိုး ထိုးခြင်း၊ ရွာတွင်းသို့ တောတိရစ္ဆာန် ၀င်ခြင်းစသော 
အမှုများကို အတိတ်ဆိုး နိမိတ်ဆိုးဟု သတ်မှတ်ထားသည်။

ထိုအခါမျိုးတွင် ပုဏ္ဏား များအား ပင့်ဖိတ်၍ လှူဖွယ်ဝတ္ထုများ လှူဒါန်းပြီးလျှင် 
တန္တရ မန္တရများကို ရွတ်ဖတ်ရသည်။ ထိုသို့ ရွတ်ဖတ်မှ 
အန္တရာယ်များ ကင်းပျောက်သွားသည်ဟု ယုံကြည်ကြသည်။ 
ဟိန္ဒူဗြာဟ္မဏတို့၏ ယုံကြည်ချက် ဖြစ်သည်။

ဤတွင် အတိတ် နိမိတ်ဆိုသော စကားကို မြန်မာတို့က 
ရောထွေးခေါ်ဆိုနေကြ၏။ အတိတ် နိမိတ်ဝေါဟာရတို့ကို 
မြန်မာအဘိဓာန်ကျမ်းများ၌ ဤသို့ ဖွင့်ပြထားကြသည်။

အတိတ်ကို နောင်လာမည့် ကာလတွင် ဖြစ်ပျက်မည့် အကြောင်းကို 
သိစေနိုင်သော နိမိတ်၊ နောင်အခါတွင် ဖြစ်ပျက်မည့် အခြင်းအရာ၏ ရှေ့ပြေးဖြစ်ရပ်လက္ခဏာစသည် ဟု ဖွင့် ပြထားပါသည်။

နိမိတ်ကို ကောင်းမည်၊ ဆိုးမည်၊ ဖြစ်မည်၊ ပျက်မည် 
စသည်တို့ကို ကြိုတင်သိစေနိုင်သော အမှတ်လက္ခဏာ ဟု ဖွင့်ပြပါသည်။

ဤဖွင့်ဆိုချက်ကို လေ့လာပါက သဘောသွားချင်း တူညီနေသည်ကို တွေ့ရပါသည်။ 
အမှန်မူ အတိတ်နှင့် နိမိတ်သည် ခြားနားမှု ရှိရပါမည်။ 
ခြားနား၍သာ ခွဲခြား အသုံးပြုခဲ့ခြင်း ဖြစ်ပါမည်။ 
စာရေးသူ၏ သဘောထားဖြင့် ပြောရလျှင် 
အတိတ်ဆိုသည်မှာ ယုတ္တိမဲ့ အယူအဆ ဖြစ်ပါသည်။ 
နိမိတ်မှာမူ ယုတ္တိရှိ၊ ယုတ္တိမဲ့နှစ်မျိုးကို အခြခံနေပါသည်။

ရှင်းပါဦးမည်။ 
အိပ်မက်တိတ္ထုံခေါ်သော ကျမ်းများကို တွေ့ဖူး၊ ကြားဖူးကြပေလိမ့်မည်။ 
ဤသို့မြင်မက်လျှင် ဤသိုဖြစ်မည် စသည်ဖြင့် 
ဟောစာတမ်း အမျိုးမျိုး ပြုလုပ်ထားသည်။

အိပ်မက်သည် လူတိုင်းလိုလို မြင်မက်နေကြသည်။ 
အိပ်မက်ကောင်းလည်း မက်သည်။ အိပ်မက်ဆိုးလည်း မက်သည်။ 
အိပ်မက်ကောင်းလျှင် အတိတ်ကောင်းသည်။ 
အိပ်မက် မကောင်းလျှင် အတိတ်မကောင်း။ 
အတိတ် ကောင်း မကောင်းကို ကြည့်၍ 
အကျိုးပေး ကောင်း မကောင်းကို ဟောဆိုကြသည်။ 
ဤသို့သော အတိတ်ဟောများမှာ ယုတ္တိမဲ့ ဟောဆိုချက်များသာ ဖြစ်သည်။ 
အိပ်မက်၏ အကျိုးကို ဟောပြ၍လည်း မှန်ကန်လိမ့်မည် မဟုတ်ချေ။

မြန်မာရာဇ၀င်ကျမ်းများ၌ အိပ်မက်အကျိုးပေး ဇာတ်လမ်းများကို တွေ့ရှိရသည်။ 
ဤသည်မှာ ရှေးခေတ် ယုံကြည်မှုအရ အစွဲအလမ်းကို အခြေခံသော 
မှတ်တမ်းများသာ ဖြစ်ပါ လိမ့်မည်။ 
ဤတွင် ကောသလအိပ်မက် ၁၆-ချက်ကို ကိုးကား၍ အငြင်းမပွားစေလိုပါ။ 
ဗုဒ္ဓဘုရားရှင်သည် လူတို့၏ ပြုမူမှု သဘာဝဖြစ်စဉ်ကို 
ကောသလအိပ်မက် အမြင်ဖြင့် ယှဉ်စပ်၍ ဟောကြားခဲ့ခြင်း ဖြစ်လေသည်။

