Thursday, November 17, 2011

ဗေဒင် ယုံကြည်မှု



ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ရောနှောသော ယုံကြည်မှုများထဲတွင် 
ဗေဒင်ယုံကြည်မှုလည်း အပါအ၀င် ဖြစ်သည်။ 
ဗေဒင်ယုံကြည်မှုသည် မြန်မာနိုင်ငံတွင်းသို့ 
သရေခေတ္တရာခေတ်ကပင် ရောက်ရှိနေပြီ။ 
ဤဗေဒင်ကျမ်းများကို အိန္ဒိယတိုင်းသား ဗြဟ္မဏဘာသာဝင် 
ပုဏ္ဏားများသယ် ဆောင်လာရာမှ မြန်မာတို့ အမွေရကြသည်။

မြန်မာမင်းများ လက်ထက်တွင် ဗေဒင်လိုက်စားသူ ပေါများလှသည်။ 
ဗေဒင်လိုက်စားသူများတွင် ထေရ၀ါဒရဟန်းတော်များလည်း ပါဝင်သည်။ 
ရဟန်းတို့သည် ဗေဒင်ဟော၍ မစားသော်လည်း ဗေဒင်အတတ်ကို 
လောကီရေးရာ သိမှတ်စရာအတတ်တစ်ခုအနေဖြင့် လေ့လာလိုက်စားခဲ့ကြသည်။

ဗုဒ္ဓဘုရားက ဗေဒင်ဟောခြင်းစသော အဟောအပြောအလုပ်မျိုးကို 
မပြုလုပ်ရန် တားမြစ်ထားသည်။ သို့သော်လည်း အချို့ရဟန်းတို့မှာ 
ဝိနည်းဒေသနာတော်ကို မျက်ကွယ်ပြု၍ ဗေဒင်ဟောကာ လာဘ်ရှာကြသည်။ 


ဓမ္မစေတီမင်းလက်ထက်တွင် ဗေဒင်ဘုန်းကြီးများကို 
သာသနာတော်၌ မထားရန် အရေးယူဆောင်ရွက်ခဲ့ဖူးသည်။

ဗေဒင်ကျမ်းများသည် ဗုဒ္ဓဘုရား မပွင့်မီ ဘီစီ ၁၅၀၀-နှင့် ၁၀၀၀-ကြားကပင် 
ပေါ်ပေါက်ခဲ့သော ကျမ်းများဖြစ်သည်။ အာရိယန်လူမျိုးတို့သည် 
ဆရဆွတီမြစ်ညာဒေသ၌ နေစဉ်က ပြုစုထားသော ကျမ်းများဖြစ်သည်။ 
မူလက ဗေဒင်ကျမ်းအမျိုးအစား ၃-ပုံ ရှိသည်။ 
နောက်ပိုင်းတွင် ၄-ပုံ ဖြစ်လာသည်။ 
ဗေဒင် ၄-ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ဣရုဗေဒင်။ ။ နေကြတ်၊ လကြတ်၊ နက္ခတ်တာရာတို့ကို ကြည့်၍ 
ဘေးဥပဒ်အန္တရာယ်ဖြစ်တတ် ပျက်တတ်ပုံကို ပြသောကျမ်း ၊
(၂) ယဇုဗေဒင်။ ။ မိမိတို့အပေါ်၌ ရောက်ဆဲ ရောက်လတံ္တ့ဘေးရန်များမှ 
လွတ်ကင်းပျောက်ပြေရန် ဂြိုဟ်နက္ခတ်တို့ကို ပူဇော်သောနည်း၊ 
ယတြာပြုနည်းကို ပြဆိုရာကျမ်း၊ 
(၃) သာမဗေဒင်။ ။ နေ လတို့ သွားရာ လမ်းကို ၁၂-ရာသီခွင်ပြု၍ 
မည်သည့်ရာသီခွင်၌ မည်သည့်ဂြိုဟ် ရပ်တန့်နေသည်ကို ကြည့်ပြီးလျှင် 
အံသာ၊ လိတ္တာ၊ တြင်း၊ န၀င်းစသည်ဖြင့် ဝေဖန်လျက်
ကောင်း မကောင်းကို ဟောရာကျမ်း ၊
(၄) အာထဗ္ဗဏဗေဒင်။ ။ အာထဗ္ဗရသေ့ စီရင်သဖြင့် 
ထိုအမည်ကို ရရှိခြင်း ဖြစ်သည်။ 
မီးထွန်းခြင်း၊ မန္တန်စုပ်ခြင်း စသော တစ်ပါးသူတို့ ပျက်စီးရန် 
အစီအရင်ကို ပြဆိုရာကျမ်း၊