မြန်မာရာဇ၀င်ကို ဖတ်လျှင် မြန်မာမင်းများ ကံကုန်တိုင်း 
အတိတ်များ ပြစမြဲ ဖြစ်နေ၏။ ထိုအတိတ်များမှာ ဘုရင်ကံကုန်ပြီးမှ ဖြစ်ပေါ်ခဲ့သော 
အတိတ်များကို ပြန်ပြောင်း လေ့လာ၍ ရေးသွင်းခဲ့ခြင်း ဖြစ်နိုင်လေသည်။ 
အချို့မှာလည်း ရာဇ၀င်ဆရာတို့၏ ဖန်တီးမှုများ ဖြစ်နိုင်ပေသည်။

အနော်ရထာမင်း အနိစ္စရောက်လိုသော် 
နန်းတော် ဥကင်သ၌ ပျားစွဲ၏ စသည်ဖြင့် ရာဇ၀င်ဆရာတို့က ဆို၏။ 
ပျားစွဲသော အသေးအဖွဲ ကိစ္စကလေးကို မှတ်တမ်းတင်နိုင်သော 
ရာဇ၀င် ဆရာတို့သည် အလွန်အရေးကြီးသော အနော်ရထာမင်း၏ 
အလောင်း ဘယ်ရောက်သွားသည်ဟု ရာဇ၀င်ဆရာတို့ မရေးတတ်ခဲ့ချေ။

နိမိတ်မှာမူ ယုတ္တိရှိ၍ မှန်သည်လည်း ရှိသည်။ 
ယုတ္တိမဲ့သော နိမိတ်လည်း ရှိသည်။ 
ဘုရားအလောင်းသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော 
နိမိတ် ၄-ပါးကို မြင်ခဲ့သည်။

ဤနိမိတ်များကြောင့် သံဝေဂရ၍ တောထွက်ခဲ့သည်။ 
ဘုရားဖြစ်ခဲ့သည်။ ဤနိမိတ်သည် ယုတ္တိရှိ၏။ 
အကျိုးဆက် အမှန်ကို ပေါ်ပေါက်စေ၏။ 
ယခုနှစ် မိုးကောင်း၍ သီးနှံများ ရကြသည်။ 
မိုးရွာခြင်းသည် သီးနှံထွက်မည့် နိမိတ်ကောင်း ဖြစ်သည်။ 

ကလေးတစ်ယောက်သည် ဥာဏ်ကောင်း၏။ ၀ီရီယကောင်း၏။ 
ထိုကလေးသည် စာတော်လိမ့်အမည်ဟု နိမိတ်ဖတ်ခြင်းသည် ယုတ္တိရှိသည်။ 
မှန်ကန်နိုင်သည်။ သဘာဝကျသော နိမိတ်လက္ခဏာများ ဖြစ်ပေသည်။

ထို့ပြင် သဘာဝမကျ၊ ယုတ္တိမရှိသော နိမိတ်ဟောများလည်း များစွာရှိသည်။ 
ပုံစံအားဖြင့် ငလျင်လှုပ်နိမိတ် ဟောကိန်းမျိုး ဖြစ်သည်။ 
တနင်္ဂနွေနေ့ ငလျင်လှုပ်လျှင် ဘာဖြစ်မည် စသည်ဖြင့် 
ဟောကိန်းလင်္ကာ ကဗျာအတိုအစများကို ပြုလုပ်ထားကြသည်။ 
ဤဟောကိန်းများမှာ တစ်ခါတစ်ရံမှ ငလျင်လှုပ်သော 
နိုင်ငံသားတို့ ပြုလုပ်ထားသည့် ဟောကိန်းများ ဖြစ်သည်။ 
ဂျပန်နိုင်ငံကဲ့သို့ အမြဲတမ်း ငလျင်လှုပ်နေသော နိုင်ငံအတွက်မူ 
ဘာမျှ အသုံးမ၀င်တော့ချေ။

အတိတ်နိမိတ်ဟော စာတမ်းများတွင် တိမ်နိမိတ်၊ ကြယ်တံခွန်နိမိတ်၊ 
ငှက်မည်သံနိမိတ်၊ ကြွက်ခဲနိမိတ်၊ တောင်ပို့ပေါက်နိမိတ်၊ 
ပျားစွဲနိမိတ်၊ ငှက်နားနိမိတ်၊ နေအိမ်ဖွဲ့နိမိတ်၊ 
လအိမ်ဖွဲ့နိမိတ် စသည်ဖြင့် အများအပြား ရှိပေသည်။

ဤအတိတ်စွဲ နိမိတ်စွဲ အယူအဆများသည်လည်း 
လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတို့ကို 
အန္တရာယ်ပြုနေသော ယုံကြည်မှုများ ဖြစ်သည်။ 
ဗုဒ္ဓ ဘုရားရှင်ကလည်း ဤအတိတ် နိမိတ်များကို 
လက်မခံဘဲ တော်လှန်ဟောကြားခဲ့လေသည်။

ရေစကြိုအရှင်ဧသိက၊ ထေရ၀ါဒဗုဒ္ဓဘာသာ - စာ ၁၅၄