ဗေဒင် ၃-ပုံကို အဋ္ဌကရသေ့စသော ရသေ့ ၁၀-ဦးတို့က 
ပြုစီရင်ထားသည်ဟု ဗုဒ္ဓပိဋကတ်တော်နှင့် ပါဠိအဘိဓာန်ကျမ်းတို့၌ ဖော်ပြထား၏။ 
ရသေ့တို့ စီရင်ထားသော ဗေဒင်ကျမ်းများမှာ အများအားဖြင့် 
ရှေးခေတ်လူတို့ ယုံကြည်မှုကို အခြေခံ၍ ရေးသားထားသော 
စိတ္တဇဝေဒနာ မှတ်တမ်းစာများသာလျှင် ဖြစ်ပေသည်။

မြန်မာတို့က လောကီကျမ်းဟု လက်ခံနေကြသော အိန္ဒိယကျမ်းများမှာ 
အများအားဖြင့် ရသေ့တို့ ရေးပြုသော ကျမ်းများဖြစ်သည်။ 
ဝါကျဆရာ၊ ၀ဂ္ဂဆရာ၊ ဟရီတဆရာ၊ ဗျာသဆရာ စသော 
ကျမ်းပြုဆရာ ရသေ့များစွာတို့ကို တွေ့ကြရသည်။

နောက်ပိုင်းတွင် ရသေ့တို့ ရေးသော စိတ္တဇကျမ်းစာများမှာ 
အလွန်များပြားလှသောကြောင့် နာမည်ကိုပင် မဖော်ပြနိုင်တော့ပေ။ 
ရသေ့ ရှစ်သောင်း ဆရာပေါင်း တို့၏ လက်ရာဟူ၍ 
လက်သည်မဖော်ဘဲ ထင်ရာမြင်ရာကို ရေးသားနေကြလေတော့သည်။

ရသေ့တို့လက်ရာ ကျမ်းစာများအနက် 
သဒ္ဒါကျမ်း၊ ဆန်းကျမ်းစသည်တို့မှာ အကျိုးပြုကျမ်းစာများ ဖြစ်ပါ၏။ 
သို့သော် ကျမ်းစာအများစုမှာမူ ရသေ့တို့သည် အလုပ်မရှိ၍ အလုပ်ရှာကာ 
လေ့လာပြုစုထားသော စာပေများ ဖြစ်ချေသည်။ 

ဤသို့ ဆိုလိုက်သဖြင့် ရသေ့တို့၏ ကျမ်းစာများကို 
စော်ကားသည်ဟူ၍ မမှတ်ယူသင့်ပေ။ ရသေ့တို့၏ ဘ၀ဖြစ်စဉ်ကို 
လေ့လာသောအခါ၌ ဤစကားကို သဘောပေါက်လာပေလိမ့်မည်။ 
ဤဖြစ်စဉ်ကို အနည်းငယ် လေ့လာကြည့်ရလိမ့်မည်။

ရှေးခေတ် အိန္ဒိယနိုင်ငံ ဟိန္ဒူတို့၏ ဓလေ့ထုံးစံများတွင် 
အာရှရမ ခေါ် ကျင့်ဝတ် ကျင့်ထုံးလည်း တစ်ပါးအပါအ၀င် ဖြစ်သည်။ 
အာရှရမဆိုသည်မှာ လူ့ဘ၀တွင် 
အရွယ်အလိုက် လုပ်ဆောင်ရမည့် တာဝန်ပိုင်းကို ဆိုလိုသည်။ 
အရွယ်ကို ၄-ပိုင်း ခွဲခြားထားသည်။

(၁) ပထမအရွယ် ။ ။ ပညာအမျိုးမျိုးကို ရှာဖွေ ဆည်းပူးရမည်။ 
(၂) ဒုတိယအရွယ်။ ။ အိမ်ရာထောင်၍ စီးပွားရှာဖွေ စုဆောင်းရမည်။ 
(၃) တတိယအရွယ်။ ။ စီးပွားတို့ကို သားသမီးတို့အား လွှဲအပ်၍ မယားနှင့်အတူ တော
ထွက်ရမည်။ ( ဆံပင်ဖြူခြင်း၊ အသားအရေ တွန့်ခြင်း၊ မြေးရသောအခါကို ဆိုသည်။)
(၄) စတုတ္ထအရွယ်။ ။ မိမိနှင့် ပါလာသော မယားကိုပါ စွန့်၍ 
ရသေ့ဘ၀ဖြင့် တစ်ဦးတည်း ကျင့်ကြံနေရမည်။ 

ရှေးခေတ် အိန္ဒိယဓလေ့အရ အရွယ်ကြီးရင့်သူတို့မှာ ရသေ့ဝတ်၍ 
တောထဲ၌ တစ်ယောက်တည်း နေကြရသည်။ 
နိပါတ်တော် ဇာတကများတွင် ရသေ့များစွာ ပါရှိနေသည်မှာ 
ထိုဓလေ့မှ ဖော်ထုတ်ပေးသော ဇာတ်ကောင်များ ဖြစ်ပေသည်။

ရေစကြိုအရှင်ဧသိက၊ ထေရ၀ါဒဗုဒ္ဓဘာသာ၊ စာ ၁၄၅
ပုံ၊ ဧရာဝတီ